• June 18, 2025
  • admin
  • 0

ကိုပိုက်
အကာနှင့်အနှစ် လွန်ပွဲ

ပျဉ်းမနားမြို့နယ်၊ နန်းချိုကြိုးဝိုင်း၊ ခွန်ဝင်ဆင်စခန်းရှိ တဲအိမ်စုလေးတွင် ဖယောင်းတိုင်မီးများကို တဲတိုင်းကိုယ်စီ၌ မြိုင်မြိုင်ဆိုင်ဆိုင် ထွန်းညှိထားသည်ကြောင့် ဤနေ့ဤရက်သည် ထူးခြားသော နေ့တစ်နေ့ ဖြစ်မှန်း သိသာလှသည်။

ထိန်ထိန်သာနေသော လမင်းကြီးက ကောင်းကင်ယံမှနေ၍ မီးမောင်းထိုးထားသည့်နှယ် ရှိနေပြန်သည်ကြောင့် ထိုတဲစုများအလယ်မှ ဖြတ်ဖောက်သွားသည့် သစ်ထုတ်ကားလမ်းမကြီးသည် ငွေရည်ဖျန်းထားသည့်နှယ် ရှိနေပြန်၏။

ဆင်ခေါင်းကြီး ကိုခင်မောင်မြင့် တဲတွင်မတော့ သူများထက်ထူးကာ အစိမ်းရောင် မီးပုံးလေးတစ်လုံးပင် ချိတ်ထားလိုက်သေး၏။

ထိုတဲစုလေး အရှေ့ဘက်ကျကျတွင်ရှိသော ပေါင်းလောင်းချောင်းရေသည် မြောက်ယွန်းယွန်းမှသည် တောင်ဘက်သို့ ရေစီးသန်သန် စီးဆင်းနေသံသည် တိတ်ဆိတ်နေသည့် တဲစုလေး၏ အသက်ရှူသံလို ဖြစ်နေ၏။

ပေါင်းလောင်းချောင်းသည် အသက်ရှူပြင်းသည်ဟု ဆိုရငြား ကျိုးတိုးကျဲတဲလရောင် ပက်ဖျန်းခံထားရခြင်းကြောင့် တလက်လက်ဖြင့် ကြည့်လှသေးတော့၏။

ချောင်း၏ တစ်ဖက်ကမ်း တောင်ကမ်းမြင့်မြင့်ကမ်းပါးယံတွင် ကွက်တိကွက်ကျားပေါက်နေသည့် သစ်ပင်ကြီးငယ်တို့၏ အရွက်ကိုင်းဖျားတို့သည် လေပြည်လေညင်းကြောင့် တလှပ်လှပ်ခတ်သံသည် ပေါင်း လောင်းချောင်းရေစီးသံကို စည်းချက်လိုက်ပေးနေကြပြန်၏။

ထိုတောင်ကမ်းတောအုပ်အတွင်းမှ တစ်ချက်တစ်ချက် ပေါ်ထွက်လာတတ်သည့် ဂျီ (ချေ) ဟောက်သံ၊ ကျားဟိန်းသံ၊ မြွေတွန်သံ၊ ခွေးအ အူသံ၊ ချိုးကူသံတို့သည် သီတင်းကျွတ်လပြည့်ည၏ တောတောင်သဘာဝအလှကို ပို၍ ပေါ်လွင်စေတော့သည်။

“ကိုပိုက်ရေ… အင်မတန်လှပပြီး အသက်ဝင်နေတဲ့ သဘာဝပန်းချီကားကြီးပဲဗျ နော်”

ရုတ်တရက် ပြောလာသည့် လင်းမြင့်လှိုင်၏ စကားသံကြောင့် ထိုအလှကို ခံစားရင်း မှင်တက်နေသည့် ကျွန်တော်သည် သတိပြန်ဝင်လာရတော့၏။

“သိပ်ဟုတ်တာပေါ့ ကိုလင်းရယ်၊ ဒီပန်းချီကားကြီးကို ဘီလျံနာကြီးတောင် ဝယ်ယူခံစားနိုင်လိမ့်မယ် မဟုတ်ဘူး”

“ဒါကြောင့် ကျွန်တော် ဦးသိန်းထွန်းကို အရမ်းကျေးဇူးတင်မိတာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ ဒီအလှကို ခံစားနိုင်အောင် ဒီနေရာကို ခေါ်လာလို့ပဲဗျို့”

လင်းမြင့်လှိုင် စကားကြောင့် သစ်ထုတ်မန်နေဂျာ ဦးသိန်းထွန်းသည် ပြုံးလျက် သဲ့သဲ့ရယ်ကာ …

“ဒီကနေ့ ဒီပန်းချီကားကြီး ဒီနေရာမှာ ရှိနေမယ်ဆိုတာ ကျွန်တော်လည်း မသိပါဘူးဗျာ။ အလုပ်တာဝန်နဲ့လာရင်း ခင်ဗျားတို့ကို ခရီးသွားဟန်လွှဲ အမဲပစ်ဖို့ရာ ခေါ်လာတာပါ”

“ဒါတော့ ဒါပေါ့ဗျာ၊ အဲလိုသဘောနဲ့ ခေါ်လာလို့လဲ ကျွန်တော်တို့ ဒီရောက်လာရပြီး ဒီပန်းချီကားကြီးကို တွေ့ရတာပေါ့”

