°°°°°°°°°°°°°°°°°°°°°°°
#သုခ
“ညည်းကို သူ့လခ အကုန် အပ်ရဲ့လား”
“အပ်ပါတယ် မေမေရဲ့”
“အကုန် အပ်ရဲ့လား…အကုန် ဆိုတာ တပြားမကျန် ပြောတာ”
“တစ်ပြားမကျန်တော့ မဟုတ်ဘူးပေါ့ မေမေရယ်၊ နှစ်ဆယ်မျိုး အစိတ်မျိုး သုံးတဲ့အခါတော့ သုံးလာတာပေါ့၊ မေမေကလည်း ဘာဖြစ်လို့ ကတ်သီးကတ်သတ် မေးနေတာလဲ”
“ဟင်… ဒါ ကတ်သီး ကတ်သတ်လား၊ ညည်းတို့လောက် အ,တာ ညည်းတို့ပဲ ရှိတယ်။ ငါကလည်း အစစ အရာရာ လိုက်မပြောချင်ဘူး၊ မပြောချင်လို့လည်း မနေရဘူး။ ညည်းတို့ ဥစ္စာက တယ်ခက်တယ်… မေးတော့ ကတ်သီးကတ်သတ် တဲ့၊ တယ်… ငါ မပြောလိုက်ချင်ဘူး၊ ဒီမှာ… ဒီမှာ… ညည်းလင်က သူ့အမေနဲ့ သူ့နှမတွေကို လ,တိုင်း လ,တိုင်း ပံ့ပိုးနေတော့ ညည်း သိနိုင်မတဲ့လား၊ လခ အပြင် ကြားက ရတဲ့ဟာတွေကရော ဘယ်သွားထားသတဲ့လဲ၊ ကဲ … မိန်းမဆိုတာ လင့်လုပ်စာ အကုန် ဆိုင်တယ်ဟဲ့ မိရွှေညွန့်ရဲ့၊ အကုန် ဆိုင်တယ် နားလည်လား”
ဒေါ်မမသည် သူ့သမီးချော ခင်ညွန့်အား ဒေါနှင့်မာန်နှင့် နယူပဒေသ ထုတ်ပြလိုက်ရသည်။ အကင်းမပါးသော သမီးသည်အား မချင့်မရဲနှင့် ဒေါသဖြစ်လိုက်ရသေးသည်။
“သူ့အမေကို ပေးတာတော့ ကျွန်မ ဘယ်သိမလဲ အမေရဲ့၊ တလောက သူ့ညီမလေးကို သီတင်းကျွတ်ပွဲတော် ဝတ်ဖို့ လုံချည်တထည် ဝယ်ပေးတာတော့ ကျွန်မ သိတယ်၊ ဒါလည်း ကျွန်မကို သူပြန်ပြောတာပဲ”
“အေး … ညည်းသိအောင် တမျိုး၊ မသိအောင် တမျိုး လုပ်တာပေါ့”
“အဲဒါတော့ ကျွန်မ မတတ်နိုင်ဘူး”
“တတ်နိုင်ရမယ်ဟဲ့ … တတ်နိုင်ရမယ်၊ သူဝယ်ပေးတာကို ညည်း… ကြည့်နေရသလား”
“ဒါကတော့ မေမေရယ်… သူကမှ သူ့နှမကို ဝယ်ပေးတာ ဒီတခါ ကျွန်မ ပြောသေးတာ၊ ကျွန်မ ညီမလေးတွေ ဝယ်ပေးတာကျတော့ ပြောတောင်မှ မပြောဘဲ၊ ဒီလိုလည်း တွက်ကြည့်ဦးမှပေါ့”
“ဟဲ့ သေချင်းဆိုးမရဲ့ ၊ ဒါက ကိုယ့်ညီမ၊ ကိုယ့်ညီမကို ကိုယ်ဝယ်ပေးတာ ဘာဖြစ်ရဦးမလဲ။ ဒါက ညီမ၊ ဟိုဟာက ယောက်မပဲ၊ တူနိုင်ပါ့မလား။ ညည်းက တယ်ပြီး တရားမျှတချင်နေသလား။ ညည်းက ဝယ်ပေးတာ သူ့ကို အသိမပေးဘဲ ထားတော့ သူက တထည် ဝယ်ပေးမှာပေါ့၊ ညည်းညီမတွေ များများရတာ ဝမ်းမသာဘူးလား၊ ကိုယ့်ညီမလေးတွေ အပျိုအရွယ် ဝတ်ချင် စားချင်တုန်းမှာ ပေါပေါများများ ဝတ်ရ နည်းသလား၊ ကိုယ့်ညီမကလေးတွေက ကိုယ့်ကိုပဲ အားကိုးနေရတာမဟုတ်လား…”
