• July 1, 2025
  • admin
  • 0

မင်းမြင့်နိုင်(ဘူးသီးတောင်)
သေချင်တဲ့ကျား

တပ်စုမှူး ဗိုလ်ကြီးမောင်မောင်စိုး ခေါ်သည်ဆို၍ တပ်စုရုံးရှိရာ တောင်ကုန်းလေးပေါ်ရှိ တဲလေးရှိရာသို့ တပ်ကြပ်မြင့်ခိုင် ရောက်ရှိလာပြီး တဲငယ်ရှေ့ရှိ သစ်ငုတ်တိုပေါ်တွင် ထိုင်နေသော တပ်စုမှူး ဗိုလ်မောင်မောင်စိုးအား အလေးပြု၍ ရောက်ရှိကြောင်း သတင်းပို့လိုက်၏။

“ကျွန်တော် ရောက်ပါပြီ ဗိုလ်ကြီး”

“လာဗျာ ဆရာမြင့်ခိုင်၊ ဒီမှာ ထိုင်ပါဦး။ ဆရာ့ကို ခေါ်ခိုင်းရတာက တခြားကြောင့်တော့ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့မှာ ရိက္ခာစိုပြတ်နေတာ နှစ်ရက်လောက် ရှိသွားပြီ။ ဒါကြောင့် ရိက္ခာစိုလေးရအောင် ဆရာ လှုပ်ရှားလိုက်ပါဦး”

“ကျွန်တော်က ဘာများလည်းလို့၊ ဒါလေးများဗိုလ်ကြီးရယ်။ နေ့ခင်းမှာ ဆတ်အိပ်တန်းအိပ်ရာရှာရင်း ဟိုတစ်နေ့က တွေ့ခဲ့တဲ့ ဖန်ခါးပင်မှာ ဖက်စုတ်ရင် ဆတ်မရတောင်မှ ချေ(ဂျီ)လောက် တော့ရမှာပါ”

“သိပါတယ် ဆရာ အလန်ကွာတာမိန်းရယ်။ ကျွန်တော်တို့ တပ်စုတစ်စုလုံး ဆရာ့ကို အားကိုးနေကြတာ ဆရာ သိပါတယ်။ ဆတ်တို့၊ ချေတို့ မရရင် တောင်မှ မျောက်ကတော့ ရမှာ သေချာပါတယ်။ စိတ်ချယုံကြည်ပြီးသားပါ”

“ဒါဆိုရင် ကျွန်တော် မနက်စာစားပြီး ရဲဘော်နှစ်ယောက်ခေါ်ပြီး ဆက်လှုပ်ရှားလိုက်ပါ့မယ်။ ကျွန်တော် သွားတော့မယ် ဗိုလ်ကြီး”

ဆရာမြင့်ခိုင်က ထိုင်ရာမှထ၍ တပ်စုမှူးအား အလေးပြု၍ တောင်ကုန်းပေါ်မှ ဆင်းခဲ့ပြီး မိမိတပ်စိတ်ရှိရာ ယာယီတဲလေးရှိရာသို့ ထွက်ခဲ့၏။

ယခု ဆရာမြင့်ခိုင်တို့ တပ်စုမှာ ခ.လ.ရ (…..) တပ်ရင်းမှဖြစ်ပြီး မြန်မာ- ဘင်္ဂလား ဒေ့(ရှ်) နှစ်နိုင်ငံနယ်နိမိတ်ကျောက်တိုင်စိုက်ထူရေးတွင် တာဝန်ယူဆောင် ရွက်ကြသည့် မြန်မာနိုင်ငံ မြေတိုင်းအဖွဲ့မှ အဖွဲ့(၃)နှင့် အဖွဲ့(၄)အား လုပ်ငန်းဆောင်ရွက်ရာတွင် လုံခြုံရေးအဖြစ် တာဝန်ယူပေးနေရခြင်းဖြစ်၏။

အဖွဲ့(၃) ခေါင်းဆောင် မြေမှူးဦးဟန်နှင့်၊ အဖွဲ့(၄) အဖွဲ့ခေါင်းဆောင် ဦးစောသာထူးတို့ ခေါင်းဆောင်သော လူအင်အား (၂၈)ယောက်တို့နှင့်အတူ တောင်ပြိုရွာ အရှေ့မြောက်ဘက်တောင်တန်းပေါ်ရှိ ကိုးတန်ကောက်ဆိုသည့် နယ်စပ်အနီး တောင်စွယ်တွင် ယာယီစခန်းချပြီး မြေတိုင်းလုပ်ငန်းများဖြစ်သော တောရှင်းခြင်း၊ မှန်ပြခြင်း၊ ခြင်းထောင်ခြင်းနှင့် မြေပုံဖတ်ခြင်း စသည့်လုပ်ငန်းများအား ဆောင်ရွက်နေကြသည်ကို လုံခြုံရေးဆောင်ရွက်ပေးနေရခြင်း ဖြစ်၏။

မိမိတို့၏ တပ်ခွဲဖြစ်သော တပ်ခွဲ(၄)တစ်ခွဲလုံး မြေတိုင်းအဖွဲ့ လုံခြုံရေးအတွက် မြန်မာ ဘင်္ဂလားဒေ့(ရှ်) နယ်စပ်တစ်လျှောက် မြေတိုင်းအဖွဲ့များနှင့်အတူ ရှိနေကြလေသည်။