“အင်း … ဟုတ်တယ်၊ ကျွန်တော်လဲ ဒီနေရာကို အကြိမ်ကြိမ် အလီလီ ရောက်ခဲ့ဖူးပေမင့် ခုလို အလှမျိုးနဲ့ မကြုံဖူးခဲ့ပါဘူးဗျာ”

ရယ်လို့ ဦးသိန်းထွန်းက ကျွန်တော့်ကို ပြန်၍ ပြောလေတော့သည်။

“ခင်ဗျားတို့ စကားတွေက တယ် ကဗျာဆန်တာပဲ။ ကျွန်တော်တော့ ဒီနေရာမှာ နေရတဲ့သူမို့လား မသိဘူး၊ ဘယ်လိုမှ မခံစားရဘူး”

သို့နှယ် ဆင်ခေါင်းကြီး ကိုခင်မောင်မြင့်က ပြောပြီး အရက်တစ်ခွက် မော့သောက်လိုက်သည်။

“ဒါက ဒီလို ရှိတယ်ဗျ။ ခင်ဗျားက ဒီပန်းချီကားအလှကို ကြည့်မြင်ခံစားရတဲ့သူမှ မဟုတ်တာချည်း။ တကယ်တော့ ခင်ဗျားက ဒီသဘာဝပန်းချီကားကြီးထဲက စုတ်ချက်လေးတစ်ချက် ဖြစ်နေတာကိုး”

ကျွန်တော်က သို့နှယ်ပြောလိုက်ပေမင့် သူ သဘောပေါက် နားလည်ခြင်း မရှိပါချေ။

ဪ … သူ ဘယ်သိပါ့မလဲလေ။ သူကိုယ်၌က သဘာဝပန်းချီကားကြီးထဲက ဇာတ်ရုပ်တစ်ရုပ် ဖြစ်နေတာကိုး။ အကယ်၍သာ ဒီပန်းချီကားကြီးထဲမှာ ဆင်တဲစုလေး မပါခဲ့လျှင် ဒီလောက်လှလိမ့် မည်မထင်။ ယခု ဤပန်းချီကားတွင် ဆင်ခေါင်းကြီး ဦးဆောင်သည့် ဆင်တဲဝိုင်းလေး ပါနေခြင်းကြောင့် အတိုင်းထက်အလွန် လှနေခြင်းပင် ဖြစ်သည်။

ကျွန်တော်တို့သည် သို့နှယ် သဘာဝအလှကြီးကို ကြည့်ရှုရင်း ပြောဆိုနေကြစဉ်တွင် ဆင်ဦးစီးလေးတစ်ယောက် ရောက်လာကာ

“အတီး … ငါ့ကို ခေါ်တယ်ဆို”

ဟု ပြောရင်း ဦးသိန်းထွန်းရှေ့ လာရပ်၏။

“အေး … မင်း ဒီမယ် လုပ်ငန်းပြီးပြီဆိုတော့ နက်ဖြန်ကို တိုက်ကြီးမြို့နယ်၊ မာဂရီကြိုးဝိုင်းထဲ ဝင်ရမယ်။ ရန်ကုန်ရုံးချုပ်က အကူအညီတောင်းလို့ကွ”

ဦးသိန်းထွန်းက ဆင်ဦးစီးလေးကို ပြောလိုက်၏။

ဆင်ဦးစီးလေးသည် မျက်နှာတစ်ချက် ပျက်သွားကာ တစ်ခုခု ပြန်ပြောလိုပေမင့် စဉ်းစားနေဟန် မြင်လိုက်သောကြောင့် အကင်းပါးသော ဦးသိန်းထွန်းကပင်

“ဘာလဲ … မင်း မသွားချင်ဘူးလား။ မော်လမြိုင်မှာ ကျန်ခဲ့တဲ့ နော်ရိုးလာကို သတိရ လွမ်းနေပြီလား။ ဟိုမယ် သိပ်မကြာပါဘူးကွာ၊ အလွန်ဆုံး တစ်လပေါ့”

သည်တွင် ဆင်ဦးစီးလေးက …

“မဟုတ်ပါဘူး ဆရာ၊ ငါက နေမယ်ဆိုရင် တစ်သက်နေလို့လဲ ရပါတယ်။ ခုဟာက ဆင်မလေး ပန်းမြိုင် အတွက်ပါ။ သူ့အမေကို သူ လွမ်းနေပြီ”

ဟု ပြော၏။

“အေးပါကွာ၊ သူကလဲ မင်းကို ခင်တွယ်နေပါတယ်။ ချော့မော့ထားပါဦးကွာ … တစ်လတည်းပါ”

“အေးလေ … ငါလဲ ချော့မော့ခိုင်းကြည့်ဦးမယ်”

ဆိုကာ ဆင်ဦးစီးလေးသည် အားယုတ်ညှိုးလျော့နေသောမျက်နှာဖြင့် ကျွန်တော်တို့အပါးမှ ထွက်သွားလေ၏။

“နက်ဖြန်ကို စောစော ဆင်ကောက်ထားနော်”

ဟု ဦးသိန်းထွန်းက နောက်မှ လှမ်းအော်သတိပေးလိုက်ပြန်သည်။

“နေပါဦး … ဆင်ကလဲ အမေ လွမ်းတတ်သလား”

ဦးသိန်းထွန်းကို သို့နှယ် ကျွန်တော်က မေးလိုက်သည်တွင် . . .

