မောင်မြင့်မား(ဘိုကလေး)
ဟင်းမျိုးနှင့် သတင်းဆိုး
တောင်ကျချောင်းရေက အရှိန်အဟုန်နှင့် စီးနေသည်။ ချောင်းတစ်လျောက် သစ်ကိုင်း၊ သစ်ခက်၊ သစ်တုံး၊ တောတိရစ္ဆာန်နှင့် အမှိုက်သရိုက်များပါမကျန် ရေလုံးနှင့် မျောပါလာသည်။
တောင်ပေါ်တွင် မိုးညိုလာပါက သတိထားရသည်။ မိနစ်ပိုင်းအတွင်း တောင်ကျရေများ ဒလဟော ထိုးဆင်းလာတတ်သောကြောင့် ဖြစ်သည်။
ဦးတက်ခေါင်နှင့် စောဂျိမ်းက မိုးရွာလာလျှင် အဆင်သင့်ဖြစ်အောင် စစ်မိုးကာကြီးနှစ်ခုကို စပ်ကာ အောက်မှ ဝါးများထောက်၍ တဲသဏ္ဍာန် လုပ်ထားလိုက်သည်။
အနားတွင်ရှိသော မီးဖိုတွင် ဟင်းကောခြိုင့်များဖြင့် ချက်ထားသည့် အငွေ့တစ်ထောင်းထောင်းထနေသော ထမင်းခြိုင့်နှစ်လုံး။
ဦးတက်ခေါင်က ဆေးပေါ့လိပ်တစ်တိုကို ခဲကာ ဝါးထောက်၍ တောင်ကျရေများကို ကြည့်နေသည်။ စောဂျိမ်းက ဆတ်သားခြောက် ၄-၅ ချောင်းကို မီးဖိုထဲသို့ ပစ်ထည်လိုက်သည်။
တဝေါဝေါနှင့် စီးဆင်းနေသော တောင်ကျရေနှင့်အတူ မျောပါလာသော တစ်စုံတစ်ခု။ ဦးတက်ခေါင်ကမြင်လိုက်ရသည်။ ထို့ကြောင့် တပည့်အဖြစ် ခေါ်လာသော သံဒိုးအား …
“သံဒိုး … ရေထဲမှာ မျောလာတာ ချေ(ဂျီ) လား၊ ဆတ်လားကွ”
“ဘယ်မှာလဲ ဆရာ“
သံဒိုးက ဦးတက်ခေါင် ပြနေသော တောင်ကျရေထဲကို ဂရုစိုက်၍ လိုက်ကြည်လိုက်သည်။ တွေ့ပါပြီ။
“တစ်ကောင်ကောင်ပဲဆရာ … ဆယ်လိုက်ရမလား”
“အေး … ဆယ်လိုက်ကွာ၊ ပိုးကောင်(မြွေ)လည်း သတိထားဦး”
တောင်ကျရေနှင့်အတူ မြွေများပါ ပါလာတတ်သောကြောင့် ဦးတက်ခေါင်က သတိပေးရခြင်းဖြစ်သည်။
သံဒိုးက ထီးရိုးဝါးကို အဖျားတွင် ချိတ်တပ်ထားသော ဝါးလုံးရှည်ကြီးဖြင့် လိုက်ဆယ်နေခြင်း ဖြစ် သည်။ ရေအရှိန်က များသောကြောင့် သံဒိုးက အတော်ကြိုးစား၍ ဆယ်နေရသည်။ ဝါးလုံးထိပ်မှ ချိတ်တွင်ပါလာသည်က အချိန်(၅၀) လောက်ရှိ ဒရယ်ပေါက်တစ်ကောင်။
“အဘတက်ရေ … ဒရယ်ကြီးဗျ“
“အေးကောင်းတယ်ကွ၊ ဟင်းစားတော့ရပြီ“
သံဒိုးက ဒရယ်ကောင်ကို ထမ်းလာကာ ဦးတက်ခေါင်ရှေ့တွင် ချသည်။
“တောင်ကျရေနဲ့ မျောလာပြီး ရေနစ်သေတဲ့ ကောင်တွေကွ။ လတ်လတ်ဆတ်ဆတ်ပဲ။ ဖျက်ပြီး တွယ်လိုက်ကြတာပေါ့ကွာ”
စောဂျိမ်းက …
“အဘတက် … ပိုတာတွေကို ကျပ်တင်ထားရင် မကောင်းဘူးလား“
“အေး ကောင်းတာပေါ့။ ဒီတစ်ကောင်ကို တို့သုံးယောက် ဘယ်ကုန်မှာလဲ။ ကျပ်တင်ထားမှပေါ့“
ထိုအချိန်တွင် သံဒိုးက ချောင်းဘက်ဆီသို့ ပြေးဆင်းသွားပြန်သည်။ ပါးစပ်ကလည်း အော်သွားသေးသည်။
“အဘတက်ရေ … တောဝက်တစ်ကောင်ဗျ“
တောဝက်ဆိုသောကြောင့် စောဂျိမ်းရော ဦးတက်ခေါင် ကမ်းပါးထိပ်ကို အပြေးသွားကာ ကြည်လိုက်ကြသည်။
သံဒိုးက ချောင်းစပ် မြေသားပေါ်မှ ဒရီးဒယိုင်ဖြင့် သွားနေသည်။ ချောင်းရေပြည်နေသောကြောင့် ခတ်စောင်းစောင်းဖြစ်နေသော ကမ်းပါးအောက်မြေသားပေါ်မှ သွားနေရခြင်းဖြစ်၍ ချောင်းထဲသို့ ချော်မကျစေရန်လည်း ဂရုထားနေရ၍ သံဒိုး ခရီးမတွင်လှ။
သံဒိုးဦးတည်သွားရာဘက်သို့ ဦးတက်ခေါင်နှင့် စောဂျိမ်းက မျှော်ကြည်လိုက်သောအခါ ရှေ့ကိုက် (၅ဝ)အကွာလောက်တွင် ကျောက်တုံးများပေါ်သို့ ကုတ်ခြစ်တွယ်ကပ်တက်နေသော တောဝက် တစ်ကောင်။
