• June 20, 2025
  • admin
  • 0

ကျွန်တော်မြင်သည့် မြွေခြေထောက်များ

အဏ္ဏဝါစိုးမိုး

ကျွန်တော်သည် ကိုရင်၀တ်ဖြင့် ရွာကထွက်ခွာပြီး ရန်ကုန်မြို့ကို သွားတော့မည် ဆိုသည့်အခါ ကျွန်တော့်ဘကြီး ဦးကြာခိုင်က သတိပေး စကားပြောသည်။

“ကိုရင် ရန်ကုန်ကိုရောက်ရင် လိမ်လိမ်မာမာနေ၊ ပညာကို ကြိုးစားသင်၊ ရွာမှာ နေတုန်းကလို မဟုတ်တာတွေ လျှောက်မလုပ်နဲ့၊ ၀တ်ထားတဲ့ သင်္ကန်းကို အားနာပါဦး”

ကျွန်တော့်ကို သတိပေး စကားပြောသည့် ဘကြီး ဦးကြာခိုင်၏ စကားထဲမှာ ၀တ်ထားသည့် သင်္ကန်းကိုအားနာပါဦး ဆိုသော စကားပါသည်။

လူတစ်ယောက်သည် မိမိ ၀တ်ထားသည့် အ၀တ်နှင့် ထိုက်တန်သော သီလသိက္ခာ ရှိရန် လိုအပ်သည် ဆိုသော သဘောကို ပြောချင်ခြင်း ဖြစ်သည်။ သင်္ကန်း ၀တ်ထားသည့် ကိုရင်တစ်ပါး ဖြစ်နေပါလျက် ရှင်ကျင့်၀တ်နှင့်အညီ မနေသည့် ကျွန်တော့်အကြောင်းကို သိနေသဖြင့် သတိပေးခြင်း ဖြစ်သည်။ ကျွန်တော်သည် ကိုရင်၀တ်ဖြင့် ရည်းစားစာ ရေးပြီး ရွာ့ကွမ်းတောင်ကိုင်ကို ပေးကြောင်း သိနေသဖြင့် ပြောခြင်းဖြစ်သည်။

ကျွန်တော်သည် အသက် ၁၆ နှစ် အရွယ်မှာ ကိုရင်၀တ်ဖြင့် နေရသည်။ ဆရာတော်က ကျွန်တော့်ကို အတော်မျှော်လင့်ထားသည်။ အသက် ၁၉ နှစ်ပြည့်လျှင် ရဟန်း ခံပေးမည်။ သူ့အရိုက်အရာကို ဆက်ခံမည့် စာတတ်ပေတတ် ရဟန်းမြတ်တစ်ပါးဖြစ်အောင် မွေးမြူနေသည်။ ကျွန်တော် အရမ်း စိုးရိမ်နေသည်။ ကျွန်တော် ဘုန်းကြီးမဖြစ်နိုင်ဘူးဆိုသည်ကို ကိုယ့်ဟာကိုယ်သိနေသည်။ ထို့ထက်ပိုပြီး စိုးရိမ်စရာကောင်းသည်က ကျွန်တော်သည် ချောချောလှလှ ကောင်မလေးတွေကို မြင်တိုင်း ကိုရင်၀တ်ဖြင့် ပိုးနေသည်။ နောက်ဆုံးမှာ စိတ်ကိုမထိန်းနိုင်တော့သဖြင့် ရည်းစားစာရေးနေစဉ် ဆရာတော် မိသွားပြီး ရွာကထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

ကျွန်တော်သည် ပြည်တော်သာခေတ်မှာ ရန်ကုန်မြို့ကို ရောက်လာပြီး အလွတ်ပညာသင်ကျောင်းတက်သည်။ ပြည်တော်သာခေတ် အစိုးရစစ် ၇ တန်းနှင့် ကျောင်းထွက်လက်မှတ်ရ စာမေးပွဲကို ကိုရင်၀တ်ဖြင့်အောင်သည်။ အသက် ၂၀ ပြည့်တော့မည် ဖြစ်၍ ကိုရင်၀တ်က လူထွက်ပြီး တပ်မတော် ရေတပ်ကို ၀င်ရောက် အမှုထမ်းသည်။

