*********************
-ဆရာတာတေ-

တာတေ ရွာမှောက်ပြီး သုံးညမြောက်မှာ ထူးဆန်းလွန်းလှတဲ့ အိပ်မက်တစ်ခု မက်တယ်ဗျ။ အိပ်မက်လို့သာ ပြောရတာပါဗျာ။ အပြင်မှာ တကယ်ဖြစ်နေတဲ့အတိုင်းပါပဲ။ ကျုပ်မက်တဲ့ အိပ်မက်က ဒီလိုဗျ။ တာတေ အင်းဝမှာနေတဲ့ အင်းဝသားတဲ့ဗျာ။

ညောင်ရမ်းမင်း မင်းရဲနန္ဒမိတ်က ဗားမဲ့ဆရာတော်နဲ့ တိုင်ပင်ပြီး ညောင်ရမ်းကနေ အင်းဝကို မင်းနေပြည်တော် ပြောင်းရွှေ့စိုးစံတော်မူတယ် ဗျ။ တာတေ့အဘ ပန်းထိမ်သည်ကြီး ဦးသီဟလည်း အင်းဝကိုပြောင်းပြီး လုပ်ကိုင်စားသောက်ခဲ့ရတာပေါ့ဗျာ။

တာတေ့ကိုလည်း အဘက ပန်းထိမ် ပညာသင်ပေးခဲ့လို့ တာတေလည်း ပန်းထိမ်သည်တစ်ယောက် ဖြစ်လာရော ဗျ။ အဘလက်ရာကို မမီသေးပေမဲ့ တာတေ့လက်ရာလည်း ရတနာပူရ အင်းဝရွှေမြို့တော်ကြီးမှာ လူကြိုက်များလာခဲ့တယ်။

ပန်းထိမ်သည်သာ လုပ်နေရတာဗျို့။ တကယ်တမ်း တာတေ ဝါသနာပါတာက အထက်လမ်းပညာတွေဗျ။ အင်းဝမှာ အထက်လမ်းပညာတွေကို ကမ်းခတ်အောင်တတ်တဲ့ ဘိုးဒိဗ္ဗဆိုတဲ့ ဆရာကြီးတစ်ယောက် ရှိတယ်လေဗျာ။

ကျုပ်က ဘိုးဒိဗ္ဗရဲ့တပည့်တစ်ယောက်ပါ။ ဘိုးဒိဗ္ဗမှာက ယောက်ျား တပည့်၊ မိန်းမတပည့်တွေ အများကြီးပဲဗျ။ ကျုပ်ကတော့ ဘိုးရဲ့ တပည့် ငယ်တွေထဲမှာ အတော်ဆုံးလို့ ဘိုးကိုယ်တိုင် ပြောဖူးတာပဲ။
တစ်နေ့တော့ ဘိုးက သူ့ရဲ့ ကျွန်းအိမ်မဲမဲကြီးထဲက ဘုရားခန်းကြီး ထဲမှာ ကျုပ်နဲ့ နှစ်ယောက်တည်း စကားပြောတယ်ဗျ။

ဘိုးဒိဗ္ဗဆိုတာက အရပ်အမောင်းကောင်းကောင်း သျှောင်တစောင်း နဲ့ဗျ။ ဘိုးဒိဗ္ဗရဲ့ မျက်နှာက လွှတ်ကျက်သရေရှိတာ။ မျက်လုံးတွေက အမြဲတမ်းကြည်ပြီး ဘောက်နေတာ။ နှုတ်ခမ်းမွေးကလည်း ထိပ်နှစ်ဖက်က ကော့ပြီး ကျင်စွယ်တက်လို့ဗျ။ ခေါင်းမှာလည်း ပုဝါတစ်ထည်က အမြဲ ပေါင်းထားတာ။ ဝတ်တာက သိုရင်းအင်္ကျီနဲ့ တောင်ရှည်ပုဆိုးဗျ။ ပယောဂနဲ့ အောက်လမ်းကတော့ မျက်လုံးနဲ့ စိုက်ကြည့်တာနဲ့တင် ဒူးတုပ်ကြရတာဗျ။

ဘိုးဒိဗ္ဗနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကဝေတွေဆိုတာ သွေးပွက်ပွက်အန်ပြီး သေခဲ့တာ နည်းရောလားဗျာ။ ဘိုးဒိဗ္ဗနဲ့ ကဝေတွေ တိုက်ပွဲကို ကျုပ် နှစ်ခါ သုံးခါ လိုက်ဖူးပါတယ်။ တကယ့်ကို ကြောက်ခမန်းလိလိပဲဗျို့။ ဘုရားခန်းက ကျားသားရေချပ်ကြီးပေါ်မှာ ထိုင်နေတဲ့ ဘိုးဒိဗ္ဗက ကျုပ်ကို ပြောတယ်ဗျ။

“လူကလေး မောင်တာတေ၊ မောင်ဟာ ဘိုးရဲ့တပည့်တွေထဲမှာ အသက်အငယ်ဆုံးဆိုပေမဲ့ ပညာအတော်ဆုံး သတ္တိအကောင်းဆုံးပဲကွဲ့။ အေး မိန်းကလေးတွေထဲမှာတော့ မိဖဲဝါက အတော်ဆုံးပဲ။ မိဖဲဝါက မောင့်ထက်တော့ အသက်ကြီးတယ်။ မောင့်ရဲ့ အစ်မကြီးအရွယ်ပေါ့ ၊ မောင်တို့နှစ်ယောက်ဟာ ဘိုးရဲ့ အားအကိုးရဆုံး တပည့်တွေပေါ့ကွယ်။

အခုတော့ ကိစ္စတစ်ခုပေါ်လာတယ် လူကလေးရဲ့” “ဟုတ်ကဲ့၊ အမိန့်ရှိပါ ဆရာကြီး”
““ဒီလိုကွဲ့ လူကလေးရဲ့၊ မင်းတရားကြီးရဲ့ ဆရာတော် ဗားမဲ့ကိုယ် တော်ကြီးဆိုတာ မောင် သိမှာပေါ့”
“ဟုတ်ကဲ့ သိပါတယ် ဆရာကြီး၊ နှစ်ခါလောက်လည်း ဖူးဘူးပါတယ်”

“ဗားမဲ့ဆရာတော်က ဘိုးရဲ့ ဆရာပဲကွဲ့၊ ဘိုးကို ပညာတွေ တော်တော်များများ ထပ်ပြီးဖြည့်ပေးခဲ့တယ်။ ဆရာတော်က ဟံသာဝတီမှာ သီတင်းသုံးရာကနေ ငါးဆူဒါယကာမင်းကြီးက မလိုလားလို့ သူ့ညီတော် နန်းစံတဲ့ ညောင်ရမ်းကို ပို့လိုက်တာကွဲ့။ ဘိုးတို့ ညောင်ရမ်းကို ဆရာတော် ရောက်လာတော့ ညောင်ရမ်းမင်းက ဆရာတော်ကို ကျောင်းဆောက်လှူ ပြီး ကိုးကွယ်ခဲ့တယ်။ ဒီမှာတင် ဘိုးနဲ့ တွေ့ခဲ့ရတာ။

ဆရာတော်က ဘိုးရဲ့ ပညာတွေကို စစ်ဆေးပြီး လိုအပ်တဲ့ပညာတွေကို ထပ်ပြီးသင်ပေးခဲ့ တာကွဲ့ ၊ ဒါကြောင့်လည်း အောက်လမ်းကဝေတွေ မှန်သမျှ ဘိုးကို မယှဉ် နိုင်တော့တာပေါ့ကွယ်။ ဒါပေမဲ့ မောင်တာတေရေ၊ တောင်ငူက ငအုပ်လို့ ခေါ်တဲ့ ကဝေတစ်ယောက်ကတော့ အတော်ကို ပညာထက်ဘယ်လို့ ဘိုး ကြားဖူးသကွဲ့။ အေး ရေစက်ရှိရင်တော့ ဒင်းနဲ့ ကျုပ်နဲ့ တစ်နေ့ဆုံကြရမှာ ပကွယ်။ အေး အေး၊ ဘိုး အခု မောင်တာတွေကိုပြောမယ့် အဓိကကိစ္စက ဗားမဲ့ဆရာတော်က လွန်ခဲ့တဲ့ သုံးရက်က ဘိုးကို မိန့်တယ်ကွဲ့ ”

“ဟုတ်ကဲ့ပါ ဆရာကြီး”
“ရဲရင့်ပြီး ပညာထက်မြက်တဲ့ လူငယ်တစ်ယောက် ရှာပေးပါတဲ့၊ တခြားကလည်း မလိုချင်ဘူးတဲ့ကွဲ့၊ ဘိုးရဲ့ တပည့်တွေထဲကပဲ လိုချင်တာလို့ မိန့်တယ် မောင်တာတေရဲ့။ အေး ဒီမှာတင် ဘိုးက မောင်တာတေကိုတန်းမြင်လိုက်တာကွယ်။ ဘုရင်ကိုးကွယ်တဲ့ ဆရာတော်ကြီးက အကြောင်း မဲ့တော့ မိန့်မယ်မထင်ဘူး။ အဲဒါ မောင်တာတေ ဘယ်လိုသဘောရတုံးကွဲ့”