ဒလဟောစီးနေသော တောင်ကျချောင်းရေထဲတွင် မျောပါမသွားစေရန် အသက်လုကာ ကျောက်တုံးများပေါ်သို့ ကုတ်ခြစ်တွယ်ကပ်တက်နေခြင်းဖြစ်သည်။ ကျောက်တုံးများက ရေညှိများနှင့် ချောနေသော ကြောင့် တော်တော်နှင့် တက်မရ။
စောဂျိမ်းနှင့် ဦးတက်ခေါင်က ကမ်းပါးပေါ်မှ ရပ်ကြည့်နေရင်း ကမ်းပါးတစ်လျောက် ခြုံများကိုတိုးကာ အပြေးသွားလိုက်သည်။ စောဂျိမ်းတို့နှစ်ယောက် တောဝက်ရှိရာ နေရာတည့်တည့်သို့ ရောက်ချိန်တွင် သံဒိုးကလည်း တောဝက်နှင့် (၁ဝ)ကိုက်အကွာနေရာသို့ ရောက်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် တောဝက်ကလည်း ကျောက်တုံးပေါ်သို့ ရောက်နေကာ ဒရီးဒယိုင်ဖြင့် ရပ်နေသည်။ အသက်ဘေးမှ လုလာရသောကြောင့် မောနေဟန်တူသည်။
ထိုအချိန်တွင် သံဒိုးက သူ့လက်ထဲတွင် ကိုင်လာသော လှံတိုကလေးကို ချိန်ကာ တောဝက်ရှိရာသို့ တရွေ့ရွေ့သွားနေသည်။ စောဂျိမ်းနှင့် တက်ခေါင်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဦးတက်ခေါင်က …
“သံဒိုး … မလုပ်နဲ့ ၊ ပြန်လာခဲ့တော့“
သံဒိုးက ဦးတက်ခေါင်ရှိရာ ကမ်းပါးပေါ်သို့ မော့ကြည့်လိုက်ကာ
“အဘတက် ဘာဖြစ်လို့လဲ“
“ပြန်လာခဲ့ပါကွာ။ မင်းကို နောက်မှ ရှင်းပြမယ်“
တောဝက်က ကျောက်တုံးပေါ်တွင် ရပ်ကာ သံဒိုးနှင့် ဦးတက်ခေါင်တို့ကို ပေ၍ ကြည်နေဆဲ။
ယာယီလုပ်ထားသော တဲသို့ ရောက်လာကြသောအခါ သံဒိုးက . . .
“အဘတက် … ဝက်ကြီးက ဝဖီးနေတာပဲ။ အချိန် (၅ဝ)လောက်ကတော့ အသာကလေးပဲ။ ဒီကောင်ကြီးက မောနေတာ။ ပြေးတောင်မှ ပြေးနိုင်ဘူး“
“သံဒိုး … အဘပြောမယ်။ မုဆိုးဆိုတာ သားကောင်တွေ့ရင် ပစ်ရမယ်ဆိုတာ ပြောစရာမလိုဘူး။ ဒါပေမယ့် သားကောင်တွေ့တိုင်း ပစ်ရတာမဟုတ်ဘူး။ ဇီးရှိတဲ့ အကောင်တို့၊ သားပေါက်တို့၊ အခုလို အန္တရာယ်တွေ့လာပြီး ဒုက္ခရောက်လာတဲ့ အကောင်တို့ကို ရှောင်ရတယ်။
သတ္တဝါဆိုတာ သူလည်း သူ့ဒုက္ခနဲ့သူ၊ အသက်ဘေးကို လုပြေးလာရတဲ့အခါတို့ မုဆိုးတွေအတွက်တော့ သက်သက်သာသာကလေး ပစ်လို့ရတာပေါ့ကွာ။ ဒါပေမယ့် အဲဒါမျိုးကို ရှောင်ရတယ်။ စည်းဆိုတာ ထားရတယ်။ တောင်ကျချောင်းရေကြောင့် သူ့ခမျာအသက်လု ပြေးလာရတာကွာ။ အမောတောင် မပြေသေးဘူး။ တို့က စောင့်ပစ်မယ်ဆိုတော့ တရားပါ့မလား”
“အဘတက်ပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် တောကောင်ရဘို့ဆိုတာ တစ်နေကုန် ခြေတိုအောင်လျောက်တာတောင် မရတတ်ဘူး”
“အခုလိုအခြေအနေမျိုးတော့ မလုပ်သင့်ပါဘူး။ ရှောင်လိုက်တာ ကောင်းပါတယ်ကွာ။ စောဂျိမ်းရော ဘယ့်နှယ်လဲ”
“ကောင်းပါတယ်အဘ။ အချိန်တွေလဲ အများကြီး ရှိပါသေးတယ်။ ဒီတော ဒီတောင်တွေ ရှိနေသရွေ့ သားကောင်မရှားပါဘူး သံဒိုးရာ“
သံဒိုးက ကမ်းပါးပေါ်တွင်ရပ်၍ နှမျှောတသစွာနှင့် တောဝက်ရှိရာကို လှမ်းကြည်လိုက်သည်။ တောဝက်က ကျောက်တုံးများပေါ်မှ တစ်လှမ်းခြင်းလှမ်း၍ တရွေ့ရွေ့သွားနေသည်။
“ဒီအတိုင်းဆို တောင်ပေါ်မှာပဲ မိုးရွာတာကွ။ တို့ဆီမှာ ရွာမှာ မဟုတ်တော့ဘူး။ ကောင်းကင်မှာလည်း ရှင်းနေတာပဲ။ ကဲ တို့ စားဖို့သောက်ဖို့ လုပ်ကြရအောင်ကွာ။ ဒရယ်ကိုဖျက်ပြီး ကလီစာဟင်း ချက်၊ တစ်ချို့ကိုလည်း ကျပ်တင်တာ တင်ပေါ့ကွာ။ အဘဆီမှာတော့ ငပိရောင်းနှင့် ဖက်သန်းသီးပါတယ်။ စောဂျိမ်းဆီမှာလည်း ဆတ်သားခြောက်
ပါတော့ တစ်နပ်စာတော့ အဆင်ပြေပါတယ်“
