ထောင်မှူးကြီးသိန်းဝင်း
ဟိုးရှေးတုန်းက ကန်တွင်းတော
တန်ခူးလဆန်းတာနဲ့ ကောင်းကင်ယံမှာ မိုးသားတွေတက်လာတယ်။ ဒီနှစ် သင်္ကြန်အကြို မိုးစောစောရွာပြီး မိုးဦးကျစောမယ်ထင်ပါရဲ့။
ထင်ထားတဲ့အတိုင်းပါပဲ။ ညဘက်မှာ သင်္ကြန်အကြိုမိုးက သဲသဲမဲမဲရွာတယ်။
နောက်နေ့လည်း (၂)ရက်ဆက်တိုက် မိုးရွာတယ်။ ဒါဆို မနက်ဖြန်မနက် ကန်တွင်းတောထဲမှာ မှိုတွေပေါက်ပြီ။
ဖက်ဆွတ်မှို၊ တောင်ပို့မှို၊ မှိုတုံးနက်ဆိုတာတွေက သဘာဝမှိုတွေပဲ။ အုံနဲ့ကျင်းနဲ့ကို ပေါက်တာ။ တစ်ကျင်း တစ်ကျင်း ပိဿာနဲ့ချီပြီး ရတာ။အိမ်ထောင်စုတစ်စု အဝစားလို့ လုံလောက်ရုံတင်မက မှိုရာသီမှာ ရောင်းစားလို့တောင်ရတယ်။ လက်ဦးဖို့တော့ အရေးကြီးတယ်ဗျာ။
ကျွန်တော်တို့ရွာက ကန်တွင်းတောနဲ့ (၄)မိုင်လောက်တော့ ဝေးတယ်။ ဒါပေမဲ့ ဝီရိယကောင်းပြီး စောစောသွားရင်တော့ မီပါတယ်။ ရွာဓလေ့က မှိုကျင်းကို အလျင်တွေ့လို့ ဦးသူက အနားမှာ ငုတ်တိုင်စိုက်ထားရင် ပိုင်ရှင်ရှိတယ်ပေါ့။ တခြားသူက မခူးတော့ဘူး။ လက်ရှောင်တယ်။
စည်းကမ်းဖျက်ပြီး ခူးမိရင်လည်း မှိုကျင်းက အစောင့်မြွေက တိုက်တတ်သတဲ့လေ။
မှိုကျင်းဆိုတာကလည်း တစ်ည တစ်ရက်တည်း ခူးရတာမျိုး မဟုတ်ဘူး။ ပွင့်အာလာတဲ့ မှိုပွင့်ကြီးတွေကို အလျင်ခူးပြီး ကျန်တဲ့မှိုပေါက်စတွေကို တစ်ပတ်လောက်စောင့်ပြီး ရတတ်တယ်။
တောင်ပို့မှိုလည်း ဒီအတိုင်းပဲ။ နှစ်စဉ်ပေါက်နေကျ နေရာမှာ ပေါက်တတ်တယ်။ အဆိပ်မရှိဘူး။ သဘာဝမှိုတွေလိုပဲ အလွန်အရသာ ရှိတယ်။
အင်ဥမှိုကတော့ မိုးဦးကျ။ အင်ဖက်အကြွေတွေအောက်မှာ ကပ်ပြီး ပေါက်တာ။ နီညိုရောင်အလုံးကလေးပဲ။ ဝက်သားနဲ့ ချက်စားရင် အလွန်ကောင်းတာ၊ အိနေတာပဲ။
တောသဘာဝ၊ တောစာ တောင်စာဟာ မိုးဦးကျမှာ အလွန်ပေါတယ်။ မှိုနဲ့ မျှစ်အပြင် ဖလံတောင်ဝှေး၊ ဇရစ်ရိုး ဆိုတာတွေကလည်း မိုးဦးကျမှ ပေါက်တတ်တာ။
ကျွန်တော်တို့ရွာကို သင်္ဃန်းကျွန်းကြီးရွာလို့ ခေါ်တယ်။ အတွင်းကျပေမယ့် ပြည်လမ်းမကြီးနဲ့နီးပြီး အဆက်အသွယ်ကောင်းတယ်။ ငမိုးရိပ်ချောင်း ဘေးက ပေါက်တလောက်၊ ထားဝယ်ချောင်၊ စစ်ပင်၊ မဒ၊ ဆင်ဖုန်ရွာတွေနဲ့လည်း မဝေးလှဘူး။ မလှမ်းမကမ်းမှာ ရှိတယ်။ လေးရွာအုပ်သူကြီးအပိုင်စားရွာကြီးမို့ စည်ကားပါတယ်။
ကျွန်တော်တို့ ဘကြီးဦးစံခိုင်က လေးရွာအုပ်သူကြီး။ အင်္ဂလိပ်ခေတ်နှောင်းပိုင်းကတည်းက ဆွေစဉ်မျိုးဆက် သူကြီးဖြစ်ခဲ့ပြီး ဂျပန်ခေတ်၊ ပါလီမန်ခေတ်အထိ သူကြီးပါပဲ။
အဖေကတော့ ဦးစံကြိုင်တဲ့။ သူကြီးရဲ့ညီ။ မိသားစု လယ်ဧက ရာနဲ့ချီပိုင်ပြီး လယ်ယာလုပ်ငန်းအပြင် ဓနိခြံလုပ်ငန်း၊ စပါးတင်း (၅ဝဝဝ)ဆံ့ စက်တပ်တုံကင်းကြီးတစ်စီးနဲ့ ငမိုးရိပ်ချောင်းတစ်လျှောက် လှိုင် မြစ်အထိ သွားလာလှုပ်ရှားနေတဲ့ ကုန်သည်လို့ ဆိုရမှာပေါ့။
