ဟင်းထုပ်

နုနုရည်(အင်းဝ)

(၁၉၉၁၊ ကလျာမဂ္ဂဇင်း)



မနက်လင်းပြီဆိုတာနဲ့ ခင်မွှေးတို့ ပျံကျဈေးတန်းကလေး ဆူညံစပြုပြီ။ ပျံကျဈေးသူတို့ရဲ့ စူးရှရှ၊ ပြာလဲ့လဲ့၊ အက်ကွဲကွဲအသံ မျိုးစုံဟာ ပျံကျဈေးကလေးကို သက်ဝင်လှုပ်ရှားစေတယ်။

“ဟောဒီမှာ…မျှစ်ချိုနုလေးတွေ အစိတ်သားကို နှစ်ကျပ်၊ နံနံပင်တွေ အရိုင်းစည်းတွေ တစည်းမှ တကျပ်တည်း…တကျပ်တည်း။ ပေါပေါလေးတွေ ပေးကုန်ပြီ”

ဒါက စူးရှရှ၊ အက်ကွဲကွဲ အေးမြင့်မာရဲ့ အသံပေါ့။

“ပေါတာလေးနဲ့ လတ်တာ လေးကို စားမယ် အစ်ကိုရေ။ ချဉ်ပေါင်တွေ၊ ကန်စွန်းတွေ၊ ကန်စွန်းတွေ၊ ချဉ်ပေါင်တွေကတော့ ပေါသလားလို့မမေးနဲ့၊ လတ်သလားလို့မမေးနဲ့ သူများအတိုင်းပဲ”

ဆိုတဲ့ ပြာလဲ့လဲ့နှာခေါင်းသံပိုင်ရှင်ကတော့ အဝင်းမလို့ ခေါ်နေကြတဲ့ ကနွဲ့ကလျကောင်လေး။

“လာ…လာ… ဒီမှာ ကြက်သွန်၊ အာလူး၊ အာလူး၊ ကြက်သွန်”

ဆိုပြီး ထပ်တလဲလဲပေါ် ထွက်နေတဲ့ တိုးတိုးနဲ့လေးလေး အသံပိုင်ရှင်က ဒေါ်ကြီးသိန်း။

ခင်မွှေးအသံက သေးသေး စူးစူးလေး။

“ပဲသီးတွေ၊ ခရမ်းသီးတွေ၊ မုန်လာဥတွေက ဒီမှာလေ၊ ဟင်းရွက်စုံဒီမှာရတယ်”

လို့များ ခင်မွှေးအသံကုန်တင်လိုက်ရင် ဈေးသည်တွေချာခနဲ လှည့်ကြည့်ရမြဲ၊ ဆိုင်နီးချင်းတွေကလည်း မျက်စောင်းထိုးကြမြဲ။ အဝင်းမဆို ခပ်ပိုပိုနဲ့လက်ကလေးနှစ်ဖက်ကော့ပြီး နားတွေကိုပိတ်ရသေးတာ။

ဒီနေ့က ဥပုသ်နေ့ဆိုတော့ ပျံကျဈေးတန်းက ပိုစည်ကားနေသလိုပဲ၊ ဈေးရုံကြီးပိတ်တယ်လေ။

“ဦးကလည်း ဒါလေးများ၊ ယူသွားပါဦးရဲ့။ တရုတ်ကန်စွန်း စစ်စစ်လေး ကြော်စား အားရှိတယ်၊ ကျေးဇူးတင်ပါတယ်ဦးရယ်၊ ခုလိုအားပေးတာ”

လုပ်ကုန်ပြီ အဝင်းမတို့ကတော့။ မျှစ်ဇလုံထဲကို လက်နဲ့ထိုးဖွရင်းက အေးမြင့်မာ အဝင်းမဆီကို လှမ်းကြည့်မိအောင် ကြည့်လိုက်မိသေးတယ်။