စောဂျိမ်းနှင့် သံဒိုးက ဒရယ်ကိုဖျက်ကာ အသားများကို ပါလာသော ဟင်းခတ်အမွှေးအကြိုင်များဖြင့် ကလီဇာဟင်းရေသောက် ချက်လိုက်သည်။
ဆတ်သားခြောက်ဖုတ်၊ ဖက်သန်းသီးသုတ်၊ ငပိထောင်း၊ ကလီစာဟင်းများနှင့် ထမင်းဝိုင်းက ကြိုနေသည်။
ထမင်း မစားမှီ စောဂျိမ်းက စစ်လွယ်အိတ်ထဲမှ ပုလင်းတစ်လုံး ထုတ်လိုက်သည်။ ရမ်ပုလင်းဖြစ်သည်။ ရမ်ပုလင်းမြင်သည်နှင့် သံဒိုးက ရေခွက်တစ်လုံးတွင် အနည်းငယ်ထည့်ကာ ဆတ်သားခြောက်ဖုတ်အနည်းငယ်နှင့် သစ်ပင်တစ်ပင်အောက်ကို သွားကာ ပိုင်ရာဆိုင်ရာများကို တင်မြှောက်ပသလိုက် သည်။ ပြီးမှ ပြန်လာကာ စောဂျိမ်းနှင့် တစ်ယောက်တစ်ခွက် မော့လိုက်ကာ ဆတ်သားခြောက်ကို ဝါးလိုက်သည်။
အဘဦးတက်ခေါင်ကတော့ ထမင်းကို အားရပါးရ စားနေသည်။
တောင်ကျချောင်းရေက တဖြည်းဖြည်းနှေးသွားပြီဖြစ်သည်။ တသွင်သွင်တော့ စီးနေဆဲ။ ထိုအချိန်တွင် အနောက်ဘက် တောတွင်းဆီမှ ခွေးဟောင်သံများကြားလာရသည်။
အဘတက်ခေါင် ၊ စောဂျိမ်းနှင့် သံဒိုးတို့သုံးယောက်သား ခေါင်းထောင်ကာ နားစွင့်လိုက်သည်။ ခွေးဟောင်သံများ တဖြည်းဖြည်း နီးလာသည်။ အဘတက်က . . .
“ဒါ အိမ်ခွေးတွေ အသံကွ။ တောထဲမှာ ဘယ်က အိမ်ခွေးတွေ ရောက်နေရတာလဲ”
“အဘတက် သေချာရဲ့လား“
“သေချာတာပေါ့ စောဂျိမ်းရေ။ ဒါ အိမ်ခွေးအသံကွ။ ၃ ၄ ကောင်တော့ အနဲဆုံးပဲ“
သိပ်မကြာလိုက်… ခွေးဟောင်သံများနှင့်အတူ ခွေး ၃ ကောင် တောတွင်းမှ အပြေးထွက်လာကြသည်။
စောဂျိမ်းတို့အဖွဲ့ကို တွေ့တော့ တန့်သွားကာ ခတ်လှမ်းလှမ်းမှ ဟောင်နေကြသည်။ ထိုအချိန်တွင် တောတွင်းမှ လူနှစ်ယောက် ဒရောသောပါးနှင့် ပြေးထွက်လာကြသည်။ ကျောပိုးအိတ်များနှင့် သေနတ်ကိုယ်စီ ကိုင်ထားကြသည်။ သခင်ပါလာသောကြောင့် ခွေးများက ပို၍ ဟောင်ကြကာစောဂျိမ်းတို့ကို ဝင်၍ ဆွဲတော့မတတ် အနားကို ရောက်လာသည်။
လူတစ်ယောက်က ကရင်လိုပြောလိုက်မှ ခွေးများကငြိမ်သွားသည်။
စောဂျိမ်းက ကရင်လို လှမ်းပြောလိုက်သည်။ ထိုလူက စောဂျိမ်ကို ကရင်လို ပြန်ပြောသည်။ စောဂျိမ်းက ဦးတက်ခေါင်အား …
“အဘတက် သူတို့ကရွှေကျင်ဘက်ကလာတဲ့ မုဆိုးတွေတဲ့။ သူတို့နေတဲ့ ရွာနားက လယ်ထဲမှာ ကျားဝင်ဆွဲလို့ လယ်စောင့်အဘိုးကြီးတစ်ယောက် သေပြီး နွားတစ်ကောင် ဆွဲသွားလို့ ကျားနောက်ကို ခြေရာ ခံပြီးလိုက်လာကြတာတဲ့။ နေ့ဝက်ကျိုးနေပြီ၊ ကျားကို မတွေ့သေးလို့ ဒီဘက်များ ရောက်လာသလားလို့ မေးနေတာပါ“
“မင်းက ဘယ်လိုဖြေလိုက်လဲ“
“အရိပ်အယောင်တောင် မတွေ့မိပါဘူးလို့ ဖြေလိုက်ပါတယ်”
နောက်တစ်ယောက်က မြန်မာလိုပြောသည်။
“ကျွန်တော်တို့က ရွှေကျင်ဘက်က မုဆိုးတွေပါ။ ကျွန်တော်က အောင်မောင်း၊ သူက စောပီတာပါ။ ဟင်းမျိုးကြီးကို ခြေရာရင်းလိုက်လာတာ ကြာပြီ”
ဦးတက်ခေါင်က …
“တို့လဲမုဆိုးတွေပဲကွ၊ တို့ ဒီကို ရောက်နေတာ ၂ ရက်ရှိပြီ။ ဟင်းမျိုးဆိုတာ အရိပ်အယောင်တောင် မတွေ့သေးဘူး။ ဒီနယ်ကိုလဲ မကြာခဏ တို့ တောပစ်ထွက်ဘူးတယ်။ ဟင်းမျိုးကို တစ်ခါမှ မတွေ့ဖူးသေးဘူး။ လွန်ခဲ့တဲ့ (၄) (၅) ဆယ်နှစ်လောက်ကတော့ ပစ်ခဲ့ဘူးပါတယ်။ အခုတော့ မတွေ့တာကြာပြီ ။ ရှိတယ်လို့လဲ မကြားမိပါဘူး”
ထိုအခါကြမှ စောပီတာက မြန်မာလို ဝင်ပြောသည်။
“တောတွေက ဆက်နေတော့ မျက်စိလည်လာတာတို့ ၊ တောပြောင်းလာတာတို့ရော မဖြစ်နိုင်ဘူးလား ဆရာကြီး”
“အေး ဖြစ်နိုင်ပါတယ်ကွာ။ ဒီဘက်ကိုလာတယ်ဆိုတာ သေချာရဲ့လား“
“သေချာပါတယ် ဆရာကြီး။ ကျွန်တော်တို့ လိုက်လာတဲ့ လမ်းတစ်လျောက် ခြေရာတွေ သုံးခါ လောက် တွေ့ခဲ့ပါတယ်“
“ဟင်းမျိုးဆိုတာ တောမုဆိုးကွ။ တောဆိုတာ သူတို့နယ်ပဲ။ အင်မတန် အန္တရာယ်များတယ်၊ မင်းတို့က ကျား ပစ်ဘူးလို့လား”
“မပစ်ဖူးပါဘူး”
“အေး ဒါဆိုရင် ပိုပြီးဂရုစိုက်ပါ။ အင်း … အင်း တစ်ခုတော့ ရှိတယ်ကွ။ ဟင်းမျိုးဆိုတဲ့ အကောင်မျိုးက လူကို အင်မတန်ရှောင်တယ်။ ရင်ဆိုင်တွေ့မှ လူက သူ့ကို အန္တရာယ်ပေးမှ မလွဲမရှောင်သာ ပြန်ခုခံ တတ်တာ။ မင်းတို့ပြောသလို လယ်တဲစောင့်တဲ့ အဘိုးကြီးကို ဝင်ကိုက်ပြီး နွားတစ်ကောင်ပါ ဆွဲသွားတယ်ဆိုတော့ ကျားအိုကြီး ဖြစ်နိုင်တယ်”
မုဆိုး အောင်မောင်းက . . .
“ဒါဆိုရင် အဘရယ်၊ အဘက ကျွန်တော်တို့ထက်စာရင် အတွေ့အကြုံရှိပါတယ်။ ကျွန်တော်တို့နဲ့ အဘ လိုက်ခဲ့ပါလား“
“လိုက်ရတာ မခက်ပါဘူးကွာ၊ဒ။ ဒါပေမယ့် တို့အဖွဲ့က ရည်ရွယ်တာက ဟင်းမျိုးပစ်ဘို့ မရည်ရွယ်ဘူး။ မောင်ရင်တို့က မဖြစ်မနေ ပစ်ရအောင် လာကြတာဆိုတော့ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်တာ ကောင်းပါတယ်ကွာ၊ မလိုက်ပါရစေနဲ့”
မုဆိုး စောပီတာက ကိုအောင်မောင်းအား
“အောင်မောင်း လာပါကွာ၊ တို့မှာ လက်နက်တွေပါတာပဲ။ ကျားထက်ကြီးတဲ့အကောင်တောင် ပစ်လို့ရပါတယ်။ မင်းက ကြောက်လို့လား”
“မကြောက်ပါဘူးကွာ။ မကြောက်လို့လဲ ဒီအထိရောက်လာတာပဲဟာ။ ဒါပေမယ့် ပစ်ဘူး ကြုံဘူးတဲ့ လူပါတော့ ပိုကောင်းတာပေါ့။ တောဆိုတာ ပရိယာယ်များတယ်ကွ။ သားကောင်ကလည်း ပရိယာယ်များတယ်။ ဟင်းမျိုးဆိုတာ တောမုဆိုး၊ သူက ပရိယာယ် ပိုများသေးတယ်။ အဲဒါကြောင့်ပါ”
“လာပါကွာ၊ တို့မှာ အားကိုးရတဲ့ ဗလ၊ တောင်ကြီးနဲ့တောင်ကျော် သုံးကောင်တောင် ပါတာပဲ။ အင်အားမသေးပါဘူး … သွားကြမယ်“
မုဆိုးအောင်မောင်းနှင့် စောပီတာတို့ ထွက်သွားပြီးနောက် ဆူညံနေသောခွေးသံများလည်း တိတ်သွားတော့သည်။
ဦးတက်ခေါင်က ခေါင်းတဆတ်ဆတ်ညိတ်သည်။
ရိုးမတောကြီးက ကျယ်သည်။ တောတောင်ထူထပ်သည်။
ကိုအောင်မောင်းနှင့် စောပီတာတို့ ဦးတက်ခေါင်တို့စခန်းက (၁)နာရီလောက် ထွက်လာသည်အထိ ဟင်းမျိုး၏ အရိပ်အယောင်တောင် မတွေ့ရသေး။
သစ်ရာ၊ အင်ကြင်း၊ ယမနေပင်ကြီးများအောက်တွင် ရှုပ်ထွေးစွာ ပေါက်နေကြသော သန်းသတ်ခြုံ၊ စွန်လက်သည်းခြုံ၊ စောင်ပဲ့ခြုံများအကြားတွင် မုဆိုးကိုအောင်မောင်း၊ စောပီတာနှင့် ခွေးသုံးကောင်တို့က တိုးဝှေ့ကာ သွားနေကြရင်း မြေပြန့်ကလေးတစ်ခုသို့အရောက်တွင် စောပီတာက တုန့်ကနဲ ရပ်လိုက်သည်။
မြေပျော့ဖြစ်နေသောကြောင့် ခြေရာက တင်းနေသည်။ ရှေ့ပိုင်းက အဖုခွက်ကလေး လေးခွက်နှင့် နောက်ပိုင်းက အဖုခွက်ကြီးတစ်ခွက်၊ အကျယ်က ခုနှစ်လက်မခန့်ရှိသည်။ ခြေရာတစ်ခုက မြက်ပေါ်တွင် ရောက်နေသောကြောင့် သိပ်မထင်ရှားလှ။
“ဟင်းမျိုးခြေရာကွ“
ကိုအောင်မောင်းက-
“စောပီတာ … ဒါဆိုရင် သိပ်မဝေးတော့ဘူးကွ။ ဒီနားတစ်ဝိုက်မှာ ရှိနိုင်တယ်။ သတိတော့ ထားရမယ်“
“အေး … ခြေရာတွေက အနောက်ဘက်ကို ဦးတည်နေတယ်ကွ။ ကလိန်ချောင်ဘက်ကို သွားနိုင်တယ်၊ ကဲ အချိန်ရှိတုန်း လိုက်ကြအောင်“
“စောပီတာ … ဗိုက်တွေလဲချောင်နေပြီကွာ။ မောတိုင်း ရေကြီးပဲ သောက်နေရလို့ ရေဗူးတောင် အတော်ရော့နေပြီ။ ထမင်းစားကြရအောင်”
“အေး ငါလဲ ဇောနဲ့ဆိုတော့ စားဘို့တောင် မေ့နေတယ်။ ခွေးတွေလဲခေါ်ပြီး ကျွေးလိုက်ကြရအောင်။ ဒီကောင်တွေလဲ မောပြီး ဆာနေရောပေါ့။ ဒီကောင်တွေပါလာတာ အားတော့ကိုးရပါရဲ့။ သူတို့အသံ ကြောင့် ဟင်းစားကောင်တွေ ပြေးကုန်တော့ တို့ လမ်းမှာစားဘို့ ဟင်းစားတောင် တစ်ကောင်မှ မရဘူး။ ကိုယ့်ရိက္ခာပဲကိုယ် စားရမှာပေါ့ကွာ“
ပါလာသောထမင်းထုပ်များ၊ ငါးခြောက်ဖုတ်များ၊ ဘဲဥပြုတ်များကို ထုတ်ကာ ဝမ်းဖြည်လိုက်ကြသည်။ ခွေးများအတွက်ကတော့ ငါးခြောက်ရိုးများနှင့် ရောပြုတ်ထားသော ပြောင်းဆန်များကို ကျွေးလိုက်သည်။
ကိုအောင်မောင်းနှင့် စောပီတာတို့ စားသောက်ပြီး ထွက်လာကြတော့ ခွေးများကလည်း ဗိုက်ဖြည်သွားသောကြောင့် ရှေ့ကနေ တက်ကြွစွာနှင့် ချီတက်နေကြကာ တစ်တောလုံး ခွေးသံများနှင့် ဆူညံနေသည်။ ခွေးများက ဆူဆူညံညံနှင့် ရှေ့ကနေ သွားနေရင်း ခွေးသံများ တဖြည်းဖြည်း ဝေးသွားတော့သည်။ စောပီတာက …
“မင်းမို့လို့ကွာ … ဒီအဘိုးကြီးကို တို့နဲ့လိုက်ဘို့ တောင်းတောင်းပန်ပန် ခေါ်နေတယ်။ သူ့ကြည်ရတာ ကကျီကကြောင်ကြီးပါ”
“အသက်ကြီးတဲ့လူဆိုတော့ သူက တို့ထက်အရင် အတွေ့အကြုံများတယ်လေကွာ။ သူက ဟင်းမျိုးကိုပစ်ဘူးတော့ တို့အတွက် အကူအညီရမလားလို့ပါ“
“ငါက ဟင်းမျိုးကို ကိုယ်တိုင်သာ မပစ်ဘူးတာပါကွာ။ အမဲလိုက် အတွေ့အကြုံရှာနေတုန်းက တောထဲက ငါ့ရဲဘော်တွေနဲ့ ဟင်းမျိုး လိုက်ပစ်တာ ငါခဏခဏကြုံဖူးပါတယ်။ အဓိက ကတော့ လက်နက်
ကောင်းဘို့ အရေးကြီးတာပဲ။ တို့ပါလာတဲ့ဟာတွေက ဟင်းမျိုးမပြောနဲ့ ပြောင်တောင် ပစ်လို့ရပါတယ်“
“ဒါကတော့ ကျွမ်းကျင်ရာလိမ္မာပေါ့ကွာ . . . တချို့ မုဆိုးတွေဆိုရင် ဒူးလေးတို့၊ တူးမီးတို့နဲ့တောင် ဟင်းမျိုးလိုကောင်မျိုးကို ရအောင် ပစ်ကြတာပဲ။ တောဘုရင်ဆိုတာ ပရိယာယ်များတတ်လို့ အတွေ့အကြုံရှိတဲ့လူကို ငါက ခေါ်တာပေါ့“
စောပီတာက မောမောနဲ့ စစ်သုံးရေဗူးကြီးကို မော့သောက်လိုက်သည်။
“ဟာ … ရေတောင် အတော်နည်းနေပြီ။ မင်းရေဗူးရော“
“ငါ့ရေဗူးလည်း ကုန်နေတာ ကြာပြီကွ“
“ဒါဆိုရင် ရှေ့နားက မြောင်ထဲကို ငါ ရေဆင်းခပ်လိုက်ဦးမယ်။ ခရီးက ရှေ့ အတော်ဆက်ရဦးမှာ“
ထိုအချိန်တွင် ခပ်ဝေးဝေးမှ ကျားဟိန်းသံသဲ့သဲ့ကို နှစ်ယောက်လုံး ကြားလိုက်ရလေသည်။ စောပီတာက မြောင်ဘက်သို့ ခြေဦးလှည်လိုက်ရာမှ ကိုအောင်မောင်းဘက်သို့ ကြည်လိုက်သည်။ ပြီးမှ-
“ကိုအောင်မောင်း ဝေးပါသေးတယ်ဗျ“
ဟုဆိုကာ မြောင်တွင်းသို့ ပြေးဆင်းသွားတော့သည်။ ကိုအောင်မောင်းက အရိပ်ကောင်းသော သစ်ပင်တစ်ပင်အောက်တွင် အေးအေးဆေးဆေးထိုင်ကာ အနားယူနေတော့သည်။
ကိုအောင်မောင်း ထိုင်နေ၍ ၅မိနစ်ခန့်အကြာတွင် ခွေးသုံးကောင် အမောတကောဖြင့် အပြေး ရောက်လာကြသည်။ တစ်ကောင်မျှ အသံမထွက်၊ တောင်ကျော်ဆိုသော ခွေးကအမြီးကုပ်နေလေသည်။ သုံးကောင်စလုံး လျှာထွက်နေကြသည်။