ဘိုးစဉ်ဘောင်ဆက် ချမ်းသာကြွယ်ဝတဲ့ သူကြီးမျိုးမို့ မတောင့်မတ မကြောင့်ကျပဲ နေနိုင်ပေမယ့် ခရီးထွက်တာ၊ စွန့်စားရှာဖွေရတာကို အလွန်ဝါသနာကြီးတယ်။
ကန်တွင်းတောဆိုတာကလည်း အဖေ့ခြေရာတွေချည်းပါပဲ။
အဖေ့သားဖြစ်တဲ့ ကျွန်တော်ဟာလည်း အဖေ့ခြေရာကို နင်းပါတယ်။ ငယ်စဉ်က လေးခွတစ်ချောင်းနဲ့ ရွာစဉ်လျှောက် ငှက်ပစ်ခဲ့သလို အဖေ့တပည့် ဦးသံချောင်း သင်ပေးထားလို့ ကြက်ထောင်၊ ငှက်ထောင်၊ မှိုရှာ၊ ငါးဖမ်း၊ငါးမျှားတာ အလွန်ဝါသနာပါတယ်။
ရွာမှာ အတန်းကျောင်းလည်း မရှိတော့ ဘုန်းကြီးကျောင်းထွက်ပေါ့ဗျာ။ အရင်က ပွဲကျောင်းလို့ခေါ်တဲ့ ရွာတောင်ကျောင်းဟာ အခုတော့ ကျောင်းထိုင်ဆရာတော် ဦးသောဘိတက ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒစာပေတွေကိုသင်တဲ့ ထေရဝါဒကျောင်းစစ်စစ်ဖြစ်လို့ ဘာသာရေးစာပေကိုပဲ အလေးထားပြီး သင်ကြားပါတယ်။
ပွဲကျောင်းထွက် အဖေက သိုင်း၊ ဗန်တို၊ ဗန်ရှည် သင်ပေးလို့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့တော့ တတ်ပါတယ်။
သေနတ်ပစ်၊ တောလိုက်တာလည်း အဖေသင်ပေးထားတာပါ။
ရွာကျောင်းက ရတနာရွှေချိုင့်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ပရိတ်ကြီး (၁၁)သုတ်၊ ဇာတ်ကြီး (၁ဝ)ဘွဲ့၊ ကျွန်တော် သင်ရိုးကုန်းပြီးပြီ။ မြို့နဲ့ဝေးတော့ အတန်းကျောင်းလည်း ဆက်မတက်နိုင်တော့ဘူး။
ကျွန်တော်တို့က ချမ်းသာပါတယ်။ မြို့သွားပြီး အတန်းကျောင်းလည်း တက်နိုင်ပါတယ်။ မြို့မှာ ဆွေမျိုးတွေလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ် က စိတ်မပါတာ။
ဘာလုပ်မလဲဗျာ။ မိဘကလည်း ပစ္စည်းဥစ္စာချမ်းသာ၊ ရာထူးလည်းမလို။
စာရေးတတ်၊ ဖတ်တတ်ရင် တော်ပြီပေါ့။
အဲ ပြောရဦးမယ်။ အဖေက အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွေ မီခဲ့တော့ စကားအပြောအဆို ကျွန်တော့်ကို သင်ပေးထားတယ်။
အတန်းပညာ မတတ်ပေမဲ့ မြို့ပိုင်တွေ၊ ရာဇဝတ်အုပ်တွေ နယ်ဆင်းလာရင် ကျွန်တော်က ဝင်ဝင်ရောလို့ကျွန်တော့်ကို ချစ်ခင်ကြပါတယ်။
အဲ့ဒီတုန်းက ကျွန်တော့်အသက် ဘာရှိလိမ့်ဦးမတုံး။ (၁၀)နှစ်ကျော်ပတ်ဝန်းကျင်ပေါ့။
အဖေတို့ စပါးသယ်၊ ဓနိပို့ရင်လည်း ကျွန်တော် လိုက်တာပဲ။ အလကားနေတာတော့ မဟုတ်ဘူး။
ငမိုးရိပ်ချောင်းကမ်းဘေးက ငှက်မျိုးစုံကိုအဖေဝယ်ပေးထားတဲ့ BSA နံပါတ်ဝမ်းလေသေနတ်က လေးနဲ့ လက်တည့်စမ်းပြီး ပစ်တာ။
အကုသိုလ်အကျိုးပေး သန်လို့လားတော့ မသိဘူး။ တစ်ချက်တစ်ကောင်ပဲ။
ဒါကြောင့် အဖေက ကျွန်တော့်ကို တစ်ချက်တစ်ကောင် မောင်မောင့်လက်ဆောင်ဆိုပြီး ဂုဏ်ပြုတယ်။
ကျွန်တော်ပစ်လို့ရသမျှ ငှက်တွေကိုလည်း အဖေက ကြော်ခိုင်းပြီး အရက်နဲ့မြည်းတာကိုး။