၁၉၆၂ ခုနှစ်၊ တော်လှန်ရေး ကောင်စီတက်သည့် နှစ်မှာ ရေတပ်သား ဖြစ်သွားသဖြင့် ရေတပ်သား ယူနီဖောင်းလေးဖြင့် အရမ်း ကြည့်ကောင်းနေသည်။ ထိုခေတ်အထိ စစ်သားတွေသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်တွေ ဖြစ်နေသေးသည်။ အထူးသဖြင့် ရေတပ်သားတွေသည် ယူနီဖောင်း အဖြူလေးတွေဖြင့် အရမ်းကြည့်ကောင်းသည်။ ကျွန်တော်က ရေတပ်သား ဖြစ်နေသည်။ ကျွန်တော် အရမ်းတက်ကြွနေသည်။ စိတ်ထဲက ကြုံးဝါးလိုက်သည်။

“ငါ့ကို ကိုရင်မို့ မကြိုက်တဲ့ ရွာက ကွမ်းတောင်ကိုင်ကို ရေတပ်သား ဘ၀နဲ့ ယူနီဖောင်း ၀တ်ပြီး သွားပြန်ပိုးဦးမယ်”

၁၉၆၅ ခုနှစ်၊ ကုန်သွယ် ရေးခေတ်၊ ပပကခေတ်၊ ဆိုရှယ်လစ် စီးပွားရေး ခေတ်မှာ ကျွန်တော် ရေတပ်သားဘဝြဖင့် ရွာကိုပြန်ပါသည်။ တပ်မတော်သားတွေ၊ အထူးသဖြင့် ရေတပ်သားတွေသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်တွေ ဖြစ်နေသည့်ခေတ်ဖြစ်သဖြင့် ရွာကို ခွင့်ဖြင့်ပြန်ရာ တွင်ပင် အရပ်၀တ်ဖြင့် ပြန်လျှင် ဖြစ်လျက်သားနှင့် ယူနီဖောင်း အဖြူ၀တ်ပြီး ပြန်သည်။

ရန်ကုန်မှ သံတွဲမြို့ကို လေယာဉ်ဖြင့် ပြန်သည်။ မြို့မှ ရွာကိုသွားသည့် လော်ရီကားကြီး စီးပြီး လိုက်ပါသွားသည်။ ထိုခေတ်အခါက ထိုဒေသမှာ ရေတပ်သားကို မမြင်ဖူးကြရာ ကားပေါ်ပါခရီးသည်တွေက ဝိုင်းကြည့် ခြင်းခံရသည်။ မိမိကိုယ်မိမိ ကျေနပ်လွန်းသဖြင့် ခါးဆန့်ထိုင်ပြီး ရင်ကော့ ထားလိုက်သည်။ ခရီးသည်တွေကအထင်ကြီးခံရခြင်းကို သိပ်ပြီးအရသာမတွေ့၊ ကျွန်တော့်ရွာက ကျွန်တော်ကိုရင်၀တ်ဖြင့် ပိုး၍မရခဲ့သည့်ကွမ်းတောင်ကိုင်က အထင်ကြီးရန် အရေးကြီးသည်။

ယခု အခါမှာ သင်္ကန်း၀တ်ထားသည့်ကိုရင် မဟုတ်တော့ဘူးလေ။ ပျိုတိုင်းကြိုက်တဲ့ ရေတပ်ယူနီဖောင်းအဖြူ ၀မ်းဆက်ကို ၀တ်လာပြီလေ။ အဝါရောင်ရိုးရိုးကြီးကနေ အဖြူရောင် သန့်သန့်လွင်လွင်လေး ဖြစ်နေပြီလေ။ ကွမ်းတောင်ကိုင် ဘာတတ်နိုင်သေးလဲ။ ရွာကအကောင်တွေအားလုံးထက် သာနေပြီ ဖြစ်ရာ ကွမ်းတောင်ကိုင်၏အချစ်သည် ကိုယ့်ဘက်မှာ အလေးသာရမည်ဟု အပိုင် တွက်ထားလိုက်သည်။

ခရီးသည်တင် လော်ရီကားကြီး ရွာကိုရောက်လို့ ရွာလမ်းဆုံ လမ်းခွမှာ ရပ်လိုက်သည်။ ရွာလယ်လမ်းတစ်လျှောက်နှင့် ရွာလမ်းဆုံမှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာလောက်က အင်္ဂလိပ်မင်း (အစိုးရမင်းများ) စိုက်ထားခဲ့သည့် ကုက္ကိုပင်ကြီးတွေနှင့် ပိတောက်ပင်ကြီးတွေ စိမ်းစို အုပ်ဆိုင်းပြီး ဟီးထအောင် အရိပ်ရနေကြသေးသည်။ လမ်းဆုံ လမ်းခွက အရိပ်ရ အားကောင်းလှသည့် ကုက္ကိုပင်ကြီးအောက်မှာ လော်ရီကားကြီး ရပ်လိုက်သည် ဆိုလျှင်ပင် ခရီးသည်တွေ ဆင်းကြသည်။ ကျွန်တော်လည်း ဆင်းရန် အသင့်ပြင်သည်။

မြို့ကလာသည့် ခရီးသည်တင်ကားကြီး ဆိုက်ရောက်လာပြီ ဆိုလျှင် စျေးသည်တွေနှင့် အနီးအနား အိမ်တွေက ရွာသူရွာသားတွေက ကားပေါ်က ဆင်းလာသူတွေကို ဝိုင်းကြည့်နေကြသည်။ စျေးသည်တွေက ရခိုင်မုန့်တီ၊ ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်အော် ရောင်းရင်း ကြည့်နေကြသည်။ အလုပ် မရှိသဖြင့် လမ်းဆုံလမ်းခွမှာ လာထိုင်နေသူတွေကလည်း ကြည့်သည်။ အလုပ်ရှိသည့် ပပကဆိုင် (ပြည်သူ့ပစ္စည်း အရောင်းဆိုင်) က အရောင်းစာရေးမတွေကလည်း ဆိုင်ပေါ်က လှမ်းကြည့်နေကြသည်။ အားလုံးက ကြည့်နေကြရာ ကျွန်တော်က မြင်စေချင်သဖြင့် ကားပေါ်က ဆင်းလိုက်ပါသည်။

ခရီးသည်တင် လော်ရီကားကြီးပေါ်က ဆင်းလိုက်သည့် ကျွန်တော်သည် သာမန်ခရီးသည် မဟုတ်။ သင်္ကန်း၀တ်ထားသည့် ကိုရင် မဟုတ်။ သည်အရပ်သည် ဒေသမှာ တစ်ခါမျှ မမြင်ဖူးသေးသည့် ရေတပ်ယူနီဖောင်းအဖြူကို ၀တ်ထားသူ ဖြစ်နေသည်။ ဝိုင်းကြည့်နေသူအားလုံးတို့၏ မျက်လုံးတွေက ကျွန်တော့်ဆီမှာ စုပြုံ ရောက်ရှိနေကြသည်။

၀ိုင်းအုံ ကြည့်နေသူတွေက ကျွန်တော့်ကို မမှတ်မိကြသော်လည်း ဝိုင်းအုံကြည့်နေသူတွေထဲက ဘုန်းကြီးကျောင်းနေဖက် လှထွန်းကို ကျွန်တော်က မှတ်မိနေသည်။ လှထွန်းကို နှုတ်ဆက်လိုက်သည်။

“သူငယ်ချင်း နေကောင်းလား”

“ကောင်းတယ်”

လှထွန်းသည် ကျွန်တော့်ကို ငေးကြောင် မော့ကြည့်နေသည်။ သူ့ကို နှုတ်ဆက်သူသည် ခေသူမဟုတ်၊ လူထူးလူဆန်း ဖြစ်နေသည်။ လော်ရီကားကြီးပေါ်က ဆင်းလာသူတွေထဲမှာ ထူးခြားသူ ဖြစ်နေသည်။ လူတိုင်းက ဝိုင်းအုံကြည့်ခြင်း ခံရသူ ဖြစ်သည်။ သည်လိုလူက သူ့ကို လာနှုတ်ဆက်သည့်အတွက် အရမ်း အံ့သြနေခြင်း ဖြစ်မည်။ သူ့ကို သူငယ်ချင်းဟု ခေါ်ကာ နေကောင်းလားဟု မေးသည့်အတွက် ဘုမသိ ဘမသိဖြင့် ကောင်းတယ်ဟု တုံးတိတိကြီး ပြန်ဖြေလိုက်ရသော်လည်း မေးသူသည် မည်သူမှန်းမသိဖြစ်နေသဖြင့် တအံ့တသြ မော့ကြည့်နေခြင်း ဖြစ်မည်။ ကျွန်တော် မည်သူမည်ဝါဆိုသည်ကို သိအောင် ပြောပြရတော့သည်။

“မမှတ်မိဘူးလား၊ ကိုရင် စန္ဒိမာလေ”

“ဟာ စန္ဒိမာ၊ မမှတ်မိဘူးကွ”

လှထွန်းသည် စန္ဒိမာဖြစ်ကြောင်းသိသွားတော့မှ အလွန်၀မ်းသာ ဂုဏ်ယူစွာဖြင့် ကျွန်တော့်လက်ကို မလွှတ်တမ်း ကိုင်ထားတော့သည်။ သည်လို ပုဂ္ဂိုလ်၏ လက်ကို ကိုင်ထားနိုင်ခွင့် ရခြင်းကိုပင် ဂုဏ်ယူသည့်အနေဖြင့် ရွာသူရွာသားတွေ မြင်အောင် အကြာကြီး မလွှတ်တမ်း ကိုင်ထားတော့သည်။

“ပြည်သူ့ဆိုင်က အရောင်းစာရေးမတွေက ဘယ်သူတွေလဲကွ”

“နင့်နှမတွေပေါ့ကွ၊ မလေးမြင့်တို့၊ မလေးနုတို့ ညီအစ်မတွေလေ”

မလေးမြင့်၊ မလေးနုတို့ ညီအစ်မတွေဆိုတော့ ကျွန်တော့်နှမတွေ ဖြစ်နေသည်။ သူတို့အဖေ ကျွန်တော့် ဦးကြီး ဦးမောင်တင်က ရွာသူကြီး ဖြစ်လို့ ပြည်သူ့ဆိုင်မှာ အလုပ်ရနေကြခြင်း ဖြစ်မည်။ သူတို့ကလည်း ပြည်တော်သာခေတ်မှာ ၉ တန်း အောင်ကြသူတွေဖြစ်ရာ ပပကဆိုင်မှာ စာရေးမတွေ ဖြစ်နေကြခြင်း ဖြစ်မည်။ ပပကဆိုင်စာရေးမတွေက နှမတွေ ဖြစ်နေသည့်အတွက် ပိုးလို့ပန်းလို့မရ ဖြစ်သွားသည်။ ကျွန်တော်ကလည်း သူတို့ကို သိပ်ပြီး စိတ်မ၀င်စား၊ ကွမ်းတောင်ကိုင်ကိုသာ စိတ်၀င်စားသည်။ ကွမ်းတောင်ကိုင်၏ သတင်းကို လမ်းလျှောက်သွားနေရင်း လှထွန်းကို မေးကြည့်ရသည်။

“မလှတင်ရဲ့ အခြေအနေ ဘယ်လိုလဲ”

“လင်ရနေပြီ၊ မြို့က ရောက်လာတဲ့ ကျောင်းဆရာနဲ့ ကလေးတောင်ရနေပြီ”

သွားပါပြီ၊ အရပ်၀တ်ဖြင့် ရွာကိုလာလျှင် ဖြစ်ပါလျက်သားနှင့် ကွမ်းတောင်ကိုင်မလှတင် အထင်ကြီးတာ ခံချင်သဖြင့် စိတ်ညစ်ခံပြီး ရေတပ်ယူနီဖောင်း ၀တ်လာသည်မှာ အလကား ဖြစ်သွားသည်။ မလှတင်က လင်ရသွားပြီဆိုရာ လက်ရှိ ကွမ်းတောင်ကိုင် မည်သူ ဆိုသည်ကို မေးကြည့်ရသည်။

“မလှတင်နေရာမှာ ဘယ်သူက အစား၀င်သလဲ”

“နင်သိမှာမဟုတ်ဘူး၊ သဖန်းကုန်းရွာက ပြောင်းလာတဲ့ ကိုအောင်သန်းရဲ့ သမီး၊ လှလှသန်းတဲ့၊ မလှတင်ထက် ချောတယ်၊ ပိုက်ဆံလည်း ချမ်းသာတယ်”

ပိုက်ဆံ မချမ်းသာချင် နေပါစေ၊ လှဖို့ အရေးကြီးသည်။ မလှတင်ထက်ပင် ချောသည်ဆိုရာ အတော် စိတ်၀င်စားစရာ ကောင်းနေသည်။

ရေတပ်သား ယူနီဖောင်း ၀တ်စုံပြည့်ဖြင့် ရွာကို ပြန်ရောက်လာသည့် ကျွန်တော့်ကို မြင်လျှင် အမေ အရမ်း ၀မ်းသာ ဂုဏ်ယူနေသည်။

ကျွန်တော့်ဘကြီး ဦးကြာခိုင်ပင် ကျွန်တော် ရွာပြန်ရောက်နေသည်ဆိုသည့် သတင်းကိုကြားသဖြင့် လာနှုတ်ဆက်သည်။ တောအကြောင်း တောင်အကြောင်း ရှေးဟောင်းနောက်ဖြစ်တွေပြောပြီး ပြန်ခါနီးမှာ ဘကြီးကြာခိုင်က အမေ့ကို ပြောသည်။

“မကျေးဥ၊ နင့်သား ငစိုးက အ၀တ်သာ လဲသွားတာ၊ အကျင့်က ပျောက်မှာ မဟုတ်ဘူး”

ကိုရင်၀တ်နဲ့ ကွမ်းတောင်ကိုင်ကို ရည်းစားစာ ရေးတဲ့အကောင်၊ အခု ရေတပ်သား ယူနီဖောင်း၀တ်လာတော့လည်း အကျင့်က ပျောက်မှာ မဟုတ်ဘူးဟု ပြောခြင်းဖြစ်သည်။ အမေက ပြုံးပြီး နားထောင်နေသည်။ တစ်စုံတစ်ခု ပြန်ပြောချင်ဟန် တူသည်။ ဘကြီးကို အမေက ငယ်ကြောက် ဖြစ်နေသည့်အပြင် ကလေးတွေ ရှေ့မှာမို့ အားနာ၍ဖြစ်မည်။ ဘာမှမပြောဘဲနေသည်။

ကျွန်တော် သည်ရွာမှာနေသည့်ရက်တွေမှာ လက်ပတ်နာရီ၊ နေကာမျက်မှန်ကဲ့သို့ အသုံးအဆောင်တွေကို ဆင်မြန်းပြီး လမ်းသလားသည်။ ကွမ်းတောင်ကိုင် အသစ် မလှလှသန်းတို့ အိမ်ရှေ့က လမ်းသလား ပြသည်။ မလှလှသန်းက ထွက်ပင် မကြည့်သဖြင့် အတော် အခံရခက်သည်။ လမ်းဆုံလမ်းခွက လက်ဖက်ရည်ဆိုင်မှာ နံနက်ပိုင်းထိုင်လျှင် စျေးကို လာတတ်သည့် မလှလှသန်းကို မြင်တွေ့ရနိုင်သည် ဆိုသဖြင့် နံနက်ပိုင်း လက်ဖက်ရည်ဆိုင်ထိုင်သည်။ ဘုန်းကြီးကျောင်းနေဖက် သူငယ်ချင်းတွေကို လက်ဖက်ရည်တိုက်၊ မုန့်ကျွေးရတာနှင့်ပင် အကုန်အကျ အတော် များနေသည်။ မလှလှသန်း စျေးကိုလာသည့်အခါနှင့် စျေးကပြန်သည့်အခါ၊ နှစ်ခါ ကြည့်ရသဖြင့် နှစ်ခါသာ မြင်ခွင့်ရခဲ့သည်။ အတော် လှတာပဲဟု သိလိုက်သည်။ ကွမ်းတောင်ကိုင်အဟောင်း မလှတင်ထက် လှသည်ဆိုသည်မှာ ဟုတ်နေသည်။

ရေတပ်သား ရဲဘော် ဖြစ်သဖြင့် ရသည့်ခွင့်ရက် ကုန်သည်နှင့် ရွာက ပြန်ခဲ့ရသည်။ ကွမ်းတောင်ကိုင် မလှလှသန်းကို ရည်းစားစာ ပေးဖို့၊ ရည်းစား စကားပြောရဖို့ ဆိုသည်အား အသာထားဦး၊ ဝအောင်ပင် မကြည့်ခဲ့ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရသည်။

ရေတပ်သား ဘ၀မှ သင်္ဘောသား ဖြစ်၍ သင်္ဘောသားအရာရှိ ယူနီဖောင်းဖြင့် ရွာကို ပြန်သည့် အခါမှာတော့ ကျွန်တော့်မှာ ဇနီး မဖြူတုတ်နှင့် လက်ထပ်ပြီး၍ ကလေးပင် ရနေပါပြီ။ သို့သော် ကွမ်းတောင်ကိုင်ကို ပိုးချင်သည့် စိတ်၊ ကြွားပြချင်သည့် စိတ်က မကုန်သေးသဖြင့် သူငယ်ချင်းလှထွန်းကို မေးကြည့်ရသည်။

“လှလှသန်း လင်ရ သွားပြီလား”

“ရသွားပြီ၊ ဒုရဲအုပ်တစ်ယောက်နဲ့ ညားတယ်၊ အခုတော့ စခန်းမှူးကတော်ဖြစ်နေပြီ”

သွားပြန်ပြီဟု စိတ်ထဲက ပြောလိုက်သည်။ ကွမ်းတောင်ကိုင်နှင့် ညားရန် ဇာတာ မပါသလို ဖြစ်နေသည်။ ကွမ်းတောင်ကိုင် မလှလှသန်းကို တခုတ်တရ သတင်းမေးသံကြားလျှင် ဘကြီးကြာခိုင်က ပြုံးသည်။ အမေ့ကိုကြည့်ပြီး ပြောသည်။

“မကျေးဥ၊ ငါပြောတယ်မဟုတ်လား၊ နင့်သားဟာ ဘာအ၀တ်ပဲ ၀တ်လာ ၀တ်လာ၊ အရေခွံလဲတဲ့ မြွေလိုပဲ၊ အကျင့်ဆိုးက မပျောက်ပါဘူး”

သည်တစ်ခါတော့၊ အမေက ဘကြီးကို ပြုံးပြီး ကြည့်နေရာမှာ တစ်ခုခု ပြန်ပြောလိုက်တော့မည်ဟု ဆုံးဖြတ်ဟန်တူသည်။ ရေနွေးကရား ဖြည့်ထည့်ပေးနေလျက်မှ ပြောချလိုက်တော့သည်။

“အစ်ကို့တူပဲ အစ်ကိုရယ်၊ မျိုးရိုးလိုက်တာ ဖြစ်မှာပေါ့”

အမေက ထိုသို့ပြောလိုက်လျှင် ဘကြီးသည် စိတ်မဆိုးဘဲ ပြုံးပြီး ရေနွေးကြမ်းပန်းကန်ပူပူကို မှုတ်သောက်နေသည်။ အမေက ထိုသို့ ပြောလိုက်တော့မှ ဘကြီး ဦးကြာခိုင်၏ အကြောင်းကို သတိရလာသည်။ ဘကြီးသည် ရဟန်း ၅ ဝါ ရခဲ့သည့် ရဟန်းလူထွက် ဖြစ်သည်။ ရဟန်းဘဝြဖင့် အဟောကောင်း၊ အပြောကောင်း၊ စာတတ်ပေတတ် ဆိုပြီး ကြည်ညို၍ သိက္ခာထပ်ပေးသည့် ရဟန်း ဒါယိကာမ အပျိုကြီးနှင့် ညားခဲ့သူဖြစ်သည်။ အပျိုကြီးနဲ့ ပေါင်းလာရာ အိမ်ထောင်သက် ဆယ်နှစ်ခန့် ရကာမှ ခယ်မနှင့် ဘာလိုလို သတင်း ထွက်ခဲ့သူဖြစ်သည်။ ထိုအကြောင်းများကိုသိသဖြင့် အမေက အစ်ကို့တူပဲ၊ မျိုးရိုးလိုက်တာ ဖြစ်မှာပေါ့ဟု ပြောလိုက်ခြင်းဖြစ်သည်။

ကျွန်တော်ကလည်း ဘကြီးပြောမည်ဆိုလျှင် ပြောစရာ ဖြစ်နေသည်။ ကိုရင်၀တ်ဖြင့် ကွမ်းတောင်ကိုင်ကို ပေးရန် ရည်းစားစာ ရေးသည်။ ရေတပ်သားဘဝြဖင့် ယူနီဖောင်း အပြည့်အစုံ၀တ်ပြီး ကွမ်းတောင်ကိုင်ကို ပိုးသည်။ သင်္ဘောသားအရာရှိ၀တ်စုံပြည့်ဖြင့် သူများမယားဖြစ်နေသည့် ကွမ်းတောင်ကိုင်ကို တစ်ကျော့ပြန် သွားပိုးသည်။ ကျွန်တော့် စရိုက်ကို သိနေသည့် ဝါသနာတူ၊ စရိုက်တူ ဘကြီးက ပြောတော့ခြင်းဖြစ်သည်။

ကျွန်တော် သင်္ဘော မလိုက်တော့ဘဲ စာရေးဆရာ ဘဝြဖင့် စာပေ ဟောပြောရန် ရွာကို ရောက်သည့် အချိန်မှာတော့ ဘကြီး ဦးကြာခိုင် ကွယ်လွန်ခဲ့ပါပြီ။ ဘကြီးသာ အသက် ထင်ရှားရှိနေဦးမည်ဆိုပါက တိုက်ပုံ အင်္ကျီနှင့် ပိုးတွဲလုံချည်၀တ်ပြီး စာပေဟောပြောပွဲ စင်မြင့်ပေါ်မှာ ရပ်နေသည့် ကျွန်တော့်ကို ပြောဦးမှာ သေချာသည်။

“ဒီကောင် ငစိုး၊ မြွေရေခွံလဲသလို အ၀တ်ပြောင်း ၀တ်ပေမယ့် အကျင့်ဟောင်းက မပျောက်ပါဘူးကွာ”

ထိုသို့ပြောမှာ သေချာသည်။ ကျွန်တော် စိတ်မဆိုးပါ။ ဘကြီးသည် ကျွန်တော့် အကြောင်းကို သိနေသူဖြစ်သည်။ ကျွန်တော်ကလည်း ဘကြီး၏ အကြောင်းကို သိနေသည်။ မြွေအချင်းချင်း ခြေထောက်တွေကို မြင်သည်ဆိုသည့် သဘောမျိုး ဖြစ်မည်။
⬛

အဏ္ဏဝါစိုးမိုး
(၂၀၁၁ သြဂုတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတို )

စာရိုက် – စလေငနော့

Leave a Reply

Your email address will not be published. Required fields are marked *