မောင်မြင့်မား(ဗိုလ်ကလေး)
ပြီးခဲ့သော သုံးရက်လောက်က မိုး အဆက်မပြတ် ရွာသည်။ မိုးရွာသောကြောင့် တောင်ကျချောင်းရေနှင့်အတူ အမှိုက်သရိုက်များ၊ သစ်ကိုင်းသစ်ခက်များ အကုန်လုံး ပါသွားသည်။ စမ်းချောင်းတစ်လျှောက် ရှင်းလင်းနေသည်။
ချောင်းအကျယ်က (၁၅)ကိုက်လောက် ရှိသော်လည်း ရေကျသွားချိန်ဖြစ်၍ ချောင်းအလယ်တွင် (၂)ကိုက်လောက်သာ ရေစီးနေတော့သည်။
စောဂျိမ်းတို့ စမ်းချောင်းကလေးကို ရောက်ချိန်က မွန်းတည့်ချိန်ကို ကျော်နေပြီ။
စောဂျိမ်း၊ ဦးတက်ခေါင်နှင့် ကိုပြူးတို့က ပါလာသော လက်နက်များ၊ ကျောပိုးအိတ်များ၊ ထမင်းဘူး၊ ရေဘူးများကို ချလိုက်ကာ သဲပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
စောဂျိမ်းက လေပူများကို မှုတ်ထုတ်လိုက်ရင်း . . .
“အဘတက်ရေ … ဒီနားမှာ ခဏလောက် နားကြရင် ကောင်းမလား”
“အေး … ကောင်းတယ်လေကွာ။ ဗိုက်တွေလည်း ဆာကုန်ကြရောပေါ့”
ကိုပြူးက ရေဘူးထဲက ရေကိုမော့သောက်ရင်း …
“ဆာတာတော့ မပြောနဲ့တော့ဟေ့။ ဗိုက်ထဲကလည်း တဂွီဂွီမြည်နေပြီ။ ထမင်းစားကြရအောင်”
“ကိုပြူး …. ခင်ဗျားက ထမင်းထုပ်ပါလာတော့ ဟုတ်တာပေါ့။ ကျွန်တော်တို့က မပါဘူးဗျ။ ကောက်ညှင်းပေါင်းနဲ့ ဆတ်သားခြောက်ဖုတ်ပဲ ပါလာတာ”
“တောလိုက်တာပဲကွာ၊ အစားအသောက် ချေးမများကြပါနဲ့။ ဒါပေမယ့် မွန်းတည့်ချိန်ရောက်တာတောင် သားကောင်တစ်ကောင်မှ မရတော့ မင်းတို့ စိတ်ပျက်နေကြတာ မဟုတ်လား။ ငါ တောကြက်နှစ်ကောင် ရထားတယ်လေကွာ”
“ခင်ဗျား တောကြက်က ရွာရောက်မှ နနွင်း၊ မဆလာ၊ ငရုတ်၊ ကြက်သွန်တို့နဲ့ချက်မှ ကောင်းမှာ မဟုတ်ဘူးလား”
“စောဂျိမ်း … မင်း တောလိုက်တာ ဘယ်လောက်ကြာပြီလဲ”
“ကိုပြူးရယ် … ကျွန်တော်က အဘတက်ကို ဆရာတင်ပြီး တောလိုက်တာပါ။ မကြာသေးပါဘူး”
“အေး … ဒါဆိုရင် တောတွင်းမှာ မကြုံဖူးတဲ့ အစားအစာတစ်ခုကို ငါ လုပ်ကျွေးမယ်ကွ။ အေး … မကျွေးခင် စောဂျိမ်း မင်းမှာပါလာတဲ့ ကောက်ညင်းပေါင်းနဲ့ ဆတ်သားခြောက် ဟုတ်လား”
“ဟုတ်တယ် ကိုပြူး”
“ငါ့ထမင်းထုပ်က ဖက်သန်းသီးသုပ်နဲ့ ငါးပိကင်ပဲ ပါတာကွ။ အဲဒီတော့ စောဂျိမ်းက ငါ့ကို တစ်ခုကူညီကွာ”
ငြိမ်၍ နားထောင်နေသော ဦးတက်ခေါင်က…
“မောင်ပြူး … မင်းက တောပစ်ထွက်လာတာ ဘာအစားအသောက်များ ကျွေးချင်လို့လဲ။ တောကောင်မရတာလည်း မင်းအသိပဲနော်”
“တောကြက်ဆီလူး,မီးအုံး အဘတက် စားဖူးလား”
“ဟေ … မစားဖူးပါဘူးကွာ။ ပော့ကောင် မောင်ပြူး … တောပစ်ထွက်တာ ပျော်ပွဲစားထွက်တာ မဟုတ်ဘူးနော်”
“သိပါတယ် အဘရာ။ ဒါပေမယ့် ကျွန်တော့် ဒူးလေးနဲ့ တောကြက်နှစ်ကောင် ရထားလို့ ဟင်းကောင်းမရှိတဲ့အချိန်မှာ ကျွေးချင်လို့ပါ”
“မောင်ပြူး … မင်း ချက်ပြုတ်နေလို့ ဟင်းနံ့ရရင် တို့ နေကုန်တာတောင် ဟင်းစားကောင်ရမှာ မဟုတ်ဘူး။ တောကောင်တွေ အနံ့ခံကောင်းတယ်ဆိုတာ မင်းလည်း မုဆိုးပဲ … သိမှာပါ”
“စိတ်ချပါ အဘတက်၊ ကျွန်တော် နားလည်ပါတယ်။ ကဲ… စောဂျိမ်း ငါ့ကို ဝါးခြမ်းခြောက် နည်းနည်းရှာလာပေးကွာ။ ကျန်တဲ့ကိစ္စ ငါလုပ်ထားလိုက်မယ်”
