#မောင်လွမ်းသူ
သေမင်းနှင့် လက်တစ်ကမ်း
ကျွန်တော်နှင့် ဦးသံချောင်းသည် ရိုးပြတ်လယ်ကွင်းများကိုဖြတ်လျက် အနောက်ဘက်စူးစူး လေးမိုင်ခန့် ဝေးသည့် တောင်ခြေရှိ ပျပျ ရေးရေးသာ မြင်ရသော မန်မော်ရွာကလေးဆီသို့ ခရီးပြင်း နှင်ခဲ့ကြသည်။ အချိန်မှာ ညနေ သုံးနာရီခန့် ရှိပေပြီ။ အခါရာသီမှာ တဖို့တွဲလ ဖြစ်သည့်အလျောက် နှင်းမှုန်တွေနှင့် မြူခိုးတွေ ရောယှက်ကာ လွမ်းစဖွယ် ညနေအသွင်ကို ဖန်တီးနေတော့၏။ ကောက်ကြီးစပါးများ ရိတ်သိမ်းပြီး ဖြစ်သည့်အလျောက် ကျွန်တော်တို့ ပတ်လည် တစ်မျှော် တစ်ခေါ်တွင် ရိုးပြတ်လယ်ကွင်းကြီးကို မြင်နေရသည်။
မန်မော် ရွာကလေးသည် အထက်ချင်းတွင်းဒေသ ဖောင်းပြင်မြို့နှင့် ခုနစ်မိုင်ခန့် ဝေးသည့် ကုန်းတွင်းပိုင်းရှိ ရွာကလေး ဖြစ်၏။ ကျွန်တော်နေထိုင်သော သရောင်းရွာနှင့်ဆိုလျှင် ငါးမိုင်ခန့် ဝေးသည့်အပြင် ချင်းတွင်းမြစ်ကြီး ခြားလျက်ရှိလေသည်။ ဦးသံချောင်းသည် ငါးမိုင်ခရီးကိုဖြတ်ကာ ကျွန်တော့်ကို တမင်တကာ လာခေါ်ခြင်းဖြစ်၍ ကျွန်တော် အားနာကာ သူနှင့်အတူ လိုက်ပါခဲ့ခြင်း ဖြစ်ပါသည်။
သူ့အဆိုမှာ သူ့ရွာ တောင်ပေါ် သက်ငယ်ခင်းတွင် အကောင်ကြီးတွေ ဝင်နေသည်မှာ နှစ်ညရှိပြီဟု ဆိုပါသည်။ သူပြောသော အကောင်ကြီး ဆိုသည်မှာ ပြောင် ဖြစ်ပါသည်။ ပြောင်ဆိုသော အမည်မှာ အဓိပ္ပာယ်ဆိုးလှသဖြင့် ဤဒေသတွင် ပြောင်ကို တောကျွဲဟုသာ ခေါ်တတ်ကြသည်။
တပို့တွဲလမှာ တောင်ပေါ်၌ တောမီးလောင်ချိန် မဟုတ်သေးသော်လည်း ယခု အကောင်ကြီးများ ဝင်နေ သည်မှာ သူ့ညီ၏ သက်ငယ်ခင်း ဖြစ်ကြောင်း၊ သူတို့ စောစောစီးစီး ကြိုတင်မီးရှို့တားခြင်း ဖြစ်ကြောင်း၊ အစက ချေများ၊ ဆတ်များသာ ဝင်လျှင် ကိုင်းထောင်ရန် ရည်ရွယ်သော်လည်း ယခု အကောင်ကြီးများ ဖြစ်နေ၍ သေနတ်သမားကို လာခေါ်ရခြင်း ဖြစ်ကြောင်း ဦးသံချောင်းက ပြောပြခဲ့သည်။
ကျွန်တော်သည် မူလက ဤအပတ် လက်ပံသာရွာဘက်သို့ သွားမည်ဟု ရည်ရွယ်ထားခဲ့မိသည်။ လက်ပံသာမှ ကျွန်တော်နှင့် တောလည်ဘက် ကိုရွှေဝင်းက အင်းတွေမှာ ဆက်တွေ အတော်ဆင်းနေပြီး ဘယ်မုဆိုးမှလည်း မရောက်ဟု တလောက ကျွန်တော်နှင့်တွေ့စဉ် ပြောစကားလည်း ရှိခဲ့သည်။
သို့ရာတွင် ယခု မမျှော်လင့်ဘဲ ဦးသံချောင်း ရောက်လာ၍ ကျွန်တော့် မူလအစီအစဉ်ကို ဖျက်ပြီး သူနှင့် လိုက်ပါခဲ့ရခြင်းဖြစ်၏။ ဦးသံချောင်းနှင့် ကျွန်တော်မှာလည်း အမဲလည်ဖက်ဖြစ်ကာ သူ့အိမ်မှာ မကြာခဏ ကျွန်တော် စားသောက်ခဲ့ဖူးသည်။ အင်မတန် ခင်မင်လှသူတွေလည်း ဖြစ်သည်။
စပါးရိတ်သိမ်းပြီးသည်မှာ မကြာသေးသောကြောင့် ကျွန်တော်တို့ ဖြတ်သန်းလာခဲ့သော လယ်ကွင်း တလျှောက်တွင် ရိတ်စဉ်က လွင့်စဉ်ဖိတ်ကျန်ခဲ့သော စပါးစေ့တွေကို မြင်နေရသည်။
သီးနှံရှားပါးသော အရပ်သာဆိုပါက ကောက်သင်း ကောက်မည်ဆိုလျှင် ကောက်နိုင်သေးသည့် ကောက်ပင် အကြွးအကျန် အစအနလေးများကိုလည်း ဟိုတချို့ သည်တချို့ မြင်နေရသည်။ သို့သာ် ဤဒေသက အစာ ဆန်ရေ ကြွယ်ဝ ပေါများသော ဒေသ ဖြစ်သည့်အလျောက် ကောက်သင်း ကောက်သော အလေ့အထ မရှိပါ။ လယ်ကွင်း၏တစ်ဖက် တောစပ်တွင် ကြိမ်ချုံများ၊ ကိုင်းတောများကို ကျွန်တော် မြင်တွေ့နေရ၍ ဦးသံချောင်းအား လှမ်းပြီး
“ဒီမှာ ကြည့်ပါဦး ဗိုလ်သံ၊ စပါးစေ့တွေနဲ့ ကောက်ပင် ကျန်တွေ၊ ညကျွဲနဲ့ ကောက်သင်းကောက် လိုက် လိုက်ရရင် ဝက်တော့ သေချာနေမှာပဲဗျို့”
ကျွန်တော်ပြောသည့် ကျွဲနှင့် ကောက်သင်းကောက် လိုက်သည် ဆိုသည်မှာ ညအချိန် ကောက်နှံ ကျန်တွေကို လာစားသည့် တောဝက်များကို ကျွဲနောက်မှ မုဆိုးကပန်းလိုက်၍ ပစ်ခြင်းကို ဆိုလိုပါသည်။
ရိုးပြတ်လယ်ကွင်းကြီးဆိုသည်မှာ ဟာလာ ဟင်းလင်းကြီး ဖြစ်နေ၍ ဘာမှ အကာအကွယ်မရှိသောကြောင့် ဝက်အနီးသို့ မုဆိုးချဉ်းကပ်ရန် မလွယ်ပါ။ ထို့ကြောင့် ကျွဲကို မောင်းစေပြီး မုဆိုးက ကျွဲနောက် ကပ်လိုက်ရသည်။
ဝက်ဆိုသည်မှာ မျက်စိရှင် နားမပါးလှသော်လည်း အလွန် အနံ့ခံကောင်းလှသည်။ ယခု ကျွဲနှင့်ဆိုတော့ ရုတ်တရက် လူနံ့ မရနိုင်တော့။ ထို့ပြင် တိရစ္ဆာန်ချင်း ဖြစ်နေတော့ ဝက်က ကျွဲကို အတော် အနီးကပ်ခံသည်။ ဤနေရာတွင် လိုက်မည့်ကျွဲကို တမင်ကျင့်ထား ရသည်။ သေနတ်သံကို မလန့်သောကျွဲ၊ ရုန်းရင်းဆန်ခတ် ပြေးလွှားခြင်းမပြုသော ကျွဲမျိုးမှ ဖြစ်နိုင်သည်။ ကျွဲပါးဖို့ လိုသည်။ အသံထွက် မမောင်းရဘဲ လိုရာသို့ သွားတတ်ရမည်။
ဦးသံချောင်း၏ ကျွဲတစ်ကောင်ဆိုလျှင် ဤမှာဘက်က အလွန်စိတ်ချရသည်။ သေနတ်သံကို လုံးဝ မလန့်ရုံမက တင်ပါးကို ပုတ်လိုက်ရုံနှင့် လိုရာဘက်သို့ သွားတတ်သည်။ ရုပ်လိုလျှင် ရပ်စေ၍ ရသည်။
ဤသို့ ကျွဲနောက်က လိုက်ပစ်ခြင်းမှာ ဆယ်တောင်၊ ဆယ့်နှစ်တောင်အကွာမှ ကပ်ပစ်ရ၍ ရဖို့သေချာသလောက် ရှိသည်။ ဦးသံချောင်းနှင့် ကျွန်တော်သည် ဤပုံစံအတိုင်း တစ်ညတွင် ၀က်နှစ်ကောင် သုံးထောင် ပစ်ခတ်ခဲ့ဖူးသည်။ သို့သော် ဦးသံချောင်းသည် ဤတစ်ကြိမ်တွင် ကျွန်တော့်စကားကို အာရုံမစိုက်လှပါ။ သူ့စိတ်သည် တောင်ပေါ်က တောကျွဲများဆီ သို့သာ ရောက်နေမည်ထင်သည်။
“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် မြန်မြန်လာပါ ဆရာ၊ အချိန်မီရောက်သွားအောင်”
ဦးသံချောင်းက ရှေ့က သွားနေရာမှ ကျွန်တော့်ကို လှည့်မကြည့်ဘဲ ပြန်ပြောပါသည်။
“ခင်ဗျားရွာ နေမဝင်ခင် ရောက်ပါတယ်ဗျ”
“ရွာကိုတော့ ဟုတ်တာပေါ့၊ ရွာမဝင်သေးခင် စားကွင်းကို တစ်ခါတည်း တက်ကြည့်ကြမယ် ဆရာ၊ ဒါမှ ကွင်းအနေအထားကို ဆရာ ထင်ထင်ရှားရှား မြင် ထားရပြီး ဝင်ပေါက် ထွက်ပေါက်ကို ကြိုတင် အကဲခတ်နိုင်တာပေါ့”
ဦးသံချောင်း ပြောသည်မှာ မှန်ပါသည်။ မုဆိုးသည် သားကောင်၏ ဝင်ပေါက် ထွက်ပေါက်တွေကို ကြို တင် သိရှိထားလျှင် အပိုင်ပိတ်ဆို့၍ ပစ်ခတ်နိုင်သည်။ ဘယ်တောကောင်မဆို စားကွင်းသို့ အရမ်းဝင်သည် မဟုတ်။ မိမိ ဝင်ပေါက်ကသာ အမြဲဝင်တတ်သည်။ ထွက်သောအခါ၌လည်း ဤအပါက်ကသာ ပြန်ထွက်တတ်သည်။
မုဆိုးက ဝင်ပေါက်ကို ပိတ်ထားပြီဆိုလျှင် ဘယ်တောကောင်မဆို ရုတ်တရက်တော့ အ သွားတတ်သည်။ မည်မျှပင် မီးမခံဘဲ ပါးသည့်အကောင် ဆိုစေဦးတော့၊ ဝင်ပေါက်ကိုပိတ်၍ မီးထိုးထားလျှင် ရုတ်ဘရက် မပြေးတတ်ဘဲ ကြောင်နေတတ်သည်။ မုဆိုးအဖို့ အခွင့်ထူး တစ်ရပ်ပါပေ။
ထို့ကြောင့် ကျွန်တော်သည် ဦးသံချောင်း၏ စကားကို အထွန့်မတက်တော့ဘဲ သူ့နောက်ကိုသာ အမီလိုက်ခဲ့ပါသည်။
မကြာမီ ကျွန်တော်တို့သည် တောင်ခြေရှိ မန်းမော် ရွာကလေးအနီးသို့ ချဉ်းကပ်ခဲ့မိပါသည်။ ဦးသံချောင်းသည် ရွာတွင်းသို့ မဝင်ဘဲ ရွာဘေး တောင်ခြေ လမ်းမှပတ်ပြီး တော်ပေါ်သို့ တက်ခဲ့၍ ကျွန်တော်လည်း နောက်က ကပ်လိုက်ခဲ့ပါသည်။
ညနေ ငါးနာရီခန့်တွင် သူပြောသော သက်ငယ်ခင်းသို့ ရောက်ခဲ့ကြပါသည်။ ကွင်းတွင်းဝင်၍ အနေအထားကို ကြည့်ကြသည်။ သက်ငယ်ရိတ်ပြီး မီးရှို့ ထား၍ သက်ငယ်နုများ ပြန်ပေါက်နေသည်မှာ တစ်တောင်နီးပါးခန့် အမြင့်ရှိနေပြီး တောကောင် စားထား၍ တိနေသော အဖျားများကို တွေ့ရသည်။
စားထားသည်မှာ ကြာပုံမရသေး။ ယမန်နေ့ ညက စားထားသည့် စားငုတ်အသစ်များကိုပင် တွေ့ရသည်။
စားငုတ် အသစ် အဟောင်းကို မှန်းဆ၍ တောကောင်မှာ နှစ်ည သုံးည ရက်ဆက် ဝင်နေကြောင်း သိရသည်။ ခြေရာကို ကြည့်၍ကား ပြောင်ဖြစ်ကြောင်း သေချာပါသည်။
ပြောင်သည် အကောင်ကြီးမားသော်လည်း ခြေရာမှာ အိမ်ကျွဲလောက်ပင် မရှိပါ။ ခွာချွန်းသည်။ တောကောင်နှင့် အိမ်မွေးတိရစ္ဆာန်မှာ ခွာရာတွင် ကွာသည်။ အိမ်မွေးတိရစ္ဆာန်တိုင်း ခွဲဝိုင်း၍ တောသတ္တဝါက ခွာချွန်းသည်။
ခြေရာများကို ကြည့်၍ တစ်ကောင်တည်းလည်း မက၊ အသင်းလည်း မဖြစ်နိုင်၊ နှစ်ကောင် သုံးကောင်သာ ဖြစ်မည်ဟု ကျွန်တော် ခန့်မှန်းပါ၏။ အသင်းဆိုလျှင် အမများလည်းပါ၍ ငယ်သောခြေရာများလည်း တွေ့ရမည်။ ယခု ခြေရာတွေကား အရွယ်မှာ မကွာလှ။ ခြေရာများလွန်း၍ တစ်ကောင် တည်းလည်း မဖြစ်နိုင်။
သက်ငယ်ခင်းသည် တောင်ပြန့်တွင် တည်ရှိသည်ဖြစ်ရာ တစ်ဖက်တွင် တောင်ကြောနှစ်ခု ခွဲသွားပြီး စိမ်းညို့နေသော လျှိုကြီးနှစ်ခု ရှိနေပါသည်။ နေ့အချိန်ဆိုလျှင် အကောင်ကြီးတွေမှာ ဤလျှိုကြီးထဲတွင် ခိုနေကြပေမည်။ သက်ငယ်ခင်းပတ်လည်တွင် ဝါးရုံများရှိ၍ အနောက်တောင်ဘက် ဝါးရုံစပ်မှ အကောင်များဝင်ကြောင်း ခြေရာက ပြနေပါ။ ကျွန်တော်တို့သည် ကွင်းအနေအထားကို သေချာအောင် ကြည့်ရှုမှတ်သားပြီး မန်မော်ရွာကလေးဆီသို့ ပြန်ဆင်းခဲ့ကြ ပါသည်။
မကြာမီ မန်မော်ရွာကလေးရှိ ဦးသံချောင်းအိမ်သို့ ကျွန်တော်တို့ ရောက်ခဲ့ကြပါသည်။ ရွာဘေးရှိ စမ်းချောင်းကလေးတွင် ကျွန်ဘော် ရေချိုးပြီး ပြန်တက်ခဲ့သောအခါ ထမင်းပွဲကို အဆင်သင့် တွေ့ရ၏။
“စား ဆရာ၊ ဒီမှာ ချေသား”
“ဟာ…ဟုတ်လှချည်လား၊ လာဘ်ပဲဗျို့၊ ဟင်းကောင်းနဲ့ လာတွေ့နေတာကိုး၊ ကနေ့ညတော့ အဆင်ပြေတော့မယ်ထင်တယ် ….ဟဲ”
“တစ်နေ့က ကျွန်တော့်ကိုင်းက ရတာလေ၊ ဟာ … လာဟေ့ ထွန်းကြည်”
ဦးသံချောင်းက ကျွန်တော့်ကိုပြောရာမှ လမ်းဘက်သို့ လှမ်းကြည့်ပြီး တစ်ဆက်တည်း ပြောလိုက် ပါသည်။
လှေကားမှ တက်လာသူမှာ ကျွန်တော့်တပည့်ဟောင်း ထွန်းကြည်။ ကျွန် တော်သည် ကျောင်းဆရာ လုပ်သက်ကြာလာသည့်အလျောက် ရွာတိုင်းမှာလိုလို ကျွန်တော့်တပည့်ဟောင်းတွေ ရှိတတ်ကြသည်။ ယခုလာသော ထွန်းကြည်မှာလည်း ကျွန်တော် မင်းယားရွာတွင် ကျောင်းဆရာလုပ်ခဲ့စဉ်က အလယ်တန်းတွင် သင်ခဲ့ရဖူးသော တပည့်ဟောင်းတစ်ယောက် ဖြစ်၏။
“ဆရာလာတယ်ဆိုလို့ ကြက်ဥကြော် လာပို့တာ ဆရာ”
ထွန်းကြည်က သူ့လက်ထဲက ကြက်ဥကြော် ပန်းကန်ကိုချရင်း ပြောပါ၏။
“ဆရာရေ ကနေ့ညတော့ ဆရာပြောသလို လာဘ်ပေါက်ချည်း ပါပဲလား”
ဦးသံချောင်းက ပြောလိုက်ပါသည်။
“ဆရာ ကနေ့ညသွားရင် ကျွန်တော်ပါ လိုက်ခဲ့မယ်နော်”
ထွန်းကြည်က ပြောလိုက်သည်။
”အေး လိုက်တာပေါ့ကွာ။ ဒါ့ထက် ငါမေးဦးမယ်
မင်း ဘိန်းရှူသလား”
“ဟာ … ကျွန်တော် ဒါတွေ လုံးလုံး မလုပ်ပါဘူး ဆရာ၊ ဆရာ ဘာလို့မေးတာလဲ”
“အေးကွ ငါနဲ့ ဘိန်းစားတွေနဲ့ဆို အပေါက်အလမ်းကို မတည့်လွန်းလို့”
ကျွန်တော်တောလည်ခဲ့သော ဘဝတစ်လျှောက်တွင် ဘိန်းစားတွေကို နောက်လိုက်ခေါ် မိ၍ အကြိမ်ကြိမ် ချောက်ကျခဲ့ဖူးသည်။ ဘိန်းစားဆိုသောသတ္တဝါတွေမှာ ဘိန်းမဝလျှင်လည်း ဘယ်မှမလိုက်နိုင်။ ဘိန်းဝ ပြန်တော့လည်း မီးဖိုနားက မခွာတော့ဘဲ ဘိန်းမှိန်း နေတော့သည်။ ဇွဲလည်း လုံးဝ မရှိ။
တစ်ခါက ဉာဏ်ဝင်းဆိုသော ဘိန်းစားတစ်ယောက်နှင့် ကျွန်တော် သောင်ဒွတ်နယ် သဖန်းဆိပ်တောတွင် တောလည်ခဲ့ဖူးသည်။
သဖန်းဆိပ်မြေငန်များတွင် တောကောင်ကြီးများ ဆင်းသည်ဆို၍ သူနှင့်ကျွန်တော် လိုက်ခဲ့ဖူး၏။ မြေငန်ဆိုသည်မှာ ဆားတွင်း၊ ကျစ်တွင်းများကို ခေါ်ပါသည်။
တောတိရစ္ဆာန်များသည် ဆားတွင်းများမှ ရေကို မကြာမကြာ လာသောက်လေ့ရှိသည်။ မြေကြီးကို လျက်လေ့ရှိသည်။ မြေငန် အစိုနှင့် အခြောက် နှစ်မျိုး ရှိပါသည်။ အစိုမှာ ရေထွက်နေသော စိမ့်ပေါက်များဖြစ်၍ အခြောက်မှာ မြေပြင်ပကတိ ဖြစ်ပါသည်။ မြေငန်များသည် အများအားဖြင့် တောင်ခြေတွင် ရှိတတ်၏။
မြေငန် အခြောက်မှ မြေကြီးများကို တောတိရစ္ဆာန်များ မကြာမကြာ လာစားထား၍ အိမ်တစ်ခန်းစာ လိုဏ်ခေါင်းကြီးသဖွယ် ဖြစ်နေသည်ကိုလည်း ကျွန်တော် တွေ့ဖူးပါသည်။ မြေငန်မှရေကို ကျွန်တော် သောက်ကြည့်ဖူးသည်။ ငန်တော့ မငန်လှပါ။
တွင်းရေ အရသာမျိုး ဖြစ်သည်။ မြေကြီးမှာတော့ ကျွန်တော်တို့ လူ့လျှာတွင် လုံးဝ မငန်ပါ။ တိရစ္ဆာန်များ လျှာတွင်တော့ ဘယ်သို့နေမည် မပြောတတ်။
ကျွန်တော်နှင့် ဉာဏ်ဝင်း လိုက်ကြသည်မှာ တန်ခူး လပြည့်နေ့ ညခန့်ဖြစ်သည်။ ကညင်ချောင်း အမည်ရှိ မြေငန်တွင် ယမန်နေ့က အကောင်ကြီးတွေ ဆင်းသွားကြောင်း ခြေရာသစ်တွေ လတ်လတ်ဆတ်ဆတ် တွေ့ရသည်။ မြေငန်နှင့် မနီးမဝေးတွင် အင်ပင်ပေါက်တွေကို ခတ်ချိုးထားသည်မှာ အိမ် တစ်ဆောင်စာလောက် ကြေမွနေသော အကွက်ကို တွေ့ရသည်။
ထိုနေရာတွင် ယိုထားသော ချေးပုံများကိုကြည့်၍ ခုနစ်ကောင်ထက် မနည်းသော ပြောင်အုပ်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက်သည် ယနေ့ညလည်း လာဦးမည်အထင်နှင့် တစ်ညလုံး စောင့်ကြသည်။ မိုးသာလင်းရော ဘာကောင်မှ မလာချေ။
(နောင်မှ ကျွန်တော်သိရသည်မှာ မြေငန်တွင် ဤအနေအထားမျိုးတွေ့ရလျှင် သားကောင်များ တောပြောင်းတော့မည်ဖြစ်ကြောင်း၊ တောပြောင်းခါနီးမှ ဤသို့ လုပ်သွားတတ်ကြောင်း မြေငန်အကြောင်း ကျွမ်းကျင်သော ဝါရင့်မုဆိုးကြီးများက ပြောပါသည်။)
ကျွန်တော်သည် မိုးလင်းအောင် တစ်ရေးမှ မအိပ်ရဘဲ ဘာကောင်မှလည်း မပစ်ရ၍ မကျနပ်ပေ။ ထို့ကြောင့် မနက် စားကျင်းနှင့် အိပ်ကျမ်းကို လိုက်မည်ဆိုပြီး ဆက်လိုက်ခဲ့ကြသည်။ တစ်ညလုံး မအိပ်ခဲ့ရသည့်အပြင် မနက် ဘာမျှမစားရသေး၍ လူကား နွမ်းနယ်လှပေပြီ။ သို့သော် လတ်လတ် ဆတ်ဆတ် ခြေရာများကြောင့် အိပ်ကျင်းအမီဟု အားခဲ၍ ကျွန်တော်တို့ လိုက်ခဲ့ကြသည်။
တောင်တစ်လုံး တက်ပြီးသောအခါ တစ်ဖက်ရှိ တောင်တန်းကြီးသည် ကျွန်တော်တို့အပေါ် ပေခြောက်ရာခန့် မိုး၍ တည်ရှိနေပါသည်။ ထိုတောင်ထိပ်တွင် တောင်ပြန့်ကြီး ရှိသည်။ ထိုတောင်ဆီသို့ ခြေရာတွေက ညွှန်းနေ၏။
ပြောင်တို့၏ အလေ့အထမှာ နေ့ခင်းချိန် ပူပြင်းပြီး မှက်ကိုက်လှသဖြင့် လေသာသောတောင်ထိပ်တွင် အိပ်လေ့ရှိကြသည်။ ထို့ကြောင့် ကျွန်တော်သည် ကျွန်တော်တို့ ရပ်နေသော တောင်ထိပ်မှ လျှိုကို ကူးပြီး ထိုတောထိပ်ဆီသို့ အားခဲတက်ခဲ့ပါသည်။
လူသွားလမ်း မရှိပါ။ တောကောင်များ သွားလေ့ရှိသော လမ်းအတိုင်းသာ တိုး၍ တက်ခဲ့ရသည်။ ဝတ် ထားသောစစ်အင်္ကျီမှာ ချွေးများကြောင့် စိုရွှဲနေပေပြီ။ စိတ်အထင် ခရီးရှစ်မိုင်ခန့် ပေါက်ခဲ့ပြီ။ အချိန်မှာလည်း နံနက် ဆယ့်တစ်နာရီကျော်ပြီ။လူမှာလည်း မူးတိမူးဝေ ဖြစ်နေပြီ။ တောင်ထိပ်ရောက်ရန် ပေတစ်ရာခန့်အလို ကိုယ့်လူကို လှည့်ကြည့်မိ၏ မတွေ့။ ဘယ်မှာ ကျန်ခဲ့ပြီနည်း။ ကျန်ခဲ့လျှင်လည်း မတတ်နိုင်။ ကျွန်တော်သည် မောလွန်း၍ သူ့ကိုစောင့်ရင်း အနီးရှိ ကညင်ပင်ကြီးတစ်ပင် ခြေရင်းတွင် သေနတ် ထောင်ပြီး ထိုင်လိုက်မိပါသည်။
“ဝုန်း..ဖြောင်း…ဒိုင်း”
ဟူသော အသံများ ကြားရသဖြင့် တောင်ထိပ်သို့ ကြည့်လိုက်မိသည်။ ဝါးရုံများကို ထိုးဖောက် တိုးဝှေ့၍ ပြေးသွားသော မည်းခနဲ မည်းခနဲ အကောင်ကြီးများကိုသာ လေးငါးကောင် ရိပ်ခနဲ မြင်လိုက်ရ သည်။
သွားလေပြီ။ ကျွန်တော်တို့ တစ်ညလုံး၊ တစ်မနက်လုံး ခဲထားသမျှတွေ သွားလေပြီ။ အမှန်တော့ ပြောင်တို့သည် အိပ်ကျင်းဝင်သည် ဆိုသော်လည်း အကောင်အားလုံး အိပ်သည်မဟုတ်။ ကင်းစောင့် တစ်ကောင် အမြဲရှိသည်။ ယခုလည်း ကင်းစောင့် အကောင်က ကျွန်တော့်ကို မြင်သွားခြင်း ဖြစ်ပေမည်။ တောင်ပေါ်နှင့် တောင်အောက် ဖြစ်၍ တောင်ပေါ်ရှိ တောကောင်ကသာ အလျင်မြင်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။
ယခန အဖို့တော့ မျှော်လင့်ချက် ဆုံးပြီဖြစ်ပေသည်။ ဉာဏ်ဝင်းလည်း ယခုမှ ရောက်လာသည်။ ရှုံ့တွန့်ထားလိုက်သည့် သူ့မျက်နှာမှာ ကြည့်၍ပင် မကောင်းတော့။ အပြန်ခရီးတွင် တစ်လမ်းလုံး တညည်းညည်း တညူညူနှင့် လိုက်ပါလာသည်။ တန်ခူး နေသည် ချစ်ချစ်တောက် ပူနေသည်။ ရွာပြန်ရောက်တော့ ညနေ လေးနာရီထိုးပြီ။ ကိုယ့်လူ ထိုင်တောင် မထိုင်နိုင်တော့။ ဤကတည်းက ဘိန်းစားဆို နောက်လိုက်အဖြစ် မခေါ်တော့ဟု ကျွန်တော် ဆုံးဖြတ်ခဲ့သည်။
ဤအဖြစ်ကို ကျွန်တော် ပြန်ပြောသောအခါ ဦးသံချောင်းနှင့် ထွန်းကြည်တို့ အံ့ဩနေကြပါသည်။ ကျွန်တော်သည် စလုပ်မိလျှင် တော်ရုံနှင့် နောက်မဆုတ်တတ်ပေ။
ကျွန်တော်သည် ယနေ့ည သွားရေးလာရေးအတွက် ဆက်စဉ်းစားနေမိပါသည်။ စားကွင်းမှာ အိပ်ကျင်းနှင့် နီးနေသည်။ ထို့ကြောင့် စောစောဝင်နိုင်သည်ဟု ယေဘုယျအားဖြင့် တွေးဆနိုင်သည်။ ပြောင်ဆိုသော သတ္တဝါမှာ လူခြေအေးလျှင် ညနေ နေဝါးတစ်ရိုက်လောက် ဆိုလျှင်ပင် စားကျင်းဝင်တတ်၏။
သို့ရာတွင် စားကွင်းသည် တစ်ဖက် လူသွားလူလာ ရှုပ်သော တိုက်လမ်းနှင့် မကွာလှ။ ထို့ကြောင့် သစ်ခုတ် ဝါးခုတ် အပြန် လူသံများ ဆူနေသဖြင့် အစောကြီး မဝင်နိုင်ဟု ယူဆနိုင်ပြန်သည်။
တောကောင်များသည် မြက်စားသည်ဆိုပေမင့် အလွန်ပါးနပ်လှသဖြင့် သဘာဝပေါက်ပင် စားပင်နှင့် လူစိုက်ခင်းကို ခွဲခြားသိတတ်သည်။ လူ့စိုက်ခင်းဆိုလျှင် ဘယ်တော့မှ စောစောမဝင်တတ်။ သန်းခေါင်ကျော်မှသာ အတွေ့ရများပါသည်။ မုဆိုးသည် သားကောင်တို့၏ သဘာဝ၊ ကွင်းအနေအထား၊ ပတ်ဝန်းကျင် တောအခြေအနေတို့ကို ကြိုတင်တွက်ဆတတ်မှသာ ပစ်ရဖို့ လွယ်ပါသည်။
ထို့ကြောင့် ကျွန်တော်သည် စားကွင်းသို့ ည ကိုးနာရီ၊ ဆယ်နာရီ ရောက်အောင်သွားနိုင်လျှင် မစောလွန်း နောက်မကျလွန်းဟု တွက်မိပါသည်။
ဆောင်းနှောင်း ဖြစ်၍ နေသည် ညနငါးနာရီကျော်တွင် ဝင်သည်ဖြစ်ရာ ညကိုးနာရီ ဆယ်နာရီဆိုလျှင် အတော် အချိန်ကောင်းပြီ ဆိုနိုင်ပါသည်။
သွားရေး လာရေးအတွက် ကျွန်တော် ဉာဏ်မီသလောက်သာ စဉ်းစားရတော့မည်။ ဦးသံချောင်းတို့မှာ ကိုင်းမုဆိုး၊ ခွေးမုဆိုးသာဖြစ်၍ ဤအလေ့ အထ တွေးသိမည်မဟုတ်။ခွေးမုဆိုးဆိုသည်မှာ နေ့ခင်းအချိန် တောတွင်း ခွေးအုပ်နှင့်လိုက်၍ တွေ့သမျှ တောကြောင်၊ ဖွတ်တို့ကို လှံနှင့် ထိုးယူသော မုဆိုးများ ဖြစ်ကြသည်။
စားကွင်းမှအပြန် ကျွန်တော် နာရီကြည့်၍ ပြန်ခဲ့ရာ စားကွင်းနှင့် ရွာကို လေးဆယ့်ငါးမိနစ် လျှောက်ရသည်။ ထို့ကြောင့် ကိုးနာရီထိုးခါနီး ဆယ့်ငါးမိနစ်၊ ဆယ်မိနစ်အလိုထွက်လျှင် စားကွင်းသို့ ကိုးနာရီခွဲ သာသာ ရောက်နိုင်သည်ဟု ကျွန်တော် တွက်ဆပါသည်။
“ဘယ်အချိန်လောက် ထွက်ကြမလဲ ဆရာ”
ဦးသံချောင်းက ဖြတ်မေးလိုက်၍ ကျွန်တော့်အတွေးပြတ်သွားသည်။ ကျွန်တော်သည် အထက်ပါ ကျွန်တော့်ယူဆချက်ကို သူတို့အား ပြောလိုက်သော အခါ သူတို့ သဘောကျသွားကြပါသည်။ ထို့ကြောင့် ထမင်းစားပြီး ချေသားခြောက်ဖုတ်၊ကြက်ဥကြော်တို့နှင့် လက်ဖက်ရည်ကြမ်း ဝအောင်သောက်ကာ ရှစ်နာရီ လေးဆယ့်ငါးမိနစ်တွင် ဦးသံချောင်း၊ ထွန်းကြည်နှင့် ကျွန်တော်တို့သုံးဦးသား ရွာကတွက်ခဲ့ကြပါသည်။
ဤအချိန်အထိ ကျွန်တော်သည် ပြောင်ကို ညအချိန် မပစ်ဖူးသေးပေ။ ကျွန်တော့် မုဆိုးသက်တမ်း ကိုးနှစ်ကာလအတွင်း ပြောင်ခြောက်ကောင် ပစ်ခတ်ရရှိခဲ့ဖူးပါသည်။ သို့သော် အားလုံးမှာ မနက်နှင့် ညနေ စားကွင်းမှာသာ ပစ်ရခြင်း ဖြစ်သည်။ ပြောင်ပစ်သက်သက်ဟူ၍ နွေရာသီ ကျောင်းရက်ရှည်ပိတ်ချိန်တွင် ချောင်းဖျားများဆီသို့ စားနပ်ရိက္ခာ အပြည့်အစုံနှင့် တက်သွားပြီး ပစ်ခတ်ခြင်း ဖြစ်သည်။ ရွာမှ ထွက်ခဲ့ကြ၍ နာရီဝက်အကြာတွင် ကျွန်တော်တို့ ခေတ္တ
ရပ်လိုက်ကြပါသည်။
“ကဲ… ခင်ဗျားတို့ အပေါ့စွန့်ချင်လဲ ဒီမှာ စွန့်ခဲ့ကြ၊ ဆေးလိပ်မီးတွေလဲ ငြိမ်းခဲ့ကြတော့၊ စားကွင်းရောက်လို့ ကျွန်တော် အထဲဝင် မီးထိုးရင် ခင်ဗျားတို့လဲ နီးတဲ့ သစ်ပင်ကြီးကြီးကို သတိထား ကြည့်ထားကြနော်။”
ကျွန်တော်က သူတို့အတွက် စိတ်မချ၍ သတိပေးသည်။
“စိတ်ချပါဆရာ၊ ဆရာလဲ သတိထားနော်”
“ကိစ္စ မရှိပါဘူးဗျာ၊ သတိတော့ ထားရမှာပေါ”
မကြာမီ ကျွန်တော်တို့ စားကွင်းသို့ ရောက်ခဲ့ကြပါသည်။ ပုစဉ်းရင်ကွဲ အော်သံများမှ တစ်ပါး တောသည် ပကတိ တိတ်ဆိတ်နေပါသည်။ လေ လုံးဝ မတိုက်ပါ။ ဆောင်းနှောင်းဖြစ်၍ တိုက်လျှင်လည်း အရှေ့မြောက်ကသာ တိုက်နိုင်သည်ဖြစ်သဖြင့် တောင်ဘက်ရှိ ဝါးရုံကြားမှ ခြေသံမကြားရအောင် ထိန်းပြီး ဝင်ခဲ့သည်။
လဲနေသော ဆကတ်ပင်ကြီးကို ကြယ်ရောင် ခပ်မွဲမွဲအောက်တွင် မြင်နေရသည်။ ကျွန်တော်သည် စာကတ်ပင်ကြီး၏ ဘယ်ဘက်သို့ ခြေသံမကြားအောင် ကပ်ခဲ့သည်။ ဆကတ်ပင်ကြီးသည် ကျွန်တော်နှင့် သုံးတောင်ခန့်သာ ကွာတော့သည်။
ကျွန်တော်ကိုင်ဆောင်ထားသည်မှာ ဂျပန်ရိုင်ဖယ် ပြောင်းရှည် ဖြစ်ပါသည်။ ဂျပန်သေနတ်မှာ အလွန် အစူးရဲပေသည်။ ပြောင်းကျယ်နေသည့်တိုင်အောင် ပေါင်လုံးလောက်ရှိ ခပေါင်းပင်ကို ဖောက်ထွင်းသွားနိုင်သေးသည်။ ဂျပန်သေနတ်မှာ ပြောင်းမှအစ အားလုံးကောင်းသေးသော်လည်း ကျည်ဆန်မှာ သည်အတိုင်းပစ်၍ မပေါက်တော့ပေ။
ဒုတိယကမ္ဘာစစ်၏ အကြွင်းအကျန်များဖြစ်၍ နှစ်ပေါင်းသုံးဆယ်ကျော် ကြာခဲ့ပြီ မဟုတ်လော။ ထို့ကြောင့် နားခွက်ကို ပြန်ဖြုတ်၍ ပြန်လည် ပြုပြင်ထားရသည်။ နဂို ယမ်းကူးပေါက်မှာ ကျဉ်းလွန်း၍ ယမ်းကူးမြန်အောင် ထပ်ချဲ့ရသေးသည်။ ပိုစိတ်ချရအောင် မူလယမ်း ပြန်မထည့်မီ တူမီးပစ်သည့် ထောင်းယမ်းကို အခံ ထည့်ပေးရသေးသည်။ လုပ်ရကိုင်ရ ကရိကထတော့ များပေသည်။
ကျွန်တော်သည် ဆကတ်ပင်ကြီးဘေးမှ နေ၍ လက်နှိပ်ဓာတ်မီးကို ကောင်းကင်သို့ ထောင်ထိုးကာ တဖြည်းဖြည်း အောက်စိုက်ချလိုက်သည်။ တွေ့ပါပြီ။ ကျွန်တော်နှင့် ကိုက်သုံးဆယ်ခန့် အကွာတွင် ဝင်းလက်သော မျက်လုံးတစ်စုံ။ တစ်လုံးနှင့်တစ်လုံး တစ်ထွာနီးပါးခန့် ကွာသည့်အပြင် ရှည်မျောမျော မျက်လုံးများဖြစ်၍ ပြောင်ဖြစ်သည်မှာ သေချာပါ သည်။ ပြောင်ပေါက်ကြီး ဖြစ်ပေမည်။
ကျွန်တော်နှင့် လေးဆယ့်ငါးဒီဂရီ စောင်း၍ ရှေ့လှည့် စားနေရာမှ ပြန်ကြည့်နေခြင်းဖြစ်၍ မုဆိုးအခေါ် ဆန်ကျည် ၊ အကောင်းဆုံးပစ်ကွင်း အနေအထား မျိုး ဖြစ်၏။
ကျွန်တော်သည် တစ်ဆက်တည်း မီးကို ယာဘက်သို့ ရွှေ့၍ ယမ်းလိုက်ပါသည်။
တွေ့ပြန်ပါပြီ … နောက်တစ်ကောင်။
ဤအကောင်မှာ ကျွန်တော်နှင့် ထိပ်တိုက်ဖြစ်သည်။ နှစ်ကောင်စလုံး ကျွန်တော်နှင့် ကိုက်သုံးဆယ် ခန့်သာ ကွာပေမည်။ အရွယ်အစားမှာလည်း နှစ်ကောင်စလုံး ရွယ်တူလိုပင် ဖြစ်၏။
“ညီနောင် ဖြစ်နေရင်တော့…. “
ကျွန်တော် ဆုံးအောင်မတွေးဘဲ တွန့် သွားမိသည်။
လူကိုရန်ပြုတတ်သော ဝက်လို၊ ပြောင်လို အကောင် များတွင် အသင်းရယ်၊ ထီးကွဲရယ်၊ ညီနောင်ရယ် အနက် ညီနောင်သည် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်ဟု ကက်သာရွာမှ ကျွန်တော့် မုဆိုးဆရာကြီးဦးစံတင့်က ပြောခဲ့ဖူးသည်။
အစက ကျွန်တော်သည် ထီးကွဲသာ ကြောက်စရာအကောင်းဆုံးဟု ထင်ခဲ့ဖူးသည်။ ပြောင်တို့မည်သည် အသင်းခွဲခါနီးတွင် ဆီးဖြူပင်ကို ထိပ်နှင့် ပြေးဆောင့်၍ ကြွေကျလာသော ဆီးဖြူသီးများကို ချိုဖြင့် လွင့်စဉ်သွားအောင် ခတ်နိုင်မှသာ အသင်းမှ ခွဲထွက်ပြီး တစ်ကောင်တည်း ဗိုလ်လုပ်တတ်သည်ဟု ဝါရင့်မုဆိုးကြီးများက ပြောဖူးသည်။ ထို့ကြောင့် ထီးကွဲကသာ ကြောက်စရာ အကောင်းဆုံးဟု ကျွန်တော်ထင်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ညီနောင်ကမူ တစ်ကောင်ပစ်၍ လဲသွားသည့်တိုင်အောင် ကျန်အကောင်က အသေခံ၍ လူကို တိုက်တတ်ကြောင်း ဦးစံတင့်က ပြောဖူး၏။ ဤအပြောများကို ကျွန်တော် ပြန်စဉ်းစားမိပြီး အနည်းငယ် သွားမိပါသည်။
အို..ဘာပဲဖြစ်ဖြစ် ဒီအခြေရောက်မှတော့ နောက်မဆုတ်တော့။ ပစ်ကွင်းရောက်မှ မပစ်ရဲ၍ ပြန်ဆုတ်ရသော မုဆိုးအဖြစ် ကျွန်တော် အပြောမခံနိုင်။ သို့ဆိုလျှင် ဘယ်အကောင်ကို စပစ်မလဲ။
ပထမအကောင်သာ အကောင်းဆုံးပစ်ကွင်း အနေအထားဖြစ်၏။ ဒုတိယအကောင်သည် ထိပ်တိုက် ဖြစ်သည်။ တောကောင်တို့သည် ပစ်လိုက်လျှင် ခေါင်းတည်ထားရာဘက်သို့ တပ်ဟုန်ထိုး ပြေးတတ်ကြသည်။ မုဆိုးနှင့် ရင်ဆိုင်တိုးမိတတ်သည်။ ထို့ကြောင့် ကျွန်တော်သည် လက်နှိပ်ဓာတ်မီးကို ဘယ်ဘက်သို့ ပြန်ရွှေ့လိုက်သည်။
ပထမ အကောင်သည် နေရာမရွှေ့ပါ။ မူလပုံစံအတိုင်းပင် ဖြစ်သည်။ ကျွန်တော်သည် အပေါ်ပိုင်း သုံးပုံနှစ်ပုံ၊အောက်ဘက် သုံးပုံတစ်ပုံထားကာ ချိုင်းနောက်ကို ချိန်ပြီး အသက်အောင့်၍ မောင်းဖြုတ်ချလိုက် ပါသည်။ ဝေါခနဲ ပြေးသံနှင့် ဝုန်းခနဲ အသံသာ ကြားလိုက်ရ၏။
ကျွန်တော်သည် တစ်ချက် သတိမလစ်စေဘဲ ယာဘက်သို့ တစ်ဆက်တည်း မီးထိုးလိုက်ပြန်ပါသည်။ ချွတ်ခနဲ့ အသံကြားလိုက်ချိန်တွင် သေနတ်ကို ယာလက်နှင့် ရင်ခွင်ပိုက်ကာ ယာဘက်သို့ လိမ့်ချလိုက်ပြီး တုံးနားရောက်အောင် နှစ်လှိမ့် သုံးလှိမ့် လှိမ့်လိုက်ပါသည်။
လက်အယမ်းလိုက်တွင် ကျွန်တော့်ဘယ်လက်နှင့် ထောင်နေသောသစ်ကိုင်း ရိုက်မီကာ ဘယ်လက် တွင် ကိုင်ထားသော လက်နှိပ်ဓာတ်မီးသည် ကျွန်တော့်လက်မှ လွင့်စဉ်ထွက်သွားစေခဲ့သည်။
ဘယ်လက်ခုံတွင် ပူခနဲ ခံစားလိုက်ရသည်။ လွှင့်စဉ်သွားသော လက်နှိပ်ဓာတ်မီးကလေးသည် ကျွန်တော်နှင့် ဆယ်ပေအကွာ တောင်ပြန့်ကလေးတွင် တင်နေပါသည်။ မီးကား လင်းနေသည်။ ကံအားလျော်စွာ သေနတ်ကား ကျွန်တော့်ရင်ဝယ် ကပ်လျက် ပါလာသည်။
လက်နှိပ်ဓာတ်မီးကလေးကို ကြည့်နေစဉ် မီးပေါ်ကျော်၍ လွှားခနဲ ခုန်သွားသော မည်းမည်းသဏ္ဌာန်ကြီးကို မြင်လိုက်ရပါသည်။ ဤအခါမှ ကျွန်တော်သတိရကာ ပစ်ပြီးသား ယမ်းတောင့်အခွံကို ထုတ်၍ အသစ်တစ်တောင့် ထပ်မံထိုးလိုက်ရသည်။
တုံးနှင့်ကပ်ကာ မြေပြင်တွင် ပြားနေအောင် ဝပ်ထားလိုက်၏။ ပြောင်ကြီးသည် လက်နှိပ်ဓာတ်မီးကလေး ကို ခုန်လွှားသွား၍ ပေသုံးဆယ်လောက် အကွာတွင် ပြန်လှည့်လိုက်ပြီး ဖောင်းခနဲ နှာမှုတ်လိုက်ကာ ကဆုန်ချ ပြေးလာလျက် မီးကို ခုန်ကျော်လိုက်ပြန်ပါသည်။
ဤအချိန်တွင် ကျွန်တော် သတိကောင်းကောင်းရပြီဖြစ်၍ သူအခုန်လိုက် လည်မျိုကိုချိန်ကာ မောင်းဖြုတ်ချလိုက်ပါသည်။ ပြောင်ကြီးသည် လဲမသွားပါ။ မီးကိုကျော်၍ ပေနှစ်ဆယ်။ သုံးဆယ်အထိ ပြေးလာပြီး တစ်ဖန်ပြန်လှည့်ကာ နှာမှုတ်၍ ကဆုန်စိုင်း ပြေးလာပြန်ပါသည်။ ဤတစ်ကြိမ်တွင် နှာမှုတ်ရုံမက တဖူးဖူး အသက်ပြင်းပြင်း ရှူသံကြီးကိုပါ ကြားရ၍ ကျွန်တော်ပစ်လိုက်သည်မှာ ထိသွားကြောင်း သိလိုက်ပါသည်။
ပြောင်ကြီးသည် ယခင်ကအတိုင်း မီးကလေးကို ခုန်လိုက်ချိန်တွင် နောက်ချိုင်းမှနေ၍ ကျွန်တော် နောက်ပိုးသိပ်တစ်ချက် ထပ်ပစ်လိုက်ပြန်ပါသည်။ သို့ရာတွင် လဲမသွားပါ။ မီးကလေးနှင့် ဆယ်ပေ ကျော်ကျော်တွင် ကျွန်တော့်ဘက် ဖင်ပေး၍ ရပ်နေသော မည်းမည်းသဏ္ဌာန်ကြီးကို မြင်နေရပါသည်။ `
တဖူးဖူးနှင့် အသက်ပြင်းပြင်း ဤနေသံကြီးကိုကား အဝေးမှ အတိုင်းသား ကြားနေရသည်။ ဤတစ်ကြိမ်တွင် … တဖူးဖူးနှင့်သာ အသက်ရှူနေပြီး ရုက်တရက် ပြန်လှည့်မလာပါ။
ဤကောင် ဤပုံစံအတိုင်း လုပ်နေလျှင် ကျွန်တော် မကြောက်တော့။ ဂျပန်ရိုင်ဖယ် ကျည်စလုတ်သည် ယမ်းတောင့်ငါးတောင် ဆံ့သော်လည်း ကျွန်တော်သည် လေးတောင့်သာ ထည့်ထားလေ့ရှိသည်။ ကျွန်တော့် စစ်အင်္ကျီအိတ်ထဲတွင်ကား အမြဲတမ်း သုံးတောင့် အပိုဆောင်ထားသည်။ ယခု ကျွန်တော် သုံးထောင့်သာ ပစ်ရသေး၍ ကျည်လေးတောင့်ကျန်ပေသေးသည်။ ကျည်လေးတောင့်ဒဏ်ကို ဤကောင် ဘယ်နည်းနှင့်မှ မခံနိုင်ဟု တွက်ဆထားသည်။
ပြောင်ကြီးသည် ကျွန်တော့်ကို ဖင်ပေးရပ်နေသော်လည်း မီးရောင်နှင့် ဝေး၍ ပစ်ကွင်းအနေအထား မကွဲပြားသဖြင့် ကျွန်တော် မပစ်သေးပါ။ ကျည်သစ် တစ်တောင့် ထပ်ထိုးပြီး စောင့်နေမိသည်။
ကျွန်တော် ထင်သည့်အတိုင်း ပြောင်ကြီးသည် တဖူးဖူး အသက်ရှူနေရာမှ ဖောင်းခနဲ နှာတစ်ချက် မှုတ်လိုက်ကာ ပြန်လှည့်လိုက်ပြီး မီးကို ခုန်ကျော်လိုက် ပြန်ပါသည်။ မီးပေါ်တည့်တည့် အခုန်လိုက်တွင် ကျွန်တော်လည်း လည်မျိုဆီသို့ ချိန်ကာ မောင်းဖြုတ်ချ လိုက်ပြန်ပါသည်။
ဤတစ်ကြိမ်တွင်ကား ပြောင်ကြီး မခံနိုင်တော့ဘဲ ခုန်ရာမှ အကျ ဝုန်းခနဲ ထိုးလဲသွားပါတော့သည်။ ကျွန်တော် ဝပ်နေရာနှင့်ကား ငါးပေခန့်သာ ကွာပေမည်။
သူ့နှာခေါင်းမှ မှုတ်လိုက်သော သွေးစက်တွေပင် ကျွန်တော့်မျက်နှာနှင့် အင်္ကျီတွေကို လာစဉ်နေတော့သည်။
ကျွန်တော်သည် မထသေးဘဲ အခြေအနေကို စောင့်ကြည့်နေမိသည်။ ပြောင်ကြီးသည် မထနိုင်တော့ သော်လည်း ခြေကလန် လက်ကလန် လုပ်နေသေးသည်။ တစ်ချီတွင် ခေါင်းထောင်လာသေးသဖြင့် နား၏ နောက် (မုဆိုး အခေါ် နားဂျောက်) တစ်ချက် ထပ်ပစ်လိုက်မှ တုံးခနဲ ခေါင်းကျသွားပြီး မကြာမီ ဆန့်ငင် ဆန့်ငင်ဖြင့် လုံးဝ ငြိမ်သက်သွားပါတော့သည်။
ကျွန်တော်သည် အခြေအနေ စိတ်ချရအောင် နောက်ထပ် ငါးမိနစ်ခန့်စောင့်ပြီးမှ နေရာက ထလိုက် ပါသည်။ ကျွန်တော်ထပြီး မကြာမီပင် နှောက်မှ ခြေသံ ရုတ်တရက် ကြားလိုက်ကာ ကျွန်တော့် ပခုံးကို တစ်စုံတစ်ယောက်က ဆွဲလာသဖြင့် လန့်ပြီး လှည့်ကြည့်လိုက်ရာ ဦးသံချောင်း ဖြစ်နေပါသည်။
“ဆရာ… ဆရာ ဘာမှ မဖြစ်ဘူး မဟုတ်လားဟင်၊
သွေးတွေနဲ့ပါလား”
ဦးသံချောင်းမှာ သွေးတွေမြင်၍ အလွန်အမင်း ထိတ်လန့် နေပုံရပါသည်။ ထွန်းကြည်မှာ ဘာမှ မပြောနိုင်။ ပါးစပ်ဟ၍ ကျွန်တော့်ကို ပြူးပြူးကြီး ကြည့်နေသည်။ သူတို့ ကြောက်မည် ဆိုပါက ကြောက်ထိုက်ပေသည်။
ညအချိန်မတော် တောကြီးထဲမှာ ပြောင်တိုက်ခံရသူ တစ်ဦးကို သွေးရဲရဲနှင့်တွေ့ရမည်ဆိုက မည်သူမဆို လန့်ပေလိမ့်မည်။
“ဘာမှ မဖြစ်ပါဘူး ဦးသံချောင်း၊ ဒါက ပြောင်က သွေးတွေပါ၊ ကျွန်တော့်ကို မထိပါဘူး”
“ဟာ..ဝမ်းသာလိုက်တာ ဆရာရယ်၊ ဝမ်းသာလိုက်တာ၊ ကျွန်တော်တို့ကို အပြစ်ဆိုချင် ဆိုတော့ ဆရာ။ ကျွန်တော်တို့လဲ ဓားချွန်းလောက်သာ ပါတော့ ဘာမှ မတတ်နိုင်ဘူး။ သစ်ပင်ပေါ် တက်နေရတယ်။ လှံသာပါခဲ့ရင် ဘယ် ဒီလိုကြည့်နေမှာလဲ။ အတင်း ဝင်ထိုးမှာ”
ဦးသံချောင်းမှာ ဝမ်းသာလွန်းသဖြင့် ကျွန်တော့်ကို ပွေ့ချီထားရင်း ပြောနေပါသည်။ သူ တကယ် ခံစားနေရခြင်းဖြစ်ကြောင်း တုန်ယင်နေသော သူ့အသံ ကြားရ၍ ကျွန်တော် သိပါသည်။
“လှံပါလို့ ဝင်ထိုးလဲ ခင်ဗျား သေသွားမှာပေါ့။ ဒါ ပြောင်ဗျ … ခင်ဗျားတို့ ထိုးနေကျ ချေကလေး ကြောင်ကလေး မဟုတ်ဘူး”
“အို…..ဘာပဲဖြစ်ဖြစ်၊ ကိုယ့်လူ ဒီလို ခံနေရတာတော့ ကြည့်မနေရက်ဘူး၊ လှံပါရင် ထိုးကို ထိုးမှာပဲ”
“ခုလဲ ကျွန်တော် မခံရပါဘူး၊ ကျွန်တော်ကံကောင်းတယ် ဆိုရမှာပါ့ဗျာ။ ဘယ်လက်မှာတော့ သစ်ကိုင်းနဲ့ ထိသွားတာ နည်းနည်း ပဲ့သွားမှာပေါ့”
ကျွန်တော့် ဘယ်လက်ခုံကို ကြည့်လိုက်ရာ သစ်ကိုင်းနှင့် ရိုက်မိသဖြင့် တစ်လက်မခန့် စုတ်သွားသော ဒဏ်ရာကို တွေ့ရသည်။ ဘယ်လက်တွင် ပတ်ထားသော စီတီဇင်နာရီမှာ သစ်ကိုင်းနှင့် ရိုက်မိပြီး မှန်အက်သွားသည်။ တခြား ထိခိုက်မှုမရှိ။
“ဟို ပထမအကောင်လဲ လဲနေပြီ ဆရာ၊ ဟို ဝါးရုံ ဘေးမှာပဲ ခြေကလန် လက်ကလန်သံ ကြားရပြီး ငြိမ်သွားတာ ကြာပြီ”
ဦးသံချောင်းက ကျွန်တော့်ကိုပြောပြီး တစ်ဖက်ရှိ
ဝါးရုံကို ညွှန်ပြပါသည်။
“အေးဗျာ ကျွန်တော့်အသက်ကို ဒီ လက်နှိပ်ဓာတ်မီး လေးက ကယ်လိုက်တယ်ဆိုရမှာပေါ့၊ ဒီ မီးလေးဟာ ကျွန်တော့် အသက်သခင်ပဲ”
ကျွန်တော်သည် လက်နှိပ်ဓာတ်မီးကလေးကို ကောက်ယူ၍ တယုတယ ပွတ်သပ်ရင်း ပြောလိုက်ပါသည်။ လက်နှိပ်ဓာတ်မီကလေးမှာ မောင်းတင်ထားသည်မို့ ယခုတိုင် မီးလင်းနေဆဲဖြစ်သည်။ ဆက်လက် ထွန်းလင်းတောက်ပနေဦးမည့် ကျွန်တော်၏ အနာဂတ်ဟူ၍သာ မှတ်ယူရမည် ဖြစ်ပါသည်။
[မြဝတီမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ ၁၉၈၀ ခုနှစ်]
– ပြီး –
စာရေးသူ – မောင်လွမ်းသူ