ဆရာမြင့်ခိုင်မှာ တပ်ခွဲ(၄)တွင် မုဆိုးကြီး အလံကွာတာမိန်းဆိုသည့်နာမည် ရရှိထားသည့် မုဆိုးတစ်ပိုင်း စစ်သားဖြစ်၏။ သူရှိနေသော တပ်ခွဲတပ်စုများတွင် လိုအပ်သော ရိက္ခာစိုအတွက် သားကောင်များကို အမြဲတမ်း ပစ်ခတ်ပေးနေရသူဖြစ်ပြီး ဆရာမြင့်ခိုင်ကလည်း လက်ဖြောင့်သူတစ်ယောက် ဖြစ်ပြီး ဆရာမြင့်ခိုင် တောပစ်ထွက်သွားပြီးဆိုလျှင် နောက်မှာ ကျန်ခဲ့သူများမှ သေနတ်သံကို နားစွင့်နေကြပြီး သေနတ်သံကြားရပြီဆိုလျှင် သားကောင် ထမ်းရန် နောက်မှ လူစု၍ လိုက်သွားကြမြဲပင်။ သေနတ်သံကြားရ၍ သားကောင်မရ ဆိုသည်မှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ဘူးသေးသည့်အဖြစ် ဖြစ်၏။

ဆရာမြင့်ခိုင်ကလည်း လက်ဖြောင့်သည်ထက် သားကောင်အထာ၊ တောတောင်အနေအထားများကို ကျွမ်းကျင်ပြီး စိတ်ရှည်စွာဖြင့် သားကောင်ချောင်းမြောင်းခြင်းကလည်း ဆရာမြင့်ခိုင်၏ မုဆိုးအရည်အချင်းတစ်ခု ဖြစ်၏။

ရောက်လေရာနယ်မြေဒေသများတွင် ရှိကြသော နယ်မြေခံမုဆိုးများထံမှ မုဆိုးပညာများကို သင်ယူမှတ်သား၍ လက်တွေ့အသုံးချခြင်းကြောင့် ဆရာမြင့်ခိုင်အား “ပစ်မလွဲမြင့်ခိုင်”၊ “ပေါက်ထမ်းမြင့်ခိုင်”ဟု ခေါ်ကြခြင်း ဖြစ်၏။

(ပေါက်ထမ်းဆိုသည်မှာ ရခိုင်သူ ရခိုင်သားများသည် သေနတ်ပစ်သံ ကြားရသည်ကို ပေါက်သံကြားရသည်ဟု ပြောကြ၏။ ထို့ကြောင့် ပေါက်ထမ်းဆို သည်မှာ ပစ်လျှင် သားကောင်ထမ်းရသည်ဟု အဓိပ္ပာယ်ရလေ၏။)
(စာရေးသူ)

xxx xxx xxx

ဆရာမြင့်ခိုင်နှင့်အတူ တပ်သားတင်စိုးနှင့် တပ်သားထွန်းမောင်တို့နှစ်ယောက် လိုက်ပါလျက် တောင်ကြောနှစ်ခု၏ အလယ်မြေပြန့်အတိုင်း မျက်စိကိုဖွင့် နားကိုစွင့်၍ သတိဖြင့် ခြေသံကိုလုံလုံနင်း၍ လျှောက်လှမ်းလာကြ၏။

ဆရာမြင့်ခိုင်သည် G-3 (ဂျီသရီး) (BA ၆-ခု မောင်းပြန်ရိုင်ဖယ်)ကို မောင်းတင်ပြီး လုံခြုံရေးခလုတ်အားပိတ်ပြီး အပစ်လက်ကိုင်အား ညာလက်ဖြင့် ဆုပ်ကိုင်၍ သေနတ်အား ညာပခုံးထက်တွင်ထမ်းကာ ရှေ့၊ ဘေးဘယ် ညာကို စစ်သားသတိ မုဆိုးမျက်လုံးများဖြင့်ကြည့်၍ တစ်လှမ်းချင်း လျှောက် လှမ်းနေ၏။

သူ၏နောက်တွင် တပ်သားတင်စိုးနှင့် ထွန်းအောင်တို့နှစ်ယောက်သည် ဂျီသရီး (G-3) သေနတ်များကို အသင့်အနေအထားဖြင့်ကိုင်လျက် သတိဖြင့် လိုက်ပါလာနေကြ၏။

ဆတ်ဆိုသည့် သားကောင်များသည် ယခုလို ဆောင်းရာသီအချိန်မျိုးတွင် ညဘက်တွင် တောင်ယာဟောင်းများ၊ လူတို့ စိုက်ပျိုးထားသော ပဲခင်း၊ မုန်ညင်းခင်းများအတွင်း ဝင်ရောက်စားသောက်ကြပြီး မိုးလင်းပိုင်းရောက်သည်နှင့် မိမိတို့ အိပ်တန်းရှိရာသို့ ပြန်လာကြကာ အိပ်တန်းဝင်ကြလေ၏။