“တိရစ္ဆာန်တွေထဲမှာ ဆင်သတ္တဝါက အိုင်ကျူ (အသိဉာဏ်) အမြင့်ဆုံးပဲဗျ။ စောစောက စောရှိန်လေး စီးတဲ့ ပန်းမြိုင်ဆိုတဲ့ ဆင်မလေးဟာဆိုရင်ဖြင့် သာမန်ဆင်တွေထက် ပိုသိ ပိုတတ်သေးသဗျာ။

သူတို့တွေ မော်လမြိုင်ကဗျ။ ဒီ ပျဉ်းမနားသစ်ထုတ်မှာ အင်အားလိုလို့ အကူအညီတောင်းခေါ်ထားရတာ။ သုံးလကျော်သွားပြီ။ အလုပ် တကယ်လုပ်တဲ့ အတွဲဗျာ။ ဆင်မလေးကလဲ သူ့ဦးစီး ခိုင်းသမျှ မညည်းမညူ အကုန် လုပ်တယ်ဗျာ။

အဲဒီ ဆင်ဦးစီးနဲ့ ဆင်မလေးက တယ်သံယောဇဉ် ကြီးသဗျာ။ မော်လမြိုင်မှာ ဆင်မလေးရဲ့မိခင်ဆင်မကြီး ကျန်ခဲ့သလို ဆင်ဦးစီးလေးရဲ့ ရည်းစားလေး ကျန်ခဲ့သဗျ။ ဒီကောင် သူ့ရည်းစားလေးကို သတိရ လွန်းလို့ ဆင်မလေးကို အကြောင်းပြနေတာ နေမှာပါ”

ဦးသိန်းထွန်းသည် သို့ပြောရင်း ကြွပ်ကြွပ်ကြော်ထားသည့် ကျောက်ဖားလေးတစ်ကောင်ကို ကောက်ယူကိုက်ဖဲ့စားရင်း အရက်တစ်ခွက်ကို မော့သောက်လိုက်၏။

ပြီးနောက် . . .

“ပြောရဦးမယ်ဗျို့. . . အဲဒီ ဆင်မလေး ပန်းမြိုင်က ဘယ်လောက် ပါးရည်နပ်ရည်ရှိလဲဆိုတော့ သူ့ဆင်ဦးစီးလေး ချစ်သူရည်းစားနဲ့တွေ့ပြီး ပြန်လာရင်ဖြင့် သူ့အနားကို အကပ်မခံတော့ဘူး။ အလိုလိုနေရင်း ရန်ရှာတော့တာပဲ”

“အလိုလေးဗျာ၊ ဆင်ဦးစီးလေး ရည်းစားနဲ့ချိန်းတွေ့ပြီး ပြန်လာတာ ဟုတ်,မဟုတ် သူ ဘယ်လိုသိတုံးဗျ”

လင်းမြင့်လှိုင်က သို့နှယ် မေးလိုက်သည်။

“ဒီလိုဗျ. . . ဆင်ဦးစီးလေးက သူ့ရည်းစားနဲ့ တွေ့ပြီးပြန်လာတဲ့ အခါ သူဝတ်ဆင်သွားတဲ့ အဝတ်အစားမှာ ကောင်မလေးရဲ့ အငွေ့အသက် ပါလာတာကိုး။ ဒီအငွေ့အသက်ကြောင့် ဆင်မလေးက ရန်ရှာတာပဲဗျ။

နောင်တော့ကာ ဆင်ဦးစီးလေးက သဘောပေါက်သွားတော့ ရည်းစားနဲ့ သွားတွေ့ပြီးပြန်လာရင် ဝတ်သွားတဲ့ အဝတ်အစားတွေ ချွတ်လဲပြီးလေမှ ဆင်မလေးနား ကပ်တော့တာပေါ့”

“ဪ. . . တယ်ဟုတ်ပါကလား”

ထိုစဉ် “ဂစ်” ရယ်လို့ အော်မြည်ကာ ငှက်ဆိုးတစ်ကောင်သည် ကျွန်တော်တို့ ခေါင်းထက်မှ ပျံသန်းသွား၏။

“အင်း. . . နိမိတ် မကောင်းဘူး”

သို့နှယ် ဆင်ခေါင်းကြီး ကိုခင်မောင်မြင့်က ပြောလာသဖြင့် ဦးသိန်းထွန်းက

“ကျွန်တော်တော့ အယုံအကြည် လုံးဝ မရှိဘူးဗျာ”

ဟု ပြောလေသဖြင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် သူတို့နှစ်ယောက်ကို ပြုံးစိစိဖြင့်သာ ကြည့်နေလိုက်တော့၏။

“ပန်းမြိုင်က တောဆင်ဗျ။ ဆင်တွေကို လေ့ကျင့်ပေးတဲ့အခါ ဘယ်ဝင် ညာဝင် ဆိုတာ ရှိသဗျ။ ဘယ်ဘက်ကနေ လူအဝင် အကပ်ခံတဲ့ ဆင်ဟာဆိုရင်ဖြင့် ညာဘက်က ဝင်ကပ်တဲ့သူ မှန်သမျှ ရန်ပြုတော့တာ ပါပဲ။ အဲလိုပဲ ညာဝင်ကပ်ခံတဲ့ ဆင်က ဘယ်ဘက်က ဝင်လာတဲ့သူ မှန်သမျှ ရန်ပြုတတ်ကြတယ်။ နို့ပေမင့် ဆင်မလေးပန်းမြိုင်ကတော့ ဘယ်ညာ ဝင်လို့ရသဗျ”

သို့နှယ် ဦးသိန်းထွန်းက သူ့စကားကို ဆက်ပြောလေ၏။

“လေ့ကျင့်ပေးထားလို့ပေါ့”

ရယ်လို့ ကျွန်တော်က ပြောလိုက်သည့် စကားဆုံးသည်နှင့် . . .

