———————————–

နားပိတ်အိပ်လည်းမရ ။ စောင်ခေါင်းမြီးခြုံအိပ်လည်းမရ ။ အာရုံလွှဲလို့ရလိုရငြား ဘုရားစာဆိုကြည့်လည်းအချည်းနှီးသာ ။ ခြေထောက်နှစ်ချောင်းမိုးပေါ်ထောင်ပြီး စိတ်ညစ်နေရုံမှလွဲ ၍ ကျွန်တော်ဘာမှမတတ်နိုင် ။ စိတ်ညစ်သည် ။ တကယ်ကို စိတ်ညစ်သည် ။ ဟိုဘက်အိမ်ကလင်မယားနှင့်တော့ ခက် တော့ခက်နေပါပြီ ။ တစ်အိမ်နှင့်တစ်အိမ်က ကပ်နေတော့ မ ကြားချင်လည်းကြားနေရသည် ။ မမြင်ချင်လည်းမြင်နေရ သည် ။ လင်မယားနှစ်ယောက်လုံး ပြိုင်တူများ ထ ရယ်လိုက် ရင် လူကလိပ်ပြာလွှင့်မတတ် ။ အလန့်လန့်အဖြန့်ဖြန့် ။

သည်အကြောင်းတွေကို ကိုမော်ကြီးသိရင်စိတ်ကောင်းမည် မဟုတ် ။ အဲ့ဒီခြံမှာကိုမော်ကြီးနေတုန်းကဆိုရင် တရားသံတ စီစီနှင့် အလွန်ကျက်သရေမင်္ဂလာရှိခဲ့သည် ။ ကိုမော်ကြီးတစ် ယောက်လည်းဟိုမှာ အဆင်ပြေရဲ့လားမသိ ။ အခြေအနေမ ကောင်းရင်လိုက်ခဲ့လို့ မှာခဲ့ရှာသည် ။ လိုက်သွားချင်သည် ။ သို့သော် ကလေးတွေကိုသည်အတိုင်း မထားခဲ့ရက်နိုင် ။ သူ တို့လေးတွေရဲ့ဘဝက

“ယောကျ်ားရေ ယောကျ်ား ထတော့လေကွာ ၊ ယောကျ်ားပဲည တုန်းက ပုဇွန်ထုပ် စားချင်လို့ဆို ။ ပုဇွန်ထုပ်က စောစောသွား ဝယ်မှယောကျ်ားရဲ့ ၊ နေမြင့်ရင်ရမှာမဟုတ်တော့ဘူး ။ ထ ထ မိန်းမကိုစျေးလိုက်ပို့ပေးအုံး ”

“ငါးမိနစ်လောက် ဆက်မှေးပါရစေအုံးမိန်းမရယ် ”

” တွေ့လား…ကြည့် ၊ ပုဇွန်ထုပ်မရရင် ရှင်ကြက်သည်းကြက် မြစ်နဲ့နှစ်ပါးသွားရမှာနော် ၊ မှေးချင်သပဆိုလည်းနေတော့ ၊ မိန်းမမျက်နှာသစ်နှင့်တော့မယ် ။ ယောကျ်ားတိုက်ဖို့သွား တိုက်ဆေး အဆင်သင့်ထည့်ပေးထားမယ်နော် ”

“အင်း အင်း ချစ်တယ် ”

ဗွီဒီယိုဇာတ်ကားများလို ဇာတ်ရှိန်တက်မှ “အရှင်ရုက္ခစိုးနတ် မင်းကြီး ၊ ကျွန်တော့်သားလေးကိုဗွေမယူပါနဲ့ “ဆိုတဲ့ကြော် ငြာကြီးဝင်လာသကဲ့သို့ ။ အတွေးလေးတောင်ဆုံးအောင်မ တွေးလိုက်ရ ။ ကြားဖြတ်ဝင်လာသည့် ရုက္ခစိုးဖိုနှင့် ရုက္ခစိုးမ အသံကြောင့် အတွေးတွေကတို့လိုတန်းလန်း ။ ချစ်စ ခင်စ ကြင်နာစ လို့ဖြည့်တွေးပေးကြည့်သည် ။ မရ ။ အသက်တွေ ကလူ့ပြည်နှင့်နတ်ပြည် ခေါက်တုံ့ခေါက်ပြန်ကူးရင်တောင် လမ်းမှာနှစ်ခါပြန်လောက် နားလို့ရသည့်အနေအထား ။

