July 30, 2025
Uncategorized

ဟင်းစားမပေး ပိုက်ချက်မပြ

တွင်းကြီးသားတင်ဝင်းဦး

“သူတို့ ဘာပြောလဲဟင် … လူလေး”

အဖေ့အသံက ခပ်မောမော၊ ခပ်နွမ်းနွမ်း။ မျက်လုံးများက အားပျော့လွန်း၊ ဖျော့တော့လွန်းသည် ထင်သည်။

အဖေသည် မေးရင်းက ခြုံထားသော စောင်ကြမ်းကြီးကို ဖယ်သည်။ မေးသံအဆုံး ချောင်းသံတဟွတ်ဟွတ်နှင့် ခေါင်းဆတ်ရင်း ဆတ်ရင်းနှင့်မို့ ကြည့်ရသည်ကိုက တာတီးတစ်ယောက် အသနားပိုလာသည်။

သို့ကြောင့် အဖေ့အနား ကပ်ထိုင်ရင်း ကျောပြင်ကို နှိပ်ပေးသည်။

“သူတို့ ကျုပ်ကို ခေါ်ချင်ပုံမရဘူး”

ကြိုးစားပြီး ပြောလိုက်သော တာတီး အသံသည် ခပ်တုန်တုန်။ ဝမ်းနည်းသံများ စွက်နေသည်။

တာတီး၏ အဖြေစကားကြောင့် ဦးလူမောင် ရင်ထဲ လိပ်ခဲတည်းလည်း ဖြစ်သွား၏။ ခေါင်းကို မသိမသာ ခါသည်။

“အင်းလေ … သူတို့ မခေါ်ချင်ဘူးဆိုရင်လည်း သူတို့သဘောပေါ့ လူလေးရာ”

“နေပါစေ အဖေရာ။ အလုပ် ပေါပါတယ်။ ကျုပ် ဒီပြင့်အလုပ် ရှာမှာပါ”

အဖေက ဖြေနိုင်အောင်ဖြေရင်း နှစ်သိမ့်စကား ပြောခဲ့ပေမယ့် တာတီး မဖြေနိုင်၊ မကျေနပ်။

တကယ်တော့ အဖေဖြစ်သူနှင့် ကိုလူခင်တို့သည် ဘဝတူ ဆင်းရဲသားတွေချည်း ဖြစ်သည်။ ရွာမှာက တောင်သူနှင့် အလုပ်သမားသည် ဦးရေသိပ်မကွာ။ ထက်ဝက်သည် တောင်သူ။ ထက်ဝက်သည် နေ့စား အလုပ်သမား။

အလုပ်သမားလူတန်းစားစာရင်းထဲတွင် တာတီးတို့ပါသည်။ တစ်ရက်လုပ်၊ တစ်ရက်စား။ အပိုအလျှံမရှိကြ။

နှမ်းကြဲ၊ ပဲစင်းငုံကြဲ၊ မြေပဲချ၊ ငရုတ်စိုက်ချိန်များတွင် အလုပ်ရှုပ်ကြသည်။ အခြားအချိန်များတွင် ကြုံရာကျပန်းအလုပ်ကို လုပ်စားကြရသည့်ဘဝ။

အချို့က ဟင်းရွက်ခူး၊ အချို့ကထင်းရှာ။ အချို့က အညာကြီးအရပ်မှာ ဖောင်ချ ဝါးချ လုပ်ကြနှင့်။

ဟော … သည်နှစ် မိုးကောင်းသည်။ မိုးဦးနှမ်းလျင် ကောင်းသည်။ တောင်သူတွေ ရကြသည်။ ငွေရွှင်ကြသည်။

တောင်သူဆူဖြိုးမှ၊ မိုးရွာမှ တောင်သူသီးနှံ အထွက်တိုးမှ အလုပ်သမားတွေ အူစိုကြ၊ အလုပ်နှင့်လက် မပြတ်ရှိကြသည်။

အလုပ်ရှင်နှင့် အလုပ်သမားဟူသည်က ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ၊ တောအကြောင်း ယုန်သိ၊ ယုန်အကြောင်း တောသိ ဆိုသလိုမျိုး။

မိုးကောင်းသလို မြစ်ရေကလည်း ကြီးသည်။ ရေအောင်သည်ဟု အညာအရပ်မှာ ခေါ်ကြသည်။“ရေအောင်သည်” ဆိုသည်မှာ မြစ်ရေသည် တိုးလာပြီး မြစ်လျှံ။ မြစ်လျှံပြီး ချောင်းတွေ၊ မြောင်းတွေမှတစ်ဆင့် ကျွန်းထဲ အရပ်ရှိ သဲခုံမြေနု(မြေနုကျွန်း)များကို ရေဝင်ပါက ရေအောင်သည်ခေါ်၏။

အရင်အချို့နှစ်တွေက ရေမအောင်။ ရေသည် မြစ်ထဲမှာသာ တသွင်သွင်စီးပြီး ကမ်းမလျှံ။ မကျော်။ ကျွန်းထဲအရပ်ကို ရေမဝင်၊ မရောက်ခဲ့။

တာတီးတို့ အညာအရပ်သည် မြစ်နှင့်နီးပြီး ရေဝင်သော၊ ရေစိမ့်သော အရပ်ကို ကျွန်းထဲအရပ်ဟု ခေါ်သည်။

မြေကောင်းသည်။ နုသည်။ သီးနှံစိုက်ပင် အဖြစ်မြန်သည်။ ဆေးမလို၊ မြေဩဇာ မလိုသည့်အရပ်။

“ကြီးတောအရပ်”ဆိုသည်က မြစ်၊ ချောင်းနှင့်ဝေးသော အရပ်ဒေသများကို ခေါ်သည်။

ကြီးတောအရပ်ရှိ မြေများမှာ သဲတောကလွဲလျှင် ကြမ်းသည်။ ဂျုံနှင့် ပြောင်းလောက်သာ ချနိုင်၊ ကျဲနိုင်သည့်မြေ။

ကြီးတောအရပ်သည် မြေနှစ်စားရှိ၏။ တစ်နယ်မြေနှင့် သဲတောမြေ။

တစ်နယ်ကို ဂျုံ၊ ပြောင်း၊ နှမ်း၊ ပဲမျိုးစုံ ချကြသည်။

ယခု တာတီးတို့ရွာသည် “ကြီးတောအရပ်” မှာ ပါသည်။

တစ်နယ်မြေများကို ထွန်ရုံထွန်ပြီး ပြာသိုလတွင် ဂျုံချရန် “ထွန်ရေးထယ်ရေးနှပ်”သည်ဆိုရုံ ထွန်ထားကြသည်။

အဲ … သဲတောကတော့ အလုပ်ရှုပ်ကြပြီ။

ကြည့်လေ … သဲတောမှာ ပြောင်း၊ ပဲစင်းငုံ၊ နှမ်း၊ ပဲတီ၊ ပဲနတော်များ ကျဲပြီးချပြီးပြီ။ ထိုသီးနှံထဲမှ ပဲစင်းငုံနှင့် နှမ်းက အများဆုံး။

အဓိကသီးနှံက နှမ်း။

တော်သလင်းလထဲ ရောက်ပြီ။ မိုးက ဝါဆိုလထဲလောက်ကစပြီး ရွာခဲ့သည်။ သိပ်မပြတ်။

ယခု နှမ်းတွေ ကျဲပြီးပြီ။

နှမ်းမကျဲခင်က ပဲစင်းငုံ၊ ပြောင်း၊ ပဲတီ၊ ပဲနတော်ပဲများ ကျဲပြီးပြီ။ ပြောင်းနှင့် ပဲစင်းငုံဆိုလျှင် လူတစ်ရပ်ကျော်ပြီ။

