မောင်မြထွေး(ပင်လယ်)
သံချပ်ကာမုဆိုး
လယ်ကွင်းဘက်ဆီမှ ခြူသံတလွင်လွင်နှင့် မောင်းနှင်လာသော လှည်းဆီမှ နွားငေါက်သံသည် ဆူညံလာ၏။ လှည်းသံသည် အနောက်ဘက်လမ်းမအတိုင်း ဝင်ရောက်လာပြီး ကျွန်တော့်အိမ်ရှေ့တွင် တုံ့ခနဲထိုးရပ်ကာ ခြူသံများလည်း တိတ်ဆိတ်သွား၏။
“ဒွေးလေး ဆရာ အိမ်မှာရှိရဲ့လား”
“ရှိတယ် ခွေးညိုရဲ့၊ ကိစ္စရှိလို့လား။ ဆရာရေ ဒီမှာ ခွေးညိုခေါ်နေတယ်၊ အိမ်ရှေ့ကိုထွက်ခဲ့ပါဦး”
ကျောင်းသွားရန်အတွက် စာအုပ်များကိုပြင်ဆင်နေခိုက် အိမ်ရှေ့ရှိ အမေကြီးလေးနှင့် ကိုခွေးညိုတို့ အခြေအတင် မေးမြန်းပြောဆိုနေသံကြောင့် ကျွန်တော် အိမ်ရှေ့သို့ ထွက်ကြည့်လိုက်သည်။ လှည်းပေါ်မှာတော့ ကိုခွေးညိုနှင့်အတူ ခွေးနက်ကြီး တစ်ကောင်က အမြိုင့်သား ထိုင်နေသည်။
“ကိုခွေးညို တလင်းက ပြန်လာတာလား”
“ဟုတ်တယ် ဆရာရေ့၊ ရွာထဲကို ဈေးလာဝယ်တာ၊ တလင်းမှာ ရိက္ခာပြတ်နေလို့ ဆီနဲ့ ငရုတ်ကြက်သွန် လာဝယ်တာ”
“ကောက်ပြန့် ဘယ်လောက်ကျသွားပြီလဲ၊ ပြီးဖို့ကော
နီးပြီလား”
“တလင်းက နယ်ခါစပဲရှိသေးတယ်။ ပြီးဖို့ အဝေးကြီး လိုသေးတယ်။ ဪ … ဒါထက် ညနေဘက် ကျောင်းဆင်းရင် တလင်းဆီ အလည်လာခဲ့ပါဦး။ ခုမနက် တောကြက်တစ်ကောင် တည်လို့ရထားတယ်။ တောကြက်သားနဲ့ ညနေစာစားပြီး တလင်း မှာ ပြောပြောဆိုဆို တစ်ညအိပ်ကြတာပေါ့။ ကျွန်တော် အဆင်သင့် လုပ်ထားလိုက်မယ်”
“ဟန်ကျတာပေါ့ ကိုခွေးညို … ဒါမျိုးဆို ကျွန်တော် ဘယ်တုန်းကငြင်းဖူးလို့လဲ၊ စိတ်ချနေ၊ ကျွန်တော် ကျောင်းဆင်းပြီးတာနဲ့ တလင်းကိုလာခဲ့မယ်”
ကိုခွေးညိုက လှည်းကို ရွာလယ်သို့ ဆက်မောင်းသွားသည်။ ကိုခွေးညို တလင်းမှာ ရွာမှ တစ်မိုင်ခန့်ဝေးသည်။ စပါးသိမ်းချိန်ဖြစ်၍ တလင်းစောင့်ရင်း လယ်တောမှာ ချက်ပြုတ်စားသောက်နေသည်။ ကိုခွေးညိုသည် လယ်အလုပ်ကိုလုပ်သလို အားလပ်သည့်အခါများတွင် တောတက်၍ ဟင်းစားရှာတတ်သူ ဖြစ်သည်။ ကိုင်းထောင်သည်၊ ကြက်တည်သည်။ ညအခါ တောလည်လေ့ရှိသည်။ တောလိုက်ခွေး ကောင်းကောင်းကိုလည်း လေ့ကျင့်မွေးမြူတတ်သူဖြစ်သည်။
ရာသီအလိုက် ရှဉ့်လိုက်ခြင်း၊ ကြောင်အိပ်တန်းရှာခြင်း၊ အမဲလိုက်ခြင်း၊ သင်းခွေချပ်ရှာခြင်းများကို အမြဲပြုလုပ်လေ့ ရှိသည်။ ဟင်းကောင်း စားရပါကလည်း သူ့တလင်းသို့ ကျွန်တော့်ကို မကြာခဏ ဖိတ်ခေါ် ကျွေးမွေးလေ့ရှိသည်။ ယခုလည်း ဈေးဝယ်လာရင်း ကျွန်တော့်ကို ဝင်ပြောခြင်းဖြစ်သည်။
xxx xxx xxx
“ထမင်းကျက်ပြီလားဟေ့ … ဒီမှာ ဆရာရောက်လာပြီ၊ မိန်းမရေ … ထမင်းဝိုင်းပြင်ဖို့ လုပ်တော့လေ”
“ဟာ … ကိုခွေးညိုကလည်း ခရီးရောက်မဆိုက်ကြီး၊
ဖြည်းဖြည်းမှ စားကြတာပေါ့။ အေးအေးဆေးဆေးပဲဟာ”
“အေးအေးဆေးဆေးဆို ဆရာရေ့ … ဒီဘက်သစ်ရိပ်ကို ခဏလာပါဦး၊ ရွာအပြန်မှာ ထမင်းစားကောင်းအောင်ဆိုပြီး ချက်အရက်တစ်လုံး ဆွဲလာခဲ့တယ်။ ဟဲ … ဟဲ စားကောင်း သောက်ကောင်း တစ်ခွက်တစ်ဖလားပေါ့ ဆရာရယ်”
တလင်းဘေး သပြေပင်ရိပ်ရှိ ကောက်ရိုးပုံနားမှ ကိုခွေးညိုက လှမ်းခေါ်သဖြင့် သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ကိုခွေးညို တလင်းသည် ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိသည်မို့ တစ်နေ့တာ စာသင်ကြားလာရသဖြင့် နွမ်းနယ်လာသူ ကျွန်တော့်အဖို့ အမောပြေစရာ တစ်ခုနှယ် ရှိလှချေ၏။
မြေတလင်းအလယ်တွင် နွားနှင့် နင်းချေထားသော ကောက်ပြန့်မှာ ဝိုင်းဝိုင်းစက်စက်နှင့် ပျံ့ပျံ့စုံစုံ ရှိလှသည်။ တလင်းထိပ်ရှိ နှင်းလျှော ရှမ်းပုံ ပုံထားသော ကောက်လှိုင်းပုံကြီးမှာ ခန့်ခန့်ထည်ထည် ရှိလှသည်။ ကောက်လှိုင်းပုံအနီး၌ ထွန်ခြစ်များ၊ တလင်းသိမ်းတံမြက်စည်း၊ စပါးအမှော်ဆွဲဆီးခက်တို့မှာ နေသားတကျရှိလှသည်။
ကိုခွေးညို အချစ်တော် ခွေးမဲလုံးမှာ သပြေပင်ရိပ် မြေတလင်းတွင် ခွေခွေလေး အိပ်နေသည်။ ကိုခွေးညိုဇနီးကမူ ထမင်းဝိုင်းပြင်ဆင်နေလေသည်။
“ကဲ … ဆရာတို့ ထမင်းပွဲပြင်ပြီးပြီ၊ ဝိုင်းသိမ်းကြတော့လေ”
“အစ်မပါ တစ်ပါတည်း ဝင်စားလိုက်ပါလား”
“ရပါတယ် ဆရာရဲ့ … ဆရာတို့ပဲ အရင်စားနှင့်ပါ၊ ကျွန်မ အကြမ်းအိုးတည်စရာရှိသေးတယ်”
ကိုခွေးညိုဇနီးက မီးထပ်ထိုး၍ အကြမ်းအိုးဆက်တည်နေသည်။ ကျွန်တော်တို့နှစ်ဦးလည်း ထမင်းပွဲတွင် ဝင်ထိုင်လိုက်ကြသည်။
“ဆရာ့ကို ပြောရဦးမယ်၊ မိုးလင်းဝါလကောင်းနေပြီ၊ လကောင်းတုန်းမှာ ကျွန်တော့်သားကြီးမဲလုံး ဘယ်လောက်စွမ်းတယ်ဆိုတာ ဆရာ့ကို ပြရဦးမယ်”
ထမင်းဝိုင်းမှာ တောတွင် စားရသည်မို့လား မသိ၊ အလွန် စားကောင်းလှသည်။ စားပြီးသောအခါ ရေနွေးကြမ်းက အသင့် ဖြစ်နေချေ၏။ ရေနွေးသောက်ရင်း ရွာရှိ ရပ်ရေးရွာရေးအကြောင်း၊ ပညာရေးအကြောင်း၊ လယ်လုပ်ငန်းခွင်အကြောင်း၊ တောလည်ခြင်းအကြောင်း စကားလက်ဆုံကြသဖြင့် ညဉ့်အတော်နက်မှ အိပ်ရာသို့ ဝင်ဖြစ်ကြသည်။
