တွင်းကြီးဝမ်းမောင်

(၁)

တည်အိမ်ကို အသာမ,လို့
ဘယ်ကြွပါ့ ဘုန်းလှိုင်…။
နှမလေးမယ်က ပြောမယ်ကွယ်
ဟယ်….ဟယ်
ချိုး….အိုး….အိုး….ချိုးပေါတဲ့
မြိုင်….။

လောဝါးကိုကိုင်
လောဝါးကို ကိုင်….။
ပန်းဆိုင်လို့ထိုး ဟိုး ဟိုး…။
ပန်းဆိုင်လို့ ထိုး….။

ပင်သဖန်းငယ်နဲ့
စောင်ချမ်းပင်ဆိုတဲ့ တောမှာဗျာ
ပေါ ဟော ဟော ပေါလှ
ရွှေချိုး …။

ငတောသည် သားဖြစ်သူ ငလုံး၏ ချိုးသီချင်းကို နားထောင်ရင်း ပတ်ဝန်းကျင်ငေး၍ ကြည့်မိသည်။

အညာဆောင်း နံနက်သည် ငွေနှင်းရည်တို့ကြောင့် မှိုင်းပျပျမှုံ။

သားဖြစ်သူ ငလုံးအနေဖြင့် ချိုးသမားတစ်ဦး ရင်တွင်းမှ လှုပ်ခတ်မှုကို ဖော်ကျူးသော ချိုးသီချင်း သီဆိုပြီးနောက် တစ်စုံတစ်ခု စဉ်းစားဟန်ကြောင့် ခြေလှမ်းတို့ နှေးသွားပြီဟု ငတော ထင်သည်။

“ငလုံးရေ… မြန်မြန်လှမ်းဟ၊ အိပ်တန်းဆင်း နေစာလှုံချိန်နဲ့ နယ်မလွန်ခင် အုပ်မိဖို့လိုတယ်။ လှမ်းပေး… လှမ်းပေး”

“ရပါတယ် အဖေရ… သုတ်ခြေတင်လိုက်ရုံပဲပေါ့”

ငတောနှင့် ငလုံးတို့ သားဖနှစ်ယောက် စကားပြောသံက ဝန်းကျင်၏ ဆိတ်ငြိမ်မှုကို ထိုးဖောက်သွားသည်။ သူတို့ဝန်းကျင်၌ အညာဒေသသဘာဝ ပေါက်ပင် ကဇာချုံတန်းများ၊ ယာတောများသာ ရှိသည်။

ယာတောများ၌ အညာကျေးလက်ဖြစ်သည့် တွင်းကြီးကျေးရွာ တောသူတောင်သားများ စိုက်ပျိုးထားသော ပြောင်း၊ နှမ်း၊ ငရုတ်၊ ပဲကြီး၊ နေကြာနှင့် ဂျုံသီးနှံများ မြရည်လူးနေသည်။

ယာခင်းများထဲမှ လူသွားလမ်းအတိုင်း ငတောနှင့် ငလုံးတို့ သားအဖနှစ်ယောက် အမြန်လျှောက်နေ ကြသည်။

မိုးနှံ၊ နဘူး၊ ဂျပ်တက်၊ ရှားစောင်းလက်ဝါး၊ တန်ဆောင်းပြာသာဒ်၊ ကြက်လျှာ၊ သမင်သဖို၊ ချင်းရဲတို့ ထူထပ်စွာ ပေါက်နေသော ကဇာခင်တန်း- တောရိုးတွင် တောခဝဲပန်းတို့က ရွှေပွင့်ရွှေဖူး တဝေဝေ။ နံနက်ခင်း လေပြည်၌ တောပန်းရနံ့၊ မြေသင်းရနံ့နှင့် နှင်းငွေ့တို့ ရောယှက်နေသည်။

ရွှန်းလဲ့နုပျို စိုပြည်သော သဘာဝ နိုးထစအလှကို ကဇာရိုးတောတန်းများမှ အိပ်တန်းဆင်းစ ကျေးငှက်သာရကာတို့၏ တွန်ကျူးသံက ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ဖြည့်စွက်သည်။ ဘုတ်ပူသံ၊ ငုံးမြည်သံ၊ ခါတစ်သံ၊ ငှက်ခါးမြည်သံ၊ ဆက်ရက် အိပ်တန်းဆင်းသံတို့က ကျေးလက်တေးဂီတသဖွယ် ကြည်နူးလွမ်းမောဖွယ်ရာ ဖြစ်နေပါ၏။

သို့သော် ငတောနှင့် ငလုံးတို့အဖို့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ တောအလှနှင့် တောဂီတကို ရပ်၍ မခံစားနိုင်ကြ။ သူတို့လုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် နှင်းရည်လူးသော ဆောင်းဦးသီးနှံခင်းများ ဖြတ်ကျော်၍ နှင်းရည်ဆမ်းသော လမ်း၌ ခရီးကြမ်းနှင်ဆဲသာပါတည့်။

ဝေဝါးသော နှင်းမှုံကြားမှ လှမ်းကြည့်သည့်တိုင် ငတောနှင့် ငလုံးတို့ သားအဖနှစ်ယောက်၏ လုပ်ငန်းကို သိနိုင်ပါသည်။

ငတော ပခုံးပေါ်၌ ချိုးတည်ရာတွင် ချိုးတည်အိမ်ကို ထောင်၍ ထိန်းပေးသော လောဝါး ပါသည်။ ထိုလောဝါး တစ်ဝက်၌ ချိတ်လာသော ချိုးတည်အိမ် ပါသည်။ ချိုးတည်အိမ် ပတ်ပတ်လည်ကို အုပ်လာသော အဝတ်စုတ်၏အရောင် ကြောင်ကျားကျားကိုလည်း အဝေးက မြင်နိုင်သည်။

ငလုံးလက်တွင် ဓားရှည်တစ်ချောင်း။ ပခုံးပေါ်၌ တိုတိုထွာထွာ ထည့်ထားသော မွဲညစ်ညစ် လွတ်အိတ်တစ်လုံး။

ငတောနှင့် ငလုံးတို့ အမြန်သွားနေသကဲ့သို့ အပြေးလိုက်လာသည့် ခွေးနီကျော်မှာ အားမာန်တဝင့်ဝင့်၊ နားတစွင့်စွင့်။ ရှေ့သို့ ပြေးသွားလိုက်၊ နောက်သို့ ပြန်ပြေးလာလိုက်နှင့် မမောနိုင်မပန်းနိုင်။

ခွေးနီကျော်ကြီးသည် ပွဲတိုင်းကျော် သူတို့၏ လက်စွဲတော်ကြီးပင်။ ဖွတ်လိုက်ရာ၊ ပုတတ်တူးရာ၊ ကြောင်လိုက်ရာ၊ ယုန်ခြောက်ရာ၊ တောခွေးအားလိုက်ရာ အမြဲပါသည်။ ငတောနှင့် ငလုံးတို့ တောကျွမ်းကျင်သကဲ့သို့ တွင်းကြီးပတ်ပတ်လည် တောမှန်သမျှ ခွေးနီကျော် ခြေနှံ့သည်။ တောလိုက်ရာတွင် လျင်လျင်မြန်မြန်၊ ဖျတ်ဖျတ်လတ်လတ်နှင့် သွက်လက်ဇွဲကြီးသော ခွေးနီကျော်ကို ငတောရော ငလုံးပါ တောသွားတိုင်း ခေါ်သည်။

“အဖေပြောတဲ့နေရာ ရောက်ခါနီးပြီလားဗျ”

“ရောက်တော့မယ်ဟေ့၊ ယာနှစ်ချိုးကျော်ရင် အဲဒီနေရာ ရောက်ပြီ။ အဲဒီတောက စ,တည်ရုံပဲ။ အဖေ ကြည့်ထားတာကတော့ စဖို့ အကောင်းဆုံးဟာ အဲဒီ နေရာပဲ”

စကားပြောသော်လည်း အသွားရှိန် မလျော့။ ဝေနေသော နှင်းကြားတွင် လူနှစ်ဦးနှင့် ခွေးတစ်ကောင်သည် လှုပ်လှုပ်ရှားရှား။

“တကူးကူး … ကူး၊ တကူးကူး … ကူး”

ထနောင်းပင်ပေါ်မှ ချိုးကူသံသည် နံနက်ခင်း၏ ဆိတ်ငြိမ်မှုကို ဖြိုဖျက်၍ ထွက်ပေါ်လာသည်။ အိပ်တန်းမှ နိုးထစ ချိုးငှက်တို့ ထနောင်းပင်မြင့်တွင် အတောင်ဖြန့်၍ နှင်းမှုန်ခါကာ နေဆာလှုံရန် စောင့်ရင်း ကူသံစပေးလာပြီ။

“တကူးကူး … ကူး၊ တကူးကူး … ကူး”

မှန်မှန်နှင့် ခပ်လေးလေး ကူသံပေးနေသော ကူသံရှင် ချိုးကို မမြင်ရသော်လည်း တည်အိမ်အတွင်းမှ “အောင်မောင်း”ဟု ငတော အမည်ပေးထားသော တည်ချိုးကြီးသည် ကနာမငြိမ်။ ချိုးလျှောက်တန်းပေါ်တွင် ဟိုမှသည် သည်မှဟို လျှောက်သွားနေသော အသံကြားရသည်။

နေခြည်ပွင့်မှသာ ချိုးစတည်နိုင်မည် ဖြစ်သဖြင့် တည်ချိုးအိမ်ကို ဖွင့်မပေးသေးဘဲ ထနောင်းပင်နှင့် ယာတစ်ခင်းကျော် ဆီးပင်ရိပ်၌ ထိုင်ရင်း ခေတ္တနားသည်။

“အဖေ့ကွမ်းထုပ် ပေးစမ်းပါဦး ငါ့သား”

ကွမ်းထုပ်ကို ငလုံးလက်မှ ငတော လှမ်းယူပြီး ကွမ်းတစ်ယာ ယာသည်။

“ရှားသီးတွေ့လား အဖေ။ ကျုပ် ဦးလေးဝမ်းမောင် အိမ်က သွားတောင်းခဲ့တဲ့ ငန်းမြာ ရှားသီး။ သူကတော့ ကောင်းလွန်းလို့ ကြိုက်သတဲ့ဗျ”

ငတောအနေဖြင့် အလိုက်သိသော သားငလုံးကို ကြည့်၍ ပြုံးသည်။

သူတို့ဝန်းကျင်၌ ချိုးကူသံတို့ မြိုင်သည်ထက် မြိုင်လာချေပြီ။

“နားတုန်းမှာ ငါ့သားကို ချိုးနဲ့ပတ်သက်တာ ပြောရဦးမယ်။ ဟောဟို ထနောင်းပင်ပေါ်က ချိုး ဘယ်ဘက်လှည့်ကူသလဲ”

“မြောက်ဘက်လှည့်တယ် အဖေရ”

“အဲဒါဆိုရင် အဲဒီ ချိုးရဲ့ ပိုင်နက်ဟာ တောင်ဘက်လို့ မှတ်ရတယ် သားရဲ့”

“ချိုးပိုင်နက် … ဟုတ်လား အဖေ”

“ဟုတ်တယ်၊ ချိုးဆိုတာ သူ့နယ်အဆုံးကနေ တစ်ဖက်လှည့်ကူတတ်တဲ့ သတ္တဝါပေါ့။ မျက်နှာ တစ်ဖက်လှည့်ကူရင် ကျောဘက်က နယ်ဟာ သူ့နယ်ပါလို့ ကြေညာသလိုပဲ”

“ချိုးဟာ တိရစ္ဆာန်ပဲ အဖေရယ်။ သူ့အတောင်နဲ့သူ ပျံချင်ရာပျံ၊ နားချင်ရာနား မဟုတ်လား။ ပိုင်နက် သတ်မှတ်ထားတော့ သူ့ပိုင်နက်ထဲ ရေမရှိရင် ဘယ်သွားသောက်မလဲ။ စားစရာမရှိရင် ဘယ်သွားစားမလဲ အဖေ”

“ငါ့သားမေးတာ မေးထိုက်တယ်။ အစာရှာရာမှာ ချိုးမှန်သမျှ ယာမြေ ချောင်းမြောင်းကန် အနှံ့ သွားကြလာကြတာပဲ။ တို့လူတွေ ဆိုင်ရာ ဆိုင်ရာ အလုပ်သွားသလိုပေါ့ ငါ့သားရယ်။ သူတို့လည်း သွားကြတာပေါ့။

ဒါပေမဲ့ အမြဲတမ်းနေထိုင်ရာ ဒေသအဖြစ် ချိုးအုပ်တစ်အုပ်မှာ တောတစ်တောရှိတယ်။ ခေါင်းဆောင် ချိုးတစ်ကောင်ရှိတယ်။ အဲဒီတောမှာ ခေါင်းဆောင်ချိုးပဲ ကူဝံ့တယ်။ ချိုးအုပ်ထဲက ချိုးငယ်တွေ ကူရင်လည်း ကြက်ခွပ်သလို ခွပ်ထုတ်တယ်။ ရှုံးတဲ့ချိုးက အုပ်စုခွဲပြီး ပိုင်နက်တစ်ခု ရှာဖွေရတယ်။ တခြားချိုး လာကူရင်လည်း နယ်ခံ ချိုးခေါင်းဆောင်က တိုက်ခိုက်နှိမ်နင်းတယ်။

ချိုးခေါင်းဆောင် ရှုံးရင် တခြားချိုးတွေက ဆက်တိုက်တယ်။ တစ်အုပ်လုံးရှုံးရင် တစ်အုပ်လုံး နယ်ပြောင်းပြေးတယ်။ နိုင်ရင်လည်း အပြတ်အသတ် နယ်လွှင့်တယ်။ ဒါကို သိထားတဲ့ တို့လူသားတွေက ချိုးရိုင်းကို ယဉ်အောင်ကျင့်ပြီး လှောင်အိမ်ထဲ ထည့်မွေး၊ ယဉ်ပါးလာမှ တည်အိမ်လုပ်ပြီး ဘေးက ပိုက်နဲ့ ထောင်ဖမ်းတာပဲ။ ချိုးတည်တယ်ဆိုတာ ဒါပဲမဟုတ်လား ငါ့သား”

နှင်းတို့ ဝေနေအောင်ကျရာမှ တစ်စတစ်စ ကျဲ၍ကျဲ၍ လာသည်။ ပါး၍ပါး၍ သွားသည်။ ပတ္တမြားရည်တို့ စီးလည်လာပြီး အရှေ့ဆီမှ နီရဲသော ကြာနီဖူးကြီးပမာ နေမင်းကြီး ထွက်ပြူလာသည်။

နှင်းငွေ့ကို အတောင်မှခါ၍ ချိုးငှက်တို့ နေဆာလှုံရင်း ကူသံ လေကြောမှ လွင့်ပျံလာချေပြီ။ ဤအချိန်ကို စောင့်နေသော သားအဖနှစ်ဦး လုပ်ငန်းစရန် ပြင်သည်။

“ကဲ… နှင်းလည်းကွဲပြီ၊ လုပ်ငန်းစကြစို့ ငါ့သား၊ သစ်ခက် ချိုးစမ်း”

ငတောက ချိုးတည်အိမ် ဖုံးထားသော အဝတ်စုတ်တို့ ဖြုတ်ပစ်လိုက်ပြီး ငလုံး ယူလာသော နဘူးခက်များဖြင့် ချိုးတည်အိမ်ကို ပတ်သည်။ ခွေးနီကျော်က သခင်နှစ်ဦးဘေးမှ သက်တော်စောင့်ပမာ မားမားမတ်မတ်။

“မင်း သစ်ပင်ပေါ်တက်၊ တို့ချိုးကို မျက်နှာ အတွင်းပိုင်း လှည့်ထား။ ဒီလိုမှ မဟုတ်ရင် ချိုးသိမ်းဝင်ကုပ်လို့ တည်ချိုး လန့်တတ်တယ်”

သားဖြစ်သူ သစ်ပင်ပေါ် တက်သွားသောအခါ ငတောက ချိုးတည်အိမ်၏ နင်းပြားဘေး၌ရှိသော အပေါက်ထဲသို့ လောဝါးကို ထိုးသွင်းသည်။ လောဝါး မပြုတ်စေရန်အတွက် လောဝါးထိပ်ရှိ အပေါက်နှင့် နင်းပြားဘေးရှိ အပေါက်ငယ်ထဲ သပ်တစ်ချောင်း လျှိုထည့်သည်။

ငလုံးရှိရာ သစ်ပင်ပေါ် သို့ ချိုးတည်အိမ်ကို လောဝါးဖြင့် ထိုးတင်ပေးလိုက်သည်။

အသံကျယ်၍ အောင်မောင်းဟု အမည်ပေးထားသော တည်ချိုးကြီးက တိုက်ပွဲဝင်ခါနီး သူရဲကောင်းသဖွယ် မာန်တဝင့်ဝင့်။

“တို့ ဒီနားနေလို့ မတော်ဘူး၊ ခွေးနီကျော် ခေါ်ခဲ့ ငါ့သား။ ရှားပင်ရိပ်က စောင့်ကြရအောင်။ ဒါမှ နယ်ခံချိုးက တို့ မလန့်မှာ။ လှမ်းကြည့်လည်း ရှားပင်ရိပ်ကဆို လှမ်းမြင်နိုင်သားပဲ။ ကောင်းကောင်းဆင်းနော်၊ လိမ့်ကျဦးမယ်”

သစ်ပင်ပေါ်တွင် ချိုးတည်အိမ် ချိတ်၍ ဆင်းလာသော ငလုံးကိို ငတောက လှမ်း၍ ပြောပြောဆိုဆို သူလည်း ရှားပင်ရိပ် ထွက်သွားသည်။ သားဖနှစ်ဦးစလုံး ရှားပင်ရိပ် ထိုင်မိချိန်၌ တည်ချိုးကြီး အောင်မောင်း ကူသံ ဆူညံ သည့်ထက် ဆူညံလာပြီ။

ကွမ်းတစ်ယာညက်ခန့် အကြာတွင် တည်အိမ် ချိတ်ထားရာသို့ နယ်ခံ ချိုးလည်ပြောက်ကြီးတစ်ကောင် ဒေါသတကြီး ပျံသန်းလာသည်။ ချိုးတည်အိမ် ဝဲဘက် အစွန်ဆုံးတွင်ရှိသော တည်ချိုးကြီး အောင်မောင်းက ခေါင်းတဝင့်ဝင့် လည်တခါခါနှင့် မာန်သွင်းလျက် ကူလိုက်သည်။

နယ်ခံချိုးကြီးက ဒေါသကြီးကာ မာန်သွင်းပြီး အတောင်ဖြင့် အတင်းပုတ်ခတ်သည်။ ကြက်ခွပ်သကဲ့သို့ တည်အိမ်အတွင်းရှိ တည်ချိုးကြီးကို လှမ်းခွပ်သည်။ တည်အိမ်ခံနေ၍ တည်ချိုးကို မထိမိသဖြင့် ပတ်ချာလှည့်ခွပ်ခိုက် ခြေထောက်တစ်စုံက နင်းပြားပေါ်ရှိ ခလုတ် သွားထိမိတော့သည်။

ခလုတ်နှင့် လျှာတံက ကြိုးဖြင့် ဆက်ထားသည်။ ခလုတ်တင်က ကြိုးနှင့်အတူ ပိုက် ပါသွားသည်။ ခလုတ်ပြုတ်က ကြိုးကျလာပြီး ပိုက်ဖြန့်ကာ ချိုးကို အုပ်မိစမြဲ ဖြစ်သည်။ ဒေါသဖြင့် တိုက်ခိုက်လာမှုကြောင့် ခလုတ်ထိမိပြီး ပြုတ်ကျသွားသောအခါ ကြိုးနှင့်အတူ ပိုက်ပြုတ်ကျလာပြီး နယ်ခံချိုးကို ဖြန့်အုပ်မိသွားတော့သည်။

(၂)

“အရင်ချိုးတွေလို မိုက်ရူးရဲ မဟုတ်ဘူးနော် အဖေ။ သူ့ကြည့်ရတာ တစ်မျိုးကြီး”

ငလုံးတို့ ချိုးရှစ်ကောင် ရပြီးသောအခါ ကြာပင်ကံတောသို့ ပြောင်းတည်စဉ် ကြုံတွေ့လာရသည့် ချိုးနှင့်ပတ်သက်၍ ငလုံးအဖို့ အထူးအဆန်း ဖြစ်နေသည်။ ယခင့်ယခင် တောနှင့်ချိုးများမှာ မိုက်ရူးရဲ တစ်ဇွတ်ထိုး ဝင်ခွပ် ဝင်တိုက်ခိုက်၍ အမိမြန်သော်လည်း ကြာပင်ကံတောတွင် တွေ့ရသော နယ်ခံချိုးကြီးသည် တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေရရပင်။ အရာဝတ္ထုမှန်သမျှကို သံသယဖြင့်သာ မဝံ့မရဲ မဖြစ်ရုံသာသာ ချဉ်းကပ်သည်။

“တိုးတိုးပြော ငါ့သား၊ ဒီချိုးကို လွယ်လွယ်နဲ့ ရနိုင်မယ် အဖေ မထင်ဘူး။ တို့တည်ချိုးက စိတ်ရှည်ပြီး ပညာသားပါမှ ရနိုင်မယ်”

တည်ချိုးကြီး အောင်မောင်းအနေဖြင့် ခေါ်သံပေး၍ လှမ်းစလိုက် သည်။

“တကူ… ကူး၊ တကူ… ကူး၊ တကူ… ကူး”

ဟူသော ခေါ်သံတို့ ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ နယ်ခံချိုးကြီးစိတ်၌ ဘာမှမဖြစ်ဟန်ဖြင့် ခပ်အေးအေး။

သူ့အတွက် အန္တရာယ်ရှိနိုင် မရှိနိုင်ကို စူးစမ်းဟန်ဖြင့် နယ်ခံချိုးက အကဲခတ်သည်။ အောင်မောင်း၏ ခေါ်သံကူသော

“တကူး…ကူး၊ တကူး… ကူး”

ဟူသည့် အသံမှာ ကျယ်လောင်သည်ထက် ကျယ်လောင်လာသည်။

လူရိပ်လူခြည်နှင့် အန္တရာယ်ဟန် မမြင်ရဟု နယ်ခံချိုးစိတ်၌ ယူဆသည့် အနေအထား တွေ့ကြုံလာမှ ချိုးတည်အိမ်ဘေးရှိ နင်ပြားပေါ်သို့ တက်သည်။ ထိုအချိန်ထိ နယ်ခံချိုးကြီးမှာ အသံ လုံးဝ မပေးသေး။

တည်ချိုးကြီး အောင်မောင်း ခေါ်သံဖြစ်သော တကူ…ကူး မှာ ထိရောက်မှု မရှိသောအခါ မြှောက်သံ ပြောင်းပေးလာပြီ။ မြှောက်သံဖြစ်သည့်

“တကူ… ကူး ကူး၊ တကူ… ကူး ကူး၊ တကူ…ကူး ကူး”

ဟူသော ကူသံတို့ အားမာန်အပြည့် ဆူဆူညံညံ။

နယ်ခံချိုးအဖို့ စလုတ်နှင့် လျှာကို သံသယ မကင်းဟန်ဖြင့် တွေကြည့် နေသည်။ သူ့နယ် ကျူးကျော်လာသော ချိုးအား တိုက်ခိုက်ရေးထက် သူ့အန္တရာယ် မရှိရေးကို အဓိက အလေးပေး စဉ်းစားနေဟန် မြင်ရသည်။

“နယ်ခံ ချိုးအုပ်ခေါင်းဆောင် ဖြစ်လျက်သားနဲ့ ဒေါသ အတော်နည်းတဲ့ကောင်နော် အဖေ”

“ဖြစ်နိုင်တာက လူမိပြီး ပြန်လွှတ်ထားတဲ့ ချိုးယင်ရင်လည်း ဖြစ်မယ်။ တည်ချိုးဟောင်းရင်လည်း ဖြစ်မယ်။ ဒေါသနည်းတာ မဟုတ်ဘဲ ချုပ်တည်းထားတာ ဖြစ်လောက်တယ် ငါ့သား”

သစ်ပင်အကွယ်မှ လှမ်းကြည့်နေရင်း မှတ်ချက်ချနေသော သားအဖနှစ်ယောက် မျက်လုံးအစုံသည် တည်ချိုးနှင့် နယ်ခံချိုးဆီ ရောက်သွားကြ ပြန်သည်။

မြှောက်သံပေး၍ ခေါ်နေသော တည်ချိုးကြီး အောင်မောင်းသည် မလှုပ်မရှားဘဲ တွေနေသော နယ်ခံချိုးအား ချသံပေးလျက် လှမ်းကလိပြန်သည်။ “ကူကူး၊ ကူကူး၊ ကူကူး” ဟူသော ချသံတို့ တစ်တောလုံး ဆူညံနေသည့်တိုင် နယ်ခံချိုးကြီးအနေဖြင့် ဒေါသတရားကို သိမ်းဆည်း၍ တည်ချိုးကြီးအား မှင်မပျက် ကြည့်နေဆဲပင်။

တည်ချိုးကြီး အောင်မောင်း၏ အားမာန်သည်လည်း မလျော့။ နယ်ခံချိုးနှင့် နီးနိုင်သမျှ နီးမည့်နေရာသို့ ကပ်သွားပြီး တိုက်ပွဲသစ်ကို မြူခေါ်လိုက်ပြန်သည်။

ခေါ်သံပေးပြန်ပြီ။

“တကူ ကူး၊ တကူ ကူး၊ တကူ ကူး”

ခေတ္တနား၍ နယ်ခံချိုးကြီးအား အောင်မောင်း အကဲခတ်သည်။

“ကူကူး၊ ကူကူး၊ ကူကူး၊ ကူကူး”

မိမိဘေး၌ လည်တညိတ်ညိတ် ခေါင်းတခါခါနှင့် ရန်စလာသော တည်ချိုးကြီး အောင်မောင်းကို နယ်ခံချိုး စိတ်ဆိုးစပြုလာပြီ။ ထို့ကြောင့် တည်အိမ်ဘေးသို့ ကပ်ရသမျှ ကပ်သွားသည်။ တည်ချိုးကြီးကလည်း ကပ်ရသမျှ ကပ်လာသည်။ တည်အိမ် လုပ်ထားသော ဝါးမာစိတ်လေးများသာ ခြားနေရာမှ တစ်ကောင်နှင့်တစ်ကောင် ငြိမ်ငြိမ်သက်သက်ပင် အကဲခတ် ကြည့်သည်။

ငတောနှင့် ငလုံးတို့ သားအဖနှစ်ယောက်မှာ အသက်ပင် ကျယ်ကျယ် မရှူဝံ့ဘဲ ငြိမ်ကြည့်နေသကဲ့သို့ သခင်နှစ်ဦးဟန်ကို ကြည့်၍ အလိုက်သိသော ခွေးနီကျော်ပင်လျှင် တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်ငြိမ် ဆိတ်ဆိတ်။

ငြိမ်သက်နေမှုကို စတင် ဖြိုဖျက်လိုက်သူမှာ တည်ချိုးကြီး အောင်မောင်းပင်။ တည်အိမ်ဘေး ကပ်နေရာမှ ဖြုတ်ခနဲလှည့်ကာ တည်အိမ်အောက်ဘေး လစ်လပ်နေသော နေရာကို ဖင်လှည့်လိုက်ပြီး သူ့အမြီးကို လျော့ချလိုက်သည်။ လျော့ချလိုက်သည့် သူ့အမြီးဖြင့် အပြင်၌ ရပ်နေသော နယ်ခံချိုးကြီးအား လှမ်းထိုးလိုက်သည်။

နယ်ခံချိုးအဖို့ မမျှော်လင့်ဘဲ သူ့အောက်ပိုင်းကို တည်ချိုးကြီး၏ အမြီးနှင့် လှမ်းထိုးခံရသဖြင့် လန့်သွားသည်။ လန့်သွားရာမှ သူ့အောက်ကြည့်သောအခါ တည်ချိုးကြီး၏ အမြီး ဖြစ်နေ၍ ဒေါသထွက်လာကာ အမြီးကို ဆိတ်သည်။ နှုတ်သီးဖြင့် ပေါက်သည်။

တည်ချိုးကြီး အောင်မောင်းအနေဖြင့် မခန့်လေးစားဟန်ဖြင့် အမြီးဖြင့် လှမ်းထိုးလိုက်၊ နယ်ခံချိုးက ဆိတ်လျှင်၊ ပေါက်လျှင် ပြန်သွင်းလိုက်နှင့် လုပ်နေသည်။

နယ်ခံချိုးအဖို့ အမြီးဆိတ်လိုက်ပေါတ်လိုက် လွတ်သွားလိုက်နှင့်မို့ အခံရခက်ကာ မနေနိုင် မထိုင်နိုင် ဖြစ်မှန်းမသိ ဖြစ်လာသည်။ စိတ်ဆိုးမှု ဆနှုန်း မြင့်မားလာသည်။

နယ်ခံချိုး စိတ်ဆိုးလာပါမှ တည်ချိုးကြီး အောင်မောင်း တိုက်ကွက်ပြောင်းလာသည်။ အမြီးဖြင့် လှမ်းမထိုးတော့ဘဲ နောက်ဆုတ်ကာ ကူသံပေးခြင်းပင်။

နယ်ခံချိုး ဒေါသပေါက်ကွဲသွားသည်။ အတောင်ဖြင့်လည်း လှမ်းပုတ်သည်။ ကြက်ခွပ်သကဲ့သို့လည်း လှမ်းခွပ်သည်။ ထိုအခါ ခြေထောက်က ခလုတ်နှင့် မောင်းတံကို သွားထိမိသည်။ ခလုတ်ပြုတ်ပြီး ပိုက်ဖြန့်ကျလာကာ နယ်ခံချိုးကို အုပ်မိသွားသည်။

ပိုက်နှင့် အုပ်မိသည့်အတိုင် နယ်ခံချိုးဒေါသမပြေ။ တရှူးရှူး တရှဲရှဲ။

(၃)

“ပြေး… ပြေးဟေ့ ငါ့သား၊ ကွေ့ကောက်ပြီး အမြန်ပြေး၊ ဘာမှ ယူမနေနဲ့”

ငန်းပုပ်မြွေကြီးကို မြင်လိုက်ရကတည်းက အော် အော် ပြေး ပြေး ငတော ပြေးသည်။

ချိုးဆယ်ကောင် တည်ရပြီး၍ ယခု ထိန်ပင်တော ကဇာခင်တန်းကို ယနေ့အဖို့ နောက်ဆုံးတော သတ်မှတ်ပြီး ငတောတို့ ချိုးတည်ခဲ့ပါ၏။

ထိန်ပင်တော ကဇာခင်တန်း။

သည် ကဇာခင်တန်းသည် တွင်းကြီးကျေးရွာ၌ အကြီးမားဆုံးသော ကဇာခင်တန်းအို ဖြစ်ပါ၏။ တန်ဆောင်းပြာသာဒ်၊ မိုးနှံ၊ ရှား၊ ချင်းရဲ၊ ကြက်လျှာ၊ ဆူးဖြူ၊ ထိန်နှင့် သန်းတို့ ထူထူထပ်ထပ် ပေါက်သည်။

ဖွတ်၊ ပုတတ်၊ ကြွက်၊ ပွေးစသော တောဟင်းလျာကောင် ပေါသကဲ့သို့ မြွေပွေး၊ မြွေဟောက် ပေါသည်။ ငန်းပုပ်လည်း ရှိသည်။ ဤသည်ကို ငတောတို့ သားအဖလည်း အသိ၊ ခွေးနီကျော်လည်း အသိ။

ငတောတို့သားအဖ အနေဖြင့် ချိုးတည်လုပ်ငန်းကို အာရုံစိုက်ရသလို မြွေအန္တရာယ်ကိုလည်း သတိမမေ့။ သည်သတိထားသည့်ကြားမှပင် ခွေးနီကျော်က ကြွက်ပြေးရာ ခရာတောထဲ စွတ်ရွတ်တိုးပြီး လိုက်မိအောင် လိုက်သည်။

ကြွက်က တောင်ပို့ထဲ ဝင်သွား၍ ခွေးနီကျော် တပ်ပြန်ဆုတ်လာစဉ် ချုံတန်းပေါ်မှ လျှောခနဲ လျှောတိုက်ဆင်းသံ ကြားရသည်။ မိုးနှံချုံ၊ ချင်းရဲချုံတို့ လှုပ်ရှားသံ၊ မာန်သွင်းသံ ကြားရသည်။ မာန်သွင်းသံနှင့် မရှေးမနှောင်းပင် ငန်းပုပ်ကြီးသည် ဒေါသတကြီး ပေါ်ထွက်လာကာ အန္တရာယ် အစပျိုးလာသည်။

ငန်းပုပ်မြွေကိုက်က ကျွဲနွားပင်လျှင် ပစ်လဲကျ သေပါသည်။ လူဆိုလျှင် ရှင်ဖို့ ဝေလာဝေးမို့ ချိုးတည်မုဆိုးတို့ သားကောင်ဘဝ မရောက်စေရန် ပြေးရပြီ။

ငတောတို့ သားအဖသည် ချိုးသေများလည်း မကောက်နိုင်။ လွယ်အိတ်ကိုလည်း မယူခဲ့။ ရှေ့ကပြေးသော ငလုံးနောက် ခွေးနီကျော်ပါ ရောပြေးရှာသည်။ ငလုံးလက်တွင် ဓားရှည်ကြီး ကိုင်ထားသော်လည်း ပြန်လှန်တိုက်ခိုက်ဖို့ စိတ်ကူးမရ။

သခင်အားကိုး လိုက်လာသော ခွေးနီကျော်သည် သခင်များ ပြေးစက လန့်၍ ရောပြေးသော်လည်း သစ်ကိုင်းချင်း ရိုက်သံ၊ ချုံတိုးသံတို့ ဆူညံလာမှု ကြောင့် ရပ်လျက်ကြည့်သည်။ သူတွေ့မိသော အရာမှာ ငန်းပုပ်မြွေကြီးတစ်ကောင် အမြီးထောက်၍ ခေါင်းထောင်ကာ ဒေါသတကြီး လိုက်လာသည့် ဖြစ်ရပ်မှန်း သိသွားသည်။

ပြေးသည့် အနေအထားကို ပြင်ပြီး ငန်းပုပ်မြွေကြီး လိုက်လာရာအရပ်ကို မျက်နှာမူလိုက်ပြီ…။

ရပ်စောင့်နေသော ခွေးနီကျော်။

ဒေါသဖြင့် လိုက်လာသော ငန်းပုပ်ကြီး။

သတ္တဝါနှစ်ကောင်၏ တိုက်ပွဲအစကို ငတောနှင့်ငလုံးတို့ မှင်တက်မိ ကြည့်နေမိပါ၏။

ကြောက်ကြောက်ဖြင့် ပြေးစဉ်က မနားတမ်း လိုက်လာသော ငန်းပုပ်မြွေကြီးသည် ပြန်လှန်တိုက်ခိုက်ရန် တန်ဆောင်းပြာသာဒ်ချုံကို ဖင်ပေး၍ ဟောင်နေသော ခွေးနီကျော်၏ဟန် မြင်ကတည်းက ကိုယ်ရှိန်သတ် ရပ်လိုက်သည်။ ရပ်နေသော ငန်းပုပ်ကြီးကို ခွေးနီကျော်ဟောင်သံ တောလုံးလျှံသွားသည်။

လျှာ တစ်လစ် တစ်လစ်ဖြင့် ပါးပျဉ်းထောင်နေသော ငန်းပုပ်ကြီး၏ နီရဲသော မျက်စိတစ်စုံက တိုက်ကွက်ကို ရှာသည်။ ခွေးနီကျော်၏ ဟန်ပန်မှာ သတိအနေအထားဖြင့် ရှေ့တက်မတိုက်ဘဲ ခံစစ်သဘော တိုက်မည့်ဟန် ရှိနေသည်။ ခွေးနီကျော်၏ သခင်နှစ်ဦးမှာ ဓားနှင့်ပေါက်ဖို့ မေ့သီးစားသလို ဖြစ်ဟန်ရှိသည်။

ကြည့်နေဆဲမှာပင် ငန်းပုပ်ကြီး၏ ခါးသည်ဆန့်လာပြီး ပါးပျဉ်း ညိတ်ခနဲ ဖြစ်သွားသည်။

လေထဲ၌ ဝှီးခနဲအသံ ပေါ်ထွက်လာသည်။ ဝှီးခနဲပေါ်လာသော ငန်းပုပ်ကြီး၏ ခွေးနီကျော်အား ပေါက်သတ်သော ပေါက်ချက်ကို ခွေးနီကျော်က ဘေးသို့ လျင်မြန်စွာ ခုန်တိမ်းရှောင်လိုက်သည်။

ငန်းပုပ်ကြီးအား ပြန်ကိုက်ရန် လုပ်ဆဲမှာပင် ငန်းပုပ်ကြီးက နောက်တစ်ကြိမ်ပေါက်ရန် ပြန်အားယူပြီး မလွတ်ရာကို ချိန်ဆနေမှု ခွေးနီကျော် တွေ့သွားရပြီ။

တန်ဆောင်းပြသာဒ်ပင်ကို ဖင်ပေး၍ ငန်းပုပ်ကြီးကို အစောင့်တွင် ရှိသမျှ အင်အားကို အားကုန်သုံးလျက် ငန်းပုပ်ကြီးက ထပ်မံပေါက်သည်။ ခွေးနီကျော် လှုပ်ရှားမှုမှာ ငန်းပုပ်ကြီးခေါင်း ညိတ်ခနဲ ဖြစ်ကတည်းက ရှောင်တိမ်းထားသဖြင့် ပေါက်ချက်မှ လွတ်ကင်းသွားသည်။ ငန်းပုပ်ကြီး ပေါက်ချက်မှာ တန်ဆောင်းပြဿဒ်ပင်ကို သွားပေါက်မိသဖြင့် ဖျောက်ခနဲ အသံ ထွက်လာသည်။

တန်ဆောင်းပြသာဒ် အပင်သည် အပေါ်ယံ အခွန်ပါး နည်းနည်းမာသော်လည်း အထဲ၌ ငှက်ပျောပင်နှင့် တူသဖြင့် တန်ဆောင်းပြာသာဒ် အပင်ကို ပေါက်မိသော ငန်းပုပ်ကြီး၏ အစွယ်နှစ်ခုက ငှက်ပျောပင် ပေါက်မိသကဲ့သို့ ချိတ်နေသည်။

အစွယ်ကို ပြန်နုတ်ရာ ရုတ်တရက် ပြန်နုတ်မရသဖြင့် ကိုယ်ကြီးကို လိမ်ကွေးကာ ဒေါသဖြင့် ပြန်နုတ်ရရေးအတွက် ငန်းပုပ်ကြီး ကြိုးစားသည်။

အစွယ်ပြန်နုတ်မရမီမှာပင် ခွေးနီကျော်က ငန်းပုပ်ကြီးကို အတင်းဝင်ကိုက်သည်။

မာန်သွင်းသံ၊ ဒေါသသံတို့ဖြင့် ရုန်းကန်နေဆဲမှာပင် ငန်းပုပ်မြွေကြီး၏ ခါးလယ်ပိုင်း ပြတ်ထွက်သွားသည်။ ခါးလယ်ပိုင်း ပြတ်ထွက်သွားသော ငန်းပုပ်မြွေကြီးကို မြင်မှ ငလုံး သတိရ စိတ်အားတက်ကြွကာ တန်ဆောင်းပြသာဒ်ပင် ချိတ်နေသော ကျန်အပိုင်းအား ဓားဖြင့် ဇက်နောက်မှ အတင်းဝင်ဖြတ်သည်။

တန်ဆောင်းပြသာဒ်ပင် အစွယ်ချိတ်နေသော ငန်းပုပ်မြွေကြီး၏ မျက်စိမှာ မီးရောင်ကဲ့သို့ တဝင်းဝင်း။ အငြိုးပင် မပြေလေဟန်ပါတည့်။

ငလုံးက ငန်းပုပ်မြွေကြီး၏ အပိုင်းအပြတ်များကို လိုက်ကောက်၍ ထန်းလက်လျှော်ဆုတ်ကာ ဟင်းချက်စားရန် တွဲလိုက်သည်။

ငတောနား၌ တည်ထားသော ချိုးတည်အိမ်မှ ချိုးဖမ်းမိသံကြား၍ လှမ်းကြည့်လိုက်ရာ တည်ချိုးကြီး အောင်မောင်းဘေးတွင် နယ်ခံချိုးကို မိပြီးဖြစ်ကြောင်း မြင်ရလေပြီ။

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