ဆတ်များ ဆောင်းရာသီတွင် အိပ်တန်းမှာ တောင်ကြောများကြားရှိ လွင်ပြင်များ၌ နေရောင်ခြည်ကျရောက်သည့် ချုံငယ်များ၊ ဂုံမင်းပင်များအောက်တွင် အိပ်တတ်ကြ၏။

တချို့သော ဆတ်များမှာ တောင်ကြော၏ အနောက်ဘက်ခြမ်းတွင်ရှိသော တောင်စောင်းပြန့်များတွင် အိပ်တတ်ကြ၏။

ဆရာမြင့်ခိုင်နှင့် ရဲဘော်နှစ်ယောက်တို့ စခန်းမှထွက်လာခဲ့ကြသည်မှာ တစ်နာရီခန့်မျှ အချိန်ကြာလာသော်လည်း သားကောင်ကြီးကြီးမားမားတစ်ကောင်မျှ မတွေ့ရသေးပေ။ တောကြက်များ၊ ရှဉ့်ငပေါများနှင့် သစ်ပင်များပေါ်တွင် အောက်ချင်းငှက်နှင့် ဝါးရောင်းငှက်များသာ တွေ့ကြရ၏။

အချိန်ကလည်း နေ့လယ် (၂)နာရီအချိန်ခန့် ဖြစ်သဖြင့် သားကောင်များ အိပ်နေကြသောကြောင့် မမြင် တွေ့ရခြင်းဖြစ်ကြောင်း ဆရာမြင့်ခိုင် သိပြီးဖြစ်၏။

လမ်းဟူ၍ မရှိဘဲ ပြန့်လွင်ပြင်ထဲတွင် ပေါက်နေကြသော မြက်ရိုင်းပင်များ၊ ကိုင်းပင်နှင့် ဂုံမင်းပင်များ ချုံငယ်များအောက်သို့ သေချာစွာကြည့်၍ တစ်လှမ်းချင်း လျှောက်လှမ်းနေကြခြင်းဖြစ်သောကြောင့် ခရီးမတွင်ချေ။

လွင်ပြင်တောဆုံးသည်နှင့် ဆင်ခြေလျှော တောင်နှာမောင်းငယ်တစ်ခုပေါ်သို့ တက်ခဲ့ကြပြီး တောင်စောင်းတွင်ရှိသော မြရာပင်ကြီး တစ်ပင်အောက်သို့အရောက်တွင် ဆရာမြင့်ခိုင်က ပခုံးတွင် ထမ်းလာသော ဂျီသရီး (G-3) သေနတ်အား လက်တွင် ကိုင်လိုက်ပြီး မြရာပင်၏ ပင်စည်ခြေရင်းတွင် ထိုင် ချလိုက်ကာ ရဲဘော်နှစ်ယောက်အား ပြောလိုက်၏။

“တင်စိုးနဲ့ ထွန်းမောင် ခဏနားကြမယ်ကွာ။ နေကလည်း ပူလိုက်တာကွာ၊ လွန်လွန်းတယ်။ တောထဲတောင်ထဲမှာ သစ်ပင်ဝါးပင်အရိပ်တွေနဲ့ ဒီလောက်ပူရင် ကွင်းပြင်မှာသာဆိုရင် ဘယ်လောက်ပူမလဲ မသိဘူး … ရှူး”

ဆရာမြင့်ခိုင်က ပြောရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး အင်္ကျီအိတ်တွင်းမှ ဆေးပေါ့လိပ်အား ထုတ်ယူ၍ မီးညှိပြီး ဖွာရှိုက်နေ၏။

တင်စိုးနှင့် ထွန်းမောင်တို့ နှစ်ယောက်လည်း မြရာပင်၏ ပင်စည်တွင် မှီ၍ ထိုင်လိုက်ကြပြီး ဆေးပေါ့လိပ်များ မီးညှိဖွာရှိုက်နေကြလေ၏။

ဆေးပေါ့လိပ်အား တစ်ရှိုက် နှစ်ရှိုက် ဖွာရှိုက်လိုက်ပြီး တင်စိုးက –

“ဘယ်လိုလဲ ဆရာမြင့်ခိုင်ရဲ့။ အခု ကျွန်တော်တို့ လာတာ တစ်နာရီကျော်ကျော်လောက် ရှိနေပြီ။ ဘာတစ်ကောင်မှလည်း မတွေ့ရသေးပါလား။ ဘယ်လိုဖြစ်တာလဲဗျ”

“တင်စိုးကတော့ လုပ်ပြီ။ ငါ့နောက်လိုက်ပြီး ငါ့တပည့် မုဆိုးလက်သင် လုပ်နေတာ ကြာလှပြီ။ ခုအချိန်ထိ တောရဲ့အထာ၊ တောင်ရဲ့သဘောနဲ့ သားကောင်တွေရဲ့အမူအကျင့်ကို မသိသေးဘူးကိုးကွ”

“တောရဲ့အထာနဲ့ သားကောင်တွေရဲ့အမူအကျင့်ဆိုတာ ဘာတွေလည်း ဆရာ။ ပြောပြပါဦး … မှတ်သားရတာပေါ့ ဆရာရယ်”

ဆရာမြင့်ခိုင်အား ထွန်းမောင်က မေးလိုက်ခြင်း ဖြစ်၏။

ဒီလိုကွဲ့ ထွန်းမောင်ရဲ့။ အခု ငါတို့လာခဲ့တဲ့ ပြန့်တစ်လျှောက်မှာ သားကောင်ကြီးကြီးမားမား မတွေ့ရတာ ဘာဖြစ်လို့လည်းဆိုတော့ ဒီတောင်ကြော တစ်လျှောက်မှာ ငါတို့ရဲ့ မြေတိုင်းအဖွဲ့တွေ သွားလိုက် လာလိုက်နဲ့ မြေတိုင်းအလုပ်တွေ နှစ်ရက်၊ သုံးရက် လုပ်ခဲ့ကြတော့ ဒီအနီးအနားမှာရှိကြတဲ့ သားကောင်တွေ လန့်ပြီး ပြေးကုန်ကြပြီပေါ့ကွ။ ဒါလေးတောင်မှ မသိကြဘူးလား၊ ညံ့ပါကွာ”

“ဟာ .. ဆရာကလည်း၊ ကျွန်တော်တို့က ဒီလောက်မစဉ်းစားတတ်ဘူးလေ။ ဒါကြောင့်လည်း ဆရာ့ရဲ့တပည့်တွေ ဖြစ်နေကြတာပေါ့။ ဒါဆိုရင် ဒီနေ့ အခြေအနေ ကောင်းပါ့မလား ဆရာ။ ငါးပိကြော်နဲ့ နှစ်ပါးသွားရဦးမယ် ထင်ပါတယ်ဗျာ”

ထွန်းမောင်က ညည်းသံဖြင့် ပြောလိုက်သောကြောင့် ဆရာမြင့်ခိုင်က-

“ထွန်းမောင်ကလည်း အားလျှော့တဲ့စကား မပြောပါနဲ့ဦးကွာ။ အခုမှ လှုပ်ရှားမှုအစပဲ ရှိပါသေးတယ်။ အခု ငါတို့ရောက်နေတဲ့ တောင်ကြောရဲ့ရှေ့မှာ ဂုံမင်းတောနဲ့ ချုံငယ်နဲ့ ကိုင်းပင်တောတွေမှာ သားကောင်ကို ကျိန်းသေပစ်ရမှာပါကွာ။

ဒီဘက်တောက သားကောင်တွေ ငါပြောတဲ့တောကိုပြောင်းသွားကြမှာ သေချာပါတယ်ကွာ။ ကိုင်း … နားလို့လည်း အမောပြေလောက်ပါပြီ။ ဆေးလိပ်တွေ မီးသတ်ပြီး ခြေသံလုံလုံနဲ့ ငါ့နောက်က အသင့်လိုက်ခဲ့ကြပေတော့။ မလိုအပ်ဘဲ စကားမပြောနဲ့။ ပစ်စရာတွေ့ရင် ငါပဲ ပစ်မယ်။ လိုအပ်လို့ရှိရင် ငါက ပစ်မိန့်ပေးမှ ပစ်ကြ … ကြားလား”

“ဟုတ် … ကြားပါတယ်”

အသံခပ်အုပ်အုပ်ဖြင့် ပြိုင်တူဖြေလိုက်ကြရင်း ဆရာမြင့်ခိုင်နောက်မှ လိုက်ခဲ့ကြလေ၏။

ဆရာမြင့်ခိုင်သည် တောင်ကြော ဆင်ခြေလျှောမှ လွင်ပြန့်ရှိရာသို့ တဖြည်းဖြည်း ဆင်းသွားရင်း ပြန့်ရှိ ဂုံမင်းတောအတွင်း မျက်လုံးကို ရှင်ရှင်ထား၍ နေပြောက်များ ကွက်ကျားထိုးကျနေသော ချုံငယ်များနှင့် ကိုင်းပင်များကြားသို့ကြည့်ရင်း သေနတ်ကို ပစ်ခတ်ရန် အသင့်အနေအထားမှာ ကိုင်၍ သွားနေ၏။

ပြန့်၏ အလယ်ကြောမှ မသွားဘဲ ပြန့်၏ အနားစပ် တောင်ခြေနားကပ်၍ သွားနေခြင်းဖြစ်၏။

ဆရာမြင့်ခိုင်နှင့် တပည့်နှစ်ယောက်တို့ ပြန့်အစပ် တောင်ခြေမှကပ်၍ လျှောက်လာကြရာ တစ်နာရီနီးပါးခန့် အချိန်ကြာပြီဖြစ်၏။

ပြန့်လွင်ပြင်မှာ အတော်ပင် ကျယ်၏။ တောင်ကြောနှစ်ခု၏ကြားတွင် ရှိနေပြီး တောင်ကြောတစ်ခုနှင့် တစ်ခု ကိုက်ငါးရာခန့် ကွာဝေးမည်ဟု ဆရာမြင့်ခိုင် ခန့်မှန်းမိလေ၏။

ထိုအချိန်တွင် ပြန့်၏ ရှေ့ဘက်ရှိ တောင်ကြောဘက်မှ “ထရိမ် … ထရိမ် … ထရိမ်” ဆိုသည့် ဆတ် တစ်သံကို ကြားလိုက်ရသော ဆရာမြင့်ခိုင်က –