ပဲတီ၊ ပဲနတော်ဆိုလျှင် နှစ်ရွက်သုံးရွက် ဆင့်ရုံမကအချို့အခင်းများမှာ အသီးအပွင့်ဝင်လို့ ပိုးသတ်ဆေး ပက်နေကြရပြီ။

နှမ်းကတော့ မိုးစောင့်နေ၍ ရက်အနည်းငယ် နောက်ကျသည်။ ကျဲရက် ဆယ်ရက်ကျော်သာ ရှိသေးသည်။ နှမ်းအကြိုက်မိုး ရွာခဲ့ပြီမို့ နှမ်းပင်များ ပေါ် ခဲ့ပြီ။

နှမ်းပင်သည် မိုးများလျှင် မကြိုက်။ အပင်ခြေ ရေဝပ်ပါက အပင်သေသည်။ ယခု ရွာသောမိုးက လင်းလိုက်၊ ရွာလိုက်။ ခပ်စိပ်စိပ် ခပ်မွှားမွှား ရွာသောမိုး။

ဒီတော့ နှမ်းခင်းထဲ ရေမတင်၊ ရေမဝင်။ ဒီတော့ အပင်ဖြစ်မိုး၊ နှမ်းကြိုက်မိုးဟု ခေါ်ကြသည်။

ဟော … နှမ်းတွေ မှုန်းကြပြီ။ နှမ်းမှုန်းသည်ဆိုသည်က လေးသွားထွန်နှင့် အပင်များကို ခွဲသတ်ခြင်းပင်။ သသွား(ထွန်သွား)နှင့် ခြစ်မိသော အပင်က အမြစ်ကျွတ်ပြီး သေပေးရ၏။ သသွားအကြား ကျန်သော အပင်က မသေ။ လေသန့်ဝင်၊ နေရောင်ဝင်တော့ ကျန်သည့်အပင်က အရွက်ဖားဖား၊ အပင် တုတ်တုတ် အဖြစ်မြန်သည်။

နှမ်းမှုန်းအပြီး ပေါက်တူးလိုက်ကြရသည်။ ပေါက်တူးလိုက်သည်ဆိုသည်က နေ့စားငှားပြီး သို့မဟုတ် ပုတ်ပြတ်ငှားပြီး ပေါက်တူးပေါက်ခြင်းပင်။

နေ့စားဆိုသည်က မနက်ခင်းကို လူတစ်ယောက် နှစ်ရာကျပ်။ တစ်နေကုန်ဆိုလျှင် လေးရာ။

နေ့စားငှားများအတွက် ထန်းလျက်၊ လက်ဖက်သုပ်၊ ထမင်းသုပ် စသည်တို့ကို အခင်းရှင်က နားချိန်မှာ ကျွေးရသည်။

မနက်ခင်းဆိုလျှင် (၁၂)နာရီ ပြန်ကြသည်။ တစ်နေကုန်ဆိုလျှင် နေဝင်မှ ပြန်ကြရသည်။ ဒါ နေ့စားအလုပ်။

ပုတ်ပြတ်ဆိုသည်က တစ်ဧကကို တစ်ထောင့်သုံးရာနှင့် အပြတ်ပေါက်ခြင်းပင်။ အချို့အခင်းက တစ်ထောင်။ အချို့က တစ်ထောင့်နှစ်ရာ။ မြက်ပေါင်း ပေါလျှင် ပေါသလို အခပိုတောင်းသည်။

မြက်ပေါင်းရှင်းလျှင် ရှင်းသလို အခလျှော့ပြီး တောင်း၍ ပုတ်ပြတ်ပေါက်ကြခြင်းပင်။

ပုတ်ပြတ်ပေါက်ပါက အခင်းရှင်က ဘာမှ စားစရာမပေး။ သောက်ရန် ရေကိုပင် ပုတ်ပြတ်ပေါက်မည့် အလုပ်သမားက ယူခဲ့ရသည်။ ပုတ်ပြတ်ကိုး၊ အပြတ်ကိုး။

ယခု ကိုလူခင်တို့ အလုပ်သမားအဖွဲ့ နှမ်းခင်းများကို ပုတ်ပြတ်ပေါက်ကြမည်။ သို့အတွက် တာတီးက အဖွဲ့ထဲ ဝင်ချင်သည်။ ပါချင်သည်။

တာတီးက ပြောသည်။ ကိုလူခင်က လက်သင့်မခံ။ ကိုလူခင့်အိမ်က ပြန်ခဲ့သည်အထိ ကိုလူခင့်အပေါ်မကျေနပ်။

အဖေ့ကို နှိပ်ပေးရင်း စကားမပြောမိကြ။ ထိုအချိန် ဟင်းရွက်ရောင်းရာက အမေပြန်လာပြီ။ အို … အမေ့မျက်နှာပြင်မည်းမည်းမှာ ချွေးတွေနှင့်။

xxx xxx xxx

တာတီး အိပ်မပျော်ခဲ့။

လွန်ခဲ့သည့်နှစ်က အဖေနှင့် ကိုလူခင်သည် ပုတ်ပြတ်ပေါက်ရာတွေ အတူတူ။ ဘာအလုပ်ဖြစ်ဖြစ် အတူတူ။ ကိုထွန်းကြိုင်​၏ နှမ်းခင်းကို ကိုလူခင်က တစ်ထောင့်ငါးရာပေးဖို့ တောင်းသည်။ ။ ကိုထွန်းကြိုင်က မပေး။ ဤတွင် ကိုလူခင်က မပေါက်တော့။

ကိုလူခင်နှင့် ဈေးစကားများရင်း အပေးအယူ မတည့်သောအခါ အဖေက အခြားလူများနှင့် တစ်ထောင့်နှစ်ရာနှင့် နှမ်းခင်းကို ပေါင်းပေါက်သည်။

ထိုနှစ်ကတည်းက ကိုလူခင်သည် အဖေ့အပေါ်မကျေနပ်။ အလုပ်ကို ပြိုင်လုပ်သည်။ လုလုပ်သည်။ ပေးသလောက်နှင့် တင်းတိမ်သည်။

အလကားလူ။ ငတ်သေမှာကြောက်တဲ့လူ။ အလုပ်ရှင် မျက်နှာလိုမျက်နှာရ လုပ်သည်ဟု စွပ်စွဲပြီး အဖွဲ့ ခွဲထောင်၏။

ရွာမှာ အလုပ်ပါး၊ အလုပ်ရှားတော့ အဖေသည် “အညာကြီး”အရပ်မှာ ပရိမ္မက ဖိုးတိုးတို့နှင့် သစ်ချဝါးချ လိုက်သွားသည်။ အပြန် သစ်၊ ဝါး ပါပါက အိမ်သစ်ဆောက်မည်။ ဒါ အဖေ့အကြံ။ မိသားစုပေါ် ထားသော စေတနာမေတ္တာ။