အဝင်းမက သနပ်ခါးနဲ့၊ ကာချယ်နဲ့။ ခင်မွှေးတို့တတွေက တယောက်မှ သနပ်ခါးမပါကြဘူး။ ဒေါ်ကြီးသိန်းကတော့ လူကြီးမို့ထားပါတော့။ ဟို အပျိုလေး အရွယ်လေး မိမွှေးကလည်း မျက် နှာပြောင်နဲ့ အေးမြင့်မာတို့ကတော့ ပြောစရာမလိုပါဘူး။ ယောကျ်ားနဲ့ကွဲတဲ့ အကြောင်းရင်း တွေထဲမှာ ဒီသနပ်ခါးမလိမ်းတဲ့ အမှုပါတယ်။ မပြောလိုက်ချင်ဘူး။ ယောကျ်ားတွေဟာ မိန်းမတွေကို တော်တော်သနပ်ခါးလိမ်း စေချင်တယ်။ ဒါဖြင့် ထားပါလားလို့၊ အိမ်မှာ ဇိမ်နဲ့နှပ်ပြီး နေရတဲ့ ဘဝမျိုးမှာထားပါလားလို့။ မိုးမလင်းခင် မျက်နှာတောင် အနိုင်နိုင်သစ်ပြီး ပြေးရတဲ့ ပျံကျဈေးသည်မ ဘဝမှာ ဘာလို့ထားသေးတုံး။

“နံနံပင် ပေးပါဦး”

“ဪ…ယူလေမမ၊ အရိုင်းစည်းကြီးတွေ တကျပ်ပါ။ ကဲ …မျှစ်ချိုနုလေးတွေ ဒီဘက်မှာ ပေါပေါလေး၊ နံနံပင်တွေ ပေါပေါလေး”

“အေးမြင့်မာ ဒေါ်ကြီးကို ကျပ်တန်တရွက်လောက်။ ဘာ ယူမလဲ ကလေး…ယူလေ”

အေးမြင့်မာဆီက ကျပ်တန် တရွက်ကို ဈေးဝယ်သူငယ်လေးဆီ လှမ်းအမ်းတုန်း သည်းခနဲဆူညံ ကြားလိုက်ရတော့ ဒေါ်ကြီးသိန်း ထိတ်ခနဲဖြစ်ပြီး ရင်တွေတုန်လာတယ်။ ဘာလဲဟဲ့။ ဪ … ငါးသည်တွေဘက်က ရန်ဖြစ်တာ။ ဘုရား…ဘုရား ခုတလော ဘာဖြစ်မှန်းလဲမသိပါဘူး။ ရုတ်ရုတ် သဲသဲဆို ထိတ်လန့်ပြီး ရင်တွေတုန်၊ ဟာတာတာ မောတော တောကြီးဖြစ်ဖြစ်လာတယ်။ အသက်ကြီးလာလို့ပဲ ထင်ပါရဲ့။ တကယ်တော့ ဒီအသံဗလံတွေ ကြားထဲမှာ ကိုယ်တလျှောက်လုံးနေလာခဲ့တာပဲဟာ။ အင်း … ဟာတာတာကြီးဖြစ်ဖြစ်နေတာဟာ အစားအသောက်ချွေတာလို့များလား။ ဟုတ်…မထင်ပါဘူးလေ။ ကိုယ်ချွေတယ်ဆိုတာ အေးမြင့်မာတို့၊ မွှေးမွှေးတို့ မီမထင်ပါ ဘူး။ ငယ်ရွယ်သူတွေ ဘယ်ချွေချင်ကြပါ့မလဲနော်။ ဒါပေမဲ့ ချွေကြရတယ်။ မိသားစုတွေနဲ့၊ ဝင်ငွေနည်းနည်းလေးနဲ့၊ ကြွေးနဲ့ ဈေးနှုန်းနဲ့။ အဝင်းမလေးလည်း ဒီလိုပဲ။

“ဘူးသီးနုနုလေးတွေ၊ ခရမ်းချိုသီးကြီးတွေကတော့ ဒီမှာနော်။ ဘူးသီးဟင်းခါးလေးချက်မလား၊ ခရမ်းသီးလေးနှပ်မလား”