ကျွန်တော် လေသေနတ်နံပါတ်ဝမ်းကို နိုင်နင်းတော့ အဖေက Row တိုက်က လေသေနတ် နံပါတ်တူးကို ဝယ်ပေးတယ်။ နံပါတ်တူးက အန္တရာယ်ရှိတော့ အဖေ့မိတ်ဆွေ ဌာနာအုပ်ရဲ့ထောက်ခံချက်တော့လိုတာပေါ့။
လေသေနတ် နံပါတ်တူးက ခဲသီးကြီးပြီး ပြင်းအားများတော့ တောကြွက်၊ တောကြောင်၊ ချေပေါက်၊ တောဝက်ပေါက်လောက်တော့ သေစေနိုင်ပါတယ်။
ဒါကြောင့် အဖေက ကျွန်တော့် လေသေနတ် နံပါတ်တူး၊ နံပါတ်ဝမ်းကို နိုင်နင်းသလို ကျွမ်းကျင်ရင် ကန်တွင်းတောထဲ အမဲလည်တဲ့နေ့ကျရင် ခေါ်မယ် လို့ ကတိပေးထားတယ်။
ဒါကြောင့် ကျွန်တော် အိမ်အနောက်ဘက်က စိုက် ယခင်းကျယ်ကြီးထဲမှာ နို့ဆီခွက်နဲ့ ပုလင်းတွေထောင်ပြီး အဝေးအနီး ပစ်ခတ်လေ့ကျင့်လိုက်ရတာအမောပါပဲ။
သေနတ်အရှည်(ရိုင်ဖယ်)အမျိုးမျိုး။
နံပါတ်ဝမ်းကိုပိုင်တော့ နံပါတ်တူးကလည်း မခက်ပါဘူး။ တွန်းအားကို လက်ငြိမ်နဲ့ ထိန်းဖို့ပဲ လိုပါတယ်။
xxx xxx xxx
အဖေ အလုပ်အားတဲ့တစ်ရက်မှာ ကျွန်တော်တို့ ကန်တွင်းတောထဲ လှည်းတစ်စီးနဲ့ ထွက်ခဲ့ကြတယ်။ အဖေနဲ့ သူ့တပည့် ဦးသံချောင်းအပြင် ထမင်းချက်(၂)ယောက်လည်း ပါသေးတယ်။
ဦးသံချောင်းက လှည်းမောင်းတယ်။
မနက်ကထွက်တာ နောက်ကျတာမို့ တောစခန်းရောက်တော့ မွန်းတည့်ပြီ။ စခန်းတဲ ဆောက်စရာတော့ မလိုတော့ဘူး။ အဖေတို့ မကြာခဏ ဝါးခုတ်လာနေရတော့ တဲစခန်းကို အခိုင်အမာ လုံခြုံအောင် ဆောက်ထားတယ်။ ဓနိမိုး ဝါးကပ်ကာပြီး တဲတံခါးတွေပါ လုပ်ထားတော့ အတော်စိတ်ချရတယ်။ ကင်းစောင့်စရာတောင် လိုမယ်မထင်ဘူး။
နေ့လယ်စာ ချက်ပြုတ်စားသောက်ပြီး ခေတ္တနားတယ်။
ညနေစောင်းတော့ ကျွန်တော်တို့ တောလည်ထွက်ခဲ့ကြတယ်။
အဖေက နှစ်လုံးပြူးသေနတ်ထမ်းပြီး အမဲလိုက်ဓား ခါးထိုးထားတယ်။ ကျွန်တော်ကတော့ လေသေနတ်လွယ်ပြီး ဘောင်းဘီရှည်ဝတ်၊ ခါးပတ်ပတ်၊ ရေဘူးကို ခါးချိတ်ထားတယ်။
ဦးသံချောင်းကတော့ တူမီးသေနတ်ကိုထမ်း၊ အဖေနဲ့ သူ့အတွက် အရက်ဗူးကိုလွယ်၊ ငှက်ကြီးတောင်ဓားကို နောက်ပိုးပြီး အားနဲ့ မာန်နဲ့ လှမ်းနေတယ်။
ညနေခင်းအချိန် စောသေးတော့ ကြက် ငှက်နဲ့ မျောက်ညိုတွေလောက်ပဲ တွေ့ရတယ်။ ကျွန်တော်က လက်ယားနေပေမယ့် အဖေက မပစ်ခိုင်းတော့ မပစ်ရဲဘူး။ ငြိမ်နေရတယ်။
“ကဲ- သားရေ- မင်းလက်ကို စိတ်ချရပေမယ့် တောစည်းကမ်း၊ တောင်စည်းကမ်းဆိုတာ ရှိတယ်ကွ။
ဒီနေ့ မင်းကို အဖေနဲ့ ဦးလေးသံချောင်းက သင်ပေးမယ်။ အသေအချာ မှတ်ထားပါ။
မုဆိုး အမဲလိုက်တယ်ဆိုတာက သူ့အသက်၊ ကိုယ့်အသက်လုရတဲ့ ပွဲမျိုးလည်း ရှိတယ်။ ကိုယ့်မှာ သေနတ်ကြီးပါပေမယ့် တောကောင်မှာလည်း ဦးချိုရယ်၊ အစွယ်ရယ်၊ အလွန်သန်မာတဲ့ ခြေတွေ လက်တွေ ပါတယ်။ တောကောင်အထာကို မုဆိုးက လိမ္မာပါးနပ်စွာ အကဲခတ်တတ်ရမယ်။ တစ်မုဟုတ်ချင်း ဆုံးဖြတ်ချက် မှန်ကန်ရမယ်။
တောကောင်တွေဟာ တစ်ကောင်နဲ့တစ်ကောင် မတူဘူး။ အထူးသဖြင့် အင်အားကြီးမားတဲ့ ကျား၊ ဆင်၊ တောဝက်၊ စိုင်၊ ဆတ်၊ ပြောင်တွေကို သတိထားရမယ်။ အဲ အုပ်စုနဲ့ကျယ်တတ်တဲ့ တောခွေးတွေကိုလည်း သတိထားရမယ်။ ကျန်တာတွေက မိုင်နာတွေ ဆိုပါတော့”