ကိုပြူးက ထင်းခြောက်များကောက်ကာ ဟင်းကောချိုင့်ဖြင့် ရေနွေးအိုးကျိုလိုက်သည်။ ရေနွေးအိုးကျိုနေချိန်တွင် တောကြက်တစ်ကောင်ကို ခေါင်း ခြေထောက်များ ဖြတ်လိုက်ကာ ရေနွေးဖြောလိုက်သည်။
ပြီးနောက် အမွေးများစင်အောင် နုတ်လိုက်၍ အသင့်ပါလာသော ဆီ၊ နနွင်း၊ ဆားများနှင့် တောကြက်တစ်ကောင်လုံး လူးလိုက်သည်။
ဗိုက်ခွဲ၍ ကလီစာများကို ထုတ်ကာ ခွက်တစ်ခုနှင့်ထည့်၍ ပိုင်ရာဆိုင်ရာများကို တင်မြှောက်ပသလိုက်သည်။
ဦးတက်ခေါင်နှင့် စောဂျိမ်းက ကိုပြူး လုပ်သမျှကို ထိုင်ကြည့်နေကြသည်။
ကိုပြူးက သဲပြင်ပေါ်တွင် တိုင်တစ်တိုင် စိုက်လိုက်ကာ မြေပေါ်တွင် တစ်တောင်ခန့် ထားလိုက်သည်။ ပြီးမှ တောကြက်ကို တိုင်တွင် စွပ်လိုက်သည်။ ထို့နောက် တစ်ဖက်ပိတ် ဝါးပိုးဝါးကို တောကြက်ပေါ်သို့ အုပ်လိုက်ပြန်သည်။
အနီးအနားမှ သစ်ကိုင်းခြောက်များ၊ ဝါးရွက်၊ သစ်ရွက်ခြောက်များကို ဝါးပိုးဝါးပေါ်တွင် စုပုံ၍ မီးရှို့လိုက်သည်။
ငါးမိနစ်လောက်အထိ မီးရှို့ပြီးနောက် ဝါးပိုးဝါးကို ဖယ်လိုက်သည်။ မွှေးကြိုင်နေသော အနံ့ကို ရှူလိုက်ရသည်။
ကိုပြူးက တောကြက်ကို တိုင်မှ ဖြုတ်လိုက်ကာ…
“အဘတက် တစ်ဖဲ့လောက် စားကြည့်စမ်းပါ”
ဦးတက်ခေါင် တောကြက်ကို နည်းနည်းဖဲ့ကာ ဝါးလိုက်သည်။
“ဆီလူးကြက်ပေါင်းဆိုတာ အဲဒါပဲ အဘရ”
“မွှေးကြိုင်နူးအိနေတာပဲကွ”
စောဂျိမ်းကပါ မနေနိုင်သောကြောင့် တစ်ဖဲ့ယူကာ ဝါးလိုက်ပြန် သည်။
“တယ်ဟုတ်ပါလားကွ”
ဦးတက်ခေါင်က . . .
“ကဲ… ကဲ… ဆာနေပြီကွာ၊ စားကြရအောင်”
ကိုပြူးက …
“ခဏနေပါဦး အဘတက်၊ ထမင်းစားကောင်းအောင် စားစရာတစ်ခု တွေ့ထားသေးတယ်။ ဒီမရောက်ခင်လေးမှာပဲ။ အဘတက်တို့၊ စောဂျိမ်းတို့ ခဏစောင့်”
ကိုပြူးက ကမ်းပါးပေါ်သို့ အပြေးတက်သွားသည်။
ခဏနေတော့ ခါးပိုက်ထောင်ထဲတွင် ထည့်ကာယူလာသော အသီးများကို ထုတ်လိုက်သည်။ အသီးတော့ အသီးတစ်မျိုးပဲ။ ဒါပေမယ့် အသီးများက အလုံးများ မဟုတ်ဘဲ အပြားဖြစ်နေသည်။
“အဘတက် … ဆီလူးကြက်ပေါင်းစားရင် အအီပြေအောင် ဒါလေးက တို့စရာပေါ့ အဘရယ်”
“ဘာသီးလဲကွ”
“ဆင်နင်းသရက်လို့ ခေါ်တယ် အဘ။ အဘတက်တို့ အရပ်မှာတော့ ဒီသရက်သီးမျိုး ရှိမယ်မထင်ဘူး။ ဆင်နင်းသရက်ဆိုတဲ့အတိုင်း အသီးက လုံးမနေဘူး၊ ပြားနေတယ်။ အခုလို နုတုံးစားရင် ချဉ်ဖြုံ့ဖြုံ့နဲ့ ကောင်းတယ်။ ရင့်လို့ မှည့်လာရင်တော့ အမျှင်များလို့ စားမကောင်းတော့ဘူး”
“တို့အရပ်မှာတော့ မတွေ့ဖူးဘူးကွ။ မင်းနဲ့တွေ့ရတာ အထူးအဆန်းကြီးပဲ။ တတ်လည်းတတ်နိုင်တဲ့ မောင်ပြူးကွာ။ ဒါနဲ့ မင်း စောစောက ပြောတုန်းက တောလိုက်ရင် အစားအသောက် ချေးမများရဘူးဆို”
ကိုပြူးက ရယ်သည်။
“ဒါတော့ အဘတက်ရယ်၊ မရှိတော့လည်း မရှိသလိုပေါ့”
ကောက်ညင်းပေါင်း၊ ဆတ်သားခြောက်ဖုတ်၊ ဖက်သန်းသီးသုပ်၊ ငါးပိကင်ဆီလူး၊ ကြက်ပေါင်း၊ ဆင်နင်းသရက်သီး တို့စရာတို့ဖြင့် မုဆိုးသုံးယောက်၏ ထမင်းဝိုင်းသည် စိုပြည်လှ၏။
တသွင်သွင်စီးနေသော စမ်းချောင်းကလေးမှ ရေကလည်း ကြည်လင်အေးမြနေ၏။
စောဂျိမ်းက …
“စားလို့ကောင်း၊ သောက်လို့ကောင်း၊ အမဲလိုက်တာ မဟုတ်ဘဲ ပျော်ပွဲစားထွက်တာ ကျနေတာပဲဗျာ”
ဦးတက်ခေါင်က စောစောစီးစီးထကာ အထုပ်အပိုးများ ပြင်လိုက်ရင်း . . .
