အခန်း(၇)မှာ ကျမရှိတယ် (စ/ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ-ဧကန်မင်း
“ဒီတစ်ခါတည်းပါ”
“ဘာကွ အဲဒီ ဒီတစ်ခါဆိုတာ အကြိမ်ဘယ်
လောက်များပြီလဲ မင်းမှာ တင်နေတဲ့ အကြွေး
တောင် မကျသေးဘူး၊ ထပ်ယူချင်နေသေး
တယ်။ သွား… သွား …ပိုက်ဆံမပါဘဲ ငါ့ဆီ
ဘယ်တော့မှ မလာနဲ့ “
“ခင်ဗျား…အဲဒီလို မရက်စက်ပါနဲ့ဗျာ…ကျုပ်
မခံနိုင်တော့လို့ပါ …ဒီ…ဒီ…တစ်ခါတည်းပါ”
“ဝုန်း”
ထိုအခန်းရှင်က တံခါးကို ဆောင့်ပိတ်လိုက်သည်။
မျက်နှာငယ်နှင့် ရပ်နေသော အသက်နှစ်ဆယ်ခန့်
ရှိ လူရွယ် ခေါင်းငိုက်စိုက်ကျပြီး ကျန်ခဲ့သည်။
သူတစ်ကိုယ်လုံး တုန်နေသည်။ ဒီနေ့တော့ သူ့
သွေးသားကို ငြိမ်အောင်လုပ်ရန် မတတ်နိုင်
တော့၊ လမ်းစက ပျောက်သွားပြီဖြစ်သည်။ သို့
ကြောင့် ငါးလွှာမှနေ၍ စိတ်ဓါတ်ကျစွာ လှေ
ကားအတိုင်း ပြန်ဆင်းလာခဲ့သည်။
တတိယအထပ် လှေကားတစ်ဆစ်ချိုးအကွေ့
မှာ အလုပ်မှ ပြန်လာသော အမျိုးသမီးတစ်
ယောက်နှင့် ဘေးချင်းကပ် ရှောင်လိုက်မိသည်။
အမျိုးသမီးက အသက်ဆယ့်ရှစ်နှစ်ခန့်ရှိသည်
ဟု ထိုလူငယ် ခန့်မှန်း ကြည့်လိုက်သည်။
သူ့ဘေးမှာ ကပ်ရှောင်လိုက်သော အမျိုးသမီး
၏ လက်မှာ လက်ကောက်နှစ်ကွင်းနှင့် လည်
ပင်းမှ တစ်ထွာခန့် တွဲကျနေသော ဆွဲကြိုးတစ်
ကုံးကို မြင်လိုက်သည်။ ထိုမိန်းကလေးက သူ့
ဘေးကပ်ရက်ရှိသော အခန်းတံခါးကို ဖွင့်ဝင်
နေသည်။ ထို့နောက် ဘာမှ မစဉ်းစားတော့ဘဲ
ထိုမိန်းကလေး တံခါး မပိတ်ခင် အတင်းတိုး
ဝင်လိုက်ပြီး မိန်းကလေးလက်မှ တံခါးဘုကို
ဆွဲယူ၍ ပိတ်လိုက်သည်။
“ရှင်…ရှင်…ဘယ်သူလဲ”
“အခု …အခန်းထဲကထွက်”
“မင်းပါးစပ်ပိတ်ထားစမ်း”
လူရွယ်က အမျိုးသမီးမျက်နှာကို လက်သီးနှင့်
အားကုန် ပစ်သွင်း၍ ထိုးလိုက်သည်။ အမျိုးသ
မီး တစ်ဖက်သို့ ခေါင်းလည်ထွက်သွားသည်နှင့်
နောက်က သိုင်းဖက်လိုက်သည်။
“မအော်နဲ့ အော်ရင် နင့်လည်ပင်းကို ညှစ်သတ်
ပစ်လိုက်မယ်”
“လွှတ်…လွှတ် …ခွေးကျင့်ခွေးကြံ မကြံနဲ့ “
“နင့်ကို …ငါ ဘာခွေးကျင့်ခွေးကြံမှ မကြံဘူး၊
နင့်လက်ထဲက လက်ကောက်နဲ့ နင့်လည်ပင်း
က ဆွဲကြိုးကို အခု ချွတ်ပေးစမ်း…မြန်မြန်
အသာတကြည်ပေးရင် …ဘာမှ မလုပ်ဘူး”
“မပေးဘူး၊ မပေးဘူး”
“အသာတကြည် မပေးရင်…ငါ့ နင်ကို သတ်
ပြီး ယူရမယ်”
“မပေးဘူး၊ အခု အခန်းထဲက ထွက် မထွက်ရင်
အော်လိုက်မယ်”
“ဟေ့ …နင့်အသံက အကျယ်ကြီး ထွက်တာနဲ့
နင့်ကို ငါ သတ်ပြီးသားပဲ”
ဘယ်လိုမှ တောင်းမရ၊ မိန်းခလေးက အတင်း
ရုန်းကန်ထွက်နေသည်။ လူရွယ်က မိန်းကလေး
ကို ချုပ်ထားသလို ပါးစပ်က မအော်နိုင်ရန်လည်း
ကြိုးစားနေရသည်။
ထို့ကြောင့် အနီးမှာ မနက်ပိုင်း အလုပ်သို့ ကမန်း
ကတန်း ထွက်သွားရသဖြင့် တိုက်လက်စမီးပူကို
ပလပ်ဖြုတ်ပြီး မသိမ်းထားခဲ့ရသေးသည်ကို တွေ့
လိုက်သည်။ ထိုမီးပူမှ ကြိုးကို လက်တစ်ဖက်ဖြင့်
လှမ်းယူပြီးမိန်းကလေး၏ လည်ပင်းကို ရစ်ပတ်
လိုက်သည်။ ထို့နောက် တင်းနိုင်သမျှ တင်း
အောင်ရစ်ပတ် ဆွဲလိုက်သည်။
မိန်းကလေး အသက်ရှုကြပ်ပြီး အကြောဆွဲ
ကာ မကြာခင်မှာပင် အသက်သေဆုံးသွား
သည်။ မိန်းကလေးသေဆုံးသွားမှန်း သိသည်
နှင့် လက်ကောက်နှစ်ကွင်း၊ ဆွဲကြိုးတစ်ကုံး၊
ပိုက်ဆံအိတ်၊ ဟန်းဖုန်းပါ ယူပြီး တံခါးကို
အပြင်မှ ပိတ်လိုက်ကာ အောက်ထပ်သို့
ခပ်တည်တည်နှင့် ဆင်းခဲ့သည်။
မြေညီထပ်သို့ရောက်သောအခါ အသက် (၆၀)
