————
တစ်လတွင် ကျွန်တော် လစာထုတ်ပြီး ပြန်မည်ပြုရာ မြို့နယ်ပညာရေးမှူးက ခေါ်ခိုင်းသဖြင့် သွားတွေ့မိသည်။ ဆရာကြီးရှေ့တွင် မိန်းကလေးတစ်ယောက်ထိုင်နေသည်။ ချောသည်ဟု ပြောရမည်ထက် ကျက်သရေရှိသော အလှပိုင်ရှင်ဟုဆိုရမည်။

“ဆရာ … သူက ကျွန်တော့် တူမလေးပဲ။ ဆင်ရေတွင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ကျတယ်။ ချိုမာတဲ့။ ခုမှ တောင်ငူဘက်က ပြောင်းလာတာဆိုတော့ မသွားတတ်ဘူးဖြစ်နေတယ်။ အဲဒါ ဆရာပြန်ရင် ခေါ်သွား ပေးပါလား”

“ဟုတ်လား … ကောင်းတာပေါ့ဆရာကြီး။ ဆင်ရေတွင်းမှာ ဆရာမကြီး ပင်စင်ယူသွားပြီးကတည်းက ဆရာမရှိလို့ ကလေးတွေ ဒုက္ခရောက်နေရတာ။ ကျွန်တော်ပဲ သွားသင်ပေးနေရတာဆိုတော့ ဝန်ပေါ့ပြီပေါ့”

“ကိုင်း … ချိုမာ ဘာမှ မပူနဲ့တော့ … ဆရာနဲ့သာ လိုက်သွားပေးတော့။ ဘုကလန့်ခွစာ ပေမယ့် စိတ်ကောင်း တော့ ရှိတယ်ဟ”

“ဟာ … ဆရာကြီး ပြောသလို မဟုတ်ပါဘူး”

“ကိစ္စမရှိဘူး … သမီးက ဘယ်လောက်ခွတိုက်တိုက် တည့်အောင် ပေါင်းတတ်ပါတယ်”

“နင်နဲ့ ဘယ်သူက ပေါင်းမယ်လို့ ပြောနေလို့လဲ”

“ဟော ကြည့်”

“အစ်ကိုက မပေါင်းလည်း ညီမကတော့ အတင်းပေါင်းမှာပါနော်”

အလို … အစ္ကိုတဲ့ … ညီမတဲ့

တင်းထားသော ကြိုးက ထောင်းခနဲပြတ်သွားသည်။

“အေး မနက်ဖြန် ပဲ့ထောင်ဂိတ်ကို လေးနာရီ အရောက်လာခဲ့”

“ဟုတ်ကဲ့”

ချိုမာကို ဆင်ရေတွင်း ရောက်သည်အထိ ပို့ပေးခဲ့သည်။ သူနေထိုင်ရေးကို ရွာနှင့် ညှိပေးခဲ့သည်။ ရွာလူကြီး ဦးရွှေဘော်အိမ်တွင် အပ်ပေးခဲ့သည်။ ထိုအိမ်က စားသောက်ရေးပါ တာဝန်ယူသည်။ ကျွန်တော် စိတ်ချပြီ။ ပြန်တော့မည် အပြုတွင်

“အစ်ကို … ကျောင်းပိတ်ရင် လာလည်လို့ရလား”

“ဘာလုပ်မလို့လဲ”

“အစ်ကို့ဆီက ပညာယူရတာပေါ့”

“ငါက ဘာပညာတွေ တတ်လို့ ညည်းက ဘာပညာတွေ လာယူမှာလဲ”

“ညီမက ခုမှ ကျောင်းအုပ်ဖြစ်ခါစဆိုတော့ လိုအပ်တာတွေ အများကြီးပဲ။ အဲဒါ အစ်ကို့ကိုပဲ အားကိုးရမှာပေါ့”

“အေး … ငါက ကျောင်းပိတ်ရင် မရှိတာများတယ်”

“ဘယ်သွားနေလို့လဲ”

“ရွာသားတွေနဲ့ တောလည်တဲ့နောက် လျှောက်လိုက်နေလို့”

“နေ့ခင်းတော့ ပြန်ရောက်မှာပေါ့”

“ရောက်တတ်ပါတယ်”

“ဒါဆိုရင် ချိုမာ ဒီကျောင်းပိတ်ရက်လာခဲ့မယ်”

ကျွန်တော်က သူ့ကို စကားမပြော ရွာဘက်ကိုလှည့်ထွက်ခဲ့ပါသည်။ နောက်က တိုးတိုးလေး ပြောသံကြား လိုက်ရသည်။

“ဘာကြီးမှန်းလဲ မသိဘူး”

ထိုကျောင်းပိတ်ရက်တွင် ကျွန်တော် ရွာထဲမှ ကာလသားတစ်သိုက်နှင့် အမဲလိုက်သည့်နောက် ပါသွားသည်။ ထိုနေ့က ကံကောင်းသည်ဟု ဆိုရမည်။ ဂျီ (ချေ) နှစ်ကောင်ရသည်။ ကျွန်တော်က ပိုက်တားပြီး တောခြောက်ကာ လှံနှင့်ထိုးပြီး ဖမ်းသည့်အဖွဲ့ထဲတွင် တောခြောက်သည့်တာဝန်ကို ယူရသည်။

တောခြောက်သည်ဆိုခြင်းမှာ တောင်ပေါ်ကိုလူအုပ်နှင့်တက်ပြီး လက်ထဲတွင် ပါလာသော ဝါးတွေကို တုတ်ဖြင့် ရိုက်ခြင်းဖြစ်သည်။ သားကောင်တွေက ကျွန်တော်တို့ တောင်ကြောပေါ်တက်လာသည့် တောခြောက်သံကြောင့် ပြေးသည်။ တစ်နေရာ သစ်ပင် သစ်ကိုင်းများနှင့် ပုံဖျက်ပြီး ပိုက်တန်းထားသည်။ တောကောင်ကို ထိုပိုက်ရှိရာသို့ မောင်းသွင်းရခြင်းဖြစ်သည်။ တောကောင်က ပိုက်ကိုတိုးနေစဉ် အနီးနားတွင် စောင့်နေသည့် အဖွဲ့က လှံနှင့် ဝင်ထိုးရခြင်းဖြစ်သည်။ ချေ၊ ဆတ်နှင့် တောဝက်များ ရတတ်သည်။

တောခြောက်ရာကို လိုက်သည့်သူတွေက ငါးဆယ်သားတစ်တွဲ အလကားရသည်။ ကျွန်တော်က နောက်ထပ် ငါးဆယ်သား တစ်တွဲကို ဝယ်လိုက်သည်။

“အလို ဆရာ နှစ်တွဲတောင် ဘာလုပ်မလို့လဲဗျ”

“ဘာမှ မဟုတ်ပါဘူး … ဆင်ရေတွင်းက ဆရာမ အတွက်ပါ”

“ဟောဗျာ … ကျုပ်တို့ဆရာ … ဘယ်သူ့အတွက်မှာ မဝယ်စဖူး အဝယ်ထူးပါပေါ့ … ပေးလိုက်ပါဟေ့”

“ကျုပ်ပိုက်ဆံ ပေးပါ့မယ်”

“နေပါဆရာရယ် … လက်ဖွဲလို့ သဘောထားပါ”

“ဘာလဲဗျ … ခင်ဗျားတို့ စကားက”

“ဟား … ဟား … ဟား”

ကျွန်တော်နေသည့် တဲကို ရောက်လာသည့် အခါတွင် တဲတံခါးက ပွင့်နေသည်။

“ဟာ … နီတိုးဆိုတဲ့ကောင် … တံခါးဖွင့်သွားပြန်ပြီ” ဟုပြောပြီး တဲထဲကို ဝင်လိုက်ရာ ချိုမာက ကျွန်တော့် ပက်လက်ကုလားထိုင်တွင် ထိုင်ပြီး စာအုပ်ဖတ်နေသည်။

“ဟာ … ဆရာမ”

“အစ်ကို ပြန်လာပြီလား … လက်ထဲက ဘာတွေလဲ”

“ဟို … ဟို … တောလိုက်တာ … ချေသားရခဲ့လို့ … ဘယ်အချိန်ကတည်းက ရောက်နေတာလဲ”

“မကြာသေးဘူး … ခေါင်းရင်းအိမ်က ဆရာ့တဲပဲတဲ့ အထဲမှာ ဝင်နေလို့ ပြောလို့ … ဘာလဲ ပိုင်ရှင်ကို ခွင့်မတောင်းဘဲ ဝင်လို့ စိတ်ဆိုးလား”

“ဆိုးပါဘူး … အတော်ပဲ … ဒီမှာ နင့်အတွက် ချေသားတစ်တွဲဆွဲလာတယ်။ ပြန်ရင် ယူသွားပေါ့”

“တစ်တွဲတည်းလား”

“အေးလေ … ဘယ်နှတွဲ ယူချင်လို့လဲ … တစ်တွဲက ငါစားမှာဟ”

“အစ်ကိုက ချက်တတ်လို့လား”

“ချက်တတ်တာပေါ့ဟ”

“ဒါဆို အစ်ကိုပဲ အားလုံးချက်လိုက်လေ”

“ဘာဖြစ်လို့လဲ”

“ဟီး … ဟီး … ပြောရမှာ ရှက်လိုက်တာ ချိုမာက ဟင်းမချက်တတ်ဘူး”

“ဟာ”

“ဘာလဲ … အထင်သေးသွားလား”

“ဘာဆိုင်လို့လဲ … ကဲပါ … ချက်ပေးလိုက်မယ် … အပြန် ချိုင့်နဲ့ထည့်သွား”

ကျွန်တော်က အိမ်နောက်ဖေးဘက်ကို ဝင်ပြီး ထမင်းများ ဟင်းများကို ချက်ပြုတ်နေရသည်။ ချိုမာက အိမ်ရှေ့တွင် စာဖတ်ပြီး ပက်လက်ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေသည်။

“ဟေ့ … ထတော့ … ဒီမှာ ဟင်းကျက်ပြီ … ရော့ … ဒီချိုင့်က နင့်အတွက်”

“အစ်ကိုက ဘယ်လဲ”

“ငါရေသွားချိုးဦးမယ်”

“ဟင်းက ချိုင့်ကြီးနဲ့ ပြန်ယူသွားရမှာလား … ချိုမာက ထမင်းမစားလာရသေးဘူးရှင့်”

“အဲဒီတော့ ငါက ဘာလုပ်ရမှာလဲ”

“အစ်ကိုရယ် … ချိုမာက ဧည့်သည်လေ … ထမင်းမကျွေးတော့ဘူးလား”

“နင့်ကို ငါက ထမင်းစား ဖိတ်ထားလို့လား … ဟင်းချက်ပေးတာတောင် လွန်နေပြီ”

“ကဲ ပါ … ရေချိုးလည်း သွားချိုးပါ”

“ပြန်တော့လေ”

“ဟာ … ဘယ်လို အိမ်ရှင်ကြီးလဲ … ဧည့်သည့်ကို နှင်ထုတ်နေရလား”

“မပြန်တော့ ခင်ဗျားက ဘာလုပ်မှာလဲ”

“ထမင်းဆာနေပြီရှင့် … ထမင်းစားပြီးမှ ပြန်မယ် သိပြီလား”

“ဟာ … ဇွတ်ပဲဟ”

ချိုမာနှင့်ကျွန်တော် တွေ့ခဲ့ကြသည့်အစဖြစ်သည်။

ကျွန်တော်က ချောင်းထဲတွင် ရေသွားချိုးသည်။ ပြန်လာတော့ ထမင်းခူးထားပြီး ဖြစ်နေသည်။ တပည့်ကျော် နီတိုးက ချိုမာနှင့် အပေးအယူတွေ မျှနေကြသည်။

“ဟေ့ နီတိုး … ထမင်းစားသွား”

“ဆရာကလည်း ထမင်း မလောက်ဘူးနဲ့ တူတယ်”

“မလောက်ရင် မင်းအိမ်က အိုးသွားမလာခဲ့ … ဒီမှာ ဆင်ရေတွင်းက အငတ်ရောက်နေတယ်”

“ပြောလေ … ကြိုက်သလောက်ပြော … ဒီက စားရဖို့ အရေးကြီးတယ်။ အလိုလေး မွှေးနေတာပဲ။ ဒီလို ယောက်ျားမျိုးရတဲ့ မိန်းမတော့ ကံထူးတာပဲရှင်။ ကောင်းလိုက်တဲ့လက်ရာ … သားရေ … မင်းဆရာလက်ရာ ဘယ်လိုလဲကွ”

“ဆရာက အမေ့ထက်တောင် ဟင်းချက်ကောင်းတာဗျ”

“ဟုတ်လား … ကြိုက်သွားပြီ”

“ဘာလဲဟ”

“ဆရာ့ လက်ရာကို ပြောတာ … ဟား … ဟား … ဟား”

#တင်ညွန့်