ထောင်မှူးကြီးသိန်းဝင်း

၁၉၈၅ ခုနစ် မေလဆန်းပိုင်းက ဖြစ်သည်။ ကျွန်တော်တို့ ကော့သောင်းမြို့ ဆီအုန်းစိုက်ပျိုးရေးစခန်းများတွင် အုပ်စုကြီးသုံးခု ခွဲထားရာ ပါဆယ်ပါညန်းအုပ်စု၊ အော်ကြီးအုပ်စု၊ ဟပ်စတင်းအုပ်စု ဟူ၍ဖြစ်သည်။

ပါဆယ်ပါညန်းအုပ်စုမှာ ရေတံခွန်စခန်း၊ ပါဆယ်ပါညန်းစခန်း၊ အောက်ချိုင့်စခန်းနှင့် လဲမွန်စခန်းတို့ ပါဝင်သည်။ လဲမွန်စခန်းတွင် ကွပ်ကဲမှုဌာနချုပ်အဖြစ် ဖွင့်လှစ်ထားပြီး စခန်းများတာဝန်ခံအဖြစ် ထောင်ပိုင်ကြီးဦးဘညိုက အုပ်ချုပ်သည်။

ယနေ့ မော်လမြိုင်အုပ်စု၊ ညွှန်ကြားရေးမှူး ဦးမင်းဆွေ ဆီအုန်းစိုက်ပျိုးရေးစခန်းများအား စစ်ဆေးရန် လေယာဉ်ဖြင့် ရောက်ရှိလာမည်ဖြစ်သဖြင့် ကော့သောင်းမြို့နှင့် အနီးဆုံး ကျွန်တော်တို့ ပါဆယ်ပါညန်းစခန်းတာဝန်ခံ ထောင်ပိုင် ဦးဟန်မြင့်၊ ရေတံခွန်စခန်းတာဝန်ခံ ထောင်မှူးကြီး ဦးကျော်ရှိန်၊ အောက်ချိုင့်ခြံစခန်းတာဝန်ခံ ကျွန်တော်နှင့် လဲမွန်စခန်းတာဝန်ခံ ထောင်မှူးကြီးဦးအုန်းမောင်တို့ ပါဆယ်ပါညန်၊ အုပ်စုတွင် စုရပ်လုပ်ကြပြီး Hino Ranger ကားဖြင့် ခုနစ်မိုင်လေယာဉ်ကွင်းသို့ မနက်ကိုးနာရီအချိန်တွင် စခန်းမှ ထွက်ခွာလာခဲ့ကြပါသည်။

စခန်းလမ်းများမှာ တောင်ဆင်းတောင်တက်မြေလမ်းဖြစ်သည်။ ဆီအုန်းခင်းများအကြားမှ လမ်းဖြစ်ပြီး အင်မဒိုင်း၊ ပါဆယ်ပါညန်း ရေတံခွန်ရွာများကို ခုနစ်မိုင်ခန့် တောလမ်းခရီးဖြတ်သန်းပြီးမှ ကော့သောင်း၊ ဘန်းကချွန်သွား ကတ္တရာကားလမ်းဘေးရှိ (၁ဝ)မိုင်ရွာသို့ ရောက်သည်။ (၁ဝ)မိုင်ရွာမှ သုံးမိုင်ခန့်သွားလျှင် ခုနစ်မိုင်လေယာဉ်ကွင်းသို့ ရောက်ရှိပါသည်။

လေယာဉ်ကွင်းသို့ ကျွန်တော်တို့ကား (၁ဝ)နာရီတွင် ရောက်ရှိသဖြင့် စောင့်ဆိုင်းနေကြရာ မနက် (၁ဝး၄၅) တွင် လေယာဉ်ကွင်း အချက်ပေးသံချောင်းခေါက်သံ ကြားရပြီး လေယာဉ်ပျံသံကို စတင်ကြားရတော့သည်။

သို့သော် လေယာဉ်ပျံကို မမြင်ကြရသေးပါ။ (၁၀:၅၀)နာရီ အချိန်တွင် ဘင်္ဂလားပင်လယ်အော် ပေါ်မှ ဖြတ်သန်းပျံလာသည့် လေယာဉ်ပျံကို မြင်ရသည်။

(၁၁)နာရီထိုးခါနီးအချိန်တွင် ဖော်ကာလေယာဉ်ကြီးကွင်းအားပတ်ပြီး တဖြည်းဖြည်း နိမ့်ဆင်းလာပါသည်။ ကျွန်တော်တို့ ညွှန်မှူးအား ကြိုဆိုကြပြီး ပါဆယ်ပါညန်းစခန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။

ထိုအချိန်က သုံးမိုင်စခန်းတွင် အကျဉ်းဦးစီးဌာနဧည့်ဂေဟာက ဆောက်လုပ်ဆဲဖြစ်သည်။

ပါဆယ်ပါညန်းစခန်းတွင် ညွှန်မှူးအား ခေတ္တအနားယူစေပြီး ကြိုတင်စီစဉ်ထားသော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပါသည်။ တောတွင်းစခန်းဖြစ်၍ တောကောင်ဟင်းများ အတော်စုံလင်ပါသည်။ ညွှန်မှူးလည်း သဘောကျသည်။

ညနေပိုင်းတွင် ဆီအုန်းခင်းများ အခြေအနေအား ရေတံခွန်၊ ပါဆယ်ပါညန်း၊ အောက်ချိုင့်၊ လဲမွန်ခြံများ အခြေအနေအလိုက် စခန်းတာဝန်ခံများကို ကိုယ်တိုင်တစ်ဦးချင်း၊ တစ်ခြံချင်း၊ မြေပုံကားချပ်များ ကို ထောက်၍ ရှင်းလင်းပြရပါသည်။

ညွှန်မှူးပီအေ ထောင်မှူးဦးဇော်အုန်းက မှတ်တမ်းယူသည်။

ညနေငါးနာရီတွင် အစည်းအဝေးပြီးဆုံး၍ နားကြသည်။ ညွှန်မှူးအနေဖြင့် မနက်ဖြန်မနက်တွင် အော်ကြီးစခန်းများနှင့် ဟပ်စတင်းစခန်းများကို သွားရောက်စစ်ဆေးမည်ဖြစ်သည်။

ရေမိုးချိုး ခေတ္တနားကြပြီး ညနေခြောက်နာရီအချိန်တွင် ပါဆယ်ပါညန်းစခန်းအုပ်စု၊ ထောင်ပိုင်ဦးဟန်မြင့်က ညစာစားပွဲဖြင့် ဧည့်ခံရာ ကျွန်တော်တို့အဖွဲ့လည်း ပါဝင်နွှဲရတော့သည်။

ညွှန်မှူးဦးမင်းဆွေမှာ အရက်ဝိုင်းတွင် လက်အောက်ခံအရာရှိများဖြင့် သောက်ပြီး ပုံတိုပတ်စများ၊ အတွေ့အကြုံများ၊ ဟာသများ အပြောကောင်း၍ အရက်ဝိုင်းမှာ တဝါးဝါး တဟားဟားဖြင့် လွန်စွာစည်ကားလှသည်။

ကျွန်တော်တို့စခန်းများမှာ တောတွင်းစခန်းများဖြစ်ကြသော်လည်း နယ်စပ်ဒေသဖြစ်သဖြင့် နိုင်ငံခြားအရက်မျိုးစုံသလို အမြည်းအတွက်လည်း ဒေသထွက် တောဝက်၊ ချေသား၊ မျောက်သား၊ တောကြက်၊ ရစ်နှင့် ဒေါင်းသားတို့ စုံလင်လှသည်။

ထို့ကြောင့် စားသောက် စကားကောင်းကြရင်း တဖြည်းဖြည်း ညဉ့်နက်လာသည်။ သောက်ဝိုင်း၊ ပြောဝိုင်းမှာ မပြတ်သေး။

ညစာထမင်းစားဖို့တော့ ဝေးသေးသည်။

[၂]

ညွှန်မှူးမှာ ပါဆယ်ပါညန်းစခန်း၌ပင် ညအိပ်မည်ဖြစ်ရာ အေးဆေးစွာ စားသောက်ပြောဆိုနေနိုင်သော်လည်း ကျွန်တော်နှင့် ထောင မှူးကြီးဦးကျော်ရှိန်တို့မှာ အောက်ချိုင့်စခန်းနှင့် ရေတံခွန်စခန်းများသို့ ပြန်အိပ်ကြရမည်ဖြစ်ရာ ဖင်တကြွကြွဖြင့် ရင်မောနေကြရတော့သည်။

ည (၁၁)နာရီထိုးမှ အရက်ဝိုင်းသိမ်းပြီး ညစာစားကြရာ ညမွန်းတည့် (၁၂)နာရီထိုးမှ စားသောက်ဝိုင်းပြီးစီးသည်။