ခန့်ရှိ အဖွားတစ်ယောက်ကို လှေကားထိပ်မှာ
ဆုံလိုက်သည်။ လူငယ်လည်း တိုက်မိမလို
ဖြစ်သွား၍ ကိုယ်ကို ထ်ိမ်းလိုက်သည်။
“ဟဲ့ကောင်လေး …ဘယ်အခန်းက ဆင်းလာ
တာလဲ”
“ငါးလွှာကပါ”
ထိုမျှပြောပြီး လူရွယ်လည်း လမ်းပေါ်သို့ သုတ်
သုတ် လှမ်း၍ ထွက်လာခဲ့သည်။ အချိန်က လမ်း
မီးများပင် ထွန်းထားပြီး လမ်းမတစ်လျှောက် အ
လုပ်ပြန်သူများဖြင့် စည်ကားနေသည်။
XXXXX
အုန်းမောင်းတစ်ယောက် ဝပ်ရှော့စောစော သိမ်း
မည်ဆိုပါသော်လည်း ကားတစ်စီးလက်စသတ်
သေးသဖြင့် ပြတ်အောင် ဆက်ပြီး ထိုင်နေလိုက်
သည်။ သူနှင့်အတူ သူ၏ လက်ထောက်ကောင်
လေး စိုးနိုင်တစ်ယောက်သာ ကျန်တော့သည်။
အလုပ်ချိန်ဆိုလျှင်တော့ ဝပ်ရှော့မှာ လုပ်သား
ငါးယောက် ဆိုင်မန်နေဂျာတစ်ယောက် ရှိသည်။
ယခု အလုပ်သိမ်းပြီး ပြန်သွားကြပြီ။ အုန်းမောင်
နှင့်အတူ ကောင်လေးစိုးနိုင်တို့ ဝပ်ရှော့မှ ညအိပ်
ညနေ နေကြသူများဖြစ်သဖြင့် သူများတွေ အ
လုပ်သိမ်းသွားသော်လည်း မသိမ်းသေးဘဲ
ဆက်လုပ်နေခြင်းဖြစ်သည်။
“စိုးနိုင် ခဏလာဦး၊ စက်ခေါင်းရှေ့မှာ လာနေစမ်း၊
ငါ…စက်သွားနှိုးကြည့်လိုက်မယ်”
အုန်းမောင် စက်ကို နှိုးကြည့်လိုက်သည်။
“ကဲ…ရပြီ၊ စက်ခေါင်းအဖုံး ပိတ်လိုက်တော့ “
အုန်းမောင်က ကားခေါင်းခန်းအတွင်းမှ ထွက်လာ
ပြီး၊ ကားတံခါးပိတ်လိုက်သည်။
“ကဲ…ကားကတော့ ပြီးပြီ၊ မနက်မှပဲ စမ်းသပ်
မောင်းကြည့်တော့မယ်”
“မင်း ထမင်းဆာပြီလား”
“မဆာသေးပါဘူး”
“ကဲ ရေချိုးလိုက်ရအောင် မဆာသေးဘူးဆိုပေ
မယ့် ညရှစ်နာရီလောက်မှ သွားစားလို့ကတော့
ဘာဟင်းမှ ရတော့မှာ မဟုတ်ဘူး”
အုန်းမောင်တို့က အလုပ်ပါးသော ရက်ဆိုလျှင်
ဝပ်ရှော့မှာပင် ချက်ပြုတ်နေသည်။ အလုပ်များ
သော ရက်ဆိုလျှင် တစ်ခြံကျော်မှ ဖွင့်ထားသော
ထမင်းဆိုင်တွင် ဝယ်စားနေကျ။ ယနေ့ညနေစာ
ကို ဆိုင်မှာပင် စားရတော့မည်ဖြစ်သည်။
သို့ကြောင့် ဓါတ်ဆီနှင့် လက်မှာပေကပ်နေသော
ဆီဂျီးများကို ဆေးလိုက်သည်။ စိုးနိုင်က ရေချိုး
နေရင်းက…
“ကိုအုန်းမောင်ရေ …ကိုအုန်းမောင်”
“ဟေ့ကောင် …အနားကပ်ပြီး စွတ်အော်နေတယ်”
“ဟိုမှာ …ကျတော်တို့ အိပ်တဲ့ အခန်းထဲကို အစ်
ကိုတို့ ရွာက ဆိုတဲ့ အစ်မကြီး ဝင်သွားတာ တွေ့
လိုက်တယ်”
“ဟာ…ဒီအချိန်မှ ဘာလာလုပ်တာလဲ”
“ဟို…ပြီးခဲ့တဲ့အပတ်က ငါ့ဆီမှာ ပိုက်ဆံလာ
ချေးတဲ့ မြမြလား”
“ဟုတ်တယ်…မြန်မြန်ချိုး၊ အားနာဖို့ကောင်းတယ်”
“ငါ့ကို လခထုတ်မှ ပြန်ဆပ်မယ်လို့ ပြောသွား
တယ်။ အခု…လကုန်ဖို့ ငါးရက်လိုသေးတယ်။
လာပြန်ဆပ်တာတော့ မဖြစ်နိုင်ဘူး၊ ထပ်ပြီး
လာချေးတာနဲ့ တူတယ်”
“ကိုအုန်းမောင်က နောက်ပိုးကြေးနဲ့ ချေးနေတာ မဟုတ်လား”
“ငါတို့က ရိုးရိုးသားသားပါကွာ”
“ကဲ …ပြီးပြီ၊ သွားနှင့်မယ်”
“ကိုအုန်းမောင် စောင့်ဦး၊ ကျတော်လည်း ပြီးပြီ”
“လိုက်ခဲ့ကွာ၊ ငါ သွားနှင့်မယ်”
အုန်းမောင်လည်း အခန်းထဲမှာ မြမြကို ရှာသည်။
မတွေ့…နောက်ဘက်များ ထွက်သွားသည်လား။
လှည့်ပတ်ရှာသည် မတွေ့။
“ဟေ့ကောင် စိုးနိုင်၊ မင်း…တကယ်မြင်လိုက်
လို့လား”
“မြင်တာပေါ့၊ ရုံးအဝတ်အစားနဲ့ကို ဝင်လာတာ
ပြန်ထွက်တာလည်း မတွေ့ဘူးဆိုတော့ ဘယ်
မှာ ဝင်ပုန်းနေလဲ မသိတော့ဘူး”
“တော်ပြီ စိုးနိုင်၊ မင်းက ငါမြမြကို စိတ်ဝင်စား
နေတယ် ထင်ပြီ။ နောက်တာ မဟုတ်လား၊ မြ
မြဆိုတာနဲ့ ပြာယာခတ်မယ် ထင်လို့လား”