“အရေးကြီးတာက စသင်ပေးမယ်”
“ကဲ သား- အဖေတို့စထွက်လာတာ တောင်အရပ်ဆိုပါတော့။ အရှေ့အရပ်က ဘယ်ဘက်မှာလဲ”
“ဒါက လွယ်ပါတယ် အဖေရာ။ တောင်ဘက်ကို လက်ျာထား၊ အရှေ့အရပ်ကို မျက်နှာမူ၊ လက်ဝဲကမြောက်အရပ်၊ ကျောဘက်က အနောက်အရပ်ပေါ့”
“အေး … သားက တော်ပါတယ်။ အရှေ့အနောက် တောင်မြောက် မသိနိုင်တဲ့ ညအချိန်ဆိုရင်ကောကွာ”
“ကြယ်တွေကို ကြည့်မှာပေါ့ အဖေရ။ မြောက်အရပ်မှာ ဓူဝံကြယ် ရှိတယ်လေ”
“မိုးအုံ့ပြီး တိမ်ဖုံးနေရင်ကောကွာ”
“အင်း … အဲဒါတော့ အခက်ပဲ”
“မခက်ပါဘူး သားရဲ့။ မိုးတွင်းမှာလည်း နေသာချိန်ကလေး ရှိတတ်ပါတယ်။ နေဟာ မနက် နေထွက်ချိန်နဲ့ ညနေ နေဝင်ချိန်ဟာ ဘယ်အချိန်က ပိုကြာသလဲ”
“နေဝင်ချိန်က ပိုကြာပါတယ် အဖေ”
“အေး နေထွက်တာနဲ့ နေဝင်တာ ဘယ်အချိန်က နောက်ကျသလဲ”
“နေထွက်တာက အရင်၊ နေဝင်ချိန်က နောက်ကျပါတယ်”
“ဟုတ်ပြီ – အဲဒီတော့ မိုးချုပ်လို့ အရှေ့ အနောက် တောင်မြောက် မမှန်းဆနိုင်ရင်တောအုပ်ထဲက ထွက်၊ သစ်ပင်ကျဲတဲ့နေရာက သစ်ပင်ကြီးတစ်ပင်ရဲ့ပင်စည်ကို လက်နဲ့စမ်းကြည့်ရင် နေရောင်ထိုးထားလို့ ပူနေမယ်။ အဲ့ဒါ အနောက်ဘက်ပဲ။ အနောက်ဘက်သိရင် သား ခန့်မှန်းတတ်ပါပြီ”
“အေး နောက်တစ်ခုက အမဲလိုက်ရာမှာ အဓိကကျတဲ့ လေတင် လေအောက် ရွေးနည်းပဲ။
တောကောင်တွေက မျက်စိလျင်၊ နားပါးတဲ့အပြင် အနံ့ခံ အလွန်ကောင်းတယ်။ လူတွေထက် သာတယ်”
“မီးခြစ် ခြစ်ကြည့်မှာပေါ့ အဖေရ”
“မီးခြစ် ခြစ်သံကို တောကောင်က နားပါးတော့ သိတယ်။ ဓာတ်ဆီမီးလောင် ညှော်နံ့ကိုလည်း သူတို့က ခံစားတတ်တယ်။
သစ်ရွက်ခြောက်ကလေးတွေကို ချေကြည့်ရင်လည်း လွင့်သွားတဲ့ဘက်က လေအောက်ပေါ့။ ဒါကလည်း သားကောင်နဲ့ အလွန်နီးကပ်နေရင် မသုံးသင့်ဘူး။
ဝါဂွမ်းစကလေးတွေ ဆောင်ထားရင်တော့ အဆင်ပြေတယ်။
မုဆိုးသဘာရင့်ရင်တော့ သစ်ရွက်လှုပ်တာ၊ တောကောင်အသံကြားရာ အနီးအဝေးကို ချိန်ပြီး ခွဲခြားသိနိုင်ပါတယ်”
“နောက်တစ်ခုက ခြေသံလုံဖို့ အရေးအကြီးဆုံးပဲ။ မုဆိုးဟာ ဖိနပ်စီးထားထား မထား,ထား အောက်ခြေမြေပြင်အနေအထားအရ ခြေထောက်ကိုလှမ်းပြီးခြေချရာမှာ ခြေဖျားထောက်ပြီး ခြေဖျားချပြီးမှ ဖနောင့်ကို အသာချရမယ်။ သစ်ရွက်ခြောက်နဲ့ သစ်ကိုင်းခြောက်တွေကို ကြည့်ရှောင်ရမယ်”
“နောက် အရေးကြီးတာက နားနေစဉ် မဆိုလိုဘူး။ အမဲလိုက်နေစဉ်မှာ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရဘူး။ တောကောင် တွေက အနံ့ခံ အလွန်ကောင်းတယ်”
“ဟုတ်ကဲ့ပါ- အဖေ”
“အေး- ကျန်သေးတယ်”
“ငါ့သားက ပစ်မှတ်အသေနဲ့ သေနတ်ပစ်လေ့ကျင့်ထားတော့ လှုပ်ရှားပစ်မှတ်ကို ပစ်တဲ့နေရာမှာ ပညာလိုသေးတယ်။ အပြေးအလွန်မြန်တဲ့ တော ကောင်ကိုပစ်ရင် တောကောင်ရဲ့ကိုယ်ထည်တစ်လျား ကြိုချိန်ပြီး ပစ်ရတယ်။
တောကောင်တစ်ကောင်နဲ့ တစ်ကောင်တောင် မတူဘူး။ ဒါကတော့ပစ်ရင်း ခတ်ရင်း အလုပ်သဘောက သင်ပေးသွားလိမ့်မယ်။
တောကောင်တွေရဲ့ သေကွင်းသေကွက်တွေကိုလည်း နားလည်ထားရမယ်။ ဦးခေါင်းလည်တိုင်ရင်း၊လက်ပပ်ကြား အဲ့ဒီနေရာတွေက အသေအချာမှန်ရင် ဘယ်တောကောင်မဆို သေနိုင်တယ်။ အရေးကြီးတဲ့နေရာတွေပဲ – မှတ်ထား”
“ဟုတ်ကဲ့ပါ အဖေ”
“ကဲ- ငါအာခြောက်ပြီကွာ။ ရေတစ်ငုံလောက် ပေးစမ်း”
ကျွန်တော်က ခါးတွင် ချိတ်ထားသော ရေဘူးကို လှမ်းပေးတော့ အဖေ ရေတစ်ငုံ သောက်သည်။
“ကဲ ဒီဇင်ပြွန်းပင်အောက် ခဏနားကြမယ်။ ရှေ့က တောင်ကုန်းပေါ် ရောက်ရင် ဂုံညင်းလျှိုနဲ့ နီးနေပြီ။ စကားမပြောရတော့ဘူး။ ရေစမ်းရှိတယ်။
တောကောင်တွေ နေ့လယ်နေ့ခင်း အိပ်ကြပြီး ရေသောက်ဆင်းကြတော့မယ်။
မုဆိုးဆိုတာ ရေကိုလည်း ချွေတာသောက်ရမယ်။
ကဲ – သံချောင်းရေ မင်းအလှည့်ပဲ။ မင်းတူကို တောကောင်တွေ ထောင်ဖမ်းနည်းနဲ့ တောဆေး၊ တောင်ဆေး၊ မုဆိုးဆေးတွေအကြောင်း ပြောပြလိုက်ဦး”
“ဟုတ်ကဲ့ အစ်ကို”
“တောကြက်၊ တောငှက်နဲ့ အကောင်ငယ်ကလေးတွေ ထောင်နည်းတော့ မင်းကို သင်ပေးပြီးပါပြီ။ တောကောင်ကြီးတွေ ထောင်နည်းကတော့ ဝနင်းကိုင်းနဲ့ ပိုက်ထောင်နည်း၊ ကျင်းထောင်နည်းတွေပဲ။ တဖြည်းဖြည်းလက် တွေ့သင်ပေးမယ်။
တောဆေး၊ တောင်ဆေး၊ မုဆိုးဆေးတွေကလည်းအများကြီးပဲ။ အရေးကြီးတာက ဆေးဖက်ဝင်သစ်ပင်တွေအကြောင်း သိဖို့လိုတယ်။
ရုတ်တရက် ဒဏ်ရာရရင် သွေးတိတ်အောင်ထည့်တဲ့ဆေးရွက်၊ အဆိပ်အတောက်ဖြစ်ရင် ဖြေဆေးပင်၊ ငှက်ဖျားဝင်ရင် သောက်တဲ့ ဆေးပင်၊ ဆေးရွက်၊ ဆေးမြစ်တွေကို ပြထားမယ်။
အရေးပေါ် ရေရှာနည်းကတော့ ဝါးပင်တွေရဲ့ဒုတိယအဆစ်ထဲမှာ ရေရှိတယ်။ ရေငတ်ပြေပင်တွေလည်း ရှိတယ်။ အရွက်ကို ဝါးပြီး အရည်ကို စုပ်ရတယ်။ ကျားလက်ဝါးနွယ်တွေက ခုတ်ဖြတ်တာနဲ့ အရည်တွေ ထွက်လာတယ်။ ရေငတ်ပြေတယ်။ အားတိုးဆေးတစ်မျိုးပဲ။
စားကောင်းတဲ့အသီးနဲ့ မစားရတဲ့အသီးတွေကိုလည်း ခွဲခြားသိရမယ်”
“သံချောင်းရေ ငါတို့ခိုနေတဲ့အပင်က ဇင်ပြွန်းပင်။ အပြန်ကျ တက်ခူးစမ်းကွာ။ ငါး၊ ချေသား၊ ဆတ်သားနဲ့ ချက်စားရင်အလွန်ထမင်းမြိန်တာ။ ဇရစ်ရိုးနဲ့ ဖလံတောင်ဝှေးလည်း ရှာကွာ။ မစားရတာ ကြာပြီ။ တောင်ပို့မှိုလည်း ဒီရာသီ ရတတ်တယ်”
“တောင်ပို့မှိုဆိုလို့ ပြောရဦးမယ် ငါ့တူရေ့။ အရောင်ရှိတဲ့မှိုတွေ၊ ခြေကျင်းပါတဲ့မှိုတွေမှာ အဆိပ်ရှိတတ်တယ် – မစားနဲ့။ စားနေကျမှိုတောင်မှ အဆိပ်ရှိ၊ မရှိ စစ်ဆေးပြီးမှ စားရတယ်။
မှိုကို ဖျစ်ကြည့်လို့ အရောင်ပြောင်းသွားရင်မစားနဲ့တော့ … လွှင့်ပစ်လိုက်ပေရော့။ တောမှိုဆိုတာ အရသာအလွန်ရှိသလို အဆိပ်ကလည်း ရှိတတ်တယ်။ တချို့မှိုက စားပြီးတာနဲ့ အော့အန်တတ်တယ်။ ဝမ်းလျှောတယ်။ တချို့မှိုတွေက စားပြီး အိပ်ပျော်သွားရင် မနိုးတော့ဘူး။