“ကဲ… ကဲ… ဟေ့ကောင်တွေ၊ ပစ္စည်းတွေ သိမ်းကြတော့၊ နေတောင် အတော်မြင့်နေပြီ။ တို့ ထွက်လာကတည်းက ဟင်းစားတစ်ကောင်မှ ရသေးတာ မဟုတ်ဘူး”
စောဂျိမ်းရော ကိုပြူးပါ ပစ္စည်းပစ္စယများကို ကပျာကသီ သိမ်းလိုက်ကြသည်။
စမ်းချောင်းကလေးအတိုင်း ကိုက် (၂ဝဝ)လောက်အထိ လျှောက်လာကြပြီးနောက် ဝဲဘက်ခင်တန်းဆီသို့ ဖဲ့တက်လိုက်ကြသည်။ ခင်တန်းတစ်လျှောက် ဍရင်ကောက်ပင်၊ ဆီးဖြူ၊ ဖန်ခါး၊ ခံသီးပင်၊ သျှိသျှား ပင်များနှင့် ပြည့်နေသည်။
အပင်ကြီးများအဖြစ် ကျွန်း၊ ပိတောက်၊ အင်ကြင်းနှင့် တောင်မရိုးပင်များက ကြိုကြားပေါက်နေသည်။
ခင်တန်းအတွင်း ကိုက် ၁ဝဝ လောက် တောတိုးလာကြပြီး နောက်တစ်နေရာအရောက်တွင်…
“ကျိကျိ … ကျိ … ဖလပ် … ဖလပ်”
“ကျိကျိ … ကျိ … ဖလပ် … ဖလပ်”
ကိုက် ၅ဝ အကွာအဝေးလောက်ကတည်းက ထိုအသံများကို ကြားနေရခြင်းဖြစ်သည်။ ဦးတက်ခေါင်က အသံများကို နားစွင့်လိုက်ရင်း…
“ငှက်အုပ်ကွ။ ငါထင်တာတော့ ဝါးရောင်းငှက်တွေ ဖြစ်နိုင်တယ်”
ကိုပြူးက …
“ဟုတ်တယ် အဘတက်၊ အဘတက် ထင်တာ မလွဲဘူး။ ဒီကောင်တွေက အုပ်လိုက်နေတတ်တယ်။ တော်တော်နဲ့ ထမပျံဘူး။ ဒါလည်း ဟင်းစားတော့ ရနိုင်တာပဲ။ စောဂျိမ်း … မင်းမှာ လေးခွပါတယ် မဟုတ်လား”
“အေး… ပါတယ်”
“လာ… ငါ့မှာ ဒူးလေးပါတယ်။ အဘတက် ဒီနားက စောင့်နေ”
ဦးတက်ခေါင်က . . .