“ဟေ့… ကိုယ့်ချစ်ချစ်နဲ့ကျမှ ဟင်းစီစဉ်ဟေ့။ သူများတွေ လိုက်စီစဉ်ပေးမနေနဲ့။ နားငြီးတယ်”

အဝင်းမကို ခင်မွှေးမျက်စောင်းထိုးပစ်လိုက်တယ်။ နားငြီးရင်နားပိတ်ထားဟေ့ လို့ အသံစူးစူးနဲ့လည်း ပြန်အော်လိုက်တယ်။

ကုန်တွေပြင်နေတဲ့ လက်ကလည်း ခရမ်းသီးအပုပ်တလုံးကို ဆတ်ခနဲဆွဲယူပြီး ဘေးကို လွှင့်ပစ်လိုက်တယ်။ ဒီမှာလည်း တလုံး။ ဟင်း … ဟောဒီဆူးပုပ်ရွက်စည်း ကလည်း ပစ်ရပါပြီ။ ဝါပြီး အကုန် ကြွေကျတော့မယ်။ ရက်ကြာတော့ ရေကနာလာရော။ ကဲ… သွားပေရော့ ဆူးပုပ်ရွက်တစည်း။ ဂေါ်ဖီရွက်တွေကလည်း အပြင်ကဟာတွေက ဝါတောင် လာကြပြီ။ နွမ်းတာကလည်း မြန်လိုက်တာ။ ကုန်စိမ်းရောင်းရတာများ အဲဒါစိတ်ညစ်တာ။ အရင်တုန်းကတော့ ဒီအနွမ်းတွေကို ကိုယ့်ဟာကိုယ် ပေါပေါချက်စား ပစ်တာပေါ့။ နွမ်းရင် ဈေးဝယ်ကလည်း မကြိုက်ဘူး။ ခုတော့ ဈေးဝယ်ကလည်း အနွမ်းဈေးနဲ့ဝယ်တယ်။ ကိုယ်လည်း ချက်မစားနိုင်တော့ဘူး။

“ခင်မွှေးရေ”

“ဘာလဲဟဲ့”

အချက်ပေးတဲ့အသံနဲ့ခေါ် တဲ့ အဝင်းမဆီကို ခင်မွှေးလှမ်း ကြည့်လိုက်တယ်။ အဝင်းမမျက်စ သွားရာ ဒေါ်ကြီးသိန်းနဲ့အေးမြင့်မ တို့ဘေးမှာ၊ ဪ…ဟိုလူကြီးလား၊ အသားမည်းမည်း၊ တုတ်တုတ်ခိုင်ခိုင်၊ မျက်နှာပေါက်ဆိုးဆိုးနဲ့လူကြီးက အာလူးပုပ်တွေ၊ ကြက်သွန်ပုပ်တွေ၊ မျှစ်အခွံတွေ၊ အရင့်တွေ၊ နံနံပင်အနာတွေကို သူ့အိတ်မည်းကြီးထဲ ကျုံးထည့်နေ တယ်။ ဒေါ်ကြီးသိန်းနဲ့ အေးမြင့်မာတို့ လွှင့်ပစ်ထားတာတွေပေါ့။ သည်လို ဈေးနဲ့မှ မရောင်းရတော့ တဲ့ဟာတွေလေ။

လူကြီးက အဝင်းမဘေးနားက အရွက်ပါလေကာ ချဉ်ပေါင် အရိပင်တွေနဲ့ ကန်စွန်းရိုးနီအရိတွေကိုပါ ကျုံးထည့်နေပြန်တယ်။ ခင်မွှေးပစ်ထားတဲ့ ခရမ်းသီးပုပ်နဲ့ ဆူးပုပ်စည်းအဝါကြွေတွေ၊ ဂေါ်ဖီရွက်အဝါတွေရော။ လူကြီးက ခပ်တည်တည်ရယ်။ ဘယ်သူမှလည်း မကြည့်ဘူး။ ဒေါ်ကြီးသိန်းနဲ့ လူကြီး ရွယ်တူလောက်ပဲထင်တယ်။ (၅၀)တော့ရှိရောပေါ့။