ထိုမှ ကျွန်တော်နှင့် ဦးကျော်ရှိန်တို့ ညွှန်မှူးနှင့် ထောင်ပိုင် ဦးဟန်မြင့်အား နှုတ်ဆက်၍ လမ်းခွဲပြီး ပြန်ခဲ့ကြသည်။

ကျွန်တော်က အရှေ့ဘက်အရပ်၊ ဦးကျော်ရှိန်က အနောက်ဘက်အရပ်သို့ ဖြစ်သည်။ Honda ဆိုင်ကယ်ကိုယ်စီဖြင့် ပြန်ခဲ့ကြခြင်းဖြစ်သည်။

ဦးကျော်ရှိန် ပြန်ရမည့် ပါဆယ်ပါညန်းစခန်းမှ ရေတံခွန်စခန်းသို့ တောလမ်းခရီးမှာ ငါးမိုင်ခန့်ဝေးသော်လည်း လမ်းကောင်းသည်။ ကျွန်တော်ပြန်ရမည့် အောက်ချိုင့်ခြံစခန်းမှာ သုံးမိုင်ခန့်သာ ဝေးသော်လည်း ပါဆယ်ပါညန်းဆီအုန်းခင်းကြီးအား ဖြတ်ကျော်ပြီး အတွင်းလမ်းက သွားမည်ဆိုပါက ပိုနီးသည်။

သို့သော် ကျွန်တော်ကိုယ်တိုင် ပသျှူးသင်္ချိုင်းအား မွမ်းမံပြင်ဆင်၍ ဝန်ထမ်း၊ ရဲဘက်သင်္ချိုင်းအဖြစ် ပြုလုပ်ထားသော ပိတောက်ပင်များ၊ အုပ်အုပ်ဆိုင်းဆိုင်းနှင့် သင်္ချိုင်းကုန်းကြီးအား ညဥ့်သန်းခေါင် ကျော်အချိန်တွင် တစ်ယောက်တည်း မဖြတ်ရဲသဖြင့် ဘန်နွားရွာ၊ ဗွက်တောကြီးလမ်းဘက်မှသွား၍ ခက်ခက်ခဲခဲဖြတ်ကျော်ပြီး ပြန်ရန် ဆုံးဖြတ်ခဲ့ပါသည်။

တောလမ်းခရီးဖြစ်၍ ပတ်ဝန်းကျင်တွင် မီးအလင်းရောင် မရှိပါ။ သန်းခေါင်သန်းလွဲ လူခြေတိတ်အိပ်ချိန်ဖြစ်၍ လွန်စွာတိတ်ဆိတ်လှသည်။ လမိုက်ညဖြစ်၍ ဆိုင်ကယ်မီးကြီးအလင်းရောင်ကြောင့်သာ ရှေ့လမ်းကို မြင်နိုင်သည်။ ပုစဉ်းရင်ကွဲအော်သံကိုတော့ တစီစီကြားနေရသည်။ စပါးကွင်းနှင့် တောစပ်မှ ဗွက်ကြီးလမ်းကို ဖြတ်ကျော်ရသည်။

အနိမ့်ပိုင်းဖြစ်၍ ရေဝပ်နေသောကြောင့် ဤလမ်းမှာ အမြဲတမ်း ဗွက်ထနေတတ်သည်။ ဗွက်ချော်၍ ဆိုင်ကယ်မမှောက်စေရန် နံပါတ်ဝမ်းဂီယာကြီးသုံး၍ တဖြည်းဖြည်း ဖြတ်ကျော်ရသည်။

ဗွက်ကြီးလွန်တော့ ဘန်နွားရွာထဲသို့ ဝင်လာသည်။ ရွာမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ မီးရောင်ပင် မမြင်ရပါ။

ဘန်နွားရွာအစပ်မှ အောက်ချိုင့်ခြံလမ်းခွဲသို့ ဝင်ခဲ့ရာ လမ်းဘေးဝဲယာတွင် ကျယ်ဝန်းလှသော ပသျှူးခြံဝင်းကြီးများမှ သီဟိုပင်များက လမ်းမပေါ်သို့ လက်ယှက်ထိုး အုပ်မိုးနေကြသည်။ ခြံဝင်းကြီးများ ထဲ၌လည်း အုန်းပင်၊ သရက်ပင်၊ ကွမ်းသီးပင်၊ ငှက်ပျောပင်နှင့် ငရုတ်ကောင်းချုံကြီးများက အုပ်ဆိုင်းနေသဖြင့် မှောင်မည်းနေပြန်သည်။

လမ်းမှာ မြေလမ်းဖြစ်သော်လည်း ကျွန်တော်တို့စခန်းမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လုပ်အားပေးချဲ့ထွင်ဖောက်လုပ်ထားသဖြင့် ညီညာပြန့်ပြူးနေပါသည်။ ရွာစပ်လွန်သည်နှင့် စခန်းအဝင် ပသျှူးသင်္ချိုင်း အား ဖြတ်ရမည်ဖြစ်သည်။ ကိုယ့်လူမျိုးသင်္ချိုင်းမဟုတ်သဖြင့် ကျွန်တော် မကြောက်ပါ။

ဆိုင်ကယ်ရှေ့မီးကြီးအလင်းရောင်အောက်တွင် လမ်းဘေး ပသျှူးသင်္ချိုင်းမှ မြေပုံမို့မို့နှင့် မှတ်ပုံတိုင်ကလေးများအား အစီအရီ မြင်ရပြီးနောက် သင်္ချိုင်းအစပ်နှင့် ကျွန်တော်တို့စခန်းအဝင်လမ်းဆုံအနီး သို့ ရောက်လာသည်။

ထိုစဉ် ပြဿနာက စတော့သည်။

ဆိုင်ကယ်မီးရောင်ဖွေးဖွေးအောက်တွင် အမွေးစုတ်ဖွားဖွားနှင့် မည်းမည်းအကောင်ကြီးက လမ်းလယ်ခေါင်တွင် ဆောင့်ကြောင့်ထိုင်နေပြီး မျက်လုံးနှစ်လုံးမှာ မီးအလင်းရောင်ကြောင့် ဝင်းလက်တောက်နေသည်။

အစွယ်ဖွေးဖွေးကြီးနှစ်ချောင်းကလည်း ပြူး၍ ထွက်နေပြီး ကျွန်တော့်အား စိုက်ကြည့်နေခြင်းဖြစ်သည်။ လမိုက်ရက် ညဉ့်သန်းခေါင်ကျော် သင်္ချိုင်းကုန်းအနီး တစ်ဦးတည်းဖြစ်၍ ကျွန်တော် အတော်ဖြုံသွားသည်။ အကြောက်တရားက ဖိစီးပြီး ဇောချွေးများ ပြန်လာသဖြင့် ဆိုင်ကယ်ကိုရပ်ကာ စိုက်ကြည့်နေမိသည်။

သို့မှ တောဝက်သိုးကြီးဖြစ်မှန်း သိရတော့သည်။

ထို့ကြောင့် အသင့်ပါလာသော (၃၈) ဖို့ Colt အမျိုးအစား အင်္ဂလန်နိုင်ငံလုပ် ပြောင်းတိုခြောက်လုံးပြူးသေနတ်ကလေးအား ဘေးလွယ်အိတ်မှ ဆွဲထုတ်ပြီး မောင်းတင်လိုက်ရတော့သည်။ အကွာအဝေး ပေ(၂၀)ခန့်သာ ဝေးသဖြင့် ထိရောက်မှု ရှိ မရှိလည်း ချိန်ဆရသည်။

ထို့ကြောင့် ဆိုင်ကယ်ဂီယာအား Free လုပ်၊ ဘေးဒေါက်ထောက်ပြီး စက်ကုန်မြှင့် ဟွန်းတီး၊ ပါးစပ်မှလည်း တဟေးဟေးအော်ကာ ခြောက်လှန့်ရပါသည်။

သို့သော် တောဝက်ကြီးမှာ မပြေးသည့်အပြင် နေရာမှ ကုန်းထလာပြီး တဂူးဂူးမာန်သွင်း၍ ကျွန်တော့်အား ရန်မူတော့သည်။ မတတ်နိုင်တော့ပါ။ ထိရောက်မှုနည်းမှန်းသိသော်လည်း တောဝက်ကြီး မျက်လုံးနှစ်လုံးကြား ချိန်ရွယ်ပြီး နှစ်ဆင့်ဆွဲ၍ ပစ်ခတ်လိုက်ရတော့သည်။

“ဒိုင်း … ဒိုင်း”

တောဝက်တို့အကြောင်း ကောင်းစွာ သိထားသဖြင့် ပစ်ခတ်ပြီးသည်နှင့် ဆိုင်ကယ်အပေါ်မှ ညာဘက်သို့လှိမ့်ဆင်းပြီး မုဆိုးဒူးထောက် အသင့်နေရာယူလိုက်စဉ် မျှော်လင့်ကားသည့်အတိုင်း တောဝက်သိုးကြီးက ဆိုင်ကယ်အား တစ်ရှိန်ထိုး ပြေးထိုးပါတော့သည်။

“ဝုန်း … ဒုန်း … ဖောင်း … ဂူး … ဂူး … ဘုန်း”

ဆိုင်ကယ်မှာ ဝက်သိုးကြီးပက်သောအရှိန်ကြောင့် လမ်းမပေါ် ၌ ကန့်လန့်ဖြတ်လဲသော်လည်း စက်မရပ်။ မီးက မပိတ်ပါ။

ဆိုင်ကယ် စက်သံ၊ သေနတ်သံကြောင့် ထင်ပါသည်။ အနီးရှိ ခြံအတွင်းမှ ပသျှူးလူမျိုးတစ်ဦး မီးအိမ်ဆွဲ၍ ထွက်လာရာ ကျွန်တော့်ကို ယူနီဖောင်းဖြင့် မြင်သည်နှင့် …

“ဆရာ … ဆရာ… ဘာဖြစ်၊ ကျွန်တော်ဘာလုပ်ပေးရ”

“မူး … မူး (ဝက် … ဝက်) ကျွန်တော်ကို ရန်မူလို့ ပစ်လိုက်ရတာ”

“မူးနော် ဆရာ ၊ အလွန်ကြောက်ဖို့ကောင်း … ဆရာ
ကံကောင်း”

ကျွန်တော် လဲနေသော ဆိုင်ကယ်အား ပြန်ထောင်နေစဉ် သူက မီးပြပေးပါသည်။ ဆိုင်ကယ်မှာ ရှေ့ဘီးတာယာ ပေါက်ကွဲသွားပြီး ခွေလည်း ခွေသွားသဖြင့် တွန်း၍ပင် မရနိုင်တော့ပါ။ ထို့ကြောင့် ကျွန်တော် စက်ကိုပိတ်လိုက်တော့ မီးလည်းမှိတ်သွားသည်။

ထိုအချိန်တွင် အောက်ချိုင့်ခြံစခန်းဘက်မှ ခွေးဟောင်သံနှင့် လူသံများကို ကြားလိုက်ရသည်။

ကျွန်တော့် သေနတ်သံကြောင့် စခန်းမှ တပ်ကြပ်ဦးထွန်းမောင်နှင့်အဖွဲ့ မီးတုတ်ကိုယ်စီ၊ သေနတ်ကိုယ်စီကိုင်၍ ပြေးလာကြခြင်းဖြစ်သည်။

ရှေ့ဆုံးမှ ကျွန်တော့်အချစ်တော် ဘိုဖြူနှင့် ဘိုနီဟူသော ခွေးနှစ်ကောင်လည်း ပါလာသည်။

အနီးရောက်တော့ တပ်ကြပ်ကြီး ဦးထွန်းမောင်က

“ဆရာ မဟုတ်လား။ ဘာဖြစ်တာလဲ ဆရာ”

“လမ်းမပေါ်မှ တောဝက်ကြီးနဲ့ တိုးလို့ဗျို့။ မရှောင်ဘဲ ရန်မူတာနဲ့ ပစ်လိုက်ရတယ်။ တောဝက်ကြီးတော့ သေပါပြီ။ ကျွန်တော်ကတော့ လှိမ့်ချလို့ ပွန်းရုံပဲ့ရုံပါပဲ။ ဆိုင်ကယ်တော့ ပျက်သွားပြီ”

“တော်သေးတာပေါ့ ဆရာရယ်။ ကျွန်တော်တို့ ဆရာနောက်ကျနေတာနဲ့ လိုက်ရကောင်းနိုးနိုး မျှော်နေကြတာ။ ဆိုင်ကယ်သံကြားပြီး သေနတ်သံကြားရတာနဲ့ ချက်ချင်းလိုက်လာကြတာ။ ဆရာ့ခွေးတွေက အစောကြီးကတည်းက သိနေကြတယ်ထင်ပါရဲ့။ ရုံးခန်းတံခါးပိတ်ပြီး သွင်းထားတာ။ အတင်းတိုးထွက်နေကြတယ်။ မသေကောင်း မပျောက်ကောင်း ဆရာရယ်။ ဝက်သိုးကြီးကို ခြောက်လုံးပြူးကလေးနဲ့ ပစ်ရတယ်လို့ အံ့ဩစရာပဲ”

“မပစ်ချင်လို့ ရှောင်တာပဲ ဦးထွန်းမောင်ရေ။ မရတော့လည်း အနီးကပ် လေးချက်တောင် ချက်ကောင်းထိတော့ သေတာပါပဲ။ ဒါတောင် မသေခင် ဆိုင်ကယ်ကို ဝင်ကျုံးသွားသေးတယ်။ လူဆိုရင်တော့ သွားပြီပေါ့ဗျာ”

ထိုစဉ် ခွေးနှစ်ကောင်က ကျွန်တော့ကိုယ်ပေါ်သို့ မတ်တတ်ရပ်ပြီး ခုန်တက်၍ နှုတ်ဆက်ကြသည်။ ပြီးနောက် ဝက်ကြီးအား မြင်သဖြင့် တဝုတ်ဝုတ် ထိုးဟောင်နေကြသည်။

ထို့နောက် ကျွန်တော်၏တပည့်ကျော် ရုံးခန်းစောင့်သံချောင်းနှင့် ရဲဘက်ကြီးအဖွဲ့ တုတ်၊ ဓားများ ကိုင်ဆောင်၍ ရောက်လာကြပြန်သည်။ ကျွန်တော့်အပေါ် လေးစားချစ်ခင်ကြမှုအား ယခုမှ မျက်ဝါးထင်ထင် မြင်တွေ့ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။

ထို့ကြောင့် ကျွန်တော်က …

“ကဲ … သံချောင်းနဲ့ ရဲဘက်ကြီးအဖွဲ့ ဒီမီးအိမ်ကိုင်ထားတဲ့ ဆရာကြီးဆီက ကြိုးငှား၊ အနီးပတ်ဝန်းကျင်က ဝါးခုတ်၊ မင်းတို့အဖွဲ့ လူအင်အားတောင့်သားပဲ။ ဝက်ရော၊ ဆိုင်ကယ်ရော ထမ်းပြီးပြန်ခဲ့ကြ။ ငါတို့ ပြန်နှင့်မယ်။ မီးပြတဲ့ ဆရာကြီး … ကူညီတာကို ကျေးဇူးတင်ပါတယ်”

“ရ … ဆရာ။ ကျွန်တော့်အိမ်မှာ လှေချည်တဲ့ကြိုးတွေ ရှိပါတယ်။ ကြိုးဟောင်းတွေဆိုတော့ ပြန်ပေးစရာမလိုပါဘူး”

အခုမှ ကျွန်တော် သတိရမိသည်။ ပသျှူးလူမျိုးနှင့် ဝက်မှာ မတည့်ပါ။ ဝက်ကိုမြင်လျှင်ပင် မျက်တောင်မွေးကို နုတ်ပစ်ရသည်ဟု အဆိုရှိသည်။ အားနာလှသော်လည်း ကျွန်တော် ငြိမ်နေလိုက်သည်။

စခန်းနှင့် အခင်းဖြစ်နေရာမှာ မဝေးလှသဖြင့် ကျွန်တော်တို့အဖွဲ့ ပြန်လာရာ (၁ဝ)မိနစ်ခန့်နှင့် စခန်းသို့ ပြန်ရောက်သည်။

တပ်ကြပ်ကြီး ဦးထွန်းမောင်နှင့် အဖွဲ့ကတော့ မနက်ဖြန်မနက်စာ ရဲဘက်နှင့် ဝန်ထမ်းများအားကျွေးမွေးရန် တောဝက်သိုးကြီးအား ဖျက်၍ တစ်ညလုံး ချက်ကြလိမ့်မည်ဖြစ်သည်။

ကံကောင်းထောက်မသဖြင့် အသက်ဘေးမှ သီသီကလေး လွတ်ခဲ့ရသော ကျွန်တော့်အတွက်တော့ နောင်တွင် ညဘက် တောလမ်းခရီးကို တစ်ဦးတည်း အရဲစွန့်၍ မပြန်ရန် ဆုံးဖြတ်မိသည်။ ယခုအဖြစ်အပျက်ကိုလည်း အ,ကာလ မရဏပုံပြင်ဟုသာ မှတ်ယူလိုက်တော့သတည်း။

မှတ်ချက်

ကော့သောင်း ဆီအုန်းစခန်းများအကြောင်း ရေးသားရန် တိုက်တွန်းကြသူများအတွက် အမှတ်တရ ရေးခြင်းဖြစ်ပါသည်။

– ပြီး –

စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