အဲ့ဒီအခြေအနေကိုသိတာနဲ့ ကန်စွန်းရွက်အရည်နဲ့ ဖလံတောင်ဝှေးကို ညှစ်လို့ရတဲ့အရည်တွေက ဖြေဆေးပဲ။
ချောင်းကမ်းစပ်တွေမှာ ဆူးချုံအနေနဲ့ပေါက်တဲ့ ခရာအပင်အမြစ်နဲ့ ဓားမကြီးပင်အမြစ်၊ ဆေးမြင်းခွာဥတွေကလည်း အဆိပ်ဖြေဆေးတွေပဲ။
အမြစ်ကို ရေနဲ့ သွေးပြီးတိုက်ရတယ်။ ရုတ်တရက် ငှက်ဖျားဝင်ရင်တော့ အရွက်ဖားဖားတွန့်နေတဲ့ ဆေးခါးကြီးပင်ကို ခွာပြီး ဝါးရတာ။ ဆေးခါးကြီးပင်က ခွေးသေးပန်းပင်လောက်ပဲ”
“ဟုတ်ကဲ့ – ဦးသံချောင်း”
အဖေက –
“ကဲ- သွားကြစို့။ ခြေသံလုံပါစေ။ ချောင်းမဆိုးစေနဲ့။ နှာမချေစေနဲ့”
“ဟုတ်”
xxx xxx xxx
ကျွန်တော်တို့ခြေသံလုံလုံဖြင့် လေတင်လေအောက်ကိုကြည့်ပြီး တောတိုး၍ တောင်ကုန်းပေါ်သို့ တက်ခဲ့ကြသည်။ လေက မြောက်ဘက်မှ တိုက်နေ သဖြင့် ကျွန်တော်တို့ တောင်ဘက်မှ တက်ခဲ့ကြသည်။
တောင်ဆင်ခြေလျှောနှင့် တောင်ကုန်းပေါ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ တောင်သရက်၊ ယမနေ၊ မျောက် ချောနှင့် ကညင်ပင်ကြီးများ ပေါက်နေသဖြင့် အောက်ခြေရှင်းသည်။
မုဆိုးလမ်းကလေးမှ တက်ခဲ့ကြပြီး တောင်ထိပ် ကညင်ပင်ကြီး၏ မြစ်ပျဉ်းများအကွယ်တွင် တိတ်ဆိတ်စွာ နေရာယူကြသည်။
တစ်ဖက်လျှိုကြီးအလယ်တွင် စမ်းချောင်းနှင့် ရေအိုင်ကြီးရှိသည်။ တောကောင်များ ရေသောက်ဆင်း လေ့ရှိသော ရေစမ်းနေရာဖြစ်သည်။
ကညင်ပင်ကြီးခြေရင်းနှင့် စမ်းရေအိုင်မှာ ပေ(၁ဝဝ)ကျော်ခန့်သာ ဝေးကွာပါလိမ့်မည်။ အပေါ်စီးကဖြစ်၍ မြင်ကွင်းကောင်းသည်။
မကြာပါ။
အဝေးမှ ချေဟောက်သံနှင့် ဆတ်တစ်သံ၊ တောဝက်အော်သံများကို ကြားလာရသည်။
မုဆိုးများ သေနတ်အသင့်ပြင်၍ စောင့်နေကြစဉ် တောတိုးသံများ ကြားလာရသည်။ ခဏကြာတော့လျှိုအတွင်း ဟိုနေရာသည် နေရာများမှ တောကောင်များ အလျှိုလျှို ရေကန်တွင်း ဆင်းလာကြသည်။
အုပ်ကောင်းသဖြင့် တောဝက်အုပ်ကတော့ ကမူးရှူးထိုးဆင်းလာသည်။ ချေပေါက်တစ်ကောင်က ချုံစပ်တွင် အကဲခတ်နေဟန် ကန်စပ် မဆင်းသေး။ နားရွက်ထောင်၍ ပတ်ဝန်းကျင်ကို လေ့လာနေသည်။
ဆတ်စုံတွဲကတော့ အဖော်ပါ၍ ရဲရဲဝံ့ဝံ့ ကန်စပ်သို့ ဆင်းလာသည်။
မုဆိုးချင်း အချက်ပြ၍ အသင့်ပြင်ကြရာ အဖေက ဆတ်စုံတွဲ၊ ဦးသံချောင်းက ချေပေါက်ကြီး၊ ကျွန်တော်က ဝက်ပေါက်တစ်ကောင်ဖြစ်သည်။ ပစ်ကွင်းဝင်သည်နှင့် ပြိုင်တူပစ်ကြသည်။
“ဒိန်း – ဒိန်း – အုန်း – ဖြန်း”
“ဝရော – ဝေါ – ဖြော – ဖြော”
ဝက်အုပ်ကြီး ပြေးပြီ။ ကျွန်တော်တို့ပစ်သော ချေတစ်ကောင်၊ ဆတ်စုံတွဲနှင့် တောဝက်ပေါက်တစ်ကောင် ချက်ကောင်းထိပြီး ကျန်ခဲ့သည်။
ကျွန်ုပ် သေနတ်ကို အားမရပါ။ အဖေ့သေနတ်လို နှစ်ချက်ပစ်ရုံဖြင့် နှစ်ကောင်ရသည်။ အခုတော့ ကျွန်တော် တစ်ချက်ပစ်ပြီး လေသေနတ်ခါးချိုး၍ ကျည်ဆန်ထည့်နေတုန်း တောဝက်အုပ်က ပြေးပြီ။