“ဟေ့ကောင်တွေ ဆတ်တစ်သံ ကြားလိုက်ကြတယ် မဟုတ်လား။ နေ့ခင်းကြီးမှာ ဆတ်တစ်တယ်ဆိုတာ အကြောင်းတစ်ခုခု ရှိလို့ပဲကွ။ သူတို့ အိပ်တန်းကို လူရောက်လို့လား၊ ဒါမှမဟုတ် တောခွေးအုပ်များ ရောက်လို့လား မသိဘူး။ လာကြ … ငါ့နောက်က လိုက်ခဲ့ကြ။ သတိမလစ်ကြစေနဲ့”

ဆရာမြင့်ခိုင်သည် ပြောပြောဆိုဆို ရှေ့မှ ခပ်သုတ်သုတ် ထွက်သွားလေရာ နောက်မှ တင်စိုးနှင့် ထွန်းမောင်တို့ လိုက်သွားကြလေ၏။

ဆရာမြင့်ခိုင်တို့ လျှောက်ခဲ့ကြသည်မှာ ကိုက်တစ်ထောင်ခန့် အရောက်တွင် တောင်ကြောခြေရှိ မြေပြင်တွင် မြင်လိုက်ရသည် မြင်ကွင်းက …

“ဝေါင်း … ဝေါင်း … ဝေါင်း”

“ဟဲ … ဟဲ … ဟဲ”

ကျားဟိန်းသံနှင့်အတူ ခြောက်စထောင်ဦးချို(ဂျို)ကားရားနှင့် ဆတ်ဖားကြီးတစ်ကောင် ပြေးလာနေပြီး ၎င်းဆတ်ဖားကြီးနောက်မှ ရှစ်တောင်ခန့် ကျားကြီးတစ်ကောင်မာန်ဖီဟိန်းဟောက်ပြီး ဆတ်ဖားကြီး၏ နောက်ကျောပေါ်သို့ ခုန်တက်၍ လက်သည်းများဖြင့် ကုတ်ဆွဲပြီး ဆတ်ဖားကြီးအား လဲကျအောင် ဆွဲလှဲချနေသည့် မြင်ကွင်းအား မြင်လိုက်ရသောကြောင့် ဆရာမြင့်ခိုင်သည် အနီးရှိ ကညင်ပင်ကြီး၏ ခြေရင်းတွင် ပြေးကပ်လိုက်ပြီး နောက်မှ တပည့်နှစ်ယောက်ကိုလည်း လက်ဟန်ဖြင့် နေရာယူခိုင်းလိုက်ရာ သူတို့အနီးရှိ သစ်ပင်များခြေရင်းသို့ ပြေးဝင်နေရာယူလိုက်ကြပြီး ရှေ့တွင် မြင်ရ သော မြင်ကွင်းအား ကြည့်လိုက်ကြရာ …

ကျားကြီးက ဆတ်ဖားကြီး၏ ကျောကုန်းပေါ်မှ ဆတ်ဖားကြီးအား သူ၏ လက်သည်းကြီးများနှင့် ကုတ်ဆွဲ၍လှဲချနေစဉ် ဆတ်ဖားကြီးမှ သူ၏နောက် ကျောကုန်းပေါ်ရှိ ကျားကြီးအား လည်ပြန်လှည့်၍ သူ၏ ခြောက်စထောင်ချိုကြီးဖြင့် လှည့်ယမ်းခတ်လိုက်လေ၏။

ဆတ်ဖားကြီး၏ ဦးချိုမှာ နောက်ကြောကုန်းပေါ်ရှိကျားကြီး၏လည်ပင်းအား ထိသွားပြီး ခပ်နက်နက် စူးဝင်သွားလေ၏။

ဆတ်ဖားကြီးမှာ မိမိကျောကုန်းထက်တွင် မိမိအား လက်သည်းများဖြင့် ကုတ်ဆွဲထားသောကြောင့် နာကျင်လှသည့် ဒဏ်ရာကြောင့် ကြောက်ကြောက်လန့်လန့်နှင့် ဦးခေါင်းဖြင့် လှည့်ယမ်းလိုက်ခြင်းဖြစ်သော်လည်း ကံဆိုးသောကျားကြီး၏ လည်ပင်းအား ဆတ်ကြီး၏ ခြောက်စထောင်ဦးချိုကြီးက စူးဝင်သွားခြင်း ဖြစ်၏။

ဆတ်ဖားကြီး၏ဦးချို လည်ပင်းတွင် စူးဝင်သွား သည်နှင့် ကျားကြီးသည် နာကျင်စွာ တစ်ချက်အော်လိုက်ပြီး ကုတ်ဆွဲထားသောလက်များအားဖြုတ်၍ ဆတ်ဖားကြီး၏ နောက်ကျောကုန်းပေါ်မှ နောက်ကျွမ်းပစ်၍ ခုန်ချသွားလေ၏။

မြေပေါ်သို့ ကျရောက်ပြီးသည်နှင့် ဦးချိုစူးဝင် သည့် ဒဏ်ရာမှ နာကျင်သည့်ဝေဒနာနှင့် ဒဏ်ရာရသွားစေရန် သူ့အား ဦးချိုဖြင့် ခတ်လိုက်သော ဆတ်ဖားကြီးအပေါ်ဖြစ်ပေါ်လာသော ဒေါသဖြင့် ဝမ်းခေါင်းသံကြီးဖြင့် ဟိန်းဟောက်အော်ဟစ်လိုက်သံက တစ်တောလုံး ဆူညံသွားလေ၏။

“ဂရား … ဝူးဝူး … ဂရား … ဂရား … ဂရား … ဝေါင်း … ဝေါင်း”

ကျားကြီး အော်လိုက်သံကြားရသော ဆတ်ဖားကြီးမှာ မိမိ၏ ကျောကုန်းပေါ်တွင် ကျားကြီး မရှိတော့ပြီဟူသော အသိ၊ နာကျင်လွန်းလှသည့် ဒဏ်ရာကြောင့် သူ၏ မျက်နှာမူရာအရပ်ဘက်သို့ တစ်ဟုန်ထိုး ခုန်ပြေး ပြေးထွက်လိုက်၏။

ဆတ်ကြီး ပြေးထွက်သွားသည်နှင့် ကျားကြီးကလည်း နောက်မှ ပြေး၍ လိုက်လေ၏။

ဆရာမြင့်ခိုင်သည် တစ်ခါမျှ မမြင်ဘူးသည့် မြင်ကွင်းအား မှင်တက်၍ ကြည့်နေမိ၏။

ဆတ်ဖားကြီးသည် အသက်ဘေးမှ လွတ်ကင်းရန်အတွက် သွေးရူးသွေးတန်း ပြေးလာရာလမ်းကြောင်းမှာ ဆရာမြင့်ခိုင်နှင့် ရဲဘော်နှစ်ယောက် ပုန်းအောင်းနေရာယူထားသော သစ်ပင်များဆီသို့ ဖြစ်၏။

ဆရာမြင့်ခိုင်သည် သူနေရာယူထားသော ကညင်ပင်ကြီးတည့်တည့် လမ်းကြောင်းအတိုင်း ဆတ်ဖားကြီး ပြေးလာသည်ကို မြင်ရလေမှ သတိဝင်လာပြီးလက်တွင်းမှ ဂျီသရီး(G-3) သေနတ်အား ကညင်ပင်ကြီး၏ ပင်စည်တွင်ကပ်ပြီး ပစ်ခတ်ရန် အသင့်ချိန်ရွယ်ထားလိုက်၏။

ဆတ်ဖားကြီးမှာ အားကုန်ပြေးသော်လည်း ကျောကုန်းပေါ်တွင် ရရှိထားသော ဒဏ်ရာကြောင့် ထင်သလောက် မပြေးနိုင်ပေ။

ကျားကြီးမှာလည်း လည်ပင်းတွင် ရရှိထားသော ဒဏ်ရာကြောင့် ခေါင်းကြီးစောင်းစောင်းဖြင့် ပြေးလိုက်နေ၏။

ဆတ်ဖားကြီးပြေးလာသည်မှာ ဆရာမြင့်ခိုင် နေရာယူထားသော ကညင်ပင်ကြီးနှင့် ပေ(၁၅ဝ)ခန့် အကွာအဝေးသို့အရောက် နောက်မှ လိုက်လာသည့် ကျားကြီးသည် ဆတ်ဖားကြီးကို မီလာသည်နှင့် ဆတ်ဖား ကြီး၏ နောက်ခြေထောက် တကောက်ကြောအား ခုန်၍ ကိုက်လိုက်လေ၏။

ဆတ်ဖားကြီးမှာ ပြေးလာသည့်အရှိန်ဖြင့် ရှေ့ခြေနှစ်ချောင်း ခေါက်၍ လဲကျသွား၏။

ကျားကြီးမှာ ဆတ်ဖားကြီး၏ နောက်ခြေထောက်အား ကိုက်၍ ဆွဲခါလိုက်ပြီး လဲကျနေသော ဆတ်ဖားကြီး၏ လည်တိုင်ဆီသို့ ခုန်သွားပြီး လည်တိုင်အား သူ၏ချွန်မြနေသော အစွယ်နှစ်ချောင်းဖြင့် ပါးစပ်ကိုဖြဲ၍ ကိုက်ဖောက်ပြီး ဆွဲခါလိုက်ရာ ဒဏ်ရာကြောင့် နာကျင်စွာဖြင့် ဆတ်ဖားကြီးမှာ “ထရိမ် … ထရိမ်” ဟု အသံတုန်တုန်ဖြင့် နှစ်ချက်သာအော်ဟစ်ပြီး တဖြည်းဖြည်း ငြိမ်ကျသွားလေ၏။

ကျားကြီးသည် ဆတ်ဖားကြီး ငြိမ်သွားလျှင် ကိုက် ဆွဲထားသော လည်တိုင်အား တစ်ချက်နှစ်ချက် ဆွဲလှုပ်ခါယမ်းလိုက်ပြီး ကိုက်ခဲထားသော ဆတ်ဖားကြီး၏ လည်တိုင်ကို လွှတ်လိုက်ကာ သူ၏ ကြီးမား သော ဦးခေါင်းကြီးအား မော့၍ တစ်ချက်ဟိန်းလိုက်ပြီး ဆတ်ဖားကြီး၏ နောက်ခြေထောက် ပေါင်သားရှိရာသို့သွားပြီး ကိုက်ဖဲ့၍ စားလိုက်လေ၏။

