• July 6, 2025
  • admin
  • 0

ဖျာပုံလှမိုးနွယ်
ဟင်းစားတစ်ကောင် အသက်နှစ်ချောင်း

မုဆိုးကျော် ကိုအောင်သိန်းသည် ဤဖြစ်ရပ်အား ဇနီးဖြစ်သူ မိတင်အေးကို မပြောဝံ့၍ ထိန်ချန်ထားခဲ့ရပါသည်။

ပိတုန်းတစ်ကောင်သည် ကိုအောင်သိန်းကို လှည့်ပတ်ပျံရင်း တဝီဝီအော် နေသည်။ ကိုအောင်သိန်းက မျက်ခြည်မပြတ်သတိနှင့် ကြည့်နေသည်။

သူ့လက်နှစ်ဖက်က မအားပါ။ ထီးရိုးဝါးကိုင်းတံကို ဘယ်လက်မှပင့်ကိုင်၍ ညာလက်ဖြင့် ကိုင်းတံအရင်းပိုင်းကို ဖိကိုင်၍ ဒူးတစ်ဖက်လှဲ၊ တစ်ဖက်ထောင်တွင် ညာဘက်နံဘေးကပ်ထားပြီး ဒီရေအတက်၏ ရေစီးတွင် အလိုက်သင့်မျောပါနေသော ငါးမျှားကြိုးကိုလည်း သတိနှင့်ကြည့်နေရသည်။

ချောင်းကျယ်မှာ ရေစီးနှင့်တရွေ့ရွေ့မျောလာသော ကိုအောင်သိန်း၏ လှေကလေးသည် ကိုအောင်သိန်းအရောက်အပေါက်နည်းသော ချောင်းတစ် ချောင်း၏ အဖျားသို့ရောက်လာသည်ကို သတိပြုမိသည်။

သစ်ပင်မြင့်ကြီးများ၊ ကမ်းနှစ်ဖက်မှ ထူထပ်သော ချုံနွယ်သစ်ကိုင်းများ အုပ်ဆိုင်းလျက်ရှိသဖြင့် ပူပြင်းသော တပေါင်းနေသည် ကိုအောင်သိန်းအပေါ်သို့ မကျရောက်နိုင်အောင် သစ်ပင်သစ်ရွက်တို့က ကာကွယ်ပေးထားသည်။ သစ်ရွက်သစ်ကိုင်းတို့ ကြားမှ တောင်လေအေးသည် သူ့ကို တိုးဝှေ့သွားသည်။

“တယ် ပိတုန်း၊ ရေချိုးကွာ”

အဝတ်ဦးထုပ်ဆောင်းထားသော ကိုအောင်သိန်း၏ခေါင်းကို တဝီဝီလှည့်ပတ်ရာက မျက်နှာပြောင်ပြောင်မှ နဖူးဆီ တိုးကပ်လာသည်။ ကိုအောင်သိန်းက ညာဘက်နံဘေးတွင် ကိုင်းတံကို ညာပေါင်နှင့်ကပ်ဖိထိန်းပြီး နဖူးဆီရောက်လာသော ပိတုန်းကိုပုတ်ချလိုက်သည်။

ပိတုန်းရေထဲကျ၍ ပျံတက်ဖို့ကြိုးစားရင်း ရေပေါ်တွင် ဖလူးဖလူးဖြစ်နေစဉ် ကိုအောင်သိန်း၏ရှည်လျားသော ထီးရိုးကိုင်းတံဖျားမှာ ရေစီးတွင် အလိုက်သင့်မျောပါနေသော ရေထဲရှိ ငါးမျှားကြိုးထိပ် ငါးစာတပ်ထားသည့် ငါးမျှားချိတ်ကို အရှိန်ပြင်းစွာ ဆွဲယူလိုက်သဖြင့် ညာဘက်နံဘေးတွင် ပေါင်နှင့်ညှပ်ထားသော ငါးမျှားတံအရင်းပိုင်းသည် လွတ်မြောက်တက်သွားသည်။ ပိတုန်းကောင် မည်သို့မည်ပုံ ပျံတက်သည်ကို သတိမထားမိတော့ပါ။

ရေတက်ဦးစက ကကတစ်ငါးကြီးများ ခိုအောင်းနိုင်သော ချောင်းရောက်အောင် နေမထွက်ခင်အရောက် လှော်သွားခဲ့ရသည်။ ရေတက်ကိုစောင့်၍ ရေစီးနှင့်အတူ လှေပါမျှောလိုက်၍ ကကတစ်ငါးကြီးများကို ကိုအောင်သိန်း မျှားခြင်းဖြစ်သည်။

အလေးချိန်နှစ်ပိဿာခန့်ရှိသော ကကတစ်ငါးကြီးနှစ်ကောင်မိခဲ့၍ သူ့လှေဝမ်းဖုံးကပ်အောက်တွင် ငြိမ်သက်နေကြပြီ။

“ဒီကောင်က အတော်ကြမ်းတယ်ကွ။ အကောင်ကြီးထဲကပဲ။ ဘာငါးများလဲဟ။ ဒီရေနဲ့ ဒီအချိန်မျိုးက ဒီလိုနေရာမှာ ငါးမျှားချိတ်က ငါးစာကို ဟပ်မယ့်ငါးဟာ ကကတစ်ဖြစ်ရမယ်။ ကကတစ်မဟုတ်ရင် ကကတစ်ဘိုးအေ ကသံပေါင်း ဖြစ်ရမယ်ဟေ့။

သူခေါ်နိုင်သလောက် ငါလိုက်သွားရမှာပေါ့။ စက်မပါ လက်မပါ ရေစီးအရှိန်ထက် ပိုပြေးတဲ့ ငါ့လှေကလေးကို ဒီတောနက်ထဲမှာ လူစိမ်းတွေ ရုတ်တရက်မြင်ရင် အလိုလေး ငါ့ကို တန်ခိုးရှင်လို့များ ထင်ကြ မလားပဲ။ ဟဲ ဟဲ ဟဲ မိတင်အေးရေ၊ ဒီနေ့ ညည်းလင်သာ အခြေအနေကောင်းလို့တော့ ကကတစ်ကြီးကြီး အားရပါးရမျိုရမဟဲ့”

လှေပေါ်တွင် ငါးမျှားကြိုးအားရုံစိုက်ပြီး မလှုပ်မယှက် ထိုင်ခဲ့သည်မှာ နာရီအတော်ကြာပြီ ဖြစ်သည်။ လှေပေါ်တွင် မတ်တတ်ရပ်၍ ငါးမျှားတံကို ကျစ်ကျစ်ကိုင်ရင်း ကိုယ်ပေါ်မှ တင်းတောင့်နေသာ ကြွက်သားတို့ကို ဖြေလျှော့ရသည်။ နှုတ်မှလည်း ရွှင်မြူးစွာ ရေရွတ်နေမိသည်။

ကြီးမားသောရေအောက်မှ ငါးကြီးသည် ရေစုန်ရာဘက်သို့ ရုန်းပြေးသည်။ သူ၏ငါးမျှားကြိုးခိုင်ခန့်၍ လွတ်ထွက်မည်ကို စိတ်မပူရပါ။ ငါးကြီးဆွဲပြေးရာသို့ ကိုအောင်သိန်းနှင့် လှေကလေး ပါသွားသည်။ တင်းချည်လျှော့ချည်နှင့် ငါးကြီး မောသည်အထိ စိတ်ရှည်ရှည်နှင့် စောင့်ရမည်ကို ကိုအောင်သိန်းသိပါသည်။

သစ်ရွက်သစ်ဆွေး ရောနှောသော ချောင်းရေမှာ ညိုညစ်နေသည် ဒီရေအသစ်တိုး၍ ညိုဖျော့ဖြူရော်လာသည်။ ရွှေရောင်သမ်း၍ ငွေရောင်တောက်သော အကြေးခွံကို လှမ်းမြင်ရသည်။ ကြီးမားသောအမြီးဖျားနှင့် ရိုက်ပုက်လိုက်သောအရှိန်ကြောင့် ရေလုံးများ တဗွမ်းဗွမ်း ဆူသွားသည်။

ကိုအောင်သိန်း၏ သစ်ခေါက်ဆိုးဆေး အင်္ကျီမှာ ရေစက်များနှင့် စိုနစ်သွားသည်။

ငါးမျှားတံကို လှေပေါ်တင်၍ ကြိုးမှကိုင်ကာ အလျှော့အတင်းလုပ်ရင်း ငါးကြီးဆွဲရာသို့ လှေကလေးနှင့် ကိုအောင်သိန်းပါခဲ့သည်မှာ နာရီဝက်ခန့် ကြာပြီ။

သူခန့်မှန်းသည့်အတိုင်း ကြီးမားသော ကသပေါင်းငါးကြီးဖြစ်ကြောင်း မြင်နေရသည်။ ငါးကြီးသလောက် စည်ဖောင်းလည်းကြီးသည်။ စည်ဖောင်း ပြည့်အောင် လေရှူရမှ အားရှိတတ်သောငါးကြီးသည် အမော့ဆို့၍ အသက်ရှူရန် ရေပေါ်ရောက်အောင် ခေါင်းကြီးကို ဖော်လိုက်သည်။ ရှူပြီးလေကို ကြီးမားသော ပါးဟက်ကြီးနှစ်ဖက် ကား၍ ထုတ်သည်။

ကိုအောင်သိန်းကိုမြင်လျှင် ‘အုံးခနဲ’ မည်အောင် ရေကိုအမြီးနှင့် ရိုက်ပုတ်၍ ရုန်းပြေးသည်။ ကြိုးကိုလျှော့ချပေးလိုက်သည်။

မကြာမီ မောဟိုက်လွန်း၍ မလှုပ်နိုင်ဘဲ ငါးကြီးပေါ်လာသည်။ ကိုအောင်သိန်းမှာ အသင့်ပါလာသော သံချောင်းချိတ်နှင့် ငါးကြီး၏ ပါးဟက်ကိုချိတ်၍ လှေပေါ်မ,တင်လိုက်သည်။ ငါးပိဿာခန့်ရှိသော ကသပေါင်းငါးကြီးသည် အမြီးနှင့် တဖြန်းဖြန်းရိုက်ပုတ်ရင်း ငြိမ်သက်သွားသည်။ သူ့ခေါင်းထက်သို့ နေလုံးကြီးရောက်နေပြီ။

သူ မရောက်ဖူးသေးသော ချောင်းရိုးတစ်ခု၏ အကျဉ်းပိုင်းတစ်နေရာသို့ ရောက်နေသည်ကို သတိပြုမိသည်။ လာလမ်းဆီသို့ လှေကိုဦးတည်လှည့်၍လှော်လိုက်သည်။

“ဗြုံး … ဝုန်း … ဝုန်း … ဝုန်း … ဝီ … ဖလူး … ဖလူး”

ကိုအောင်သိန်းခေါင်းထောင်လိုက်သည်။

အသံလာရာ လက်ဝဲဘက်ကမ်းပေါ်မှ ကြီးထွားမြင့်မားသော ကနစို၊ ကန့်ဗလာစသော သစ်ပင်ကြီးများ အောက်ခြေရှိ ထူထပ်သော ချုံနွယ်များကို စူးစမ်းအကဲခတ်မိသည်။

လူသူအရောက်အပေါက်နည်းသော ချောင်းရိုးတစ်ခု၏ ထိပ်ဖျားဖြစ်၍ မျက်စိတစ်ဆုံး မြင်သမျှ ပေါင်းစပ်မှ သဲဆန်သောမြေပြင်နှင့် သစ်ပင်မျိုးစုံ သော ကုန်းတန်းကြီးတစ်ခုဖြစ်ကြောင်း သတိပြုမိသည်။

မဝေးသော ကမ်းပေါ်မှ ချုံတစ်ခုဆီက လှုပ်ရှားသံ၊ ရုန်းကန်သံနှင့် မသဲမကွဲသော အော်သံ၊ ညည်းညူ သံတို့ကို ကြားနေရခြင်း ဖြစ်သည်။

“ဖလူး … ဖလူး … ဖလူး ၊ ဝုန်း … ဝုန်း … ဝုန်း”

မိမိနေထိုင်ရာ ဆင်ကူးဝဲနှင့် ဝေးကွာလှသော တောင်ဘက်စူးစူးအရပ် ဖြစ်သည်။ ဒီရေတော၏ မိုင်ပေါင်းများစွာအလွန်တွင် ပင်လယ်ကမ်းရိုးတန်းကြီးရှိသည်ကို သူသိသည်။ ဤသဲကုန်းတန်းသည် ထိုပင်လယ်သို့တိုင် ရောက်မည်ထင်ပါသည်။

တောတစ်ခုလုံး ကျေညက်နှံ့စပ်ပြီး နှစ်ပေါင်းခုနစ်ဆယ်ခန့် ကျက်စားနေထိုင်ခဲ့သော တစ်ပွဲစားဦးငှက်ကြီးပြောခဲ့ဖူးသော “စလူတော” ကုန်းတန်းကြီး ဖြစ်ကြောင်း သတိပြုမိသည်။

ထူးဆန်းသော ကျတ်ကုန်းများ၊ နာနာဘာဝများ၊ ဥစ္စာစောင့်များ၊ ကြောက်စရာကောင်းသော သားကောင်များရှိသည်ဟု ဆိုသည်။

မုဆိုးတိုင်းလည်း မရောက်ဖူးနိုင်ကြပါ။ တောနက်ထဲတွင် ထူးခြားသော ကုန်းတန်းကြီးဟု ဦးငှက်ကြီးပြောခဲ့၍ ကြားဖူးခဲ့ခြင်း ဖြစ်ပါသည်။ ယခု အမှတ်မထင် သူ ရောက်လာခဲ့ခြင်းဖြစ်သည်။

တိတ်ဆိတ်သောဝန်းကျင်ကို လှုပ်နိုးသည့်သကဲ့သို့ တေးဆိုငှက်တို့သည် လန့်ထိတ်စူးစမ်းဟန်ဖြင့် ငြိမ်သက်သွားသည်။

အသံကြားရာဆီသို့ ကိုအောင်သိန်း လှေကလေး ဆိုက်ကပ်လိုက်သည်။ ချုံရှင်းသော ကမ်းအငူတွင် လှေကိုချည်၍ လက်စွဲတော်လှံနှင့် ဓားကို ဆွဲ၍ ကမ်းပေါ်တက်ခဲ့သည်။

“ကြက်ဝက်ခြောက်ကောင်”

“ကြက်ဝက်ခြောက်ကောင်”

သစ်ပင်အမြင့်မှ ဇီးစောင့်ငှက်ကလေးတို့ ကိုအောင်သိန်းကို ငုံ့ကြည့်ရင်း ဆင့်ကာဆင့်ကာ အော်ကြသည်။

သဲကုန်းတန်းကြီးကို တစ်ချက်မျှော်ကြည့်သည်။

ပတ်ဝန်းကျင်မှာ ငြိမ်သက် တိတ်ဆိတ်နေသည်။

စောစောက ရုန်းကန်တိုးဝှေ့သံ ညည်းသံ အော်သံတို့ ပျောက်သွားသည်။ နား မျက်စိ သတိကပ်ပြီး ချုံတစ်ခုဆီသို့ ကပ်လိုက်သည်။

“ဗြုန်း … ဝုန်း … ဝုန်း … ဝုန်း”

“ဗုဒ္ဓေါ”

မုဆိုးကျော် ကိုအောင်သိန်း၏နှုတ်မှ ယောင်ယမ်းအော်မိသည်။

တစ်ဆက်တည်း လှံ ဓားနှင့်ကာ၍ နောက်သို့ ကိုယ်ကို လှန်ချလိုက်ရသည်။

ချုံထဲမှ ချိုခင်း၍ ရင်ဝဆီသို့ ဆတ်ကြီးတစ်ကောင် ပြေးဆောင့်ဝှေ့ခတ်သည်။ သို့သော် ရည်မှန်းသလို ကိုအောင်သိန်းထံ ရောက်မလာပါ။ ခြေတစ်ဖက်ကို တုံ့ဆွဲခံရပြီး ဆတ်ကြီး မြေပြင်သို့ လဲကြသည်။

မြေပေါ်ပက်လက်လဲကျနေရာက ကိုအောင်သိန်း ခေါင်းထောင်ကြည့်ရင်း ဆတ်ကြီး၏ အခြေအနေကို သဘောပေါက်နားလည်ရပါသည်။

မျက်လုံးဝိုင်းတို့နှင့် တောက်ပစွာကြည့်နေသော နီညိုရောင်အမွေးနှင့် ဆတ်ကြီးက ရုန်းကန်၍ လဲရာကထသည်။ သုတ်ကိုင်းကျော့ကွင်းမိသော ဝဲဘက်ခြေကို မြောက်ပါအောင် တုံ့ဆွဲထား၍ ပြန်လဲကျသည်။

သူ့အဖြစ်ကိုကြည့်ရင်း ကိုအောင်သိန်းထရပ်သည်။

ကွယ်လွန်ခဲ့ပြီးဖြစ်သော အမေ့မျက်နှာကို ဖျတ်ခနဲမြင်ယောင်သည်။ အမေ့စကားသံကိုလည်း ကြားနေမိသည်။

“သားရယ်၊ သတ္တဝါတိုင်း သေရမှာကြောက်သတဲ့။ ကိုယ်ဝန်ရှိတဲ့သူဟာ နှစ်ဆပိုကြောက်တယ်။ ကိုယ်တွေ့ဖြစ်လို့ အမေပြောတာပါ။ ဖက်ဆစ်နှိပ်စက်လို့ စစ်တွင်းကာလက သားကိုယ်ဝန်နဲ့ အမေတို့ပြေးရတာ။ သူတကာထက် သေရမှာ နှစ်ဆကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ အမေက နှစ်သက်နဲ့နေရတာလေ”

ပူပြင်းသော တပေါင်းနေသည် သစ်ရွက်၊ သစ်ကိုင်းတို့ အကြားမှ တောအောက်ခြေ မြေပြင်ဆီ ကျနေသည်။

လှပသောဦးချိုတို့နှင့် ဆတ်ကြီးသည် လဲကျနေရာမှ လေအေးကို မောဟိုက်စွာ ရှူရှိုက်ရင်း ကြည့်နေပါသည်။ သူ့မျက်လုံးနှစ်ဖက်အလယ်တွင် နှစ်လက်မခန့် အမာရွတ်အဖြူလည်း ရှိသည်။ ရှားပါးသော ဆတ်ချိုကို တန်ဖိုးကြီးကြီး ပေးဝယ်ကြောင်းကိုလည်း သူသိသည်။

ရာမဇာတ်တွင် ရာမကို မြိုင်ရပ်မှာ သမင်ခတ်သည်ဟုဆိုသည်မှာ ယုံနိုင်ဖွယ်မရှိကြောင်း ကိုအောင်သိန်း လက်ခံပါသည်။ ယခုမြိုင်ရပ်တွင် မုဆိုးကျော် ဆတ်ခတ်၍ နောက်သို့ခုန်ရှောင်ရင်း မြေပြင်ပေါ် ပစ်ကျသည်။ ကံကောင်းထောက်မသဖြင့် ကနစိုငုတ်နှင့် မထိုးမိခြင်းဖြစ်သည်။

သူ့နောက်ကျော တစ်ကိုယ်လုံး ရွှံ့သဲတွေ ပေကျံနေသည်။ မုဆိုးကို ဆတ်ဝှေ့ခတ်သည်မှာ ကိုယ်တွေ့ဖြစ်၍ ကိုအောင်သိန်း ယုံလိုက်ပါသည်။

“ဆတ်မကြီးရယ် နင့်မှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ပါလား။ နင်လည်း သတ္တပါပဲလေ။ နှစ်သက်သေရမှာ ကြောက်ရှာမှာပေါ့။ ဝါသနာတူ မုဆိုးချင်း သစ္စာဖောက်ရာရောက်လည်း မတတ်နိုင်ဘူးဟေ့။ နင့်ကို ငါ ကယ်ရမယ်”

ကိုအောင်သိန်းသည် အနီးချုံတွင်ရှိသော ကြိမ်နွယ်တစ်ချောင်းကို ခုတ်ယူသည်။ အနေတော် ဖြတ်ပိုင်းပြီး အစနှစ်ဖက်ကိုင်၍ ဆတ်မကြီးအနီးသို့ တိုးက သွားလိုက်သည်။

ဆတ်မကြီးသည် ဝုန်းခနဲ ထရပ်သည်။ အခက်အလက်နှင့် လှသောချိုဖြင့် ကိုအောင်သိန်းကို ဝှေ့ခတ်သည်။

သုတ်ကိုင်းတွင် ခြေတစ်ဖက် ဒူးဆစ်အထက်တွင် ကျော့ကွင်းဖိခံထားသော ဆတ်မကြီး၏အဖြစ်ကို ကိုအောင်သိန်းသိပါသည်။ သို့ကြောင့် ခြေတစ်လှမ်း ဆုတ်ရှောင်ပြီး လက်နှစ်ဖက်နှင့် ကိုင်ထားသော ကြိမ်နွယ်ကွင်းဖြင့် ဆတ်မကြီးလည်ပင်းကို စွပ်လိုသည်။

ကျော့ကွင်းက တုံ့ဆွဲသဖြင့် ဆတ်မကြီးလဲကျလျှင် နီးရာ ကနစိုပင်ပေါက်ပင်စည်နှင့် တင်းတင်းကပ်လိမ်ချည်လိုက်သည်။ သူ့ကို ဆတ်ကြီးက တရှူးရှူးရုန်းရင်း ချိုနှင့်ဝှေ့ခတ်သော်လည်း အချည်းနှီးဖြစ်သည်။

ပတ်ဝန်းကျင်ကို သူ လှည့်ပတ်ကြည့်သည်။

ငှက်ကြီးတောင်နှင့် စလူပင်များ ထူထပ်စွာ ပေါက်နေသည်။

သဲကုန်းတန်းဆီမှ ဆင်းလာသော လမ်းကြောင်းတစ်ခုရှိသည်။ သားကောင်တို့သွားသော ထိုလမ်းကြောင်း၏အဆုံး ငှက်ကြီးတောင်ပင်တို့ ဝန်းရံလျက်ရှိသော ရေအိုင်ကြီးတစ်ခုကို တွေ့ရသည်။ ထိုရေအိုင်ဆီသို့ သစ်ပင်ကြီးများ အကြိုအကြားမှ ဖြတ်စီးသော ရိုးငယ်တစ်ခု ရှိသည်။ ထိုချောင်းငယ်သည် ချောင်းမကြီးတစ်ခုသို့ စပ်စပ်စီးဝင်သည် သူခန့်မှန်းမိပါသည်။

မြေပြင်သဲကုန်းတန်းမှ သားကောင်တို့သည် လမ်းကြောင်းအသီးသီးမှ ဆင်းလာ၍ ရေအိုင်တွင် ကျက်စားကြမည်။

ကိုယ်ဝန်အရင့်အမာနှင့် ဆတ်မကြီးသည် ပူပြင်းသော နေပူရှိန်ကြောင့် ရေအိုင်တွင် ရေစိမ်ရန် လမ်းကြောင်းအတိုင်း ဆင်းလာစဉ် မုဆိုးတစ်ဦး ထောင်ထားသော သုတ်ကိုင်းကျော့ကွင်းတွင် အမိခံထားရခြင်းဖြစ်သည်ကို ကိုအောင်သိန်း ဆင်ခြင်သဘောပေါက်ပါသည်။

ဆတ်မကြီး၏ ခြေတစ်ဖက် ဒူးဆစ်အထက်မှ ဖိထားသောကျော့ကွင်းကို ဖြုတ်ရန်အတွက် သတိနှင့်မိမိရရကိုင်သည်။ ရုန်းကန်ရင်း ကိုအောင်သိန်းကို ခွာနှင့်ကန်သည်။ သို့သော် ကိုအောင်သိန်းသည် ဆတ်မကြီး၏ ဒူးဆစ်အထက်မှ ကျော့ကွင်းကို ဖြုတ်ဖယ်လိုက်နိုင်ပါသည်။

ပွန်းပဲ့၍လအရေပြားလန် သွေးစို့နေသော ဒဏ်ရာကို ပုဆိုးခါးပုံစဖြင့် ပွတ်သုတ်ပေးရင်း လက်ခနဲ အကြံတစ်ခု ပေါ်လာသည်။

စောစောက ဆတ်ဝှေ့ခတ်သဖြင့် နောက်သို့ခုန်ဆုတ်ရှောင်လိုက်ရာ သူ့ပုဆိုးအနား ကွဲသွားသည်။ ထိုပုဆိုးကွဲမှ လက်လေးလုံးခန့် ပတ်လည် ဆုတ်ဖြဲလိုက်သည်။ ဆတ်ကြီး၏ဒဏ်ရာကို ပုဆိုးစဖြင့် အကြိမ်ကြိမ် အထပ်ထပ်ရစ်၍ ပတ်တီးအဖြစ် ခိုင်ခံ့စွာ စည်းနှောင်ပေးလိုက်သည်။

ထို့နောက် ဆတ်မကြီး၏လည်ပင်းကို ပွတ်သပ်ပြီး ကနစိုပင်ငယ်မှာ ချည်နှောင်ထားသော ကြိမ်နွယ်ကြိုးကို ဖြေပေးလိုက်သည်။

ဆတ်မကြီးသည် ဗြုန်းခနဲထရပ်၍ မြေမြင့်ကုန်းတန်းသို့ ပြေးသည်။ ပေါင်တစ်ဖက်ထိခိုက်နာကျင်ထားသဖြင့် ရုတ်တရက် သွက်လက်စွာ မပြေးနိုင် ပါ။

ကုန်းတန်းအစပ်သို့ ခက်ခက်ခဲခဲပြေးသွားပြီး ရောက်သောအခါ အနှောင်အဖွဲ့မှ လွှတ်ပေးလိုက်သော ကိုအောင်သိန်းကို လှည့်ကြည့်နေသည်။ ကိုအောင်သိန်းကလည်း ကနစိုပင်ငယ်ကို ကိုင်၍ ချမ်းမြေ့စွာကြည့်နေမိပါသည်။

“အမေရေ၊ အမေပြောခဲ့တဲ့စကားကို သတိရလို့ မိခင်ဖြစ်တဲ့ ဆတ်မကြီးကို သူတစ်ပါးထောင်ထားတဲ့ ကျော့ကွင်းက သား လွှတ်ပေးလိုက်တယ် အမေရေ။ ရောက်ရာဘုံဌာနက အမေ သာဓုခေါ်နိုင်ပါစေ”

ခြေတစ်ဖက် ထော့နဲ့ဖြင့် သဲကုန်းတန်းပေါ် ရောက်သွားသော ဆတ်မကြီးကို မျှော်ကြည့်ပြီး ကိုအောင်သိန်းသည် နှုတ်မှ တီးတိုးရေရွတ်သည်။

ကုန်းတန်းရောက်သွားသော ဆတ်မကြီးသည် အဝေးမှ သူ့ကို ငေးကြည့်နေသည်။

မိမိလှေဆိုက်ကပ်ထားရာဆီသို့ ကိုအောင်သိန်းသည် ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ လှေကပ်နှင့်ဖိထားသော ငါးပိဿာကျော်မျှ အလေးချိန်စီးမည်ဖြစ်သော ကသပေါင်းငါးကြီးကို ပါးဟက်မှကိုင်၍ ဆွဲယူလာခဲ့သည်။

စောစောက သစ်ကိုင်းတစ်ခုတွင် ချည်ထားခဲ့သော သုတ်ကိုင်းကျောကွင်းကို ဖြုတ်ယူသည်။ ဆတ်မကြီး၏ ဒူးဆစ်အထက် ပေါင်ရိုးတွင် မိသလို ကသပေါင်ငါးကြီး၏ ပါးဟက်နှစ်ဖက်တွင် ကျော့ကွင်းကြိုးစွပ်သည်။ သုတ်ကိုင်း၏ ကျော့ကွင်းက ကသပေါင်းငါးကြီးလည်ပင်းမှာ မိလေပြီ။

ကိုအောင်သိန်းသည် မြေပြင်တွင် ခြေရာလက်ရာများကို ဖျောက်ဖျက်သည်။ သုတ်ကိုင်းကျော့ကွင်းလည်ပင်းတွင်မိသော ကသပေါင်းငါးကြီးသည် အမြီးဖျားနှင့် မြေပြင်ထိရုံသာထိပြီး ကနစိုပင်ပေါက် သုတ်ကိုင်းကျော့ကွင်းတွင် လေထဲမှာ တွဲလောင်းကြီးဖြစ်နေသည်။

“ကျုပ် ဒီနေ့ရတဲ့အထဲမှာ တန်ဖိုးအများဆုံး၊ အလေးချိန်အများဆုံး၊ ဒီငါးကြီးနဲ့ ကျော့ကွင်းမိခဲ့ရတဲ့ ဆတ်မကြီးနဲ့လဲပါဗျာ။

ကျော့ကွင်းနဲ့ထောင်တာ အသက်တစ်ချောင်း၊ ဟင်းလျာတစ်ကောင်သာ ရသင့်ပါတယ်။ ခင်ဗျား မဆုံးရှုံးပါဘူး မိတ်ဆွေမုဆိုးကြီးရယ်”

ကိုအောင်သိန်းသည် ထိုနေရာမှ စိတ်လက်ရွှင်လန်းစွာ ထွက်ခဲ့ပါသည်။ ဤဖြစ်ရပ်ကို ဇနီးဖြစ်သူ မိတင်အေးမသိအောင် သူ မျိုသိပ်ထားရပါသည်။

ခပ်လှမ်းလှမ်းမှ ရေတက်ရေကျချိန် မြည်တတ်သော ဘုတ်ငှက်တစ်ကောင်၏ အော်မြည်သံကို ကြားနေရပါသည်။

“လောကမှာ ဆိတ်ကွယ်ရာမရှိဘူးတဲ့။ တန်ဖိုးကြီးတဲ့ ဆတ်သားအမိကို ငါးတစ်ကောင်နဲ့ လဲခဲ့တဲ့ ငါ့အကြောင်းကို အခြားလူတွေမသိပေမဲ့ မသေခင်က တစ်ပွဲစားဖြစ်နေတဲ့ ဦးငှက်ကြီးက သိများသိမလားပဲ။

အို ငါ့ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူးဆိုတာလည်း တောစောင့်နတ်တွေ သိပါတယ်”

– ပြီး –

စာရေးသူ – ဖျာပုံလှမိုးနွယ်

Leave a Reply

Your email address will not be published. Required fields are marked *