“ဟုတ်ပါတယ် မေမေရဲ့၊ ကျွန်မကလည်း တတ်နိုင်သမျှ ထောက်နေတာပဲ မဟုတ်လား”
“အေးလေ၊ ညည်းက ဒီလိုထောက်တော့ အမေ့မှာ အကုန် သက်သာတယ် မဟုတ်လား၊ အဲသည်တော့ အမေ့ကို ကူညီရာ ရောက်တာပေါ့ ဟဲ ဟဲ။ ဪ… ဒါထက် ညည်း တနေ့က လာကန်တော့တဲ့ ဘန်ကောက်အုပ်ဟာက တအုပ်လုံးမှ ခြောက်ဆယ် ဆိုတော့ ပေါလှချည်လား…၊ ညည်းအဖေကတော့ သိပ်ကြိုက်နေတာပဲ”
“ဪ… မေမေကလည်း ခက်လိုက်တာ ခြောက်ဆယ် ဆိုတာ သူ့ရှေ့မှာ မေးလို့ ပြောရတာ၊ ရှစ်ဆယ်က တပြားမှ ဆစ်လို့မရဘူး”
“ဪ… ဪ ဟဲ ဟဲ … ဟဲ့ အေး၊ ငါကလည်း သက်သာလှချည်လား အောက်မေ့မိသေးတယ်။ နေပါဦး… သူ့အမေတော့ ညည်းတို့ ဘာနဲ့ ကန်တော့ကြသလဲ”
“ပန်းသီး နှစ်ကျပ်ဖိုး၊ ချီဇာမုန့် တပေါင်၊ အမွှေးတိုင် ဖယောင်းတိုင် ဆယ်ထုပ်၊ ပုသိမ်ဟာလဝါ အစိတ်သား၊ နနွင်းမကင်းရွှေချီ ငါးဆယ်သား”
“အမယ်လေး များလှချည်လား…အေးလေ လူကြီးဆိုတာ သစ်သီးကလေး မုန့်ကလေးပဲ ကောင်းပါတယ်၊ စုစုပေါင်း တဆယ်ဖိုးတော့ ရှိမှာပေါ့၊ အဲသည်လောက်ဆို လှပါတယ်အေ၊ မလှဘူးလား”
“လှပါတယ် အမေရဲ့၊ ဒါတောင် သူ့အမေက မေးလိုက်သေးတယ်၊ ညည်းအမေကို ဘာနဲ့ ကန်တော့ခဲ့သလဲ တဲ့”
“အင်း… အင်း… ဒီတော့ ညည်းက ဘာပြောခဲ့သလဲ”
“ကျွန်မ ကန်တော့တောင် မကန်တော့ရသေးပါဘူး၊ အမေ့သာ အရင်လာကန်တော့နှင့်တာပါလို့ ပြောခဲ့တာပေါ့။ ဟုတ်လည်း ဟုတ်တယ်လေ၊ အဲသည်တုန်းက အမေ့ကိုမှ ကျွန်မ လာမကန်တော့သေးတာပဲ၊ ဟိုကို အရင် ကန်တော့နှင့်တာ”
“အမယ်… ဒီလိုဆိုတော့ ငါ့သမီးက လာဘ် အမြင်ကြီးပဲ၊ အေး…အေး ဒီလိုမှပေါ့၊ ဪ ဒါထက် အေရယ် ညည်းညီမ မရွှေထွေးက နိုင်လွန်စတွေ ဈေးသက်သက်သာသာနဲ့ တွေ့ခဲ့လို့ ငါ့ချည်း ပူဆာနေတယ်၊ ကိုယ့်ညီမ အပျိုရွယ် ကလေးများလည်း ကိုယ် ဆင်ပါဦး၊ ဟိုအငယ်မကတော့ ညည်းတို့နဲ့ အတူနေတာမို့ ကိစ္စမရှိဘူး။ ဒါက နေပါဦး၊ ငါ့သမီးကလေးကို ညည်းယောက်ျားက အလိုမှ လိုက်ရဲ့လား။ ညည်းကလည်း ကိုယ့်ညီမကလေးကို အမွှန်းတင်ရတယ် အေရဲ့၊ သူစိမ်းနဲ့ အတူနေတယ် ဆိုတာ ကိုယ်က မြှောက်နိုင်မှ တော်ကာရုံ ကျရုံရှိတာ”
“ဒါတွေ ကျွန်မ သိပါတယ် အမေရယ်… ၊ ကဲ ကျွန်မပြန်မယ်၊ ငါးသလောက်ပေါင်း ထည့်ယူလာခဲ့တဲ့ ပန်းကန်ကလေး ပြန်ပေးဦးလေ၊ သူ အလုပ်က ဆင်းလာခါနီးပြီ”
“အေး… အေး လိမ်လိမ်မာမာ နေကွယ်၊ ငါ့သမီး လိမ္မာမှ အမေတို့ ချောင်မယ်”
ဒေါ်မမသည် ဖျတ်ဖျတ်လတ်လတ် ဆင်းသွားသော သမီးသည်ကို ကြည့်ရင်း ပီတိသောမနဿနှင့် ပြုံးမိလေ၏။ ဒေါ်မမက သူ့သမီးကို ကြည့်၍ ပြုံးနေသကဲ့သို့ ဒေါ်မမကို ကြည့်၍ ပြုံးမိသူမှာကား ခင်ခင်ညွန့်၏ဖအေ ဦးချမ်းသာပင် ဖြစ်လေသည်။ ဦးချမ်းသာသည် ခေါင်းချင်းရိုက်နေကြသော သားအမိ စပ်ကြားတွင် ဘာတခွန်းမှ ဝင်မပြောဘဲ အိမ်ဦးခန်းက စာဖတ်ရင်း နားစွင့်နေမိသည်။ မျက်မှန်သားကို ကျော်၍ တခါတခါ ကြည့်နေခြင်း ဖြစ်သည်။ သူ့ သမီး အမူအရာ၊ သူ့မယား အမူအရာ၊ ရှုံ့တာ၊ နှုတ်ခမ်းရွဲ့တာ၊ စူတာတွေနှင့် မျက်မှောင်ကုတ်ပုံ၊ ပြုံးပုံ၊ စူးစမ်း စပ်စုပုံတွေပါ လက်ဟန် ခြေဟန် အက်တင်အမျိုးမျိုး မြင်လိုက်ရသည်။ လေသာလေညင်း ချိုချိုသာသာ စကားများနှင့် ဒေါမာန်ပါပါ မနာလိုတိုရှည် ကိုယ့်ဘက် ကိုယ်ယက်တဲ့ စကားတွေလည်း အကုန် ကြားလိုက်ရသည်။ ထို့ကြောင့် သူ၏အပြုံးမှာ သူ့မိန်းမ ဒေါ်မမ အပြုံးနှင့် လုံးဝမတူ။
“အမယ် ကိုယ်တော်မြုပ် ကျုပ်တို့အိမ်များ လာရကောင်းမှန်း သိသေးရဲ့ကိုး …ဟင်းဟင်း”
“အိုဗျာ မေမေကလည်း မလာလိုက်နဲ့ လာလိုက်ရင် ဆူပြီ”
ဦးချမ်းသာက မျက်မှန်ကို ကျော်၍ ကြည့်လိုက်ရပြန်ပါပြီ၊ ယခုလာသူမှာ ခင်ခင်ညွန့်ထက် အကြီး သား မောင်မောင်ခင် ဖြစ်ပါသည်။ မောင်မောင်ခင်မှာ သူ့အိမ်ထောင်နှင့်သူ အလုပ်လုပ်နေသူဖြစ်သောကြောင့် သားအမိ နှစ်ယောက်၏ ပဋိသန္ဓာရ စကားကို နားစိုက်လိုက်မိပြန်ပါသည်။
“ဘာလာလိုက်ရင် ဆူသလဲ၊ နင် ဆူရအောင် လုပ်ရင် ဆူရမှာပဲ၊ ငါက မွေးထုတ်လိုက်ရတဲ့ အမေဟဲ့ အမေ၊ နင်က နင့်မယားသာ လူမှတ်နေတာ၊ မယားစကားဆို ပြားပြားဝပ် နာခံနေတာ၊ ငါ့ကိုများ နင့်မယား တဝက်လောက် အရေးစိုက်ရင် ငါကျေနပ်ပါသေးတယ်၊ အခုတော့ မယားဆိုမှ မယား၊ တကတဲ… ထွီ… ရွံရော”
“ဪ… အမေကလည်း၊ အမေတို့ကို ကျွန်တော် အရေးစိုက်သားပဲ”
“ဘာ အရေးစိုက်သလဲ၊ အရေးစိုက်သလဲ၊ လခကလေး ရရင် မယားလက်ထဲ အကုန်ထည့်၊ မယားက ပျော့ပျော့ပြောရင် ခေါင်းကြီးညိတ်၊ ဘာကလေး လုပ်ချင် လုပ်ချင် မယားကို တိုင်ပင်၊ မိဘကိုတော့ သတိတောင် မရဘူး၊ မသကာဆို လခထုတ်တိုင်း လခထုတ်တိုင်း အမေစားဖို့ ဆိုတာမျိုး မရှိဘူး၊ မယားဖို့ဖြင့် လုံချည် ဝယ်ပေးရတာနဲ့၊ နိုင်လွန် ဝယ်ပေးရတာနဲ့… ကြားဖူးပေါင်တော်၊ ယောက်ျားတဲ့၊ မယားဖို့ ဇာဘော်လီ ကိုယ်တိုင် ဝယ်ပေးရတယ်လို့”
ဒေါ်မမက ရေရွတ်နေသမျှ သူ့သား မောင်မောင်ခင်ကတော့ သွားကြီးဖြဲပြီး ရယ်၍သာ နေသည်။ ဤကဲ့သို့ ဘာမှပြန်မပြောဘဲ ရယ်နေခြင်းမှာ အမေ ပြောသမျှ ဟုတ်ပါသည်ဟု ဝန်ခံသလို ရှိခြင်းကြောင့် ဒေါ်မမက ပို၍ ဒေါသ ဖြစ်သည်။ ပို၍ မကျေမနပ် မချင့်မရဲ ဖြစ်ပါသေးသည်။
“ရယ်မနေနဲ့ဟဲ့ နွားရဲ့ နွားရဲ့၊ မယား အနံ့ခံနေတဲ့ နွားကြီး၊ နင့်မယားဘက်က အမျိုးတွေတော့ အကုန် တင်ကျွေးထားနိုင်တယ်၊ မိဘကျတော့ သီတင်းကျွတ်လို့ လာကန်တော့တာကလေးက လွဲပြီး ဘာတစ်ခု ကျသလဲဟင်၊ ဒါတောင် မကောင်းတတ်လို့ မဟုတ်လား၊ နင့်ကို မွေးရတာ ဝမ်းရေတောင် စပ်သေးတယ်၊ ပညာတွေ ငွေပုံပြီး သင်ပေးလိုက်ရတာတွေကော နင့်မယားစားဖို့ ကျနေတာပဲ၊ တကတဲ ငါ မပြောလိုက်ချင်ဘူး၊ လခရရင် တပြားမကျန် အပ်ရတာနဲ့၊ စားဦး စားဖျားဆို ယောက္ခမအိမ် သွားပို့ရတာနဲ့ ကိုယ့်မှာ လှချင် ပချင်တဲ့ ညီမ အပျိုအရွယ်ကလေးတွေ ရှိပါသေးကလားလို့ သတိတောင် မရဘူး၊ ထွီ… ယောက်ျားတန်မဲ့နဲ့ မယားဩဇာ ခံရရင် မကောင်းဘူး”
ဤတခါကျတော့ မောင်မောင်ခင်မှာ ရယ်ရာက မျက်နှာကလေး ငယ်သွားရှာသည်။
“ဒါကတော့ မေမေရယ်၊ တတ်နိုင်သမျှတော့ ကျွန်တော်လည်း အကြည့်သားပဲ၊ သူလည်း ဒီလောက် မရိုင်းပါဘူး၊ ပေးစရာရှိ လာပေးတယ် မဟုတ်လား”
ဟု လေပျော့ကလေးနှင့် မိခင်ကို ချော့ရှာသည်။
“သူပေးတာ မင်းက ပြောသလား ဟင် ငခင်ရဲ့၊ သူပေးတာ ပြောသလား၊ ဟင်း ဟင်း သူပေးတာ မလိုချင်ဘူး၊ နင်ပေးတာ လိုချင်သဟဲ့ သိရဲ့လား၊ နင် သိတတ်ဖို့ပြောတာ၊ သူ့မိဘအပေါ် ကျသလောက် တို့အပေါ် ကျမတဲ့လား၊ အဝေးကြီး … အဝေးကြီး၊ သူ့ညီမကို သူကျိတ်လုပ်ပေးထားတဲ့ ဆွဲကြိုးက ဂဟေဖိုးမှ မရှိဘူး၊ ဒါလောက်ဟာတော့ ငါသင်ပေးလိုက်ရတဲ့ ပညာနဲ့ စာကြည့်စမ်း၊ သမုဒ္ဒရာနဲ့ ကျွဲခြေရာကွက်လောက် ရှိတယ်”
“ဒါကတော့ ယောက်ျားဘက်နဲ့ မိန်းမဘက် ဘယ်တူမလဲ၊ မေမေ့သမီး ခင်ခင်ညွန့် ကျတော့ကော သူ့ယောက်ျားကို သူ ခြယ်လှယ်နေတာ အမေတို့ သိတယ် မဟုတ်လား”
“ဟဲ့… ခွေးကြီး၊ နင်က ငါ့သမီး ခြေဖျားတောင် မီတဲ့အကောင် မဟုတ်ဘူး”
အမယ်ကြီးသည် အနာပေါ် တုတ်ကျသလို ဆတ်ဆတ်ခါ ဖြစ်သွားပြီး အော်လိုက်သည်။
“အဲဒါကျတော့ တရားသတဲ့လား၊ မေမေပဲ ပြောပါဦး”
“သွား… သွား… နင် အခုဆင်းသွား၊ ကြီးကြီးကျယ်ကျယ် ဒင်းက လူပါးဝစကား ပြောလို့”
“အမေကလည်း အမေ ပြောလိုက်ရင် ဒေါကြီးပဲ”
“မောင်ခင် သွားနော် … ဒါပဲ၊ ငါ့ကို ရူးသလိုလို နှမ်းသလိုလို မလုပ်နဲ့”
ဒေါ်မမသည် သားတော်မောင်ကို မကြေနိုင် မချမ်းနိုင် ရိုက်မည် ပုတ်မည် တကဲကဲ ဖြစ်နေတော့လေရာ မောင်မောင်ခင်က ရယ်သွမ်းသွေးရင်း ကာကွယ်နေရတော့သည်။
“ဟုတ်သားပဲကွယ့် မမကလဲ၊ အခုနကလေးတင် ခင်ခင်ညွန့်နဲ့တုန်းကတော့ မယားလုပ်စာ အေးပါလေ… လင်လုပ်စာ မယားသာ ဆိုင်ရမယ်ဆို၊ မယားဆွေမျိုးအပေါ် ပိုကျရမယ်လို့ မင်းပြောတယ် မဟုတ်လား”
ဤတခွန်းသာ ဦးချမ်းသာက ဝင်ပြောလိုက်မိသည်။
“အောင်မယ်… ရှင်က ဘာဝင်ပြီး ဧည့်ထောက်ခံရတာလဲ၊ ကျုပ်အမျိုးတွေ ကျုပ်အိမ်ပေါ် ခေါ်ထားတာ ရှင်က မသဒ္ဓါလို့ ဒီစကားမျိုး စောင်းပြောတာလား၊ ဟုတ်လား ကိုချမ်းသာရဲ့၊ ပြောစမ်း။ ရှင့်ကို ဖြတ်ရင်သာ ဖြတ်မယ်၊ ကျုပ်အမျိုးကို ကျုပ် မဖြတ်နိုင်ဘူး တော်ရေ့၊ နားလည်လား…နားလည်လား”
ဒေါ်မမက ခါးစောင်းပေါ် လက်နှစ်ဖက် တင်၍ နှစ်ခွန်းဆင့် ကုန်းအော်လိုက်သောအချိန်တွင်ကား ယောက်ျားများ ဖြစ်ကြသူ သားနှင့်လင်တို့မှာ သူ့မျက်မှောက်မှ လွင့်စင်၍ လစ်ကြရလေတော့သည်။