ဆရာမြင့်ခိုင်သည် ကျားကြီးအား ကြည့်နေရာမှ သူ၏ လက်ထဲမှ သေနတ်အား ကျားကြီး၏ လက်ပြင်နေရာသို့ ကညင်ပင်ကြီး၏ ပင်စည်တွင်ကပ်၍ ချိန်လိုက်၏။

ရှေ့ချိန်သီး၊ ရှေ့ပစ်မှတ်၊ နောက်ချိန်ပေါက် တစ်ထပ်တည်းကျသည်နှင့် ပစ်ခလုတ်အား အသက်အောင့်၍ ဖြည်းညင်းစွာ ဆွဲလိုက်လေ၏။

မိမိအစာကို အာသာငမ်းငမ်းဖြင့် စားနေသော ကျားကြီးမှာ –

“ဒိုင်း”

ဂျီသရီး (G-3) သေနတ်ပြောင်းမှ ယမ်းအားပြင်းလှသည့် “၇.၆၂” ကျည်ဆန်ထိပ်ဖူး ဖောက်ထွင်းသွားသည့် နှလုံး၏ နာကျင်မှုအား သိရှိလိုက်ရ၍ လန့်ပြီးခုန်လိုက်သော်လည်း မြေပြင်မှ နှစ်ပေခန့်သာ မြင့်အောင် ခုန်လိုက်နိုင်ပြီး မြေပြင်သို့ ပြုတ်ကျကာ ခြေနှင့် လက်များ တစ်ချက်နှစ်ချက် ခါယမ်းလိုက်ပြီး ငြိမ်သက်သွားလေတော့၏။

ကျားကြီး ငြိမ်သက်သွားပြီး သုံးမိနစ်ခန့်အချိန်ကြာမှ ဆရာမြင့်ခိုင်သည် ကညင်ပင်ကြီးခြေရင်းမှ ထလိုက် ကာ ရဲဘော်တင်စိုးနှင့် ထွန်းမောင်တို့ဘက်သို့ လှည့်၍ ပြောလိုက်၏။

“ကျားကြီးတော့ ပွဲသိမ်းသွားပြီ။ ဒီနေ့တော့ တစ်နေရာတည်းမှာ သားကောင်နှစ်ကောင် တစ်ပြိုင်တည်းရတာတို့ ကံကောင်းတာပေါ့။

ဒါပေမဲ့ မုဆိုးအချင်းချင်း အစာလုယူလိုက်ရတာတော့ ငါ စိတ်မကောင်းပါဘူးကွာ။

ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်နေတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ ငါလည်း ဆတ်ကြီးကို သနားမိပြီး ကြည့်နေစဉ်မှာ ဆတ်ကြီးသေသွားတာမြင်ရတဲ့အခါ ငါလည်း ဒေါသကို မထိန်းနိုင်ဖြစ်ပြီး ပစ်လိုက်မိတာပဲကွာ”

ဆရာမြင့်ခိုင်၏ ပြောစကားကိုကြားသော ရဲဘော်တင်စိုးက –

“ဆရာမြင့်ခိုင်ကလည်းဗျာ၊ မုဆိုးအချင်းချင်း အစာလုယူတာတို့၊ မုဆိုးစည်းဖောက်တာတို့ လုပ်မနေစမ်းပါနဲ့။ ကျွန်တော်တို့က မုဆိုးအလုပ်နဲ့ အသက်မွေးနေတဲ့ မုဆိုးအစစ်တွေမှ မဟုတ်တာဗျာ။ စစ်သားတွေပဲ။

အခု ရိက္ခာစိုအတွက် ဆတ်သားနဲ့ ကျားသား (၁ဝ) ရက်စာလောက် ရပြီး ဆရာ့အတွက် အမှတ်တရ ကျားအရေလည်း ရသေးတယ်။ ဘယ်လောက်ဟန်ကျလိုက်လဲ၊ ဟဲ … ဟဲ … ဟဲ”

ရဲဘော်တင်စိုးက ဆရာမြင့်ခိုင်အား ပြောလိုက်ရင်းက တဟဲဟဲ ရယ် (ရီ)နေ၏။

ဆရာမြင့်ခိုင်က …

“ကိုင်း … စကားများမနေနဲ့။ နေကျသွားရင် မှောင်နေလို့ သားကောင်တွေ စခန်းကို သယ်ယူရခက်နေဦးမယ်။ လာကြ … ဆတ်ကြီးနဲ့ ကျားကြီးတို့ရဲ့ အင်္ဂါအစုံဖြတ်ပြီး တင်ပြီး စခန်းကို အမြန်ပြန်ကြမယ်”

ဆရာမြင့်ခိုင်သည် ကညင်ပင်ကြီးတွင် မှီထောင်ထားသော သေနတ်အား ကောက်ယူလိုက်ပြီး ဆတ်ဖားကြီးနှင့် ကျားသေကြီးရှိရာ နေရာဆီသို့ ထွက်သွားလေ၏။

ဆတ်သေကြီးအား သေချာစွာကြည့်လိုက်ရာ လည်တိုင်တွင် ကျားအစွယ်ရာကြီးနှစ်ပေါက်မှာ သူ၏ လက်ညှိုးလုံးခန့် အပေါက်ဖြစ်ပြီး သွေးများ စီးကျနေဆဲ ဖြစ်သည်ကို မြင်ရလေ၏။

ဆရာမြင့်ခိုင်က သူ၏ခါးတွင် ပတ်ထားသော စစ်ခါးပတ်မှ ဂေါ်ရခါးဓားကောက်အား ဖြုတ်ယူ၍ ဆတ်ကြီး၏ လျှာဖျား၊ နားရွက်နှစ်ဖက်အဖျားနှင့် ခွာလေးဖက်အဖျား၊ အမြီးဖျားများအား ဖြတ်ယူ၍ ရဲဘော်တင်စိုး၏ လက်ထဲသို့ထည့်ပေးလိုက်ပြီး ကျားသေကြီး၏ လျှာဖျား၊ နားရွက်ဖျား၊ ခြေလေးချောင်းရှိ ခြေသည်းနှင့် အမြီးဖျားများအား ဖြတ်ယူလိုက်ပြီး ရဲဘော်တင်စိုးအား ပေးလိုက်သော ဆတ်ကြီးထံမှ ဖြတ်ယူထားသော လျှာ၊ နားရွက်၊ ခွာ၊ အမြီးစသည့်အဖျားစများအား ပြန်ယူလိုက်ပြီး သူ့အနီးတွင်ရှိသော ဂုံမင်းပင်မှ အရွက်နှစ်ရွက်အား ခူးဆွတ်လိုက်ကာ ဂုံမင်းအရွက် နှစ်ရွက်အား ကြက်ခြေခတ်သဏ္ဌာန် ထပ်လိုက်ပြီး ဂုံမင်းရွက်ပေါ်တွင် ကျားကြီးနှင့် ဆတ်ကြီးတို့၏ အင်္ဂါစုံ စတိဖြတ်ယူထားသော လျှာ၊ နားရွက်၊ ခွာ၊ အမြီးစတို့အားထည့်၍ အနီးရှိ သစ်ငုတ်တိုပေါ်တွင် တင်လိုက်ပြီး ပါးစပ်မှလည်း-

“ကိုင်း … သည်တော သည်တောင်ကို ပိုင်ဆိုင်ကြတဲ့ တောပိုင် တောင်ပိုင်အပေါင်းတို့ … ယခု ကျွန်တော်တို့ ပစ်ခတ်ရရှိသော ဆတ်နှင့် ကျား နှစ်ကောင်တို့ရဲ့ အင်္ဂါစုံအသားများကို ပြန်ပြီး တင်မြှောက်ပါတယ်။ နောက်နောင် ကျွန်တော်တို့အား အရှင်တို့ပိုင်ဆိုင်သော ခြေလေးချောင်းနှင့် နားရွက်တို ချို(ဂျို) ကျိုးနှင့် နားရွက်ပဲ့ သားကောင်တို့ကို ပေးကြပါခင်ဗျား”

ဆရာမြင့်ခိုင်က ပြောဆိုတင်မြှောက်ပြီးသည်နှင့် တင်စိုးနှင့် ထွန်းမောင်အား ဆတ်သေကြီးနှင့် ကျားသေကြီးတို့အား ခြေထောက်လေးချောင်းအား ဆွဲ၍ တစ်ဖက်သို့ လှန်ခိုင်းလိုက်ပြီး ဆရာမြင့်ခိုင်သည် အနီးရှိသစ်ပင်မှ သစ်ခက်နှစ်ခက်အား ချိုးယူလိုက်ပြီး ဆတ်သေကြီးနှင့် ကျားကြီးတို့၏ ကိုယ်လုံး ကြီးများအား သစ်ခက်နှင့် ရိုက်လိုက်ပြီး

“ဒီသားကောင်မှာ ပိုင်ရှင်ရှိတယ်။ ဘာအကောင်မှ မစားသောက်ကြနှင့်”

ဟု ပြောဆိုပြီး ချိုးယူလာသော သစ်ခက်အား ဆတ်ကြီးနှင့် ကျားကြီးတို့၏ ကိုယ်လုံးကြီးပေါ်တွင် ကန့်လန့်ဖြတ် တင်ထားခဲ့ပြီး ဂျီသရီး (G-3) သေနတ်အား ပခုံးပေါ်ထမ်း၍ ရှေ့မှနေ၍ စခန်းရှိရာဘက်သို့ လျှောက်လှမ်းသွားလေ၏။

ဆရာမြင့်ခိုင်နောက်မှ တပ်သားတင်စိုးနှင့် တပ်သားထွန်းမောင်တို့လည်း သေနတ်ကိုယ်စီထမ်း၍ လိုက်သွားကြလေတော့သည်။

(မုဆိုးနှင့် အမဲလိုက်ဇာတ်လမ်းများ ရေးပါဟု တဖွဖွပြောနေသော စာတိုက်မှူး ကိုစိန်လှိုင်ခေါ် ကိုပြောင်ကြီးအား အမှတ်တရ ရေးဖွဲ့ပါသည်။)

သည်းထိတ်ရင်ဖိုမဂ္ဂဇင်း

– ပြီး –

စာရေးသူ – မင်းမြင့်နိုင်(ဘူးသီးတောင်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *