မောင်ခြိမ့်
”သောင်ကမ်းတစ်ဖက် ယင်းတစ်ဖက်”
“လူကလေး မင်းတက်ပြောကွာ။ အဘ လှေထဲမှာပဲစောင့်နေမယ်”
လေးလေးကန်ကန်နှင့် ငါးဒိုင် ရေဆင်းတံတားပေါ်သို့တက်သွားသော မြေးဖြစ်သူ သာအောင်ကို ငေးကြည့်ရင်း ဦးတောကျော် လှေထဲတွင် ကျန်ရစ်သည်။
ရေဆင်းတံတားကလေးနှင့် ကပ်၍ လက်ခုပ်တစ်ဖောင်ခန့်မြင့်အောင် ဆောက်ထားသော မော်တော်ကပ်သည့် တံတားအမြင့်ကြီးက ဦးတောကျော်ကို ငုံ့ကြည့်နေသည် ထင်ရ၏။
အုန်းပင်ရင့်ရင့်ကြီးများကို တိုင်လုပ်၍ အုန်းသားခွဲခြမ်းများ ခင်းထားသော တံတားကြီးပေါ်တွင် “မတင်”ဟု ထုံးဖြင့် အမည်ရေးထားသည့် ငါး၊ ပုဇွန်များ ထည့်သော သေတ္တာကြီးများက နှစ်လုံးထပ်၊ သုံးလုံးထပ် တန်းစီလျက်ရှိသည်။
ဘေးတွင် ရေလုံ သစ်သားစည်ပိုင်းကြီးများကိုလည်း တွေ့နေရသည်။ ထိုသေတ္တာများထံမှ ငါးညှီ၊ ငါးဟောက်နံ့တို့သည် နံနက်စောစော၏ လေပြည်ထဲတွင် ပျံ့လွင့်လျက်ရှိသည်။
ချောင်းကြို၊ မြောင်းကြား၊ အင်း၊ အိုင်၊ တမံ မြစ်ယံတစ်ကြောတွင် လှေကလေးများဖြင့် ရှာဖွေဖမ်းဆီးရလာသမျှ ကွန်သမား၊ ပိုက်သမား၊ ဘဝန်းသမား၊ ဒိုင်းဝန်းသမား၊ အုန်းသီးတန်းခတ်သမား၊ လက်ထွန်သမားအားလုံးတို့၏ ငါး၊ ပုစွန်များ လာရောက်ပေါင်းဆုံရသော လက်ကားဒိုင်ကြီး ဖြစ်လေသည်။
သူတို့မြို့ကလေးသည် မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသဖြင့် ရေချို ငါး၊ ပုစွန်၊ ငါးပိ၊ ငါးခြောက်များ ထုတ်လုပ်ဖြန့်ဖြူးရာ အချက်အချာကျသည့်နေရာလည်း ဖြစ်သည်။ တံငါးများ ရှာဖွေရရှိလာသည့် ငါး၊ ပုစွန်မျိုးစုံတို့ကို စုစည်းဝယ်ယူကာ ရေခဲရိုက်တန်တာ ရိုက်၊ အရှင်လှောင်သင့်တာ လှောင်၍ “ချွန်း” ဟု ခေါ်သည့် စပါးနှစ်ရာ၊ သုံးရာပါ သစ်သားခွံသမ္ဗန်တွင် စက်တပ်ထားသည့် စက်လှေများဖြင့် ရန်ကုန်သို့ပို့ကာ စီးပွားရှာနေကြသော ငါး၊ ပုစွန်ဒိုင်ကြီးများ အခြေစိုက်ရာ နေရာလည်းဖြစ်သည်။
ငွေရင်းငွေနှီး၊ အပေါင်းအသင်း၊ အဆက်အသွယ်ကောင်းသည့် ငါးဒိုင်ပိုင်ရှင်များသည် ရန်ကုန်ပေါက်စျေးနှင့် အဆမတန်ခွာ၍ ကောက်ယူရရှိလာသည့် ငါး၊ ပုစွန် လုပ်ငန်းများဖြင့် ကြွယ်ဝချမ်းသာလာသလို၊ အရင်းအနှီးမရှိသည့် တံငါများအား လှေ၊ ပိုက်၊ ကွန်၊ ဘဝန်း၊ ယင်းလိပ် စသည့် ကိရိယာတန်ဆာများ ထုတ်ပေးကာ ဖမ်းယူစေခြင်းဖြင့်လည်း ကုန်ကြမ်းများ မပြတ်စေရန် စီစဉ်ထားလေ၏။
ဖြတ်သန်းခုတ်မောင်းသွားသော မော်တော်တစ်စင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းများက ဦးတောကျော်၏ အလျား တစ်ဆယ့်သုံးတောင်ရှိ တံငါလှေအိုကလေးအား ဦးစိုက်ပဲ့ထောင် ဖြစ်သွားစေရုံမက ဆိုက်ကပ်ထားသော ရေဆင်းတံတားနှင့်လည်း တဒိုင်းဒိုင်း ဝင်ဆောင့်လေရာ ဦးတောကျော်သည် တံတားတိုင်ကို လက်နှင့်တွန်းကာ ခွာထားရစဉ် လှေထဲသို့ ခုန်ဆင်းလာသော သာအောင်က-
“ယူချင်သလိုလို မယူချင်သလိုလိုနှင့် ရောင်းရတာအောက်ကျလိုက်တာ အဘရယ်”
ဟု မကျေမနပ်ပြောရင်း လှေကပ်များကို ဖွင့်၍ ငါး၊ ပုစွန်များပေါ်သို့ မြစ်ရေကို ပက်ခွံဖြင့်ခပ်၍ ပက်နေတော့သည်။
အားနည်းမှုန့်မွှားလှသော ရေနံဆီ (ဒီဇယ်ဆီ)မီးတိုင်ခွက်၏ အလင်းရောင်ဖြင့် လတာပြင် ရွှံ့နွံများကြားတွင် လက်နှင့် ကျုံးကာ ယက်ကာ ဖမ်းဆီးလာခဲ့ရသည်မို့ အမှိုက်များ၊ ရွှံ့နွံများ ရောနှောပေကျံလျက်ရှိသည်။
ရေနှင့်ပက်၍ ဆေးကြောလိုက်တော့မှ ဖြူဖွေးသန့်စင်သွားတော့၏။ ဖြူဖြူဖွေးဖွေး ရေဆေးငါးဟုပင် တင်စားတတ်သည် မဟုတ်လား။
မြစ်ကမ်း၊ ချောင်းစပ်တို့တွင် ဘဝန်းပိတ်၍ ရလာသော ငါး၊ ပုစွန် ဟူသည် တကယ်တော့ ငါးကြီးငါးကောင်းများ မဟုတ်ကြပါ။
ငါးခုံးမ၊ ငါးစင်ရိုင်း၊ ငါးနုသန်း၊ ငါးဖယ်အောင်း၊ ပုစွန်ဘေးကျား၊ ပုစွန်ဆိတ်၊ ပုစွန်ဆတ်တုပ်၊ ပုစွန်ကြာရိုးများသာ အမိများပါ၏။ တစ်ခါတစ်ရံမှသာ ငါးပတ်၊ ငါးဖယ်၊ ငါးရံ့များ ရတတ်ပါသည်။
ထိုအခိုက် လှေထဲသို့ တောင်းတစ်လုံးကို ပစ်ချလိုက်ရင်း
“ခင်ဗျားတို့ဟာတွေကလည်း အမှိုက်တွေ ပါလှချေလား။ ရွေးစမ်းပါအုံး”
စကားသံခပ်မာမာနှင့် ပြောလာသော ငါးဒိုင်မှ အလုပ်သမား၏ အသံကြောင့် ဦးတောကျော် မော့၍ ကြည့်မိ၏။
“အဘိုးကြီး … ကြည့်မနေနဲ့၊ အမှိုက်တွေစင်အောင် ရွေးပြီးမှ တောင်းထဲထည့်ပြီး အပေါ်ယူလာခဲ့။ ဟိုမှာ အင်းချောင်းက ငါးတွေ ချိန်နေရလို့ ကျုပ် မအားဘူး”
ပြောပြောဆိုဆို တက်သွားတော့မှ …
“ဩော် ကိုယ့်ပစ္စည်း ကိုယ်ရောင်းတာတောင် အောက်ကျလိုက်တာနော်”
ခပ်တိုးတိုး ညည်းတွားမိသည်။
“အမြဲတမ်းဖောက်သည်မှ မဟုတ်တာဘဲ အဘရဲ့။ သူများ ငါးဒိုင်မှာ အဆင်မပြေလို့ လာရောင်းတာမှန်းသိတော့ နှိမ်တာပေါ့”
သာအောင်ကပြောရင်း အမှိုက်များကို ကုန်း၍ ရွေးနေတော့သည်။
နောက်ကျမှလည်း ချိန်ရသေး၊ ဈေးကလည်း နှိမ်လိုက်သေး၍ အိမ်အပြန်ခရီးတွင် ဦးတောကျော်၏ စိတ်တို့သည် မရွှင်ပျချေ။ အိမ်မှာ တစ်ယောက်တည်း ကျန်ရစ်ရှာသည့် မခင်ရွှေအတွက်လည်း စိတ်ကမချ။ မမာ နေသည်မှာ တစ်လခန့်ရှိပြီး မြန်မာသမားတော်နှင့်သာ ကုသနေရသည်။
အသက်အရွယ်က ရလာပြီမို့ နာလန်ထူရန်က မလွယ်။ မြို့က ဆေးရုံမှာ သွားပြီးကုပါဟု အကြံပေးလာသူများ ရှိသော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိသမို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့။
လင်နဲ့မယား ချမ်းသာအတူ ဆင်းရဲအမျှဟူသည့် ဆိုစကားရှိသော်လည်း ချမ်းသာဖို့အရေးက သူတို့နှင့် အလှမ်းကွာလွန်းသောအခါ ဆင်းရဲမှုတွေချည်း မျှဝေခံစားနေရသော ဇနီးသည်အတွက် စိတ်ကမကောင်းပေ။
ထိုအခါ ကြံမိကြံရာ ကြံဖြစ်ရတော့၏။
ယနေ့ည ဘဝန်းပိတ်၍ ရလာသမျှကို ဖောက်သည်ဒိုင်တွင် မရောင်းတော့ဘဲ အခြားဒိုင်တွေမှသာ ရောင်းခဲ့ခြင်းဖြစ်၏။ သူတို့ သတ်မှတ်ပေးထားသော လှေနှင့် ယင်းများ အသုံးပြု၍ ရလာသမျှကို သူတို့သတ်မှတ်သည့်ဈေးနှင့် သွင်းရသည်။ ကျန်သမျှငွေကို တစ်ဝက်ခွဲကာ ကြွေးဆပ်ရသေး၏။
ထို့ကြောင့် တစ်ခါမျှ မလုပ်ခဲ့ဖူးသော အလုပ်ကို လုပ်ခဲ့မိခြင်း ဖြစ်ပါ၏။
မဟုတ်တာ လုပ်မိသူတို့ သဘာဝအရ စိတ်ကမလုံ။ တကြောင့်ကြကြ ဖြစ်နေသည်။
ယနေ့ ရောက်မလာသည့်အတွက် မနက်ဖြန်သွားလျှင် မေးတော့မည်။ မေးလျှင် မည်သို့ ဖြေမည်နည်း။ ဇနီးဖြစ်သူ နေမကောင်း၍ ဘဝန်းပိတ် မထွက်နိုင်ဟု ဖြေမည် စိတ်ကူးထားသည်။
သို့သော် စိတ်ကမချ။ သူ့လိုပင် ဘဝတူ ပိုက်သမား၊ ကွန်သမား၊ တန်းသမားတွေက အပုံပင်။ သူတို့ကိုမေးလျှင် အလိမ်ပေါ်လိမ့်မည်။ အားလုံးကို လိုက်၍ ပိတ်ထားရန် မဖြစ်နိုင်။
“ဟူး” ခနဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်မိတော့၏။ မတတ်နိုင်တော့ လုပ်မိပြီ၊ လိမ်မိပြီ၊ ဖြစ်သမျှအကြောင်း အကောင်းပေါ့လေဟု တွေးရင်း အိမ်ရှေ့ကမ်းစပ်ကို ရောက်လာခဲ့သည်။
xxx xxx xxx
သူတို့မြေးအဘိုး လမ်းသမိုင်ရွာ တစ်ဖက်ကမ်းကိုရောက်တော့ နေညိုတော့မည်။
ကြီးတော်ကွင်း၊ အရှေ့ဒရင်း၊ ဆင်ကူး၊ ထိပ်ဝ၊ ကုလားစု၊ ညောင်တန်း စသည့် နေရာသောင်ကမ်းများတွင် ဘဝန်းသမားများ ခြေချင်းလိမ်မျှ နေရာဦးထားကြပြီ။
အခုတလော ထိုနေရာများတွင် ငါး၊ ပုစွန် အထိအမိများလှသဖြင့် အလုအယက် သွားကြသောကြောင့် လှေချင်းဆက်လုမတတ် စည်ကားနေတော့၏။
အင်းချောင်းဂရန်မှ အလွတ်၊ အများပိုင် ရှာဖွေစားခွင့်ရှိသောနေရာများဖြစ်၍ အရင်ရောက်သူက ကမ်းဦးခွင့်၊ ဘဝန်းပိတ်ခွင့် ရှိလေသည်။
ထို့ကြောင့် ဦးတောကျော်သည် ငါး၊ ပုစွန် အရနည်းသဖြင့် ဘဝန်းသမားများ ခြေဦးမလှည့်သော လမ်းသမိုင်သောင်ဘက်သို့ လာခဲ့ခြင်းဖြစ်ပါ၏။
တကယ်တော့ ဘဝန်းပိတ်ခြင်းဆိုသည်မှာ ဦးတောကျော်တို့ ငယ်စဉ်တုန်းက အသုံးပြုသည့် ကိရိယာမှာတစ်မျိုးတည်းသာ ရှိသေး၏။
၄င်းကား ဝါးနှင့်ပြုလုပ်ထားသော ယင်းလိပ်များပင်တည်း။ အနံ ငါးပေခွဲ၊ အလျားဆယ်ပေ၊ ဆယ့်နှစ်ပေခန့် ထိုယင်းလိပ်များကို မိမိလုပ်နိုင်သလောက်ချင့်ချိန်၍ တချို့က အလိပ်ငါးဆယ်၊ ခြောက်ဆယ် စသည်ဖြင့် အသုံးပြု၍ ဘဝန်းပိတ်တတ်ကြ၏။
သောင်စပ်၊ ချောင်းစပ်တိုင်းတွင် ဘဝန်းပိတ်၍မဖြစ်။ သောင်ပြန့်ကုန်း ပေါ်လွန်းလျှင် (သို့မဟုတ်) ကမ်းပါးစောက်နက်လျှင် ဘဝန်းပိတ်၍ မရပါ။
ခပ်ပြေပြေ ဆင်ခြေလျှောဖြစ်ခြင်း၊ ကမ်းစပ်တွင် ငါး၊ ပုစွန်တို့ ခိုအောင်းပျော်မြူးချင်စရာကောင်းသည့် ချုံနွယ် ချုံစပ်တန်းများ၊ ကဇန်းပင်၊ ကိုယ်ရံကြီးပင်လိုမျိုး ရေစပ် အရိပ်အာဝါသကောင်းသည့် အပင်များ၊ ငါးတန်ပိန်းပင်၊ ဝက်လာပင် စသည့် ရေအောက်တွင် ရှင်သန်တတ်သည့် အပင်ကလေးများရှိသော သောင်စပ်၊ ကမ်းစပ်သည် ငါး၊ ပုစွန်တို့ ခိုအောင်းပျော်မြူးလေ့ရှိသဖြင့် ထိုနေရာများတွင် ဘဝန်းပိတ်ပါမှ အထိအမိများတတ်ပါ၏။
အရေးအကြီးဆုံးတစ်ချက်လည်း ရှိပါသေး၏။ တစ်ထပ်၊ နှစ်ထပ်၊ သုံးထပ် သင်္ဘောကြီးများ မပြတ်သွားလာတတ်သည့် ခရီးလမ်းကြောင်းကျသည့် နေရာမျိုးတွင်လည်း ဘဝန်းပိတ်၍ အဆင်မပြေပါ။
ပြင်းပြင်းထန်ထန် ရိုက်ပုတ်တတ်သော လှိုင်းများ ကြောင့် ငါး၊ ပုစွန်တို့ ကမ်းမကပ်နိုင်ခြင်း၊ ပိတ်ကာထားသော ဘဝန်း၊ ယင်းလိပ်များ ပြုတ်ထွက်မျောပါခြင်း ဖြစ်တတ်သဖြင့် ဘဝန်းသမားများ ရှောင်ကြလေ့ရှိပါ၏။
ဦးတောကျော်သည် ချောင်းရေအကျဆုံး ရေစစ်ချိန်အမီ မိမိ ဘဝန်းပိတ်မည့် နေရာသို့ ရောက်လာခဲ့ပြီ။
ရေအကျဆုံးနေရာ၏ အထက် တစ်တောင်ခန့်တွင် အရှည် ခုနှစ်ပေခန့် ခရင်ဝါးများကို စီတန်းစိုက်လာခဲ့သည်။ ဆယ်ပေရှည်သော ယင်းတစ်ချပ်စာအတွက် ဘဝန်းတိုင် သုံးချောင်းနှုန်း ခန့်မှန်း၍ စိုက်လာခဲ့သည်မှာ တိုင်ကလေးများ ကုန်ပြီ။
“လူကလေးရေ ဆင်းတော့ဟေ့။ အချိန်ရှိတုန်း မြန်မြန် ယင်းတွေ ကာကြရအောင်။ ရေလည်းအတက် တို့လည်း အပြီးပေါ့ကွာ”
လှေပဲ့ပိုင်းမှ မြေးဖြစ်သူကို လောဆော်ရင်း သောင်ပြင်ထက်သို့ ဆင်းလိုက်သည်။ စိုက်ထားခဲ့သော ဝါးတိုင်ကလေးများနှင့် ယင်းကို ကပ်၍ချည်ကာ နွံထဲသို့ ယင်းအခြေ တစ်မိုက်ခန့် နစ်ဝင်အောင် လက်ရိုက်တုတ်ဖြင့် ရိုက်၍ သွင်းသည်။
ယင်းတစ်ချပ်နှင့် တစ်ချပ် အဆက်တွင် စေ့စပ်စွာ က နော်တံနှင့် ဆက်၏။
သူတို့မြေးအဘိုး ယင်းအချပ်ခြောက်ဆယ် ကာ၍ပြီးချိန်တွင် ရေသည် ယင်းအခြေကို ကျော်၍ ခြေသလုံးတစ်ဝက်ခန့် တက်လာနေပြီ။
မောနေသော ဦးတောကျော်သည် လတာပြင်မှာပဲ ဖင်ချ၍ ထိုင်ကာ အမောဖြေနေသည်။
“ရော့ … ရော့၊ အဘ”
ပြောရင်း သာအောင် ပေးကမ်းပေးသော နောက်ဆုံး ယင်းတစ်လိပ်ကို ယူ၍ ကမ်းစပ်ထိပ်အထိ ကန့်လန့်ဖြတ်၍တားကာ အဆုံးသတ်လိုက်သည်။
ခပ်လှမ်းလှမ်း ချောင်းကွေ့အထိ ကဲ၍ ကြည့်လိုက်သည်။
သူတို့မြေးအဘိုး ပိတ်ကာ ထားခဲ့သော ယင်းချပ်များသည် စီကာရီကာနှင့် စနစ်တကျ လှပလျက် ရှိသည်။
လှေပေါ်တွင် ပါလာသော မီးဖိုကလေးတွင် တည်ထားသော ရေနွေးအိုးက ဆူနေပြီ။ သာအောင်က ရေနွေးကြမ်းတစ်ခွက်ကို လှမ်းပေးရင်း –
“ပိုက်ဘဝန်း ဝယ်နိုင်ရင်တော့ ကောင်းမယ် အဘရာ”
သာအောင်က ပြောတော့ ဦးတောကျော် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသေး၏။
ဟုတ်တော့လည်း ဟုတ်ပါသည်။ အခု သူတို့ သုံးနေသော ဝါးယင်းလိပ်သည် ခေတ်မမီတော့။ တတ်နိုင်သူများက ပေါ့ပေါ့ပါးပါးလည်းဖြစ်၊ ပို၍လည်း အထိအမိများသော ပိုက်ဘဝန်းကို သုံးနေကြပြီး လက်သန်းတစ်ပြူ၊ တစ်မတ်ကွက်ပိုက်ဘဝန်းများသည် သယ်ယူရတာလည်းလွယ်၊ အလျားက မိမိလိုသလောက် တစ်ဆက်တည်း လုပ်ထား၍ ရသည်။
ပိုက်အမြင့်ကလည်း ခုနှစ်ပေခန့်မြင့်တော့ ငါး၊ ပုစွန်များ ခုန်မထွက်နိုင်သဖြင့် လူကြိုက်များလှ၏။
ဝါးဖြင့် လုပ်ရသော ယင်းချပ်များသည် လေးကလည်း လေး၏။ သယ်ယူရာတွင် ဝန်ကလည်း ကျယ်သေး၏။
“အဘလည်း ဝယ်သုံးချင်တာပေါ့ လူကလေးရယ်။ ဒါပေမဲ့ တံငါအိုကြီးဆိုတော့ ငါးဒိုင်က ငွေ ထုတ်မပေးချင်ဘူးကွ။ သူတို့က လူငယ် အားကောင်းမောင်းသန်တွေကိုသာ အသုံးချချင်ကြတာ။ အဘကိုကျတော့ လူငယ်တွေ မသုံးချင်တဲ့ ယင်းဘဝန်းကို ထိုးပေးပြီး ယူချင်ယူ မယူချင်နေတဲ့”
ပြောရင်းက ဦးတောကျော် တံတွေးတစ်ချက်မျို၍ ချသည်။ မှုန်သီသော မျက်လုံးတို့ဖြင့် ဟိုး ခပ်ဝေးဝေးတွင် ပျပျသာ မြင်ရသော မြစ်မကြီးဆီ လှမ်း၍ ငေးနေသည်။
တဖြည်းဖြည်းနှင့် ချောင်းရိုးကလေး တစ်ခွင်တစ်ပြင်လုံး အမှောင်ထုက ပိတ်ဖုံး၍ လာနေသည်။ တအိအိနှင့် မြင့်တက်လာသော ရေသည် ဘဝန်းတန်း၊ ယင်းလိပ်၏ ထိပ်ဖျားကို မြုပ်လေတော့မည်။
ကမ်းစပ်ရှိ သံဒတ်ပင်၏ အကိုင်းတွင် လှေဦးမှ ကြိုးဖြင့်ချည်ကာ မြေးအဘိုးနှစ်ယောက် ရေပြန်အကျကို စောင့်နေရခြင်းဖြစ်ပေရာ အချိန်များစွာ စောင့်ရဦးမည်။
လှေပဲ့ပိုင်းတွင် သာအောင်တစ်ယောက် ဘာဘူစောင်နွမ်းကလေးခြုံ၍ အိပ်နေပြီ။
ကောင်းကင်တွင် သုံးရက်လ ခုံးမျက်စ ကျော်လာခဲ့ပြီဖြစ်သော လခြမ်းကလေးက တံစဉ်ကလေး ပက်လက်လှန်ချထားသလို ကွေးကွေးကလေးနှင့် တိမ်ပင်လယ်တွင် မျောလျက်ရှိ၏။
တိမ်မည်းညိုတစ်သိုက်က ဖုံးအုပ်လိုက်တိုင်း ချောင်းကလေး တစ်ခွင်တစ်ပြင်လုံး မှိုင်းမှုန်အုံပျသွားကာ တိမ်ညိုပဝါကလေး ဖယ်သွားချိန်မှာတော့ တစ်ခါပြန်၍ လင်းပလာချေပြန်၏။
ခပ်လှမ်းလှမ်း လမုတောစပ်ဆီမှ ညငှက်များ၏ တွန်ကျူးသံကသာ ဖေးကူ၍ မထားလျှင် ဝန်းကျင်တစ်ခွင်လုံးသည် သက်မဲ့ကမ္ဘာကြီး ဖြစ်တော့မလောက် တိတ်ဆိတ်မှုက မင်းမူလျက် ရှိတော့၏။
ခပ်စိုစို ထင်းတစ်စကို မီးဖိုထဲ ထိုးထည့်လိုက်သဖြင့် မီးခိုးများ အူ၍ ထွက်လာကာ သူတို့မြေးအဘိုး၏ အသွေးအသားများကို အုံခဲစုပ်ယူရန် လှည့်ပတ်ပျံဝဲနေကြသော တောခြင်ရိုင်းများ ခဏတာများ ရှဲသွားကြသည်။ မီးခိုးစဲလျှင် ပြန်၍ ခဲကြပေဦးမည်။
ငါးဖောင်ရိုးခြောက်ကလေး လေးငါးကောင်ကို မီးဖုတ်၍ ဆီကလေး ပါလေကာမျှ ဆမ်းကာ ညစာပြီးခဲ့ရသဖြင့် ဝမ်းဗိုက်က မတင်းတိမ်ချင်။ တံငါဟု ဆိုပေငြား ငါးရံ့ခြောက်ပြားကြီးများကို မစားရတာကြာလှပေါ့။
တစ်ခါတစ်ရံ ဘဝန်းပိတ်၍ ပါလာသော တစ်ဆယ်သား၊ ဆယ့်ငါးကျပ်သားခန့် ငါးရံ့ကလေးများကို မခင်ရွှေက ကျောမှ တစ်ချက်တည်း ခွဲကာ အခြောက်လှမ်းပေးတတ်၍ ငါးရံ့ခြောက်ကို အာသာပြေ စားရသေး၏။
အခုည ငါး၊ ပုစွန် အထိအမိများပါစေဟု ဆုတောင်းမိရသေး၏။ အို … အခုညမှ မဟုတ်ပါဘူး။ ဘဝန်းပိတ်တဲ့ ညတွေတိုင်း ဆုတောင်းခဲ့ရသည်ချည်း ဖြစ်တော့၏။
ရှာ၍ ရသမျှကလေးကို တစ်ဝက်အကြွေးဆပ်၊ ကျန်တာကိုမှ စားဖို့နှင့် မခင်ရွှေ ဆေးကုဖို့ ဖြစ်တော့၏။
မနေ့က ငါးဒိုင်ပိုင်ရှင် ချမှတ်လိုက်သော ရာဇသံသည် နားနားမှာကပ်၍ ပြောလိုက်သလို၊ ယခုမှကြားလိုက်ရသလို ဦးတောကျော် တစ်ကိုယ်လုံး ဆတ်ခနဲ့ တုန်သွားမိသေး၏။
“ကဲ … အဘိုးကြီး ကျုပ်တို့ ထွေထွေထူးထူး မပြောတော့ဘူး။ ခင်ဗျား မတင်တို့ဒိုင်မှာ သွားရောင်းတာ ကျုပ်တို့ သိပြီးပြီ။ နောက်တစ်ခါ ဒါမျိုး မဖြစ်ပါစေနဲ့။ ဖြစ်လာရင်တော့ ကျုပ်တို့ထုတ်ပေးထားတဲ့ လှေရယ်၊ ယင်းရယ် အကုန်ပြန်သိမ်းပြီသာမှတ်တော့”
“ဒါကလေးနဲ့ ရှာဖွေစားသောက်နေရတာ ပြန်သိမ်းသွားလို့ကတော့ ဘုရား … ဘုရား”
လှေကလေးအလယ်ရှိ မီးဖိုကလေး၏ဘေးတွင် ထိုင်ရင်း အတွေးများစွာတို့ ဖိစီးနှိပ်စက်မှုကြောင့် လှေဦးပိုင်းရှိ ဝါးကြမ်းခင်း လှေကပ်ပေါ် ကျောခင်းမိချိန်တွင် သန်းခေါင်ကျော်ခဲ့ပြီ။
ညဦးက ငြိမ်သက်နေခဲ့သော လေသည် တဖြူးဖြူးနှင့် ချောင်းရေပြင်ကို ရှပ်တိုက်ပြေးလွှားလျက် ရှိသဖြင့် အတော်အတန် ခြင်ကိုက်သက်သာလာခဲ့သည်။
ဦးတောကျော်တစ်ယောက် လူမောစိတ်မောနှင့် အိပ်ပျော်သွားခဲ့ပြီ။
“အဘ … အဘ ထတော့ဗျ၊ ရေကျနေပြီ”
ပါးစပ်ကလည်းအော် လှေနံကိုလည်းကိုင်ကာ လှုပ်နှိုးသဖြင့် ဦးတောကျော် နိုးလာခဲ့သည်။ တစ်ကိုယ်လုံး မလှုပ်ချင်အောင် ညောင်းညာကိုက်ခဲလျက်ဖြင့် အတင်းကုန်း၍ ထရသည်။
“ဟေ … ဟုတ်လား၊ အဘ အိပ်ပျော်သွားတယ်ကွာ။ လူကလေး နှိုးပေလို့”
ချောင်းရေဖြင့် ပြီးစလွယ် မျက်နှာသစ်ရင်း ကမ်းစပ်ကို လှမ်း၍ ကြည့်သည်။ ငါးတန်ပိန်းပင်များပင် ပေါ်နေပြီ။ ရေထက်ဝက်မက ကျနေပြီ။
လှေဦးမှ ကြိုးကိုဖြုတ်၍ ဘဝန်းတန်းအစသို့ မြေးအဘိုးနှစ်ယောက် ခပ်သွက်သွက် လှော်ထွက်ခဲ့၏။ ချောင်းကလေးတစ်လျှောက် မှောင်နေဆဲဖြစ်၏။
ရေ တဖြည်းဖြည်း ကျလာသည်မှာဘဝန်းပိတ်ထားသည့် ယင်း၏ အခြေသို့ပင် ရောက်တော့မည်။
“မီးခွက်ထွန်းတော့ လူကလေးရေ”
ရေအတက်တွင် ပျော်မြူးစွာ အစာရှာဖွေရင်း၊ ကမ်းစပ်ရှိ ချုံစပ် ချုံပုတ်ကလေးများအကြား ရေညှိ ရေမှော်ကလေးများ၊ ရေပိုးရေမွှားကလေးများကို မက်မောစွာ ရှာဖွေစားသောက်ရင်း ရေအကျတွင်မူကာဆီးထားသော ယင်းများကြောင့် ချောင်းရေအတွင်း ပြန်ထွက်မသွားနိုင်တော့ဘဲ ပိတ်မိနေသော ငါး၊ ပုစွန်မျိုးစုံတို့သည် သောင်စပ်နှင့် ယင်းတို့အကြားတွင် တဖျပ်ဖျပ်ခုန်ပေါက်ကာ ရှိနေသည်။
လွတ်မြောက်လို လွတ်မြောက်ငြား အင်နှင့်အားနှင့် ခုန်ပျံတက်သော် သောင်စပ်ပေါ်သို့ကျ၏။ တစ်ခါ လန့်၍ ခုန်ပြန်၏။ ထိုအခါ ချောင်းဘက်မှ ကာဆီးထားသော ငါးပေခန့်မြင့်သည့် ယင်းကိုလွတ်အောင် မခုန်နိုင် … ပြန်ကျ၏။
သို့နှင့်ပင် ခုန်ရင်း ပျံရင်း လူးလွန့်ရုန်းကန်ရင်း ဘဝန်းသမားတို့လက်ထဲ သက်ဆင်းကြရပေတော့မည်။ ဦးတောကျော်သည် ရေစပ်စပ်သာ ကျန်တော့သောယင်း၏ အောက်ခြေတွင် လွန့်လူးနေကြသည့် အကြေးခွံဖွေးဖွေးများနှင့် ငါးခုံးမများ၊ ငါးကြင်းလုံးများ၊ ငါးဖယ်များကို တစ်လှည့်၊ မီးရောင်တွင် နီရဲနေသော မျက်စိကလေးများနှင့် တဆတ်ဆတ် ခုန်ပေါက်နေကြသော ပုစွန်ဆတ်တုပ်၊ ပုစွန်ဘေးကျား၊ ပုစွန်ဆိတ်ကလေးများကို တလှည့် ငေး၍ကြည့်ရင်း သောင်စပ်ဝယ် ငူငူကြီး ရပ်လျက်ရှိသည်။
“အဘကလည်းဗျာ၊ ဘာလုပ်နေတာလဲမသိဘူး။ မြန်မြန်ဖမ်းပါဗျ။ တော်တော်ကြာ ငါးဒိုင်အရောက် နောက်ကျရင် မနက်စောစော ရန်ကုန်ပို့တဲ့ချွန်း မမီရကောင်းလားဆိုပြီး အဆူအဟောက် ခံနေရအုံးမယ်။
မကျေနပ်လို့ လှေနဲ့ယင်းတွေ ပြန်သိမ်းသွားရင် မလွယ်ဘူးနော်။ ပြီးတော့ အဘွားအတွက် မြို့ဘက်ကမ်းမှာ ဆေးဝယ်သွားရအုံးမယ်။ အိမ်မှာ ဆန်ကလည်း ကုန်နေပြီဗျ”
သာအောင်၏ သတိပေးသံကြောင့် ဦးတောကျော်က
“အေးပါ လူကလေးရာ … ဖမ်းမှာပါ။ ငါတို့ ချွေးနဲ့စက်ပြီး ရှာထားရသမျှ သူတို့ဆီ သွားမရောင်းရင် ယင်းနဲ့လှေကို သိမ်းမယ်။ သွားရောင်းပြန်တော့လည်း ဈေးက အဆမတန် နှိမ်မယ်။ ရလာသမျှ ငွေကလေးထဲကနေ အကြွေးက နှိမ်လိုက်အုံးမယ်။
ကဲ ငါတို့ အသက်ရှင်ရပ်တည်ဖို့ ဘာကျန်တော့လို့လဲကွ။ ဟင်း … ငါတို့ ဘဝက ဟောဒီ ဘဝန်းတန်းမှာ ပိတ်မိနေတဲ့ ငါးတွေ ပုစွန်တွေလိုပဲ။
တစ်ဖက်မှာက … သောင်တစ်ဖက်မှာက ယင်း။ ကဲ … လွတ်လမ်း ရှိသေးရဲ့လား”
ဟု ပြောရင်းမှ ခြေသလုံးထိ နစ်မြုပ်နေသည့် နွံထဲတွင် ကုန်းကာ ရုန်းကာနှင့် ဘဝန်းတန်းဆီသို့ တစ်လှမ်းချင်း သွားနေတော့၏။
ဘဝန်းတန်းတစ်ဝိုက်တွင် နီကြင်မှိန်ဖျော့သော မီးခွက်ကလေး၏ အလင်းရောင်က ပိတ်ဆီးလျက်ရှိသော အမှောင်ကို အန်တုလျက်ရှိ၏။
ရောင်နီကတော့ မပေါ်သေးပါ။
(မြဝတီမဂ္ဂဇင်း ၂၀ဝ၇-စက်တင်ဘာလ)
– ပြီး –
စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