တွင်းကြီးဝမ်းမောင်
အညာငုံးခြောက်သမား
“ကဆုန်ကျက်ကျက် မုရင်းတက်” ဟူသော ဆိုရိုးစကားနှင့် “တန်ခူးရေကုန် ကဆုန်ရေခန်း” ဟူသော ဆိုရိုးစကားတို့သည် ကဆုန်လ၏ ပူပြင်းမှုကို ကိုယ်စားပြုသော ဆိုရိုးစကားများ ဖြစ်ကြသည်။ ပူပြင်းသည့် အညာနွေ၏ သရုပ်ကို ကဆုန်လက အမြင့်မားဆုံးစံနှုန်းဖြင့် သက်သေခံ ပူပြနေပါလေ၏။
ဤမျှ ပူပြင်းသော ကဆုန်နေရောင်အောက်ဝယ် ကြမ်းကြားလေနှင့် ဘူးခါးရေ တမ်းတရမည့်အစား လရောင်အောက် ပန်းကောက်ရသူပမာ တွင်းကြီးရွာဆီမှ တောဆီသို့ လူနှစ်ဦး ထွက်လာသည်။
သူတို့သွားမည့် တောဆီ ရှု့ကြည့်လိုက်ပါက နေရောင်နှင့်အပြိုင်ပင် မြေခိုးတို့ တထောင်းထောင်းထနေသည်။ မျက်စိတစ်ဆုံး ပေါ်နေသော တံလျှပ်တို့က ရေပြင်လှိုင်းဂယက်နှယ် တလက်လက် တဖျပ်ဖျပ် တဝင်းဝင်း။
မွန်းတည့်နေနှင့် မြေငွေ့ပူ လေပူတို့က သူတို့ကို ဆီးကြိုနှုတ်ဆက်သည်။ နှုတ်ဆက်မှုကို ပူစပ်ပူလောင်ဖြင့် ခံရသည့်တိုင် ထိုလူသားနှစ်ဦးက နေပူ လေပူ မြေပူကို လုံးဝမမှု။
ရှေ့မှ သွားနေသူကား အဖေဖြစ်သူ ငတော၊ နှစ်နံစပ် ဖျင်လုံချည် ညစ်ထေးထေးသာ ဝတ်ထားသည်။ အင်္ကျီမပါ။ ကျောမည်း မျက်နှာမည်း လူမည်းကြီးသည် ဖုန်တလုံးလုံး ချွေးတစီစီ ဖြစ်သည့်တိုင် ခေါင်းမှာ ပေါင်းလာသော တွင်းကြီးရက် ဂျပ်ခုတ် မြန်မာတဘက်ကိုပင်လျှင် ဖြုတ်၍ ချွေးမသုတ်။ သူ့လက်၌ ကိုင်ထားသည်မှာ ငုံးထောင်မည့် ပိုက်များကို လျှော်ကြိုးဖြင့် ချည်၍ စုဆွဲလာသည်။
နောက်မှ လိုက်လာသူကား သားဖြစ်သူ ငလုံး၊ ခမောက်စုတ်ကို ဆောင်းကာ ဖျင်အင်္ကျီလက်တို အစုတ်ကလေးဝတ်၍ မည်းမည်း နက်နက် ပြောင်ပြောင် ဘူးသီးခြောက်ရေဘူး တစ်ဖက်လွယ်၍ တစ်ဖက်က တိုလီမိုလီထည့်သော လွယ်အိတ်ဟောင်းကို လွယ်ကာ မြူးမြူးရွှင်ရွှင် အားတက် မာန်တက်။
သည်သားအဖနှယ်ဗျာ ပူပေ့ဆိုသည့် ကဆုန်နေ နေ့လယ်မှ ထွက်လာတာ စိတ်မှကောင်းသေးရဲ့လားဟု မေးစရာပင်။
သည်သားအဖသည် အညာငုံးခြောက်သမား။ အညာ သဘာဝနှင့် ငုံးဓလေ့ ငုံးအထာကို နောကျေအောင် သိထားသူမို့ သည်အချိန် ထွက်ခဲ့ခြင်းဖြစ်သည်။
အညာငုံးခြောက်သမားအဖို့ အချိန်နှင့် ရာသီကို မျက်ခြည်မပြတ်ဝံ့။ ယခုအချိန်သည် နွေ၊ ဘာသီးနှံခင်းမှ ရှိသော အချိန်မဟုတ်။ ရိုးပြတ်၊ ချုံနှင့် ယာသီးနှံခင်းသာ မှီတင်းနေထိုင်လေ့ရှိသည့် ငုံးကို ရာသီအလိုက် တည်တတ်၊ ဖမ်းတတ်၊ ခြောက်တတ်ဖို့ အလွန်လိုသည်။
ယခုကဲ့သို့သော နွေခေါင်ခေါင်၌ ငုံးမှန်သမျှ မနက်စောစောတွင် တစ်ကြိမ်၊ ညနေချိန်တွင် တစ်ကြိမ် ခြေဦးတည့်ရာ အစာရှာထွက်သည်။ သည်တော့ ထိုနှစ်ချိန်သည် ငုံးအုပ်ကွဲသော အချိန်။
ယခုကဲ့သို့ နေပူ မြေပူ လေပူထန်သည်းသော နေ့လယ်ခေါင်ခေါင်၌ ငုံးတို့ ဘယ်မှာနေမည်နည်း။
ရိုးပြတ်ကလည်း ခိုနားမရ။ တောကြီး မြိုင်ကြီး၌လည်း နေလေ့မရှိသော ငုံးများသည် ပူချင်တိုင်း အစွမ်းကုန် ပူချိန်တွင် အရိပ်ကောင်းရာ ကဇာချုံတန်းများထဲသာ အစုလိုက် အပြုံလိုက် အုပ်လိုက် နေခိုသည်။
“အဖေ”
“ဟေး”
“ကနေ့ ဘယ်တော သွားမှာလဲဗျ”
“ဟ… ချိုးအုံကဇာပေါ့”
သည်မျှဆိုလျှင် သားအဖနှစ်ယောက် သဘောပေါက်ပြီ။
တွင်းကြီး မှာ ချိုးအုံကဇာ၊ ပန်းထိမ်ဖိုကဇာ၊ မန်ကျည်းသုံးပင်ကဇာ၊ ထနောင်းကူကဇာ၊ ကြက်သောက်ကန်ကဇာ၊ ကြက်လျှာကဇာ၊ ပန်းပင်ကုန်းကဇာ၊ ရွှေရင်းအိုကဇာ၊ ကွင်းပြင်ကြီးကဇာ၊ ဖိုးအိုကဇာ၊ ဦးချောက်စကဇာ စသည်ဖြင့် ကဇာတွေ ပေါလှပါဘိတောင်း။
ကဇာဆိုသည်မှာ အညာဒေသ ယာခင်းတစ်ခင်းနှင့် တစ်ခင်းကြား သို့မဟုတ် လှည်းလမ်း တစ်ဖက်တစ်ချက်ဘေး ပေါက်ရောက်နေသော ချုံတန်း ချုံနွယ် ချုံပုတ်ကို ခေါ်သည်။
ယာခင်းကြား၌ရှိရှိ လှည်းလမ်းဘေးရှိရှိ ကဇာဆိုလျှင် မိုးခေါင်ရေရှား ဒေသပေါက် ချုံတန်း ချုံနွယ် ချုံပုတ်များသာတည်း။
“အဖေ မနေ့က သွားကြည့်တော့ ငုံး အတော်ပေါလား”
“ဟာ… မင်းဘကလွှား၊ ပေါမှ အားကြီးပေါ။ ငုံးအုပ်တွေ ခြေချင်းလိမ်ပြီး ရှုပ်ယှက်ခတ်လို့ တွန်လိုက်ကြတာလည်း နားကိုညည်းရော”
“ဘာငုံးတွေလဲဗျ”
“စုံတယ်ဟေ့… စုံတာမှ တကယ် စုံတယ်”
“အဟီး”
ငလုံးက သူ့စိတ်ကူးနှင့်သူ အဟီးဟု ရယ်ချလိုက်သည်။ ငတောက ရှေ့မှ အသွားမလျှော့။
“အဖေ့ဟာ အစုံဆိုတော့ ငုံးမွဲ၊ ငုံးနီပု၊ ငုံးစလိပ် ဒီသုံးမျိုးစလုံးပေါ့”
“တွင်းကြီးမှာ ဒီငုံးသုံးမျိုးအပြင် တခြားငုံးမျိုး ရှိသေးလားဗျာ”
“အဖေ တွေ့ ဖူးသမျှတော့ ဒီသုံးမျိုးပဲ။ ဒိပြင်နယ်မှာတော့ ရှိချင်ရှိမှာပေါ့ကွာ။ တို့တွင်းကြီးက စာရေးဆရာကြီး ‘ဦးမူးမှတော်’ ပြောဖူးတာတော့ မြို့တွေမှာ နိုင်ငံခြားငုံးတွေ ခြံနဲ့မွေးသတဲ့ကွ”
သားအဖနှစ်ယောက် စကားတပြောပြောနှင့် လာခဲ့ရာ ချိုးအုံကဇာသို့ ရောက်လာသည်။
တန်ဆောင်းပြာသာဒ်ပင်၊ ရှားစောင်းလက်ညှိုးပင်၊ မရိုးပင်၊ နဘူးပင်၊ ချင်းရဲပင်၊ မိုးနှံပင်၊ ပျပ်တက်ပင်၊ သဂျမ်းလေးပင်၊ ဆူးဖြူပင်၊ ဇင်ရွေးပင်၊ ဂုံပင်၊ ကြက်လျှာပင်တို့ ပေါများသည့် ချိုးအုံကဇာသည် အထက်ရှုပ် အောက်ရှင်းပြီး နေ့လယ်နေပူချိန်တွင် ငုံးများနေခိုရန် နေရာကောင်းလှသည်။
သားအဖနှစ်ယောက် ချိုးအုံကဇာထဲဝင်သော အချိန်မှစ၍ နေခိုနေသည့် ငုံးအုပ်တို့ အုပ်လိုက် တဝှီးဝှီး ပျံသန်းကြသည်မှာ ပျားပန်းခပ်သဖွယ်။
ငတော ပြုံးလိုက်သည်။
အညာမြေနှင့် အညာနွေ၏ နေ့လယ်ခင်းမှာ သည် ချိုးအုံကဇာကလွဲ၍ သည်ငုံးများ ဘယ်အရပ်၌ ကြာကြာ နေနိုင်မည်နည်း။ သည်ကဇာမှာ မှီခိုနေသည့် ငုံးမှန်သမျှ အချိန်တန် သည်ကဇာရိပ်သို့ ပြန်လာရမည်က မြေကြီးလက်ခတ် မလွဲ။
“ကဲ… ငါ့သား၊ ငုံးတွေ လန့်မပြေးခင် ကဇာရိုး ‘ဝ’ ထိုးလိုက်ရအောင်”
ငုံးထောင်ပိုက်များကို တစ်ထည်ချင်းရှင်း၍ ငုံးထောင်ရန် ပြင်ဆင်ပုံကို ကြည့်လျှင် ဇာတ်တိုက်ထားသကဲ့သို့ ညီညီညာညာ။
ငုံးပြေးလမ်းကို ကဇာထဲ၌ ပထမဆုံး ခန့်မှန်းကြသည်။ ငုံးဆိုသည့် သတ္တဝါက အခြားငှက်များကဲ့သို့ သစ်ပင်ပေါ် နားသည်မဟုတ်။ တောကြီး တောင်ကြီးမှာ နေသည်မဟုတ်။ အခြားငှက်ကဲ့သို့ ပျံသန်း၍ နားမည့် အရပ်မှာ အတောင်ချ နားသည်မဟုတ်။
အဝေးမှ ပျံသန်းလာရာက တစ်နေရာ၌ ကျပြီး တစ်ဟုန်ထိုး ပြေးလွှားသည်။ တစ်ဟုန်ထိုး ပြေးလွှားပြီး သူကြိုက်ရာ အရပ်ရောက်မှသာ ထိုးရပ်သည်။ ကျသည့်နေရာ ရပ်မနေ၊ စိတ်ကြိုက်ရောက်မှ ရပ်နေတတ်သည့် သတ္တဝါ။
တစ်ဟုန်ထိုး ပြေးရာ၌လည်း ရှေ့မှ အတားအဆီးရှိနေသော် အတားအဆီးရှောင်ပြီး အတားအဆီး လွတ်ရာမှ အမြန်ပြေးလွှားသွားသည်။
သည်အထာ သည်သဘောကို ကျေညက်ပြီးသော ငတောတို့က ငုံး ပြေးရာလမ်း မှန်းဆပြီး ငုံးတားလမ်း လုပ်သည်။ ငုံးတားလမ်းကို မြက်ခြောက်၊ အမှိုက်၊ သစ်စိမ်းခက် ချထား၍ ပြုလုပ်သည်။
“ဝ” ထိုးသည် ဆိုခြင်းမှာလည်း ငုံး ပြေးလာသောအခါ အတားအဆီးဖြစ်၍ အနှောင့်အယှက် ပေါ်ပေါက်ကာ ပိုက်ဆီလာစေရန် ငုံးတားလမ်း ပြုလုပ်ခြင်းဖြစ်သည်။
ငလုံးက ဝထိုးရင်း ပြုံးသည်။ သူ ပြုံးသည်မှာ အကြောင်းရှိသည်။ ငလုံး နားမလည်စဉ်က သူ့အဖေ ငတောကို မေးဖူးသည်။ ဝထိုးထားသော နေရာကို ရှုပ်၍ရှောင်ပြီး ပိုက်ကိုတော့ ဘာလို့တိုးသလဲဟူသည့် အမေး။
ထိုစဉ်က သူ့အဖေသည့် ငုံးပိုက်ကိုပြလျက် သူသဘောပေါက်အောင် ရှင်းသည်။
ငုံးပိုက်မှာ နိုင်လွန်ချည်အဖြူကို အကွက်စိပ်စိပ် ထိုးထားသည့် တောင်ဆုပ်သာသာ အဝိုင်းလေးဖြစ်ပြီး ချောနေအောင် သပ်၍ ကွေးထားသော ဝါးပေါ်တွင် ပိုးကြိုးဖြင့် တင်ထားပါသည်။
ဝါးထိပ်နှစ်ဖက်တွင် ချွန်ထားပြီး မြေ မည်မျှမာမာ ထိုးစိုက်ရသည်။ ပစောက်ပုံသဏ္ဌာန် မထောင်ခင် ရှိပြီး၊ ထောင်လိုက်သောအခါ ဂငယ် ပုံသဏ္ဌာန် ဖြစ်သွားသည်။
ဝါးကွေးကို အရင်စိုက်၍ ပိုက်ကို နောက်ကျောမှ တင်ထားသည်။ ပိုးကြိုးကို ဝါးကွေး ဘယ်ညာ တစ်ဖက်တစ်ချက်၌ ချည်ထားသည်။ ငုံးက ဆောင့်၍ တိုးလိုက်သည်နှင့် တစ်ပြိုင်နက် ပိုးကြိုး ရှုံ့သွားပြီး ငုံးနှင့် လုံးထွေးနေသည်။
ပိုက်သားဖြူဖြူကို ငုံးတို့ သတိမထား မကြောက်လန့်။ ပိုက်သားကြမ်း၍ ဝါပြီဆိုလျှင် ငုံးသည် အရှိန်သတ်၍ မတိုးတော့ဘဲ ရှောင်တော့သည်။
သူ့ အဖေ ရှင်းပြမှ သူ သတိပြုမိခဲ့သည်ကို ယခုမှ သတိရပြီး ပြုံးမိခြင်းပင်။
“ဟကောင် ငလုံး၊ ငါ့သား ရူးနေသလား။ တစ်ယောက်တည် ပြုံးစိစိနဲ့။ ပိုက်ကို မြဲအောင်စိုက်၊ ပိုက်တင်တာလည်း သေချာပစေ”
ပိုက်ကို သေသေချာချာ မတင်ဘဲ ဝါးကွေးပေါ် တင်ထားလျှင် လေတိုးရုံဖြင့်ဖြစ်စေ၊ ပိုက်ဘေးတိုးရုံဖြင့်ဖြစ်စေ ငုံးမမိ ပြုတ်ကျသွားတတ်သည်။ ထို့ကြောင့် ငတောက သတိလှမ်းပေးသည်။
ပိုက် သုံးဆယ်စလုံး ဝထိုး၍ ထောင်ပြီးသောအခါ ချိုးအုံကဇာတွင် ငုံးလက်ကျန် မရှိသလောက်အောင်ပင် အခြားသို့ ပျံသန်းနေကြသည်။
“လာ… ငါ့သား ငုံး အလန့်ပြေမှ ခြောက်တာပေါ့။ ခုတော့ တို့သားအဖ ထနောင်းပင်ရိပ်က ခဏနားရင်း စောင့်ရအောင်”
ငတောနှင့် ငလုံးတို့ ထနောင်းပင်ကြီးဆီ သွားကြသည်။ ချိုးလည်ပြောက်မောင်နှံတို့ လန့်၍ ပျံပြေးသည်။
နွေထနောင်း၊ ဆောင်းမန်ကျည်းဟူသော စာဆိုနှင့်အညီ ထနောင်းရိပ်ကလေးက အေးအေးမြမြ။
ဘူးသီးခြောက်ထဲမှ ရေကို တစ်ယောက်တစ်လှည့် သောက်သည်။ ငတောက် သူ့ကွမ်းထုပ်ကို ဖြေ၍ ကွမ်းတစ်ယာ ဝါးသည်။ ခေတ္တ နားကြသည်။ ငုံးများ ကဇာထဲပြန်ပြီး အုပ်ဖွဲ့ချိန်လောက်ရောက်မှ ငတောက ပြောသည်။
“ကိုင်း… ငုံးငြိမ်ချိန်လည်း ရောက်ပါပြီကွာ။ အဖေတို့ ခြောက်ရအောင်။ စစချင်း ပိုက်ရဲ့ဘယ်ဘက်က ခြောက်မယ်။ ဘယ်ဘက်ကနေ ခြောက်လို့ လန့်ပျံတာ အားကြီးတဲ့ ပိုက်ကျော်ငုံးနဲ့ ကျန်ငုံးတွေကို ညာဘက်က တစ်ပတ်ပြန်ခြောက်မယ်။ ဘယ်ခြောက်ကာ ညာနင်းလို့ ပေါ့ကွာ”
“နှစ်ပတ်ပြန် ခြောက်မှာပေါ့၊ တုတ်ယူခဲ့ရဦးမလား အဖေ”
“ဟောဟိုနားက ပြောင်းရိုးနှစ်ချောင်း မြင်လား။ သွားကောက်ခဲ့။ အဖေ့ကို တစ်ချောင်းပေး။ ငါ့သားက တစ်ချောင်းကိုင်”
ငလုံးက ပြောင်းရိုးခြောက် နှစ်ချောင်း သွားယူ၍ သူ့အဖေကို တစ်ချောင်းပေးကာ သူက တစ်ချောင်းကိုင်သည်။
“ငုံးပိုက်တွေက ကဇာအလယ်ဆိုတော့ တို့ ဘယ်ဘက်က စခြောက်ရာမှာ နောက်မအန်စေနဲ့ ၊ မလည်စေနဲ့။ ခြောက်တယ်ဆိုပေမဲ့ ခွေးရူးလိုက်သလို လိုက်ဟား လိုက်ဟား မလုပ်ရဘူးနော်။ ယားသွင်းတဲ့ သဘော၊ ဟုတ်လား ငလုံး”
“အဖေကလည်းဗျာ ကျုပ် လုပ်ဖူးသားနဲ့”
“လုပ်ဖူးတုန်းက လောဘကြီး မှားလို့ ပြောတာပေါ့ ငါ့သားရ၊ စမယ်”
သားအဖနှစ်ယောက် ကဇာဘယ်ဘက်မှ ငုံးကို စခြောက်သည်။ ဟိုးဟိုး ဟေးဟေး ဟူသော အသံ၊ ကဇာခင်တန်းကို တုတ်ဖြင့် တဖြောင်းဖြောင်း ရိုက်သံ၊ ငုံးပျံသံတို့ ထွက်ပေါ်လာသည်။
ငုံးတို့သည် ပိုက်ရှိရာ တိုးမှန်းမသိ စွတ်တိုးကြသည်။
“ပိုက်နီးပြီ၊ နောက်မလည်ဖို့ ခြောက်၊ မြန်မြန် ခြောက်”
ထောင်ထားသော ပိုက်နှင့် ဝေးစဉ်က အသာခြောက်လှန့်ရသော်လည်း ပိုက်နားနီးသောအခါ ဦးမလည်စေရန် မြန်မြန်ခြောက်ရသည်။
ဟေးဟေး ဟိုးဟိုး ဟားဟား ဟူသော အသံ၊ ပြေးသံ လွှားသံတို့ ဆူညံလာရာ ငုံးတို့သည် နောက်မှ အန္တရာယ်ကင်းစေရန် တစ်ဟုန်ထိုး ပြေးကြသည်။
တားထားသော ဝထိုးထားသည့် မြက်ခြောက်၊ အမှိုက်၊ သစ်ခက်တွေ့သော ငုံးတို့က ဖျတ်ခနဲ တုံ့ရပ်ပြီး ထောင်ထားသော ပိုက်ပါးလေးဖြစ်သည့် နိုင်လွန်အဖြူရောင်ကို အန္တရာယ်ကင်းသည် ထင်ကာ စွတ်တိုးသည်။
တိုးလိုက်သည်နှင့် တစ်ပြိုင်နက် ပိုက်အောက်ကျသွား၍ ငုံးနှင့်ပိုက် လုံးထွေးသွားသည်။ တိုးလေ မိလေ , မိလေ တိုးလေဖြင့် ငုံးသံများ ဆူဆူညံညံ။ ရှေ့ဆုံးပိုက်မှစ၍ မိနေသော ငုံးများကို ငတောနှင့် ငလုံး အရင် စဖြုတ်သည်။
“အဟီး… ကြီးလိုက်တဲ့ ငုံးမွဲကြီးတွေပဲ အဖေရ။ ကျုပ်ဆီမှာ ဆယ့်သုံးကောင် ရတယ်။ အဖေ့ဆီမှာကော”
“ငါ့ဆီမှာ ဆယ့်ခုနှစ်ကောင်ကွ”
“တောက် … ပိုက်အထည် သုံးဆယ်စလုံး တိုးရင် သိပ်ကောင်းမှာ”
“မင်းဟာကလည်းကွာ… ခုမှ ဘယ်ဘက်က စခြောက်တာပဲ။ ညာဘက်က ပြန်နင်းခြောက်ရင် ရဦးမှာပါကွ”
ပိုက်များကို ဘယ်ဘက်မျက်နှာ လှည့်ထောင်ရာမှ ညာဘက်မျက်နှာ ပြန်လှည့်ထောင်သည်။ ထောင်ပြီးသည့်အခါ ဝထိုးထားသော နေရာများကို ပြန်စစ်သည်။ သေချာသောအခါ ရထားသည့်ငုံးများကို လွယ်အိတ်ထဲထည့်ရန် စုစည်းပြီး ထနောင်းပင်ရိပ် ပြန်ထိုင်သည်။
“ငုံးတွေ ဒီတစ်ခါ အတော်လန့်သွားသကွ။ တော်တော်ကြီးကြာမှ ပြန်ခြောက်ရအောင်”
“ကျုပ်တို့ တွင်းကြီး ငုံးထဲမှာ အကြီးဆုံးက ငုံးမွဲနော် အဖေ”
“အေးကွ… တို့ဆီမှာ ငုံးမွဲက အကြီးဆုံး၊ အလတ်စားက ငုံးပု၊ ငုံးစလိပ် ဆိုတာ အငယ်ဆုံး၊ ပြေလုံးငှက် နှစ်ကောင်စာလောက် ရှိတာ”
သားအဖနှစ်ယောက်သည် စကားမဆက်တော့ဘဲ အပန်းဖြေနေကြသည်။
အဝေးဆီမှ ချိုးကူသံ၊ ဆက်ရက်ငှက်မြည်သံ၊ ပြွတ်ငှက်မြည်သံတို့က လေကြောအလိုက် လွင့်ပျံလာသည်။
ဟိုအဝေးမှ ရှင်မတောင်သည် မြူခိုးလေလား အပူခိုးလေလား မသိသည့်ကြား၌ မားမားမတ်မတ်။
“ခြောက်လို့ရပါပြီ ငါ့သား၊ အဖေတို့ ညာဘက်က ပြန်ခြောက်စို့ လား”
ငတောနှင့် ငလုံးတို့ ညာဘက်မှ ပြန်ခြောက်ရာ ချိုးအုံကဇာတစ်ခုလုံး ပြန်လည် အသက်ဝင်လှုပ်ရှားသွားပြန်သည်။ ညာဘက်၌ရှိသော ငုံးများက အလန့်တကြား ပျံသန်းပြီး မြေကျကာ ပြေးတိုးသဖြင့် ပိုက်များနှင့် လုံးလုံးထွေးထွေး။
“ဟာ… အဖေ ကျုပ် … ကျုပ်ပိုက်ထဲ မြေဝပ်ကောင်ကြီးဗျာ”
မြေဝပ်ကောင်ကို ဇက်မှဆုပ်၍ ပြသည်။
ငတောကလည်း သူ့လက်ထဲမှ ပြေလုံးသုံးကောင်ကို ငလုံးအား လှမ်းပြသည်။
“မြင်ရလား … အဖေ့ပိုက်ထဲမှာလဲ ငုံးအပြင် ပြေလုံးပါ အဆစ်ပါသေး”
ပိုက်များကို စိတ်ရှည်လက်ရှည် ဖြုတ်ကြသည်။ ညာဘက်မှခြောက်ရာ၌ ငုံး ဆယ့်ရှစ်ကောင်၊ မြေဝပ်ငှက် တစ်ကောင်နှင့် ပြေလုံး သုံးကောင်ရသည်။ ငတောရော ငလုံးပါ ကျေနပ်စိတ်ဖြင့် ပီတိတဝေဝေ။
“ဒီတစ်နွေတော့ ချိုးအုံကဇာကို အဖေတို့ မလာတော့ဘူး။ တော်ပြီ … နောက်နေ့ နောက်နေ့တွေမှာ နောက်ကဇာတွေ ပြောင်းကြသေးတာပေါ့။ ကဲ… ပိုက်တွေစစ် … အိမ်ပြန်ကြရအောင်”
အညာမြေ၏ အညာနွေကား အပူငွေ့တို့ အစွမ်းကုန် ထုတ်လွှင့်၍ ပူနေဆဲ။
အညာငုံးခြောက်သမားနှစ်ဦး ရင်၌ နေပူ လေပူ မြေပူဒဏ်ကို ချွေးတပြိုက်ပြိုက် ကျသည့်တိုင် ခံရသော်ငြား အိမ်အပြန် ငုံးအပြင် မြေဝပ်ငှက်နှင့် ပြေလုံးငှက်ပါ ပါလာ၍ ခြေလှမ်းတို့ ပေါ့ပေါ့ပါးပါး။
– ပြီး –
စာရေးသူ – တွင်းကြီးဝမ်းမောင်