ကိုအောင်မောင်း စိတ်ပူသွားသည်။ ခွေးများ ဟင်းမျိုးနှင့် ရင်ဆိုင်တွေ့လိုက်ပြီဟု သဘောပေါက်လိုက်သည်။ တခြားတောကောင်ဆိုလျှင် အမြီးတထောင်ထောင်ဖြင့် ဒေါသကြီနေသောခွေးများ ဟင်းမျိုးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်သောအခါ ခွေးသဘာဝအတိုင်း ဖင်သီနေကြခြင်း ဖြစ်သည်။
ခွေးများကို စုပ်သပ်၍ ချော့လိုက်သည်။ ခွေးများက ကိုအောင်မောင်းအနားတွင် ဝိုင်းနေသည်။(၁ဝ) မိနစ်လောက်အကြာတွင် ကိုအောင်မောင်း မြောင်တွင်းကို မျှော်ကြည့်လိုက်သည်။ အရိပ်အယောင်ပင် မတွေ့သေး။
မြောင်အောက်ခြေတွင် စမ်းချောင်းရှိသည်။ စမ်းချောင်းကို ရေဆင်းခပ်လျှင် ဒီလောက်မကြာသင့်။
မြောင်က တောငှက်ပျောပင်များ၊ မြက်ရိုင်းပင်များဖြင့် ပြည့်နေသည်။ ရေကောင်းစွာရသောကြောင့် သစ်ပင်များ အရမ်းသန်နေခြင်းဖြစ်သည်။
ကိုအောင်မောင်းက မြောင်အစပ်တွင် ရပ်ကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ ထူးခြားမှု မတွေ့ရ။ ကိုအောင်မောင်းက အနားတွင် ပါလာသော ခွေးများကိုမြောင်တွင်းသို့ လက်ညှိုးထိုးပြလိုက်သည်။ ခွေးသုံးကောင်စလုံး တဝုတ်ဝုတ်ဟောင်ကာ မြောင်တွင်းသို့ ပြေးဆင်းသွားကြလေသည်။
မြောင်က နက်လှသည်မဟုတ်၊ အလွန်ဆုံးရှိမှ ကိုက်၅ဝ လောက်သာ နက်လေသည်။ ရေဆင်းခပ်ပြီးပြန်လာလျှင် ၁၀မိနစ်၊ ၁၅မိနစ်လောက်သာ ကြာသင့်သည်။ ကိုအောင်မောင်း စိတ်ပူစပြုနေပြီ။
ထိုအချိန်တွင် မြောင်တွင်းသို့ ဆင်းသွားသော ခွေးသုံးကောင်အနက် ဗလနှင့် တောင်ကြီးက အမြီးကုပ်၍ ပြေးတက်လာသည်။ တောင်ကျော်တော့ ပါမလာပေ။
ကိုအောင်မောင်း ခေါင်းကြီးသွားသည်။
သစ်ပင်ခြေရင်းတွင် ထောင်ထားသော သေနတ်ကိုပြေးယူလိုက်ကာ တဖြည်းဖြည်း ဆင်းသွားလိုက်သည်။
မြောင်က သစ်ပင်များ၊ မြက်ရိုင်းပင်များ၊ တောငှက်ပျောပင်များ ထူထပ်စွာပေါက်နေသောကြောင့် တရွေ့ရွေ့ဆင်းလာသည်နှင့်အမျှ တဖြည်းဖြည်းမှောင်လာသည်။ တစ်နေရာတွင် ပြွတ်သိပ်စွာသီးနေသော ပိန္နဲပင်တစ်ပင်တချို့ အသီးများက မှည့်နေသောကြောင့် အက်ကွဲကာ ပိန္နဲသီးအမွှာများ ထွက်နေကြသည်။
မြောင်အောက်ခြေသို့ မရောက်မှီ တစ်ဝက်လောက်တွင် ဟဲကနဲ မြည်သံကြီးကို ကြားလိုက်ရသည်။ သတ္တဝါတစ်ကောင်၏ အော်သံမှန်းကို ကိုအောင်မောင်း အတပ်သိလိုက်သည်။
စောပီတာတစ်ယောက် ဟင်းမျိုးကြီးနှင့် ရင်ဆိုင်တွေ့နေပြီလား။ သူ ရေခပ်ဆင်းသွားချိန်က သေနတ်ကို ကျောတွင်လွယ်လျက် ပါသွားသည်ကို မြင်လိုက်ရသည်။ ဟင်းမျိုးကြီးနှင့် တွေ့ပါက သေနတ်သံကြားရမည်။ အခု ဘာကြောင့် သေနတ်သံ မကြား ရပါသလည်း။
ဟင်းမျိုးကြီး ဟိန်းသံကို ခပ်ဝေးဝေးမှ ကြားလိုက်ရသည်။ တခြားတစ်ကောင်ကောင်များ ဖြစ်နေသလား။
ကိုအောင်မောင်း အတွေးတွင် သို့လော သို့လော အတွေးဖြင့် သေနတ်ကို သတိအနေအထားဖြင့် တင်းတင်းဆုပ်ကိုင်ကာ တရွေ့ရွေ့ဆင်းလာခဲ့သည်။
ရေစီးသံသဲ့သဲ့ကိုကြားနေရသည်။ ကိုအောင်မောင်း မြောင်အောက်ခြေအရောက်တွင် မျက်စောင်းထိုး ၁ဝကိုက်အကွာလောက်မှ တောငှက်ပျောပင်များ တဗြောဗြောမြည်ကာ လှုပ်သွားသည်။
ကိုအောင်မောင်းက အသံကြားရာဆီသို့ သေနတ်ကိုချိန်လိုက်သည်။ ငှက်ပျောလက်များက လှုတ်သွားပြီးနောက် ပြန်ငြိမ်သွားသည်။
ကျောက်တုံးအကြိုအကြားမှ ကွေ့ပတ်ကာစီးနေသော စမ်းချောင်းကလေးအတိုင်း အသံကြားရာ ငှက်ပျောတောဆီသို့ ဘေးတိုက်တည့်တည့် တရွေ့ရွေ့လျောက်သွားလိုက်သည်။ တည့်တည့်အရောက် တွင် ငှက်ပျောတောအစပ်၌ တွေ့လိုက်ရသောစစ်လွယ်အိတ်တစ်လုံး။ စောပီတာ လွယ်နေကြ စစ်လွယ်အိတ်ဖြစ်သည်။
သေချာပြီ။ ဒီအတိုင်းဆို စောပီတာ ဒုက္ခတွေ့နေပြီဖြစ်ကြောင်း ကိုအောင်မောင်း သဘောပေါက်လိုက်သည်။
ထိုအချိန်တွင် ဟဲကနဲအော်ကာ ကိုက်(၂ဝ)အကွာလောက်ရှိ ငှက်ပျောတောမှ ဖြတ်ပြေးသွားသော အဝါနှင့်အနက်စင်း ဟင်းမျိုးကြီး။ မြန်လိုက်သည်ဖြစ်ခြင်း။ လျှပ်လက်သလို တွေ့လိုက်ပြီးနောက် ချက်ခြင်း ပျောက်သွားသည်။
ကိုအောင်မောင်း သေနတ်နှင့်ချိန်ဘို့ပင် အချိန်မရလိုက်။ ကိုအောင်မောင်းက ကျောက်တုံးများကိုကျော်လွှားကာ စမ်းချောင်းကလေးကိုဖြတ်၍ ငှက်ပျောတောအစပ်ရှိ စစ်လွယ်အိတ်ရှိရာသို့ သွားလိုက်သည်။ စစ်လွယ်အိတ်ကို ကောက်ယူ၍ ငှက်ပျောတောအတွင်းသို့ ဖြတ်ကနဲ ကြည့်လိုက်ရာ ခေါင်းပိုင်းက ငှက်ပျောပင်ကွယ်နေ၍ မမြင်ရပဲ ဖင်ပိုင်းသာ မြင်လိုက်ရသော တောင်ကျော်။
ငှက်ပျောပင်ခြေရင်းတွင် ဗိုက်ပွင့်ကာ အူများထွက်၍ အသက်ပျောက်နေသော တောင်ကျော်။ ငှက်ပျောတောအတွင်း သတိအနေအထားဖြင့် လျောက်လာရင်းတစ်နေရာတွင် မှောက်လျှက်လဲ၍ ခေါင်းပိုင်းတစ်ခုလုံး သွေးများအိုင်ထွန်းကာ အသက်ပျောက်နေသော စောပီတာ။ လည်ပင်းတွင် ကျပ်ပြားဝိုင်းခန့် အစွယ်ရာအပေါက်ကြီးက သွေးများ ဒလဟော ထွက်နေခြင်းဖြစ်သည်။
ကိုအောင်မောင်း မေးရိုးကြီးများ ထောင်လာအောင် အံကို ကျိတ်လိုက်သည်။ ထိုအချိန်တွင် ကိုအောင်မောင်း အနောက်ဘက်ဆီမှ ငှက်ပျောလက်လှုပ်သံကို ကြားမိလိုက်သည်။ ကိုအောင်မောင်းက အနီးရှိ ငှက်ပျောပင် ၄ ၅ ပင် စု၍ ပေါက်နေသော ငှက်ပျောရုံအကြား တိုးဝင်လိုက်သည်။ ငှက်ပျောလက်ဖားဖားကြီးများက ကိုင်းကျနေသောကြောင့် ကိုအောင်မောင်းတစ်ကိုယ်လုံး ငှက်ပျောပင်များထဲတွင် ပျောက်နေသည်။
တစ်တောလုံး တိတ်ဆိတ်နေသည်။ ငှက်ပျောလက်များကို သေနတ်ပြောင်းနှင့် တရွေ့ရွေ့ဖြဲရင်း ငှက်ပျောတောအတွင်း အကဲခတ်လိုက်သည်။
လေငြိမ်နေသောကြောင့် ငှက်ပျောရွက်လှုပ်သည်ကို ပင် မမြင်ရ။ ဟင်းမျိုးကြီးက ငြိမ်ချက်သားကောင်းနေသည်။ အလွန်ပါးနပ်သော အကောင်ဖြစ်၍ ကိုအောင်မောင်းကို ကွေ့ပတ်၍ ချောင်းနေမည်ကို သဘောပေါက်ထားသည်။
(၁၅)မိနစ်လောက် ကြာသည်အထိ ငြိမ်သက်နေဆဲ။ ထိုအခါကြမှ လည်ချောင်းများခြောက်ကာ ရေငတ် နေသည်ကို ကိုအောင်မောင်း သတိထားမိသည်။
တိတ်ဆိတ်နေသော အချိန်တွင် ရစ်ငှက်တစ်ကောင်က စူးရှစွာ အော်လိုက်သည်။
ကိုအောင်မောင်း သဘောပေါက်လိုက်သည်။
ငြိမ်သက်နေသော ငှက်ပျောတောအတွင်းမှ ခတ်လှမ်းလှမ်းရှိ ငှက်ပျောလက်အရင့်၊ အဝါရောင်တစ်ခုကမသိမသာ ကလေးရွေ့နေသည်။ ငှက်ပျောလက်ကရင့်လာလျှင် အဝါရောင်သန်းလာ၍ သိပ်မကြာမီ အညိုရောင်ပြောင်း၍ ခြောက်တော့မည်ဖြစ်သည်။ ကိုအောင်မောင်းက မသိမသာကလေး ရွေ့နေသော ငှက်ပျောလက်အဝါရောင်ကို သတိထားမိ၍ ဂရုစိုက်ကာကြည်နေသည်။
သိပ်မကြာလိုက်။ အဝါရောင် ငှက်ပျောလက်ကြားမှ အရောင်မတူသော အဝါရောင်တစ်ခု ပေါ်လာကာ ထို့နောက် အမည်းရောင်အစင်းကြီး ပေါ်လာပြန်သည်။
အဝါအနက်အစင်းက အောက်သို့ တဖြည်းဖြည်းရွေ့သွားချိန်တွင် လက်ပြင်နေရာဟု ကိုအောင်မောင်းမှန်းဆမိသောကြောင့် စိတ်ကို အတည်ငြိမ်ဆုံးထားတာ ခလုတ်ကိုညှစ်လိုက်သည်။
“ဒိန်း”
ပဲ့တင်သံနှင့်အတူ ကျေးငှက်သာရကာ၊ တောသတ္တဝါများ၏ အသံများပါ တစ်တောလုံး ဆူညံသွားသည်။ ဆူညံသံများ တခဏအတွင်း ပြန်လည်ငြိမ်သက်သွားချိန်တွင် တဝုန်းဝုန်း တဒိုင်းဒိုင်းဖြင့် မာန်သွင်းကာ မြောင်အတွင်း၌ သောင်းကျန်းနေသော ဟင်းမျိုးကြီး။
ကိုအောင်မောင်း သေနတ်ကျည်က ယာဘက်လက်ပြင်အတွင်းမှ ၀င်သွားပြီး ဟင်းမျိုးကြီးက သုံးပေခန့်လောက် မြောက်တက်သွားကာ ဝဲဘက်သို့ ဗုန်းကနဲ ပစ်ကျသွားသည်။ ထို့နောက် မြေကြီးများကို ကုတ်ခြစ်ရင်း အနီးရှိ ငှက်ပျောပင်များကို တဂျွမ်းဂျွမ်းမြည်အောင် ကိုက်ပါးနေပြန်သည်။
ကျည်ဝင်သွားသော အပေါက်ကြီးမှ သွေးများ ဒလဟောစီး ထွက်နေသော်လည်း ချက်ကောင်းမဟုတ်သောကြောင့် သောင်းကျန်းနေခြင်းဖြစ်သည်။
ကိုအောင်မောင်းက အနားသို့ တရွေ့ရွေ့ထိုးလာရင်း မထနိုင်တော့သည့် ဟင်းမျိုးကြီး၏ ခေါင်းကို ဒုတိယကျည်တစ်တောင့် ပစ်သွင်းလိုက်သည်။
ရိုးမတောအတွင်းရှိ သစ်ထုတ်လုပ်ရေးစခန်းများ ဖြစ်သည်။
စောဂျိမ်းက ချေ(ဂျီ)တစ်ကောင်ကို ထမ်းလာကာ သစ်ထုတ်လုပ်သားများနှင့် ရေနွေးကြမ်းဝိုင်းဖွဲ့နေသော ဦးတက်ခေါင်ရှိရာသို့ လျောက်လာရင်း . . .
“အဘတက်ရေ စိတ်မကောင်းစရာသတင်းတော့ ကြိုးဝိုင်းထဲက ကြားလာတယ်”
“မုဆိုးတစ်ယောက် ဟင်းမျိုးကိုက်ခံရတဲ့သတင်း မဟုတ်လား”
“ဟာ အဘတက်က သိနေပြီလား“
“ကြိုးဝိုင်းထဲက တောခေါင်းကြီး ကိုအေးမောင် ငှက်ဖျားပြန်ထလို့ ဒီစခန်းကို ရောက်နေတယ်လေကွာ၊ သူပြောပြလို့ ငါလဲ သိတာပါ”
“ဘယ်သူတဲ့လဲ အဘရဲ့“
“ဘယ်သူရှိဦးမှာလဲကွ။ ဟိုတစ်နေ့က တို့နဲ့တွေ့တဲ့ ရွှေကျင်ဘက်ကလာတဲ့ မုဆိုးနှစ်ယောက်လေ။ ဟင်းမျိုးကိုက်လို့ သေတာက စောပီတာဆိုတဲ့ ကောင်ပေါ့။ မင်းတို့လူမျိုးပဲ၊ မင်းနဲ့တောင် စကားပြောကြသေးတယ်လေ”
“ဪ . . . သိပြီ၊ အဘတက်ကိုတောင် တစ်ယောက်က လိုက်ခဲ့ဘို့ ခေါ်သေးတယ်လေ။ အဘတက်ကငြင်းလိုက်တာ မှတ်မိတာပေါ့။ စောပီတာက သူကိုယ်သူ အထင်ကြီးပုံရတယ်“
“မုဆိုးဆိုတာ အဲဒါပဲကွ။ ဘယ်လောက်တော်တော် ဘယ်လောက်ကျွမ်းကျွမ်း ဟင်းမျိုးဆိုတာ တောမုဆိုး၊ မာယာများတယ်။ ဒီကောင်က သူကိုယ်သူ လက်နက်အားကိုးနဲ့ အထင်ကြီးတော့ တောမုဆိုးရဲ့မာယာကို အမိခံလိုက်ရတာပေါ့။
နောက်တစ်ချက်က အမဲလိုက်ခွေးကောင်းဆိုတာ ဘယ်တော့မှ ဆူဆူညံညံအသံ မထွက်ဘူး။ တောကောင်ရမှသာ သခင်ကို အသံပေးပြီး အသိပေး တတ်တာ။ ဒါလောက် တစ်တောလုံး ဆူညံနေမှတော့ ဟင်းမျိုးက သိနေပြီပေါ့ကွ“
“ဟင်းမျိုးကိုလည်း အသေတော့ရလိုက်တယ်တဲ့။ ဒါပေမယ့် မုဆိုးချင်း ဒီလိုမျိုးကြားရတော့ စိတ်မကောင်းပါဘူးအဘရာ“
“မင်းလည်း မုဆိုးပဲ။ နောက်ကို သင်ခန်းစာယူပေါ့ကွာ။ ဟ . . မင်းထမ်းလာတဲ့ချေ(ဂျီ)ကို ချလိုက်ပါဦးကွ”
“ဩော် – မေ့လို့အဘရေ၊ ဒီညနေတော့ ဒီစခန်းကလူတွေ ချေ(ဂျီ)သားဟင်းနဲ့ ထမင်းမြိန်ဦးမှာပဲ။ သူတို့လဲ ဟင်းငတ်နေတာကြာပြီလို့ ပြောတယ်“
“မင်း အတွက်ကရော”
“ချက်အရက်ကလေးနဲ့ ချေ(ဂျီ)သားကလီစာဟင်းပေါ့ အဘရာ“
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