“ဟာ ဆရာကြီးရယ်၊ ကျုပ်ဘက်ကတော့ အဆင်သင့်ပါဗျာ။ ဆရာကြီး ခိုင်းလိုရာခိုင်း၊ စေလိုရာစေပါ”
. * “အိမ်း ကောင်းလေပြီ တာတေငယ်၊ နို့ တစ်ခုတော့ ဘိုးမေးလို သေးတယ်ကွဲ့၊ တကယ်လို့များ နန်းတွင်းဝင်ပြီး မင်းတရားကြီးကို ခစားရ မယ်ဆိုရင်ရော ခစားရဲပါ့မလား လူကလေးရဲ့”

“ကျုပ်ကို စိတ်ချပါ ဆရာကြီး၊ နန်းတွင်းဝင်ရမယ်ဆိုရင်လည်း ဝင်ဝံ့ပါရဲ့၊ မင်းတရားကို စားရမယ်ဆိုရင်လည်း ခစားဝံ့ပါရဲ့ ဆရာကြီး” “အေး ကောင်းလေစွ မောင်တာတေ၊ ဒါဆိုရင် မနက်ဖြန်ပဲ လယ်ကြီးရပ်က ဆရာတော်ကျောင်းကို သွားကြစို့ကွယ်”

ဘိုးဒိဗ္ဗက ကျုပ်ကို လာရမယ့်အချိန် ဝတ်စားလာရမယ့် အဝတ် အစားကအစ မှာတယ်ဗျ။ နောက်တစ်နေ့ရောက်တော့ ကျုပ်လည်း ဘိုးမှာ တဲ့အတိုင်း အဆင်သင့်ပြင်ပြီး သွားခဲ့တယ်။ သိုရင်းအင်္ကျီ၊ ပုဆိုးတောင်ရှည်၊ သျှောင်ထုံးကို သေသေချာချာ ဆီလိမ်းပြီးထုံး၊ ပုဝါနံ့သာရောင်ပေါင်းလို့ ပေါ့ဗျာ။

ဘိုးရဲ့တပည့်တစ်ယောက်က မြင်းလှည်းကလေးနဲ့ လိုက်ပို့ဘယ်။ လယ်ကြီးရပ်ကဗားကရာကျောင်းကြီးရဲ့ အဝင်လမ်းက သာပါဘိဗျာ။ လမ်းတစ်ဖက်တစ်ချက်မှာ လူတစ်ရပ်လောက် ထန်းပင်တွေက စီလို့ တန်း လို့ဗျို့။

ဘိုးဒိဗ္ဗရောက်နေတာကို သိတော့ ဗားမဲ့ဆရာတော်က ကျက်သရေခန်းထဲက ထွက်လာတယ်ဗျ။

“ဘယ့်နှယ်တုံး ဒကာကြီး ဦးဒိဗ္ဗရဲ့၊ ကျုပ်ခိုင်းတဲ့ကိစ္စ အဆင်ပြေခဲ့ရဲ့လား”

““မှန်လှပါ အဆင်ပြေပါတယ်ဘုရား”
ဆရာ့တော်အမေးကို ဘိုးဒိဗ္ဗက ပြန်ဖြေရင်း ကျုပ်ရော ဘိုးဒိဗ္ဗရော ဆရာတော်ကို ရှိခိုးလိုက်ကြတယ်။ ဗားမဲ့ဆရာတော်က ကတ္တီပါကြက်သွေး ရောင်နဲ့ ချုပ်ထားတဲ့ ထိုင်ဖုံကြီးပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး သီတင်းသုံး နေတယ်။ ဗားမဲ့ဆရာတော်ကို အခုမှ ကျုပ် အနီးကပ်ဖူးဘူးတာဗျ။ တည် ကြည်နေတဲ့ ဆရာတော်ရဲ့ မျက်နှာတော်ဟာ အတော်ကို ကြည်ညိုဖို့ကောင်း တယ်ဗျာ။

“တပည့်တော်ရဲ့ တပည့်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ သတ္တိ အရှိဆုံး သူငယ်ပါဘုရား၊ တပည့်တော်နဲ့လည်း ကဝေတိုက်ပွဲတွေ လိုက်ပြီး ကူညီဖူးပါတယ်ဘုရား။ သူကိုယ်တိုင်လည်း ပညာမငယ်လှပါဘူးဘုရား” ဆရာတော်က ဘာမှမမိန့်ဘဲ ကျုပ်ကို စိုက်ကြည့်တယ်။ ခဏနေတော့မှ

““ဒီသူငယ်က နာမည်ဘယ်လိုခေါ်တုံး ဦးဒိဗ္ဗရဲ့ ”
“မောင်တာတေလို့ ခေါ်ပါတယ်ဘုရား”
ကျုပ်လက်တစ်ဖက်ကို ဆန့်တန်းခိုင်းပြီး သူ့ရဲ့ ညာဘက်လက်နဲ့ ကိုင်ထားတယ်ဗျ။ ပြီးတော့ မျက်စိမှိတ်ထားတယ်။ ခဏနေတော့ ကျုပ် လက်ကို လွှတ်လိုက်တယ်။
“တာတေက စနေသားအစစ်ပဲ၊ ဒါကြောင့်လည်း ထက်မြက်တာ ပလေ၊ ဦးဒိဗ္ဗရေ ဒီသူငယ်က သူရသတ္တိနဲ့ တကယ်ပြည့်စုံတဲ့သူပဲဗျ။ ကဲ မောင့်ဆရာကြီးရှေ့မှာပဲ မောင့်ကို ပြောရမှာပလေ။

ဘုန်းဘုရားမှာ ကိုယ်ပျောက်စေတဲ့ ရှိန်းဆာယာဆေးတစ်မျိုး ဖော်စပ်ထားတာရှိတယ် တာတေငယ်ရဲ့၊ အဲဒီဆေးကို မောင့်ရဲ့နဖူးမှာ သုတ်လိမ်းပေးလိုက်ပြီးတဲ့အခါ ဘုန်းဘုရားကြီးသင်ပေးမယ့် ဂါထာကို မောင်က ရွတ်ရမယ်။ အဲဒီအခါ ဆေးတကယ်စွမ်းရင် မောင်ဟာ ကိုယ်ပျောက်သွားလိမ့်မယ်။ မောင်သွားချင်ရာကို သွားသာသွား။ ဘယ်သူမှ မောင့်ကို မမြင်နိုင်တော့ ၊ မောင်က ရှိန်းထွက်တဲ့ဂါထာကို ရွတ်လိုက်တော့မှ လူတွေက မောင့်ကို ပြန်မြင်ရလိမ့်မယ်”

“မှန်လှပါဘုရား၊ တပည့်တော် တစ်ခါမှ မကြားဖူးခဲ့ပါဘူးဘုရား”
`အေး ဟုတ်ပေတာပေါ့ တာတေငယ်၊ ဘုန်းဘုရားငယ်စဉ်က မိကျောင်းကိုက်ချီပေးတဲ့ ကြေးပုရပိုဒ်အထဲကနေ ရလာတဲ့ပညာကွဲ့။ ဒီဆေး ကို စမ်းသပ်ဖို့အတွက် တာတေငယ် ဝံ့ရဲ့လားကွဲ့”
“မှန်လှပါ၊ ဝံ့ပါတယ်ဘုရား၊ တပည့်တော်ကိုသာ ရှိန်းဆာယာဆေး စမ်းတော်မူပါဘုရား”

“ကဲ ဒါဆိုရင် တာတေငယ် ထတော့၊ ဘုန်းဘုရားနဲ့ ဘုရားခန်း ကို လိုက်ခဲ့ပေတော့ကွယ်၊ ဦးဒိဗ္ဗက ဒီမှာ ခေတ္တစောင့်ပေဦးတော့ ” “မှန်လှပါဘုရား၊ တပည့်တော် ဒီကစောင့်နေပါမယ်ဘုရား” ကျုပ်က ဗားမဲ့ဆရာတော်ရဲ့နောက်ပါးက လိုက်ခဲ့ပြီး ဘုရားခန်းကို ရောက်တော့ ဆရာတော်က ကျုပ်ကို ဘုရားစင်ရှေ့မှာ ထိုင်ခိုင်းပြီး ဘုရား ကန်တာ့ ငါးပါးသီလ ယူခိုင်းတယ်။ ပြီးတော့မှ ရှိန်းဝင်ဂါထာနဲ့ ရှိန်းထွက် ဂါထာ နှစ်ပုဒ်ကို နှုတ်တိုက်သင်ပေးတယ်။ အကြိမ်ကြိမ် ပြန်ရွတ်ခိုင်း တယ်။ စိတ်တိုင်းကျပြီဆိုတော့မှ ဘုရားစင်ပေါ်မှာ တင်ထားတဲ့ ရွှေခွက်ထဲ ကဆေးရည်ကို ကျုပ်နဖူးမှာ ဆရာတော်ကိုယ်တိုင် သုတ်လိမ်းပေးတယ်။ ပြီးတော့ ရှိန်းဝင်ဂါထာ ရွတ်ခိုင်းတယ်။ ကျုပ်က ရှိန်းအဝင်ဂါထာကို ရွတ်လိုက်တယ်။

“ဟာ စွမ်းလိုက်တဲ့ဆေးကွာ၊ ပျောက်သွားပြီ တာတေငယ်ရေ၊ ကဲ ရှိန်းထွက်တဲ့ဂါထာ ရွတ်လိုက်စမ်းကွယ် ”
ကျုပ်က ရိန်းအထွက်ဂါထာကို ရွတ်လိုက်တယ်။ “ကဲ ပြန်မြင်ရပြီ၊ ကျုပ်ဆေးတော့ စွမ်းပြီ တာတေငယ်ရေ” “မောင့်ကို ဘုန်းဘုရားက တစ်ခုခိုင်းစေမယ်ဆိုရင် လုပ်ဝံ့ပါ့မလား။

“ခိုင်းပါဘုရား၊ တပည့်တော် လုပ်ဝံ့ပါတယ်ဘုရား” “မောင်ကိုယ်ဖျောက်ပြီး နန်းတွင်းကို ၀င်ရမယ်၊ ပြီးရင် မင်း တရားကြီး ပွဲတော်တည်တဲ့အခါ သူနဲ့အတူ ပွဲတော်ပင်တည်ရမယ်။ မောင့် ကို ဘယ်သူမှ မြင်ရမှာ မဟုတ်ဘူးကွဲ့၊ မောင်လုပ်ရဲပါ့မလား” ကျုပ်က ချက်ချင်းပဲ လျှောက်ထားလိုက်တယ်။ “တပည့်တော် လုပ်ခံ့ပါတယ်ဘုရား”
“ကဲ ဒါဆိုရင် ရှိန်းဝင်တဲ့ဂါတရွတ်ပြီး သွားပေတော့၊ မောင့် ဆရာကြီးနဲ့ ဘုန်းဘုရားနဲ့ ကျောင်းကပဲစောင့်ပြီး မောင်ပြန်အလာကို မျှော် နေကြမယ်””

ကျုပ်က ရှိန်းအဝင်ဂါထာကို ရွတ်လိုက်တယ်။
ကိုယ်ပျောက်သွားပြီကွဲ့ တာငယ်၊ နန်းတော်ထဲကို သွားပေတော့၊ ငါ့တပည့် ဘာကိုမှ မကြောက်နဲ့ ကြားလား”
“မှန်ပါ့ဘုရား”

လို့ ကျုပ်ကပြောပြီး ဆရာတော်ကို ကန်တော့လိုက်တယ်။ ကျုပ်ပြောတာကို ဆရာတော် ကြားတယ်ဗျ။ ဆရာတော်က “သာဓု၊ သာဓု၊ သာဓု တာတေငယ် အောင်စေကွယ်” လို့ ပြောလိုက်တယ်။
ကျုပ် ဘုရားခန်းက ထွက်လာပြီး ဘိုးဒိဗ္ဗရှေ့ကပဲ ဖြတ်ထွက်လာ တာကို ဘိုးဒိဗ္ဗက လုံးဝမမြင်ဘူးဗျ။ ကျုပ်က ဗားကရာကျောင်းကြီးပေါ်က ဆင်းလာပြီးဘော့ ထန်းပင်တန်းလမ်းကလေးအတိုင်း ထွက်လာခဲ့တယ်။

ကျုပ်ဦးတည်ရာကတော့ အင်းဝနန်းတော်ဆီကိုပေါ့ဗျာ။
မြို့တံခါးက ကျုပ်ဝင်တယ်။ တံခါးမှူးရော အင်းဝစစ်သားတွေ ရော ကျုပ်ကို မမြင်ဘူးဗျ။ ကျုပ်ဆက်လျှောက်တယ်။ နန်းတော်ကို ကျုပ် ရောက်ပြီ။ ဓားကိုင်၊ လှံကိုင် အစောင့်တွေမှ ပြည့်လို့ဗျ။
ကျုပ်တစ်ချက်တုံ့ပြီး ရပ်လိုက်မိတယ်။ စိတ်ထဲက ရဲမက်တွေကို ကြောက်သလို ခံစားလိုက်ရတယ်ဗျ။
““ငါက ရှိန်းပြီးနေတဲ့လူပဲ၊ ငါ့ကို ဘယ်သူမှ မြင်ရတာမှ မဟုတ်တာလို့”

စိတ်ထဲက ပြောလိုက်ပြီးတော့မှ ကျုပ် ရဲမက်တွေကြားကနေ ဖြတ်လျှောက်လိုက်တယ်။
ကျုပ်ကို ဘယ်သူမှ မမြင်ရဘူးဗျ။ ကျပ်တစ်ခါမှ မရောက်ဖူးတဲ့ ညောင်ရမ်းမင်းရဲ့ အင်းဝနန်းတော်ကြီးကို တအံ့တသြ ငေးကြည့်ရင် နန်း ဆောင်တွေထဲကို လျှောက်သွားနေမိတယ်။

နန်းတွင်းအမှုထမ်းတွေကတော့ သူတို့ရဲ့တာဝန်တွေကို ပြာပြာ ပြာပြာနဲ့ ထမ်းဆောင်နေကြတာပေါ့ဗျာ။ သူတို့မျက်နှာတွေကို ကျုပ် သေသေချာချာ ကြည့်လိုက်တော့ ကျုပ်တို့သာမန်အရပ်သားတွေလို စိတ် လွတ်ကိုယ်လွတ် မရှိကြဘူးဗျ။ တစ်ခုခုကို စိုးရိမ်နေတဲ့ပုံနဲ့ သောကမကင်း တဲ့ မျက်နှာတွေနဲ့ဗျ။

ဝတ်ကြစားကြတာကတော့ တကယ်ကို ပိုးဖဲကတ္တီပါတွေပါပဲဗျာ။ ရုပ်ရည်တွေကလည်း သန့်သန့်ပြန့်ပြန့်တွေ များတယ်။ ကျုပ်လည်း ဘယ်နားမှာ ဘုရင်ပွဲတော်တည်မှန်း သူကို မေးကြည့်ဖို့ကလည်းမသိတော့ လိုက်ရှာနေရတာပေါ့ဗျာ။ တွေ့တဲ့ မဖြစ်ဘူးလေဗျာ။

ဟော လာပြီဗျို့ လာပြီ။ ဘုရင့်ရဲ့ ကိုယ်လုပ်တော်မိန်းမတွေ လှလှပပ ဝတ်လို့ဗျ။ ရတနာတွေစီထားတဲ့ ပွဲတော်အုပ်တစ်အုပ်ကို ပိုက်လို့ ဗျို့။ သူတို့နောက်မှာ ရုပ်ရည်ခန့်ခန့်ညားညားနဲ့ လူကြီးတစ်ယောက်လည်း ပါလာတယ်။ ဒါကတော့ ဘုရင့်ရဲ့ စားတော်ကဲကြီး ဖြစ်မယ်ထင်တယ်။ ကျုပ်လည်း သူတို့နောက်က လိုက်သွားရတာပေါ့ဗျာ။ နန်းဆောင် တစ်ခုထဲကို ဝင်သွားကြတယ်။
ဟုတ်ပဗျာ။ ဒါ ဘုရင့်ပွဲတော်ဆောင်ပဲဗျ။ နောက်က နန်းဆောင် ကြီးက ညောင်ရမ်းမင်း စံမြန်းတဲ့နေရာဖြစ်မယ်ထင်တယ်ဗျ။ ကိုယ်လုပ် တော်တွေက ပွဲတော်အုပ်ကို သေသေချာချာ ပြင်ဆင်ပြီး နေရာချတယ်။ လက်ဆေးရေတော်ကို ရွှေဖလားကြီးတစ်လုံးနဲ့ ထည့်လို့ဗျ။ လက်သုတ်ပုဝါ ကလည်း ဖွေးသန့်နေတာဗျို့။

ဟော ရဲမက်နှစ်ယောက်နဲ့ ဗိုလ်မင်းတစ်ပါး ကြွလာတယ်ဗျ။ ဘုရင့်သက်တော်စောင့်တွေ ဖြစ်မယ်ထင်တယ်။ ဟော သွားပြီဗျို့။ စားတော် ကဲကြီးက ပွဲတော်စင်ပေါ်ကို တက်သွားတယ်။ ပွဲတော်တည်တဲ့နေရာက အမြင့်ဗျ။ စောစောက ပွဲတော်အုပ် သယ်လာတဲ့ ကိုယ်လုပ်တော်တွေက စင်ရှေ့က ကြမ်းပြင်အနိမ့်မှာထိုင်ပြီး နေကြရတာ။

စားတော်ကဲကြီးက ဗိုလ်မင်းပေးတဲ့ ဇွန်းတစ်ချာင်းနဲ့ ဟင်းတွေကို နည်းနည်းလေးခပ်ပြီး စားပြနေရတယ်။ ထမင်းကိုလည်း နည်းနည်းစားပြ ရတယ်။ ပြီးတော့ ဗိုလ်မင်းက ဟင်းတွေကို သေသေချာချာ စစ်ဆေးတယ်။ ကျေနပ်အောင် စစ်ဆေးပြီးတော့မှ စားတော်ကဲကြီးကို ပြန်လွှတ်လိုက်တယ်။ သူတို့လည်း ပြန်သွားတယ်။

ခဏကြာတော့မှ သက်တော်စောင့်ရဲမက်တွေ ရောက်လာပြီး နေရာယူလိုက်ကြတယ်။ ခဏနေမှ ဘုရင်ကြွလာတယ်။ ဒါကြောင့်လည်း ဆရာတော်က နန်းထဲဝင်ရဲပါ့မလားလို့ ကျုပ်ကို မေးတာကိုး။ ကျုပ်ဖြင့် ရပ်နေတဲ့နေရာကနေ လှုပ်တောင်မလှုပ်ရဲအောင် ဖြစ်နေတာဗျို့။

ညောင်ရမ်းမင်းက ရွှေချည်ထိုးဝတ်လဲတော်ဝတ်ပြီး အပေါ်က အင်္ကျီမှာ ရွှေချည်တွေကွပ်လို့ဗျ။ ဘုရင်က ပွဲတော်အုပ်မှာ ဝင်ထိုင်ပြီး ပွဲတော်အုပ်ကို ဖွင့်လိုက်တယ်။ ဟင်းခွက်တွေကို တစ်ချက်ကြည့်ပြီး ခေါင်း ညိတ်လိုက်တယ်ဗျ။

ပြီးတာနဲ့ ပွဲတော်စတည်ရောဗျို့။ ကျပ်လည်း ဘာလုပ်ရမှန်းမသိ အောင် ဖြစ်သွားတာပေါ့ဗျာ။ ဒါပေမဲ့ ဗားမဲ့ဆရာတော်ကို ပေးခဲ့တဲ့ကတိကို သတိရသွားပြီး ရဲမက်တွေကြားက ဖြတ်လျှောက်လိုက်တယ်။ ပွဲတော်စင် ပေါ်ကို ကျုပ်တက်ခဲ့တယ်။ ပွဲတော်တည်နေတဲ့ ညောင်ရမ်းမင်းရဲ့ တောင် ဘက်မှာ ဝင်ထိုင်လိုက်ပြီး ပွဲတော်ကို ကျုပ်ပါ နှိုက်စားတော့တာပေါ့ဗျာ။
မင်းကြီးကလည်း စား၊ ကျုပ်ကလည်း စားပေါ့ဗျာ။ ဘုရင်က ဟင်းတွေထည့်လိုက် ကျုပ်က ဖဲ့စားလိုက်။ ထမင်းတွေ ယူစားလိုက်နဲ့ ပွဲတော်ထမင်းရော ဟင်းရော ကုန်ကာနီးသွားတာပေါ့ဗျာ။ ခဏနေတော့ ဘုရင်က ထမင်းတွေ ဟင်းခွက်တွေကိုကြည့်ပြီး စဉ်းစားနေတယ်ဗျ။
“ပွဲတော်စာတွေက ကုန်မြန်လိုက်တာ၊ ငါကိုယ်တော် ဒီလောက် တောင် စားနိုင်သလားဟဲ့”
ဘုရင်တစ်ပါးတည်း ပြောလိုက်တာကို သက်တော်စောင့် ဗိုလ်မင်း ကလည်း ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားတယ်ဗျို့။
ဘုရင်က လက်ဆေးတယ်။ ကျုပ်လည်း ရွှေခွက်မှာ လက်ဆေး တာပေါ့ဗျာ။ ဘုရင်က အချိုပွဲတွေ ဆက်ပြီးစားတယ်။ ကျုပ်ကတော့ထပြီးထွက်လာခဲ့ရောဗျို့။ နန်းတော်ထဲက တင်းတိမ်စတစ်ခုကိုဆွဲပြီး လက် တွေ ပါးစပ်တွေ သုတ်ပစ်လိုက်တယ်။

ဗားကရာကျောင်းကြီးကို ပြန်ရောက်တော့ ကျုပ်က ဆရာတော် သင်ပေးထားတဲ့ ရှိန်းထွက်တဲ့ ဂါထာကို ရွတ်လိုက်တယ်။ ဆရာတော်ရော ဘိုးဒိဗ္ဗရော ကျုပ်ကို မြင်သွားတယ်။
“ဟာ လူကလေးတာတေတောင် ပြန်ရောက်ပြီကောလို့ ဘိုးဒိဗ္ဗက လှမ်းပြောလိုက်တယ်။

ကျုပ်လည်း ဆရာတော်ကို ရှိခိုးလိုက်တယ်။
“ဘုန်းဘုရား ခိုင်းစေတဲ့ကိစ္စ အောင်မြင်ခဲ့ရဲ့လား တာတေငယ်” ဗားမဲ့ဆရာတော်က ကျုပ်ကို မေးတယ်ဗျ။
“မှန်လှပါ၊ အလုံးစုံ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်ဘုရား”

”ကဲ အကြောင်းစုံ လျှောက်တင်ပါဦး တာတေငယ်” ကျုပ်က နန်းတော်ထဲကို စပြီးဝင်သွားတာကစပြီး တစ်ခုမချန် ဆရာတော်ကို လျှောက်ထားလိုက်တယ်။

ဆရာတော်က သဘောကျပြီး ပြုံးတော်မူတယ်ဗျ။ ဆရာကြီး ဘိုးဒိဗ္ဗကလည်း သူ့တပည့်အတွက် ဝမ်းသာနေတော့တာပေါ့ဗျာ။
“ဒကာကြီး ဦးဒိဗ္ဗ၊ ရှိန်းဆာယာဆေးဟာ တာတေငယ်နဲ့ပဲ ထိုက် တန်တယ် ဒကာကြီးရဲ့။ ဒီတော့ ဒီဆေးနဲ့ပဲ တာတေငယ်ကို ရှိန်းဆာယာ အင်း ထိုးပေးချင်တယ်။ ဒကာကြီး သဘောတူရဲ့လား”
“ဝမ်းသာလိုက်တာဘုရား၊ အလွန်သင့်လျော်တဲ့ သူငယ်ပါဘုရား”

“ကဲ ဒါဆိုရင် အခုပဲ စီရင်ကြစို့ဗျာ၊ ခုအချိန်ဟာ နက္ခတ်အကောင်းဆုံးဖြစ်နေတယ်။ တာတေငယ်ကရော ရှိန်းဆာယာအင်းထိုးဖို့ ဆန္ဒရှိရဲ့လားကွဲ့ ”
“ရှိပါတယ်ဘုရား၊ ရှိပါတယ်”

ကျုပ်က ခပ်မြန်မြန်ပဲ လျှောက်လိုက်တယ်ဗျ။ “ဒါဆိုရင် တာတေငယ် ကတိတစ်ခုပြုနိုင်မလားကွဲ့” “အမိန့်ရှိပါဘုရား”

* “ရှိန်းဆာယာဆေးထိုးလို့ ပြီးမြောက်အောင်မြင်သွားခဲ့ရင် မင်း တရားကြီးရဲ့ နိုင်ငံတော် ပြန်လည်သိမ်းသွင်းထူထောင်တဲ့ ကိစ္စတွေမှာ လိုအပ်ရင် လိုအပ်သလို ပါဝင်ကူညီနိုင်ပါ့မလား”

“မှန်လှပါ၊ ဟောဒီအင်းဝအတွက်ဆိုရင် အင်းဝသားတစ်ယောက် ပီသစေရပါမယ်ဘုရား၊ အသက်နဲ့ရင်းပြီး ကူညီနိုင်ပါတယ်ဘုရား” “အေး နေရာကျပြီကွဲ့၊ ဒါဆိုရင် ဦးဒိဗ္ဗရေ ရှိန်းဆာယာဆေးထိုးဖို့ စီစဉ်ကြစို့ရဲ့”

ဆရာကြီးက ဆေးခွက်၊ စုတ်တံ၊ ဆေးသုတ်ပုဝါတွေ အဆင်သင့် ပြင်ပြီးတာနဲ့ ဘုရားခန်းထဲမှာ ဆေးစထိုးတော့တာပဲဗျို့။ ဆရာတော်ရဲ့ အင်းဟိန်းဂါထာရွတ်သံကို နားထောင်ရင်း အသားထဲကို ဆစ်ကနဲ ဆစ်ကနဲ ဖောက်ဝင်နေတဲ့ စုတ်ချက်တွေကို တာတေ တောင့်ခံနေလိုက်မိတယ်။

ပခုံးတစ်ဖက်တစ်ချက်မှာ အင်းတစ်ကွက်စီ၊ ကျောအလယ်မှာ အင်းတစ်ကွက်၊ ရင်ဘတ်တစ်ဖက်တစ်ချက်မှာ အင်းတစ်ကွက်စီ၊ ရင်ညွန့်မှာ အင်းတစ်ကွက် စုစုပေါင်း အင်းခြောက်ကွက်ထိုးပြီးတော့ ပြီးသွားတယ်။ ဆရာတော်က ဆေးခွက်နဲ့ စုတ်ကို ပြန်သိမ်းလိုက်ပြီး ဘိုးဒိဗ္ဗကို
မိန့်တယ်ဗျ။
ဦးဒိဗ္ဗရေ အင်းတွေတော့ စုံသွားပြီဗျ။ စွမ်း မစွမ်းတော့ မသိသေးဘူး ဒကာကြီးရေ၊ ကဲ တာတေငယ် ရှိန်းအဝင်ဂါထာ ရွတ်စမ်း ကွယ်”
ကျုပ်လည်း မတ်တတ်ရပ်လိုက်ပြီး ရှိန်းအဝင်ဂါထာကို ရွတ်လိုက်တယ်။

“ဟာ စွမ်းတယ် ဒကာကြီးရေ၊ စွမ်းတယ်ဗျို့။ တာတေငယ် ပျောက်သွားပြီဗျ”

ကျုပ်က ဆရာတော်ကို လက်အုပ်ချီပြီး ရပ်နေလိုက်တယ်။ “ဟုတ်ပြီ တာတေငယ်၊ ဘုန်းဘုရား မေးတာကို ဖြေပါဦးကွဲ့၊ မင်းစိတ်ထဲမှာ နေလို့ထိုင်လို့ ကောင်းရဲ့လား”

“မှန်လှပါ၊ ကောင်းပါတယ်ဘုရား””

“ရှိန်းဆာယာဆိုတာ ရုပ်ပျောက်ပေမဲ့ အသံကတော့ မပျောက်ဘူး ကွဲ့။ အဲဒါကို သတိထားပေတော့။ စကားကို လုံးဝမပြောမိစေနဲ့။ ကဲ ခုန်ကြည့်စမ်း တာတေငယ်”

ကျုပ်ထခုန်လိုက်တယ်။တစ်ခါ၊နှစ်ခါ၊သုံးခါ။
”ခုန်နေလားကွဲ့ တာတေငယ်။

“ခုန်နေပါတယ်ဘုရား၊ သုံးခါတောင် ခုန်လိုက်တာဘုရား”
`ကဲ ဒကာကြီး ဦးဒိဗ္ဗ၊ ခင်ဗျားရဲ့ တပည့်ကျော်ကတော့ လူစွမ်း ကောင်း ဖြစ်သွားပြီဗျို့”
ဆရာတော်ရော ဘိုးဒိဗ္ဗပါ ဝမ်းသာနေကြတာဗျ။
“ကဲ ကဲ တာတေငယ်ရေ၊ ရှိန်းအထွက်ဂါထာ ရွတ်လိုက်တော့ဟေ့။

ဗားမဲ့ဆရာတော်ဘုရားမိန့်တဲ့အတိုင်း ကျုပ်က ရှိန်းထွက်ဂါထာ ရွတ်လိုက်တယ်။
““ကဲ ဒကာကြီးရဲ့တပည့် ပြန်ပေါ်လာပြီ။ မြင်ရရဲ့မို့လား” “မြင်ရပါပြီဘုရား၊ မြင်ရပါပြီ” လို့ ဘိုးဒိဗ္ဗက ပြောလိုက်တယ်။
““မနက်ဖြန် နန်းတော်ထဲမှာ ဆွမ်းစားဖို့ ဘုရင်မင်းမြတ်က ကျုပ် ကို ပင့်ထားတယ်။ တာတေငယ်က ကျောင်းသားလုပ်ပြီး ကျုပ်နဲ့ လိုက်ခဲ့ ရမယ်။ မနက်ဖြန်မနက် ကျောင်းကို စောစောလာခဲ့ပေတော့၊ နန်းတော်ထဲ ကို စောစောကြွမယ်””

“မှန်လှပါဘုရား”
လို့ ကျုပ်က ပြန်ပြီးလျှောက်ထားလိုက်တယ်။ ဆရာကြီး ဘိုးဒိဗ္ဗနဲ့ ကျုပ်နဲ့ ဆရာတော်ရဲ့ ကျောင်းကနေ ပြန်လာခဲ့ ကြတယ်။ ဒီကနေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်တွေးမိရင် ကျုပ် ဖြင့် အံ့သြလွန်းလို့ ဘာပြောရမှန်းကို မသိတာပါဗျာ။
“လူကလေး ဒီအကြောင်းတွေကို အိမ်က မင်းမိဘတွေကိုတောင် ပြန်မပြောနဲ့ကွဲ့။ လူတစ်သောင်းမှာ တစ်ယောက် မဖြစ်နိုင်တဲ့ကိစ္စကို လူကလေး ဒီကနေ့ ဖြစ်သွားခဲ့ပြီ။ ငါးပါးသီလကိုတော့ အတတ်နိုင်ဆုံး လုံအောင်ထိန်းပေးတော့ ကွယ်”

“စိတ်ချပါ ဆရာကြီးရယ်၊ ကျုပ် အမြဲသတိထားနေပါ့မယ်” “ဆရာတော်က မောင်တာတေကို နန်းတော်ထဲခေါ်တာ အကြောင်းမဲ့တော့ မဟုတ်ဘူးကွဲ့၊ အကြောင်းတစ်ခုတော့ ရှိမှာသေချာ တယ်”

“ဟုတ်ကဲ့ပါ ဆရာကြီး၊ အစစအရာရာ သတိထားပြီး ကျုပ်လိုက်သွားပါ့မယ်။

နောက်နေ့ရောက်တော့ နေထွက်တပြုမှာပဲ ဗားမဲ့ဆရာတော်ကြီးဆီကို ကျုပ်ရောက်သွားတယ်၊ ကျုပ်ရောက်ပြီး ကျောင်းဝေယာဝစ္စတွေ ဝင်လုပ်ပေးနေတာဗျ။ ကျောင်းတော်ကြီးအတွင်းနဲ့ အပြင်ပတ်လမ်းမှာ အမှိုက်လှည်းတယ်။ ဆရာတော်ရဲ့ ကုဋီကို ဆေးကြောသန့်ရှင်းတယ်။ ဆရာတော်သုံးတဲ့ “ကနုတံ”ကို ဆေးကြောသန့်ရှင်းပေးတယ်။ အလုပ်တွေ လုပ်နေတော့လည်း အချိန်က ကုန်မှန်းမသိ ကုန်သွားတော့တာပေါ့ဗျာ။

အချိန်ကျတော့ နန်းတော်က ဆရာတော်ကို ကြိုဖို့ နန်းတွင်းသား တွေ ရောက်လာကြတယ်ဗျ။ အလံတွေ၊ တံခွန်တွေ၊ ကြက်လျှာတွေ၊ ကုက္ကားတွေ၊ ခရုသင်းတွေနဲ့ဗျ။ ဆရာတော်က မြင်းရထားပေါ်ကို တက် တယ်။ ကျုပ်ကတော့ ဆရာတော်ရဲ့ နေကထိုင်တို့၊ လွယ်အိတ်တို့၊ ယပ်တို့ ကိုင်ပြီး မြင်းရထားနောက်က လိုက်ခဲ့ရတာပေါ့ဗျာ။ နန်းတွင်းသားတွေနဲ့ ကျုပ်နဲ့က ရောလို့ပေါ့။ မနေ့က ကျုပ်ကိုယ်ပျောက်ပြီး နန်းတော်ထဲမှာ လျှောက်သွားနေတုန်းက တွေ့ခဲ့တဲ့သူတွေလည်း ပါတယ်ဗျ။
ခရုသင်းတွေမှုတ်ပြီး ကြွလာတဲ့ လမ်းတစ်လျှောက်မှာ အင်းဝသူ အင်းဝသားတွေက လမ်းဘေးမှာထိုင်ပြီး ဆရာတော်ကို ကန်တော့ကြတယ်။ မင်းဆရာတစ်ပါးရဲ့ ဘဝဟာ အတော်လေးခမ်းနားပေတာပဲလို့ ကျုပ်တွေး လိုက်မိတယ်။
နန်းတော်ထဲကိုရောက်တော့ ဘုရင်နဲ့ မိဖုရားတွေက ရှိခိုးပြီးကြိုဆိုကြတယ်ဗျ။

““ဆရာတော်ဘုရား ကျန်းခံ့သာလို့ မာပါရဲ့လားဘုရား” မနေ့က ကျုပ်နဲ့အတူတူ ပွဲတော်တည်ခဲ့တဲ့ ညောင်ရမ်းမင်းကြီးက ရိုရိုသေသေနဲ့ ဆရာတော်ကို လျှောက်ထားတယ်။
“မာပါတယ် မင်းကြီး၊ မင်းကြီးရော ကျန်းမာပါရဲ့လား” “အရှင်ဘုရား ပို့သတော်မူတဲ့ မေတ္တာကြောင့် တပည့်တော်ကျန်းမာပါတယ်ဘုရား”
ဘုရင်က ဆရာတော်ဘေးက ကပ်လိုက်ပြီး ဆွမ်းကပ်မယ့် နန်း ဆောင်ကို ပင့်သွားတယ်။ မိဖုရားတွေက နောက်နားက လက်အုပ်တွေချီပြီး လိုက်သွားကြတယ်။ ကျုပ်ကလည်း နန်းတွင်းသားတွေနဲ့အတူရောပြီး လိုက် ခဲ့တာပေါ့ဗျာ။

ဟိုရောက်တော့ အပျိုတော်တွေက ဆွမ်းပွဲအဆင်သင့် ပြင်ပြီးနေ ကြပြီဗျ။ ဆရာတော်က ဆွမ်းပွဲမှာ တစ်ခါတည်း ဝင်ထိုင်လိုက်တယ်။ ညောင်ရမ်းမင်းကြီးနဲ့ အိမ်ရှေ့စံကိုယ်တော်ကြီးက ဆွမ်းပွဲကို ရိုရိုသေသေ ကပ်ကြတယ်။ ဆရာတော်က ဆွမ်းစားရင်း စကားပြောတယ်။ ဘုရင်နဲ့ အိမ်ရှေ့စံက စိတ်ဝင်တစားနဲ့ ဆရာတော်ပြောတာကို နားထောင်နေကြ တယ်။

ဆရာတော်က စကားဆုံးတော့ ကျုပ်ကို လှမ်းကြည့်တယ်။ ဘုရင် နဲ့ အိမ်ရှေ့ကိုယ်တော်ကလည်း ကျုပ်ကို လှမ်းကြည့်ကြတယ်။
ဆွမ်းကိစ္စပြီးတော့ ဆရာတော်က တရားဟောတယ်။ ဘုရင်ရော၊ အိမ်ရှေ့ကိုယ်တော်ရော၊ အပျိုတော်တွေ၊ နန်းတွင်းသားတွေရော တရားနာ ကြတယ်။ ကျုပ်လည်း တရားနာတယ်။
တရားဟောပြီးတော့ ဆရာတော်က ရှေ့ကကြွတယ်။ ဘုရင်နဲ့ အိမ်ရှေ့ကိုယ်တော်က နောက်က လိုက်ကြွတယ်။ အိမ်ရှေ့ကိုယ်တော်က မင်းချင်းတစ်ယောက်ကို ခေါ်ပြီး ကျုပ်ကို လက်ညှိုးထိုးပြတယ်။ မင်းချင်း က ကျုပ်ဆီကို ခပ်သုတ်သုတ်နဲ့ လျှောက်လာပြီး…. “ဆရာတော်ရဲ့ ကျောင်းသားလား” လို့ ကျုပ်ကို မေးတယ်ဗျ။
““ဟုတ်ပါတယ်””
လို့ ကျုပ်က ပြန်ဖြေလိုက်တယ်။ “ဆရာတော်က ခေါ်ခိုင်းလို့၊ လာလာ လို့ မင်းချင်းက ပြောတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျုပ်က ဆရာတော့်လွယ်အိတ်ကို လွယ်လိုက်တယ်။ ဆရာတော့် အနေကထိုင်နဲ့ ယပ်တောင်ကို ယူပြီး မင်းချင်းနောက်က လိုက်ခဲ့တယ်။ မင်းချင်းက ကျုပ်ကို နန်းဆောင်တစ်ခုထဲကို ခေါ်သွားတယ်။ နန်းဆောင် ထဲမှာ ဆရာတော်က ပလ္လင်ပေါ်မှာ သီတင်းသုံးနေတယ်ဗျ။ ဘုရင်နဲ့ အိမ်ရှေ့မင်းက ကြမ်းပြင်မှာ ကြံ့ကြံ့ထိုင်ပြီး ဆရာတော်ကို လက်အုပ်ချီ ထားကြတယ်။ ကျုပ်ရောက်လာတော့ ဆရာတော်က

“ကဲ တာတေငယ်၊ မင်းတရားကြီးနဲ့ အိမ်ရှေ့စံတို့ကို မောင့်ရဲ့ ရှိန်းဆာယာအတတ် ပြလိုက်ပါဦးကွယ်””
လို့ မိန့်လိုက်တယ်ဗျ။

ကျုပ်ကလည်း ဆရာတော်ရဲ့ လွယ်အိတ်နဲ့ ယပ်တွေ နေကထိုင် တွေကို အောက်ချရမလို ဘယ်မှာထားရမှန်းမသိသလို ဖြစ်နေတော့ အိမ်ရှေ့ မင်းသားက ထိုင်နေရာကနေ ထလာပြီး ဆရာတော့်ပစ္စည်းတွေကို ယူကိုင် ထားတယ်ဗျ။

ကျုပ်လည်း ဆရာတော်ကို ကန်တော့တယ်။ မင်းကြီးနဲ့ အိမ်ရှေ့ မင်းကိုလည်း ကန်တော့လိုက်တယ်။ ပြီးတော့မှ မတ်တတ်ကနေ ခြေအစုံ ပူးရပ်လိုက်တယ်။ လက်ကတော့ လက်အုပ်ချီလို့ပေါ့ဗျာ။ ရှိန်းအဝင်ဂါထာ ကို ရွတ်လိုက်တယ်။
ဟာ

မင်းကြီးကတော့ ရာဇအိနြေ္ဒမပျက်ဘူးဗျ။ အိမ်ရှေ့မင်းကတော့ “ဟာ” လို့ အံ့သြပြီး အော်လိုက်တယ်။ မင်းကြီးက ခေါင်းကိုညိတ်လိုက်ပြီး ..
“အံ့သြဖွယ်ပညာရပ်ပါပဲ ဆရာတော်၊ ဆရာတော်ရဲ့ ပညာရပ် တွေဟာ အံ့မခန်းတွေပါဘုရား”

လို့ မင်းကြီးက ဆရာတော်ကို ရိုရိုသေသေ လျှောက်ထားတယ်။ “ကဲ တာတေငယ် ရှိန်းထွက်ဂါထာ ရွတ်လိုက်ပေတော့ကွယ်” လို့ မိန့်လိုက်လို့ ကျုပ်က ဂါထာရွတ်မလို့ရှိတုန်းမှာ အိမ်ရှေ့မင်းက “ဆရာတော်ဘုရား ဆရာတော့်တပည့်ကို စကားပြောခိုင်းကြည့်ပါဘုရား”

““တာတေငယ်”
“ဘုရား”
““မောင် အခုလို ရှိန်းဆာယာဖို့မောက်လို့ ကိုယ်ပျောက်နေတဲ့

အချိန်မှာ မင်းကြီးကို မြင်ရလားကွဲ့”
“မြင်ရပါတယ်ဘုရား” “အိမ်ရှေ့မင်းကိုရောကွဲ့” “တပည့်တော် မြင်ရပါတယ်ဘုရား”
အေး အေး
“တပည့်တော် ကျေနပ်ပါပြီဘုရား”
အိမ်ရှေ့မင်းက ပြောလိုက်တော့မှ ကျုပ်က ရှိန်းထွက်တဲ့ဂါထာကို ရွတ်လိုက်တယ်။ ကျုပ်ပြန်ပေါ်လာတာကိုကြည့်ပြီး မင်းကြီးရော အိမ်ရှေ့ မင်းရော တော်တော်ကို ကျေနပ်နေကြတာဗျ။
အိမ်ရှေ့မင်းက ကျုပ်ကိုကြည့်ပြီ ခေါင်းညိတ်တယ်။ ပြီးတော့ ကျုပ်ဆီကို လျှောက်လာပြီး ဆရာတော့်ပစ္စည်းတွေပြန်ပေးတယ်။
ပစ္စည်းတွေပေးရင်း အိမ်ရှေ့မင်းက ခပ်တိုးတိုးပြောတယ်။
“တာတေငယ် တစ်နေ့ကျရင် နန်းတွင်းမှာ အမှုထမ်းဖို့ အဆင် သင့်ပြင်ထားပေတော့”

““မှန်လှပါဘုရား”
လို့ တာတေက ခပ်တိုးတိုးပဲ ပြန်လျှောက်ထားလိုက်တယ်။ မင်းကြီးနဲ့ ဆရာတော်ကတော့ စကားပြောနေကြလို့ အိမ်ရှေ့မင်း ပြောတာကို ကြားမှာမဟုတ်ဘူးဗျ။
“ဪ ဒီသူငယ်ကို ထမင်းကျွေးဖို့ လုပ်ဦးမှပဲ”
လို့ အိမ်ရှေ့မင်းက ပြောပြီး မင်းချင်းတစ်ယောက်ကို ခေါ်လိုက်တယ်။

“မောင်မင်း ဆရာတော်ရဲ့ ကျောင်းသားကို ထမင်းကျွေးလိုက်ကွဲ့၊ ကောင်းမွန်စွာ ကျွေးမွေးပြုစုလိုက်ချေ”

“မှန်လှပါဘုရား”
““ကဲ တာတေငယ်၊ မောင် ဒီမင်းချင်းနဲ့ လိုက်သွားပြီး ထမင်း စားလိုက်ကွဲ့၊ အားရပါးရ စားပေတော့ တာတေငယ်”
ကျုပ်ကို အိမ်ရှေ့မင်း မှာတဲ့အတိုင်း ကောင်းကောင်းမွန်မွန် ဧည့်ခံ ကျွေးမွေးကြတယ်ဗျ။ ကျုပ်စားသောက်ပြီးတဲ့အခါကျမှ မင်းချင်းက ဆရာ တော်ရှိတဲ့ နန်းဆောင်ကို ပြန်ပို့တယ်။
ကျုပ်ရောက်တာနဲ့ သိပ်မကြာဘူးဗျ။ ဆရာတော်က ကျောင်းကို ပြန်ကြွတယ်။ အလာတုန်းကလိုပဲ ခရုသင်းတွေမှုတ်၊ အလံတွေလွှင့်ပြီး ဆရာတော်ကို ကျောင်းအရောက် ပြန်ပို့ကြတယ်။ ကျောင်းရောက်တော့ ဆရာတော်က ..

“ကဲ တာတေငယ်ရေ၊ မကြာခင်မှာ မင်းကို နန်းတွင်းက အခေါ် တော်လွှတ်လိမ့်မယ်လို့ ဘဘုန်းထင်တယ်။ အေး ကိုယ်စွမ်းတဲ့ အတတ်ကိုသုံးပြီး အင်းဝအတွက် အမှုတော်ထမ်းရွက်ပေတော့ကွယ်” “မှန်ပါ့ဘုရား၊ တပည့်တော် အင်းဝအတွက် အရိုးကြေကြေ အရေခမ်းခမ်း အမှုတော်ထမ်းရွက်ပါ့မယ်ဘုရား”

ခဏနေတော့ ကျုပ်ကို ဆရာတော်က ပြန်လွှတ်လိုက်တယ်။ ကျုပ်လည်း ဒီအကြောင်းတွေကို ဆရာကြီး ဘိုးဒိဗ္ဗကလွဲရင် ဘယ်သူ့ကိုမှ မပြောဘူးပေါ့ဗျာ။
ကျုပ် နန်းတော်ကပြန်ပြီးနောက် ဖခင်ကြီးရဲ့ ပန်းတိမ်လုပ်ငန်းမှာ ပုံမှန်ပြန်လုပ်နေခဲ့တာ သုံးလလောက်တောင် ရှိပြီဗျ။ တစ်ရက် ဆရာကြီး ဘိုးဒိဗ္ဗဆီကို ကျုပ်ရောက်တော့ ဆရာကြီးက ကျုပ်ကိုပြောတယ်။

“မောင်တာတေရေ၊ မနေ့က ကျုပ် ဆရာတော့်ကျောင်းကို ရောက် တော့ ဆရာတော်က မိန့်တယ်ကွဲ့။ ကျုပ်တို့ရဲ့ ရွှေနန်းရှင်ဘုရင်မင်းမြတ် တော့ တော်တော်လေးကို မကျန်းမမာဖြစ်နေတော်မူသတဲ့။ မြို့တော်ရဲ့ လေးပြင်လေးရပ်က သမားတော်တွေလည်း စုံပြီဆိုပဲ။ အခြေအနေက ထူးမလာဘဲ ပိုပိုဆိုးလာနေတယ်တဲ့ကွဲ့”

“ဟာ ဟုတ်လား ဆရာကြီးရဲ့၊ လွန်ခဲ့တဲ့ သုံးလက ကျုပ် နန်း တွင်းကိုရောက်တော့ မင်းတရားကြီးက ကျန်းကျန်းမာမာပါဗျ”
“ဪ ကျန်းမာရေးဆိုတာ ဒီလိုပေါ့ မောင်တာတေ၊ ဒီနေ့ ကောင်းပေမယ့် နောက်နေ့ ကောင်းချင်မှ ကောင်းတာလေကွယ်”” “ဒါနဲ့ ဆရာကြီးရဲ့၊ မင်းတရားကြီးက ဘာရောဂါများ ဖြစ်လို့တုံး”

““အဲဒါတော့ ဆရာကြီးလည်း မသိခဲ့ပါဘူးကွယ်၊ မင်းကြီးရဲ့ အရေးကိစ္စဆိုတော့လည်း မေးသင့် မမေးသင့် မသိတော့ ဆရာတော့်ကို မမေးခဲ့ပါဘူးကွယ်”

ကျုပ်လည်း ဆရာကြီး ဘိုးဒိဗ္ဗနဲ့ တော်တော်ကြာအောင် စကား ပြောပြီး အိမ်ပြန်ခဲ့တယ်။

နောက်သုံးလကြာတော့ ညောင်ရမ်းမင်းတရားကြီး နတ်ရွာစံ ကံတော်ကုန်ပါလေရောဗျာ။ အင်းဝနေပြည်တော်ကြီးတစ်ခုလုံး ဝမ်းနည်း ပူဆွေးကြတော့တာပေါ့ဗျာ။

မင်းတရားကြီး ကံတော်ကုန်တော့ သားတော်အိမ်ရှေ့မင်းက မဟာ ဓမ္မရာဇာ ဆိုတဲ့ ဘွဲ့ကို ခံယူပြီး နန်းတက်တယ်ဗျ။ အင်းဝသူ အင်းဝသား တွေက အိမ်ရှေ့မင်းကိုလည်း ကြည်ညိုကြလေတော့ ဝမ်းမြောက်ဝမ်းသာ ရှိကြတာပေါ့ဗျာ။ အိမ်ရှေ့မင်း နန်းတက်ပြီး တစ်လလောက်ကြာတော့ ဘိုးဒိဗ္ဗကတစ်ဆင့် ဗားမဲ့ဆရာတော်ကြီးက ကျုပ်ကို ဆင့်ခေါ်လို့ ဆရာတော့် ကျောင်းကို ကျုပ်ရောက်ခဲ့ရတယ်။

“တာတေငယ် အရေးတော့ ပေါ်ပြီကွဲ့။ မနေ့ကပဲ အင်းဝရဲ့ ရွှေနန်းရှင် ဆရာတော့်ကျောင်းကို ကြွလာပြီး ဖူးမြော်ခဲ့တယ် ရွှေနန်းရှင်က သူ့ဖခမည်းတော် ညောင်ရမ်းမင်းတရား ပြန်လည်သိမ်းပိုက်ထူထောင်လို့ ပြီးစီးခြင်းမရှိခဲ့တဲ့ အလုပ်တွေကို ပြီးပြတ်အောင် ဆက်လုပ်မယ်လို့ ကျုပ် ကို လျှောက်တင်တယ်ကွဲ့။
ပြီးတော့ ရွှေနန်းရှင်က တာတေငယ်ကို အလွန် စိတ်ဝင်စားတာကလားကွယ်။

သူ့ဖခမည်းတော် ရုတ်တရက် မမာမကျန်း ဖြစ်လာတော့ နန်းတွင်းမှာ အလုပ်တွေ များနေကြတာကြောင့် မောင့်ကို နန်းတွင်းခေါ်ဖို့ကိစ္စ နှောင့်နှေးသွားရတာတဲ့ကွယ်၊ အခုတော့ သူ့ရဲ့ရည်ရွယ် ရင်းကိစ္စဖြစ်တဲ့ သူ့ဘိုးတော် ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့တဲ့ နိုင်ငံတော်ကို ပြန်ပြီးတည်ထောင်ဖို့ကိစ္စမှာ တာတေငယ်ကို အမှုတော်ထမ်း စေလိုတယ်ကွဲ့။ မောင်အမှုထမ်းရမယ့် နေရာဌာနကတော့ ရွှေနန်းရှင်ရဲ့ သူလျှိုတပ်မှာတဲ့ကွဲ့။ အဲဒါ ဘာတေငယ် သွားမယ်ဆိုရင် ဆရာတော်ကအခုပဲ နန်းတွင်းကို ပို့ဆောင်ပေးမယ်ကွဲ့ “

“တပည့်တော် နန်းတွင်းမှာ အမှုထမ်းဖို့ အဆင်သင့်ပါပဲဘုရား” လို့ ကျုပ်က ပြန်ပြီးလျှောက်ထားတော့ ဆရာတော်က နန်းတော် ထဲဝင်ဖို့ စီစဉ်တော့တာပေါ့ဗျာ။ ဆရာတော် ဆွမ်းစားပြီးတော့ ဦးပဉ္စင်း ကြီးတွေက ကျုပ်ကို ထမင်းကျွေးတယ်။

ကျုပ်ထမင်းစားပြီး ခဏကြာ တော့ နန်းတော်ထဲက အခေါ်ဘော် ရောက်လာတယ်။ အရင်တစ်ခါတုန်းက လိုပဲ တံခွန်၊ ကုက္ကားတွေ၊ အလံတွေ၊ ကြက်လျှာတွေနဲ့ ခရုသင်းတွေမှုတ်လို့ ဗျ။ ဒါကို ကြည့်ရတာနဲ့ အရင်မင်းကြီးလိုပဲ အခုမင်းကြီးလည်း ဆရာတော် ကို ကြည်ညိုတယ်ဆိုတာ သိသာနေတာပေါ့ဗျာ။

ကျုပ်က နန်းတွင်းသားတွေနဲ့ အတူတူရောပြီး လိုက်လာခဲ့တယ်။ နန်းတော်ကိုရောက်တော့ အကြိုထောက်တဲ့သူတွေက “ဆရာတော်ကို ဘုရင် မင်းမြတ်က ဖူးမြော်ဖို့ စောင့်နေပါတယ်လို့ လျှောက်ကြတယ်။ ပြီးတော့ ဆရာတော်ကို ရှေ့က ဦးဆောင်ပြီး ပင့်သွားတယ်။ ကျုပ်က ဆရာတော်ရဲ့ နောက်က လိုက်ခဲ့ရတာပေါ့ဗျာ။

နန်းဆောင်တွင်းကိုရောက်တော့ ဆရာတော်ကို မင်းကြီးကိုယ်တိုင် ပလ္လင်ပေါ်မှာ သီတင်းသုံးစေတယ်ဗျ၊ကျုပ်ကတော့ ခပ်လှမ်းလှမ်းကနေ မင်းကြီးကို ခစားရတော့တာပေါ့ဗျာ။
“ကဲ ဒကာတော်မင်းမြတ် အလိုရှိနေတဲ့ ဆရာတော်ရဲ့ တပည့် တာတေငယ်ကို ဆရာတော်ကိုယ်တိုင် လာရောက်အပ်နှံပါတယ် တော်”

“ဝမ်းမြောက်ဝမ်းသာရှိလှပါတယ်ဘုရား”
ဒီအချိန်မှာပဲ မင်းချင်းတစ်ယောက် ရောက်လာပြီး မင်းကြီးကိုလျှောက်တင်တယ်ဗျ။
“ရွှေနန်းရှင် ဘုရင်မင်းမြတ်ဘုရား၊ သူလျှိုတပ်မှူးကြီး မင်းစက္က ရောက်ရှိကြောင်းပါဘုရား”
“အေး တပ်မှူးစက္ကကို ခေါ်ခဲ့” “မှန်လှပါဘုရား”

မင်းချင်း ပြန်ထွက်သွားပြီး ခဏနေတော့ နှုတ်ခမ်းမွေးကျင်စွယ် ကားကားနဲ့ ထောင်ထောင်မောင်းမောင်း ခန့်ခန့်ညားညား ဗိုလ်မှူးကြီး တစ်ယောက် ရောက်လာတယ်။

ဘုရင်မင်းမြတ်က တပ်မှူးကြီးကို လှည့်ကြည့်ပြီး… “တပ်မှူးစက္က၊ ဒီသူငယ်ကို တပ်မှူးရဲ့ သူလျှိုတပ်မှာ ဗိုလ်အဖြစ် ငါကိုယ်တော် ခန့်အပ်တော်မူတယ်” ““မှန်လှပါဘုရား”
“ကဲ တာတေငယ်၊ သင်ဟာ အခုအချိန်ကစပြီး ငါကိုယ်တော်ရဲ့ သူလျှိုတပ်က ဗိုလ်တစ်ယောက် ဖြစ်ပေပြီ။ ငါကိုယ်တော်ရဲ့ အမှုတော်ကို သစ္စာရှိရှိ ထမ်းဆောင်ပေတော့။ သင်တတ်မြောက်ထားတဲ့ ပညာရပ်ကို တော့ ဒီနန်းတွင်းမှာ ငါကိုယ်တော်ကလွဲရင် တခြားဘယ်သူမှ မသိစေနဲ့ တာတေငယ်”

“မှန်လှပါ အရှင်မင်းမြတ်”
လို့ ကျုပ်က မင်းကြီးကို ပြန်ပြီးလျှောက်ထားလိုက်တယ်။ “တပ်မှူးစက္ကက တာတေငယ်ကို ခေါ်သွားပြီး ဗိုလ်တို့ရဲ့ အဆောင်အယောင်နဲ့တကွ သင့်တော်တဲ့နေရာထိုင်ခင်းများ ပေးလိုက်ပါ၊ ပြီးလျှင် သူလျှိုတို့တတ်ရမယ့် အတတ်ပညာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ကစပြီး လက်ဝှေ့၊ နပန်းကစလို့ ပန်ဒို ဗန်ရှည်ပညာတွေပါမကျန်အောင်သင်ကြားပေးစေ။ ဓားခုတ်၊ လှံထိုး၊ မြင်းစီးအဘတ်တွေလည်း သင်ပေး လိုက်ပါ တပ်မှူးကြီးစက္က”
“မှန်လှပါဘုရား၊ ကျွန်တော်မျိုး သင်ကြားပေးပါ့မယ်ဘုရား” လို့ တပ်မှူးကြီးစက္ကက ပြန်ပြီးလျှောက်ထားတယ်ဗျ။ “တာတေငယ် သင်တတ်မြောက်ထားသော အင်မတန် လျှို့ဝှက် အပ်တဲ့ ပညာကို ငါကိုယ်တော်မြတ် သဘောကျတော်မူလွန်းလို့ ငါကိုယ် တော်မြတ်ကိုယ်တိုင် သင့်အား “ဗိုလ်တစ္ဆေ” ဟူသောဘွဲ့အမည်ကို အပ်နှင်း ပေးသနားလိုက်သည်”

“မှန်လှပါဘုရား၊ ကျွန်တော်မျိုး တာတေ”
“မဟုတ်ဘူးလေ ဗိုလ်မင်းရဲ့၊ ဗိုလ်တစ္ဆေလို့ လျှောက်တင်ရမှာ”” တပ်မှူးကြီးစက္ကက ကျုပ်ကို ဗိုလ်မင်းလို့ခေါ်ပြီး ကျုပ်စကားကို ပြင်ပြီးလျှောက်တင်ခိုင်းတယ်ဗျ။
“မှန်လှပါဘုရား၊ ကျွန်တော်မျိုး ဗိုလ်တစ္ဆေဟာ အခုအချိန်ကစပြီး အရှင့်သစ္စာကို မကျိုးမပေါက်အောင် ထိန်းသိမ်းပါ့မယ်ဘုရား၊ ဘုရင့်အမှ တော်ကိုလည်း အသက်ပေး၍ ထမ်းရွက်ပါ့မယ်ဘုရား”
“အို ငါကိုယ်တော် ပီတိဖြစ်ရလေခြင်း ဗိုလ်တစ္ဆေရယ်၊ ကဲ တပ်မှူးကြီးစက္က ဗိုလ်ကစ္ဆေကို ခေါ်သွားပေတော့ကွယ်”

တပ်မှူးကြီးက ဘုရင်ကို ရှိခိုးတယ်။ ကျုပ်လည်း ဘုရင်ကို ရှိခိုးတယ်။ ပြီးတော့ ဆရာတော့်ကို ရှိခိုးပြီး ခွင့်ပန်လိုက်တယ်။ “တပည့်တော် လိုက်သွားပါတော့မယ်ဘုရား”
“အေး ကောင်းလေစွ တာလေငယ်၊ ဆရာကောင်းတပည့် ပန်း ကောင်းပန်ပေတော့ကွယ်၊ မင်းတရားရဲ့ အမှုတော်ကို သစ္စာရှိရှိ ထမ်းရွက် ပေတော့ တာတေငယ်”

ကျုပ်လည်း တပ်မှူးကြီး စက္ကရဲ့ နောက်ကနေ ခပ်ယို့ယို့လေး လိုက်ခဲ့ရတာပေါ့ဗျာ။
ကျုပ် အိပ်မက်က လန့်နိုးတော့ အမေက မီးဖိုထဲမှာ ကောက်ညှင်း ပေါင်းလို့ဗျ။ ကျုပ်လည်း အိပ်မက်ကို အံ့သြလွန်းလို့ ထထိုင်ပြီး ပြန်တွေး နေတာဗျ။ ဒါ အိပ်မက်ရော ဟုတ်ရဲ့လားဗျာ။ ဘိုင်စကုပ်များ ကြည့်နေရ တာလားလို့ ကျုပ်ကိုယ်ကျုပ် ပြန်မေးနေမိတယ်ဗျ။ ကျုပ်အံ့သြတာက အင်းဝခေတ်မှာကတည်းက ကျုပ်နာမည် တာတွေဖြစ်နေတာကိုလေဗျာ။ သံသရာဆိုတာ ဒါကိုပြောတာကိုးလို့ တွေးလိုက်မိတယ်။
ဒီအိပ်မက်အတိုင်းဆိုရင် ကျုပ်နဲ့ မဖဲဝါဟာ အင်းဝမှာကတည်းက ဘိုးဒိဗ္ဗရဲ့ တပည့်တွေ ဖြစ်ခဲ့ကြတာပဲဗျ။ ဒါကြောင့် မဖဲဝါက ကျုပ်ကို စောင့်ရှောက်နေတာပါလားလို့ ကျုပ်အသိစိတ်ထဲမှာ ပေါ်လာတယ်။ ကျုပ် တို့တစ်တွေဟာ သံသရာတစ်ကွေ့မှာတော့ ပြန်ပြီးဆုံကြတာချည်း ဖြစ်မယ် ဗျ။ ကျုပ်တို့ မသိနိုင်ကြလို့သာ ရှိမယ်လို့ ကျုပ်စိတ်ထဲမှာ တွေးလိုက်မိ တယ်။

***************
(ဆက်လက်ဖော်ပြသွားပါမည်)

#သန်းခေါင်ယံ

ဆရာတာတေရဲ့ ဝတ္ထုအသစ်စက်စက်
#မူရင်းတင်ထားသူအားလည်း