“နို့ . . . ဘာကြောင့် ဆင်တိုင်း လေ့ကျင့်မပေးထားတာလဲ”

ဟု လင်းမြင့်လှိုင်က ဝင်မေးသည်တွင်

“မလိုအပ်လို့ ရယ်ပဲ ပြောရတော့မှာပဲ”

ဟု . . . ဦးသိန်းထွန်းက ဖြေလေ၏။

သည်တွင် ကျွန်တော်က

“လိုအပ်တယ်ဆိုတာက ဘယ်လိုတုံး”

ဟု မေးလိုက်ပြန်၏။

“ဆိုပါစို့ဗျာ၊ လူတွေကြား သွားရမယ့် ခိုင်းဆင်မျိုး၊ မြင်းခင်းသဘင်ပွဲမှာ အသုံးပြုမယ့် ဆင်မျိုးပေါ့ဗျာ”

“နို့ဖြင့် ဒီဆင်မလေး ပန်းမြိုင်က… ”

“ဟုတ်တယ်. . မြို့ရောက်ဖူးတယ်၊ မြင်းခင်းသဘင်ပွဲမှာ သူ ဝင်နွှဲဖူးတယ်”

လင်းမြင့်လှိုင် အမေးကို ကြိုသိနေဟန်တူသည့် ဦးသိန်းထွန်းက အမေးမဆုံးခင် ဝင်ပြောလေသည်။

ထိုစဉ် “ဂစ် .. . ဂီးလ်” ရယ်လို့ ရုတ်တရက် ငှက်ဆိုးထိုးသံ ကြားလိုက်ပြန်သည်ကြောင့် အသံကြားရာသို့ လှမ်းကဲကြည့်လိုက်၏။

ဆင်ဦးစီးလေး စောရှိန်းနေသည့် တဲပေါ်မှ ဖြတ်၍ ငှက်ဆိုး ပျံသန်းအော်ဟစ်သွားခြင်း ဖြစ်သည်။

သူ့တဲပေါ်မှ ဖြတ်၍ အော်မြည်သွားသော ငှက်ဆိုးသံကြောင့် ဆင်ဦးစီးလေးသည် လောက်လေးခွကို ကိုင်ဆွဲကာ တဲပေါ်မှ ကပျာကသီ ဆင်းလာပြီး ငှက်ပျံသန်းရာဘက်သို့ လိုက်ကြည့်ရင်း ဆဲရေးတိုင်းထွာနေ တော့၏။ အားပါးတရ ဆဲရေးတိုင်းထွာပြီး တဲပေါ်သို့ ပြန်တက်သွားတော့သည်။

ကျွန်တော်တို့သည်လည်း မကြာမီ အိပ်ရာဝင်ခဲ့ကြတော့၏။

xxx xxx xxx

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ ခလောက်မြည်သံ၊ ဆင်အော်သံ၊ တချွင်ချွင်ဖြင့် ထူးသံကြိုးရိုက်ခတ်သံများကြောင့် အိပ်ရာမှ နိုးလာကြတော့၏။

တစ်ညလုံး အစာစားရန် လွှတ်ထားသည့် ဆင်များကို ပြန်ကောက်လာခြင်း ဖြစ်သည်။ ပြီး ဆင်ပဲ့ချိတ်နှင့်သော်လည်ကောင်း၊ ဆင်ဦးစီးမှသော်လည်းကောင်း ဆင်များကို ရေချ (ရေချိုး) ပေးကြသည်။

ဆင်ပဲ့ချိတ်ဆိုသည်မှာ ဆင်၏ ထူးကြိုးများကို ဖြုတ်ပေးတပ်ပေးခြင်း၊ ရေတိုက်ခြင်း၊ အစာကျွေးခြင်း၊ ကပ်အိမ်တင်ပေးခြင်း၊ ချပေးခြင်း၊ ဆင်ကုန်း နှီးများ ဆင်ယင်ပေးခြင်း အစရှိသည်တို့ကို ဆင်ဦးစီးအား ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးသူ ဖြစ်၏။

မြို့ပြနေလူများ နားလည်လွယ်အောင် ပြောရလျှင် ကားစပယ်ယာသဘောပင် ဖြစ်ချေ၏။ နောင် ဆင်ဦးစီးဖြစ်လာမည့် ဆင်နောက်လိုက်များ ဖြစ်သည်။

ကျွန်တော်တို့ နံနက်စာစားနေစဉ်မှာပင် သစ်လုံးတင်သော ဂျီအိပ်ချ်အမျိုးအစား ကားခေါင်းဝါကြီး ရောက်လာ၏။ ထို ကားခေါင်းဝါကြီးသည် ဆင်ဦးစီးစောရှိန်းနှင့် ဆင်မလေးပန်းမြိုင်ကို ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် မာဂရီကြိုးဝိုင်းသို့ ပို့ပေးရန် ဦးသိန်းထွန်းက မှာထားခြင်းဖြစ်သည်။