“တော်ပြီဗျာ…တကယ်ကို မြင်ခဲ့တာပဲ ကိုအုန်း
မောင်ကို စဖို့ နောက်ဖို့တောင် သတိမရဘူး”
“ကဲ…အဝတ်အစားလဲလိုက်၊ ထမင်းဆိုင်
သွားကြမယ်”
XXXXX
ညဆယ်နာရီကျော်ခန့် အုန်းမောင်နှင့် စိုးနိုင်တို့ အိပ်ရာပြင်ပြီး အိပ်ကြတော့သည်။ဆယ့်တစ်နာ
ရီထိုးမှပင် …အုန်းမောင် အိပ်ပျော်သွားခဲ့သည်။
အိပ်ပျော်ကာစပဲ ရှိသေးသည်။ မြမြကို အိပ်မက်
ထဲမှာ တွေ့နေရသည်။ မြမြက အုန်းမောင်အား
မျက်နှာညှိုးငယ်စွာနှင့် စကားပြောလာသည်။
“အုန်းမောင်…နင် ငါ့ဆီ တစ်ခါလောက် လာ
လည်ပါလား။ ငါ…နင့်အကူအညီလိုနေတယ်၊
ငါ…ငါ…စကား သိပ်မပြောနိုင်ဘူး။ ငါ့လည်
ပင်းတွေ နာနေတယ်၊ နင် ငါနေတဲ့ အခန်း
(၇)ကို လာခဲ့ပါလား၊ ငါစောင့်နေမယ်။ ငါ
နင်ရဲ့ အကူအညီ လိုနေတယ်”
ထိုကဲ့သို့ ပြောပြီး သူ့အနားက ထွက်သွားသည်။
ထို့နောက်အိပ်မက်ထဲမှာပင် အခိုးအငွေ့လို သူ့
အနားက ထွက်သွားသည်ကို မြင်နေရသည်။သန်း
ခေါင်ကျော်တော့ ရုတ်တရက် နိုးလာခဲ့သည်။ သို့
ကြောင့် ရေသန့်ဗူးထဲမှ ရေတစ်ခွက် ထည့်ပြီး
သောက်လိုက်သည်။
အိပ်မက်ထဲမှာ ပေါ်လာသော မြမြအကြောင်းကို
ခဏမျှ အတွေးထဲ ရောက်လာသေးသည်။
သူက အခန်းကို လာသည်ဟူသော စိုးနိုင်စကား
ကြောင့် စိတ်စွဲပြီး မက်သည်ဟုသာ ထင်လိုက်
သည်။ထို့ကြောင့် ပြန်အိပ်လိုက်သည်နှင့် မကြာ
ခင်မှာပဲ အိပ်ပျော်သွားတော့သည်။
XXXXX
နောက်နေ့ မိုးလင်းတော့ မျက်နှာသစ်ပြီး စိုးနိုင်
နှင့် နှစ်ယောက် လက်ဖက်ရည်ဆိုင်သို့ ထွက်
ခဲ့ကြသည်။
“စိုးနိုင် မင်း ငါ့ကို မြမြလာတယ်လို့ ပြောလို့လား
မသိဘူး။ ညက ငါ့အိပ်မက်ထဲမှာ မြမြရောက်လာ
တယ်ကွ”
“အင်း…ဆက်ပြောပါဦး”
“သူက အကူအညီတောင်းချင်လို့၊ သူ့အခန်းကို
လာလည်ပါဦးတဲ့၊ သူ့လည်ပင်းတွေ နာနေလို့
စကားမပြောပါနဲ့လို့ ပြောပြီး ပျောက်သွားတာပဲ”
“အင်း…စိတ်စွဲပြီး မက်တယ်ဆိုတော့ ညက သူ့
အကြောင်း ကိုအုန်းမောင် စဉ်းစာမိလို့ နေမှာပေါ့”
“ဟာကွာ…ဒီကောင်၊ ငါက သူ့ကို မကြိုက်ပါဘူး။
တစ်ရွာတည်းသားချင်းမို့ ရင်းနှီးတဲ့သဘောပါ”
“ကဲ …ဆိုင်ရောက်ပြီ၊ ကိုအုန်းမောင် ဆိုင်ထဲ
ဝင်ထိုင်နှင့်၊ ခဏနေမှာ လာခဲ့မယ်”
” မင်းက ဘယ်သွားမလို့လဲ”
“မုန့်ဟင်းခါး သွားစားမလို့ “
“ဟေ့ကောင် ဆိုင်မှာ …မုန့်ဟင်းခါးရောင်းတယ်
လေကွာ။ အခုမှ ထူးထူးခြားခြား”
“ထူးခြားဆို မုန့်ဟင်းခါးရောင်းတဲ့ အဒေါ်ကြီးနဲ့
ဝိုင်းကူရောင်းနေတဲ့ သူ့သမီးကို သဘောကျ
လို့ဗျို့”
“ဖြစ်မှ ဖြစ်ရလေကွာ”
ခဏနေ စိုးနိုင် ပြန်ရောက်လာသည်။
“ညနေ အလုပ်သိမ်းရင် …မြမြတို့ အခန်းကို
သွားလိုက်ဦးမယ်၊ သူ့ဆီရောက်ဖို့ လိုင်းကား
ကို လေးဆယ့်ငါးမိနစ်လောက် စီးရတယ်။
သူရုံးပြန်ရောက်ချိန်မှန်းပြီး သွားရင် ငါ…ည
ရှစ်နာရီလောက်မှ ပြန်ရောက်မယ် ..မင်း ငါ့
ကို မစောင့်ပဲ ညစာဝယ်စားနှင့်”
” ဟိုက စားခဲ့မယ် ဆိုပါတော့”
“မစားခဲ့ပါဘူးကွာ၊ ဒီကြမှ စားမှာပါ”
ထိုကဲ့သို့ ညနေသွားရန် စီစဉ်ထားပေမယ့် ညနေ
အပြီ၊ ယူမည် ချိန်းထားသော ကားရှိသဖြင့် ည
ခုနှစ်နာရီအထိ အရေးပေါ် ကားကို ပြီးစီးအောင်
ကိုင်နေရသည်။ သို့ကြောင့် ထိုညနေ မြမြနေ
သော အခန်းသို့ မသွားဖြစ်တော့။
လိုင်းကားနှင့်သွားရင်ပင် အသွားအပြန် တစ်
နာရီခွဲ နှစ်နာရီခန့် ကြာမည်ဖြစ်သဖြင့် မြမြထံ
သွားမည့် အစီအစဉ်ကို ဖျက်လိုက်ရသည်။ ည
စာ စားပြီးနောက် ခဏတဖြုတ်နေတော့ အိပ်
ရာဝင်ခဲ့သည်။ အိပ်ပျော်ပြီး မကြာခင်မှာပင်
အိပ်မက်ထဲမှာ ညှိုးငယ်သော မျက်နှာနှင့်
မြမြကိုတွေ့ရသည်။
သူနေသော အခန်း(၇)သို့ လာခဲ့စေလိုကြောင်း
သူ၏ အကူအညီလိုနေကြောင်း ပြောလျက် သူ့
အနီးက အခိုးအငွေ့အဖြစ်နှင့် ပျောက်ကွယ်
သွားသည်။
ထိုည လွန်မြောက်၍ မနက်မိုးလင်းသည်နှင့် အ
စာပြေစားရန် လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့
သည်။ လက်ဖက်ရည်ဆိုင်က ပြန်ရောက်သည်
နှင့် မြမြထံ ဖုန်းဆက်ကြည့်ရန် သတိရသွား
သည်။ မြမြပေးထားသော ဖုန်းနံပါတ်ကို အခန်း
က စာရင်းမှတ်သော စာအုပ်အတွင်း လှန်လှော
ရှာလိုက်သည်။
“တွေ့ပြီ”
အုန်းမောင်လည်း ဖုန်းနံမှတ်ပြီး မြမြထံ ဖုန်းလှမ်း
ဆက်လိုက်သည်။ တစ်ကြိမ်ဆက်လည်း ဖုန်းပိတ်
ထားသည်တဲ့။ နှစ်ကြိမ်ဆက်သည် ဖုန်းပိတ်ထား
သည်တဲ့။ သုံးကြိမ်မြောက်လည်း ဖုန်းပိတ်ထား
သည်ပဲ ပြန်ဖြေနေသည်။ နေခင်းရောက်တော့
ထပ်မံ ဆက်ကြည့်ပြန်သည်။
ထူးခြားမလာ။ ဖုန်းပိတ်ထားသည်ဟုသာ ဆက်
သွယ်ရေးက ပြန်ကြားနေသည်။ သို့ကြောင့် မြမြ
များ နေမကောင်းဖြစ်နေမလား မြမြအတွက် အ
စိုးရိမ် ပိုလာသဖြင့် မန်နေဂျာအား ညနေလေးနာ
ရီခန့် အပြင်ခဏ သွားလိုကြောင်း ပြောထား
လိုက်သည်။
ညနေလေးနာရီထိုးသည်နှင့် ရေမိုးချိုး အဝတ်အ
စားလဲကာ မြမြတို့နေသော မြို့နယ်သို့ ကားစီး၍
ထွက်ခဲ့သည်။ သူမြမြအခန်းသို့ ရောက်ချိန်ဆိုလျှင်
မြမြလည်း ရုံးမှ ပြန်ရောက်လောက်ပြီဖြစ်သည်။
သူလိုင်းကားကို လေးဆယ့်ငါးမိနစ်ခန့် စီးလိုက်
ရသည်။ ငါးနာရီကျော်မှ မြမြတို့နေသော တိုက်
ခန်းရှေ့သို့ ရောက်သည်။ မြမြက အဒေါ်မုဆိုး
မကြီးနှင့် အတူနေသည်။ အဒေါ်က အခန်းမှာ
မရှိဟု အုန်းမောင်သိသည်။
မြန်မာပြည်သား ဘုရားဖူးအဖွဲ့နှင့် အတူ ရွှေ
စက်တော်၊ ပုဂံ၊ အလောင်းတော်ကဿပ
ဆယ့်နှစ်ရက်ခရီးစဉ်နှင့် ပါသွားကြောင်း သိ
ရသည်။ အဒေါ်ဘုရားဖူးသွားရာမှာ ငွေရေး
ကြေးရေး ပြည့်စုံစွာ ပေးလိုက်ချင်သဖြင့် သူ့
ထံမှ ပိုက်ဆံခဏ လာယူသွားသေးသည်။
ယခုရက်ပိုင်း အဒေါ်က ဘုရားဖူးသွားနေသည်
ဖြစ်၍ အခန်းတွင် မြမြတစ်ယောက်တည်း ကျန်
ခဲ့မည်။ မြမြနေသော အခန်းက သုံးထပ်မှာ ရှိ
သည်။ အုန်းမာင်လည်း မြမြအခန်းသို့ တက်
လာခဲ့သည်။
အခန်းဝရောက်တော့ တံခါးခေါက်သည်။ အ
ကြိမ်ကြိမ်ခေါက်သည်၊ အတွင်းက တုန့်ပြန်သံ
မကြားရ။ သို့ကြောင့် မြမြရုံးက ပြန်မရောက်
သေးဘူးထင်၍ မြေညီထပ်သို့ ဆင်းလာခဲ့သည်။
လှေကားထိပ်မှာ ခဏမျှ ရပ်စောင့်နေသည်။
မြေညီထပ်တွင် စတိုးဆိုင်တစ်ဆိုင် ဖွင့်ထား
သဖြင့် ထိုဆိုင်အတွင်း ကောင်တာမှာ စျေး
ရောင်းနေသော အဒေါ်ကြီးထံမှ ဖုန်းငွေဖြည့်
ကဒ် တစ်ကဒ် ဝယ်လိုက်သည်။
“အဖွား…အဖွားက ဒီတိုက်ပိုင်ရှင်လား”
“ဟုတ်တယ်လေ…ကိစ္စရှိလို့လား”
“အဖွားရဲ့ တိုက်သုံးထပ်မှာ ငှားနေတဲ့ မြမြရဲ့
တစ်ရွာတည်းသား သူငယ်ချင်းပါ။ မြမြ နေမ
ကောင်းဘူးလားလို့ လာကြည့်တာပါ”
“အခန်းရောက်ပြီးပြီလား”
“ဟုတ်ကဲ့ သူ့အခန်းတံခါးသွားခေါက်တာ သူ
အခန်းထဲမှာ မရှိဘူး…အလုပ်က ပြန်မရောက်
သေးတာ ဖြစ်မယ်”
“ခါတိုင်းဆို သူ့အဒေါ် အခန်းမှာရှိတယ်။ ဒီအခန်း
က လူအချို့နဲ့ အတူ ဘုရားဖူးထွက်သွားလို့ အ
ခန်းမှာ မရှိဘူး”
“ဒီအကြောင်း ကျနော် သိပြီးပါပြီ
ကျနော် ခဏစောင့်လိုက်ဦးမယ်”
“သမီးရေ…ဒီကလေးကို ခုံတစ်လုံး ယူပေးလိုက်
ပါကွယ်”
“ဟာ…နေပါစေ၊ ကျနော် လှေကားဝကပဲ ရပ်
စောင့်နေလိုက်ပါမယ်”
“ခုံယူထိုင်ပါ”
အိမ်ရှင်အဖွားကြီး၏ သမီးက ခုံတစ်လုံး ယူလာ
ပေးသည်။
” သားနဲ့ မိတ်ဆွေတွေလား၊ အမျိုးလား”
“ကျနော်နဲ့ တစ်ရွာတည်းသားပါ၊ ကျနော် ဒီကို
သူအခန်းပြောင်းလာတဲ့နေ့က တစ်ခေါက်ပဲ
ရောက်ဖူးသေးတယ်။ ကျနော်တို့က ပဲခူးတိုင်း
ပြွန်တန်ဆာမြို့ကပါ”
“သြော် သိတယ်၊ မြင်းခြံသွားရင် ဖြတ်သွားဖြတ်
လာ တွေ့ဖူးတယ် “
” အခန်းထဲမှာများ နေမကောင်းလို့ အိပ်နေလား
မသိဘူး ကျတော် သွားပြီး အခန်းခေါက်ကြည့်
လိုက်ဦးမယ်”
“အဒေါ်လိုက်ခဲ့ရမလား”
“လာလေ အဖော်ပါတော့ ကောင်းတာပေါ့ ။
ကျနော် သူ့ကို တွေ့သွားမှဖြစ်မယ်၊ အလုပ်
က အားရက် မရှိဘူး”
“ဘာလုပ်တာလဲ”
“ကားဝပ်ရှော့မှာ လုပ်တာပါ၊ အခုတလော သုံး
ရက်လောက် ရှိပြီ၊ သူ့အကြောင်း အိပ်မက်နေ
လို့ သူ့ဆီလာခဲ့ဖို့ အိပ်မက်ထဲမှာ လာလာပြီး
ပြောနေတာနဲ့ အလုပ်စောစောက သိမ်းပြီး
ထွက်လာခဲ့တာ”
“မင်းတို့က သမီးရည်းစားလား
“ဟာ…မဟုတ်ပါဘူး အဒေါ်၊ တစ်ရွာတည်းသား
မို့ ခင်မင်နေတာပါ”
“အေး…အေး …တစ်မြို့တစ်ရပ်သားဆိုတော့
အရေးအကြောင်းဆို အားကိုးတာပေါ့”
“ပြောရရင် အိပ်မက်မကောင်းလို့ နေများမ
ကောင်းဘူးလား ဆိုပြီး လာခဲ့တာ”
အခန်းဝရောက်တော့ အိမ်ရှင်အဖွားကြီးက သမီး
ကြီးက တံခါးခေါက်လိုက်သည်။
“မြမြ…မြမြ…ရှိလား”
ဒုန်း…ဂလုံး…ဂွမ်း
“ဟာ အထဲမှာ ရှိတယ် …တစ်ခုခုတိုက်မိလို့ ကျ
တဲ့အသံပဲ”
တံခါးဘုကို လှည့်ကြည့်လိုက်စဉ် တံခါးက ပွင့်
သွားသည်။
“ဟင်”
တံခါးပွင့်သွားသည်နှင့် ပုတ်ဟောင် ညှီစို့သော
အနံ့က အပြင်သို့ ဝုန်းခနဲ ဆောင့်ထွက်လာသည်။
“ဘယ်…ဘယ်လိုဖြစ်တာလဲ…နံလိုက်တာ”
“ဟင်…ဟိုမှာ …ဟိုမှာ”
ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားနှင့်
မျက်လုံးကြီး ပြူးဖောပြီး ပုတ်ပွနေသည့် အ
လောင်းတစ်လောင်းကို အုန်းမောင်နှင့် အဒေါ်
ကြီးတို့ မြင်လိုက်သည်။
“ဟာ…အမယ်လေး”
အဒေါ်ကြီးက အသံကုန်အော်လိုက်သည်။
မီးပူကြိုးဖြင့် လည်ပင်းကို ရစ်ပတ်သတ်သွား
ခြင်းဖြစ်သည်။ သူတို့အခန်းတံခါး ပြန်ပိတ်ပြီး
အောက်သို့ ပြေးဆင်းလာခဲ့သည်။ ထို့နောက်
ရဲစခန်းသို့ ဖုန်းဆက်၍ အကြောင်းကြားလိုက်
ကြသည်။ မကြာခင်မှာပင် စခန်းမှ ရဲတပ်ဖွဲ့ဝင်
များ ရောက်လာကြတော့သည်။
သေဆုံးသူရဲ့ အခန်းသို့ သွားကြသည်။ အုန်း
မောင်ကို စစ်မေးသည်၊ သေဆုံးသူမှာ လွန်ခဲ့
သော သုံးရက်ခန့်ကပင် ကွယ်လွန်ခဲ့ခြင်းဖြစ်
ကြောင်း မှုခင်းဆရာဝန်၏ ပြောစကားအရ
သိရသည်။ အားလုံး ဓါတ်ပုံရိုက်ပြီး အလောင်း
ကို သယ်သွားကြသည်။
ပတ်ဝန်းကျင်လူများ ပြောစကားအရ သေသူ
သည်ဆွဲကြိုးနှင့် လက်ကောက် အမြဲဝတ်ဆင်
ထားကြောင်း ယခု ဆွဲကြိုးနှင့် လက်ကောက်
နှစ်ကွင်းပါ မတွေ့သဖြင့် ပစ္စည်းယူ လူသတ်
ခြင်းဖြစ်ကြောင်း ကောက်ချက်ချသည်။
သေသူကိုင်ဆောင်သော ဖုန်းလည်း ပျောက်ဆုံး
နေသည်။ ဝတ်ထားသော အဝတ်အစားများမှ
ရုံးအဝတ်အစားများ ဖြစ်နေခြင်း၊ သေသူအနီးရှိ
ဆွဲခြင်းထဲမှာ ထမင်းချိုင့်တွင် ထမင်းဟင်း လက်
ကျန်များ မဆေးကြောရသေးခြင်းကြောင့် ရုံးမှ
အပြန်တွင် အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း
လည်း ရဲများ မှတ်ချက်ပေးသည်။
အုန်းမောင် သေသူထံ ဘာကြောင့် ရောက်လာ
သနည်း။ သံသယမေးခွန်းများနှင့်သာ အမေးခံ
နေရသည်။ လွန်ခဲ့သော နှစ်ရက်ခန့်ကစ၍ အ
လုပ်လုပ်ရာ ဝပ်ရှာ့သို့ သေသူဝိညာဉ်အဖြစ်နှင့်
ရောက်လာကြောင်း၊
ညအိပ်တော့လည်း အိပ်မက်ထဲမှာသူအသက်ရှု
ကြပ်နေတဲ့အကြောင်း သူ့အခန်းကို လာခဲ့ဖို့အ
ကြောင်း နှစ်ညခန့် ညစဉ် မက်နေသဖြင့် နေ
မကောင်းဖြစ်နေသည်ထင်၍ လာခဲ့ရာမှ ယခုလို
တွေ့ရခြင်းဖြစ်ကြောင်း ပြောသော်လည်း…
ရဲက အိပ်မက်ကို မယုံကြောင်း …အမှန်အတိုင်း
သာ ပြောပါရန် ထပ်တလဲလဲ မေးနေသည်။
နောက်ဆုံး စခန်းမှူးက ပြောလာသည်။ တရား
ခံ အစစ်ကို မတွေ့မချင်း သံသယရှိသူအဖြစ်
စခန်းမှာ ခေါ်ထားရဦးမည်ဟုပြောကာ အုန်း
မောင်အား အချုပ်ထဲ ထည့်ထားလိုက်တော့
သည်။ ထိုညအဖို့ အချုပ်ထဲမှာ ခြင်ကိုက်၊ဖြုတ်
ကိုက်၊ ပုဆိုးခြုံပြီး ကွေးရပေဦးတော့မည်။
အုန်းမောင် အချုပ်ထဲ ရောက်တော့ အချုပ်ခန်း
မှာ အဖော်တစ်ယောက်မှ မရှိ။ အုန်းမောင်း
စိတ်ထဲကတော့ မြမြကို မကျေနပ်ချင်း၊ သူများ
သတ်လို့ သေသွားတာတောင် မဆိုင်သူတို့ ဒုက္ခ
လာပေးသွားသည်။ ဝေ့လည်ကြောင်ပတ် အိပ်
မက်ပေးနေမည့်အစား ငါ့ကို ဘယ်ကောင်သတ်
သွားတယ် ပြောလိုက်ရုံ ယခု …ဘယ်သူသတ်
သွားမှန်းမသိ…ဘာကြောင့် မပြောနိုင်ရတာလဲ။
ည ဆယ်နာရီခန့် ခြင်ကိုက်သော်လည်း မှေးခနဲ
တစ်ချက် အိပ်ပျော်သွားသည်။ ထိုစဉ်မှာပဲ အိပ်
မက်ထဲသို့ မြမြရောက်လာပြန်သည်။
“ငါ့ကို ကူညီတာ ကျေးဇူးတင်ပါတယ်၊ ငါ့ကို
သတ်တာ ဘယ်သူမှန်း မသိဘူး။ သူ့ခေါင်းက
ဆံပင်ကိုတော့ မှတ်မိလိုက်တယ်၊ အဖြူရောင်
နဲ့ အညိုရောင်ဆေး ကွက်တိကွက်ကျား ဆိုး
ထားကတော့ မြင်လိုက်တယ်၊ သူ့ခန္ဓာကိုယ်
က ဆေးသမားလား၊ အရက်သမားလား တစ်
ခုခုတော့ တစ်ခုခုပဲ”
မြမြက ထိုမျှပြောပြီး အိပ်မက်ထဲက ထွက်သွား
ပြန်သည်။ ထို့နောက် ခြင်က ကိုက်လွန်းသဖြင့်
ပြန်၍ နိုးသွားခဲ့ရသည်။ မြမြ အိပ်မက်ကို သတိ
ရသေးသည်။
“တောက်…အိပ်မက်ကလည်း မက်လို့ကို
မဆုံးနိုင်ဘူး”
မကျေမနပ်ပါးစပ်က ပြောရင်း စောစောက နိုး
တစ်ဝက် အိပ်မက်ကို ပြန်စဉ်းစာလိုက်သည်။
“ဟုတ်ပြီ …ငါအခက်အခဲကို ဝိညာဉ်ဘဝက
နေ စိတ်မကောင်းလို့ သိသမျှ လာပြောပြတာ
ပဲ၊ ဒီလောက်ဆို မဆိုးဘူး”
ဒုန်း…ဒုန်း…ဒုန်း
“ဟေ့ကောင် မအိပ်ဘဲ အခန်းထဲမှာ ဘာလုပ်
နေတာလဲ၊ အတီးခံချင်လား”
“ဟာ …ဆရာက စိတ်ကြီးပဲ၊ သတင်းထူးပေး
စရာ ရှိလို့ “
အစောင့်ရဲဘော် အနားရောက်လာသည်။
“တာဝန်မှူးဖြစ်ဖြစ်၊ စခန်းမှူးဖြစ်ဖြစ် မရှိဘူးလား”
“တာဝန်မှူးရှိတယ်၊ မင်းဝန်ခံတော့မလို့လား”
“ဟာဗျာ…သွားခေါ်ပေးစမ်းပါ၊ အရေးကြီးတဲ့
သတင်း ပေးစရာရှိလို့ “
“မင်း ရီတီးယားတား မလုပ်တာ သေချာလား”
“တော်ပြီဗျာ …မခေါ်ပေးနဲ့၊ မနက်စခန်းမှူးနဲ့
တွေ့တော့မှ ပြောတော့မယ်၊ ခင်ဗျား အကြောင်း
လည်း ပြောမယ်”
“ဟေ့ကောင် …ငါ အခု သွားပြောပေးမယ်”
သူ့အကြောင်းပါလာသဖြင့် အစောင့်ရဲဘော်
ရုံးခန်းဘက် ထွက်သွားသည်။
ခဏနေတော့ ပြန်လာသည်။ အုန်းမောင်အား
အချုပ်ခန်း တံခါး ဖွင့်ပေးပြီး လက်ထိပ်ခတ်ကာ
တာဝန်မှူး ရှိရာသို့ ခေါ်သွားသည်။
“ကဲ …ခုံမှာထိုင်၊ ဘာသတင်းထူး ပြောမလို့လဲ”
“စောစောက အခန်းထောင့်မှာ ထိုင်ငိုက်နေတုန်း
အိပ်ပျော်သလို ဖြစ်သွားပါတယ်။ အဲဒီမှာ သေသူ
မြမြက ရုတ်တရက် ရောက်လာတယ်။ သူ့ကို အ
ခုလို လာတွေ့လို့ ဝမ်းသာတဲ့အကြောင်း သူ့ကို
သတ်တဲ့သူ ဘယ်သူဘယ်ဝါ မပြောတတ်ပေမယ့်
လူသတ်သမားက ဆေးသမားလိုလို အရက်သ
မားလိုလိုတဲ့ “
“အင်း မင်းရဲ့ အိပ်မက်နတ်သမီးကပဲ…အမှန်
ပြောတာလား …မင်းပါးစပ်ကပဲ လျှောက်ပြော
နေတာလား နားထောင်ရတာ မဆိုးပါဘူး…
နောက်ထပ် ဘာပြောသေးလဲ”
“ပြောသေးတယ်၊ လူသတ်သမားနာမည် မပြော
တတ်ပေမယ့် သူ့ခေါင်းက ဆံပင်ကိုတော့ မှတ်
မိလိုက်တယ်တဲ့၊ ဆံပင်ကို အဖြူနဲ့ အညိုရောင်
ကွက်ကြားဆိုထားတယ်၊ အဖြူရောင်က ပိုများ
တယ်တဲ့”
“ဟာ…အဲဒါ၊ အမှန်ပဲလား၊ သူပြောသွားတာလား”
“တကယ်ပါ ဆရာတို့ရယ် …သူမပြောတဲ့ ကျနော်
က လျှောက်ပြောလို့ ဖြစ်ပါ့မလား”
“အင်း…ဒီတစ်ချက်က တရားခံရှာဖို့ သိပ်ခက်
မယ် မထင်တော့ဘူး၊ မင်းစကားသာ မှန်ရင်
မင်း ဒီည အချုပ်ထဲမှာ နောက်ဆုံးဖြစ်လိမ့်မယ်
ဒါပေမဲ့ အခုတော့ ပြန်နေလိုက်ဦး”
တာဝန်မှူးလည်း ရဲဘော်အား အချက်ပေးလိုက်
သည်နှင့် အုန်းမောင်အား အချုပ်ခန်းအတွင်းသို့
ပြန်ခေါ်ထည့်ထားလိုက်သည်။ တာဝန်မှူးလည်း
စခန်းမှူးအား ဆက်သွယ်ကြည့်လိုက်သည်။
“ဆရာ …ဆရာအိပ်ပြီလား”
“ဆို…ကိစ္စထူးလား”
“ဆရာ အခုအိပ်ရာထဲ ရောက်နေပြီလား”
“မအိပ်ချင်သေးလို့ စာထိုင်ဖတ်နေတယ်”
“သတင်းထူး တစ်ခုရလို့ ဆက်လိုက်တာပါ”
“ဆိုပါဦး”
“မြမြဆိုတဲ့ မိန်းကလေးကို သတ်သွားတဲ့ အ
ကောင်က ဆေးသမား ဆံပင်အဖြူနဲ့ အညိုရောင်
ဆိုးထားတယ်တဲ့ “
“ဘယ်သူပြောတာလဲ”
“အိပ်မက်ဆရာသမားလေ၊ အချုပ်ခန်းထဲ မှေးခနဲ
တစ်ချက် အိပ်ပျော်သွားတာနဲ့ မြမြက အိပ်မက်
ပေးသွားတယ်တဲ့၊ သတ်သွားတဲ့ကောင်ရဲ့ နာ
မည် ဘယ်သူဘယ်ဝါ မသိပေမယ့် ဆံပင်ဆေး
ဆိုထားတာရော လူပုံသဏ္ဌာန်ရော ပြောသွား
တယ်တဲ့”
“အင်း …သေသူက သူအားကိုးလို့ ရတဲ့ သူ့မိတ်
ဆွေကို အကူအညီတောင်းပြီး သူအသတ်ခံရတဲ့
အကြောင်း သိသမျှ လာပြောနေတာကို …မနက်
စောစော စခန်းကို လာခဲ့မယ် ကျနော်ရောက်တာ
နဲ့ အခင်းဖြစ်တဲ့နေရာကို သွားကြတာပေါ့”
XXXX
မနက်ရှစ်နာရီ မြမြသေဆုံးခဲ့သော တိုက်ခန်းပိုင်
ရှင်ဒေါ်အုံးခင်အား စခန်းမှူး လာရောက်တွေ့ဆုံ
ပြီး …သိလိုသမျှ မေးနေသည်။
“အဒေါ်…ဒီအခန်းတွေ အကုန်လုံး အငှားချ
ထားတာလား”
” အကုန်တော့ မဟုတ်ပါဘူး၊ ဒီငါးထပ်တိုက်မှာ
လေးခန်း အပြတ်ရောင်းထားတယ်။ ကျန်တဲ့ အ
ခန်းတွေ အငှားချထားတယ်”
“ဒါဆို ဒီတိုက်မှာ ရှိတဲ့ လူ့အားလုံး အဒေါ်
မှတ်မိမှာပေါ့”
“မှတ်မိတာပေါ့၊ သူတို့ဆီလာလည်တဲ့ လူတစ်
ချို့က လွဲရင် ဒီမှာ ရှိတဲ့ လူအားလုံးကို အဒေါ်
သိတယ်။ ဒီတိုက်ဆောက်တာ သုံးနှစ်ကျော်ပြီ၊
အားလုံး လူဟောင်းတွေပဲ၊ သေတဲ့ မိန်းကလေး
ပဲ လွန်ခဲ့တဲ့ ငါးလလောက်ကမှ အခန်းလွတ်
သွားလို့ ငှားလိုက်တာ”
“ဒါဆို ဒီအခန်းတွေမှာ ဆံပင်အဖြူနဲ့ အညို ဆိုး
ထားတဲ့ လူငယ် လူလတ်ပိုင်း ရှိလား”
“ဟင်း”
ဒေါ်အုံးငွေက ခဏမျှ စဉ်းစားရင်း…ပြီးမှ
“မရှိဘူးကွယ့် အားလုံးဆေးဆိုထားတဲ့ ယော
က်ျားလေး မရှိဘူး၊ ဆေးအညိုရောင် ဆိုးထားတဲ့
မိန်းကလေးတစ်ယောက်တော့ ရှိတယ်”
“အဖြူနဲ့ အညို ဆိုးထားတဲ့လူ မရှိတာ သေ
ချာလား အဒေါ်”
“သေချာပါတယ်”
“ဒါဆို ဆံပင်ဆေးဆိုးထားတဲ့ လူလတ်ပိုင်း အဝင်
အထွက်ရော မမြင်မိဘူးလား”
“မမြင်မိဘူး”
ဒေါ်အုံးငွေက မမြင်ဘူးဆိုပြီး …တစ်ခုခုကို စဉ်း
စားမိကာ …
“နေဦး …ကောင်လေးတစ်ယောက်တော့ လာ
တာ တွေ့မိတယ်၊ အသက်နှစ်ဆယ်ဝန်းကျင်
လောက်တော့ ရှိမယ်။ ပိန်ပိန်ပါးပါး မင်းတို့ပြော
သလိုမျိုး ဆံပင်ဆေးဆိုးထားတယ်”
” ဘယ်အချိန်က တွေ့ခဲ့တာလဲ”
“လွန်ခဲ့တဲ့ သုံးရက်လောက်က ညနေခြောက်နာ
ရီလောက်ဝန်းကျင်ရှိမယ်၊ အဒေါ်က အမှိုက်တွေ
ကောက်ပြီး ခြင်းထဲထည့်နေတုန်း လှေကားပေါ်
က အပြေးဆင်းလာတယ်။ အဒေါ်ကို တိုက်မိမလို
ဖြစ်သွားလို့ ဟဲ့…ဖြည်းဖြည်းဆင်းမှပေါ့လို့ အဒေါ်
က သတိပေးလိုက်သေးတယ်…အဒေါ်က ဘယ်
အခန်းက လာတာလဲလို့ မေးတော့ ငါးလွှာက
ဆင်းလာတာလို့ ပြောသွားတယ်”
“ငါးလွှာမှာ ဘယ်သူတွေရှိလဲ၊ တကယ်လာတာ
ဖြစ်နိုင်လား အဒေါ်”
“အဒေါ်တော့ မသိဘူး။ အဲဒီကောင်လေး…အပြင်
လူအနေနဲ့ တစ်ခါတစ်ခါ လာတာတော့ တွေ့မိသ
လိုပဲ၊ ဆံပင်က အခုနောက်ပိုင်းမှ ဆိုလိုက်တာ ဖြစ်
မယ်။ ဒါကြောင့် သေချာ မမှတ်မိတာ…အခုမှပဲ
အရင်ကလဲ လာဖူးနေတာ သိလိုက်တယ်”
“ဟုတ်ကဲ့ …ဒီလောက်သိရရင် ရပါပြီအဒေါ်
ကျနော်တို့ ငါးလွှာကို တက်ကြည့်လိုက်ဦးမယ်”
“အင်း…ဒီအချိန် အချို့အခန်းတွေ ပိတ်ပြီး အပြင်သွားကုန်ကြပြီ၊ တံခါးပိတ်တာနဲ့လည်း
ကြုံနိုင်တယ်”
“ဟုတ်ကဲ့…တက်ကြည့်လိုက်တာ ကောင်းပါ
တယ်”
“သားတို့ …သားတို့ …”
“ဗျာ…အဒေါ်…ကိစ္စရှိလား”
“ဟိုမှာ…ကားပေါ်တက်မလို့ ပြင်နေတဲ့ လူငယ်
က ငါးလွှာမှာနေတဲ့ လူပဲ”
“ဟုတ်ကဲ့ …ကျေးဇူးပါပဲ”
စခန်းမှူးက ထိုလူအား ခဏရပ်ခိုင်းကာ…
“နောင်ကြီးက ငါးလွှာမှာ နေတာနော်”
“ဟုတ်ပါတယ်”
“နောင်ကြီးတို့ တိုက်ခန်းကို ဆံပင်အဖြူနဲ့
အညိုဆိုးထားတဲ့ လူငယ် မကြာခဏ လာ
တယ်ဆို”
“ဗျာ…မ…မလာပါဘူး”
“ကျုပ်တို့ ဒီမှာ အသေအချာ မေးပြီးပြီ။ ခင်ဗျား
အခန်းကို မကြာမကြာ လာတယ်တဲ့…အဲဒါ ဘာ
လာလုပ်တာလဲ”
စခန်းမှူးက ခပ်တည်တည်နှင့် အစ်မေးသည်။
“လာတယ် မဟုတ်လား”
“ဟုတ်…ဟုတ်…လာပါတယ်”
“သူက ဘယ်မှာနေတာလဲ၊ ဘယ်သူလဲ”
“သူက ရတနာ(၂)လမ်းမှာ နေပါတယ်၊ အိမ်နံ
ပါတ်တော့ မသိပါဘူး၊ သူ့အိမ်က နှစ်ထပ်တိုက်
ခံ ပျဉ်ထောင်အိမ်ပါ။ အဲဒီလောက်ဆို ဆရာတို့
စုံစမ်းရင် ရပါပြီ။ သူ့နာမည်က စိုင်းနော်လို့
ခေါ်လို့ ခေါ်ပါတယ်”
“ခင်ဗျားဆီ သူ ဘာလာလုပ်တာလဲ”
“ငွေရေးကြေးရေး အချေးအငှား ဆိုပါတော့
ငွေချေးထားလို့ လာပြန်ပေးတာပါ”
“ခင်ဗျားဆီ ဘယ်အချိန် နောက်ဆုံးလာတာလဲ”
“လွန်ခဲ့တဲ့ နှစ်ရက်…အဲ သုံးရက်လောက်က
ထင်ပါတယ်၊ ပိုက်ဆံအကုန် မဆပ်နိုင်လို့ လာ
ပြောတာ …ကျနော်အော်ထုတ်လိုက်လို့ ပြန်
ဆင်းသွားတာပဲ”
“အင်း…ဒါဆို၊ ခင်ဗျားလိုက်ပြလို့ ရမလား”
နေ့ဆယ်နာရီခန့်တွင် စိုင်းနော်အား သူ့သူငယ်
ချင်းတစ်ယောက်၏ အိမ်မှာ တွေ့ရှိဖမ်းမိလိုက်
သည်။ စိုင်းနော်ကလည်း ငြင်းကွယ်မှု မရှိဘဲ
ဝန်ခံသည်။ စိုင်းနော်မှာ ဆေးစွဲနေသည့်အတွက်
သူ့အား စစ်ဆေးရာ ငါးလွှာမှာ နေသူကိုပါ ပစ္စည်း
များနှင့် အတူ ဖမ်းမိလိုက်သည်။ စိုင်းနော်ကို
ဖမ်းမိလိုက်ပြီးနောက် အုန်းမောင်အား ရဲစခန်း
မှ ပြန်လွှတ်ပေးလိုက်သည်။
“အစကတည်းက မင်း မဟုတ်မှန်း ငါတို့သိတယ်၊
တရားခံက အနီးနားမှာ ရှိတယ်ဆိုရင် မင်းကို တ
ရားခံအနေနဲ့ အဖမ်းပြလိုက်တော့ ရှောင်တိမ်းဖို့
ဘယ်စဉ်းစားတော့မလဲ”
“ဟုတ်ကဲ့…သဘောပေါက်ပါပြီ။ ဒါပေမဲ့ မြမြသာ
အိပ်မက်ထဲမှာ လာမပြောရင် ဘယ်နှစ်ည အိပ်ရ
ဦးမလဲ မသိဘူး”
စခန်းမှူးက အုန်းမောင်ကို ပြုံးပြလိုက်သည်။
မြမြအား သတ်သော တရားခံ မိသွားခဲ့ဖြစ်၍
ဝမ်းသားမိသော်လည်း သေဆုံးသွားသည့် မြ
မြအတွက် စိတ်မကောင်းစွာနှင့် ဝပ်ရှော့သို့
ပြန်လာခဲ့တော့သည်။
မူရင်းရေးသူ ဆရာ ဧကန်မင်း