xxx xxx xxx
“ဆရာ … ဆရာ ထတော့၊ တမွန်းလွဲသွားပြီ”
ကိုခွေးညို လှုပ်နိုးမှုကြောင့် အိပ်ရာထဲမှ လူးလဲထလိုက်သည်။ ချက်အရက်ရှိန်နှင့် တောကြက်သားဟင်းတန်ခိုးကြောင့် အဆီရစ်ကာ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမိသည်။ တဲပြင်သို့ထွက်၍ အိုးထဲမှရေဖြင့် ကျွန်တော် မျက်နှာသစ်လိုက်သည်။ ရေက အေးလွန်းသဖြင့် မျက်နှာတစ်ခုလုံး ထုံကျင်သွားလေ၏။ ဆောင်းလေအေးက အရှေ့ဘက်ဆီမှ နှင်းငွေ့ များဖြင့် ထပ်၍ ကျီစယ်သွားသေးသည်။
လရောင်ကြောင့် တလင်းဝန်းကျင်မှာ လင်းထိန်နေ သည်။ ရွာဆီမှာ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ပင်လယ်ဆီမှ လှိုင်းပုတ်သံကို ကြားနေရ၏။ ကြယ်စုံသော ကောင်းကင်ရှု့ခင်းကား သာယာအေးငြိမ်းလွန်းလှသည်။ ကိုခွေးညို ဘယ်အချိန်ကထ၍ အကြမ်းတည်ထားသည်မသိ။ မီးဖိုပေါ်မှ အကြမ်းအိုးဆူပွက်သံကို ကြားနေရသည်။
“လာ … ဆရာ … ငါးခြောက်ဖုတ်နဲ့ အကြမ်းသောက်ရအောင်၊ ပြီးမှ တောတက်ကြတာပေါ့”
ရေနွေးဝိုင်း လက်စသတ်ပြီးသောအခါ နှစ်ဦးသား တောလည်သွားရန် ပြင်ဆင်ကြသည်။
ကျွန်တော်က လက်နှိပ်ဓာတ်မီးနှင့် ဆောင်ဓားကိုယူကာ လေးဂွလွယ်အိတ်ကို လွယ်ယူသည်။ ကိုခွေးညိုက အရှည်နှစ်ကောင်ခန့် ကျပ်လုံးအရွယ်ရှိ သစ်သားတုတ်ကို ကိုင်တွယ်ရင်း လယ်ကွင်းဘက်သို့ ထွက်လိုက်သည်။
“ထိန်ပင်ချောင်က စပြီးတက်မယ်ဆရာ။ ကဲ … သွားမယ်၊ မဲလုံး .. အို့.. အို့”
မီးဖိုဘေးတွင်အိပ်နေသော မဲလုံးသည် အိပ်နေရာမှ ထလျက် ကိုခွေးညိုနောက်မှ အမြီးတနှံ့နှံ့ဖြင့် လိုက်ပါသွားသည်။ ခပ်လှမ်းလှမ်း တောအရပ်ဆီမှ တောလုံငှက်၏ တကြုံကြုံ အော်မြည်နေသံ ကြားရသည်။ ညသတ္တဝါလေးများ၏ အသံမှတပါး တစ်တောလုံးသည် ငြိမ်သက်နေ၏။
ကျွန်တော်တို့သည် လှည်းလမ်းအတိုင်း အတန်ကြာသွားကြပြီးနောက် လက်ဝဲဘက် ကုန်းကမူဆီသို့ ဖဲ့တက်လိုက်သည်။ တစ်ဘက်တွင် လရောင် ကွက်ကြားနှင့် စမ်းချောင်းတစ်ခုကို တွေ့ရသည်။
ထိန်ပင်ချောင်သည် မော်ရုံတောင်ကြောတစ်ဘက်ဆီမှ ဆင်းလာသော စမ်းသွယ်တစ်ခုဖြစ်သည်။ တစ်မိုးလုံး ရေမပြတ်သော်လည်း ယခုရာသီတွင် ရေခမ်းခြောက်နေလေပြီ။ ပျဉ်းကတိုး၊ ပျဉ်းမ၊ ဇင်ပြွန်း၊ မော်ရုံ၊ ထောက်ကြံ့၊ ရုံး၊ ထိန်၊ နှမ်းပဲ၊ ကရှစ်၊ ပင်ခ စသည့် သစ်ကြီးဝါးကြီးများသည် မှော်ရုံတောင်တန်းတစ်လျှောက် ရှင်သန်ကြီးထွားနေကြသည်။
ကျွန်တော်တို့သည် စမ်းချောင်းကို ဖြတ်တက်ပြီးနောက် ကျောအလယ်တွင် တွေ့ရသော လူသွားလမ်းကလေးအတိုင်း မြောက်ဘက်ဆီသို့ ဦးတည်သွားကြသည်။ မဲလုံးမူကား စမ်းချောင်းအတိုင်း ကျွန်တော်တို့ရှေ့မှ သွားနှင့်သည်မှာ ကြာလှပြီ။
နှစ်ဦးသား မကြာခဏရပ်၍ ခွေးသံကို နားစွင့်ကြရ၏။ ကျွန်တော်တို့ဘေးရှိ ညောင်ကြက်ပင်မှ ဇီးကွက်တစ်ကောင်သည် တကုကုနှင့် အော်မြည်နေ၏။
“ဝုတ် … ဝုတ် … ဝေါင်း … ဝေါင်း”
“ဟော ဆရာ ဒါ မဲလုံးအသံပဲ၊ လာ … လာ ကျွန်တော်တို့ လိုက်ကြရအောင်”
ကျွန်တော်တို့သည် မဲလုံးအသံကြားရာ ထိန်ပင်ချောင်ဖျားဆီသို့ ဒရောသောပါး ပြေးလိုက်သွားကြသည်။ ဆောင်းရာသီဖြစ်၍ တောမီးမလောင်သေးသဖြင့် ဆူးပုလဲပင်များ၊ ကတတ်နွယ်များ၊ သစ်ချုံများအကြား အတင်းတိုးဝှေ့သွားကြရသည်။ သစ်ရွက်ခြောက်များကို နင်းချေသွားရသော ခြေသံများ မှာ တဂျွမ်းဂျွမ်းဖြင့် ဆူညံသွားတော့၏။
စမ်းတိုကလေးတစ်ဘက်ရှိ သစ်ပြောက်ပင်ခြေရင်းကို မဲလုံးသည် ပတတ်ရပ်လျက် ကုတ်ခြစ်ဟိန်းဟောက်နေသည်ကို တွေ့ရ၏။
“ပေး … ပါ် ၊ ဆရာ ကျွန်တော့်ကို ဓာတ်မီးပေး”
ကျွန်တော်က ကိုခွေးညိုလက်ထဲသို့ ဓာတ်မီးကို အလျင်အမြန် ထည့်ပေးလိုက်ရသည်။ ကိုခွေးညိုသည် သစ်ကိုင်းများဆီသို့ ဓာတ်မီးဖြင့် တရစပ် ထိုး၍ကြည့်နေလေသည်။ ခဏအကြာတွင်
“ဆရာ … ဆရာ ၊ လာ… လာ ဟောသည်မှာကြည့်။ လာ .. သံချပ်ကောင်တွေ့ ထားပြီ၊ ဆရာမြင်ဖူးအောင် ကြည့်တတ်အောင် ကြည့်ထား”
ကိုခွေးညို ဓာတ်မီးထိုးထားရာ ပေါင်ရင်းခန့် သစ်ကိုင်းအလယ်တွင် အချွန်အဖုလိုက် တွယ်ကပ်နေသည်။ ခွေးဟောင်သံကြောင့် ငြိပ်၍ ဝပ်နေခြင်းဖြစ်သည်။ ကိုခွေးညိုသည် မဆိုင်းမတွပင် သစ်ပင်တက်ရန် ဟန်ပြင်လိုက်သည်။
“ဟောသည်ကနေ ဆရာ ဓာတ်မီးကို မရွေ့စေဘဲ ဆက်ထိုးထားနော်”
တုတ်ကို ခါးတွင်ချိတ်၍ ကိုခွေးညို သစ်ပင်ပေါ်သို့ လွှားခနဲ ခုန်တက်သွားသည်။ သစ်ကိုင်းဆီသို့ လျှောခနဲ၊ လျှောခနဲ တက်သွားသည်မှာ မျောက်တစ်ကောင်နှင့်ပင် တူလှ၏။
“ဆရာ စမ်းအောက်ဘက်ကို နေရာပြောင်းပြီး ဓာတ်မီးထိုးပါ။ မဲလုံးကိုလည်း အဲဒီကို လှမ်းခေါ်ပါ”
“မဲလုံး အို့ … အို့ … အို့”
မဲလုံးသည် သစ်ပင်ခြေရင်းမှ ကျွန်တော်ရှိရာ စမ်းကမ်းပါးသို့ ပြေးဆင်းလာသည်။ တအီအီညည်း၍ အပေါ်သို့ မော့်ကြည့်လျက် ဂနာမငြိမ်ဖြစ်နေသည်။
မကြာမီ “ဖုန်း … ဖုန်း … ခွပ်” ဟူသော ကိုခွေးညို တုတ်သံနှင့်အတူ တစ်စုံတစ်ခုသည် စမ်းကမ်းပါးသို့ အထွေးလိုက် ကျသွားသည်။ ထိုနေရာသို့ မဲလုံးက ထိုးလိုက်သွားသည်။ ထို့နောက် လက်ဖြင့်ပုတ်ကာ ကိုက်ခဲနေတော့သည်။ ကိုခွေးညိုလည်း သစ်ပင်ပေါ်မှ ဖြုတ်ခနဲ ခုန်ဆင်းကာ ခွေးနောက်သို့ လိုက်သွားသည်။
“ဟေ့ကောင် … သားကြီးမဲလုံး၊ တော်တော့ … တော်တော့”
သင်းခွေချပ်မှာ ခွေးကိုက်သဖြင့် လက်ခြေများဝှက်၍ လုံးထားသည်မှာ ခေါင်းခုတစ်ခုပြုလုပ်ထားသည်နှင့် တူလှ၏။ ကိုခွေးညိုသည် သင်းခွေချပ်ကို လက်နှစ်ဖက်ဖြင့် ကောက်မရင်း သူ့တွင် သိုင်းယူလာသော လုံကွင်းကိုဖြန့်ကာ သေသပ်စွာ ထုတ်ပိုး လိုက်သည်။ သင်းခွေချပ်မှာ အကောင်ကြီးဖြစ်၍ ၄ ပိဿာခန့် ရှိမည်ဖြစ်သည်။
“ကဲ .. တွေ့ပြီမဟုတ်လား ဆရာ၊ ကျွန်တော့်သားကြီး အစွမ်းကို မြင်ရပြီမဟုတ်လား၊ ဒီကောင်ဟောင်လို့ကတော့ သေချာပေါက်ပဲ ဆရာရေ။ ရှေ့ကို ဆက်ကြရအောင်”
ကိုခွေးညိုသည် တောလိုက်ခွေး၏ အသွေးအမွေးကို သူသိသည်။ ပုံစံနှင့် အသွေးအမွေးကြိုက်ပါက နို့ဖြုတ်စ ခွေးပေါက်ကလေးကို နွားနို့နှင့် ထမင်းရည်တိုက်ကျွေး၍ ယုယပြုစုတတ်သူဖြစ်သည်။ သူမွေးသည့်ခွေးများမှာ အမွေးအရောင် အနီ၊ ညိုညို၊ အနက်၊ အမွေးတိုတို တောင့်တောင့်ချောချော၊ အမြီးမတို မရှည်၊ နားရွက်ထောင်ထောင်၊ မျက်လုံးတောက်တောက်၊ ရင်အုပ်ကားကား၊ လည်တိုင်တုတ်တုတ်၊ ခြေဖန် လက်ဖန်ကောင်းကောင်း ဖြစ်သည်။ ခွေးတွင် လျှာတွင် အစက်၊ အာခေါင်တွင် အစက်အပြောက်တို့ပါက မြွေပေါက်၍ပင် မသေဟု ပြောပြဖူးပါသည်။
ခွေး တစ်နှစ်သားအရွယ်တွင် တောသို့ အမြဲခေါ်သွား၍ တောအလေ့အထနှင့် အကျွမ်းဝင်စေသည်။ သူ တောမှရလာသည့် တောသတ္တဝါများကို အနံ့ခံ၍ ကိုက်ခဲဆော့ကစားစေသည်။ ထို့ကြောင့် သူမွေးသမျှခွေးများသည် တောကြက်၊ တောကြောင်၊ ချေ၊ ဆတ် စသည်ဖြင့် ခွဲခြားသိတတ်သည့် ခွေးများဖြစ်ကြသည်။
ကိုခွေးညိုကလည်း သူ့ခွေးဟောင်သံ၊ အစ်သံ၊ ညည်းသံကို သေချာစွာမှတ်ထား၍ မည်သည့်သားကောင်မှန်း သူ အတတ်နားလည် သိနေနှင့်သည်။
သားကောင်တို့ ကျက်စားပျော်မြူးရာ ရာသီဓလေ့အချိန်အခါဒေသများကိုလည်း သူ အတတ်သိသည်။
ယခုလို နတ်တော် ပြာသိုလများတွင် သင်းခွေချပ်များကို ရှာဖွေ၍ အလွယ်ကူဆုံးရာသီဖြစ်ကြောင်း သူ့မုဆိုးပညာအရ သိထားသည်။
သင်းခွေချပ်များသည် နေ့အခါ သစ်ခေါင်း၊ တွင်းခေါင်း၊ ကျောက်ခေါင်းများတွင် ခိုအောင်းနေတတ်ပြီး ညအခါ အစာရှာထွက်လေ့ရှိသည်။ မိုးလင်းသည်အထိ ခါချဉ်၊ ပုရွက်၊ ခြများကို ရှာဖွေစားသောက်လေ့ရှိသည်။
ခါချဉ်အုံ၊ ပုရွက်အုံများအတွင်း သူ၏လျှာကို ထိုးသွင်း၍ လျှာတွင် ကိုက်ခဲပါလာသော အကောင်များကိုသော်လည်းကောင်း၊ ခါချဉ်အုံများအတွင်းသို့ ဝင်ရောက်၍ တစ်ကိုယ်လုံးရှိ အကြေးခွံများကိုဟ၍ အကြေးခွံများအတွင်း ခါချဉ်များ ကိုက်ခဲစေကာ အခြားတစ်နေရာတွင် ဖုံလူး၍၊ အထူးသဖြင့် လှည်းလမ်းကြောင်း ဖုံထူထူများတွင် ခါခိ၍ ကောက်ယူစားသောက်လေ့ရှိသည်။
သင်းခွေချပ်၏ တစ်ကိုယ်လုံးတွင် ငါးအဖေးကဲ့သို့ အကြေးခွံကြမ်းကြီးများဖြင့် အထပ်ထပ် ဖုံးလွှမ်းထားသည်။ အကြေးခွံတစ်ခုမှာ တစ်လက်မပတ်လည်ခန့်ရှိ၍ အဝိုင်းပုံ မကျ တကျ ဖြစ်သည်။ နှုတ်သီးဖျားမှာ ချွန်မြ၍ အသားနုများဖြင့် ဖွဲ့စည်းထားသည်။
သင်းခွေချပ်ကို ကိုယ်ပျောက်နိုင်စွမ်းရှိသည်ဟု အချို့က ယုံကြည်ကြသည်။ သင်းခွေချပ်တွင် အစွမ်းထက်သည့် ကိုယ်ပျောက်စွမ်းအားပါသည်ဟု အချို့က ပြောကြသည်။
သမံတလင်းခုံပေါ်တွင် ရာဝင်စဉ့်အိုးကြီးဖြင့် မှောက်ဖိ၍ ချုပ်ထားသော်လည်း အိုးမှာ နေရာမရွေ့ ပုံမပျက်စေဘဲ လွတ်ထွက်အောင် ကြံဆောင်သွားနိုင်စွမ်းရှိသည်ဟုလည်း ပြောဆိုကြသည်လည်း ရှိသည်။
မည်သို့ပင်ဆိုစေကာမူ အချို့က ကလေးငယ်များ၏ လည်ပင်းတွင် သင်းခွေချပ်ဖေးကို ကြိုးဖြင့်ဖောက်သီ၍ ဆွဲပေးထားဖူးသည်ကို ကျွန်တော် မကြာခဏ မြင်တွေ့ဖူးပါသည်။ ကလေး အကြောက်အလန့်မရှိ၊ ကျန်းမာအောင် အနှောင့်အယှက် မရှိစေရန်အတွက် ဆွဲပေးကြကြောင်း စုံစမ်းသိရှိရပါသည်။
ကုန်သည်များကတော့ သင်းခွေချပ်ဖေးကို ဈေးကောင်းပေး၍ ပိဿာချိန်ဖြင့် ဝယ်ယူလေ့ရှိကြသည်။
သင်းခွေချပ်သားသည် တောသတ္တဝါများထဲတွင် စား၍ အရသာအထူးခြားဆုံး သတ္တဝါမျိုးဖြစ်သည်။
ကိုခွေးညိုသည် သင်းခွေချပ်ကို ၎င်းတို့ခိုအောင် သွားလာရာ ခြေများကို ကြည့်ရှုမှတ်သားပြီး အခေါင်းဝတွ တုတ်ကလန့်လေးများ ကြက်ခြေခတ်ထောက်ပိတ်ကာ တုတ်များ အတွင်းသို့ ဝင်နေပါက အထဲတွင် ရှိနေသည်ဟုလည်းကောင်း၊ အပြင်ဘက်သို့ တုတ်များထွက်ကျနေပါက သစ်ခေါင်းမှ အပြင် ဘက်သို့ ထွက်သွားပြီဟူ၍လည်းကောင်း မှတ်ချက်ချကာ ရှာဖွေလေ့ရှိသည်။
ထိုအခါ မြေခေါင်း၊ ကျောက်ခေါင်းဖြစ်က တူးဆွ၍ လည်းကောင်း၊ သစ်ခေါင်းတိုက ပုဆိန်ဖြင့်ပေါက်ခွဲ၍လည်းကောင်း၊ သစ်ခေါင်းရှည်က မီးမြှိုက်၍ မီးခိုးသင့်စေခြင်းဖြင့် လည်းကောင်း ရှာဖွေရယူတတ်သည်။
လသာရက်ညများတွင် သူ့အချစ်တော်မဲလုံးကို အားကိုး၍ အနံ့ခံ ရှာဖွေစေလေ့ရှိသည်။
ကျွန်တော်တို့သည် ယခင်လူသွားလမ်းဘက်သို့ ပြန်မတက်ကြဘဲ အနောက်ဘက်တောင်စောင်းဆီသို့ ဖဲ့တက်ခဲ့ကြသည်။ မဲလုံးကလည်း ကျွန်တော်တို့အနားမှ ဖယ်ခွာကာ ရှေ့မှ သုတ်သုတ် ပြေးတက်ပျောက်ကွယ်သွားလေသည်။
လသည် အနောက်ဘက် သစ်အုပ်အလယ်သို့ပင် နိမ့်ဆင်းသွားချေပြီ။ တောက နည်းနည်းရှုပ်လာသဖြင့် အသွားအလာ ခက်ခဲလာသည်။ တစ်ခါတစ်ရံ ဓာတ်မီးထိုး၍ သွားကြရသည်။ သစ်ပင်ကြိုကြားမှ လရောင်ကွက်ကျားကို အသုံးပြု၍လည်း သွားကြရ သည်။
တောစပ်တစ်နေရာ ချုံတစ်ခုအောက်တွင် ကိုခွေးညို တုံ့ခနဲရပ်သွားသည်။ ကျွန်တော့်ကို လက်ဖြင့်တား၍ ချုံပေါ်သို့ မော်ကြည့်နေလေသည်။ လရောင်မှုံဝါးဝါးတွင် ချုံအုပ်ထဲမှ ခါချဉ်ကောင်များ ဖွဲခနဲ … ဖွဲခနဲ လွင့်စဉ်ကျလာကာ ကျွန်တော်တို့ကို ကိုက်ခဲလေသည်။
“ဆရာ လက်နှိပ်ဓာတ်မီး မြန်မြန်ထိုးပါ … ဒီချုံကို ကျွန်တော် မသင်္ကာဘူး”
ကျွန်တော်က ကိုယ်ပေါ်ရှိ ခါချဉ်ကောင်များကို ပုတ်ခါချရင်း ချုံစွန်းဆီသို့ ဓာတ်မီးကို ထိုးလိုက်သည်။ ခါချဉ်အုံထုပ်ကြီးကို တွေ့ ရပြီး အုံထုပ်ပျက်၍ ပေါက်ပြဲနေသည်။ ခါချဉ်များမှာ တလှုပ်လှုပ် တရွရွနှင့် အုံခဲနေကြသည်။ အချို့မှာ အောက်ဘက်သို့လည်း လွင့်စဉ်ကျနေကြသည်။ ခါချဉ်ဥဖြူဖြူကလေးများမှာလည်း ဆန်စေ့များပမာ တသောသော ထွက်ကျနေကြသည်။
“ဒါ သင်းခွေချပ်စားကျင်းပေါ့ ဆရာ … ဟန်ကျတာပဲ။ ဓာတ်မီး ကျွန်တော့်ကိုပေး၊ ကျွန်တော် မီးထိုးထားမယ်၊ အုံထုပ်ထဲကို ဆရာ လေးခွနဲ့ပစ်ပေတော့”
ကိုခွေးညို့ညွှန်ကြားချက်အတိုင်း လေးခွဖြင့် ဆက်တိုက် ပစ်ခတ်လိုက်သည်။ အချို့အချက်မှာ ခါချဉ်အုံကို ထွင်းဖောက် ထိမှန်သော်လည်း၊ တစ်ခါတစ်ခါ ဖုံးဖုံးဟု မြည်သွားသည်။ အမာတစ်ခုခုကို ထိမှန်သည့်အသံဖြစ်သည်။
“တော်ပြီဆရာ … ဒါလောက်ဆို ဒီကောင်မပြေးတော့ ဘူး၊ အထဲမှာ ဝင်ခွေနေလောက်ပြီ။ ဝါးချွန်နဲ့ ထိုးယူရမယ်။ ကျွန်တော် ဝါးသွားခုတ်လိုက်မယ်။ မဲလုံးကို ရောက်အောင် ဆရာ ခေါ်ထားနှင့်ပါ”
ကျွန်တော် မဲလုံးကို အော်ခေါ်လိုက်ရာ ကိုခွေးညို ထွက်သွားပြီး မကြာမီမှာပင် မဲလုံးရောက်ရှိလာပြီ။ သင်းခွေချပ်နံ့ ရသဖြင့် အငြိမ်မနေဘဲ ချုံပုတ်သို့ ချိတ်တက်နေတော့သည်။
ကွမ်းတစ်ယာညက်ခန့်အကြာ ဝါးလုံးရှည်ကို ကိုင်ဆောင်၍ ကိုခွေးညို ပြန်ရောက်လာသည်။ ရှစ်တောင်ခန့်အမြင့်ရှိသော အုံထုပ်ကို ဝါးလုံးဖြင့် အချက်ပေါင်းများစွာ ဆောင့်ထိုးလိုက်ရာ ခါချဉ်အုံပျက်သွားပြီး ခွေနေသော သင်းခွေချပ်ကို မြင်ရသည်။
လက်နှိပ်ဓာတ်မီးရောင်ဖွေးဖွေးတွင် ခွေနေသော သင်းခွေချပ် အလယ်ရှိ ဦးခေါင်းနေရာသို့ ကိုခွေးညိုက ဝါးချွန်ဖြင့် လက်ဆ၍ တအားထိုးလိုက်သည်။ ချက်ကောင်းထိမှန်သဖြင့် သင်းခွေချပ်မှာ အောက်သို့ လျှောခနဲ ပြုတ်ကျလာသည်။ ခန္ဓာကိုယ်ကိုလုံးရန် အားအင်မရှိတော့ဘဲ အစန့်လိုက်သားဖြစ်နေတော့သည်။
ကိုခွေးညိုသည် မဲလုံးလက်အောက်မှ သင်းခွေချပ်ကို ဆွဲယူလိုက်ပြီး လက်ဖြင့် အမြီးမှ ဆွဲကိုင်ယူလာခဲ့သည်။
“လဝင်ခါနီးနေပြီ ဆရာ … မိုးလင်းတော့မယ်၊ ဟင်းစားလည်း ကောင်းကောင်းရပြီပဲ။ ပြန်ကြတာပေါ့”
ကျွန်တော်တို့သည် တောအုပ်မှထွက်၍ ဝါးခင်းတစ်ခုကို ကျော်ဖြတ်ကာ ဆင်ခြေလျှောအတိုင်း ဆင်းလိုက်သောအခါ လယ်ချောင်းတစ်ခုကို တွေ့ ရသည်။ ၎င်းမှတစ်ဆင့် လယ်ကွင်း ရိုးပြတ်တောများကို တရှဲရှဲ နင်းချေကာ ကိုခွေးညိုတလင်းဆီသို့ ဦးတည်ပြန်ခဲ့ကြသည်။
ကျွန်တော်တို့၏ အပြန်ခြေလှမ်းများ သည် ပို၍ပို၍ သွက်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သံချပ် ကာမုဆိုး ကိုခွေးညိုအနေဖြင့် သင်းခွေချပ်နှစ်ကောင်၏ အဖေးများကို ရောင်းချခြင်းဖြင့် အပိုဝင်ငွေတစ်ခု တိုးလာနိုင်သလို တောလိုက်ပညာတစ်ခုကို ကိုခွေးညိုက လက်တွေ့ သင်ပြပေးခြင်းဖြင့် ကျွန်တော့်တွင် ‘သံချပ်ကာမုဆိုး’ အတွေ့အကြုံတစ်ခု တိုးလာခဲ့သောကြောင့် မဟုတ်ပါလော။
– ပြီး –
စာရေးသူ – မောင်မြထွေး(ပင်လယ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