•••••••••••••••••••••••••••••••••••••••
#ဖိုးကျော့
ချင်းတောင်တန်းကြီးကို ကျော်လာသော နေရောင်ခြည်များကို မမြင်ရခင်ကပင်… သူ အိမ်ထဲက ထွက်လာသည်။ အနီးဝန်းကျင်တွင် ထောင်ထားသော ထောင်ချောက်များကို သူ လိုက်ကြည့်သည်။
သူ့ကိုယ်ပေါ်တွင် လေးနှင့်မြားအပြင် တိုမီသေနတ်တစ်လက် လည်းပါသည်။ လေးနှင့်တန်သော တောတိရစ္ဆာန်များကို လေးနှင့်ပစ် ခွင်း၍လည်းကောင်း၊ သေနတ်နှင့်တန်သော တိရစ္ဆာန်များကို တိုမီသေနတ် နှင့်ပစ်၍လည်းကောင်း ဖမ်းဆီးယူရသည်။
ချင်းမုဆိုးကြီး မနားတမ်း ဤသို့ အသက်မွေးဝမ်းကျောင်း ပြုလုပ်လာသည်မှာ နှစ်ပရိစ္ဆေဒ ကြာပြီ။ သည်နယ်တစ်ဝိုက်တွင် သူကား နာမည်ကြီး သိက္ခာရ မုဆိုးကျော်ကြီးတစ်ဦး ဖြစ်သည်။ သူသာ မဟုတ်၊ သူ့အဖေလည်း မုဆိုး၊ သူ့အဘိုးလည်း မုဆိုးဖြစ်သဖြင့် မုဆိုးမျိုးဟုလည်း နာမည်ကြီးသူ ဖြစ်လေသည်။
နံနက်ထတွင် ထောင်ချောက်သွားဖြုတ်ရင်း လမ်းတွင်ကြုံကြိုက် သော သေနေ့စေ့သော တောတိရစ္ဆာန် ကြီးငယ်များကိုလည်း အသက်ဇီဝိန် ခြွေပစ်ကာ အသားဟင်းလျာ ရောင်းစားသော မုဆိုးအလုပ်တစ်ခုတည်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ ဖြစ်လေသည်။
ထို့ကြောင့်လည်း မနားတမ်း ဆိုသည်မှာ မုဆိုးကျော်ကြီးမှန်း လူတိုင်းသိကြလေသည်။ သူတို့နယ်တစ်ဝိုက်တွင် မုဆိုးကြီးမနားတမ်းမှာ ဟိုးဟိုးကျော်နေသူ တစ်ယောက်ဖြစ်သည်။
သည်ရက်ပိုင်းအတွင်းမှာတော့ မုဆိုးကျော်ကြီး မနားတမ်း စိတ် အတော်ညစ်နေသည်။ အိမ်ရှေ့တွင် လူရိပ်လူရောင်မြင်သည်နှင့် “လာ ပြန်ပြီ တစ်ယောက်”ဟု စိတ်ထဲက ရေရွတ်မိကာ မျက်စိမျက်နှာ ပျက်ပျက်သွားတတ်လေသည်။
အကြောင်းမှာ ခေါနူးစုမ်ခေါ် ဝိတိုရိယ တောင်ဘက်မှ နယ်ကျွံလာသော ကျားဆိုးတစ်ကောင်သည် သူတို့နယ်တစ်ဝိုက်၊ ရွာနီးချုပ်စပ် တစ်ဝိုက်တွင် အလွန်သောင်းကျန်းနေသဖြင့် ဖြစ်သည်။
တစ်နေ့တစ်မျိုး ထိုကျားဆိုး၏ သတင်းကိုလည်း နေ့စဉ်လိုလိုကြား နေရသည်။ ဘယ်ရွာက ဘယ်သူ့ နွားနောက်ကို ကိုက်သွားပြန်ပြီ။ ဘယ်ရွာက ဘယ်ဝက်တွေ ဝင်ဆွဲသွားပြန်ပြီနှင့် ကျားဆိုးကြီး၏ သတင်းမှာ တစ်ပတ်အတွင်း သူတို့နယ်တစ်ဝိုက်၌ အုတ်အော်သောင်းတင်း ဖြစ်လာသည်။
ထိုသို့ အုတ်အော်သောင်းတင်းဖြစ်လာပြီး နွားဆွဲဝက်ဆွဲ ခံရသူများသည် မိုးလင်းသည်နှင့်တစ်ပြိုင်နက် သူ့ဆီ ရောက်လာကြသည်။
အကြောင်းခြင်းရာကို တိုင်တမ်းကြသည်။
တစ်ယောက်စ နှစ်ယောက်စ လာတိုင်ကြတုန်းကမူ “ဟာ. . နွားနောက်တွေ၊ ဝက်တွေ ကျားဆွဲတာ မဆန်းပါဘူးကွာ၊ ကျားလဲ အသက်နဲ့ဆိုတော့ သူ့အစာ သူ ရှာစားတာ၊ သူ့ဝမ်း သူကျောင်းတာပဲ၊ တို့လဲ တောတိရစ္ဆာန်တွေကို သတ်ဖြတ်ဖမ်းဆီးပြီး အသက်မွေးဝမ်းကျောင်းပြုနေတာပဲ” ဟု လွယ်လွယ်ပင် ပြောလိုက်မိသည်။
လူမုဆိုးနှင့် တောမုဆိုးတို့သည် တစ်ဦးနှင့်တစ်ဦး သစ္စာရှိကြရသည်။ စိန်မခေါ်သေးသမျှ၊ တစ်နည်းဆိုရသော် တစ်ဦးကိုတစ်ဦး ရန်မရှာသမျှ မသတ်ကောင်းဟုလည်း မုဆိုးများ၏ ရှေးထုံးစဉ်လာ ရှိထားသည်။ ထို့ကြောင့်လည်း “ကျားလဲ အသက်နဲ့ပဲကွာ၊ သူ့ဝမ်းသူ ရှာစားတာပဲ” ဟု လွယ်လွယ် ပြောမိလိုက်ခြင်း ဖြစ်သည်။
သို့သော် နယ်သူနယ်သား ရွာသူရွာသားတွေက မကျေနပ်ကြ။ ”မုဆိုးကျော်ကြီး လုပ်နေပြီး သည်ကျားကိုတောင် မပစ်ရဲဘူး၊ မရှာရဲဘူး” ဟု အပြစ်တင်ကြသည်။
ဤသို့ အပြစ်တင်စကား ဆိုကြသည်ကိုလည်း မနားတမ်းသည် ဂရုမစိုက်၊ ပြုံးပြုံးသာ နေခဲ့၏။