ခင်မွှေးတို့နားလာပြီးတာနဲ့ လူကြီး ငါးသည်တွေဘက်ရောက် သွားပြီ၊ ကြည့် …ကြည့်၊ ငါးသည် တွေဘေးပုံထားတဲ့ ငါးအညစ်အကြေးတွေ၊ အကြေးခွံတွေကို ဝင် ကျုံးပြန်သည်။ ခင်မွှေးတို့တတွေ သူ့ဆီကနေ မျက်နှာလွှဲလိုက်ကြရင်း တယောက် မျက်နှာတ ယောက် ဖျတ်ခနဲကြည့်မိကြတယ်။ ပြီးတော့ ကိုယ့်အသံတွေကို ထုတ်လွှင့်အော်ဟစ်လိုက်ကြ ရင်း ဈေးရောင်းကြပြန်တယ်။

“စိပ်ပုတီး…စိပ်ပုတီး…စိပ် ပုတီး”

နှုတ်ခမ်းမွေးဖြူဖြူ၊ ဆံပင် ဖြူဖြူနဲ့ ပုတီးတွေရောင်းတဲ့အဘိုး ကြီးလာပြီ။ ဈေးဝယ်တွေကြားထဲ မှာ ပုတီးတွေ အတင်းလှုပ်ယမ်း ပြနေပေမယ့် ဘယ်သူကမှလည်း သိပ်မဝယ်ကြဘူးနော်။ ဟောဟို ဟာမလေးလည်း လာနေပြီဟေ့။ သတိထားကြ။ သခွားသီးတို့၊ သရက်သီးတို့၊ ဘာတို့ကို ဆိုးခနဲ ဆတ်ခနဲဆွဲယူစားပစ်တတ်တဲ့ စိတ်မနှံ့တနှံ့ကောင်မလေးပေါ့။ သနပ်ခါးပိန်းကျားနဲ့ ပါးစပ်ထဲကလည်း ဘာတွေလဲမသိ။ ပလုတ်ပလောင်းဝါးလို့၊ သူ့ကြည့်ရတာ တနေ့တခြားပိန်လိုက်လာသလိုပဲ။

“သားတို့ သမီးတို့ မြေးတို့ရယ် အဘိုးဟာလည်း အရင်တုန်းက ဒီဈေးထဲမှာ ဈေးရောင်းစားတဲ့ သူတယောက်ပါပဲ။ အခုတော့ အဘိုးအသက်(၈၆)နှစ်ရှိပါပြီ။ ဘာမှ မလုပ်နိုင်၊ မကိုင်နိုင်၊ မစားနိုင်တော့လို့ အဘိုးကို ကျွေးကြပါဦးကွယ်”

ဒီအဘိုးရဲ့ တုန်တုန်ယင်ယင် ပြတ်တောင်းပြတ်တောင်း အသံကတော့ ကြားရသူတိုင်းကို စိတ်ထိခိုက်စေတယ်။ မေးစေ့နဲ့ မြေကြီးနဲ့ထိမတတ် ကိုင်းနေရှာတဲ့ ခါးကို တောင်ဝှေးနဲ့ဖေးမရင်း ဖြည်းဖြည်းချင်း လျှောက်နေရှာတဲ့ အဘိုးရဲ့လည်ပင်းက လွယ်အိတ် ကလေးထဲကို ဘယ်သူဖြစ်ဖြစ် ပိုက်ဆံထည့်လိုက်ကြတာပဲ။ ဒေါ် ကြီးသိန်းဆို အဲဒီအဘိုးလာတိုင်း မျက်ရည်က တဝဲ၀ဲ။ အားကိုးအားထားမရှိတဲ့ အပျိုကြီး တကိုယ်တည်းက ငါကြီးရင်လည်း ဒီလိုပဲ ဒီဈေးထဲမှာ လာရမလားမသိဘူး နော်တဲ့။

“အဝင်းမရေ ဗိုက်ဆာလိုက်တာဟယ်။ အိပ်လည်း အိပ်ချင်တယ်”

ဒီလိုအချိန်ဆို ဂါထာလိုရွတ် နေကျ ခင်မွှေးရဲ့ညည်းညူသံကို အေးမြင့်မာက ထောက်ခံတယ်။ မနက်ကတည်းက ဘာမှ မစားရ သေးဘူးတဲ့။

“အတိုင် အဖောက် တော်တော်ညီနေကြ။ ကိုယ့်ခေါင်းပေါ် လည်း ကိုယ်ကြည့်ကြဦး။ ဒေဝေါက မည်းလို့သည်းလို့”

“ဟဲ့…လာပြီဟဲ့…လာပြီဟဲ့”

အဝင်းမတောင် စကားမဆုံး သေးဘူး။ ရန်ကုန်မိုးပီသလိုက်တာ။ ဒေါ်ကြီးသိန်းရဲ့ ဖြစ်ကတတ် ဆန်း ပလတ်စတစ်အမိုးလေး အောက်ကို ခင်မွှေးတို့တတွေ စုပြုံတိုးဝှေ့ပြီး မိုးခိုကြရတယ်။ ခင်မွှေးတို့၊ အဝင်းမတို့ ကုန်စိမ်းတွေက ဘာအရေးလဲ။ မိုးမိတော့လည်း ရေဆွတ်ပြီးသားဖြစ်တာပေါ့။ ဒေါ်ကြီးသိန်းကြက်သွန်တွေ ကသာ မိုးစိုမခံနိုင်တာ။

“တိတ်ပါတော့ဟယ်၊ မိုးကလည်း။ ငါတို့ ထမင်းဆာနေပြီ”

ဒေါ်ကြီးသိန်းအသံတိုးတိုး လိုပဲ အားလုံးဆီက အသံတွေ ထွက်လာကြတယ်။ ဈေးကွဲချိန်လေ။ ဈေးကွဲချိန်ဖြစ်သလို ထမင်း စားချိန်လည်း ဖြစ်တယ်။ ထမင်း စားပြီးရင် ဒီနားမှာပဲ တရေးတ မောအိပ်ပြီး ညနေဈေးကို စောင့်ကြရမယ်။

လောလောဆယ်ကတော့ ဒီမိုးလေးတိတ်ရင် အားလုံးထမင်း စားကြဖို့ပဲ။



“အဝင်းမရယ် ထမင်းသွားဝယ်တာ အိမ်ထောင်များကျနေသလားလို့အေ…”

“အောင်မယ်…နောက်ဆို ကိုယ့်ဘာကိုယ်သွားဝယ်ကြ။ ကျုပ်ဝယ်မခိုင်းကြနဲ့”

“မလုပ်ပါနဲ့အေ။ ညည်းကလည်း စိတ်မကောက်ပါနဲ့။ ညည်းဝယ်မှ ထမင်းကပိုရတာအေ့။ ခင်မွှေးမပြောပါနဲ့ဟဲ့”

အေးမြင့်မာ လက်ထဲက ထမင်းထုပ်တွေကို ခင်မွှေးက မျက်စောင်းထိုးကြည့်လိုက်တယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ထမင်းသုံးကျပ်ဖိုးကို ကြွပ်ကြွပ် အိတ်အသေးလေးတလုံး မပြည့်တပြည့်ရအောင် အဝင်းမမို့ ဝယ်နိုင်တာ။ ဒါပေမဲ့ ခင်မွှေးတော့ ဘယ်တော့ဖြစ်ဖြစ် မဝပေါင်။