“အပေါ်ကို မော့နေတုန်း အောက်က တောကောင်ကိုလည်း သတိထားဦးနော်”
“စိတ်ချပါ အဘ”
စောဂျိမ်းနှင့် ကိုပြူးက ချုံများကို အကာအကွယ်ယူရင်း တဖြည်းဖြည်း ချီတက်လာကြသည်။ ငှက်သံများက ဆူညံနေဆဲ။
အသံနှင့် ကိုက် ၂ဝ အကွာလောက်အရောက်တွင် သစ်ပင်ကြို သစ်ပင်ကြားမှ ဆီးဖြူပင်ကြီးကို လှမ်းမြင်လိုက်ရသည်။ ခူးမည့်သူများ မရှိသောကြောင့် ဆီးဖြူသီးများက ပြွတ်သိပ်ကာ သီးနေသည်။
အပင်ပေါ်တွင် အုပ်လိုက် ဆူညံနေသော ဝါးရောင်းငှက်များ။
ပို၍ သေချာစေရန်အတွက် နှစ်ယောက်သား တရွေ့ရွေ့ တိုးလာခဲ့ကြသည်။ ၁ဝ ကိုက်လောက်အကွာ အပင်အောက်သို့ ရောက်သည်နှင့် နှစ်ယောက်သား အကျအန နေရာယူလိုက်ကြကာ လေးခွနှင့် ဒူးလေးကို ပြင်လိုက်ကြသည်။
“ဝှစ်… ဒေါက်… ဖလပ်”
ဝါးရောင်းငှက်များ၏ သဘာဝအရ စောဂျိမ်းက လေးခွ၊ ကိုပြူးက ဒူးလေးနှင့် ပစ်သောကြောင့် တစ်ကောင်ပြီးတစ်ကောင် ဆီးဖြူပင်ပေါ်မှ ပြုတ်ကျလာသော်လည်း ကျန်သော အကောင်များက မပျံသေး။ ခုန်ဆွ ခုန်ဆွလုပ်ကာ တစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးနေသည်။
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသည့်စကားအတိုင်း အပေါ်မှ မပျံလေ စောဂျိမ်းနှင့် ကိုပြူးကကြိုက်လေ။
စောဂျိမ်းက လေးခွကို “ဝှစ်” ခနဲ ပစ်လိုက် တစ်ကောင်။ ကိုပြူးက ဒူးလေးကို တစ်ခါဆွဲလိုက် “ဒေါက်” ခနဲ တစ်ကောင်။
အောက်ကို ကျလာသော အကောင်များကို ရေကြည့်လိုက်သောအခါ (၈)ကောင်တိတိ ရနေပြီ။ ထိုအခါကျမှ တစ်ပင်လုံး ရှင်းသွားတော့သည်။
ကိုပြူးနှင့် စောဂျိမ်းက ဝါးရောင်းငှက်အတွဲကြီးကို တစ်ဖက်တစ်ချက်ဆွဲကာ ရောက်လာချိန်တွင် ဦးတက်ခေါင်က တောင်မရိုးပင် တစ်ပင်အောက်တွင် ထိုင်ကာ အေးအေးဆေးဆေး ရေတစ်ဘူးကို မော့သောက်နေသည်။
ကိုပြူးက . . .
“အဘတက်ခေါင် … ဒါလည်း ဟင်းစားဗျ”
“မင်းတို့ ဒူးလေးတို့ လေးခွတို့ကမှ ဟုတ်နေသေး၊ ငါ့မှာ သေနတ်ကိုင်ပြီး တစ်ချက်မှ မပစ်ရသေးဘူး။ ဘာကောင်မှလည်း မရသေးဘူး”
“အဘတက်ရယ် … အဘတက်က ဝါရင့်မုဆိုးကြီးပါ။ မုဆိုးဆိုတာ နေဝင်မိုးချုပ်မှ အဖြေပေါ်တာပါ။ မိုးချုပ်ဖို့ အဝေးကြီးလိုပါသေးတယ်”
“သိပြီးသားပါကွာ။ ကဲ… အချိန်ရတုန်း ဆက်လိုက်ကြရအောင်”
ခန့်မှန်းချိန်အားဖြင့် ရွာမှ ထွက်လာသည်မှာ ၁ဝ မိုင်ကျော်လောက် ရှိမည်ဟု ဦးတက်ခေါင် ခန့်မှန်းမိသည်။ ဖြတ်သန်းလာခဲ့သော နေရာများသည် တောကောင်ရနိုင်သော နေရာများဟု ဦးတက်ခေါင် သိပြီးဖြစ်သည်။
သို့သော် အခုအချိန်ထိ သားကောင်ကြီးကြီးမားမား မရသေး။ မုဆိုးကံမကောင်းဟု ဆိုရပေတော့မည်။
သို့သော် နေမဝင်သေးသောကြောင့် မုဆိုးဇွဲ မလျှော့သေးဟု ဆိုရမည်။
ဦးတက်ခေါင်က…
“ကဲ… ကဲ… ဆက်လိုက်ကြရအောင်ကွာ။ အချိန်ရှိပါသေးတယ်”
စောဂျိမ်းက…
“အဘတက် နေစောင်းနေပြီ။ ခရီးဆက်ရင် ရွာပြန်ဖို့ အချိန် ဘယ်ရှိတော့မှာတုန်း”
“ရွာပြန်ဖို့ မဟုတ်ဘူးလေကွာ။ ရှေ့က သစ်ထုတ်လုပ်ရေးစခန်းမှာ အိပ်ဖို့ပြောတာ။ ရွာပြန်ဖို့ အချိန်မရှိတော့ဘူးဆိုတာ ငါ သိတာပေါ့”
“ဪ… ဒီလိုလား။ ဒါဆိုလည်း တညင်းမြောင်ဘက်ကို သွားကြရင် မကောင်းဘူးလား။ အဲဒီဘက်မှာ ဆားကျင်းတို့ ရေထွက်တို့လည်း ရှိတယ်။ တောကောင်တွေ နေမစောင်းမီ ရေသောက်ဆင်းချိန် ချောင်းပစ်ရင် အတော်ပဲ”
ကိုပြူးက …
“ဘယ်ကမလဲ တညင်းမြောင်က တောင်သဖန်းတို့၊ သျှိသျှားတို့၊ ဆီးဖြူတို့၊ ဖန်ခါးတို့ အပင်တွေလည်း ပေါတယ်။ တောကောင်တွေ သိပ်ကြိုက်တဲ့ အသီးတွေပေါ့”
“အေး… ဒါဆိုလည်း အဲဒီဘက် သွားကြတာပေါ့ကွာ”
တောင်စောင်းကလေးအတိုင်း ဆင်းလာကြပြီး ကိုက် ၅ဝလောက် အရောက်တွင် ရေမရှိသော သဲချောင်းကလေးတစ်ခုကို ဖြတ်လိုက်ကြသည်။ သဲချောင်းကိုဖြတ်ပြီး အပင်ကြီးတစ်ပင်မျှ မရှိဘဲ ဘူကလိန်ချုံ၊ ဆူးရစ်ချုံ၊ ကြောင်ပန်းရွက်ချုံများသာ ရှိသော တောကလေးတစ်ခုကို ချုံတိုးရင်း ဖြတ်လာခဲ့ကြသည်။ နှစ်မိုင်လောက်တော့ ခရီးပေါက်နေပြီ ဖြစ်သည်။
ရံဖန်ရံခါမျှသာ ဖြတ်ပြေးနေကြသော ယုန်များ၊ ရှဉ့်များသာ တွေ့ရသည်။
ချုံတောကို လွန်ပြီးနောက် ကမ်းပါးကြီးတစ်ခု၏ထိပ်ကို ရောက်လာကြသည်။ မိုးတွင်းအခါ တောင်ကျရေများကြောင့် ရေတိုက်စားရင်း တောင်ကုန်းက ပြိုကျသွားကာ ဖြစ်ပေါ်လာသော ကမ်းပါးကြီး ဖြစ်သည်။
မုဆိုးသုံးယောက် ကမ်းပါးထိပ်တွင်ရပ်ကာ တောင်ဘက်သို့ မျှော်ကြည့်လိုက်ကြသည်။
ညှို့မှိုင်းနေသော သစ်တောအပေါ်တွင် မြူခိုးများ ဝေနေသော တညင်းမြောင်ကို လှမ်းမြင်လိုက်ရသည်။
ဦးတက်ခေါင်က ရေဘူးကို မော့သောက်လိုက်ရင်း . . .
“အချိန်ရှိတုန်း ဆက်ကြဦးစို့ကွာ”
ကမ်းပါးထိပ်မှ အောက်ကို တွယ်ကပ်၍ ဆင်းလိုက်ကြပြီး တညင်းမြောင်ဘက်သို့မှန်းကာ တောတွင်းဝင်လာခဲ့ကြသည်။ ထိုတောက ပဒပ်စာ အလွန်ပေါသည်။
သွားလမ်းတစ်လျှောက် ပတ်ဝန်းကျင်တွင် ပဒပ်စာပင်များ အများအပြား တွေ့ရသည်။ ပဒပ်စာက ဟင်းချိုချက်သောက်လျှင် အလွန်ကောင်းသည်။ တောတို့ မြို့တို့တွင် ငွေပေး၍ ဝယ်ယူရသော ထိုပဒပ်စာပင်များသည် ခူးမည့်သူမရှိ အလေ့ကျပေါက်နေသည်။
ပဒပ်စာပင်များအကြားမှ ယုန်ကလေးများ တစ်ကောင်ပြီးတစ်ကောင် ဖြတ်ပြေးနေကြသည်။
ကိုပြူးက ဒူးလေးတပြင်ပြင် လုပ်နေသော်လည်း ဦးတက်ခေါင်က မပစ်ရန် လက်ကာပြလိုက်သည်။
ဦးတက်ခေါင်က ရှေ့ကနေသွားနေရင်း စောဂျိမ်းနှင့် ကိုပြူးကို နောက်လှည့်၍ မျက်ရိပ်မျက်ခြည် ပြလိုက်သည်။
သစ်ရွက်ခြောက်များကြောင့် အသံမြည်မှာစိုး၍ ဦးတက်ခေါင်က တစ်လှမ်းချင်း လျှောက်နေသည်။
စောဂျိမ်းနှင့် ကိုပြူးကလည်း တစ်ခုခုတော့ ထူးပြီထင်၍ ပတ်ဝန်းကျင်ကို အကဲခတ်ကာ တဖြည်းဖြည်း လျှောက်လာနေသည်။
“ဖူး … ဖူး”
“ဟဲ … ဟဲ”
အသံနှစ်မျိုးကို ခပ်တိုးတိုးကြားနေရသည်။
ဦးတက်ခေါင်က ရှေ့မှ သွားနေရင်း ခဏရပ်လိုက်ကာ လေသံတိုးတိုးဖြင့် …
“ဟေ့ကောင်တွေ … ကြားတယ်မဟုတ်လား”
“ကြားတယ် အဘတက်”
“သတ္တဝါနှစ်မျိုးရဲ့ အသံကွ။ မင်းတို့ အထုပ်အပိုးတွေကို ဒီနားမှာ ခဏချထားလိုက်၊ ဒူးလေးနဲ့ သေနတ်ကို အသင့်လုပ်ထားပြီး ငါ့နောက်က လိုက်ခဲ့”
ဦးတက်ခေါင်က ကျောပိုးအိတ်နှင့် ရေဘူးကို ချလိုက်ကာ သေနတ်ကို အသင့်ကိုင်ရင်း တရွေ့ရွေ့ သွားနေသည်။
တောသရက်၊ ပျဉ်းကတိုးနှင့် သစ်စိမ့်ပင်များ ထူထပ်စွာ ပေါက်နေသော တောဖြစ်၍ နေစောင်း၍ နေလုံးမပျောက်သော်လည်း အတော်ကလေး မှောင်နေသည်။ တရွေ့ရွေ့ တိုးလာသည်နှင့်အမျှ အသံက ပို၍ ကျယ်လောင်စွာ ကြားလာရသည်။
အသံက နီးကပ်လာသော်လည်း ရှေ့နားက အသံမဟုတ်ဘဲ အောက်ဘက်ဆီမှ လာနေသောကြောင့် ဦးတက်ခေါင် ဇဝေဇဝါ ဖြစ်သွားသည်။ နောက်နားက ကပ်၍လာသော ကိုပြူးက …
“အဘတက် … အောက်က အသံဗျ”
“အေးကွ”
သုံးယောက်သား ခြေသံလုံလုံဖြင့် စွန်လက်သည်းချုံများကို တိုးဝှေ့လာရင်း ချုံတစ်ခုကို အဖယ်လိုက်တွင်…
“ဝေါင်း … ဝေါင်း”
သုံးယောက်သား လန့်သွားကြသည်။
ဟင်းမျိုးကြီး၏ ဟိန်းသံက တစ်တောလုံး ဆူညံသွားတော့သည်။ ကျေးငှက်သာရကာများ၏ အသံနှင့် တောတွင်းတောကောင်များ၏ အထိတ်တလန့်အသံပါ ပျံ့လွင့်သွားသည်။
ဦးတက်ခေါင်က လန့်ဖျပ်၍…
“ဗုဒ္ဓေါ … ဟင်းမျိုးအသံကွ”
အသံက အောက်ဘက်ဆီမှ အပေါ်ကို တက်လာသော အသံဖြစ်၍ နီးနီးကပ်ကပ်လည်း ကြားလိုက်ရသောကြောင့် ရှေ့တိုး၍ စွန်လက်သည်း ချုံတစ်ချုံကို အဖယ်လိုက်တွင် ရှေ့မှာ ချောက်ကြီး။ ပေ ၃ဝ ခန့်လောက် နက်သည်။
ချောက်ထဲတွင် မြင်လိုက်ရသော မြင်ကွင်းက ပြောင်ထီးကြီးတစ်ကောင်နှင့် ဟင်းမျိုးကြီးတစ်ကောင် ရင်ဆိုင်နေသော မြင်ကွင်းဖြစ်သည်။ ခပ်စောင်းစောင်း အနေအထား ဖြစ်သည်။
ချောက်က တစ်ဖက်ပိတ်ဖြစ်၍ မိုးအခါတွင်တော့ ထိုချောက်အတွင်း ရေများရှိနေမည် ဖြစ်သော်လည်း အခုအချိန်တွင်တော့ ရေစပ်စပ်သာ ရှိတော့မည်။
ပြောင်ကြီးက ပြောင်သိုးကြီးဖြစ်၍ ခြောက်ပေနီးပါးမြင့်ကာ ဦးချိုနှစ်ချောင်းကလည်း နှစ်ပေနီးပါးခန့် ကားထွက်နေသည်။ ညိုမောင်းသောအရောင်နှင့် ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် အဖြူရောင်အမွေး အနည်းငယ်ရှိသည်။
ကျား(ဟင်းမျိုး)ကြီးကတော့ အဝါနှင့် အနက်စင်း (၈)ပေ ဝန်းကျင်ရှိ အကောင်ကြီး ဖြစ်သည်။
ပြောင်က ဟင်းမျိုးကြီးထက် အကောင်အထည်ကြီးကာ ပိဿာချိန် (၃၀ဝ) ကျော်မည့် ပြောင်သိုးကြီး ဖြစ်သည်။
ဟင်းမျိုးက တောဘုရင်၊ တောမုဆိုး၊ အလွန်သန်မာသည်။ မိမိကိုယ်အလေးချိန်ထက် လေးဆလောက်များသော အကောင်မျိုးကိုပင် ပါးစပ်နှင့်ကိုက်ကာ တရွတ်တိုက် ဆွဲသွားနိုင်သည်။
ပြောင်ကလည်း အားကောင်းသော သတ္တဝါဖြစ်၍ အန္တ ရာယ်နှင့် ရင်ဆိုင်တွေ့ပါက ကျားလိုကောင်မျိုးကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်သော သတ္တဝါပင် ဖြစ်သည်။
ချောက်ကြီးက တစ်ဖက်ပိတ်ဖြစ်၍ ချောင်ပိတ်မိနေသော ပြောင်သိုးကြီးက “ဖူး”ခနဲ “ဖူး”ခနဲ နှာမှုတ်ကာ ရှေ့ခွာကို မြေတွင် တခွပ်ခွပ်နှင့် ပေါက်ရင်း ဦးချိုနှစ်ချောင်းကို ဝင့်နေသည်။
ဟင်းမျိုးကြီးက ရှေ့လက်နှစ်ဖက်ကို ဆန့်၍ ဝပ်ချလိုက်၊ ပြန်ထလိုက်၊ လမ်းလျှောက်လိုက်လုပ်ရင်း တဟဲဟဲမြည်ကာ ပြောင်သိုးကြီးကို လှည့်ပတ်ချောင်းနေသည်။
မုဆိုးသုံးယောက်ကတော့ ချောက်ကြီးထိပ်ပေါ်တွင် သေနတ်များ၊ ဒူးလေးများကို အသင့်ကိုင်ရင်း ဝမ်းလျားထိုး၍ ကြည့်နေသည်။
ဟင်းမျိုးကြီးက ယာဘက်ကို တစ်လှမ်းနှစ်လှမ်း လျှောက်ဟန်ပြကာ ပြောင်ကြီးပေါ်သို့ လွှားခနဲ ခုန်အုပ်လိုက်သည်။
မြန်လိုက်သည့် ဟင်းမျိုးကြီး။ အကောင်အထည်နှင့် မလိုက်အောင် သွက်လက်လှသည်။
သို့သော်လည်း ပြောင်သိုးကြီးက အန္တရာယ်ကို ငံ့လင့်ထားပြီးဖြစ်သောကြောင့် ကိုယ်လုံးတုတ်တုတ်ကို ဘေးသို့ရွှေ့ကာ ခေါင်းကို ငုံ့၍ ချိုနှင့် ပင့်ခတ်လိုက်တော့သည်။
ဟင်းမျိုးကြီးက ချိုကို လက်နှင့်ထောက်ကာ တစ်ဖက်သို့ ခုန်ထွက်လိုက်သည်။ ထို့နောက် ပြောင်သိုးကြီးဘက်သို့ ခေါင်းကိုလှည့်ကာ ရင်ဆိုင်လိုက်သည်။
ပြောင်သိုးကြီးလည်း ခွာကိုခုတ်ကာ တဖူးဖူးနှင့် ဟင်းမျိုးကြီးကို ပေကြည့်နေသည်။
“ဒီဟင်းမျိုးတစ်ကောင်လုံး မြို့က ငါ့မိတ်ဆွေ ဘယဆေးဆိုင်ကို ရောင်းလိုက်ရရင် အိမ်တစ်လုံး ကောင်းကောင်းဆောက်လို့ရတယ်ဟေ့။ ဟင်းမျိုးတစ်ကောင်လုံး လွှင့်ပစ်စရာ ဘာမှ မရှိဘူး။ အကုန်အသုံးဝင်တယ်”
“အဘတက်ရေ … အောက်ဆင်းကြည့်လိုက်ကြဦးစို့”
ချောက်ထဲသို့ ရောက်အောင် ခက်ခက်ခဲခဲ ဆင်းလာကြပြီးနောက် အသက်ကင်းမဲ့နေပြီဖြစ်သော ဟင်းမျိုးကြီးနှင့် မချိမဆံ့ဝေဒနာ ခံစားနေရသော ပြောင်သိုးကြီးကို တွေ့လိုက်ကြရသည်။
ဦးတက်ခေါင်က …
“စောဂျိမ်း … မင်းတူမီးကြီးနဲ့ဆိုရင် အပေါက်ကျယ်ကြီးနဲ့ ကျည်ဝင်သွားလိမ့်မယ်။ ငါ့ရိုင်ဖယ်နဲ့ပဲ အပြတ်ရှင်းပေးလိုက်ပါမယ်ကွာ”
ဟု ဆိုကာ နှုတ်ပိတ်ကျည်တစ်တောင့် သွင်းထည့်လိုက်သည်။ ထိုအခါကျမှ ပြောင်သိုးကြီးက ငြိမ်ကျသွားသည်။
“ပြောင်သိုးကြီး ချိုနဲ့ ခေါင်းကတော့ လှတယ်ဟေ့။ မင်းတို့အိမ်မှာ အလှချိတ်ထားလို့ရတယ်”
စောဂျိမ်းက …
“အဘတက် … ပြောင်ဆိုတာ အုပ်နဲ့ သင်းနဲ့ နေတတ်တာမျိုး မဟုတ်လား။ အခုတော့ တစ်ကောင်တည်း တွေ့ရတာ ဘယ်လိုကြောင့်လဲ”
“ဒီလိုကွ စောဂျိမ်းရ။ တောဝက်တွေထဲမှာ အုပ်သင်းကွဲဆိုတာ တွေ့ဖူးတယ်မဟုတ်လား။ တောဝက်အုပ်မှာ ဝက်သိုးကြီးတစ်ကောင်တည်းက ဗိုလ်လုပ်ပြီး နေပေမယ့် ဝက်ပေါက်ကလေးတွေ အရွယ်ရောက် လာတဲ့အခါကျတော့ ဝက်သိုးကြီးကို ပြန်ပက်ကြတယ်။ အဲဒီအခါမှာ ဝက်ပေါက်တွေကို ဝက်သိုးကြီးက ပြန်ပက်ပေမယ့် သူ့အစွယ်တွေက ကော့တက်ပြီး ချော်ချော်ပက်မိတော့ ဝက်ပေါက်တွေဒဏ် ဝက်သိုးကြီးက မခံနိုင်တော့ဘူး။ အဲဒီအခါမှာ ဝက်အုပ်ကနေ သင်းခွဲပြီး ထွက်လာတော့ တောထဲမှာ ဝက်သိုးကြီးတစ်ကောင်တည်း တွေ့ရတတ်တယ်။
ပြောင်တစ်အုပ်မှာလည်း ဒီလိုပဲ ဗိုလ်လုပ်နေတဲ့ ပြောင်သိုးကြီးတစ်ကောင် ရှိတယ်။ မိတ်လိုက်ချိန်မှာ အရွယ်တက်စ ပြောင်သိုးတွေနဲ့ ရင်ဆိုင်တွေ့တော့ သူ့ထက် အင်အားသာတဲ့ ပြောင်သိုးပေါက်စတွေနဲ့ တွေ့တဲ့အခါ ဗိုလ်လုပ်နေတဲ့ ပြောင်သိုးကြီးက ပြောင်မတွေနဲ့ခွဲပြီး ထွက်လာလို့ တစ်ကောင်တည်း တွေ့ရတတ်တာ။ ပြောင်အုပ်ဆိုရင် ဟင်းမျိုး ဘယ် အနားကပ်ရဲမလဲ။ တစ်အုပ်လုံး ဝိုင်းခတ်ကြတာ။ လူတွေကိုလည်း အနှောင့်အယှက် မပေးတတ်ကြပါဘူး။ တစ်ကောင်တည်းဆိုတော့ ပြောင်သိုးကြီး ကံဆိုးတာပေါ့ကွာ”
ကိုပြူးက …
“ကဲ … ကဲ အဘတက်ရေ … အဘတက်ဆီက ဗဟုသုတတွေတော့ ရပါတယ်။ နေလည်း အတော်စောင်းနေပြီ။ သစ်ထုတ်လုပ်ရေးစခန်းကို ရောက်အောင် အတော်သွားရဦးမှာ”
“စခန်းကိုရောက်တော့ ဒီကောင်တွေကို လှည်းနဲ့ လာသယ်ခိုင်းရင် ရတယ် မဟုတ်လား”
“ရတယ် အဘ၊ သူတို့က ဟင်းကောင်းကောင်း မစားရလို့ မုဆိုးတွေလာရင် ပျော်နေတာ။ သူတို့ကို ဟင်းစားပေးလိုက်ရင် ရတယ်”
“အေး… ဒါဆိုလည်း ပြီးရော။ နောက်နေ့မှဆိုရင် ညဘက် တောကောင်တွေဝင်စားမှာနဲ့ ပုပ်ကုန်မှာလည်း စိုးရသေးတယ်။ သယ်လာပြီးမှ ညတွင်းချင်း ကျပ်တင်ကြတာပေါ့ကွာ။ မကောင်းဘူးလား”
“ကောင်းတယ် အဘတက်”
“ဒါဆိုရင် စောဂျိမ်း … ပြောင်ကြီး ပေါင်သားနှစ်တွဲစာလောက် လှီးလိုက်ကွာ။ ပြီးရင် သွားကြတာပေါ့”
“ညစာအတွက်လား အဘတက်”
“အေးပေါ့”
“နည်းမလားလို့”
“နှစ်ပိဿာလောက် နှစ်တွဲလေကွာ။ တို့က သုံးယောက်တည်းရယ်၊ စခန်းကလူတွေတောင် ဝိုင်းစားလို့ ရသေး”
“စားတာက သိပ်မကုန်ဘူး အဘတက်ရဲ့။ မြည်းတာက ပိုကုန်မှာကို ပြောတာ။ အဲဒီစခန်းမှာ မီးတောက်ချက်အရက်က သိပ်ကောင်း အဘတက်ရဲ့”
“ဪ… ဒီလိုလား။ ငါက မသောက်တတ်တော့ ဒါကို မတွေးမိလို့ပါ”
ကိုပြူးက …
“အဘတက်ရယ် …မရွယ်ဘဲ စော်ကဲမင်းဖြစ်ဆိုတဲ့ စကားပုံလို ကျွန်တော်တို့ တစ်နေ့လုံး ပင်ပန်းလာပြီးမှ ပြန်ခါနီး မထင်မှတ်ဘဲ အချိန် (၃ဝဝ) လောက်ရှိတဲ့ ပြောင်ကြီးနဲ့ ဟင်းမျိုးကြီးကိုရတာ ဝမ်းမသာဘူးလား”
“အေး… ဝမ်းသာပါတယ်ကွယ်”
“ဝမ်းသာလို့ ပျော်ပျော်ပါးပါး အမြည်းကောင်းကောင်းနဲ့ သောက်ကြမှာကို အဘတက် ကျေနပ်တယ် မဟုတ်လား”
“အေး… အေး… ကျေနပ်ပါတယ်”
“နောက်တစ်ချက်က ဒီဟင်းမျိုးကို ငွေနဲ့လဲလိုက်ရင် အဘတက် အိမ်ကောင်းကောင်းတစ်လုံးရမှာ ဝမ်းမသာဘူးလား”
“အေး… ဒါလည်း ဝမ်းသာပါတယ်”
“နောက်ထပ် ဝမ်းသာစရာက”
“ရှိသေးလို့လား”
“အဘတက် အိမ်သစ်ဆောက်ပြီး မုဆိုးဖို မုဆိုးကြီး အဘတက်အတွက် ကျွန်တော်တို့က ဆေးပေးမီးယူတစ်ယောက် ရှာပေးမယ်ဆိုရင်ကော ဝမ်းမသာဘူးလား”
“ဟာ… ဒီ… ကွာ”
စောဂျိမ်းနှင့် ကိုပြူးတို့နှစ်ယောက် ရယ်သံက တစ်တောလုံး ဆူညံသွားပါတော့သည်။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဗိုလ်ကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0