အဖေက ကျွန်တော့်ကိုကြည့်ပြီး ပြုံးသည်။ မင်း မဆိုးပါဘူး။ ဒါပေမဲ့ လိုသေးတယ်ဆိုတဲ့ ပုံစံမျိုး။
အဖေ့ မိတ်ဆွေတစ်ယောက်နှင့် အမဲလိုက်တုန်းက ကျွန်တော်ပါဖူးသည်။ ဒသမ ၃ဝ၃အင်္ဂလိပ်ရိုင်ဖယ်ခေါင်းတိုကြီးကိုင်ပြီး အဖေ့လိုပင် တစ်ချိန်တည်း ဆင့် ကာ (၂)ချက်ပစ်နိုင်သဖြင့် တောဝက်(၂)ကောင် ရသည်။
ဟုတ်ပါသည်။ ကျွန်တော်လိုပါသေးသည်။ သို့သော် အဖေ့မိတ်ဆွေ တောအုပ်တစ်ယောက်ကိုင်သော ပွိုင့်.၂၂ သေနတ်မျိုးကို ကျွန်တော်လိုချင်သည်။
အတွဲလိုက် မပစ်နိုင်သော်လည်း တစ်တောင့်ချင်း ဆက်၍ ပစ်နိုင်သည်။ ပွိုင့် .၂၂ ဘရူနို အမျိုးအစား SEMI AUTO သေနတ်ဖြစ်သည်။
ကျွန်တော် အသေအချာမှတ်ထားသည်။ ထို့ကြောင့်အိမ်ပြန်ရောက်သည်နှင့် ကျွန်တော် အဖေ့အား ပူဆာတော့သည်။
ယမ်းပါသဖြင့် အဖေ သူ့မိတ်ဆွေဌာနာအုပ်ကို ကျွေးမွေးပြီး ဝယ်ခိုင်း ယရသည်။ ထိုစဉ် ပန်းဆိုးတန်းကုလားဘုရားကျောင်းအနီးရှိ SMITH AND WATSON သေနတ်ကုမ္ပဏီတွင် ရဲအရာရှိများအနေဖြင့် ဝယ်လို့ရသည်။
ကျွန်တော်တို့အိမ်က ပွိုင့် ၅ဝဝ စိုင်ပေါင်နှစ်လုံးပြူးသေနတ်ကြီးကိုလည်း ထိုဆိုင်တွင်ပင် ပြင်ရသည်။ ဌာနာအုပ်ထောက်ခံစာဖြင့် ကျည်ဆန်ဝယ်ရသည်။
ယခုပွိုင့်.၂၂သေနတ်ကလေးကတော့ နံပါတ်(၂) လေသေနတ်လောက် မလေးသော်လည်း ထိရောက်မှုရှိပါသည်။ ပြောင်းနှင့်ကိုယ်ထည်ကို အမည်း ရောင်ဆေးမှုတ်ထားပြီး သေနတ်ဒင်မှာ နီညိုသပြေသီးမှည့်ရောင် ပြောင်လက်တောက်ပနေသည်။
ကျည်ဆန်က (၂)မျိုး၊ ကျည်ဆန်ထိပ်ချွန်နှင့် HOLLOWကျည်ခေါ် ကျည်ဆန်ထိပ်တွင်အခေါင်းပေါက်ပါသည့် ကျည်မျိုး။ တောကောင်ကြီးပစ်ရန်ဟု ဆိုသည်။ ပစ်လျှင်လည်း အသံက ဖျန်းခနဲမြည်၍ ကျည်ဆန်သွားသံက လေချွန်သံလိုရွှီးခနဲမြည်သည်။အလွန်ချစ်စရာကောင်းသော သေနတ်ကလေး ဖြစ်သည်။
အန္တရာယ်ရှိပြီး လူကို သေစေနိုင်သဖြင့် အဖေက အလွယ်ထားမပေး။ တောတက်မှ ထုတ်ပေးသည်။
ကျည်ကတ်ထဲတွင် ကျည်ဆန်(၅)တောင့် ထည့်ထားနိုင်သည်။ ဝယ်ယူစဉ်က ထိပ်ချွန်ကျည် (၅ဝ)ပါတစ်ဘူး၊ HOLLOW ကျည်(၅ဝ)ပါတစ်ဘူး၊ ကျည်ဆန်(၁ဝဝ)ပါသည်။
ရိုင်ဖယ်အမျိုးအစားဖြစ်သဖြင့် လေသေနတ်နံပါတ်(၁)၊ (၂)ကျွမ်းသော ကျွန်တော့်အတွက် အခက်အခဲမရှိပါ။ အလွန်ငြိမ်ပါသည်။
ကျွန်တော်က ရိုင်ဖယ်သေနတ်ကို သဘောကျသည်။ ပြောင်းချောနှစ်လုံးပြူးသေနတ်ကို သဘောမကျပါ။
နောက်ပိုင်း ကျွန်တော် လူပျိုပေါက်ဖြစ်လာပြီး အဖေအလုပ်မအားလျှင်လည်း ဦးသံချောင်းနှင့်တွဲ၍ တောလည်သည်။
ကျွန်တော့်သေနတ်ကလေးဖြင့် ချေနှင့် တောဝက်လောက်တော့ မကြာခဏ ရသည်။ အချို့ဆတ်နှင့် တောဝက်သိုးကြီးများ ဦးသံချောင်းတူမီးဖြင့် တစ်ချက်တည်း မလဲပါက ကျွန်တော်က ပွဲသိမ်းကူပစ်ပေးရသည်။ ကျွန်တော်ပစ်လျှင်လည်း လက်ပပ်ကြားနှင့် လည်တိုင်ရင်း တစ်ချက်တည်းသာ။