ဆက်အိပ်လို့မရမည့်အတူတူ မျက်နှာဘာညာသစ်ပြီး စျေးသို့ ထွက်လာခဲ့သည် ။ ကိုယ့်ဘာသာကိုယ်ဆိုရင် လက်ဖက်သုတ် ကလေးနှင့်လည်းဖြစ်သည် ။ ကလေးတွေရှိနေတော့ မသွား လို့ကမဖြစ် ။ ကလေးတွေကငါး ဆိုရင်အင်မတန်ကြိုက်သည် ။ ငါးဟင်းလေးကို ထမင်းဖြူလေးနှင့်နယ်ကျွေးရင် ခေါင်း တောင်မဖော် ။ သူ့အမေမရှိတည်းက ကျွေးမွေးစောင့်ရှောက် ခဲ့ရသည် ။ တောင်တောင်အီအီတွေးရင်း စျေးသို့ရောက်မှန်း မသိ ရောက်လာခဲ့သည်။

စျေးမဝယ်ခင် စားနေကျမုန့်ဟင်းခါးဆိုင်တွင် မုန့်ဟင်းခါး တစ်ပွဲမှာစားသည် ။ ဆိုင်ရှင်အဘွားကြီးက စျေးလာတိုင်းသူ့ ဆိုင်တွင်အားပေးသည့်မျက်နှာကိုမှ မထောက် ။ ကပ်စေးနဲ သည် ။ စျေးရောင်းတာစေတနာမပါ ။ ဟင်းရည်အဆစ် တောင်းရင်သိပ်မပေးချင် ။ ကိုယ်ကလည်းတစ်ပွဲဆို သိပ်မဝ ။ နှစ်ပွဲကျတော့လည်းမကုန်ပြန် ။ ဟင်းရည်ကလေး နည်းနည်း ထပ်သောက်လိုက်ရမှ ဝမ်းအေးသည် ။ ဆိုင်ကပိုက်ဆံရှင်း ချိန်ဖြစ်သွားသည့်မျက်နှာမျိုးနှင့် ရောင်းရင်ပိုရောင်းကောင်း မှာသေချာသည် ။

ငါးတန်းဘက်သို့ရောက်တော့ စျေးသည်တွေကအပြိုင်အ ဆိုင်ရောင်းကြသည် ။ စျေးထဲတွင်ရောင်းသူနှင့်ဝယ်သူ ခြေ ချင်းလိမ်လျက် ။လာပါ လာပါအော်ခေါ်နေသည့် စျေးသည် တွေကြား ဘယ်ဆိုင်ဝင်ရမှန်းမသိ ။ ရွေးချယ်ရခက်နေသည် ။ စျေးသို့မကြာခဏရောက်သော်လည်း သတ်သတ်မှတ်မှတ် ဝယ်သည့်ဆိုင်ဟူ၍မရှိ ။ ကြုံတဲ့ဆိုင်တွင်ဝယ်လိုက်သည်သာ ။ နောက်ဆုံးအကြောမတည့်သည့်လင်မယား ဝယ်နေသည့် ဆိုင်နားသို့ ရောက်မှန်းမသိရောက်သွားသည် ။

“အသဲတို့.. ဒီပုဇွန်လေးကိုယူ ၊ ဒါကမနက်တုန်းကမှရောက် တာ ပိုလတ်တယ် ”

“ယောကျ်ားသဘော မိန်းမယူလိုက်ရမလား ”

“မိန်းမသဘောပါ.. မိန်းမကြိုက်ရင်ယူလေ ”

ကျွန်တော်အူယားလွန်းလို့ စျေးဆွဲချင်းကြီးကို ယောင်ရမ်းဖြစ် ညှစ်ထားရသည် ။ အသားငါးဆိုင်တွေအများကြီးထဲမှာမှ သည်ဆိုင်ကိုဘာလို့ရွေးချယ်ခဲ့မိပါလိမ့် ။ ကြည့်မရသည့် လင် မယားနောက်မှာ လာရပ်မိသည့်ကိုယ့်ကိုယ်ကိုယ်လည်းနားမ လည် ။ သူတို့ကကျွန်တော့်ကို သူတို့ဘေးအိမ်ကမှန်းသိပုံ မပေါ် ။ ကျွန်တော်ကလည်း သူတို့လင်မယားနှင့်မိတ်ဆွေမ ဖြစ်ချင် ။ ထို့ကြောင့် တခြားဆိုင်ပြောင်းဝယ်ရန်စိတ်ကူးသည် ။ စျေးသည်မိန်းမကြီးကလျင်သည် ။ ဝယ်သူ၏အခြေအနေ ကိုမျက်ခြေမပျက်စေရ ။

“ချစ်တတ်လိုက်တာ အသဲတို့ရယ် ၊ လင်မယားတွေအဲ့လို ချစ် ချစ်ခင်ခင်ဆို အရမ်းသဘောကျတာ ။ ငါးဆယ်သားချိန်လိုက် မယ်နော် အဟင်း..ဟင်း ။ ဟိုနောက်က အသဲကရောဘာလို ချင်လို့လဲ ၊ ခဏလေးပဲစောင့်နော် ပြီးပြီ အဟင်း..ဟင်း ”

ကျွန်တော်နောက်ကို လည်ပြန်ကြည့်မိသည် ။ ဘယ်သူမှမရှိ ။ ကျွန်တော်နားကြားမလွဲတာတော့သေချာသည် ။ မိန်းမကြီး က ကျွန်တော့်ကို အချိုသာလွန်သည့်အပြုံးနှင့်ပြုံးပြသည် ။ သူ့အပြုံးကသူ့လက်ထဲမှာ ကိုင်ထားတဲ့ပုဇွန်ထုပ်လိုပဲ ။ အော် ကလီဆန်ဖို့ကောင်းသည် ။ တနည်းအားဖြင့် “အသဲ” ဆိုသည့် နှုတ်ထွက်စကားနှင့် လား လားမှမသက်ဆိုင် ။ ကျွန်တော့်ကို အသဲ ဟုမစာမနာခေါ်ရဲသည့် မိန်းမကြီးဆိုင်တွင် စျေးဝယ် ခြင်းက သည်နေ့နောက်ဆုံး ။

************************************************

အခန်း ( ၂ )

“သြကာသ..သြကာသ.. သြကာသ ၊ ကာယကံ..ဝစီကံ..မနော ကံ သဗ္ဗဒေါသ.. ခပ်သိမ်းသော..မပြစ်တို့ကို..ပျောက်ပါစေ ခြင်း.. အကျိုးငှာ… ပထမ..ဒုတိယ…တတိယ….တစ်ကြိမ်… နှစ်ကြိမ်…သုံးကြိမ်မြောက်အောင်……အောင်မလေး…ဗု​​ဒ္ဓေါ. ဗုဒ္ဓေါ…..”

“ဝုန်း….ဒုန်း…ဒုန်း..နင်ဘာအချိုး ချိုးတာလဲဟမ် ”

ကျွန်တော်ဘုရားစင်ရှေ့တွင် ထ ခုန်တော့မတက်လန့်သွား သည် ။ ခက်ပြီ ။ ဘုရားတောင်ကောင်းကောင်း မရှီခိုးရပါ လား ။ မနက်ကတောင်စျေးထဲမှာ နိုင်ငံခြားတွေဆန်နေကြ သေးသည် ။ အခုကျတော့ ရှင်မောက္ကလန်မီးဝိုင်းသလို ။ ပစ္စည်းရိုက်ခွဲသံနှင့် ဆဲသံဆိုသံတွေက မကြားချင်မှအဆုံး ။ သည်လင်မယား တော်တော်အောက်တန်းကျသည် ။ပတ်ဝန်း ကျင်ကိုလုံးလုံး ဂရုမစိုက် ။ ဟီရိသြတ္တပတရားဆိုတာလည်း နားလည်ဟန်မတူ ။

“အဲ့ဟာမနဲ့စကားပြောတာကို ငါမကြိုက်ဘူး ”

“သူနဲ့ငါနဲ့ ဘာမှမဆိုင်ဘူးလို့ ဘယ်နှစ်ခါရှင်းပြရမှာလဲ ၊ ငါမ ဟုတ်ဘဲနဲ့ရမ်းသမ်းမစွတ်စွဲနဲ့ ”

နှစ်ယောက်လုံး၏အသံက စနက်တံဖြုတ်ထားသည့်ဗုံးကဲ့သို့ ။ မီးကုန်ယမ်းကုန်ပေါက်ကွဲလျက် ။ ချစ်နေကြတုန်းကတော့ ပုဇွန်ထုပ်နှင့်ကြက်သည်းကြက်မြစ်ဆိုတာ မကြားချင်မှအဆုံး ။ အခုတော့ငပိရည်နံတသင်းသင်းနှင့် တတ်ပဲတတ်နိုင်သည် ။ မယားလုပ်သူက မုန့်ကိုသာဝေစားချင်စားမည် အချစ်ကိုတော့ ဝေမစားဟူ၍ တွင်တွင်ပြောသည် ။ လင်လုပ်သူကလည်း သူ့ ရဲ့ဖြူစင်တဲ့ချစ်ခြင်းတရားတွေကို မစော်ကားနှင့်ဟူ၍ တွင် တွင်ငြင်းသည် ။ စွတ်စွဲလိုက်ပြန်ငြင်းလိုက်နှင့် အချစ်ပြိုင်နေ ကြသည်က တစ်နာရီနီးပါးလောက်ရှိပြီ ။ ဆွဲမည့်လွဲမည့်သူမ ရှိသဖြင့် ပို၍ဟန်ကျနေကြသည် ။

ကျွန်တော်သည် အရစ်ရှည်သည့်မိန်းမများကို အလွန်အင်မ တန်မုန်းသည် ။ ထိုလင်မယားဖြစ်နေပုံက ကျွန်တော်နှင့် သင်းမြမြကြိုင်ဖြစ်တာနှင် တစ်ပုံစံတည်း ။ လွန်ခဲ့တဲ့ဆယ်နှစ် လောက်ကဆိုပေမဲ့ ကျွန်တော်အခုထိမမေ့ ။ အဲ့ဒီနေ့က သင်းမြမြကြိုင် မျက်နှာပေါ်မှာဝက်ခြံတစ်လုံးထွက်နေတာက အစ ခြေသည်းနီအစိမ်းရောင်ဆိုးထားတာအဆုံး အကုန်မှတ် မိသည် ။ ကျွန်တော်အနာဆုံးက ကျွန်တော့်ကိုမျောက်တစ် ကောင်လိုကြည့်ပြီး

“ငါ့မှာတော့ချစ်လိုက်ရတာ ၊ ဆံပင်အရှည်ထားဆိုတော့လည်း ထားရတယ် ၊ ပုံတော်ဖိနပ်စီးမှ ကြိုက်တယ်ဆိုလို့ နွေ မိုး ဆောင်း ပုံတော်ဖိနပ်ပဲစီးခဲ့ရတယ် ၊ စကပ်အတိုတွေ ဘောင်း ဘီအတိုတွေ မဝတ်ရဘူးဆိုတော့လည်း ကြည်ကြည်ဖြူဖြူနဲ့ မဝတ်ဘဲနေပေးခဲ့တယ် ၊ နောက်ဆုံး ဝက်သားစားတာတောင် မကြိုက်ဘူးပြောလို့ ငါအရမ်းကြိုက်တဲ့ဝက်သားကိုတောင် စွန့်လွတ်ခဲ့ရတာအကောင်ရဲ့ ။ နင်ကတော့…နင်ကတော့ အဲ့ ဟာမနဲ့ လူမြင်ကွင်းကြီးမှာတောင် မရှောင်နိုင်ဘူးဟမ်…. တော်တော် ဖြစ်နေတယ် ဟလား ”

“မောင်ပြောတာကို သေချာနားထောင်ပါအုံးသင်းရယ် ။ သင်း ထင်သလိုမဟုတ်ဘူး ၊ သူနဲ့မောင်နဲ့က လုံးဝမသိဘူးသင်းရဲ့ ”

“မလိမ်နဲ့ ၊ မသိချင်ယောင်ဆောင်ပြီး ဆက်ချစ်နေမယ့်အထဲ မှာကျွန်မ မပါဘူး ။ရှင့်လိုတစ်ကိုယ်ကောင်းဆန်ပြီးအတ္တကြီး တဲ့သူနဲ့ ကျွန်မ မပတ်သက်ချင်တော့ဘူး ။ ရှင်နဲ့ကျွန်မ ဒီနေ့ ကစ ပြတ်ပြီ ”

သင်းရဲ့ မျက်လုံးတွေကကြောက်စရာကောင်းသည် ။ မာန်ဖီ နေသည့်ကျားတစ်ကောင် အသားတုံးတစ်တုံးကိုကြည့်နေ သည့်အလား ။ ကျွန်တော်ကအသားတုံးမဟုတ် ။ စိတ်နှင့် ကိုယ်နှင့်လူသားစစ်စစ် ။ ကိုယ်မဟုတ်သည်ကိစ္စအတွက် အ သည်းခိုက်အောင်နာသည် ။ ထို့ကြောင်စိတ်မထိန်းနိုင်ဘဲ

“အေး..ပြတ်တယ် ။ မင်းဘက်ကစဖြတ်တာနော် ။ မင်းသိ ထားဖို့က ငါက မင်းထင်နေကျအပေါစားယောကျ်ားမဟုတ် ဘူး ”

“အောက်တန်းစားကောင် ၊ ထွက်သွား ငါ့ရှေ့ကအခု ထွက် သွား ”

ရှိုက်သံသဲ့သဲ့က အတော်ဝေးဝေးကိုရောက်သည်အထိ ကျွန် တော့်နောက်မှာကပ်ပါလာဆဲ ။ ရှင်းပြခွင့်မပေးသည့် သင်းကို ကျွန်တော်မုန်းသည် ။ အဖြစ်အပျက်တွေက ရုပ်ရှင်ဆန်သည် ။ ပြသနာမဖြစ်ခင် အရင်နေ့က လမ်းလယ်ကောင်တွင် တောင့်တောင့်ကြီးရပ်နေသည့် မိန်းကလေးတစ်ယောက်နှင့် ဆုံသည် ။ ကျွန်တော်ကအမှတ်တမဲ့ ။ မိန်းကလေးက ကျွန် တော့်လက်မောင်းကိုလှမ်းကိုင်ပြီး အကူအညီတောင်းရှာ သည် ။ သူ့မှာ အကြောအားနည်းသည့် ရောဂါရှိကြောင်း အခု လည်းပေါင်ကြောကပ်နေသဖြင့် လမ်းဆက်လျှောက်လိုမရ ကြောင်းပြောပြသည် ။

မိန်းကလေးပုံက ချွေးသီးချွေးပေါက်တွေကျပြီး ဝေဒနာကို ဖုံးလို့ဖိလို့မရ ။ လမ်းလယ်ခေါင်ကြီးမှာဆိုတော့ တော်တော် အခက်တွေ့နေသည့်ပုံ ။ ကျွန်တော်လိုလိုချင်ချင်ပဲ လက် မောင်းရင်းမှတွဲပြီးလျှောက်သည် ။ လေဖြတ်နေသည့်လူတစ် ယောက်လို တွဲခေါ်ရုံနှင်အဆင်မပြေ ။ ကားတွေကရှေ့ နောက်ဆီမှ ပွတ်ကာသီကာဖြတ်သွားနေတော့ ပိုဆိုးသည် ။ နောက်ဆုံးထိုမိန်းကလေးကို ခွင့်တောင်းပြီးပွေ့ချီကာ လမ်း တစ်ဘက်သို့ ခက်သွက်သွက်ဖြတ်ကူးရသည်။ ထိုမိန်းကလေး ဘယ်သူလဲ ဘယ်ကလဲ ကျွန်တော်မသိ ။ သိစရာလည်းမလို ။ စိတ်လည်း မဝင်စား ။

သို့သော် သင်းမြမြကြိုင်က ထိုကိစ္စနှင့်ပတ်သက်ပြီး ကျွန် ​​တော့်ကို ပြသနာအကြီးအကျယ်ရှာသည် ။ လမ်းလယ်ခေါင် မှာမိန်းမတစ်ယောက်ကို ပွေ့ချီထားတာသူ့မျက်လုံးနှင့် တပ် အပ်မြင်သည်ဟူ၍ အကြိမ်ကြိမ်ပြောသည် ။ မဟုတ်တမ်းတ ရားတွေစွတ်စွဲသည် ။ ကျွန်တော့်ဘက်ကဆက်သွယ်ဖို့ အ ကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ သင်းဘက်ကထိုနေ့မှစပြီး လုံးဝ အဆက်အသွယ် ဖြတ်ချသွားခဲ့သည် ။ ထိုကာလတွေက ကျွန် တော့်ဘဝရဲ့အရူးတစ်ပိုင်းလို ဖြတ်သန်းခဲ့ရသည့် ကာလတွေ ပေါ့ ။ ကျွန်တော့်ဇာတ်လမ်းသာပြီးသွားသည် ။ဟိုလင်မယား ၏ဇာတ်လမ်းကမပြီးသေး ။ တစ်ယောက်နှင့်တစ်ယောက် ရိ ရွဲ့နေကြဆဲ ။ ဘာရယ်ကြောင့်လည်းမသိ ကျွန်တော့်စိတ်ထဲ ပျော်သလိုလို ။

************************************************

အခန်း ( ၃ )

ညကသင်းကို အိပ်မက်မက်သည် ။ အိပ်မက်ထဲတွင်သင်းက အဝတ်အစားအသစ်တွေနှင့် ရယ်ရယ်မောမောပြုံးပြုံးရွှင်ရွှင် ။ မြန်မာလူမျိုးများ၏ အယူအဆအရအဝတ်အစားအသစ် နှင့်ဆိုရင်အိပ်မက်မကောင်း ။ ထူးထူးခြားခြားသင်းကိုသတိ ရနေမိသည် ။ ကျန်းကျန်းမာမာမှရှိပါလေစ ။ ဖွင့်နေကျတ ရားသံက ဒီဖက်နားကဝင် ဟိုဖက်နားကထွက် ။ စိတ်နှင့်ကိုယ် မကပ် ။ သည်နေ့တစ်ခုခုထူ​ခြားမည်ဆိုတာကို စိတ်ကအလို လိုသိနေသလို ။ ထိုစဥ်အဝင်ကော သိပ်မရှိသည့်ဖုန်းက ထ မြည်သည် ။ မလာသဖူးအလာထူး၍ လက်ဖျားခြေဖျားတွေ ပင်အေးစက်လာသည် ။ ဖုန်းရှိရာသို့သွားနေသည့် ခြေလှမ်း တွေက လေးလံနှေးကွေးလွန်းလှသည် ။

ဖုန်းစခရင်ပေါ်မှာပေါ်နေသည့်နံပါတ်က ကျွန်တော်မသိသည့် နံပါတ် ။ လည်ချောင်းကိုတစ်ချက်ရှင်းပြီး ဖုန်းကိုင်လိုက်သည် ။

“ဟယ်လို ”

“မြန်မာဘာသာအတွက် တစ်ကိုနှိပ်ပါရှင် ”

ရုတ်တရက်ကြားလိုက်ရသည့်် မိန်းကလေးသံကြောင့် ကျွန် တော်ကြောင်သွားသည် ။ ပြီးမှအော်ပရေတာကဆက်မှန်း သတိပြုမိသည် ။ ကျွန်တော်မိန်းကလေးနှိပ်ခိုင်းသည့် နံပါတ် တွေကိုယောင်ရမ်းပြီးလျှောက်နှိပ်မိသည် ။ အစီအစဥ်ကအ လှအပအတွက် ဝန်ဆောင်မှုပေးသည့်အစီအစဥ် ။ ဝန်ဆောင် မှုပေါင်းသောင်းခြောက်ထောင်နှင့် အော်ပရေတာတွေက ဆက်ပဲဆက်နိုင်လွန်းသည် ။ မထိတ်သာမလန့်သာအခြေအ နေကိုကျော်ဖြတ်ပြီးသည့်နောက် စိတ်ကလွတ်လပ်ပေါ့ပါး သွားသည် ။ အခုမှပစ္စုပ္ပန်တည့်တည့်သို့ ပြန်ရောက်သည် ။ ရောက် ရောက်ချင်းမိတ်ဆက်လိုက်သည်က ဟိုဘက်အိမ်က လင်မယားအသံ ။

“မိန်းမရေ… ယောကျ်ားဇာတ်ကျောတွေတက်လို့ နှိပ်ပေးအုံး ကွာ ၊ ခေါင်းတွေလည်းမူးနေတယ် ”

“အဲ့ဒါကြောင့်ကျွန်မပြောတာပေါ့ ၊ ဝက်သားတွေအများကြီး မစားပါနဲ့လို့ ၊ ခုတော့ဖြစ်ပြီမို့လား ဟိုဘက်လှည့် ”

“မင်းပဲစားရမယ်ဆို ၊ ကိုယ့်ယောကျ်ားဝက်သားနဲ့မတည့်တာ သိရဲ့သားနဲ့ ”

“ကျွန်မစားခိုင်းတာနည်းနည်းပါ ၊ ရှင့်ဘာသာစာချင်လို့စား တာ ”

“ကျွန်တော်မျိုးကြီးအရှုံးပေးပါတယ်ဗျာ ၊ကိုယ့်မိန်းမအကြိုက် ဆုံးအစားအစာကို ကျွန်တော်မျိုးကြီး နောက်မကြိုက်အောင် ဆင်ခြင်ပါ့မယ်ဗျာ ၊ ဟား..ဟား”

ခက်ပြီ ။ ဒီလင်မယားကျွန်တော့်ကို စောင်းပြောနေသလားမ သိ ။ သင်း ဝက်သားအလွန်ကြိုက်တာ သိလျက်နှင့်ကျွန်တော် ပိတ်ပင်ခဲ့ဖူးသည် ။ သင်းကလည်းနှစ်ခါမပြောရ ။ ချက်ချင်း ဖြတ်သည် ။ ဟိုဘက်အိမ်က ယောကျ်ားကတော့ကျွန်တော် နှင့်ဆန့်ကျင်ဘက် ။ မယားကြိုက်သည့်အစားအစာကို လိုက် ကြိုက်ရန်ဝန်မလေး ။ လူတွေရဲ့စိတ်ကမျောက်စိတ်နှင့်တူ သည် ။ ညကထ သတ်တော့မည့်အတိုင်းရန်ဖြစ်ကြသည် ။ သည်မနက်ကျပြန်တော့ ကမ္ဘာပေါ်မှာသူတို့လောက် ချစ်တတ် တဲ့သူမရှိသည့်အတိုင်း ။ တတ်ပဲတတ်နိုင်လွန်းသည် ။ ဘာကို မကျေနပ်လို့မကျေနပ်မှန်းမသိသည့်စိတ်နှင့် ကျွန်တော်စျေး သိုထွက်လာခဲ့သည် ။ အံ့သြစရာကောင်းတာက စျေးကအ ပြန်ဝက်သားတွေ ဝယ်ခဲ့ခြင်းဖြစ်သည် ။

***********************************************

အခန်း ( ၄ )

နောက်ကျောကဆိုပေမဲ့ ကျွန်တော်သေသေချာချာ မှတ်မိ သည် ။ သင်းမြမြကြိုင် မှ သင်းမြမြကြိုင် ။ ကျွန်တော့် နဖူး သာအနည်းငယ်ပြောင်ချင် ပြောင်လာမည် ။ သင်းကတော့ ဟိုတုန်းကလိုလှမြဲ ။ ထူထူးခြားခြားဘာမှမပြောင်းလဲ ။ နက် မှောင်ကျော့ရှင်းသည့် ဆံကေသာကိုခပ်မြင့်မြင့်လေးစည်း ထားပုံက ယဥ်စစ ။ ထိုဆံကေသာတွေကို မြတ်နိုးလွန်းလို့ ရောင်စုံခေါင်းစီးကွင်းလေးတွေ ကျွန်တော်လက်ဆောင်ဝယ် ပေးဖူးသည် ။ သဝန်တိုတတ်သည့်သင်းက သူ့ဆံပင်တွေ တောင်မချန် ။ ညှပ်ပစ်မည်ဟူ၍လည်း ခြိမ်းခြောက်တတ် သေးသည် ။ သိပ်ကလေးဆန်သည့်သင်း ။

ကြည့်မြင်တိုင်ညစျေးတန်းကို သင်းဘာလာလုပ်တာပါလိမ့် ။ ကျွန်တော်ခပ်လှမ်းလှမ်းမှ မယောင်မလည်နှင့်လိုက်ကြည့်မိ သည် ။ သင်းအိမ်ထောင်ကျသွားပြီလား ။ သိချင်စိတ်ကထိန်း မရ ။ ရင်ခုန်သံတွေက ဆယ်ကျော်သက်လူငယ်လေး တစ် ယောက်လို ။ ဝက်သားဒုတ်ထိုးဆိုင်ရှေ့မှာ ရပ်လိုက်သည့် သင်းကြောင့် ကျွန်တော့်ခြေလှမ်းတွေတုံ့ခနဲ ။ ကြည့်စမ်း.. ဝက်သားဒုတ်ထိုးတွေကို ခုချိန်ထိမက်မက်မောမောစားတုန်း ။ ရင်ထဲကပျော်ရွှင်မှုတွေက နှုတ်ခမ်းဖျားထိခုန်တက်သွား သည် ။ ငါး ပုဇွန်ရောင်းသည့်ဆိုင်ရှေ့တွင် ပြုံးပြုံးကြီးရပ်နေ မိသည့် ကိုယ့်ကိုယ်ကိုယ်လည်းသတိမထားမိ ။ လောကကြီး မှာသင်းနှင့်ကျွန်တော်နှစ်ယောက်တည်းရှိသည့်အတိုင်း ။ သင်းကလွဲပြီးကျွန်တော့်မျက်လုံးထဲ ဘာဆိုဘာမှမမြင် ။

“အသဲ ပုဇွန်တွေလတ်တယ်ယူအုံးမလား ”

အစွမ်းကုန်ပြုံးပြနေသည့် စျေးသည်အမျိုးသမီး၏အပြုံးက အရင်တစ်ခါတုန်းကလို ဘာမှမပြောင်းလဲ ။ ပြောင်းလဲသွား တာကကျွန်တော့်စိတ် ။ စိတ်ပါလက်ပါနှင့်တောင် ပြုံးပြခဲ့မိ တယ်ထင်သည် ။ သင်းကအထည်ဆိုင်တွေကို တစ်ဆိုင်ပြီး တစ်ဆိုင်ဝင်ကြည့်သည် ။ ထို့နောက်စိတ်တိုင်းမကျဟန်ဖြင့် စျေးရုံကြီးထဲသိုဆက်ဝင်သွားသည် ။ သင်းဝင်သွားသည့်ဆိုင် ကသတို့သားသတို့သမီးဝတ်စုံတွေ သီးသန့်ရောင်းသည့်ဆိုင်။ ကျွန်တော့်ရင်ထဲ တစ်စုံတစ်ခုဆုံးရှုံးသွားသလို ။ လေးလေးလံ လံထိုင်းထိုင်းမှိုင်းမှိုင်း ။ ဖုန်းပြောရင်းအထည်တွေကို စိတ် ရှည်လက်ရှည်ရွေးနေပုံထောက်ရင် ကျွန်တော်ထင်တာမမှား နိုင် ။ ဘာပဲဖြစ်ဖြစ် နှုတ်ဆက်သင့်သည်ဟု ကျွန်တော်ထင် သည် ။ မတွေ့တာကြာပြီဖြစ်တဲ့ ဖြူစင်သည့်မိတ်ဆွေ သူငယ် ချင်းတွေလိုပေါ့ ။

ကျွန်တော်သင်းရှိရာသို့ တရွေ့ရွေ့နှင့်တိုးကပ်သွားမိသည် ။ ရင်ထဲမှာတော့ တဒိတ်ဒိတ် ။ ကျောခိုင်းနေသည့်သင်းက ကျွန်တော့်ကိုမမြင်သေး ။ ကျွန်တော်စိတ်လှုပ်ရှားလွန်းလို့ မျက်မှန်ကိုအယောင်ယောင်အမှားမှားနှင့် ပင့်တင်မိသည် ။ သင်းမျက်နှာလေးကိုလည်း ရှေ့တည့်တည့်ကနေအားရပါးရ မြင်ချင်လှပြီ ။ ဖျတ်ခနဲလှည့်ကြည့်လိုက်သည့် မိန်းကလေး ကြောင့် ကျွန်တော့်မှာပါးစပ်အဟောင်းသား ။ အထင်နှင်အ မြင်တက်တက်စင်အောင်လွဲသည် ။ မိန်းကလေးက မျက်လုံး ပြူးမျက်ဆံပြူးနှင့်ကြည့်နေသည့်ကျွန်တော့်ကို နည်းနည်း ရွံ့ သွားသည့်ဟန်ဖြင့် ​ခြေတစ်လှမ်းစာလောက်နောက်ဆုတ် သွားသည် ။ ဆိုင်ရှင်ကောင်မလေးက အခြေအနေကိုသ ဘောပေါက်သည်ဟန့်နှင့် အပြေးရောက်လာသည် ။

“ဦးလေး..ဘာအလိုရှိပါလဲရှင် ”

ကျွန်တော်ရုတ်တရက်ဘာပြန်ပြောရမှန်းမသိ ။ ကြံရာမရတဲ့ အဆုံး ရှိုးပြထားသည့်အရုပ်မပုခုံးပေါ်က ပဝါကိုဆွဲပြီး

“အော်..ဟို..ဒီအညိုရောင် ယောဂီတဘက်လေးဝင်ကြည့်တာ ပါ ”

“အဲ့ဒါ ယောဂီတဘက်မဟုတ်ဘူးဦးလေး ၊ သတို့သမီးပဝါပါ ”

“အော်..ဟုတ်လား ၊ ကျေး..ကျေးဇူးပါ ”

ကျွန်တော်ဆိုင်ထဲက မပြေးရုံတမယ်ပြန်ထွက်လာခဲ့သည် ။ မ ပြေးလို့လည်းမရ ။ အားလုံးရဲ့အကြည့်တွေက ထောင်နံ့သင်း နေပြီ ။ မစဥ်းစားမဆင်ခြင်မိသည့် ကိုယ်ကိုယ်ကိုယ်လည်း အ ပြစ်တင်မဆုံး ။ ကျွန်တော်တောင်ဆံပင်တွေကျွတ်ပြီး မျက်စိ မှုန်လာသေးတာ သင်းလည်း ဝ သွားတာမျိုးတို့ဘာတို့ တစ်ခု မဟုတ်တစ်ခုတော့ပြောင်းလဲသွားမှာအသေအချာ ။ ဟိုဘက် အိမ်ကလင်မယားပြောင်းလာတည်းက ကျွန်တော့်စိတ်တွေက ယောက်ကယက်ဖြစ်နေခဲ့သည် ။ သည်အတိုင်းသတိလက် လွတ်နေလို့မဖြစ်တော့ ။ ကိုမော်ကြီးရှိသည့် “သုခဘုံ ” တရား စခန်းသို့လိုက်သွားမှဖြစ်တော့မည် ။

ကိုမော်ကြီးကလည်း အခြေအနေမကောင်းရင်လိုက်ခဲ့ဟု အသေအချာမှာခဲ့သည် ။ အိမ်က ကလေးတွေကိုတော့လမ်း ထဲက အပျိုကြီးမစိန်ကိုပေးခဲ့လိုက်တော့မည် ။ မစိန်က ကြောင်အလွန်ချစ်တတ်သည် ။ သူလည်းကိုယ့်လိုပဲ တစ်ကိုယ်တည်းအပျိုကြီးဆိုတော့ ကလေးတွေအတွက်စိတ် မချစရာအကြောင်းမရှိ ။

#လှိုင်းဧရာမြင့်
( 6.11.21 ) 8:52 PM