သူ့ခံယူချက်မှာ မုဆိုးချင်း “တောမုဆိုးနှင့် လူမုဆိုးတို့ သစ္စာရှိ ကြရမည်” ဟူသော ရှေးမုဆိုးကျော်ကြီးများ၏ လက်သုံးစကားကိုသာ သိက္ခာကာမ တစ်ခုလို၊ ပညတ်ချက်တစ်ရပ်လို ကျင့်သုံးနေခဲ့သည်။
သည်လိုနှင့် ဝိတိုရိယတောင်ကြောဘက်မှ ဆင်းလာသည်ဆိုသော ကျားဆိုးကြီးမှာလည်း နွားနောက်ကို တစ်နေ့တစ်ကောင်ကျ လည်းကောင်း ဝက်ကိုလည်းကောင်း၊ တစ်ရွာမဟုတ် တစ်ရွာတွင် နေ့စဉ်လိုလို ကိုက် သတ်လျက် ရှိလေသည်။
ထိုသို့ သူတို့ နွားနောက် သူတို့ဝက်တွေ ကျားကိုက်ခံရတိုင်း မုဆိုး ကျော်ကြီး မနားတမ်းဆီသို့ အတိုင်အတော ရောက်လာတတ်ကြသည်။ ယင်းကြောင့်လည်း မုဆိုးကျော်ကြီး မနားတမ်းမှာ သူ့အိမ်ရှေ့တွင် လူရိပ်လူရောင် မြင်သည်နှင့် အတိုင်အတော လာကြပြန်ပြီအထင်နှင့် မျက်စိမျက်နှာ ပျက်နေတတ်သည်။ သူ့တစ်သက်တွင် ကျားမုဆိုးဆို၍လည် တစ်ကောင်တလေမျှ မသတ်ဖူးသဖြင့် ကျားသတ်ရမှာ ဝန်လေးနေသည်။ စိတ်ညစ်နေသည်။
တစ်နေ့မနက်မှာတော့ ကျားဆိုးကြီး၏ ပယောဂသည် သူ့ဆီ ပြဿနာတစ်ခုအဖြစ် အလိုလိုရောက်လာလေသည်။
သူသည် ခါတိုင်းနေ့တွေလိုပင် ညနေက ထောင်ထားခဲ့ ထောင်ချောက်များကို ကြည့်ရန်၊ သားကောင်များ မိနေလျှင် ဖြုတ်ယူရန် အိမ်က ဝေလီဝေလင်း ထွက်လာသည်။
ဆင်သေကုန်းအထက်နား ရောက်သောအခါ မမျှော်လင့်ဘဲ ဝက်သေတစ်ကောင်ကို ပိုလိုးပက်လက် တွေ့ရသည်။ ရောဂါဘယကြောင့် သေသော ဝက်လားဟု ကြည့်သောအခါ ဝက်ကြီး၏ လည်ပင်းကုပ် ဒဏ်ရာအနာတရနှင့်ဖြစ်နေသည်ကို မြင်ရ၏။ သေသေချာချာကြည့်သောအခါ ကျားကိုက်ခံရ၍ သေနေသော ဝက်မှန်း သိရသည်။
ဝက်မှာ တောဝက်မဟုတ်။ ရွာသူရွာသားတွေ မွေးထားသော ဝက်၊ လက်တစ်ဖက်တွင် “ခမည်း” ပေးထားသော အဝတ်အနီ တစ်ခု ချည်ပိတ်ထားသည်ကိုလည်း ထင်ထင်ရှားရှားတွေ့ရသည်။
ဤဝက်ရှင်မှာ ဘယ်ရွာကမှန်း သူ မသိ။ သူတို့ ချင်းရွာများဆိုသည် လည်း ဟိုတောင်ကြား ဆယ်အိမ်၊ သည်တောင်ကြား ငါးအိမ်ဖြစ်ရာ ဘယ်လိုမျှ မခန့်မှန်းတတ်။ တစ်ခု သေချာသည်မှာ သူတို့ရွာက ဝက် မဟုတ်သည်မှာတော့ အမှန်ပင်။ သူတို့ရွာက ဝက်သာဆိုလျှင် ညက ရွာထဲ ကျားဝင်ဆွဲသဖြင့် တစ်ရွာလုံး အုတ်အော်သောင်းတင်း ဖြစ်ကြသံ ကြားမိမည်။ သို့မဟုတ် သူ့ကို လာတိုင်ကြမည်။ ညက သူတို့ရွာတွင် ဘာသံမှ မကြားရ။ ခါတိုင်းလိုပင် ငြိမ်ငြိမ်သက်သက် အေးအေးလူလူပင်။
ဝက်သေကြီးမှာ လတ်လတ်ဆတ်ဆတ်ဖြစ်သည့်ပြင် ကျားဆိုးကြီးသည် ဝက်ကို ကိုက်စားမသွား၊ သွေးသောက်ရုံသောက်ကာ သည်အတိုင်း
ပစ်ထားခဲ့သည်။ ဤသည်မှာ လူသံကြားရသဖြင့် စားချိန်မရ၍ ထားပစ် ခဲ့ခြင်း ဖြစ်နိုင်သလို၊ မ,နောက်ကို လိုက်ရန် ဆန္ဒစိတ်စောနေ၍လည်း ဖြစ်နိုင်သည်။
ဤရာသီမှာ ကျားများ မိတ်လိုက်တတ်သော ရာသီဖြစ်လေရာ မနောက်ကို မိတ်စိတ်နှင့် လိုက်သွားတတ်သော ရိုးမကျားကြီးများသည် သူတို့ကိုက်သတ်သော တိရစ္ဆာန်ကို သွေးသောက်ပြီး ကျားမ, နောက် လိုက်သွားလေ့ရှိလေသည်။ ထို့ကြောင့် ဆင်သေကုန်းနားတွင် ကျားကိုက်ခံရ၍ သေနေသော ပံ့သကူဝက်သေကြီးကို ထမ်းယူလာပြီး သူ့မိန်းမလက် အပ်ထားခဲ့သည်။
သူကမူ တောထဲ တစ်ခေါက်ပြန်လာပြီး ထောင်ချောက်များကို ကြည့်ရန် ထွက်လာ၏။ ထိုအချိန်မှာပင် ရွာ၌ ပြဿနာအကြီးအကျယ်
တက်နေလေပြီ၊၊ မနားတမ်း မိန်းမသည် မနားတမ်းလာပို့ထားခဲ့သော ဝက်ကို ပေါ်ပြီး ပေးကမ်း၊ ချေးငှားရောင်းချရာ အိမ်ဝက်သား၊ ရွာဝက်သားမှန်း
သိသော လူတိုင်းက “အိမ်မှာ ဝက်ပေါ် သလား” ဟု မေးကြ၏၊ “ခါတိုင်းလို တောဝက်သားထင်လို့ ဝယ်မိပါတယ်၊ အိမ်ဝက်သားပဲ အဆီက များပါဘိနဲ့” ဟု စကားရှည်တတ်သော မိန်းမကြီးအချို့က လာပြန်ပေးသည်။
ထိုအခါ သူ့ယောက်ျား မုဆိုးကျော်ကြီးကို ဂုဏ်တင်ချင်လိုသော ဂုဏ်လုပ်ပြောတတ်သော မနားတမ်းမိန်းမက “တောဝက်သားလား၊ အိမ်ဝက်သားလားဆိုတာ ကျုပ်လဲ ဘယ်သိပါ့မလဲတော်၊ မနားတမ်းကတော့ သူ့ကို သူ့မိတ်ဆွေကြီးကျားက ဒီမနက် ဝက်တစ်ကောင် ကိုက်ပေးသွားတယ် ပြောပြီး လာပို့ထားခဲ့တာပဲ” ဟု ပြော၏။
ထိုအခါ ယခု ရွာနီးချုပ်စပ်တစ်ဝိုက်တွင် သောင်းကျန်းနေသော ကျားကြီးမှာ မနားတမ်း မွေးထားသော (သို့မဟုတ်) မနားတမ်း နတ်တိုက် ထားသော ကျားဖြစ်ရမည်။ ယခင်နေ့တွေက ချေတွေ၊ ဆတ်တွေ၊ တောဝက်တွေမှာလည်း မနားတမ်း ထောင်ချောက်တွင် မိ၍ရသော တိရစ္ဆာန်များ မဟုတ်ဘဲ ကျားဆိုးကြီးကိုက်သတ်ပေးသော တိရစ္ဆာန်များပင် ဖြစ်ရမည်။ ထို့ကြောင့် ဤမျှ နာမည်ကြီးနေသော ကျားဆိုးကြီးကို မနားတမ်းက မသတ်ဘဲ မွေးထားသည်ဟု ကောလာဟလတွေ တစ်ရွာလုံး ပျံ့နှံ့ကုန်လေသည်။
မနားတမ်း မနက်က သူ့မိန်းမအား အပြောင်အပြက် ပြောထားခဲ့ သောစကားသည် သူ့ရှူး သူပတ် ပြန်ပတ်ဖြစ်နေလေပြီ။ ဤမျှနှင့်မရပ်သေး၊ သည်အတိုင်းဆိုလျှင် မနားတမ်းသည် တခြားရွာများက ဝက်တွေ၊ နွားနောက်တွေကိုသာ မဟုတ်၊ မိမိရွာက ဝက်တွေ နွားနောက်တွေပါ တစ်နေ့ မနားတမ်းကိုပင် ကိုက်ပေးပေလိမ့်မည်။
ဤကျားဆိုးအပေါ်တွင် မနားတမ်း၏သြဇာမှာ အလွန်ကြောက် စရာ ကောင်းနေပေပြီ။ ဤကျားဆိုးကြီးကို မနားတမ်းသည် သူ့အဖေ သူ့အဘိုးတို့ဆီမှ ရထားလိုက်သောပညာနှင့် နတ်တိုက်ထားလေပြီ။
ထို့ကြောင့်လည်း… ဤကျားဆိုးကြီးသည် သူကိုက်သတ်သော တိရစ္ဆာန်များကိုပင် တစ်ဖဲ့ တစ်ကိုက် မစားဘဲ၊ မနားတမ်းကို ဆက်သနေ လေပြီဟု တစ်ရွာလုံး ယုံကြည်နေကြသည်။
ထိုအချိန်မှာပင် ကံဆိုးချင်သော မနားတမ်းအတွက် ဂြိုဟ်ဆိုး တစ်ခု ထပ်ဝင်ပြန်သည်။
ဤကျားဆိုးကြီးမှာ မနားတမ်းမွေးထားသော နတ်တိုက်ကျားဆိုးဟု အနီးဝန်းကျင်ဆိုးများကပင် လူပြောသူပြောနှင့် သံသယဝင်နေချိန်မှာ မနားတမ်းတို့ ရွာထဲသို့ တစ်နေ့သ၌ ကျားဆိုးကြီး နေ့ခင်းကြောင်တောင် ဝင်လာပြီး ဝက်တစ်ကောင်ကို ဆွဲသွား၏။ တစ်ရွာလုံး ကျွက်ကျွက်ညံ သွားသည်။
ကျားကြီးကို မြင်သူတွေက ထင်ထင်ရှားရှား မြင်လိုက်ရသည်ဟု ရွာထဲဝင်ပြီး ဝက်ဆွဲသွားသော ကျားမှာ ကျားခေါင်းနှင့်လူကိုယ် ဖြစ်နေသည်။ ကျားကိုယ်တွင် သရဲသဘက် စီးနေသည်။ သမန်းကျား ဖြစ်နေပြီ။ နောက်ဆိုလျှင် ဤသမန်းကျားသည် ရွာထဲဝင်ပြီး လူတွေကို ဝင်ဆွဲ တော့မည်ဟု ဆိုသူက ဆိုကြသည်။
မိန်းမများနှင့် ကလေးသူငယ်များမှာ နေ့ခင်းရွာထဲ နေရသည်ကိုပင် စိတ်ထဲ မလုံကြတော့။ ဟင်းရွက်ခူး၊ ထင်းခွေ၊ ရေခပ်သွားကြရာ၌ပင် စိတ်တထင့်ထင့် ဖြစ်နေကြသည်။ မနားတမ်း၏မိန်းမနှင့် ကလေးသူငယ်များကိုလည်း မလိုမုန်းထားစွာ မျက်စောင်းထိုးလာကြတော့သည်။
ထိုအခါ မနားတမ်းသည် မနေနိုင်တော့။ ဤကျား မသေမချင်း လူတွေက သူ့ကိုချည်း ဒေါသဖြစ်နေကြတော့မည်။ တခြားရွာများရှိ မုဆိုးတွေကလည်း ဤကျားကို သတ်ဖြတ်ရန် အမျိုးမျိုးကြိုးစားခဲ့ကြ၏။ တိုမီ သေနတ်နှင့်ပစ်သတ်ရန် ကျားဆိုးကြီးကို လိုက်ချောင်းကြသည်၊ မတွေ့။ ကျားကြီး ကိုက်သတ်သွားသော ဝက်သေ နွားနောက်သေတွေနှင့် မိရိုးဖလာ သုတ်ကိုင်းအမျိုးမျိုး ထောင်ချောက်အမျိုးမျိုးဆင်ကြ၏။ မမိ။
ဤကျားဆိုးမှာ သူတို့ ထောင်ချောက် သုတ်ကိုင်းထောင်ထားသည် အတပ်သိသကဲ့သို့ပင် ကိုက်သတ်ထားခဲ့သော တိရစ္ဆာန်များဆီ လုံးဝပြန်လာမစား။ မုဆိုးများအားလုံးပင် လက်မြှောက်ကာ ဤကျားဆိုးမှာ မနားတမ်း မွေးထားသော နတ်တိုက်ကား၊ သမန်းကျား ဖြစ်ရမည်ဟု ထင်လာကြသည်။
ထို့ကြောင့် ဤဝိတိုရိယ ကျားကြီး၏ ပြဿနာမှာ မနားတမ်းဆီ ဆိုက်မြိုက်မြိုက် ရောက်လာတော့သည်။ ကဲ ဝိတိုရိယကျားဆိုးကြီးရေ… မင်း ရှာစား၊ မင်းဝမ်း မင်းကျောင်းတာပဲလို့ သဘောထားခဲ့တယ်၊ ခုတော့ မင်းဟာ ငါ့ရွာထဲကိုလည်း ကျူးကျော်လာပြီ။ ငါ့စည်းကိုလည်း မင်း ဖောက်လာပြီ။ ဒီတော့ မင်းနဲ့ငါ သူသေကိုယ်သေ စိန်ခေါ်ပြီး တိုက်
ကြရတော့မယ်ဟေ့၊ မင်းနိုင်ရင် ငါ့အသား မင်းစား၊ ငါ နိုင်ရင်လည် မင်း သေပေတော့။
မနားတမ်းသည် ဤသို့ ဆုံးဖြတ်ချက်နှင့်အတူ ကျားကြီးကို စိန်ခေါ်ကာ ကျိန်စာတိုက်လေတော့သည်။ သူ မွေးထားသောကျား၊ သမန်းကျား မဟုတ်ကြောင်း ပြရန်မှာ မနားတမ်းအတွက် ဤတစ်လမ်းသာ ရှိတော့သည် မဟုတ်ပါလား။
အဆင်သင့်ချင်တော့ နောက်တစ်နေ့မှာပင် ရွာထဲဝင်ဆွဲကျင့်ရကာ. ရဲတင်းနေသော ကျားဆိုးကြီးသည် အတင့်ရဲစွာဖြင့် သူတို့ရွာထဲက သားပေါက်နေသော နွားနောက်တမ်းမတစ်ကောင်ကို ဝင်ဆွဲသွား၏။
ထုံးစံအတိုင်း လည်ကုပ်ကို ကိုက်ပြီး လည်ချောင်းသွေးကို သောက်ကာ အပြင်ရှိ ဖုန်းဆိုးယာခင်း တောစမှာ ပစ်ထားခဲ့၏။
နွားနောက်အသေဆီသို့ ရိုးရိုးတန်းတန်းဆိုလျှင် သူ့အကျင့်အတိုင်း ကျားဆိုးကြီးသည် ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပေ။ ထို့ကြောင့် မနားတမ်းသည် ကျားဆိုးကြီးကို စိန်ခေါ်ကာ ကျိန်စာတိုက်ရတော့သည်။
ဤသည်ကိုလည်း မနားတမ်းသည် သူတစ်ဦး တစ်ယောက်တည်း မလုပ်၊ ရွာနီးချုပ်စပ်မှ မုဆိုးသုံးယောက်ကို ခေါ်သည်။ နွားနောက်သေနားတွင် လူသုံးယောက် ထိုင်နေနိုင်လောက်အောင် ကျင်းတစ်ကျင်းကို အမြန် တူးကြသည်။ ကျင်းတူးပြီးသောအခါ ထိုကျင်းပေါ်တွင် လူကြီးပေါင်လောက်ရှိသော သစ်လုံးများကို ကြမ်းခင်းသလို စီထားသည်။
နောက် မုဆိုးနှစ်ယောက်ကို ဝင်ထိုင်စေပြီး မနားတမ်းက နှစ်ယောက်ပေါ် သစ်လုံးတွေနှင့် စီဖုံးကြည့်သည်။ သူပါဝင်လိုက်ကာ လူသုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှဉ်ပြီး ထိုင်မိလေပြီ။ ထိုအခါ မုဆိုးနှစ်ယောက်ကို အပြင်သို့ ပြန်ထွက်စေပြီး ကျားဆိုး ကြီးအား စိန်ခေါ် ကျိန်စာတိုက်နည်း ပြသလေသည်။
“ဒီမှာ.. မင်းတို့ကို ငါ ပြောမယ်၊ ဒီကျားဆိုးဟာ ငါ မွေးထားတဲ့ ကျား၊ ငါ့ကို ဝက်တွေ၊ ချေတွေ၊ ဆတ်တွေ၊ နွားနောက်တွေကို ကိုက်ပေးနေတယ်၊ သမန်းကျား ဖြစ်တယ်လို့ လူတွေက ယုံကြည်နေကြတယ်။ ဒါပေမယ့် သူတို့ထင်တာတွေ တစ်ခုမှ မဟုတ်ဘူး။ သူ ကိုက်သတ်သွားတဲ့ နွားသေတွေဆီ ဒီကျားကြီး ပြန်လာမစားတာ မိတ်စိတ်ဝင်နေလို့လည်း ဖြစ်နိုင်တယ်။ ဒါမှ မဟုတ်ရင်လဲ သွေးသောက်တဲ့အရသာကို သိပြီး အသားမစားတော့ဘဲ သွေးသောက်တဲ့အကျင့်ပဲ ရသွားလို့လဲ ဖြစ်နိုင်တယ်။ ဒီတော့ သူ့ရာဇဝင်တစ်လျှောက်မှာ သူ ကိုက်သတ်ထားခဲ့တဲ့ သားကောင်အသေဆီ တစ်ခါမှ ပြန်မလာတတ်တဲ့ကျားကို ခု… ငါ ပြန်လာအောင် ခေါ်ပြမယ်…
ဒီနည်းဟာ တို့အဘိုး တို့အဖေတို့ လက်ဆင့်ကမ်းပေးခဲ့တဲ့နည်းပဲ။ ကျားကို စိန်ခေါ်တဲ့နည်းလို့ ခေါ်တယ်၊ ဒီလိုလုပ်ရင် ကျားကလဲ မုဆိုးဟာ သူသေကိုယ်သေ တိုက်ကြမယ်လို့ ငါ စိန်ခေါ်နေပြီဆိုတာ သိမယ်၊ အဲဒါကြောင့် ဒီနွားနောက်အသေဆီ ပြန်လာတဲ့ကျားကြီးဟာ နွားနောက်သားကို စားဖို့လာတာ မဟုတ်ဘူး၊ တို့အသားကို စားဖို့ လာတာ၊ တို့ကို တိုက်ခိုက်ဖို့ လာတာ ဟုတ်မဟုတ်၊ ညကျရင် မင်းတို့ ကိုယ်တွေ့မျက်မြင် ကြုံရမှာပါ…
ကျားကြီးဟာ နွားနောက်သားကို လုံးဝမစားဘဲ တို့ကိုပဲ တိုက်ခိုက်လိမ့်မယ်။ တို့ သေရင်သေ၊ မသေရင် ကျားသေပေါ့ကွာ။ ပြီးတော့ လင့်စင်ထိုးပြီး ဒီကျားကို မပစ်ဘဲ ခုလို ကျင်းနဲ့ပုန်းပြီး ပစ်ရတာက သွေးသောက်ထားတဲ့ ကျားဟာ အနံ့နဲ့ အရိပ်အခြည်ကို အင်မတန်ကျွမ်းနေပြီ၊ လူရိပ်လူခြည် မြင်တာနဲ့ အနံ့ရတာနဲ့ လှည့်ပြန်သွားနိုင်တယ်၊ အဲဒါကြောင့် မြေကျင်းတူးပြီး ဒီကျားဆိုးကို ခုလို ပစ်ရတာပဲ”
မနားတမ်း၏ စကားကို ကျန်မုဆိုးနှစ်ယောက်က တစ်ခွန်းမျှဝင်မပြောကြ။ မနားတမ်း၏ မျက်နှာကိုသာ စူးစူးစိုက်စိုက်ကြည့်ကာ နားထောင်နေ ကြသည်။
”ကဲ… ဒီ နွားနောက်မ အသေကို ဖုတ်သွင်းရဦးမယ်၊ ငါ လုပ်တာ မင်းတို့ သေသေချာချာ ကြည့်ထား.. မှတ်ထားကြ”
ရုတ်တရက်မူ မနားတမ်းက နွားနောက်အသေကို ဖုတ်သွင်းပြမည်ဟု ဆိုသဖြင့် လန့်ဖျပ်သွားကြ၏။
သူတို့ ပုန်းကျင်းနားတွင် တုံးလုံးပက်လက် ဖြစ်နေသော နွားနောက်မသည် မနားတမ်း ဖုတ်သွင်းလိုက်သဖြင့် ကိုးရိုးကားရားနှင့် ထလာမလားဟု နွားနောက်မ အသေကို ထိတ်ထိတ်လန့်လန့်နှင့် ကြည့် ကြ၏။
မနားတမ်းသည် နွားနောက်မ၏အမြီးကို အရင်းကနေပြီး ဖြတ် လိုက်၏။ ပြီး နွားနောက်မ ပါးစပ်ထဲ လည်ချောင်းထိ ရောက်အောင် ထိုးထည့်လိုက်၏။ ပါးစပ်ကလည်း “ရော့ နှင့်အမြီး နှင့်တံပူ (ဒန်ပူ) ဒီပန်း ပန်ထား” ဟု ပြောပြီး ခေါင်းတွင် တောပန်းတောင်ပန်းတွေ ပန်ပေးသည်။ ပြာတစ်ဆုပ်ကောက်ကာ “နင့်မျက်နှာ နင်လှအောင် သနပ် လိမ်း၊ ဒါမှ ည နင့်လင်လာမှာ” ဟုပြောပြီး နွားနောက်မ မျက်နှာကို ပြာ တွေ ဖုတ်တွေနှင့် လိမ်းပေးနေပြန်သည်။
ဒါနှင့်မပြီးသေး။ မနားတမ်းက နွားနောက်မကို ခြေထောက်နှင့် ကန်ပြီး “ဟေ့ကောင်မ ငါ ပြောတာ ကြားလား၊ ညကျရင် နင့်လင် နင် ရအောင်ခေါ်၊ ငါတို့နဲ့ နင့်လင်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ကြမယ် ငါတို့ ဒီမြေကျင်းထဲမှာ ရှိနေတယ်ဆိုတာ နှင့်လင် လာရင်ပြောလိုက်၊ ငါ ပြောတာ မှတ်မိလား ကမြင်းမ” ဟု ပြောကာ နွားနောက်မခေါင်းကို ဖနောင့်ဖြင့် သုံးချက်ပေါက်ပြီး မြေကျင်းထဲ ဝင်ကြရန် ပြောသည်။
မနားတမ်းကမူ နောက်ဆုံးမှ မြေပုန်းကျင်းထဲ ဝင်၏။ ပြီး ကျင်းနား တွင် အသင့်ပြုလုပ်ထားသော သစ်တုံးများကို လှမ်းယူပြီး မြေကျင်းထဲ ကန့်လန့်ဖြတ် ခင်းမိုးထားလိုက်သည်။ ကျားလာလျှင် ပစ်နိုင်အောင် သူ ရှေ့က သစ်တုံးကြီးများကို ကျဲကျဲစီ ဖိထားလိုက်သည်။
မနားတမ်းအပါအဝင် မုဆိုးသုံးယောက် မြေကျင်းအောင်းနေသော နေရာနှင့် အစိမ်းတိုက်ဖုတ်သွင်းထားသော နွားနောက်မ အသေ ရှိသော နေရာမှာ တစ်လံလောက်သာ ကွာလေသည်။ ကျင်းထဲက ကြည့်လျှင်တော့ အစိမ်းတိုက်ထားသော နွားနောက်မအသေကို လုံးဝမမြင်ရ။ မနားတမ်းနှင့် မုဆိုးသုံးယောက် မြေကျင်းထဲ ဝင်ပုန်းလိုက်ကြသောအခါ မှာ နေပင် မဝင်သေး။ နေရောင်ခြည်များကို တောင်ထိပ်ပေါ် ဟိုတစ်ကွက် သည်တစ်ကွက် မြင်နေရတုန်းပင် ရှိသေး၏။
မြေထဲက ပုန်းကျင်းထဲ ရောက်နေသည်နှင့်တစ်ပြိုင်နက် မုဆိုးသုံး ယောက်မှာ ရင်တထိတ်ထိတ်နှင့် ကျားဆိုးကြီးကို စောင့်ကြိုနေကြလေသည်။
နေရောင်ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ပိုးကောင်းမွှားကောင်များ၏ တစီစီ အော်မြည်သံတွေမှာ ဆူညံလာသည်။ လရောင်မရှိ ကြယ်ရောင် မထိုးဖောက်နိုင်သဖြင့် မနားတမ်းအပါအဝင် မုဆိုးသုံးယောက် ဝင်ပုန်းနေကြသော မြေကျင်းထဲမှာ ပိန်းပိတ်အောင် မှောင်လာသည်။ ဘေးချင်းကပ် ထိုင်နေကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် မြေကျင်းထဲတွင် မမြင်ကြရ၊ အငွေ့ရ၍ သာ သူ့ဘေးကိုယ့်ဘေး လူရှိနေ ကြသည်ကို သိနေရသည်။ စကားကို လုံးဝ မပြောကြ။
မနားတမ်းအပါအဝင် သူတို့ မုဆိုးသုံးယောက် ဝိတိုရိယကျားဆိုး ကြီးကို ပစ်သတ်ရန် အကြံအစည်နှင့် နွားနောက်မ အသေကောင်ကို ဖုတ်သွင်း အစိမ်းတိုက်ပြီး မြေကျင်းအောင်းနေကြသည်ကိုလည်း မည်သူမျှ မသိကြ။ မုဆိုးများပီပီ သစ္စာရှိစွာ ဤအကြံအစည်ကို အိမ်က မိန်းမဖြစ်သူ များကိုပင် မပြောကြချေ။ မနားတမ်းအနေကမူ ပို၍ သင်ခန်းစာရထားသဖြင့် မနားတမ်းမိန်းမကလည်း လုံးဝမသိ။ ကျားဆိုးကြီးအကြောင်း စုံစမ်း စနည်းနာရန်၊ သို့မဟုတ် ရွာထဲတစ်အိမ်အိမ်တွင် ရှိနေလိမ့်မည်ဟုသာ ထင်ထားကြသည်။
ထို့ကြောင့် ကျားဆိုးကြီးရန်ကို ကြောက်နေကြသော ရွာသူရွာသား တွေမှာ မိုးချုပ်နေဝင်သည်နှင့်တစ်ပြိုင်နက် ရွာထဲမှ သံပုံးတီးသံ၊ ဝါးဆစ် ဖောက်သံ၊ တုံးခေါင်းခေါက်သံတွေကို ချင်းရွာများ ရှိရာ တောင်ကြိုတောင် ကြားမှ ကြားရသည်။ သို့သော် မနားတမ်းနှင့် ကျန်မုဆိုးနှစ်ယောက် ထိုသံပုံးတီးသံ၊ ဝါးဆစ်ဖောက်သံ၊ တုံးခေါင်းခေါက်သံတွေကို စိတ်မဝင်စား၊ ကျားဆိုးကြီးအလာကိုသာ ရင်တမမနှင့် မိမိတို့သေနတ်ကို ချိန်စောင့် နေကြ၏ ညရှစ်နာရီလောက် ကြာသောအခါ သူတို့ စောင့်နေကြသော နေရာအထက်ရှိ တောင်ကမ်းပါးယံကြောမှ ချေငယ်တစ်ကောင် အထိတ်တလန့် ဟောက်သံကို ကြားလိုက်ရသည်။
ကျားလာပြီဟူသော သဘောနှင့် မနားတမ်းက ကျန်လူနှစ်ယောက်ကို လက်ကုတ်လိုက်၏။
မနားတမ်း ဖုတ်သွင်းအစိမ်းတိုက်ထားသော ဝိတိုရိယနတ်ကျားကြီး လာပြီဟူသော အသိကြောင့် ကျန်မုဆိုးနှစ်ယောက်မှာ ရင်ထဲအေးခနဲဖြစ် သွားကြသည်။ အမှန်က မနားတမ်း ဖုတ်သွင်းအစိမ်းတိုက်ထား၍ မဟုတ် ရွာတိုင်းက သံပုံးတီး၍ ဝါးဆစ်ဖောက်ကြ၊ တုံးခေါက်ကြလုပ်နေကြသဖြင့် အနားမကပ်ရဲသော ကျားဆိုးကြီးသည်.. သူ့ဝမ်းပူဆာ မနေသာတော့ သဖြင့် တစ်နေ့ညက ကိုက်သတ်ထားခဲ့သော နွားနောက်မအသေရှိရာသို့ လာနေခြင်းသာ ဖြစ်သည်။
ချေဟောက်သံမဆုံးခင်တွင် ဝေါင်းခနဲ ကျားဟိန်းသံကြီးတစ်ခုကို ကြားလိုက်ကြရပြန်သည်။ စောစောက တစီစီ အော်မြည်နေကြသော ပိုးကောင် မွှားကောင်များ၏ တွန်မြည်နေကြသံမှာ ချက်ချင်းတိမ်သွားလေ သည်။ ကျားကြီးသည် သူတို့သုံးယောက်ရှိရာ၊ သို့မဟုတ် ဖုတ်သွင်းအစိမ်း တိုက်ထားသော နွားနောက်မ ရှိရာနှင့်နီးလာပြီ ဆိုသည်ကိုတော့ အတွေ့ အကြုံအရ သိလိုက်ကြသည်။
ကျားများသည် သူတို့ကိုက်သတ်ထားခဲ့သော သားကောင်ရှိရာသို့ လာရာတွင် ဤသို့ သူ လာနေပြီဆိုသည်ကို တခြား တောတိရစ္ဆာန်များ သိအောင် အသံပေးတတ်သည်။ ဤသဘောမှာ “ငါ တောဘုရင်လာပြီဟေ့… ငါ သတ်ထားခဲ့တဲ့ သားကောင်ကို ခိုးစားနေကြတဲ့ ခွေးအ၊ တောကြောင်၊ သစ်ကြောင်များနဲ့ သားစားတိရစ္ဆာန် အစုတ်ပလုတ်တွေ ရှောင်ကြရှားကြလော့” ဟု ကြုံးဝါးအသံပေးလိုက်ခြင်း ဖြစ်သည်။
နောက်တစ်ချက် ဝေါင်းခနဲအသံနှင့်အတူ ကျားဆိုးကြီးသည် နွား နောက်မ အသေကို ခုန်အုပ်လိုက်သည်။ ထိုအခါ ဤလို ဖုတ်သွင်းအစိမ်း တိုက်ထားသည် ဆိုသော အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံဖူးသော မုဆိုးတစ်ယောက်မှာ လန့်ဖျပ်ပြီး ဟယ်ခနဲ အသံထွက်သွား၏။
ထိုမုဆိုး၏ ပါးစပ်ကို မနားတမ်းက လက်နှင့် ကမန်းကတန်း ပိတ် လိုက်စဉ်မှာ ကျားကြီးဆီက ရန်မူသံတစ်ချက်ကို မနားတမ်း ကြားလိုက် ရသည်။
ကျားတို့၏သဘာဝမှာ ကြောင်ကဲ့သို့ပင် မိမိ ကိုက်သတ်ထားသော သားကောင်ကို မစားခင် ဆော့ကစားတတ်ရာ နွားနောက်မ အသေရှိရာဆီမှ ဖြိုးဖြိုးဖြောက်ဖြောက် အသံတွေကို ကြားရသည်။ ကျားအစာ ကစားနေချိန်တွင် တိုးညင်းသောအသံများ ကျားပါးစပ်ထဲက ထွက်လာ၏။
ဤသည်ကိုပင် မုဆိုးတစ်ယောက်က “ဒါ ဘယ်လိုအသံလဲ” ဟု မနားတမ်းကို တိုးတိုးလေးမေးရာ…“ဘာလို့ သောက်စကား ရှည်နေတာလဲ“ ဟူသောသဘောဖြင့် နောက်မုဆိုးတစ်ယောက်က သူ့ပါးစပ် လှမ်းပိတ်လိုက်ရာ၊ ထိုမုဆိုးမှာ ရုတ်တရက်လန့်ပြီး ”ဟိုက်” ဟု အသံထွက်သွားပြန်၏။
ထိုအသံကြောင့်ပင် ကျားကြီးသည် သူတို့မုဆိုးသုံးယောက်ရှိရာကို ဝေါင်းခနဲ ခုန်အုပ်လာတော့သည်။ ထိုအခါမှာလည်း မုဆိုးနှစ်ယောက်မှာ လန့်ပြီး တစ်ခါ ”ဟယ်ခနဲ” အသံထွက်သွားကြပြန်၏။ မနားတမ်းကလည်း ကျားကြီးကိုပစ်ချိန်မရလိုက်၊ အပေါ်တွင် ခင်းထားသော သစ်လုံးတွေ သာ ရွေ့လျားလှုပ်ရှားသွားကြသည်။
ဤအချိန်မှာတော့ ကျားက လူများ ရှိနေသော မြေကျင်းကို သိသွားလေ ပြီ။ ထို့ကြောင့် ကျားဆိုးကြီးသည် နွားနောက်မအသေကို လုံးဝလှည့် ကြည့်တော့ဘဲ မနားတမ်းတို့ ဝင်ပုန်းနေကြသော မြေကျင်းနားကိုသာ လှည့်ပတ်ပြီး လူကို လိုက်ရှာနေတော့သည်။
ပါးစပ်ကလည်း ဝမ်းခေါင်းသံကြီးနှင့် မြည်ဟစ်နေ၏။
“ဝေါင်း”
“ပစ်… ပစ်…”
“ဒိုင်း… ဒိုင်း…”
ကျားကြီးသည် သူတို့အပေါ် ခုန်အအုပ်တွင် သစ်တုံးနှစ်တုံးကြား ရိပ်ခနဲမြင်လိုက်သော ကျားဆိုးကြီးကို မနားတမ်းက တိုမီနှင့် ပစ်ထည့် လိုက်သည်။
ရုတ်တရက် ကြောင်ပြီး ကြောက်နေကြသော မုဆိုးနှစ်ယောက်ကို လည်း “ပစ်… ပစ်” ဟု အားမလိုအားမရ အော်ပြောရ၏။
သို့သော် ကြောက်ကြောက်ရွံ့ရွံ့ ပစ်လိုက်သော မုဆိုးနှစ်ယောက်တို့၏ ပစ်ချက်မှာ ကျားကြီးကို လုံးဝထိပုံမရ။ သစ်လုံးကြီးနှစ်လုံးကြားမှ ပစ်လိုက်ရသဖြင့် မနားတမ်းကလည်း သူ့ပစ်ချက် သူအားမရ။ ကျားကြီးကို ထိမှန်း မထိမှန်း မသိပေ။ ကျားဆိုးကြီးသည် ဝမ်းခေါင်းသံကြီးနှင့် ရပ်ရှာကာ သူတို့ရှိရာကို လှည့်ပတ်ပြီး နောက်ထပ် ခုန်အုပ်ကိုက်သတ်ရန် အရှိန်ယူနေပြီဆိုသည်ကိုတော့ မနားတမ်းက အတပ်သိလိုက်လေပြီ။
ထို့ကြောင့် ယခုအခါမှာ သူတို့ပုန်းနေရာကို ကျားသိသွားမှာလည် စိုးရိမ်နေ၍ မရတော့။ ကျားကလည်း သိသွားပြီ။
“မထူးတော့ဘူး၊ သူ ကိုယ်သေတိုက်ဖို့ ငါတို့ စိန်ခေါ် ထားတာပဲကွ၊ မင်းတို့ ခုမှ ကြောက်နေကြပလား၊ သစ်လုံးတွေကြားထဲ ကြည့်နေကြ၊ မျက်တောင်မခတ်နဲ့၊ သစ်လုံးတွေ ကြားက ကြယ်တွေကို မြင်ရတယ် မဟုတ်ဘူးလား၊ အဲဒီကြယ်တွေ ကွယ်တဲ့ နေရာကို ထိုးပစ်၊ ကျားက တို့ရှိတဲ့နေရာကို သိသွားပြီ၊ ခုန်အုပ်လာလိမ့်မယ်”
မနားတမ်း၏ စကားမဆုံးခင်ပင် ကျားဆိုးကြီးက ဝေါင်းခနဲ ဟိန်းဟောက်ကာ ဝုန်းခနဲ ခုန်အုပ်လာ၏။ သစ်လုံးတွေနှင့်ထိကာ ကျင်းဘေး ကျွမ်းပစ်ခုန်သွားသည်။ မနားတမ်းတို့မှာလည်း ပစ်ရန်အချိန်မရလိုက်။ ကျားကြီးကိုက်ဆွဲသွားသဖြင့် ပေါင်လုံးလောက်သာရှိသော အပေါ် အမိုး သစ်လုံးတွေမှာ ကစဥ့်ကလျားဖြစ်သွားသည်။
သို့သော် သစ်လုံးတွေကို လက်နှင့်လှမ်းဆွဲပြီး ပြန်မစီရဲကြ။ ကျားကလည်း သူတို့အနားတွင် လှည့်ပတ်၍ ကျင်းထဲက လူများကို ဆွဲထုတ်ကိုက်သတ်ရန် အကြံယူနေလေပြီ။ သူတို့သုံးယောက် မှန်းထားသော ရှေ့ပစ်ပေါက်မှာလည်း ယခုအခါ သစ်လုံးတွေ ကစဥ့်ကလျား ဖြစ်သွားလေပြီ။
ထို့ကြောင့် ကျားကြီး ဘယ်နေရာကနေ ခုန်ဝင်လာမည်နည်း ဆိုသည်ကိုသာ ရင်တမမနှင့် တိုမီချိန်ပြီး စောင့်ကြည့်နေကြသည်။
မနားတမ်းကလည်း သူ့လူနှစ်ယောက်ကို သတိမလစ်ကြရန် တတွတ်တွတ်ပင် ပြောပေးနေရသည်။
”ဝေါင်း”
“ဒိုင်း… ဒိုင်း”
ဤတစ်ခါတော့ ဇွဲမာန်ကြီးသော ကျားဆိုးကြီးကို ထိသွားသည်မှာ အမှန်ပင်း၊ သို့သော် တစ်ချက်လား၊ နှစ်ချက်လား ဆိုသည်ကိုတော့ တိတိ ကျကျ မသိရ။ မုဆိုးသုံးယောက်ထဲက တစ်ယောက်က မပစ်လိုက်ရ။ ကျားကြီးမှာ သူ့နောက်ဘက် ခေါင်းပေါ်က ခုန်ဝင်လာသဖြင့် လွတ်သွား သည်။ ဤသည်ကို တတွတ်တွတ် သတိပေးနေသည့်ကြားထဲက လွတ်သွား ရမလားဟု မနားတမ်းက အော်ဆဲ၏။
တိုမီကျည်ထိသွားသော ကျားဆိုးကြီးသည် ပို၍ ရန်ငြိုးကြီးလာကာ မုဆိုးသုံးယောက်ကို အသေအကျေတိုက်ခိုက်ရန် လှည့်ပတ်အကွက်ရှာနေ သေး၏။
အချိန်မှာလည်း သန်းခေါင်ပင်ကျော်သွားလေပြီ။
သည်လိုနှင့် ကျားဆိုးကြီးသည် မနားတမ်းတို့ ရှိရာသို့ ခုန်အုပ်လာ ပြန်သည်။ မနားတမ်းတို့ကလည်း သစ်လုံးတွေကြားထဲက ရသမျှ အခွင့် အရေးကို အသုံးချပစ်ခတ်နေကြသည်။ ကျားဆိုးကြီးက ခဏခဏ လာခုန် အုပ်နေသဖြင့် သစ်လုံးတွေမှာ အားလုံးကစဥ့်ကလျား ဖြစ်ကုန်ကြလေပြီ။
ဒါနှင့်လည်း ကျားဆိုးကြီးသည်ထွက်မပြေးသေး။ ပို၍ သာ မာန်ကြီး လာကာ မနားတမ်းတို့ ခေါင်းပေါ်ရှိ သစ်လုံးကြီးတွေအောက်တွင် ရန်သူ ရှိနေသည်ကို အတပ်သိသဖြင့် သစ်လုံးများကို ဖယ်ထုတ်ကာ ရန်သူကို ကိုက်သတ်ရန် မနားတမ်းတို့ ခေါင်းပေါ်ရှိ သစ်လုံးကြီးတွေကို မာန်ဖီပြီး ကုတ်ခြစ်ဆွဲဖယ်လာပြန်သည်။
ဤတစ်ခါတော့ သူတို့ခေါင်းပေါ်က သစ်လုံးကြီးတွေကို လာပြီး ကုတ်ခြစ်ဆွဲဖယ်နေသော ကျားဆိုးကြီး၏ ရင်ဝတည့်တည့်ကို သုံးယောက် စလုံး ချိန်ရွယ်ပြီး တစ်ပြိုင်တည်း ပစ်ထည့်လိုက်ကြသည်။
“ဒိုင်း.. ဒိုင်း … ဒိုင်း…”
သည်အချိန်တွင်တော့ ကျားဆိုးကြီးမှာ “ဝေါင်း”ဟုပင် ခြိမ်းခြောက် မအော်ဟစ်နိုင်တော့ဘဲ ဝူးဝူးဝါးဝါးသာ အော်ညည်းကာ ကျွမ်းသုံးလေး ပတ်ပြန်ပြီး တောင်စောင်းအတိုင်း လိမ့်ကျသွားသံကို ကြားလိုက်ရသည်။
သို့သော် မိုးစင်စင် မလင်းသေးသဖြင့် မနားတမ်း၌ မုဆိုးသုံး ယောက်မှာ အပြင်သို့ ထွက်မကြည့်ဝံ့ကြပေ။
ကျားဆိုးကြီး နောက်ထပ် လာခုန်အုပ်လေဦးမလား ဟူသော စိုးရိမ် စိတ်နှင့် တိုမီကို ကျည်ထိုးကာ အသင့်စောင့်နေကြ၏။
တစ်နာရီခန့်ကြာသည်အထိ ကျားဆိုးကြီးကား ပေါ်မလာတော့။
မိုးလင်းသွားပြီ ဖြစ်သဖြင့် …
မြေကျင်းထဲမှ သတိဝီရိယနှင့်
ထွက်ကြည့်ကြရာ…
ကျားဆိုးကြီးမှာ တောင်စောင်းတစ်နေရာ၌ သေနေရှာလေပြီ။
ဆရာဖိုးကျော့၊ ကျားဘီလူးနှင့် တောကြီးဝင်္ကပါ မုဆိုးဝတ္ထုတိုများ ပီဒီအက်ဖ်၊
စာမျက်နှာ ၅၈ – ၇၂။
စာရိုက် – စလေ ငနော့ မှ