ကားခေါင်းဝါကြီး ရောက်လာသည်နှင့် ကျွန်တော်တို့ တဲသို့ ဆင်ဦးစီးလေး စောရှိန်း ရောက်လာ၏။ သူ ခရီးထွက်ရန် အဆင်သင့်ဖြစ်နေပြီကို ဦးသိန်းထွန်းအား သတင်းလာပို့ခြင်း ဖြစ်၏။

သူ့မျက်နှာကား ရွှင်ရွှင်ပျပျ မရှိပါချေ။

“အေး… ကောင်းပြီ၊ ငါ… ဒီဆရာတွေနဲ့ နေခဲ့ဦးမယ်။ မင်းကို မာဂရီသစ်တောကြိုးဝိုင်းအထိ မောင်မောင် လိုက်ပို့လိမ့်မယ်။ ကဲ… မောင်မောင်ရေ တို့နဲ့တစ်ခါတည်း မနက်စာ ဝင်စားပြီး သွားကြတော့။ ဖိုးခွား … မင်းလဲ တစ်ခါတည်း ဝင်စား”

ကားဆရာ မောင်မောင်က ကျွန်တော်တို့နှင့် အတူတကွ နံနက်စာ ဝင်စားပေမင့် ဆင်ဦးစီးလေး စောရှိန်းသည် . . .

“ငါ ထမင်းကြမ်းနဲ့ ငါးပိ အဝစားပြီးပြီ။ ငါ့မိတ်ဆွေတွေကို သွားနှုတ်ဆက်ဦးမယ်။ ကဲ… ကိုကြီး ခင်မောင်မြင့် ငါ သွားတော့မယ်။ ကံကြုံရင် ပြန်ဆုံကြတာပေါ့”

ဟု ဆင်ခေါင်းကြီး ကိုခင်မောင်မြင့်ကို နှုတ်ဆက်ကာ တဲပေါ်မှ ဆင်းသွားလေတော့၏။

“သူ့မျက်နှာ မလန်းဘူး၊ ကောင်လေး သနားပါတယ်။ မောင်မောင် … ကားကို မင်း ဂရုတစိုက် မောင်းနော်”

ဆင်ခေါင်းကြီး ကိုခင်မောင်မြင့်က ဆင်ဦးစီးလေး စောရှိန်းကို ကြည့်ပြီး တစ်ခုခု စိုးရိမ်နေဟန်ရှိစွာဖြင့် ကားမောင်းသူ မောင်မောင်ကို သတိပေးလေ၏။

“အလကား … ဒီကောင် မော်လမြိုင် မပြန်ရလို့ ဖြစ်နေတာ”

ဟု ဦးသိန်းထွန်းက တစ်ဆက်တည်း ကျွန်တော်တို့ဘက် လှည့်ပြောလေ၏။

ဆင်ဦးစီးလေး၏ ညှိုးလျလျမျက်နှာလေးကို မြင်လိုက်ရသည့် ကျွန်တော်သည်ပင် ရင်ထဲတွင် မကောင်း ဖြစ်သွားသည်။

သို့ကြောင့် ကျွန်တော်တို့ကို ကျောပေးလျှောက်သွားသည့် သူ့ကို လိုက်ကြည့်မိသည်။

ဆင်ဦးစီးလေးသည် ဆင်တဲများ တစ်တဲဝင် တစ်တဲထွက်ဖြင့် လုပ်ဖော်ကိုင်ဖက်များကို လိုက်လံနှုတ်ဆက်နေသည်။ လေသင့်ရာတွင် ကျွန်တော်တို့ ရှိနေသောကြောင့် နှုတ်ဆက်ပြောဆိုကြသည့် စကားသံအချို့ ပျံ့လွင့်ရောက်ရှိလာ၏။

“မာဂရီကနေ အလုပ်သိမ်းလို့ မော်လမြိုင်ပြန်ရောက်ရင် နင့်ကောင်မလေးဓာတ်ပုံ ပို့လိုက်ဦးနော်”

“ခွားစော … မှိုင်လှချေလား၊ တစ်လလောက်ပဲ ကြာမှာပါ။ မင်း ကောင်မလေးနဲ့ ပြန်တွေ့ရင် လက်ထပ်လိုက်တော့ကွာ။ ဒါမှ မင်းသွားလေရာ သူ လိုက်နိုင်မပေါ့”

“ငါ သူ့ကြောင့် ပြန်ချင်လွန်းအားကြီးတာ မဟုတ်ပါဘူး။ ဆင်မလေး ပန်းမြိုင် သူ့အမေကို သိပ်လွမ်းနေပြီ။ သူ့အတွက် စိတ်မကောင်းဖြစ်ရတာပါ။ ခု သူ့ကို ခိုင်းရတာ မကောင်းတော့ဘူး။ ပေကပ်ကပ်နဲ့ ငါ့ကိုတောင် ရန်မူနေချင်ပုံရတယ်”

“သူ့အမေနဲ့ တစ်ခါမှ မခွဲဖူးလို့လား”

“အေးပေါ့. . . ဒါကြောင့် သူ သိပ်လွမ်းနေပုံရတယ်။ အလုပ်လဲ လုပ်ချင်ပုံ မရတော့ဘူး”

“အတတ်နိုင်ဆုံး သူ့အကြိုက်လုပ် ချော့မော့ခိုင်းပေါ့ကွာ”

ထိုစဉ် လေလမ်းကြောင်း ပြောင်းသွားလေသည်ကြောင့် သူတို့၏ နှုတ်ဆက်စကားသံများ မကြားရတော့ချေ။

“ကဲဟေ့. . . သွားတော့မယ် ခွားစော”

ကားဆရာမောင်မောင်က ဦးသိန်းထွန်းနှင့် လုပ်ငန်းစဉ်များကို ပြောဆိုပြီးသည်နှင့် သူ့ကားရှိရာသို့ သွားရင်း လှမ်းအော်ခေါ်လေသည်။ သည်ကြောင့် ဆင်ဦးစီးလေး စောရှိန်းသည် သူ နေထိုင်ခဲ့ရသည့် တဲရှေ့တွင် ရှိနေသော ဆင်မလေး ပန်းမြိုင်ထံ လျှောက်သွားကာ တဖျပ်ဖျပ် လှုပ်ခတ်နေသည့် ဆင်နားရွက်ကို ချွန်းဖြင့်ချိတ်ကာ ကားရှိရာသို့ ခေါ်လာလေသည်။

သည်တော့မှ ပန်းမြိုင်ဆိုသော ဆင်မလေးကို ကျွန်တော် အနီးကပ် မြင်ဖူးတော့၏။

မောင်မောင်သည် သူ၏ ခေါင်းဝါကားကြီးကို ကုန်းမြင့်လေးနား ကပ်၍ ရပ်ထားပေး၏။

ထိုကုန်းမြင့်လေးမှတစ်ဆင့် ကားပေါ်သို့ ဆင်တက်နိုင်ရန် ဖြစ်သည်။ ကားကို အထိုင်ကျ ရပ်ပြီးသည်နှင့် ဆင်ဦးစီးလေးသည် သူ၏ဆင်မလေးကို ဆင်ခြေလျှောလေးမှတစ်ဆင့် ကုန်းမြင့်လေးပေါ် ခေါ်သွားလေသည်။

ကုန်းမြင့်လေးမှတစ်ဆင့် ကားပေါ်တက်ရန် အလိုက်သင့်နေရာလေးသို့ ရောက်သည်တွင် ဆင်မလေးသည် တွန့်ဆုတ်ဆုတ် လုပ်နေသောကြောင့် ချွန်းဖြင့် နားရွက်ကို ခပ်နာနာ ဆွဲချိတ် တက်ခိုင်းလေသည်။

ဆင်မလေးကား လုံးဝ ငြင်းဆန်နေလေတော့၏။

သည်တွင် ဆင်ဦးစီးလေးက “မက်. . . မက်” ရယ်လို့ အော်လိုက်သည်တွင် ဆင်မလေးသည် လေးဘက်ထောက် ဝပ်ချပေးလေသည်နှင့် ဆင်ဦးစီးလေးက စွေ့ခနဲ ဆင်ဦးကင်းပေါ်သို့ တက်လိုက်ပြီး ပြန်ထခိုင်း ကာ ကားပေါ်သို့ လျှောက်ခိုင်းလေ၏။

လုံးဝ ငြင်းဆန်နေသေးသည်ကြောင့် ချွန်းဖြင့် ဦးကင်းကို ခွပ်ခနဲမြည်အောင် ရိုက်နှက်လိုက်လေသော်လည်း “ဝူး … ”ရယ်လို့သာ ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်ကာ ငြင်းဆန်နေပြန်သည်။

“ဒီဆင်မဟာ သိပ်အကင်းပါးတာ။ ဒီကားခေါင်းဝါကြီးက သူ့ကို တစ်နေရာ ခေါ်သွားဦးမယ်ဆိုတာ သိနေသဗျ။ ဘာလို့လဲဆိုတော့ မော်လမြိုင်ကနေ ဒီခေါ်လာတုန်းကလဲ ဒီကားခေါင်းဝါကြီးနဲ့ ခေါ် လာတာကိုး”

ဦးသိန်းထွန်းက သို့နှယ် ရှင်းပြလေ၏။

ကျွန်တော်က သူ့စကားထက် ဆင်ဦးစီးလေးနှင့် ဆင်မလေးတို့ အဖြစ်ကိုသာ စိတ်ဝင်စားနေတော့၏။

ဘယ်လောက်ပင် ရိုက်ရိုက်၊ အနာသာခံနေ၏။ ကားပေါ်သို့ မတက်၊ ပေကပ်ကပ် လုပ်နေဆဲ ဖြစ်သည်။

ဆင်မလေး၏ ဦးကင်းမှ သွေးတို့ပင် စီးကျနေပြီ ဖြစ်၏။

ဆင်ဦးစီးလေးသည်လည်း မဖြစ်မနေမို့သာ ထုရိုက်နေရခြင်း ဖြစ်သော်ငြား စိတ်မချမ်းမသာ ဖြစ်နေပုံရ၏။

သို့ကြောင့် သူ ဆက် မရိုက်မနှက် မထုလေတော့ဘဲ ဦးသိန်းထွန်းကို လှမ်းကြည့်နေတော့၏။ သူ့အကြည့်ဖြင့် ပြောနေသည့် စကားအနက် အဓိပ္ပာယ်ကို ကျွန်တော်ပင် တွက်ဆမိတော့၏။

“ရအောင် တက်ခိုင်းလေကွာ”

ဦးသိန်းထွန်းက စိတ်တိုစွာဖြင့် လှမ်းအော်ပြောလေ၏။ ပြီးနောက် ကျွန်တော်တို့ဘက်လှည့်ကာ …

“ဆင်တွေမှာ သူတို့ အကြောက်ရဆုံးဆိုတာ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ သူတို့ကိုစီးတဲ့ ဆင်ဦးစီးတွေပဲ။ သူတို့ ဘယ်လောက်ဆိုးဆိုး သူတို့ ဆင်ဦးစီးရဲ့အသံကြားတာနဲ့ တုန်နေအောင် ကြောက်ကြသဗျ”

ဟု ပြောလာ၏။

ဆင်ဦးစီးလေးသည် အထက်လူကြီး၏ အမိန့်သံပါပါ ပြောလာသံကြောင့် သူ့လက်တွင်းမှ ချွန်းဖြင့် ဆင်မလေး၏ ဦးကင်းကို တခွပ်ခွပ် ရိုက်နှက်ရင်း ကားပေါ်သို့ တက်ခိုင်းလေတော့၏။

ဆင်မလေး ပန်းမြိုင်သည် နာကျင်လွန်းပေ၍လား၊ စိတ်မှ နာကြည်းမှုကြောင့်ပေလား မသိ။ မျက်ရည်များပင် ဖြိုင်ဖြိုင်ကျနေလေ၏။ ဦးကင်းမှ သွေးတို့သည်လည်း မျက်ရည်နှင့်အပြိုင်။

သို့ပေမင့် နေမြဲနေရာမှာပင် ပေကပ်ကပ် ရပ်လျက်ရှိဆဲဖြစ်သည်။ ဆင်ဦးစီးလေးသည် စိတ်မကောင်းဖြစ်ကာ မျက်ရည်များ တသွင်သွင် စီးကျနေရရှာလေ၏။

ထိုမြင်ကွင်းကို ကျွန်တော် စေ့စေ့ကြည့်နေရင်း စိတ်မကောင်း ဖြစ်မိနေဆဲ။

ဆင်မလေး၏ ပြယုဂ်တစ်ခုကြောင့် ကျွန်တော် ရင်ထိတ်သွားမိ၏။

ဘယ့်တွက်မူ ဆင်မလေးသည် တဖျပ်ဖျပ်လှုပ်ခတ်နေသည့် သူ့နားရွက်မှာ ရုတ်ခြည်း လုံးဝငြိမ်ကျသွားကာ မျက်လုံးသေကြီး ဖြစ်သွားသောကြောင့်ပင်။

ဆင်တို့၏ ထိုအပြုအမူ လက္ခဏာသည် တစ်စုံတစ်ဦးကို တိုက်ခိုက်ရန်ပြုလို၍ ဆင်ကြံ ကြံနေခြင်းပင် ဖြစ်ချေ၏။

ထိုသည်ကို မြင်လိုက် သိလိုက်သော ကျွန်တော်က ဦးသိန်းထွန်းကို ပြောပြရန် စဉ်းစားလိုက်ချိန်မှာပင် ဆင်မလေးသည် “ဝူးခနဲ” ဝမ်းခေါင်းသံကြီးဖြင့် အော်မြည်လိုက်ရင်း သူ့ဦးကင်းပေါ်ရှိ ဆင်ဦးစီးလေးကို ခါယမ်းချကာ ကြီးမားသော ခြေထောက်ကြီးဖြင့် တစ်ချက်ဖိနင်းပြီးလျှင် တောင်ကုန်းလေးအတွင်း တောဘက်သို့ ပြေးထွက်သွားလေတော့၏။

“အား…”

“အို”

“ဟာ”

လျှပ်တစ်ပြက် ဖြစ်လာသော ပုန်ကန်မှုပင် ဖြစ်ချေ၏။

သို့ဖြစ်ခြင်းကြောင့် ကျွန်တော်တို့သည် ဆင်ဦးစီးလေးထံသို့ ပြေးသွားလိုက်ကြသည်။ မမြင်ရက်စရာ မြင်ကွင်းဖြစ်၏။

ဆင်ဦးစီးလေး ပါးစပ်တွင်းမှ သွေးတို့ တပွက်ပွက် အံထွက်နေ၏။ ဝေဒနာခံစားနေရသည့် ကြားမှ ဦးသိန်းထွန်းကို မျက်နှာငယ်လေးဖြင့် ကြည့်နေရှာ၏။ တစ်စုံတစ်ရာ ပြောနေပုံရ၏။ လေသံက သဲ့သဲ့။

သို့ဖြစ်၍ ကျွန်တော်က သူ့ပါးစပ်နားသို့ ကျွန်တော့်နားကို ကပ်ပေးလိုက်သည်။

သဲ့သဲ့ ကြားလိုက်ရသည့် သူ့စကားသံသည် ကျွန်တော့်နှလုံးသားကို ဆုပ်ခြေလိုက်သလို ခံစားလိုက်ရ၏။ ဆင်ဦးစီးလေးအတွက် စိတ်မကောင်း ဖြစ်ကြရသည့် အထဲတွင် ကျွန်တော်သည် မျက်ရည်များပင် ကျမိတော့၏။

“သူ. . . ဘာပြောတာလဲ”

ဦးသိန်းထွန်းက မေးလာ၏။ ကျွန်တော် ခေါင်းခါပြလိုက်သည်။

ကျွန်တော် မပြောချင်ပါ။ မည်သူ့ကိုမျှ ပြောလိုစိတ် မရှိပါ။ ဘယ့်တွက်မူ မည်သူမျှ သူ့စကားကို လက်ခံကြလိမ့်မည် မဟုတ်၍ပင်။

“ကဲ … ဒီလိုလုပ်ဗျာ၊ မောင်မောင်က ကျွန်တော်နဲ့ ဒီကောင်လေးကို ပျဉ်းမနားဆေးရုံသို့ ပို့ပြီး အမှုဖွင့်ကြမယ်။ ပြီးတော့ ဒီကောင်မကို အရှင်ဖမ်းမယ်။ လူကို ထပ်အန္တရာယ်ပြုလာမယ်ဆိုရင် အသေပစ်ဖမ်းဖို့ အထက်လူကြီးဆီက အမိန့်တောင်းခံလာမယ်။ ကိုပိုက်နဲ့ ကိုလင်းတို့ဟာ ဆင်ခေါင်းကြီး ကိုခင်မောင်မြင့်တို့အဖွဲ့နဲ့ လိုက်ပါကူညီပေးစေချင်တယ်”

ဟု ပြောကာ ကားခေါင်းဝါကြီးဖြင့် လူနာဆင်ဦးစီးလေးကို တင်လျက် တစ်ရှူးထိုး မောင်းထွက်သွားတော့၏။

ခွန်ဝင်ဆင်စခန်းသည် ညက လှပသော ပန်းချီကားတစ်ချပ်နှယ် ရှိခဲ့ငြား၊ ယခုမူ သွေးရောင်ဆေးနီတို့ဖြင့် ပက်ဖျန်းဖျက်ဆီးခြင်း ခံလိုက်ရဘိသကဲသို့ ဖြစ်ချေတော့၏။

“ညက ငှက်ဆိုးသံကြောင့် စခန်းမှာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ ကြိုသိနေတယ်ဗျာ”

ဆင်ခေါင်းကြီးကိုခင်မောင်မြင့်က သို့နှယ် ညည်းတွားလေတော့၏။

ကျွန်တော်တို့သည် အားချင်းပင် ဆင်မလေးထွက်ပြေးရာ အရပ်ဆီသို့ ခြေရာကောက်လိုက်ခဲ့ကြသည်။

နှစ်မိုင်ခရီးခန့် ခြေရာလက်ရာတွေ့ခဲ့ကြငြား ရှေ့လျှောက်ခရီးတွင်မူ ခြေရာလက်ရာ ပျောက်ခဲ့ရတော့သဖြင့် စမ်းတဝါးဝါးဖြင့် သွားလာရင်း တစ်နေ့တာ ကုန်ခဲ့ရသည်။

နှစ်ရက်ခန့် ဆက်တိုက် တောနင်းရှာခဲ့ကြ၏။ ရှာလေ ဝေးလေ ဖြစ်သည်။

သုံးရက်မြောက်နေ့တွင် ဦးသိန်းထွန်း ပြန်ရောက်လာ၏။ အံ့ဖွယ် မဟုတ်သော သတင်းဆိုးပါလာ၏။

ထိုနေ့မှာပင် ဆင်ဦးစီးလေးမှာ ဆေးရုံ မရောက်ခင် လမ်းခုလတ်တွင်ပင် သေဆုံးသွားသည်ဟု သိရ၏။

ဦးသိန်းထွန်း ရောက်လာပြီး တောတောင်အတွင်း ညအိပ်ညနေ တောနင်းရှာခဲ့ကြငြား လေးငါးရက် အချိန်ကုန်ခဲ့၏ … မတွေ့။

သို့ကြောင့် ကျွန်တော်သည် ဆင်ဦးစီးလေး မသေခင် ပြောခဲ့သည့် စကားကို အားလုံးသို့ ဖွင့်ပြောလိက်တော့၏။

“ဆင်မလေးကို ပစ်ခတ်မဖမ်းကြပါနဲ့၊ လွယ်လင့်တကူ ဖမ်းချင်ရင် မော်လမြိုင်မှာရှိတဲ့ သူ့အမေကြီးရှိရာ ဆင်တဲဝိုင်းကနေ စောင့်ဖမ်းကြပါ။ မလွဲမသွေ သူ့အမေ ဆင်မကြီးဆီကို ရောက်လာပါလိမ့်မယ်”

ဟူ၍ ဖြစ်သည်။

“အေးလေ … နောက်ဆုံးတော့ ဖိုးခွား ပြောသလို လုပ်ကြည့်တာပေါ့”

ဆိုကာ ဦးသိန်းထွန်းသည် လင်းမြင့်လှိုင်နှင့် ကျွန်တော်တို့ကို ခေါ်၍ မော်လမြိုင်သို့ ထွက်ခဲ့သည်။

မော်လမြိုင်သို့ ရောက်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ဆင်မလေး ပန်းမြိုင်သည် ဆင်ဦးစီးလေး ပြောသလို သူ့အမေ ဆင်မကြီးရှိရာ ဆင်တဲဝိုင်းသို့ ရောက်လာသည်။

သို့ ရောက်လာပုံမှာ ထူးဆန်းလှပေ၏။

တစ်စုံတစ်ဦး၏ အမိန့်သံကို နာခံလျက် ဖြည်းလေးသော ခြေလှမ်းများဖြင့် ရောက်လာခြင်း ဖြစ်ပေတော့သည်။

(ပျဉ်းမနား၊ နန်ချိုသစ်တော ကြိုးဝိုင်းခရီးစဉ် အမှတ်တရ)

မနုစာရီ၊ ၂ဝဝ၂ ခုနှစ်၊ ဩဂုတ်လ

– ပြီး –

စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *