————————————–
* စာရေးသူမိတ်ဆက် *
စာရေးဆရာ ဖိုးကျော့ကို (၁၃၀၂) ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁)ရက်(၄.၈.၁၉၄၀)ရက်နေ့တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာ၌ အဖ-ဦးဘောက်ဖြူ၊ အမိ-ဒေါ်ချက်တောင်းမတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးမြင့်လွင်ဖြစ်သည်။ မွေးချင်း(၉)ယောက်အနက်မှ တတိယမြောက်ဖြစ်သည်။ ငယ်စဉ်က ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။

၁၉၅၆ – အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ ဆင်မာန်နှင့် ငှက်ဉာဏ် အခန်းဆက်ဝတ္ထုရှည်ဖြင့် စာပေ နယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၆၆ – အောက်တိုဘာလထုတ်မြဝတီမဂ္ဂဇင်းပါ ဆင်လိုက်ခြင်း ဝတ္ထုမှာ အလယ်တန်းမြန်မာစကားပြေ လက်ရွေးစင် တွင်ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်းခံခဲ့ရသည်။ ဝတ္ထုတိုအချို့ကို ဂျပန်နှင့်ဗီယက်နမ် နိုင်ငံတို့တွင် ဘာသာပြန်၍ ထုတ်ဝေဖူးသည်။

၁၉၇၀ – အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ နတ်မလိုက်သောနေ့ ဝတ္ထုကို ဂျပန်နိုင်ငံ နိုင်ငံခြားဘာသာ သင်တက္ကသိုလ်မှ ပါမောက္ခ တိုရူအိုနိုက ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။

၁၉၇၂ – မြေဆီမဲမဲ သွေးရဲရဲ၊ အောင်ပွဲသို့ချီရာဝယ် ဝတ္ထုများထွက်(အောင်ပွဲသို့ချီရာဝယ်-ဝတ္ထုရှည်ဖြင့် ယင်းနှစ် အတွက် အမျိုးသားစာပေဝတ္ထုရှည်ဆုရ။)

၁၉၇၃ – လွန်လေပြီးသောအခါ၊ လောဘမြစ်ပင်လယ်၊ ချစ်ငြိုးရစ်ချည်၊ ငြိုးမာန်လျှော့ပြေ၊ ဝမ်းရေးထက်ပင် ခက်ပါသည် စသောဝတ္ထုများထွက်။

၁၉၇၄ – ဆင်လုပ်သား၊ အမှောင်လမ်းကသူတို့အပြန် စာအုပ်များထွက်။

၁၉၈၁ – မျှော်ရသူတို့ဗျာပေါဝ၊ ခပ်သိမ်းသောမြစ်တို့ကဲ့သို့ စာအုပ်များထွက်။

၁၉၈၂ – ပြန်မပြောချင်ဘူး ဝတ္ထုထွက်။

၁၉၈၃ – ဟူးကောင်းတောင်ကြား၊ အလွမ်းကန္တာ- တောကန္တာ၊ ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ စာအုပ်များ ထွက်။

၁၉၈၅ – သမုဒယဤပင်လယ် ဝတ္ထုထွက်။

၁၉၉၀ – အင်တွဲပွဲလျက် အရှာထွက် ဝတ္ထုရှည်စာမူဖြင့် စာပေဗိမာန်စာမူဝတ္ထုရှည် ဒုတိယဆုရ။

၁၉၉၁ – သေရွာပြန်တို့၏ အဏ္ဏဝါခရီး စာမူဖြင့် စာပေဗိမာန်ဝတ္ထုရှည်-ဒုတိယဆုရ။

၁၉၉၃ – အင်တွဲပွဲလျက်အရှာထွက် စာအုပ်ထွက်။ မြန်မာ့မုဆိုး ဝတ္ထုဖြင့် စာပေဗိမာန်ဝတ္ထုရှည် ဒုတိယ ဆုရ။

၂၀၀၁ – သေရွာပြန်တို့၏အဏ္ဏဝါခရီး စာအုပ်ထွက်။

၂၀၀၂ – ကမ္မဇဒ္ဓိ ဝတ္ထုထွက်။

၂၀၀၃ – ဆင်သင်္ချိုင်းရှာပုံတော်၊ ဆင်သေကုန်း၊ ရာဇဌာနီ၊ မြန်မာပြည် မြောက်ဖျားမှ စသောစာအုပ်များထွက်။ နောက်ပိုင်းတွင်ဆက်လက်၍ နန်းရပ်ထီးဖြူ လုယူမယ်မြင်သည်၊ မြေထုမြင်းမိုပြိုပါလေလျှင်၊ ဆောင်းရက်ရှည်တဲ့ နွေဒေသ ဝတ္ထုများထွက်။

၂၀၀၆ – မဟာလီဒို ဝတ္ထုထွက်။

ဆရာဖိုးကျော့သည် ယခုအချိန်ထိ ဝတ္ထုတို(၇၀)ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ်(၂၀)ကျော်၊ လုံးချင်း(၃၀)ခန့် ရေးသားပြီးဖြစ်သည်။ ယခင်က ပြည်သူ့ဂုံနီစက်ရုံတွင် စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စာပေ များ ဆက်လက်ရေးသားလျက် အမှတ်(၂)၊ စပယ်(၂)လမ်း၊ ၃-ရပ်ကွက်၊ ကမာရွတ်မြို့နယ်တွင် ဇနီး-ဒေါ်ကြူကြူ ဝင်း၊ သားသမီး(၂)ဦးတို့နှင့်အတူ နေထိုင်လျက်ရှိ သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော ၁၀ ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲအခမ်းအနားမှ မြေဆီမည်းမည်း သွေးရဲရဲစာအုပ်ဖြင့် မဲခေါင်စာပေဆု ချီးမြှင့်ခဲ့သည်။

ထင်ရှားသောစာအုပ်အချို့
အောင်ပွဲသို့ချီရာဝယ်
မြေဆီမဲမဲ သွေးရဲရဲ
လောဘမြစ်ပင်လယ်
ဆင်လုပ်သား
ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ
အင်တွဲပွဲလျက် အရှာထွက်
သေရွာပြန်တို့၏ အဏ္ဏဝါခရီး
မြန်မာ့မုဆိုး
ဆင်သင်္ချိုင်းရှာပုံတော်နှင့် အခြား
ဆင်သေကုန်း
ကမ်မဇဒ်ဓိ
မြန်မာပြည်မြောက်ဖျားမှ နဂါးမီးတောက်နှင့် ထူးဆန်းအံ့ဖွယ်
မဟာလီဒ
ရေအောက်မြို့တော်
အလွမ်းနှင့်သာ နေတော့မည်
ဂမ္ဘီရပင်လယ်
ခပ်သိမ်းသောမြစ်
ကျားဘီလူးနှင့် အခြား
ကျားနာမျက်ကန်း
ရေခဲပြင်ပေါ်က တောင်နဂါးကြီးနှင့်
ဟူးကောင်းတောင်ကြား
ဟိမဝန်တာကလာသူ
သံသရာနောက်ဆုံးနေ့နှင့် အခြား
သမုဒယ ဤပင်လယ်
မီးလောင်မြေနှင့် အခြား
ဟေမန္တ၏ အလှဖျက်နွေ
မာယာမင်းသမီး
မဟာလီဒို
ပင်လယ်ကျားနှင့် အခြား
နတ်စောင့်ပျားနှင့် သားရဲတို့ရွာ

ကိုးကား
ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ…..

_______________________________________________
* အင်တွဲပွဲ့လျက် အရှာထွက် *
#ဖိုးကျော့

အပိုင်း – ၁

အခန်း – (၁)

တောမျောက်ကကြိုးခွေ

စိမ့်ကြီးမြိုင်ချောင်က

ရွှေဖိုးခေါင် သံချိုညောင်းတယ် …….

ဒေါင်းကအိုးဝေ

တောအစကပင်ဒေါင်းတွန်သံကို ကြားရသည်။နေရောင်ခြည် ကိုမြင်ရ၍ မြဒေါင်းညိုတို့ အိုးဝေ . . . အိုးဝေ . . . နှင့် တွန်သံပေး လာကြသလို မျောက်လွှဲကျော်များကလည်း ကွိကွိကွကွ နှင့် အော် မြည်လာကြ၏။

ခအောင်းဝေသော တပေါင်းနွေလတွင် တောတောင် မြိုင်ယံ ထဲ၌ ဖော်ကွဲဥဩနှင့် ငှက်ဖိုးခေါင်တို့၏ လွမ်းယောင် ဆွေးယောင် တေးဖွဲ့ သံကလည်း တစ်တောလုံး ညံနေလေသည်။

သို့သော် ပရိယေသနဝမ်းစာအတွက်နှင့် အင်တွဲ၊ ပွဲ့လျက်ရှာ ထွက်လာကြသော ဘအံ့ထည် တို့လူစုမှာ ဥဩနှင့် ငှက်ဖိုးခေါင်တို့ ၏ကျူးရင့်ဟစ်ကြွေသံကို လွမ်းရ ဆွေးရကောင်းမှန်းမသိနိုင်ကြ။

သူတို့စိတ်အာရုံထဲတွင် အင်တွဲ၊ ပွဲ့လျက်များရရန်ကိုသာစိတ်စော နေကြသည်။

မနက်ဝေလီဝေလင်းကပင် ရွာကထွက်လာကြသောလှည်းနှစ် ဦးနှင့် လူခြောက်ယောက်တို့မှာ အနောက် အင်တိုင်း တောကြီးကို သာငေးမျှော်ကြည့်ကာ အတွေးကိုယ်စီနှင့် လိုက်ပါလာကြသည်။

သူတို့အားလုံးသည် ယခုလို မြူခိုးယှက်ဝေ ရွက်ဟောင်းကြွေ ၍ တောင်လေဝှေ့ဝိုက်နွေစရိုက်နွေသမယရောက်တိုင်း အနောက် သစ်တောထဲသို့ အင်တွဲ၊ ပွဲ့လျက်ရှာရန် ဤသို့ပင် ရောက်လာကြစမြဲ ဖြစ်လေသည်။

ထို့ကြောင့်လည်း သူတို့၏လှည်းပေါ်တွင် ဓား၊ ဒူးလေး၊ မြား ချွန်း၊ သံချိတ်၊ လွှ၊ တင်းပုတ်၊ ဝါးဆူး၊ သစ်မာဆူး၊ ကြိုးကြီး၊ ကြိုး ငယ်များနှင့် စားအိုးစားခွက်တို့က တစ်ထမ်းတစ်ပိုးပါလာကြ၏။

သူတို့သည် အဖွဲ့ခွဲ၍ အင်တွဲ၊ ပွဲလျက်ရှာကြမည့်သူများ ဖြစ် သဖြင့် တောနက်ထဲတွင်နွေခရီးရှည်တစ်လျှောက်လုံးကိုဟိုမှသည် မှစခန်းထောက်၍ အင်တွဲ၊ ဖွဲ့လျက်ရှာကြမည့် သူများဖြစ်၏။ သူ တို့၏ အနောက်ကသာ ခရိုင်ရှိ သစ်တောများသည် မြန်မာနိုင်ငံ ၌ သစ်တောထွက်ရတနာများထဲတွင် အင်တွဲ၊ ပွဲလျက်အထွက်ဆုံး အရဆုံး သစ်တောများဖြစ်ကြသည်။

ထို့ကြောင့်လည်း ယခုအခါ အနောက်ကသာ ခရိုင်သစ်တော ဝန်းကျင်ရှိ ဒေသခံတိုင်းရင်းသားများမှာနွေဦးရောက်ပြီးလယ်ယာ လုပ်ငန်း ကိုင်ငန်း သိမ်းပြီးပြီ ဆိုလျှင် အပိုဝင်ငွေ ရရန် အတွက် အင်တွဲ၊ ပွဲလျက်များကို တောတောင်ထဲတွင် ကြိုးစားပမ်းစားရှာဖွေ လျက်ရှိကြသည်။ အင်တွဲ၊ ပွဲလျက်အရှာထွက်နေကြသဖြင့်နွေလဆို လျှင်ရပ်ထဲ ရွာထဲတွင် မိန်းမများနှင့် ကလေးသူငယ်များသာရှိကြ၏။

ဈေးကောင်းရလာ၍ အရှာအဖွေ များလာကြသောအခါ အင်တွဲ၊ ပွဲ့လျက်များကို ယခင်ကလို ရွာနီး ချုပ်စပ် တစ်ဝိုက်တွင်ရှာ၍ မရနိုင် တော့။ တောနက် မြိုင်ယံကြီးထဲထိ ညဉ့်အိပ် ညဉ့်နေသွားလာ၍ ရှာ ဖွေနေကြရ၏။

ထို့ကြောင့်လည်း နွေလရောက်ပြီဆိုလျှင် ဘယ်ရွာကဘယ်လူကို ဝံကုတ်၍ ဘယ်အရပ်က ဘယ်လူတွေကိုကျားကိုက်လွှတ်လိုက်၍ ဟူသောသတင်းများကိုလည်း နှစ်တိုင်း နှစ်တိုင်း ကြားလာရသည်။ သို့သော် ဒေသခံ လူများသည် အားမလျှော့ မာန်မချဘဲ သဘာဝ တောတောင်ထဲကရသော အင်တွဲပွဲလျက်ရတနာများကိုအလဟဿ မဖြစ်ရလေအောင် သက်စွန့်ဆံဖျား ရှာမြဲရှာဖွေလျက်ရှိကြ၏။

ယခုလည်း ကြိမ်ခတ်ကုန်းကျေးရွာ မှ ဘအံ့ထည် ဦးဆောင်လျက် အင်တွဲ၊ ပွဲ့လျက်ရှာထွက်လာကြသူ လူခြောက်ယောက်မှာမြိုင်နှင့် ရဂုံ၊ စုံနှင့်ဟေဝန်၊ ဟေမာန်ဟေမာ၊ ရိပ်သာ ဆိုင်းဆိုင်း၊အင်တိုင်းစေးပျစ်၊ တောချည်းဖြစ်သော အရပ်(၁၀)ပါးတွင်၊တစ်ပါးအပါအဝင်ဖြစ်သော အင်တိုင်းတောကြီးထဲသို့ရောက်နေကြ၏။

သူတို့သည် အင်တိုင်းတောထဲတွင် ညဉ့်အိပ်ညဉ့်နေ စခန်းချ၍ အင်တွဲ၊ ပွဲ့လျက်ရှာကြမည့် သူများပင် ဖြစ်ကြလေသည်။

မနက်ကတည်းကပင် အင်တွဲ၊ ပွဲလျက်ရှာရန် ကြိမ်ခတ်ကုန်း ကျေးရွာမှ ထွက်လာကြသော လှည်းနှစ်စီးနှင့် လူခြောက်မှာ နေ ထန်းတစ်ဖျား မရောက်မီ အင်တိုင်းတောနက်ကြီး အစသို့ရောက် နေကြလေပြီ။

သူတို့သည် အောက်ခြေရှင်းသော အင်တိုင်းတော အတိုင်း လှည်းကိုကွေ့ပတ်မောင်းလာကြသည်။ ပထမလှည်း၏လမ်းကြောင်း ကိုနင်းကာနောက်လှည်းကတအီအီ လိုက်ပါနေရ၏။ လှည်းတစ်စီး လျှင် လူသုံးယောက်ကျစီ ပါသည်။

ပထမလှည်းကို ဦးရွှေသီး၊ သာပွင့်နှင့် အောင်မောင်းတို့က စီး လာကြ၏။ ဒုတိယလှည်းတွင် ဘအံ့ထည်၊ လှဆောင်နှင့်စိန်အေး တို့ပါကြသည်။

သစ်တောအောက်ခြေတွင် ရွက်ကြွေတွေက တစ်ထွာတစ်မိုက် ထုထည် ရှိနေကြသလို လေတိုင်း ပင်ယံထက်မှ ပလူပျံ ကြွေ သက်လာကြသော ရွက်ဝါ ရွက်ခြောက်တွေကလည်း မိုးသီးမိုး ပေါက်ပမှာပင်၊တောနက်ထဲရောက်လေ သစ်ရွက်ခြောက်တွေကို နွားနင်းသံ နှင့် လှည်းဘီးတက်ကြိတ်သွားသံတို့က ပိုကျယ်လာလေပင်။တစ် ချက်တစ်ချက်တွင် လှည်းဝင်ရိုးအီသံတို့မှာ မျောက်ညည်းသံလား ဟုပင် ထင်ရလေသည်။

“ဟေ့ကောင် သာပွင့် ၊ မင်းနွားတွေ ခြေသွက်တိုင်း တောထဲ သောက်ရမ်း လျှောက်မောင်းမနေနဲ့တော့ကွ။ ဟိုရှေ့ ကမူစောင်း အင်ကြင်းပင်ကြီးအောက်ရောက်ရင် လှည်းရပ်တော့။ တို့အဲ့ဒီမှာစခန်းချဖြစ်မလား မသိဘူးလို့ ဘအံ့ထည်က ပြောတယ်။”

သူတို့ နောက်လှည်းနှင့် ကမူလေးတစ်ခုကို ကျော်သွားသော ရှေ့လှည်းက သာပွင့်အား နောက်လှည်းမောင်းသူ စိန်အေးကလှမ်း ပြောလိုက်၏။

ဤအဖွဲ့တွင် ဘအံ့ထည်မှာ လူကြီးဖြစ်သည့်အပြင် အင်တွဲ၊ ပွဲ့လျက်ရှာ အတွေ့ အကြုံဆိုသည်မှာလည်း ပြောမဆုံးပေါင်တော သုံးထောင် ရှိသူဖြစ်၏။ ထို့ကြောင့် ဘဘုံထည်၏ စကားဆိုလျှင် မပယ်ရှားရမှန်းသိသော သာပွင့်က သူ့လှည်းကို အင်ကြင်းပင်ကြီး အောက်မောင်းသွား၏။ နောက်လှည်းမောင်းသူ စိန်အေးကလည်း သူ့နွားနှစ်ကောင်ကို နှင်တံတစ်ချက်စီတို့လိုက်သည်။ ထိုအခါနွား လှည်းနှစ်စီးမှာ အချိန်တိုကလေးအတွင်း ခေါင်းနှင့်နောက်ပြီး ထိ လုမတတ်ဖြစ်သွား၏။

ထိုအချိန်၌ပင် ခြေလှမ်းမှန်မှန် လှမ်းနေကြသော နွားလေး ကောင်တို့၏ ခြေလက်တွေမှာ လူတွေက အမိန့်မပေးရသေးဘဲရုတ် တရက်တုံ့ခနဲ ပြိုင်တူရပ်သွားကြ၏။ ထို့အပြင်နွားလေးကောင်တို့ မှာ ကြိုတင်တိုင်ပင်ထားကြသလို ဆတ်ခနဲပြိုင်တူ ခေါင်းမော့လိုက် ကြပြီး နွားရွက်များမှာလည်း ချက်ချင်းထောင်လာကြလေသည်။

အမှန်မှာ နွားတွေသာမဟုတ်၊ လူငယ်များဖြစ်သော သာပွင့်၊ စိန်အေး၊ အောင်မောင်းနှင့် လှဆောင်တို့မှာလည်း “ ဘာများပါ လိမ့် ” ဟု အထိတ်တလန့် ဖြစ်သွားကြလေသည်။ အကြောင်းမှာ —

တောနက်ကျသော သူတို့အရှေ့အရပ်ရှိ အင်တိုင်းတောကြီးတစ်ခုလုံးသည် တဝေါဝေါ တသောသောအော်မြည်လာကာရုတ် တရက် လေကြီးမိုးကြီးကျလာသလို အသံနက်ကြီးတွေ မြည်ဟည်း ဆူညံ လာသောကြောင့် ဖြစ်လေသည်။

လူငယ်လေးယောက်မှာ နွားတွေကိုကြိမ်မရိုက်မိတော့ဘဲ ပါး စပ်အဟောင်းသား မျက်လုံးအပြူးသားနှင့် အသံကြားရာ ဘက်ကို သာ လှည်းပေါ်က လှမ်းကြည့်နေမိကြ၏။

ဘာအကောင်ဗလောင်ကိုမျှမမြင်ရသလို လေပွေလေရဟတ် များ ဆင်လာသည်ကို လည်းမမြင်ရ၊ အကယ်၍ တောထဲ တောင် ထဲတွင် လေပြင်း လေဆင်နှာမောင်း ကျလာလျှင် သစ်ပင် သစ် ကိုင်းများ ယိမ်းလှုပ်လာကြမည်။ လူများ၏ ကိုယ်မှာလည်း လေ တိုးခံရမည်။ အေးစိမ့်သော အတွေ့ အထိနှင့် ကြုံရမည်။

ယခုကား သစ်ပင်များ ယိမ်းလှုပ်နေသည်ကို မြင်ရဖို့ ဝေးစွ။ သစ်ရွက်များ လှုပ်ခတ်နေသည်ကိုပင် လုံးဝမမြင်ကြရ။ ဤလို တ ပေါင်းလကြီး မွန်းတည့်ခါနီး နေချစ်ချစ်တောက်ပူနေချိန်တွင်သစ် တောထဲ မိုးရွာဖို့ဆိုသည်မှာလည်း ဘယ်လိုမျှ မဖြစ်နိုင်။

အတွေးရခက်နေသည်မှာ သစ်ရွက်များ တစ်ရွက်တလေပင် လွင့်လာသည်ကို မမြင်ရသော်လည်း တောနက်ကြီးထဲမှ တဝေါဝေါ တရုန်းရုန်း အော်မြည်သံကမူ ပို၍ပင် ကျယ်လောင်လာလေသည်။

ချောက်ချား ထိတ်လန့်ဖွယ်ရာ ကောင်းသည်မှာ ထိုအသံကြီးမြည်ဟည်းလာသည်နှင့် တစ်ပြိုင်နက် စောစောက- ကွိကွိကွကွ အော်မြည့်နေကြသော မျောက်လွှဲကျော်တို့၏ အသံနှင့် တောထဲ တောင်ထဲရှိ ကြက်ငှက်တိရစ္ဆာန်များ၏ အသံများကပါ ပို၍ ဆူညံလာသည်။

အလွန်ပါးစပ် မငြိမ်သော မျောက်လွှဲကျော်များနှင့် တောထဲ ရှိ ကြက် ငှက် တိရစ္ဆာန်များအားလုံး အသံတိတ်သွားကြပြန်သော အခါ စောစောက အော်မြည်လာသံကြီးမှာ ပို၍ ကျယ်လောင်မြည် ဟည်းလာ့သလား ထင်ရပြန်သည်။

လူတွေသာမဟုတ်၊ တောတိရစ္ဆာန်များပါ ထိုအသံကြီးကို ကြောက်ရွံ့ကာ ထွက်ပြေးသွားကြလေပြီ။ ထိုအသံကြီးသည်တောင် ချိုင့်များကို ပဲ့တင်ပြန်ရိုက်ကာ တောသုံးထောင်ကိုပါ ကုန်အောင် ချေမှုန်းကြိတ်ဝါး နေပြီလားထင်ရသည်။

“ဟဲ့ . . . . ကောင်တွေ၊ ဟဲ့ကောင်တွေခုချက်ချင်း လှည်းပေါ်ကဆင်းကြစမ်း၊ နွားတွေကို နဖားကြိုး ဆွဲထားကြစမ်းနွားတွေလန့်ပြီးထွက်ပြေးကုန်ရင်အားလုံးဒုက္ခရောက်ကုန်မယ်။ နွားတွေကိုမြန်မြန် ထိန်းထားကြစမ်း။ နဖားကြိုး ဆွဲထားကြစမ်း”

ဘအံ့ထည်သည် ပြောပြောဆိုဆိုနှင့်ပင် ဦးဆုံးလှည်းပေါ်ကရုတ်ခြည်း ခုန်ချပြီး သူ့လှည်းမှ နွားတစ်ကောင်၏ နဖားကြိုးကိုတင်းတင်းဆွဲထားသည်။ ပါးစပ်ကလည်း နွားတွေလန့်မပြေးအောင်စုတ်တသပ်သပ်နှင့် လူသံပေးထိန်းထားလိုက်၏။

ဘအံ့ထည် နည်းတူ ကျန်လူငါးယောက်တို့မှာလည်း လှည်း ပေါ်မှအထိတ်တလန့်နှင့် ခုန်ဆင်းကြကာ နွားလေးကောင်ကို ဝိုင်း ဝန်းထိန်းချုပ်ကာ နဖားကြိုးကို ကိုယ်စီဆွဲထားကြသည်။

သို့သော် နွားတွေမှာ ခေါင်းထောင် နွားရွက်ထောင်ပြီး အမြီးမြှောက်ကာ ကြောက်ကြောက်ရွံ့ရွံ့နှင့် ခုန်ပေါက်တော့မလို ထိတ်လန့် ချောက်ချားနေကြသည်။ လူသံပေး၍ နဖားကြိုးသာ အဆွဲမခံ ထားရလျှင် ခုန်ပေါက်ထွက်ပြေးသွားကြမည်မှာ မုချပင်။

တောနက်ထဲမှ တဝေါဝေါတသောသော အော်မြည်လာသော အသံမှာလည်း ပို၍ပင် ကျယ်လောင်လာသည်။

‘ အင် . . . အစ်ကိုကြီး၊ ဘာသံလဲဟင်။ တောခြောက်တာမ ဟုတ်လား၊ တောခြောက်တယ် ဆိုတာလား “

သူတို့အဖွဲ့ထဲတွင် ဒုတိယအကြီးဆုံး လူကြီးဖြစ်သူ ဦးရွှေသီး ၏ အမေးကို ဘအံ့ထည်က “ဟုတ်ပါဘူးကွာ၊ မင်းကလဲ” ဟု ပေါ့ ပေါ့တန်တန်ပင် ပြောလိုက်၏။

ဤသည်ကို နောက်လူများက လုံးဝ မယုံကြည်ကြ။ သူတို့ ကြောက်ရွံ့ကုန်ကြမှာစိုး၍ ဘအံ့ထည်က တမင်လိမ်ပြောခြင်းသာ ဟု ထင်လိုက်ကြသည်။

သူတို့ကြားဖူးထားသည်မှာ တောတောင်ထဲ၌ ဤသို့ သစ်ပင် မလှုပ်၊ သစ်ရွက်မလှုပ်ဘဲ တစ်တောလုံး၊ တစ်တောင်လုံး တဝေါဝေါ တသောသော အော်မြည်အသံပေးတတ်သည်မှာ တောခြောက်ခြင်း သာဟု ဘိုးစဉ်ဘောင်ဆက် သက်ကြီးစကားသက်ငယ်ကြားယုံကြည် ထားကြ၏။

ယခုတော့ခြောက်နေသံကို အားလုံးကြားကြပါလျက် လူများ တင်မက နွားတိရစ္ဆာန်များနှင့် အခြားတောတိရစ္ဆာန်များကပါတော ခြောက်သံကိုကြားရ၍ အထိတ်တလန့် ဖြစ်နေကြပါလျက် ဘအံ့ ထည်က “ဟုတ်ပါဘူး” ဟု လေသံလျော့နှင့် ပြောလိုက်ခြင်းမှာလူ ငယ်များ ထိတ်လန့်ကြောက်ရွံ့ကုန်မှာစိုး၍ လိမ်ပြောခြင်းသာ ဟုအားလုံးက ထင်လိုက်ကြသည်။ ထို့ကြောင့် လူငယ်ထဲတွင် ဘအံ့ထည်၏ အချစ်ဆုံး မြေးဖြစ် သူ အောင်မောင်းက မကျေမနပ်နှင့် သူ့အဘိုးကိုမေး၏။

“ ဟင် . . . ဘိုးဘိုး . . . ၊ ထောခြောက်သံမဟုတ်ရင် ဒီအသံ … တွေက ဘာသံလဲဗျ။ ဟိုမှာကြည့်လေ . . . ဘိုးဘိုး၊ လေကြီးမိုးကြီး … ကျတာဆိုရင် သစ်ပင်တွေ သစ်ကိုင်းတွေတလှုပ်လှုပ် ဖြစ်နေမှာပေါ့။ သစ်ပင်တွေ ယိမ်းကနေကြမှာပေါ့။ ခုတော့ သစ်ပင်တွေ လှုပ်ဖို့မ ပြောနဲ့ သစ်ရွက်ခြောက် တစ်ရွက်တလေတောင် လွင့်လာတာကိုမ မြင်ရဘူး။ ဒါတောခြောက်တာ မဟုတ်ရင် ဘာလဲဟင်”

“ဟေ့ကောင်လေး၊ မဟုတ်ပါဘူးဆို၊ မင်းနွားတွေ လန့်မပြေး အောင်သာ ကိုင်ထိန်းထားစမ်းပါ။ အတော်ကလေး ကြာရင် တိတ် သွားပါလိမ့်မယ်”

“ဟာ . . . ဘိုးဘိုး၊ ခုမှပိုကျယ်လာတာဗျ။တောခြောက်တာမ … ဟုတ်ရင်ဘာလဲလို့ဒါတောခြောက်တာပဲဖြစ်မှာ။ အဖေကပြောတယ် ဒီတောက တောကြမ်းတယ်လို့ မုဆိုးကြီးအောင်ပက ပြောဖူးတယ်တဲ့”

“ လှည်းဖြုတ်ထားလိုက်ရင် ကောင်းမလား အစ်ကိုကြီး “

သူ့မြေးအောင်မောင်း၏စကားကို ဦးရွှေသီးကလည်းထောက် ခံသောအနေနှင့် လှည်းဖြုတ် ထားလိုက်ရမလားဟု မေးလိုက်၏။

ဦးရွှေသီး၏အယူအဆမှာ တောခြောက်သံတွေက ပိုကျယ်ပြီး ပိုနီးလာသလို ထင်ရလေရာ လှည်းတန်းလန်းနှင့်နွားတွေထွက်ပြေး ကုန်လျှင်လှည်းပျက် နွားကျိုး ဖြစ်ကုန်မှာစိုးသည်။

သို့သော် ဘအံ့ထည်၏ မြေးလို သူက ဘအံ့ထည်ကို တိုက်ရိုက်မပြော။ လူကြီးပီပီနားလည်ရုံ ပရိယာယ်စကားနှင့် သာဆို၏။ ဤသည်ကို လူငယ်ထဲတွင် အကြီးဆုံးဖြစ်သူ လှဆောင်က လည်း ထောက်ခံစကားဆိုပြန်၏။

“ဟုတ်တယ် အဘ၊ နွားတွေကို လှည်းဖြုတ်မထားတောင်ဟို ဘက်ပြန်လှည့်ပြီး နောက်ကြောင်းပြန်ဆွဲထားရင် ကောင်းမယ်ထင် တယ်။ တောခြောက်တယ်ဆိုတာ . . .

ဘအံ့ထည်ကမူလှဆောင်ကို မျက်စောင်းထိုးလိုက်သဖြင့်စကား တစ်ပိုင်းတစ်စ ပြက်သွား၏။

ဘအံ့ထည်ကမူ လုံးဝတုန်လှုပ်ပုံမရ၊ လက်တစ်ဖက်က နွား နဖားကြိုးကို မြဲမြဲကိုင်ကာကျန်လက်တစ်ဖက်ဖြင့် နွားဘို့ကို ပွတ်ပေး နေ၏။ ပါးစပ်ကနွားတွေကို စုတ်တသပ်သပ်နှင့် ချော့မော့နေသလို မျက်လုံးအကြည့်မှာ တောခြောက်ရာ ဘက်၌သာ။

“ ဟင် . . . အစ်ကိုကြီး၊ နွားတွေကို . … “

“နွားတွေကို ထိန်းကိုင်ထားကြလေကွာ”

“တောသံတွေ ပိုကျယ်လာတယ် အစ်ကိုကြီး၊ တောခြောက် တယ်ဆိုတာ “

“တောခြောက်တာမဟုတ်ပါဘူးဆို။မင်းတို့လို တောအတွေ့ အကြုံမရှိတဲ့ လူတွေကတော့ တောကြမ်းလို့ တောခြောက်တယ် ဘာညာနဲ့ ပြောကြမှာပေါ့ ”

“ မဟုတ်ဘူးလား ဘိုးဘိုး “

ဘအံ့ထည်အားလေးစားသော ဦးရွှေသီးကစကားမဟမီဘအံ့ထည်၏အချစ်ဆုံးမြေးကြီး အောင်မောင်းကတစခန်းထလာပြန်၏။

“ မဟုတ်ပါဘူး”

“ဟာ . . . ဘိုးဘိုးကလဲဗျာ ဒီလောက်နေ့ခင်းကြောင်တောင်… အသံနက်ကြီးတွေ ကြားနေရတဲ့ဥစ္စာ။ တောခြောက်တာမဟုတ်ရင် သရဲခြောက်တာ . . .

“တယ်… ဒီကောင်လေး။ တောမှာ တောင်မှာမင်းပါးစပ် ခဏပိတ်ထားပါဦးဆို “

နောက်လူတွေပါကြောက်ကြောက်ရွံ့ရွံ့နှင့်အထိတ်တလန့်ဖြစ် ကုန်ကြမှာစိုး၍ ဘအံ့ထည်က အောင်မောင်းကို အော်ငေါက်ပစ် လိုက်၏။

ဘအုံထည်၏ မြေးအရင်းဖြစ်သူ အောင်မောင်းမှာ ဤတစ်ခါ တော့ သူ့အဘိုးကို လုံးဝနှုတ်တုံ့မပြန်ဝံ့တော့။ မျက်လုံးကြီး အပြူး သား၊ ပါးစပ်ကြီးအဟောင်းသားနှင့်သာ အသံကြားနေရသောတော ခြောက်သောဘက်သို့ ငေးကြည့်ပြီး ငိုင်သွား၏။

ဘအံ့ထည်၏စကားအဆုံးမှာတောခြောက်သံကြီးက ပိုကျယ် လာပြန်ရာ စိတ်ထဲ ပိုကြောက်ရွံ့လာသော ဦးရွှေသီးကပါ အလိုလို ပါးစပ်ဟလာပြန်သည်။

“ဒါဆို ခုကြားနေရတဲ့ အသံဟာ . . . “

“ အေးပါကွာ မင်းတို့နွားတွေကိုသာ လန့်မပြေးအောင် နဖား ကြီးမြဲမြဲကိုင်ထိန်းထားကြစမ်းပါ။ စောင့်ကြည့်နေကြ၊ တောခြောက် တာမဟုတ်ဘူးဆိုတာ အတော်ကြာတော့ အဖြေပေါ်လာပါလိမ့် မယ်။ ဘာလည်းဆိုတာ မင်းတို့ မျက်မြင်ကိုယ်တွေ့ ကြုံရပါ လိမ့်မယ် ”