ထမင်းဖြူထုပ်လေးတွေ ကိုယ်စီရှေ့ချရင်း ခင်မွှေးတို့တတွေငြိမ်သက်နေကြတယ်။အဝင်းမဆီက တံတွေးကို ဂလုခနဲမျိုချ သံထွက်လာတယ်။ ဆာလှပြီလေ။ ဒါပေမဲ့ စားလို့မှမရသေးတာ။ ထမင်းပဲရှိပြီး ဟင်းမရှိသေးဘူးလေ။

“ဟင်းထုပ်…ဟင်းထုပ်”

ဟော…လာပြီဆိုတဲ့အသံတွေ တညီတည်းထွက်သွားကြပြီး ခေါင်းတွေချာခနဲလည့်သွားကြတယ်။ ဟင်းထုပ်…ဟင်းထုပ်ဆိုတဲ့ မာဆတ်ဆတ်အသံဟာ ပျံကျ ဈေးသူဈေးသားတွေအတွက် အင်မတန် သာယာနာပျော်ဖွယ်ရှိ တဲ့အသံ။ ဟိုမှာလာနေပါပြီ။ ဟင်းထုပ်ကလေးတွေအပြည့်နဲ့ ဆွဲခြင်းဆွဲထားတဲ့ ဟင်းထုပ်သည် လာနေပါပြီ။ ခင်မွှေးတို့တတွေ ငါးကျပ်တန်အနွမ်းလေးတွေကို အဆင်သင့်ထုတ်ထားလိုက်ကြ တယ်။

“ဒီကို လေးထုပ်”

ခင်မွှေးတို့ရှေ့ကို ငါးကျပ်တန် ဟင်းထုပ်ပူပူနွေးနွေးလေး တွေရောက်လာတယ်။ မဆလာနံ့ တသင်းသင်းက ပျံကျဈေးတခု လုံးကိုတောင် ဖုံးသွားမတတ်ပဲ။ ပိုးစော်နံ ထမင်းကိုတော့အသာ လေးဖုံးနိုင်တာပေါ့။

ဟင်းထုပ်သည်ကို ဟိုကဒီက လှမ်းခေါ်ကြတယ်။ မရလိုက် မှာစိုးလို့။ ငါးကျပ်တန်ဟင်းဆိုတာ ဘယ်မှာမှ မရနိုင်ဘူးလေ။

ဘယ်သူတွေက ဘယ်လောက်ပဲခေါ်ခေါ် အသားမည်း မည်း၊ တုတ်တုတ်ခိုင်ခိုင်၊ မျက်နှာပေါက်ဆိုးဆိုးနဲ့ အသက်(၅၀) လောက်ရှိတဲ့ ဟင်းထုပ်သည် လူကြီးက ဘာမှလည်း ပြန်မပြော၊ ပြန်မဆိုခပ်တည်တည်ပဲ။ မနက် တုန်းကလို ခပ်တည်တည်ပဲ။

ကြွပ်ကြွပ်အိတ်ထမင်းထုပ်ထဲမှာ ခင်မွှေးဆမ်းလိုက်တဲ့ ဟင်းထဲက ငါးအကြေးခွံဖတ်လေးတွေ က ငရုတ်ဆီရောင်ဝင်းလို့။ ပြီးတော့ ခရမ်းသီးဖတ်တဖတ်၊ ထမင်းလုတ်ကို ဆုပ်လုဆဲဆဲ ခင်မွှေးလက်တွေ တွန့်သွားတယ်။ ခင်မွှေးကျမှာနော်…အို…ဘာ တွန့်စရာရှိလဲ။ ဆာလှပြီ။ ဟိုမှာ သူများတွေ စားနေလိုက်ကြတာ။

ထမင်းလုတ်ကို ပါးစပ်ထဲ သွင်းရင်း ရှေ့ကခရမ်းသီးပုံပေါ် ခင်မွှေးမျက်လုံးရောက်တယ်။ ပိုးပေါက်ခရမ်းသီးပုပ်ထဲက တရွရွ ထွက်လာတဲ့ ပိုးလောက်ကလေးက ခင်မွှေးကို လှောင်ပြုံးပြုံးပြနေသလိုပါပဲလား…။