သို့သော် သစ်၊ ဝါး၊ ငွေ မပါလာ။ ပါလာသည်က ငှက်ဖျား။

ယခုနှစ် အဖေ အလုပ်မလုပ်နိုင်။ ဒီတော့ အမေနှင့် တာတီးတို့၏ တာဝန်သာ ကျန်သည်။

တကယ်တော့ တာတီး၏ အသက်သည် ယခုမှ (၁၅) နှစ်ပြည့်ခါပင် ရှိသေးသည်။ အတန်းကျောင်းကို ငါးတန်းသာ နေရပြီး ငါးတန်းအောင်တော့ ကျောင်းမှထွက်ပြီး အလုပ်လုပ်ခဲ့ရသည်။

ယခု ကိုလူခင်က မခေါ်ချင်ဘူးတဲ့။ သူ့အဖွဲ့ထဲ မပါစေချင်ဘူးတဲ့။ မနှစ်က ရန်စနှင့် အငြိုးက ဒီနှစ်အထိ အခဲမကျေသေး။

မတတ်နိုင်။ မပါစေချင်ရင် မပါရုံပဲ။

သို့ကြောင့် အခြားအခင်းများကို နေ့စားလိုက်သည်။ နေ့စား မလိုက်ရပါက ဟင်းရွက်ခူးထွက်သည်။

နှစ်ရက်၊ သုံးရက်၊ လေးရက်ခန့် လိုက်ရပြီး မလှချစ် နှမ်းခင်းက ပြီးသွား၏။ နောက်အခင်း ဆက်လိုက်ရန်၊ အလုပ်ရရန် သခင်ရှာရ၊ အရှင်မျှော်ရသည်က အမော။

ဘယ်သူမှ လာမခေါ်ကြ။ လူပြည့်လို့၊ အခင်းကျဉ်းလို့၊ ဒီကနေ့ အပြီးမို့နှင့် တာတီး မလိုက်ရသေး။

သူများတကာတွေ ပေါက်တူး ပေါက်ပြားထမ်း၊ ဝါးဖတ်ခမောက်ဆောင်းပြီး တောထွက်တာမြင်တော့ ဖင်တကြွကြွနှင့်။

မိုးကအုံ့၊ လေကငြိမ်၊ ဖားသံက တအုံအုံ တအင်အင်။

ပုရစ်သံ၊ ပုဇဉ်းရင်ကွဲသံနှင့်မို့ စိတ်ထဲ ပြင်းမိသည်။

အမေနှင့် ဟင်းရွက်ခူးလိုက်သည်။ သည်နေ့ သားအမိနှစ်ယောက် လွယ်အိတ်ကိုယ်စီ ချိတ်(ဂျိတ်)ကိုယ်စီနှင့် တောထဲထွက်ခဲ့သည်။

ဖိနပ်စီးလို့ မရ။ ရေတွေ ရွှံ့တွေနှင့် ပျော်လို့။ တစိုစို တစိစိနှင့်။ ရေဝဲပေါက်မှာပင် စိုးရသည့် အဖြစ်။

ကြာပင်ကန်ကွင်းရောက်တော့ ရေကန်စွန်းရွက်၊ ကနဖော့ရွက်၊ မြင်းခွာရွက်များ ခူးသည်။ ပြီး ကဇာတန်းဝင်ပြီး ကင်းပုံရွက်၊ ကင်းပုံသီး၊ ဆူးပုပ် းရွက်၊ ကြက်ဇလုတ်ရွက်၊ ကျီးအာအချိုရွက်၊ သစ်ဝံရွက်နုများ ခူးသည်။

“အင်း … ဒါလည်း အလုပ်ပဲ”

ဟင်းရွက်ခူးရင်း ရသေ့စိတ်ဖြေ ဖြေသူက တာတီး။

အလို ဟင်းရွက်ခူးရင်း ကြာပင်ကန်ကွင်းက နှမ်းခင်းများထဲ ကြည့်မိပြန်တော့ နေ့စားအလုပ်သမားတွေရော၊ ပုတ်ပြတ်ပေါက်သူများပါ နေရာအနှံ့ ပေါက်နေကြဆဲ။ သူတို့ကိုကြည့်ရင်း ပေါက်တူးကိုင်ပြီး စိတ်ကူးထဲပင် နှမ်းခင်းပေါက်နေမိသည့် တာတီး။

တကယ်တော့ တာတီးကို အသက်ငယ်သည်ဟု အခင်းရှင်များက အထင်သေးကြသည်။ သို့ကြောင့် ပေါင်းပေါက်ရာသို့ မခေါ်လိုကြခြင်းပင်။ ဒါ တာတီးအသိ။

“နေ့စားပေါက်မယ့် အခင်းရှင်တွေက ကျုပ်ကို ငယ်လို့ မခေါ်ချင်တာ မှန်ပါတယ်။ ဒါပေမဲ့ ပုတ်ပြတ်ပေါက်မယ့် ခင်ဗျားအဖွဲ့ထဲ ခေါ်သင့်ပါတယ် ကိုလူခင်ရာ”

တာတီး ရိုးသားစွာ တွေးလိုက်မိ၏။ စိတ်ထဲမှာ မကျေနပ်။

xxx xxx xxx

ကိုလူခင်တို့ အလုပ်ပါးပြီ။ နှမ်းခင်းပေါင်းပေါက်ဖို့ မရှိကြတော့။

သည်တော့ အိမ်ရှေ့ထိုင်ရင်း ငေးမိတွေးမိသည်။

ပုတ်ပြတ်ပေါက်ရသော ငွေများအကြောင်း တွေးနေမိသည်။ လုပ်အားခကလည်း ရရစားစား၊ ဝါးဝါးမျိုမျို။

ပြီး မိမိအတွက် အရက်ဖိုး၊ ထန်းရေဖိုးကလည်း ကုန်ခဲ့သေးသည်။ ဖဲကြွေးကလည်း ဆပ်ဖို့ကျန်သေးသည်။

ဇနီးဖြစ်သူကလည်း အသုံးအစွဲ မလိမ္မာ။ မိမိက လည်း လက်ဖွာဖွာမို့ ကုလားခပ်တဲ့ရေ ဖြစ်နေရသည့်အဖြစ်။

“ငါ ဘာလုပ်ရင် ကောင်းမလဲ”

အတွေးများ၊ အကြံအဖန်များက ခေါင်းထဲမှာ တရစ်ဝဲဝဲ။ ရှုပ်ထွေးကုန်ပြီ။

“ဟုတ်ပြီ … ငါ ထင်းခုတ်မယ်”

ဟု တွေးရင်း ထင်းအကြောင်း စဉ်းစားသည်။

မြတင်တို့၊ အေးမောင်တို့။ ပြီး … အခြားသူတွေ ထင်းချိုးရောင်းကြသည်။ ဈေးထဲ ရောင်းပါက တစ်စီးလျှင် တစ်ရာ့ငါးဆယ်၊ နှစ်ရာ ရသည်။

ထင်းက ရှားသည်။ ထင်းအခြောက်က ပိုရှားသည်။ မိုးက မပြတ်ရွာခဲ့သည်မို့ ထင်းက မရှိကြ။ ဆန်ဆီဆားဆိုတာ မရှိလျှင် တစ်အိမ်နှင့်တစ်အိမ် ကူးပြီး ချေးငှားချက်လို့ရသည်။ ထင်းက ချေးလို့ငှားလို့ရသည့်အရာ မဟုတ်။

“ငါ ကဇာတန်းက နဘူးချုံတွေ၊ မိုးနှံချုံတွေ ခုတ်ပြီးစု,စုပြီး ထန်းပိုင်တွေ ရောင်းရင် …”

လှစ်ခနဲ ပြေးဝင်လာသော အသိကြောင့် ကိုလူခင့်မျက်နှာ ဝင်းပသွားသည်။

မနှစ်ပိုင်းက ထန်းပိုင်ရှင်များ ထန်းလျက်ချက်ရန် ထင်းမရှိ၍ ရေမျောထင်းများကို အဆမတန်ပေးပြီး ဝယ်ကြရသည်။ မြစ်နဖူးရွာများဖြစ်သော ကျောက်တန်း၊ သီရိဇေယျာ၊ ပရိမ္မ၊ ကျားအို၊ ရွှေပန်းရွာများ သွား၍ ထင်းဝယ်ကြရသည့် အခက်အခဲများကို မြင်ယောင်မိ၏။

နောက်ရက် ဆက်ပေါက်ပြား၊ တူးရွင်း၊ ထင်းခုတ်ဓားတို့ထမ်းပြီး ချုံများကို ရှင်းသည်၊ ခုတ်သည်။

တမာပင်ပေါက်၊ ချင်းရဲပင်၊ ကုလားထနောင်း (ကန္တာရထနောင်း)၊ မရိုးပင်များအပြင် ဆီး(ဇီး)ပင်ပေါက်များကို ခုတ်သည်။

ပြီး ကဇာတန်းမှာရှိသော မိုးနှံ၊ နဘူးချုံများကို တူးသည်။ အမြစ်ဆုံကြီးများပါအောင် နှိုက်တူးသည်။

တူးရသော ထင်းများကို တစ်နိုင်တစ်ပိုင် နိုင်ရုံစီးပြီးကိုလှအေး ထန်းတောအနီး စုပုံထားသည်။

တော်သလင်း တစ်ပုလင်း၊ သီတင်းကျွတ် တစ်အာဆွတ်ဟု ထန်းသမား၏ စကားရှိသည်။

ထန်းရေချိုသည် တော်သလင်းလမှာ ပုလင်းတစ်လုံးသာရပြီး သီတင်းကျွတ်မှာဆိုလျှင် အာဆွတ်ရုံ၊ အာသာပြေရုံသာ ယိုတော့သည့်သဘော။

ယခု အချို့ ထန်းသမားများ ပြန်ကုန်ပြီ။ အချို့ မပြန်ကြသေး။

ကိုလှအေး ထန်းသမားများက မပြန်ကြသေး။ သူတို့က တဲကြီးရွာက၊ မနှစ်ကလည်း သူတို့ရွာကို မပြန်။ ဒီဘက်မှာပင် အလုပ်ရှာလုပ်ရင်း ဝမ်းမီးကို ဖြည့်သည့် ထန်းသမားတွေ။

သည်တော့ ကိုလူခင့်အကြိုက်။ ထင်းပုံအတွက် စိတ်ချရသည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်။

မကြာ ထင်းပုံက အတော်ရပြီ၊ လှည်းနှစ်စီးစာခန့် ရနေပြီ။

xxx xxx xxx

“လူခင်”

ခေါ်ရင်း အသံပြုရင်းက ဦးလူမောင်တစ်ယောက် အိမ်ထဲ ဝင်လိုက်သည်။ ကိုလူခင်က နှုတ်ဆက်ရမှာ ဝန်လေးနေသလိုလိုနှင့်။

“တောမထွက်ဘူးလားကွ”

ဟု ထိုင်ရင်း ဆက်မေးသည်။

ကိုလူခင်က ခေါင်းယမ်းပြသည်။

“အင်း … ငါလည်း အညာကအပြန် အလုပ်က မလုပ်နိုင်။ အင်း … တော်ပါသေးရဲ့ကွာ။ အညာသွားခါနီး မင်းကိုတောင် ခေါ်သေးတာလေ။ မင်း မလိုက်လို့သာပေါ့ကွာ။ လိုက်ရင် မင်း ငှက်ဖျားမိမှာ၊ မင်း သိပ်ကံကောင်းတယ်”

ပြန်စကား မရပါဘဲနှင့် ဦးလူမောင်က တပင်တပန်း ကြိုးစားပြောရင်း ရှိသည်။

“ဘယ်သွားမလို့လဲ”

အသံက ခပ်မာမာ။

ဦးလူမောင် ချောင်းဆိုးရင်း ကြိုးစားပြီး ပြုံးပြသည်။

“မင်းဆီကိုပဲကွ။ မင်း ငါ့သားလေးနဲ့ အလုပ်တွဲလုပ်ပါဦးကွာ။ အကူအညီတောင်းတာပါ”

“ကျုပ်တောင်မှ အလုပ်မရှိလို့ ထိုင်နေရတာ”

“ဟုတ်ပါတယ်၊ နှမ်းခင်းတွေလည်း ပြီးကြပြီလေ။ ဆိုလိုတာက လာမယ့် လတွေမှာ ပဲစင်းငုံခုတ်အလုပ်ရှိမယ်။ နှမ်းရိတ်၊ ပဲနုတ်က အစပေါ့ကွာ။ငါ့သား လေးနဲ့ တွဲပါဦးကွာ … နော်”

ကိုလူခင်က ခပ်မဲ့မဲ့ပြုံးသည်။ ယခင်က မကျေနပ်ချက်များ ပြန်ပေါ်လာသည်။ သို့သော် ဖွင့်မပြော။

ဖွင့်မပြောသော ကိုလူခင်၏ မကျေနပ်ချက်များကို ဦးလူမောင်ကလည်း သိပါသည်။ သည်တုန်းက အလုပ်ကို လုလုပ်ခြင်း၊ ပြိုင်လုပ်ခြင်း မဟုတ်။ မြက်တို့ပေါင်းတို့ကလည်း မရှိ။ မြေကလည်း မြေပွဆိုတော့ အခင်းရှင်က ကိုလူခင်တောင်းသည့်ကြေး များသည်ဟု ပြောသည်။

အခြား ပုတ်ပြတ်အဖွဲ့များကလည်း ကိုလူခင် လောဘကြီးမှန်း၊ တစ်ကိုယ်ကောင်းဆန်မှန်း သိသည်။

ဤတွင် ဦးလူမောင်က သင့်တော်မည့်ဈေးနှင့် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဆိုသလို ပုတ်ပြတ်ပေါက်ခဲ့ခြင်းပင်။

“တာတီးက ငယ်တယ်ဗျာ”

“ငယ်တာငယ်၊ အစွယ်နဲ့ပါ လူခင်ရာ။ လူကြီးတွေအဆင့်အထိ အလုပ် လုပ်နိုင်ပါတယ်ကွ။ အခု မင်းဆီလာရတာလည်း အကူအညီတောင်းတဲ့ သဘောပါ”

“အင်း … အခြေအနေအရပေါ့ဗျာ”

ကိုလူခင်က ပြောရင်း ထင်းခုတ်ဓားမကို ဓားသွေးကျောက်မှာ သွေးဖို့ ထွက်သွားသည်။

“မင်း ထင်းခုတ်ပြီး စုနေတယ်ဆို”

အမေးကို ကိုလူခင် မဖြေ။

“ငါ့သားနဲ့ တွဲပြီး ခုတ်ပါလားကွာ”

ကိုလူခင် မဖြေ။ ဓားကို တရှဲရှဲ သွေးသည်။ ခေါင်းပင် မော့မကြည့်။ စကား ပြန်မပြော။ အင်း … အဲ မလုပ်။

အတော်ကြာသည်အထိ စကားပြန်မရတော့ ဦးလူမောင်တစ်ယောက် ခပ်နဲ့နဲ့နှင့် ပြန်ခဲ့သည့် ခြေလှမ်းများသည် နှေးနှေး ကွေးကွေး။

xxx xxx xxx

ပုံပြီး စုပြီး စီးပြီး ထင်းပုံကို ထန်းပိုင် ကိုလှအေးနှင့် ထန်းသမား တင်မောင်တို့ကြည့်သည်။ ကိုလူခင်ကတော့ ထန်းတဲရှေ့ဇိမ်နှင့် ထိုင်ရင်းရှိ၏။

ဒီနေ့ ခုတ်ပြီးထင်းပုံကို ဈေးဆိုင်ပြီး ဈေးသင့်လျှင် ရောင်းမည်။

“ကဲ ဆို … ဘယ်လောက်လဲ”

“လေးထောင်”

ဟု ကိုလူခင်က လက်လေးချောင်း ထောင်ပြသည်။

“ဟာ … များတာပေါ့ကွာ။ သုံးထောင့်ငါးရာ”

“ပေးဗျာ”

ဟု ခပ်သွက်သွက် ဖြေသည်။

ထင်းက ထင်းအမာတွေ၊ အသားကောင်းတွေ။ အမြစ်ဆုံတွေနှင့်။

လှည်းနှင့် တင်လျှင် သုံးစည်းတော့ ရမည်။

ကိုလှအေးက ငွေချေသည်။ ရသည့်ငွေကို ကိုလူခင်က အရက်ဖိုမှာကျန်သည့် အကြွေးကိုဆပ်၊ ဖဲကြွေး အချို့အဝက်ဆပ်ပြီး ဇနီးဖြစ်သူကို ငါးရာအပ်သည်။ ဇနီးကတော့ ပြုံးလို့ရွှင်လို့။

ကိုလူခင် မပျော်ပါ။ ကြွေးက ကျန်သေးသည်။ ထင်းခုတ်ပြီး စုရဦးမည်။ ငွေရှာရဦးမည်။

နောက်ရက် လက်နက်အစုံထမ်းပြီး တောထဲ ထွက်ခဲ့ပြန်သည်။

“ဦးလူခင် … တောလား၊ ထင်းခုတ်လားဗျာ့”

နောက်က အမေးစကားကြောင့် ကိုလူခင် လှည့်ကြည့်သည်။

“ဟင် … တာတီး”

တာတီးကိုကြည့်ရင်း မျက်လုံးပြူးသွားသည်။

အလို ဒီကောင်လေး သူ့လိုပင် ထင်းခုတ်ထွက်လာတာလားမသိ။ ဟုတ်မှာပါ။ လက်ထဲမှာ ဓားမနဲ့၊ ပေါက်ပြားနဲ့။ အဟင်း … ဝန်နဲ့ အား မမျှ။

ကြည့် … ကလေးက ပေါက်ပြားနှင့်ဆိုတော့ သူလိုပင် ချုံကြီးတွေက နဘူးမြစ်၊ မိုးနှံမြစ်တွေရအောင် မြေကြီးထဲနှစ်ပြီး တူးနိုင်မှာတဲ့လား။

တွေးမိသူက ကိုလူခင်။

“မင်း … ဘယ်လဲ”

“ထင်းရှာထင်းပေါက်ပေါ့ဗျာ။ ကျုပ် ခင်ဗျားနဲ့ လိုက်မယ်။ ဘယ်မှာ ထင်းပေါလဲ”

ဘုရား … ဘုရား … ဘုရားတမိသည်။

မိမိက မိမိ၏အကြံကို၊ အလုပ်ကို ဘယ်သူမှမပြော။ တာတီး မဆိုထားနှင့်။ ညီဝမ်းကွဲ လူအေး၊ လူမောင်ပင် မပြော။ ကြိတ်ပြီး ကြံသည်။ ကြိတ်ပြီး လှုပ်ရှားသည်။

မိမိ ဝင်ငွေကောင်းဖို့က အဓိက။ သူများတွေ ငတ်နေလျှင် ကိုယ်နှင့်မဆိုင်ဘူးလေ။ ငတေမာရင်ပြီးရော။

မိမိအလုပ်ကို သူများဝင်လုပ်မှာ၊ လုမှာ၊ ဂုဏ်ပြိုင်မှာ၊ ကျော်တက်သွားမှာကို မခံချင်။

အကြံတူ နောက်လူ အောင်မြင်သတဲ့၊ အလုပ်တူ ရန်သူတဲ့။

ယခု အလုပ်တူပြီ။ မိမိစားကျက်၊ မိမိလုပ်ကွက်၊ မိမိဝင်ငွေမှာ အမှောင့်ပယောဂ ဝင်လာပြီ။ အပြိုင်ဝင်နေပြီဟု စိတ်ရင်းမကောင်း။ ကောက်ကျစ်စဉ်းလဲစွာတွေးနေမိသည်။

မိမိသာ ထင်းတွေပိုရ၊ ဝင်ငွေကောင်းရမည်။ အခြားသူ ထင်းရ၊ ငွေရတာ မလိုချင်။

စိတ်ပုပ်၊ စိတ်ယုတ်၊ မနောဆိုးတွေ ကောက်ကျစ်စွာ လူမဆန်စွာနှင့် မြေခွေးပြုံး ပြုံးပြရင်း တောစပ်အဝင် သရက်ပင်မှာ ထိုင်သည်။

တာတီးပါ ရောပြီး ထိုင်၏။

တော်သလင်းနေ ပုစွန်သေ ဆိုသည့်အတိုင်း နေသည် ပူလိုက်၊ မိုးသည် ရွာလိုက်နှင့်။

မိုးတိမ်မရှိသောအခါ ပူသောနေသည် လွန်ကဲသည်။ သို့သော် တောင်အရပ်ဆီက တိမ်မည်းများ တက်လာသောအခါ နေမင်းသည် အားလျှော့မာန်ချဟန်နှင့် ကွယ်ပြန်ပြီ။

“ထင်းခုတ်ရတာ မလွယ်ပါဘူးကွာ။ ပိုးမွှား သိပ်ကြောက်ရတာ။ အရင်ရက်က ငါ ထင်းခုတ်မိပါတယ်။ အမယ်လေး … လေး … မြွေပွေးကြီးမှ နည်းတာ မဟုတ်ဘူး၊ ကံကောင်းလို့။

ဒီနှစ်မိုးများတော့ မြွေတွေက ပေါမှပေါ။

အလကား အလုပ်ပါကွာ။ ဒီပြင့်အလုပ် ရှာလုပ်၊ ဟင်းရွက်ခူးကွာ။ အဲဒါကမှ အလုပ်ဖြစ်သေးတာ။ မြွေကြောက်ရသေး၊ ပေါက်ပြားပေါက်တော့ လက်တွေ နာသေး”

အနှစ်မပါသော လေသံနှင့် စိတ်ညစ်အောင် ပြောသော ကိုလူခင့် စကားများကို တာတီး နားထောင်ဆဲ။ တာတီးက ဘာမှဝင်မပြော။ အုပ်ဆိုင်းလာသော တိမ်များကို မော့ကြည့်ရင်း ရှိသည်။

“တကယ်ပြောတာကွ။ ဒီအလုပ်များ စိတ်မဝင်စားနဲ့။ ထင်းများကွာ … ဘယ်သရက်ပင် တက်ချိုးချိုး အကိုင်းအခြောက်တွေ ပေါမှပေါ့၊ ကဇာတန်းခုတ်မှမဟုတ်ဘူး၊ သိလား။ ကဲ – သွား … သွား”

ကိုလူခင်က သူ့ပိုက်ချက် သိမည်စိုး၍ တာတီးအား နှင်လွှတ်သည်။ တာတီးက ခေါင်းကို တွင်တွင်ကုတ်သည်။

ဘယ့်နှယ် … အလုပ် လုပ်ချင်ပါတယ်၊ ထင်းခုတ်ချင်ပါတယ်ဆိုမှ။ ငွေလိုချင်တယ်၊ ဝမ်းဝချင်ပါတယ်ဆိုမှ ဒီလူက ဖျက်ပြန်ပြီ။

ဟိုနေ့က ရွာထဲက ကြားတဲ့သတင်း။ အဖေနှင့်အမေပြောတဲ့သတင်း။

ကိုလှအေးကို ထင်းပုံအပြတ်ရောင်းရသတဲ့။ သုံးထောင့်ငါးရာနှင့်တဲ့။

သုံးရက်ပဲ ခုတ်ရတဲ့ထင်း၊ ဒင်းကမှ ခုတ်နိုင်သေးတာ၊ ငါလည်း ခုတ်နိုင်ရမှာလို့ ရဲစိတ်မွေး အားခဲပြီး သူ့နောက်ယောင်ခံလိုက်လာခါမှ

“အင်း … ဒီလူပြောတာ အနှစ်မပါဘူး၊ ညာပြောတာ။ တစ်ဖက်သား စိတ်ဓာတ်ကျအောင် လုပ်တာပဲ ဖြစ်ရမယ်။ ဒီ … ဒီလူဟာ တစ်ဘို့တည်းသမား၊ အတ္တသမား၊ တစ်ဖက်သား မနာလိုတဲ့လူ။ ဟင်းစားမပေး၊ ပိုက်ချက်မပြချင်တဲ့ လူယုတ်၊ အူပုပ်၊ အထဲမကောင်း၊ စိတ်ရင်းမမှန်တဲ့လူ။ ငါသာ တောကျွမ်း၊ ငါသာ ရွာနိုင်၊ ငါသာ ချမ်းသာ၊ ငါသာ ငွေရရမယ်ဆိုတဲ့လူ”

ဟု တွေးရင်းရှိစဉ် မိုးသည် တဂျိမ်းဂျိမ်း တက်လာပြီ။ မြောက်လေအေး တစ်ချက်အဝေ့မိုးဖွဲများကျလာပြီ။

ကြာပင်အိုင်ကွင်းဆီက ဖားများအော်သံတို့ကြားရ၏။

တွေးဆဲပင်၊ ကိုလူခင်က အဝေးကိုပင် ရောက်သွားပြီ။ တာတီးရပ်နေမိဆဲ၊ တွေးနေမိဆဲ။

xxx xxx xxx

“ကင်းရွာ”မှ အော်ဒါမှာထားသော ဆက်ပေါက်ပြားကို အားပြုရင်း အရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်သည်၊ မြှောက်သည်။ အားကုန် လွှဲပေါက်သည်။

မိုးနှံချုံကို ရောက်ကတည်းက အပေါ်ကိုင်းအဖျားများကို ဓားနှင့်ရှင်းပြီးသား။ သို့ကြောင့် ပင်စည်များသာ ကျန်သည်။ ထိုချုံက အကိုင်းများ တုတ်သည်။ အမြစ်ပေါက်ရတာ လွယ်သည်။

အမြစ်ဆုံ၊ အမြစ်အုံများက မြေအပေါ်ယံ အလွှာပေါ်မှာသာ နေသည်။ မြေအောက်ကို နက်နက်ရောက်သည်အထိ မသွားကြ၊ အသားပွသည်။ ပေါက်ရတာ လွယ်သည်။

သို့သော် ဆူးရှိသည်။

မကြာပါ တစ်ချုံပြီးသွားပြီ။ နောက်တစ်ချုံ … ပြီး နောက်ထပ်တစ်ချုံ။

ခေတ္တနားသည်၊ ဆေးဖတ်ကြီးဝါးသည်။ ခေတ္တနားပြီး မိုးနှံချုံကို ရှင်းသည်။ နဘူးချုံလို ဆူးမရှိ၊ အကိုင်းများက အနွယ်လိုအပင်မျိုး။ သို့ကြောင့် အဖျားများကိုခုတ်ပြီး အမြစ်ပေါ်ရန် အခြေရှင်းပြီး ပေါက်သည်။ မိုးနှံပင်ထက် အမြစ်မာသည်။ အမြစ်ဆုံကြီးများက ကြီးသည်။ အားနှင့်ထည့်ပြီး ပေါက်ရ သည်။

ပေါက်ပြားသံ တဒုတ်ဒုတ်နှင့်။

မိုးက တဖွားဖွားကျလာသည်။ တောစာကလေးတစ်အုပ်က ပဲစင်းငုံအခင်းပေါ် ဝဲပျံနေ၏။

နဘူးချုံကို ဆက်ပေါက်ပြားနှင့် အမြစ်ဆုံများပါအောင် အားစိုက်ပေါက်ရင်း ရှိသည်။အမြစ်ဆုံများက လူကြီးတစ်ဦးပင် အတော်ရွက်ရ၊ မယူရသည်အထိ ကြီးသည်။ ပင်စည်အတုတ်က လက်မောင်းလုံး၊ ကလေးပေါင်လုံးခန့်အထိ တုတ်သည်။

“ဟင် … ဥလေးတွေပါလား”

အမြစ်ဆုံခြေက ပေါ်လာသော ဥလေးများကို ရေတွက်မိသည်။ ဥက အဖြူရောင်၊ ကြက်ဥပုံလို နှစ်ဖက်ချွန်သဘောမျိုး။ ဥအကြီးအရွယ်က ငုံးဥ သာသာ။

သိပါပြီ၊ ပုတ်သင်ညိုဥတွေ။ ဥများကို မြေသားနှင့် ပြန်ဖုံးပေးပြီး ဆက်တူးသည်။ အမြစ်ဆုံတွေ၊ အကိုင်းတွေ၊ ပင်စည်တွေ အတော်ရပြီ။

“ဖြီး … ဖြီး”

“ရှူး … ရှူး”

နဘူးချုံက ထက်ဝန်ခန့်သာ ပြီးသေးသည်။ ချုံအကျယ်က ခြေလှမ်း ဆယ်လှမ်းခန့်။ ကဇာဘေး လိုက်ပေါက်နေသောချုံ။ တစ်ဖက်ကလှည်းလမ်း၊ တစ် ဖက်က နှမ်းခင်း။

ချုံ၏တစ်ဖက်ဆီက မြွေနှာမှုတ်သံ၊ တောသံပေးလိုက်မှန်း သိသည်။

ဆက်ပေါက်အံ့ဆဲဆဲ ပေါက်ပြားကို မြှောက်ထားရင်း ချုံစပ် အသံလာရာကို ကြည့်မိသည်။

“မြွေပွေးလား၊ မြွေဟောက်လား၊ ငန်းစောင်းလား၊ ငန်းပုပ်လား”

စိတ်ထဲက ဇဝေဇဝါနှင့် တွေးမိသည်။

အနီးတွင် ထောင်ထားသော ခက်ရင်းနှင့် ဝါးရှည်ကို အာရုံပြုထားသည်။ လက်ထဲက ပေါက်ပြားကို ကျစ် ကျစ်ပါအောင် ဆုပ်ထားဆဲ။

မကြာ၊ ချုံထဲမှနေပြီး တောတိုးသံ ကြားရ၏။ အသံသာ ကြားရသည်။ အကောင်မမြင်ရ။

နဘူးကိုင်းများ၊ အရွက်များသာ လှုပ်နေသည်။ ဘာမြွေမှန်း မသိ။

အရင်နှစ်တွေက ထိုကဇာတန်းမှာ ငန်းပုပ် လိုက်ပေါက်တာ ကြားဖူးသည်။ မြက်နုတ်တွေ၊ တောသွားတောလာတွေ အလိုက်ခံရသည်။

မြွေဟောက်က ယောက်ျားများကို သိပ်မလိုက်။ အဲ မိန်းမများဆို အသေအလဲ လိုက်ပေါက်တတ်သည်။

ယောက်ျား မိန်းမ မရွေး လိုက်တတ်သည့်အကောင် က ငန်းပုပ်နှင့် ငန်းစောင်း။

“ဟင်…”

ကိုလူခင် မျက်လုံးပြူးသွားသည်။

လာနေပြီ … မြင်ရပြီ။

နှာမှုတ်သံ၊ တောသံ၊ ဒေါသံများပေးပြီး ငန်းပုပ် ပေါ်လာ၏။ ငန်းပုပ် ဟူသည့်အတိုင်း အငမ်းမရ ကိုက်တတ်ပြီး အရောင်က ညစ်ပုပ်ပုပ်၊ ညစ်ထေးထေး။ အရောင်ကြည့်ရုံနှင့် ငန်းပုပ်မှန်း သိသည်။

“ငန်းပုပ်ကြီးပါလား”

အသံတိတ် ပြောမိသည်။ ရင်တွေခုန်လာ၊ တုန်လာ၊ လှိုက်ဖိုမောလာ၏။ အသက်ရှူ ပြင်းလာသည်။

အသက်ကို ဝအောင်ရှူ၏။ စိတ်ကို ပြန်ချုပ်တည်း သည်။ စုစည်းသည်။ သတိ … သတိတရားကို လက်လွှတ်လို့ မဖြစ်။

မရတော့။ ငန်းပုပ်က ချက်ထောက်ရပ်ရင်း ခေါင်းကြီးကို လေမှာဝဲရင်း ဟိုယိမ်းဒီယိမ်း လုပ်သည်က ရှင်သေမင်း၏ ခံတွင်းဝနှင့် တူနေပြီ။ မိမိသည် ကျားရှေ့ လဲကျပြီလား။

ရဲရဲနီနေသော အာခေါင်ကြီး။ အတွင်းက ပြူတစ်တစ်လုပ်ရင်း ထုတ်လိုက်၊ သွင်းလိုက် လုပ်နေသော လျှာနှစ်ခွနှင့်အတူ ဖြူဖြူရှည်ရှည်၊ ခပ်ကောက် ကောက်ချိတ်ချိတ်ရှိသော အစွယ်များက မြင်ရသူ ကိုလူခင်အတွက် အသက်ရှူရပ်သည်အထိ။

အလို … သေမင်းလက်က လက်တစ်ကမ်းအကွာမှာ။

“ဖြီး … ရှူး”

ငန်းပုပ်သည် မာန်သွင်းသည်။ ခေါင်းကို ဘယ်ညာယိမ်းကရင်း ရှေ့ကို တိုးလာသည်။ လူသားတစ်ဦး၏အသက်ကို နုတ်ယူရန် သွေးတိုးစမ်းလာ၏။

“လာခဲ့ … လာခဲ့စမ်း”

ပါးစပ်က ကြုံးဝါးသည်။ လက်ထဲက ပေါက်ပြား၏ အလေးချိန်ကို ဆကြည့်သည်။

ရုတ်တရက် မြွေက သိပ်မဝေးတော့။ အနီး ရောက်တော့မည်။

နာသံ၊ အာသံ၊ တောသံ၊ ဒေါသသံ အစုံပြုဆဲ။

အင်း … မိမိက လောဘနှင့် တစ်ဦးတည်း တပ်မက်မိတာကိုး။ ထင်းခုတ်ရာ အခြားသူကို မရစေချင်တာကိုး။

အခုအချိန် အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်များကို တမ်းတမိသည်။ ကူဖော်ညီဘက် ရမည်။

ခုတော့ တစ်ယောက်တည်း။

“တာတီးလေး ပါခဲ့ရင်၊ ငါ … သူ့ … သူ့ကို ခေါ်ခဲ့ရင်”

တိုးလာပြီဖြစ်သော မြွေကိုကြည့်ရင်း ခက်ရင်းနှင့် ဓားအနားရောက်အောင် သုံးလှမ်းခန့် ဆုတ်သည်။

ငန်းပုပ်က အကဲခတ်ရင်း ပြေးလာပြီ။

“ဖြောင်း … ဖြောင်း”

အသံများက နဘူးပင်များထံမှ ထွက်လာသည်။

“လာခဲ့ … လာခဲ့”

ဟူသော မိမိကိုယ်ကို အားပေးနေပေမယ့် ချွေးများ ပြန်လာသည်။ ချွေးပေါက်တို့က မိုးစက်များနှင့် အပြိုင်ကျဆဲ။

“ကဲကွာ”

ဟု မာန်သွင်းရင်း ပေါက်ပြားနှင့်ပေါက်သည်။

နဘူးကိုင်းများကြောင့် ပေါက်ချက်က သိပ်ပြီးမထိ။ ပေါက်ပြားအသွားနှင့် နဘူးကိုင်းများ ထိ၍ ပြတ် ကျ ကျိုးကုန်သည်။ မြွေကြီးကို မထိ။

မြွေက သူ့ခန္ဓာကိုယ်အား သစ်ကိုင်းများနှင့် ရိုက်မိ ထိမိ၍ ပိုပြီး စိတ်ဆိုးလာပုံရသည်။

နောက်တစ်ကျော့ ခေါင်းပြန်လှည့်ပြီး ခွေးဆွဲ ဝင်ဆွဲသည်။ ပေါက်ပြားနှင့် ပေါက်ချိန်မရ။ အားကုန်ယမ်းသည်။

မြွေ၏ ခါးအထက်ပိုင်း ထိသွားသည်။ ယမ်းမိသောဒဏ်ကြောင့် မြွေသည် နှစ်တောင်ခန့် လွင့်သွားပြီး အခြေပျက်သွား၏။

ဤတွင် ငန်းပုပ်က ချုံထဲ ပြန်ဝင်ပြီး တိုက်ကွက်ပြောင်းသည်။ မြေပြင် နှမ်းခင်းပြင်မှာ မနေတော့။

မြွေက နဘူးကိုင်းများအကြားမှ ခေါင်းထောင်ပြန်ပြီ။

“ကဲကွာ”

“ဒုတ် …”

ပေါက်ပြားသည် အားအင်အသုံးပြုခံရ၍ မြွေ၏ခေါင်းနှင့် လွဲသွားပြီ။ နဘူးကိုင်းများ၊ အရွက်များအကြားမှတစ်ဆင့် မြေကြီးထဲရှိ နဘူးအမြစ်ဆုံမှာ ဒုတ်ခနဲကျပြီး ပေါက်ပြားအသွားက စိုက်ဝင်နေပြီ။

ကိုလူခင် မျက်လုံးပြူးသွားသည်။

ပေါက်ပြားက အမြစ်ဆုံ အသားမာထဲ စူးနစ်ဝင်နေသည်မို့ပြန်နုတ်မရ။

မြွေက နဘူးကိုင်းထဲမှ တိုးဝင်ခွေ့ရင်း ခေါင်းအထောင်။

နုတ်မရ၊ ချွတ်မရတော့သော ပေါက်ပြားရိုးကို လွှတ်ပြီး နောက်ကို ခုန်ပြီး ဆုတ်သည်။ ခက်ရင်းနှင့် ဓားအနားအရောက် ခက်ရင်းအယူ …

ငန်းပုပ်သည် ရှောခနဲ၊ ဖြီးခနဲ၊ ရှူးခနဲ တောသံ ဒေါသံနှင့် လေးမှလွှတ်သောမြားနှယ် ရိပ်ခနဲ လှစ်ခနဲ လာသည်က မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်။

“ကိုလူခင် … သတိ … သတိထား”

အသံတစ်သံ၊ ထိုအသံရှင်က ကိုလူခင့်ကို သတိပေးရင်း လက်ထဲက ဝါးမာနှင့် မြွေ၏ ခေါင်းအောက်ပိုင်းကို မှန်းပြီး ရိုက်ချလိုက်သည်။

“ဖြောင်း … ဖြောင်း”

“ဘုတ် … ဘုတ်”

“ဖြီး … ဖြီး “

တုတ်နှင့် မြွေထိသံ၊ နဘူးချုံများ ခတ်မိသံ ဖြောင်းဖြောင်းအသံများနှင့်အတူ မြွေက နှာမှုတ်ရင်း ခေါင်းလဲကျသွားရာက တောသံ ဒေါသံပေးရင်း ခေါင်း ဆတ်ခနဲ ထောင်သည်။

“ဖြောင်း … ဖြောင်း”

ဆက်ရိုက်သံ ကြားရသည်။ မှင်တက်မိကာ သတိလက်လွတ်သလို ဖြစ်နေသော ကိုလူခင်က ထိုလူကို အသေအချာကြည့်လိုက်တော့ –

“ဟင် …တာ တီး”

ဟု ရင်ထဲက ညင်သာစွာခေါ်ရင်း ငဲ့စောင်းကြည့်လိုက်သည်။

တာတီးသည် အခြေပျက်သွားသော ငန်းပုပ်ကြီးနှင့် ရင်ဆိုင်ဆဲ။

ငန်းပုပ်သည် အထိနာသော်လည်း မာန်မလျှော့။ ခေါင်းပြန်မတ်ဖို့ ကြိုးစားသည်။

ကိုယ်လုံး ညိုညစ်ညစ်ကြီးက တွန့်လိမ်ပြီး နှမ်းခင်းထဲ လူးသည်။ အမြီးဖျားက ယမ်းသည်။

တာတီးသည် လက်ထဲမှာ အရန်သင့်ပါလာသော တုတ်အမာနှင့် ဖြတ်ရိုက်လိုက်ပြန်သည်။

မြွေကြီး မာန်ကျသွားသည်။ တာတီး ဆက်ရိုက်သည်။

နှစ်ချက်၊ သုံးချက်။ အို … အချက်ပေါင်း မရေတွက်နိုင်။

လက်က သွက်ပါဘိ၊ လျင်ပါဘိ၊ မြန်ပါဘိ။

မကြာ … မြွေကြီး သေသွားပြီ။ ငြိမ်သွားသည်။

“တော်ပါသေးရဲ့ဗျာ။ ခင်ဗျား ထိမိသေးလား”

တာတီးက ကိုလူခင့်ကို မြွေအပေါက်ခံရသေးလားဟု မေး၏။ ကိုလူခင် ခေါင်းယမ်းပြရင်း ကြိုးစားပြုံးပြသည့် အပြုံးများက နောင်တ အပြုံး၊ ရှက်ပြုံး။

xxx xxx xxx

ကိုလူခင့် သတင်းကြောင့် အိမ်မှာ လူအပြည့်။ အပေါင်းအသင်းများ လာပြီး မေးကြသည်။

ကိုလူခင်က ဖြစ်ကြောင်းကုန်စင် ပြောဆဲ။

“ကျုပ် တာတီးသာ မကယ်ရင် ငန်းပုပ်ကို မနိုင်လောက်ဘူး”

“ကျုပ်က ကိုလူခင်နဲ့ လမ်းခွဲပြီး အခြားကဇာကို သွားပြီး ထင်းခုတ်တာပါ။ ဒီအချိန် နဘူးချုံထဲက မှိုတွေ တွေ့ခဲ့တယ်။ မှိုတွေက အားကြီးပဲ။

ဒီတင် ကိုလူခင် ခုတ်နေတဲ့ ကဇာဆီလာပြီး မှိုနုတ်ဖို့ အခေါ်ထွက်ခဲ့တာဗျာ။ ကျုပ်ခုတ်တဲ့ ကဇာနဲ့ ကိုလူခင်ခုတ်တဲ့ကဇာက သိပ်မဝေးဘူးဗျ။ သူ ခုတ်နေတာ မြင်နေရတာ။

ကျုပ်က လက်ထဲက အသားမာတုတ်တစ်ချောင်းကိုင်ပြီးအလာ ကိုလူခင်နဲ့ ငန်းပုပ်ကြီးရဲ့ရင်ဆိုင်ကြတဲ့ပွဲနဲ့ ကြုံတာဗျာ။ ဒါကြောင့် ဝင်ကယ်တာ”

ဟု တာတီးက ပြောသည်။

ကိုလူခင် နားလည်ပါပြီ။ အရာရာမှာ အမှားအမှန် ဝေခွဲတတ်ခဲ့ပြီ။ ဘယ်နေရာမဆို သူ့အတွက်၊ ကိုယ့်အတွက် ရှိသင့်သည်။ တစ်ဘို့ထဲ မထားသင့်။

ပင်လယ်ရေကို မိမိတစ်ဦးတည်း သောက်လို့ မဖြစ်နိုင်၊ မကုန်နိုင်။ ငါသာ ရရမည်၊ ငါသာ အလုပ်ဖြစ်ရမည်၊ ငါသာ ဆရာ၊ ငါသာ အတတ်ဆုံးဟု စိတ်ကြီး ဝင်ခဲ့သည့် မိမိအမှားသည် အန္တရာယ်နှင့် ကြုံခဲ့ပြီမို့ –

“မှိုတွေနော် – မှိုဖြူတွေ။ တစ်ပိဿာ တစ်ထောင့်ခြောက်ရာ”

ဟု လမ်းဘက်က တာတီးအမေ၏ မှိုရောင်းသံ ကြားရသည်။ မှိုများကို တောင်သူများ အလုအယက် ဝယ်နေသည်ကို ကိုလူခင် ငေးဆဲ။

“အင်း … မင်း စေတနာမှန်တော့ ထင်းလဲရ၊ မှိုလဲရ။
ငါကတော့ ဟင်းစားလည်းမပေး၊ ပိုက်ချက်လည်း မပြချင်ဆိုတော့ ငန်းပုပ်နဲ့ တွေ့တာပေါ့ကွာ။ တော်ပါသေးရဲ့… တာတီးကယ်လို့”

ဟု တွေးရင်း၊ ငေးရင်း၊ ရှက်ပြုံးဖြင့် …။

– ပြီး –

စာရေးသူ – တွင်းကြီးသားတင်ဝင်းဦး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *