သန်လျင်မောင်မောင်ဦး
သေကွဲ
ဘာဖြစ်သည် မသိ။ ကျီးတွေ ပြိုသည်။
“ကား ကား ကား” ဟူသည့် ကျယ်လောင်လှသော ကျီးပြိုသံကြောင့် ကျွန်တော် လန့်နိုးသွားသည်။
မကြာမီပင် တိုင်ကပ်နာရီမှ နာရီထိုးသံ သုံးချက် ကြားလိုက်ရသည်။
အင်း ဒီအချိန်ဟာ ကျီးတွေနိုးတဲ့အချိန်လည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့ပါလိမ့်။
ညနေက ကိစ္စကြောင့်များလား။
ညနေက ကိစ္စ။
ဟုတ်သည်။
ညနေက ဒီကျီးကလေးတွေ။
ဒီဇာတ်နှင့် ဒီနှယ်ကြုံရန် ကြံဖန်၍ ဖြစ်လာသည်။
ကျွန်တော့်အစ်မရင်းဖြစ်သူ ဒေါ်အေးအေးခန့်က မြို့မကျောင်းလမ်းထဲမှာ တိုက်ခန်းတစ်ခန်း ဝယ်လိုက်သည်။ တိုက်က လမ်းမတော်ဘူတာရှေ့မှာ ဖြစ်သည်။
အဲဒီနားက လူတွေ အခေါ်ကတော့ “လမ်းမတော်ဘူတာကုန်းထိပ်” တဲ့။
ထိုနေရာရှိ တိုက်ခန်းကို ဝယ်ပြီး ရက်သတ္တတစ်ပတ်မျှပင် မကြာ။ ကျွန်တော့်အစ်မ နိုင်ငံခြားသွားဖို့ ဖြစ်လာသည်။ သူ့တိုက်ခန်း အသစ်စက်စက်လေးကို ဒီအတိုင်းမထားခဲ့လို၍ ကျွန်တော့်ကို ခေတ္တလာနေ ပေးဖို့ ပြော၏။
ပြောတော့လည်း ပြောသည့်အလျောက် ကျွန်တော် သွားနေပေးရလေတော့၏။ နေ့စဉ်တော့ မဟုတ်။ ရက်ခြား။
ဒီတွင် ကိုယ့်ပတ်ဝန်းကျင်၏ ထူးခြားမှုတစ်ခုကို ကျွန်တော် သတိပြုမိပါတော့သည်။
အခြားမဟုတ်။ သစ်ကြီး ဝါးကြီးတို့ဖြင့် အုံ့အုံ့ ဆိုင်းဆိုင်း ဖြစ်နေခြင်း။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအနက် လမ်းမတော်မြို့နယ်သည် “ရန်ကုန်မြို့ထဲ” ဟု ပြောမည်ဆိုက ပြော၍ရသည်။
ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်တို့ကို အများက “မြို့ထဲ” ဟုသာ ခေါ်ဝေါ် သုံးနှုန်းကြ၏။
ဒီ့နှယ် “မြို့ထဲ” (ရန်ကုန်မြို့လယ်)လို နေရာမျိုးတွင် သစ်ကြီး ဝါးကြီးတို့ ရှိခဲ၏။ ရှိလည်း မရှိကြ။
အဲ လမ်းမတော် (မြို့မကျောင်းလမ်းဝန်းကျင်) မှာကျတော့ ရှိသည်။ မြို့မကျောင်းလမ်းကို ဗဟိုပြု၍ ဟိုဘက် ဒီဘက်မှာ သစ်ပင်ကြီးတွေမှ အုံ့အုံ့ဆိုင်းဆိုင်း။
ညောင်ပင်ကြီးတွေ၊ ကုက္ကိုပင်ကြီးတွေ ညို့လို့။
ယခု ကျွန်တော် ခေတ္တနေထိုင်ရာ “လမ်းမတော်ဘူတာကုန်းထိပ်” အနီးတွင်လည်း ညောင်ပင်ကြီးများ၊ ကုက္ကိုပင်ကြီးများ အစီအရီ။
အထူးသဖြင့် ကုက္ကိုပင်တွေ။
သစ်တစ်ပင်မက သစ်အပင်ပေါင်းများစွာ ကောင်းနေတော့လည်း ငှက်တစ်သောင်းမက “ငှက် အပေါင်း”တို့ နားကြလေသည်။
ဒီ “ငှက်အပေါင်း” ထဲမှာ အများဆုံး ကြီးစိုးသည်က ကျီးငှက်များ။
မနက်မနက် အရုဏ်တက်တွင် ဝန်းကျင်ကို လွှမ်းမိုးသည်က ကျီးငှက်သံတွေ။ ညနေ အိပ်တန်းတက်ချိန်တွင်လည်း ဒီကျီးငှက်သံတွေကသာ ဝန်းကျင်ကို ကြီးစိုးမြဲ။
သို့ ကျီးတွေက များလာတော့လည်း စီးပွားရေးသမားတွေက အလကားမနေ။
ကျီးတွေကို ဖမ်းသည်။
ဒီတွင် ကျီးကန်းသည် ရမ်းသန်းပြီး စီးပွားရေးဈေးကွက်ထဲသို့ ရောက်သွားလေတော့၏။ ကျီးကန်းသားကို ချက်စားသည်။ ကြော်စားသည်။
သူငယ်နာအတွက် ဆေးတစ်လက်။
ပြီးတော့ ဘာကောင်းသည်၊ ညာကောင်းသည်၊ စသည် … စသည်။
တစ်ခါ စားသောက်ဆိုင်ဈေးကွက်။
ဘယ်သကောင့်သားက သွားပြီး ဆတ်ဆော့လိုက်လေသည် မသိ။ စားသောက်ဆိုင်အချို့မှာ ကျီးကန်းကြော်ဆိုပြီး အမြည်းတစ်မျိုး တိုးလာသည်။
ဒီ့နှယ် ရောင်းတန်းဝင်လာလေလေ ကျီးကန်းတွေ မျိုးကန်းဖို့ အကြောင်းဖန်လာလေလေ။
ဟုတ်သည်။ စီးပွားရေးသမားများက ကျီးကန်းကို စီပွားဖြစ် ဖမ်းကြလေတော့သည်။
သူတို့ဖမ်းပုံက ပညာတော့ ပါသည်။
ညနေစောင်းတွင် ကျီးကန်းများ အိပ်တန်းတက်ရာ အပင်အောက်သို့ သူတို့ ရောက်လာကြသည်။ လူ သုံးယောက်လောက် အဖွဲ့ဖြစ်သည်။
သစ်ပင်တွင် ပိုက်တန်းသည်။ ပိုက်သည် အနက်ရောင် ဖြစ်၏။ ဆွဲသည့်ကြိုးကလည်း အနက်ရောင်။ မမှောင့်တမှောင့် အချိန်တွင် မြင်ဖို့မလွယ်သည့် ပိုက်။
ဒီပိုက်ကို ကျီးကန်းများ အိပ်တန်းဝင်မည့် သစ်ပင်ကြီးများအနက် ခပ်မြင့်မြင့် အပင်ကြီးနှစ်ပင်တွင် ဟိုဘက်အပင်ထိပ်၌ ပိုက်ကြိုးတစ်ခု၊ ဒီဘက်အပင်ထိပ်၌ ပိုက်ကြိုးတစ်ခု ဆွဲထားသည်။
အနက်ရောင် ပိုက်ကြီးက သစ်ပင်ထိပ်ဖျားနှစ်ခုကြားတွင် ပြန့်၍နေမည်။ လေတိုးလျှင် လွင့်မသွားအောင် ပိုက်အောက်ခြေမှာ ကြိုးတစ်စ ချည်ထားပြီး ထို ကြိုးကို လူတစ်ယောက်က အောက်မှ ဆွဲပေးထားရသည်။
ထိုကြိုးသည် “အရှင်” ဖြစ်၏။ လျှော့၍ တင်း၍ ရသည်။
အကယ်၍ ထိုပိုက်ထဲသို့ ငှက်တစ်ကောင်က ဝင်တိုးမိပြီး မိသွားပြီ ဆိုပါက ထိုဆွဲထားသောကြိုး လျှော့ချလိုက်လျှင် ပိုက်သည် မိထားသောငှက်နှင့်လုံးထွေး၍ အောက်သို့ ကျလာလေ၏။ ဒီတော့မှ ထိုငှက်ကို ဖြုတ်ယူ။ ပိုက်ကြိုးကို ပြန်ဆွဲတင်။
ဒါက ယေဘုယျလုပ်စဉ်။
အဲ တကယ်လုပ်သည့်အခါကျတော့ ပညာပါရသည်။
ကျီးထောင်သမားများထဲမှ ခေါင်းဆောင်လုပ်သူသည် အတော်သမ္ဘာရင့်ပုံရ၏။
ငှက်တွေ (အထူးသဖြင့် ကျီးကန်းတွေ) ၏ သဘော ကို ကောင်းစွာ နားလည်ထားပြီး ဖြစ်ဟန်တူသည်။
သူသည် ထောင်ထားသော ပိုက်အောက်၌ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေ၏။
မှောင်ရီပျိုး၍ ကျီးများ အိပ်တန်းသို့ ပြန်လာသောအခါ နမော်နမဲ့နိုင်သော ကျီးတစ်ကောင်သည် ထိုပိုက်ကို တိုးမိပြီး မိသွားသည်ဆိုပါစို့။ ထိုကျီးသည် ကျီးထောင်သမားအတွက် အရေးကြီးသော “တည်ကျီး” ပင် ဖြစ်လေတော့၏။
ဟုတ်သည်။
“တည်ကျီး” ကို ရသည်နှင့် ထိုကျီး၏ ခြေထောက်ကို နိုင်လွန်ကြိုးအနက်ဖြင့်ချည်၊ အခြား ကြိုးစတစ်ဘက်ကို လူစီးဖိနပ်တစ်ဘက်၌ ချည်။
ပြီးသော် ထိုကျီးကို ပစ်ချပေးထားလိုက်။
ကျီးသည် ဖိနပ်နှင့် တွဲချည်ခံထားရသဖြင့် မပျံနိုင်။သို့သော် ဆတ်တောက် ဆတ်တောက်ဖြင့် ခုန်ဆွခုန်ဆွတော့ လုပ်နိုင်၏။
ဤတွင် ကျီးထောင်သမားသည် ပါးစပ်ဖြင့် ကျီးသံတစ်မျိုးကို လုပ်ပြလေသည်။
ထိုအသံသည် ကျီးတို့ အော်ရိုးအော်စဉ် “အာ အာ” ဆိုသည့် အသံမဟုတ်။ တစ်စုံတစ်ခုသော ဒုက္ခနှင့် ကြုံတွေ့နေရသဖြင့် ထိတ်လန့်တကြား အော်ဟစ်သော ရင်ခေါင်းသံမှ ထွက်လာသည့် “ကား ကား” ဆိုသည့် အသံမျိုး။
ဒီအသံကိုကြားတော့ အခြားကျီးများ မနေနိုင်။ ဝိုင်းအုံလာကြသည်။ ဒီတော့ ကျီးဖမ်းသမားက ဖိနပ်နှင့် တွဲချည်ထားသော တည်ကျီးကို တန်းထားသည့် ပိုက်အောက်သို့ရောက်အောင် ပို့သည်။ နှုတ်မှလည်း “ကား ကား … ကား ကား” ဆိုသည့် အသံကို ဆက်တိုက်ပြုနေသည်။
ကျီးများ ပိုက်အနီးသို့ ရောက်လာကြသည်။
ပိုက်ကို တိုးမိသည်။ မိသွားသည်။ တစ်ကောင်။
တစ်ကောင် ထပ်တိုးသည်။ ထပ်မိသည်။ နောက် တစ်ကောင်။
ဒီလိုနှင့် သုံးလေးကောင်မျှ မိသွားတော့မှ ကြိုးစကိုင်ထားသူက ကြိုးကို လျှော့ချလိုက်။ ပိုက်က မိထားသော ကျီးများနှင့် လုံးထွေးပြီး အောက်သို့ကျလာ။
ကျီးဖမ်းသမားက ကျွမ်းကျင်စွာ ဖြုတ်ယူ။ ဆာလာအိတ်ထဲသို့ ကျီးတွေကိုထည့်။ နောက်တစ်သုတ်ဖမ်းဖို့ ပိုက်ကို အပေါ်သို့ ပြန်လည်ဆွဲတင်စေ။
ဒီတစ်ခါတော့ ကျီးကန်းတွေက နည်းနည်းပါးသွားကြပုံရသည်။
အောက်က “တည်ကျီး” ကြောင့် အပြေးအလွှားတော့ လာကြ၏။ သို့သော် ပိုက်နားရောက်တော့ ပြန်လှည့်သွားကြ၏။
ဒီတွင် ကျီးထောင်သမားသည် ဗျူဟာတစ်မျိုး ပြောင်းလေတော့သည်။
တည်ကျီးနှင့် ဖိနပ်ကို ကောက်ယူ။ “တည်ကျီး”ကို လုံချည်ခါးပိုက်ထဲ ထည့်။ ဖိနပ်ကို လက်မှကိုင်ထား ပြီး ဘာမျှမလုပ်ဘဲ ဒီအတိုင်း ငြိမ်၍ ထိုင်နေ။ ငါးမိနစ်မျှ။
“တည်ကျီး” ကို အခြားကျီးများအမြင်မှ ဖျောက်ပစ်လိုက်သော သဘော။
အတန်ကြာတော့မှ ကျီးထောင်သမားက နေရာမှထ ကာ ကျီးအုပ်ကြီးနားနေရာ သစ်ပင်ကြီးအောက်သို့လျှောက်သွားသည်။ ခါးပိုက်ထဲမှ တည်ကျီးကို ထုတ်သည်။
ထို့နောက် ကျီးကို ခေါင်းပေါ် တင်ကာ ရှေ့မှပြေး၊ ကျီးတွေက နောက်မှ အုံပြီးလိုက်။
အဲ ရှေ့မှပြေးနေသော ကျီးဖမ်းသမားက တန်းထားသော ပိုက်အောက်မှလည်း ဖြတ်ပြေးရော ကျီးတွေလည်း အလျှိုအလျှို ဒုက္ခများကြပါလေရော။
ဒီလိုနှင့် ကျီးများ အတော်မိသွားလိုက်သည်။
နောက်တစ်ခါ ထပ်လုပ်တော့ ပထမအကြိမ်လောက် ကျီးများ မမိတော့။
သို့ဖြင့် အတန်အသင့်လည်း မှောင်လာ။ ကျီးလည်း အမိကျဲသွားသဖြင့် ကျီးဖမ်းသမားက လုပ်ငန်း လက်စသတ်ဖို့ သူ့ အပေါင်းအသင်းများအား လှမ်းအသံပြုသည်။
“ကဲ နောက်ထပ် ငါးမိနစ်လောက် စောင့်ကြည့်ပြီး တစ်ခေါက် မောင်းပြီးရင် သိမ်းတော့မယ်ဟေ့”
လို့ အသံပြုပြီး သူတို့ ခဏ ငြိမ်နေကြသည်။
ကျီးအုပ်ကြီးကလည်း တဖြည်းဖြည်း ပါးပါးသွားလေပြီ။
ထိုစဉ် ကျီးတစ်ကောင် ယောင်တောင်ယောင်တောင်ဖြင့် ပျံဝဲရင်း ပိုက်ကို သွားတိုးမိပါလေသည်။
“ဟား … သိမ်းခါနီးမှ တစ်ကောင်က လာငြိပြန်ပြီ ငမိုးရေ။ ကြိုးကို အကုန်မလျှော့လိုက်နဲ့။ နည်းနည်း ပဲလျှော့။ ပိုက်ကို အလယ်လောက်မှာပဲထား။ ဘယ်အကောင် ထပ်တိုးဦးမလဲ မသိဘူး”
မှာသည့်အတိုင်းပင် ပိုက်က အောက်အထိမကျ။ ကောင်းကင်ယံ၌ လျော့လျဲလျဲ အနေအထားဖြင့် ဆက်၍ ရှိနေသည်။
ပိုက်ထဲမှာ မိထားသည့် ကျီးကတော့ အတောင်ပံကလေး တဖျတ်ဖျတ်။
ထိုမြင်ကွင်းကိုမြင်သော ကျီးအချို့ မနေနိုင်ပြန်။ ဝိုင်းအုံလာပြန်သည်။ သို့သော် ပိုက်နားသို့ ရောက်သည်နှင့် ကိုယ်ရှိန်သတ်သွားကြ၏။ တစ်ကောင်မျှ ဝင်မတိုးကြတော့။ သဘောပေါက်နေပြီ မဟုတ်ပါလား။
သို့သော် …
“ကား ကား”
ကျီးတစ်ကောင်သည် “အား အား” ဟု မမြည်ဘဲ “ကား ကား” ဟု ကြေကြေကွဲကွဲ အသံကြီးကိုပြု ရင်း ပြင်းလှစွာသော အရှိန်အဟုန်ဖြင့် ပိုက်ထဲကို ဝင်တိုးထည့်လိုက်ပါလေတော့သည်။
“ဟာ”
ကျွန်တော့်ရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။
ရင်မနင့်ဘဲလည်း ဘယ်မှာလာ ရှိပါမည်နည်း။
ဒီကျီးလေး လုပ်လိုက်ပုံက ပိုက်ထဲသို့ အမှတ်မထင် ဝင်တိုးမိသည့်ပုံစံမျိုး စိုးစဉ်းမျှ မဟုတ်။ တမင်ပင် “ဇွတ်” ဝင်တိုးလိုက်သည့် ပုံစံပင်ဖြစ်နေသည် မဟုတ်ပါလား။
ပြီး နှုတ်မှပြုသည့် အသံကလည်း ကြားရသူရင်မှာ တကယ့်ကို ကြေကွဲစရာကြီး။
ဒီတော့လည်း ရင်နာတွေး တွေးရန် အချက်က တစ်ချက်သာ ရှိပါတော့သည်။
ကြေကြေကွဲကွဲ အော်ဟစ်ကာ အတင်းဝင်တိုးလိုက်သောကျီးနှင့် ပိုက်ထဲမှာမိနေသောကျီးသည် အင်း … တွေးကြည့်လျှင်တော့ ဇာတ်က ရင်နာဖို့ကောင်းလှသည်။
မြဝတီမဂ္ဂဇင်း၊ နှစ် (၅၀) ပြည့်
– ပြီး –
စာရေးသူ – သန်လျင်မောင်မောင်ဦး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized