************************
တိတ်ဆိတ်သော မိုးညတစ်ညဝယ် ဘယ်ပန်းချီရေးလို့မှ ချယ်သမမီနိုင်သော အင်းလေးကန်ကြီး၏ ရေပေါ်အိမ်လေးတွေကြား လှေငယ်လေး တစင်းက ဖြေးဖြေးချင်း လှော်ခတ်ကာ မိုးစက် မိုးမှုန်တွေကြား ဦးတည်ရာကို ရှာဖွေလျက်ရှိသည်။ဝသန်ကာလ ညတစ်ညဖြစ်ပေမယ့် ရာသီဥတုအခြေအနေက အရမ်းကြီးဆိုးဆိုးရွားရွားဖြစ်မနေတော့ လှေရှင်အတွက် အနည်းငယ်သက်သာစေတာတော့အမှန်ပင်။ ထို့နောက် အင်းလေးဒေသရဲ့ ရှေးဟောင်းရွာကြီးတစ်ခုဖြစ်သော နန်းသဲကျေးရွာရှိ မုဆိုးဖို တောင်သူကြီး ဘိုးချုပ်အိမ်ရှေ့အရောက်တွင် ထိုလှေငယ်ကရပ်တန့်သွားခဲ့သည်။
“ဘိုးချုပ်ရေ..ဗျို့..ဘိုးချုပ်”
နယ်ခံဖြစ်သော လှေထိုးသားက ဘိုးချုပ်နာမည်ကိုအော်ခေါ်လိုက်သည်။
“ဟေ..စိုင်းလုံး..ဒီအချိန်ကြီး ဘာကိစ္စလဲဟေ့”
“ဒီမှာ ခင်ဗျားနဲ့တွေ့ချင်လို့ ဧည့်ကိုယ်တော်တစ်ပါးပါလာတယ်ဗျ..အဲ့ဒါကျုပ်ကို ပို့ခိုင်းလို့ လာပို့တာ”
သူပြောမှ ဘိုးချုပ်သတိထားပြီး ကြည့်လိုက်မိသည်။စိုင်းလုံး၏လှေလေးပေါ်တွင် အသားညိုညို အရပ်ပုပုနဲ့ မျက်နှာတစ်ဖက်တွင် မွေးရာပါ မည်းနေသည့် အမှတ်ကြီးတစ်ခုရှိသော ကိုယ်တော်တစ်ပါးပါလာသည်ကို တွေ့လိုက်ရသည်။ထိုကိုယ်တော်သည် သပိတ်လွယ်ထားပြီး အိတ်ငယ်တစ်အိတ်ကိုလည်း ဆုပ်ကိုင်ထားသည်။ဘိုးချုပ်ကလည်း ဧည့်ကိုယ်တော်အား ဧည့်ဝတ်ပျူငှာစွာ ဆက်ဆံလေသည်။
“ဘယ်အရပ်က ကြွချီတော်မူခဲ့သလဲကိုယ်တော်”
“ကျုပ်သည် ပုဂံပြည်က ကြွခဲ့သည် ဒကာတော်..ကျုပ်ကို ဒကာတော်၏ အိမ်တွင် တညတာတည်းခိုခွင့်ပြုစေချင်ပါတယ်”
“တင်ပါ့ဘုရား..တပည့်တော်အိမ်ကို ကျောင်းသင်္ခန်းအမှတ်နဲ့ ကိုယ်တော်စိတ်တိုင်းကျတည်းခိုနိုင်င်ပါတယ်”
ထို့နောက် ရဟန်းကသူ့ကို အင်းလေးကန်ဆီသို့ လှေဖြင့်လိုက်ပို့ရန်ပြောသည်။ဘိုးချုပ်က လိုက်ပို့ပါမည်ဟုပြောသောအခါ ရဟန်းက သူ၏လွယ်ထားသော သပိတ်ကို ဘိုးချုပ်ဘုရားစင်ပေါ်၌ တင်ထားခဲ့သည်။အင်းလေးကန်သို့ရောက်သောအခါ ရဟန်းသည် အရှေ့ဘက်မှ ဆင်တောင်ကိုကြည့်ရှုပြီး အနောက်ဘက်သို့လည်းကြည့်တော်မူသည်။တောင်နှင့်မြောက်ဘက်များကိုလည်း ကြည့်သေးသည်။ထို့နောက် ဘိုးချုပ်ကိုလှေအား အနောက်ဘက်သို့လှည့်ရန်ပြော၏။ရဟန်းသည် ဆင်တောင်ကုန်းသို့ ပြန်ကြည့်ပြန်၏။
“ဘိုးချုပ်ဒီနေရာကို ကျုပ်တို့ပြန်လာရင် မှတ်မိနိုင်ဦးမလား”
“တပည့်တော် ဤနေရာသို့ မကြာခဏလာဖူး၍ မှတ်မိပါတယ်ကိုယ်တော်”
“အေး..ဒါဆိုရင် နောက်တစ်နေ့ နေမဝင်ခင်မှာ ကျုပ်တို့ဒီနေရာကို ပြန်လာရလိမ့်မယ်ဘိုးချုပ်..”
အိမ်သို့ပြန်ရောက်သောအခါ ရဟန်းက နတ်တင်ရန်ဟုဆိုကာ ဘိုးချုပ်အား ငှက်ပျောခိုင်၊ အုန်းသီးနှင့် လက်ဖက်ရှာပေးရန်ပြော၏။ထို့နောက် ၁၈ လက်မခန့်ရှိသော ဓားတစ်ချောင်းရှိက ပေးရန်ပြောသည်။ရဟန်းပြောသမျှကိုလည်း ဘိုးချုပ်က မညီးမငြူရှာပေးသည်။မကြာခင်မှာတော့ ရဟန်းက နတ်တင်ရန်ပြုလုပ်တော့သည်။ဖယောင်းတိုင် တစ်တိုင်ထွန်း၏။ဓားအား ရေဖြင့်ဆေးသည်။အားလုံးပြီးစီးသောအခါ
“ဘိုးချုပ်..ကျုပ်ဒီနေရာကို ဘာလို့လာတယ်ထင်လဲ”
“မသိပါဘုရား..တပည့်တော်လည်း မေးမလို့ကြံစည်နေတုန်း..ကိုယ်တော်လည်းအလုပ်ရှုပ်နေတာမို့ မမေးဖြစ်ခဲ့တာပါ”
“အိမ်း..အမှန်တကယ်တော့ ကျုပ်ဒီနေရာကို လာတာ သိုက်တူးဖို့ကွဲ့..ကျုပ်အခုတူးမယ့်သိုက်ထဲမှာ အလွန်တရာရှားပါးပြီး အဖိုးတန်တဲ့ သိဒ္ဓိ ကျောက်စာတွေ ပြီးတော့ ရွှေတစ်တောင်း၊ ငွေတစ်တောင်းရှိတယ်…ထိုအရာတွေကို ဥစ္စာစောင့်တွေက ထိန်းသိမ်း စောင့်ရှောက်နေတယ်..ကျုပ်က အဲ့ထဲက သိဒ္ဓိကျောက်စာကိုပဲယူမယ် ဘိုးချုပ်..သင်ကတော့ ရွှေ ငွေများကိုယူဆောင်ပါလေ”
“သင်က..ယခုသိုက်တူးမယ့်ကိစ္စအတွက် အခရာပဲဘိုးချုပ်…ဒီသိုက်ကိုတူးတာအောင်မြင်ရင် ကျုပ်လည်းလိုချင်တာရမယ်..သင်လည်း ချမ်းသာပေလိမ့်မယ်”
နောက်တစ်နေ့နံနက်နေမထွက်မီ ရဟန်းနဲ့ဘိုးချုပ်တို့ သိုက်နန်းနေရာသို့သွားကြသည်။ကန်တော့ပွဲများဖြင့်ပသပြီးနောက် စင်ရော်ငှက်များ ပျံသန်းလာခဲ့သည်။
“ဘိုးချုပ်..တစ်နေရာမှာတော့ နေမထွက်မီ ထူးခြားမှုကိုပြလိမ့်မယ်..ထိုနေရာက တို့တွေသိုက်တူးဖို့နေရာဖြစ်လိမ့်မကွဲ့”
ထို့နောက် သူတို့နှစ်ဦး အိပ်ရာဝင်ကြသည်။ထိုညက ရဟန်းသည် ကောင်းစွာအိပ်၍ မပျော်သည်ကို ဘိုးချုပ်သတိထားမိ၏။နံနက် အာရုဏ်တက်ချိန်တွင် ဘိုးချုပ်သည် ရဟန်းနှင့် သိုက်တူးရန်ပစ္စည်းများကို လှေပေါ်တင်၍ လှေလှော်ကာ ထွက်ခဲ့သည်။သိုက်နန်းနေရာသို့ နေမထွက်မီ ရောက်ကြလေသည်။
“ကဲ..ဘိုးချုပ်ရေ..သိုက်တူးရန်အခါတော့ရောက်ပီ..သိုက်နန်းရှင်တွေကလည်း ကူညီကြလိမ့်မယ်..ငါတို့စီးလာတဲ့လှေကို ကျွန်းမျောကပ်ပြီး ရပ်ထားစမ်းကွဲ့”
“မှန်ပါ့ကိုယ်တော်”
ထိုအချိန်တွင် စင်ရော်ငှက်တစ်အုပ် ဆင်တောင်ကုန်းပေါ်မှ ပျံသန်းလာသည်ကို တွေ့ရသည်။ငှက်များသည် ထိန်ပင်တစ်ပင်ပေါက်နေသော ကျွန်းမျောပေါ်တွင် ဝိုင်း၍ပျံသန်းနေကြသည်။ငှက်တစ်ကောင်သည် ရေမျက်နှာပြင်ပေါ်သို့ ထိုးစိုက်ပျံပြီး အနောက်ယွန်းယွန်းသို့ ပျံသန်း သွားသည်။ငှက်အုပ်မှ တခြားငှက်များလည်း ထိုငှက်နောက်သို့လိုက်၍ ပျံသန်းကြသည်။
“ဘိုးချုပ်ရေ..ထူးခြားပြီကွဲ့..ထိန်ပင်ရှိတဲ့ ကျွန်းမျောနားကို လှော်စမ်း”
ကျွန်းမျောအနီးသို့ရောက်သောအခါ ဆန်မန်း ပေါက်ပေါက်တို့ကို ကြဲ၍ ရဟန်းက မန်းမှုတ်လေတော့သည်။ဒုတိယအကြိမ် မန်းမှုတ်ပြီးသော အခါ ထိန်ပင်ငယ်သည် လေမတိုက်ဘဲနဲ့ လှုပ်ရမ်းလာသည်မှာ ရေအောက်ရှိအမြစ်ကို တစ်ယောက်ယောက်က ဆွဲခါနေသကဲ့သို့ ဖြစ်နေလေသည်။
“အရေးကြီးပြီကွဲ့..အခုဝါးလုံးကိုကျုပ်ရေအောက်ကို စိုက်ချလိုက်မယ်..သင်က အပေါ်ကနေသေချာကိုင်ပေးထား..ကျုပ်ကရေအောက်ကို ဝါးလုံးကိုင်ပြီးဆင်းမယ်..သွေးကွက်တွေရေပေါ်ပေါ်လာရင် သင်ကပထမဆေးလုံးကို ရေထဲကို ပေါက်ချရမယ်..ဒီသွေးတွေက သိုက်စောင့်နဂါးကို ကျုပ်ကဓားနဲ့ထိုးပြီးသတ်လိုက်လို့ပေါ်လာခြင်းဖြစ်တယ်..သွေးကွက်တွေထပ်ပေါ်လာရင် ဒုတိယဆေးလုံးကို ပေါက်လိုက်..နဂါးမျက်လုံးကို ဖောက်မိတဲ့အချိန် ကျုပ်က ဂမ္ဘီယကျောက်တွေကို နဂါးထံက အရယူမယ်..
နောက်ထပ်သွေးကွက်တွေထပ်ပေါ်လာရင်တော့ နောက်ဆုံးကျန်ခဲ့တဲ့ဆေးလုံးကို ပစ်လိုက်တော့ဟေ့..နဂါးရဲ့မျက်လုံးတစ်ဖက်မှာ ရွှေတောင်းရှိပြီး တစ်ဖက်မှာငွေတောင်းရှိတယ်ကွဲ့ဘိုးချုပ်ရဲ့ ..”
“ကျုပ်က သင့်ကို အလေးအနက်ထားမှာချင်တာက သင်အချိန်ကိုက်ပြီး ပစ်ရမည့်ဆေးလုံးတွေကို မပစ်ခဲ့ရင် ကျုပ်သေရလိမ့်မည်ဆိုတာမှတ်ထားကွဲ့… သေချာလိုက်နာဆောင်ရွက်နော်ဘိုးချုပ် ကျုပ်စိတ်ချမယ်ကွဲ့ ..”
“ကျုပ်ကိုစိတ်ချပါကိုယ်တော်..ကိုယ်တော်ပြောတာတွေကို ကျုပ်တသွေမတိမ်းလိုက်နာပါ့မယ်”
“အိမ်း..အိမ်း ဒါဆိုရင် ကျုပ်ရေထဲဆင်းပြီကွဲ့ ..”
ထို့နောက်ရဟန်းသည် ဂမ္ဘီရပုတီးကို လည်ပင်းတွင် စွတ်၍ငုတ်သွားလေသည်။မကြာမီ ရေပြင်၌ သွေးကွက်များပေါ်လာသည်။ဘိုးချုပ်က ပထမဆေးလုံးဖြင့် ပေါက်လိုက်သည်။ ဒုတိယဆေးလုံးကို ပေါက်ရန်စောင့်ဆိုင်းနေစဉ် အခြားလှေတစ်စင်းက သူ့လှေအား ဝင်တိုက်သံ ကြားလိုက်ရသည်။ထိုလှေပေါ်တွင် အမျိုးသမီးတစ်ဦး ကြိုးတုပ်လျက်ပါလာသည်။
“ကယ်ကြပါ..ကယ်ကြပါဦးရှင်..ကျွန်မ အန္တရာယ်နဲ့ရင်ဆိုင်နေရလို့ပါ”
“ဒီမယ် မိန်းကလေး ဘာမမစိုးရိမ်နဲ့ မင်းကို ကျုပ်ကယ်ပေးမယ်”
ဘိုးချုပ်လည်း ဒုတိယဆေးလုံးကို ပေါက်ရန် မေ့လျော့ပြီး ထိုမိန်းကလေးအား ကြိုးဖြေပေးလိုက်လေသည်။ထိုအခါ လေကြီးမိုးကြီးကျလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်လျက် ပြင်းထန်သော အသံများ ထွက်ပေါ်လာခဲ့လေသည်။ဘိုးချုပ်သည် ကြောက်ရွံ့လျက် ဝါးလုံးအား ရေပေါ် သို့ ဆွဲမထုတ်မိတော့ပါ။သိုက်တူးခြင်းအလုပ်သည် စည်းကျိုး၍သွားသဖြင့် ရဟန်းလည်း ရေနစ်၍သေဆုံးရှာလေသည်။ဘိုးချုပ်သည် ထိုနေ့ကတည်းက စ၍ ကြောက်ရွံ့စိုးရိမ်စိတ်နဲ့ အိပ်မပျော်တော့ပါ။အမှတ်ကြီးနဲ့ ရဟန်းမျက်နှာကိုသာ မြင်နေရသည်။အိပ်မက်ထဲတွင် ရဟန်းက လက်ညှိုးငေါက်ငေါက်ထိုး၍ အသံနက်ကြီးဖြင့်
“ဘိုးးးချုပ်..တောက်..သင်လုပ်လို့ကျုပ်သေဆုံးပြီး နေထိုင်စရာမရှိဖြစ်နေပြီ..သူကြီးဆီသွားပြီး ကျုပ်အတွက် နေရာတစ်ခု တောင်းပေး စမ်း..ဟင်းဟင်း”
“မှန်ပါ့ဘုရား..ကျုပ်ကို ဗွေမယူပါနဲ့နော်..ကျုပ်အခု သူကြီးထံသွားပြီး သင့်အတွက် နေရာတောင်းပေးပါ့မယ်”
ထို့နောက်ဘိုးချုပ်သည် နန်းသဲရွာသူကြီးထံသွားပြီး အလုံးစုံပြောပြသည်။ရဟန်းရေနစ်သေဆုံးသည့်နေရာတွင် ရဟန်းနတ်နေထိုင်ရန် နန်းဆောက်ပေးသည်။နှစ်စဉ်ရေအကြီးဆုံးအချိန်နှင့်ရေအကျဆုံးအချိန်တို့တွင် နတ်ပွဲကျင်းပပေးသည်။ရဟန်းနတ်နန်းကို ကန်စောင့်နတ်နန်းဟုလည်းခေါ်သည်။အင်းသားများယနေ့တိုင် ယုံကြည်ကိုးကွယ်ပ,သကြသည်။
#ဖြိုးမြတ်ဟန်(Mythologist)