နောက်ပိုင်း အတွေ့အကြုံများလာတော့တော ဝက်တစ်အုပ်တွေ့သည်နှင့် (၃)ကောင်လောက်တော့ ဆက်တိုက်ပစ်၍လှဲနိုင်သည်။ ထိချက်ကတော့ လည်တိုင်ရင်းနှင့် လက်ပပ်ကြားပင် မလွဲစေရ။
ကျွန်တော် တစ်ကြိမ်တည်း လေးငါးကောင်ရရန် ကြိုးစားလေ့ကျင့်နေပါသည်။
တစ်နေ့ ကဆုန်လဆန်း၊ မိုးဦးကျစ,ကာလ၊ ပါလီမန်ခေတ်ဦးကာလတွင် ဖြစ်သည်။
အဖေ့မိတ်ဆွေများဖြစ်ကြသော ဌာနာအုပ် ဦးအောင်သိန်း၊ တောအုပ်ကြီး ဦးဇော်မင်းနှင့် ကျွန်တော်တို့သားအဖ အမဲလိုက်ဖြစ်ကြသည်။
မုဆိုးလမ်းပြက ဦးသံချောင်း၊ အဖေ့တပည့် ထမင်းချက်နှစ်ဦးလည်း ပါသေးသည်။
ဤတစ်ကြိမ် တောပစ်သည်က ကျွန်တော်တို့သွားနေကျ ကန်တွင်းတော၏ မြောက်ဘက်အရပ်မဟုတ်။မသွားဘူးသေးသော တောင်ဘက်အရပ်ဖြစ်သည်။
ထိုစဉ်က လက်နက်ကောင်းကိုင်နိုင်သော မုဆိုးအဖွဲ့က ကျွန်တော်တို့အဖွဲ့လောက်သာ ရှိပါသည်။
အခြားမုဆိုးများက ဒူးလေးနှင့် တူမီးသေနတ်လောက်သာ ကိုင်နိုင်ကြပါသည်။
ကျွန်တော်တို့အဖွဲ့ကလည်း တစ်လ တစ်ကြိမ်လောက်သာ အမဲလိုက်ကြသဖြင့် ကန်တွင်းတောတွင်း တောကောင်က အရေအတွက် ပိုများလာသည်ဟုထင်မိသည်။
တောကောင်လည်း အမျိုးစုံလာသည်။
ထိုနေ့မနက်က တောက အတော်ငြိမ်သည်။ တောကြက်တွန်သံ၊ ရစ်ကြက်များ အတောင်ပံရိုက်သံပင် မကြားရ။
မျောက်အော်သံတွေကိုတော့ အဝေးက ကြားရသည်။ ချေဟောက်သံသဲ့သဲ့လည်း ကြားရသည်။
တောလုံငှက်တစ်ကောင်၏“ဥုံဖွ – ဥုံဖွ”ဟူသော အသံကို ကြားရသဖြင့် အဖေက တောကောင် ကြီး(ကျား) အနီးတွင်ရှိသည်ဟူသော အထင်ဖြင့်အကာအကွယ်နေရာယူကြရန် အချက်ပြသည်။
ကျွန်တော်တို့ နီးရာသစ်ပင်၊ ပင်စည်များအား အပြေးကပ်ကြသည်။ ကျည်အသင့်ထိုးကြသည်။
သို့သော် –
“အားလုံး သေနတ်တွေအောက်ချပြီး လက်မြှောက်ထွက်ခဲ့ကြ။ မင်းတို့အားလုံးကို ငါတို့ ကရင်လွတ်မြောက်ရေးတပ်မတော်က ဝိုင်းထားပြီး လှုပ်တာနဲ့အပစ်ပဲ”
ကျွန်တော် လူကြီးများကို လှမ်းကြည့်သည်။
အားလုံးက ခေါင်းညိတ်ပြကြသဖြင့် ပုန်းခိုနေရာက သေနတ်အောက်ချ၍ ထွက်ခဲ့ရသည်။
ကရင်စစ်ဗိုလ်ဖြစ်ဟန်တူသူက ပျဉ်းမပင်ကြီးအကွယ်က ထွက်လာသလို ကရင်စစ်သား(၅ဝ)ခန့်က လက်နက်ကိုယ်စီဖြင့် ကျွန်တော်တို့အဖွဲ့အား ဝိုင်းထားသည်။
“မင်းတို့ ဘယ်ကလဲ”
“သင်္ဃန်းကျွန်းကြီးရွာက မုဆိုးအဖွဲ့ပါ။ အမဲလိုက်ဖို့လာတာပါ။ ဒီနေ့မှ တောတောင်ဘက်ကို မရောက်ဘူးသေးလို့ လာမိတာပါ”
“အေး ဟုတ်ပြီ။ နောက် ဒီဘက်မလာနဲ့။ သေနတ်တွေကိုထားပြီး ရွာပြန်ကြတော့”
“ဟုတ်ကဲ့”
ခေတ်ကြီး ပြောင်းနေပြီကို ကျွန်တော်မသိပါ။ ကျွန်တော်အပြောကောင်း၍ အန္တရာယ်မပြုသော်လည်း ကျွန်တော် အလွန်သဘောကျ၍ တရိုတသေ ကိုင်သော ပွိုင့်.၂၂ သေနတ်ကလေး ဆုံးရှုံးခဲ့ရပါသည်။
– ပြီး –
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