သူ့ဘဝသည် အထီးကျန်နိုင်လွန်းလှသည်။
ဘဝသာ မဟုတ်။ သူကျင်လည်ကျက်စားရာ လောကသည်လည်း ပျင်းရိငြီးငွေ့ ဖွယ်ရာ ကောင်းလှသည်။ ပတ်ဝန်းကျင်ဘယ်ညာ၊ ဘယ်နေရာကိုကြည့်ကြည့် နှင်းဦးပေါင်းဆောင်းထားသော တောင်ထွတ်တောင်မြင့်များ၊ ဝေသီမြင့်ခေါင်လွန်းသော ရေခဲ တောင်များ၊ ဆီးဖတ်နှင့်အမြှုပ်များပေကျံပြီး ကျီးပေါင်းအထပ်ထပ်ကပ်နေသော ကျောက်တုံးများ၊ အေးစက်တောင့်တင်းစွာနှင့် ထီးထီးမားမားရပ်တည်နေကြသော ထင်းရှူးပင်မြင့် ပင်စောက်များ။
သူကျင်လည်ကျက်စားရာ မဟာပထဝီမြေပြင်သည်လည်း နှင်းခဲဆီးဖတ် အထပ်ထပ်လွှမ်းကာ အေးခဲမာကျောနေသော ရေခဲလွင်ပြင်များသာ။
ပင်လယ်ရေမျက်နှာပြင်မှ ပေတစ်သောင်းနီးပါးမြင့်သော ရေခဲတောင်များပေါ်တွင် မိုးသက်လေပြင်းများ၊ နှင်းမုန်တိုင်းများနှင့်ယှဉ်တွဲကာ သူ့ဘဝ၊ သူ့လောကသည် စတင်သန္ဓေတည်လာခဲ့ရသည်။
သူ့နားထဲတွင် တဝေါဝေါအော်မြည်နေသော မိုးသက်လေပြင်း တိုက်ခတ်သံကို ကြားနေရသည်။ တရှဲရှဲ မြည်နေကြသော ထင်းရှုးပင်များ၏ ညည်းတွားသံတွေကလည်း ဆူညံနေသည်။ တဝေါဝေါအော်မြည် ပြိုဆင်းလာကြသော တောင်ကျရေများ၏ အသံဗလံတို့ကမူ လောကတစ်ခုလုံးကို ဖြိုဖျက်တိုက်စားပစ်လိုက်ကြပြီလား ထင်ရလေသည်။
သို့သော် ထိုစဉ်က သူ့မှာ မျက်စိနှစ်ကွင်းပင် အလင်းမရသေး။ အသံဗလံများကလွဲ၍ လောကတစ်ခုလုံးသည် မှောင်အတိကျနေသေး၏။
သူ့စိတ်ထဲ ခံစားနေရသည်မှာ တစ်ကိုယ်လုံး ချမ်းအေးတုန်ခိုက်နေခြင်းသာ။
X X X X
ချမ်းအေးမှုဒဏ်ကြောင့် မိုးသံလေသံများကိုပင် မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေ၏။
ထိုစဉ် နွေးထွေးမှုတစ်ခုသည် သူ့ကိုယ်ပေါ်သို့ အလိုအလျောက် ကျရောက်လာလေသည်။ မမြင်မစမ်းနှင့် နွေးထွေးမှုထဲ သူ့ဦးခေါင်း ဝင်ခွေ့လိုက်၏။
ချမ်းအေးမှုကိုသာ ခိုလှုံခွင့်ရသည် မဟုတ်။ ဆာလောင်မွတ်သိပ်မှု၏ ငြိမ်းအေးရာလမ်းစကိုလည်း နွေးထွေးနေမှုထဲမှ ရုတ်ခြည်း သူရလိုက်လေသည်။
သူသည် မိခင်၏ ရင်ငွေ့ကိုခိုလှုံကာ မိခင်၏နို့ရည်ကို သောက်စို့ရင်း မိခင်၏ ရင်အုပ်ကြားတွင် ရုန်းကန်လှုပ်ရှားနေလေသည်။
အပြင်လောကတွင် မိုးသက်လေပြင်းများ ကျနေဆဲ။အသံဗလံများ ဆူညံနေဆဲ။ အမှောင်သည်လည်း ကြီးစိုးမင်းမူနေဆဲပင်။
သူ၏ အမြင်တွင် မိခင်ကြီး၏ ရုပ်သွင်သည် ထင်းထင်း ပေါ်လာသည်။ အားကိုးတွယ်တာစိတ်သည် အတိုင်းအဆ မရှိ။ သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။
အပြင်လောကသို့ ရောက်လာသည်မှာ သူတစ်ဦးတည်း မဟုတ်။ သူနှင့် သက်တူရွယ်တူ အဖော်တစ်ဦးကိုလည်း သူနှင့် ယှဉ်တွဲ၍ တွေ့လိုက်ရ၏။
စိမ်းညို့မှိုင်းပျနေသော ထင်းရှူးတောကြီးသည်ကား အဆုံးအစမသိ ကျယ်ပြောလှသည်။ ကန္တာရကြီးထဲရှိ ထင်းရှူးပင်များ အကြိုအကြားတွင် မိုးနှင်းတို့ အုံ့ပျရစ်ဝဲနေကြသည်။ တစ်လောကလုံးသည် အေးစွတ်စိုထိုင်းနေတုန်းပင်။
မိုးနှင်းများ အုံ့ဖွဲ့နေသော ထင်းရှူးပင်များ၏ အကြိုအကြားအတိုင်း သူတို့နှစ်ဦးသည် မိခင်ကြီးနောက် တကောက်ကောက် လိုက်ပါလာကြသည်။ မိခင်ကြီး စားသောက်သော သစ်ရွက်နွယ်မြက်များကို နမ်းရှုပ်ကြည့်ကြ၏။ အနံ့ရသော်လည်း မိခင်ကြီးလို နွယ်မြက်သစ်ရွက်များကို မစားတတ်ကြသေး။ သူတို့၏ ဇီဝအသက်ရှင်သန်ရေးမှာ မိခင်ကြီး၏ နို့ရည်သာ ဖြစ်လေသည်။
မိခင်ကြီး အစာစားနေစဉ် သူတို့နှစ်ဦးသည် မိခင်၏ နို့ရည်ကိုသာ အလုအယက် သောက်စို့နေကြသည်။ တစ်ဦးနှင့်တစ်ဦး တိုးဝှေ့တိုက်တွန်းနေကြသည်။
မိခင်ကြီးသည် သားသမီးများ မမီမကမ်း နို့ဆွဲလုနေကြသည်ကို သိသဖြင့် ရှေ့လက်ထက်ရှည်သော နောက်ခြေနှစ်ချောင်းကို ကွေးကွေးညွတ်ပေးသည်။
နွယ်မြက်သစ်ရွက် အဖူးအညွန့်များကို လျှောက်စား ရင်း တစ်လှမ်းချင်းသွားနေသော မိခင်ကြီး၏နောက်တွင် သူတို့နှစ်ဦးသည်လည်း နို့ဆွဲရင်း တစ်လှမ်းချင်း လိုက်ပါနေကြရလေသည်။
နွေးထွေးသောနေခြည်တန်းများသည် သစ်ပင် ကိုင်းခက် ရွက်လက်ရိုးတံကြားမှ မြေပြင်သို့ ထိုးဆင်းဖြာကျလာသည်။ မိုးနှင်းမြူမှုန်များသည် တစ်စတစ်စ နှင့် နေလာနှင်းပျောက် ပြေလွင့်ပျောက်ကုန်ကြသည်။
ကိုယ်ပေါ်သို့ ကျလာတတ်သော နေပြောက်များကြောင့် နူးညံ့သော သူတို့နှစ်ဦး၏ ကိုယ်ပေါ်မှ အမွေးအမှင်နုများသည် ထောင်ထလာကြ၏။ မီးခိုးအညိုရောင်ရှိသော သူတို့နှစ်ဦး၏မွေးနုများသည် မိခင်ကြီးအမွေးကဲ့သို့ ကြမ်းတမ်းခက်တရော်စ ပြုလာ၏။
ထိုအချိန်မှာ မိခင်ကြီးစားသော နွယ်မြက်သစ်ရွက် အဖူးအညွန့်များကိုလည်း သူတို့နှစ်ဦး စားတတ်စပြုနေပြီ။ တစ်ခါတစ်ခါတွင် မိခင်ကြီးထက်ပင် ရှေ့သို့ပြေးထွက်ပြီး နွယ်မြက်သစ်ရွက် အဖူးအညွန့်များကို သူတို့နှစ်ဦး လုယက်စားသောက်တတ်ကြလေသည်။
သားသမီးနှစ်ဦး၏ ရှေ့ပြေးလျင်မြန်မှုကို မိခင်ကြီးသည် ကြည်နူးနှစ်သိမ့်မှုအပြည့်နှင့် တဒင်္ဂ တစ်ခဏ ငေးကြည့်နေတတ်သည်။ မိခင်ကြီး၏ ငေးစိုက်ကြည့်နေသော မျက်လုံးအစုံမှ ရောင်လျှံဖြာထွက်လာမှုသည် သူတို့နှစ်ဦးအား ပို၍ မြူးကြွသွားစေသည်။
ထိုအခါ သူတို့နှစ်ဦးသည် မိခင်ကြီးနှင့် လေးငါးလံ အဝေးထိ ပြေးသွားလိုက်၊ ပြန်ပြေးလာလိုက်၊ မိခင် ကြီး၏ ရင်အောက်ထဲ တိုးဝင်လိုက်၊ ပြန်ထွက်ပြေးလိုက်နှင့် ပျော်မြူးခုန်ပေါက်နေကြသည်။
သို့သော် မိခင်ကြီးကို ခွာ၍ ဝေးဝေးလံလံသို့ကား မသွားရဲ၊ မပြေးရဲကြသေး။ မိခင်ကြီး၏ အရိပ်အာဝါသအောက်၌သာ ရှိနေကြသေး၏။ မိခင်ကြီးအပေါ် အားကိုးမှီခိုလိုစိတ်သည် လုံးလုံးလျားလျား မကင်းမစင်သေး။ တွဲညှိစိတ်အာလယသည် သူတို့နှစ်ဦးစလုံး၏ ကိုယ်ပေါ်၌သာ အတူတွဲ၍ ရှိနေကြသေး၏။
သည်လိုနှင့် သူတို့နှစ်ဦး၏ ကိုယ်ပေါ်မှ မီးခိုးရောင် အမွေးများသည် နီညိုရောင်သို့ တဖြည်းဖြည်းကူးပြောင်းလာ၏။ ရင်ဘတ်တွင် အဖြူစက်အဖြူပြောက်ကလေးများ စတင်ဖြစ်ပေါ်လာချိန်မှာတော့ သူတို့နှစ်ဦးသည် အပူကိုလည်း ငြီးငွေ့လာကြလေသည်။
မိခင်ကြီးကမူ အပူကို ပို၍ ငြီးငွေ့နေပုံရ၏။ သစ်တောထဲ ထိုးဆင်းဖြာကျနေသော နေရောင်ခြည်များကို အတတ်နိုင်ဆုံး ရှောင်ကွင်းသွားနေသည်။ မိခင်ကြီးနှင့် သူတို့ အလွန်နှစ်သက်သော နွယ်မြက်သစ်ရွက် အဖူးအညွန့်များ နေရောင်ခြည်ထဲ ရှိနေလျှင် ထွက်မစားကြဘဲ နေရိပ်ကျသော အေးစိမ့်စိုထိုင်းသော မြိုင်ထဲရှိ နွယ်သစ်ရွက်များကိုသာ ရှာဖွေစားသောက်ကြလေသည်။
သူတို့သည် အပူကြောက်၊ အအေးကြိုက် တိရစ္ဆာန် များ ဖြစ်ကြလေရာ နေရောင်ခြည်စူးရှသော သစ်တောများကို ရှောင်ရှားကြသည်။ သူတို့သွားလာကျက်စားလေ့ရှိသော တောတောင်ကန္တာရထဲတွင် နေရောင်ခြည်ကား ကြာမြင့်ရှည်လျားစွာ စိုးမိုးခြင်းမရှိခဲ့။ ခဏသာ ရောက်လာပြီး မကြာမီ ပျောက်ကွယ်သွားကြလေသည်။
နံနက်တိုင်း မြင်တွေ့နေကျ မိုးနှင်းပါးပါးလျလျပေါ်သို့ ဆီးခဲနှင့် လုံးဝန်းသော ဆောင်းနှင်းဥတို့ အုံ့ဖွဲ့ပြိုကျလာသည်။ ဆီးခဲနှင့် လုံးဝန်းသော နှင်းခဲနှင်းစက်များသည် မညီမညာနှင့် အဆင်းသဏ္ဍာန်ပြိုပျက်ကာ ထင်းရှူးပင်များတွင် ကပ်ငြိစွန်းပေလာကြသည်။
ထိုအချိန်တွင် သူတို့မိသားစု သွားလာကျက်စား နေကြသော တောတောင်ကန္တာရထဲတွင် တစ်နေ့လုံး နေရောင်ခြည်ကို လုံးဝ မမြင်ကြရတော့ပေ။ သတ္တရဘန် တောင်စဉ်အထပ်ထပ်သည်လည်း အေးစိမ့်မှိုင်းပျလာသည်။
အပူကြောက်ပြီး အအေးကြိုက်သော သူတို့မိသားစု သည်လည်း သဘာဝတောတောင်ရေမြေကိုကြည့်ကာ ပိုပြီး မြူးထူးရွှင်ပျလာကြသည်။ ဆီးခဲနှင်းဖတ်များ ထင်းရှုးပင်ရွက်ပေါ် ခိုတွယ်မှီကပ်လာကြသောအခါ ထင်းရှူးရွက်များသည် ဆီးခဲနှင်းဖတ်များ အလေးဒဏ်ကြောင့် မြေပြင်သို့ တဖြောက်ဖြောက်ကြွေကျကုန်သည်။
မကြာမီ တောတောင်ကန္တာရရှိ သစ်ပင်ကိုင်းခက်များ ပေါ်တွင် ဆီးခဲနှင်းဖတ်တို့ ကျီးပေါင်းတက်တွယ်ကပ် လာကြ၏။ မြောက်လေနှင့် ရောပါလာသော ဆီးခဲ နှင်းဖတ်များ အထပ်ထပ်ကျီးပေါင်းတက်ခံနေရသော သစ်ပင်ကြီးငယ်များသည် အရွက်ကြွေ၍ ထီးထီးတည်လာကြသည်။
သစ်ပင်များပေါ်မှ ကြွေကျနေကြသော သစ်ရွက် များကို ဆီးခဲနှင်းဖတ်များ အထပ်ထပ်ဖုံးအုပ်လာပြန်၏။ မြေပြင်သည် စိုစွတ်ထိုင်းမှိုင်းနေရာမှ တစစအေးခဲကာ ရေခဲပြင်အတိ ဖြစ်လာလေသည်။
သည်လိုနှင့် ထင်းရှုးပင်ကြီးများ၏ ဖျဉ်းစောင်းများ သည် ရေခဲထဲ နစ်မြုပ်သွားကြ၏။ ပင်ခြေရင်း၌ပင် ဆီးခဲနှင်းဖတ်တွေက ထုတက်လာကြသည်။
ရေခဲပြင်ထဲ ခြေကျွံနစ်အစ်နေကြသော သစ်ပင်များသည် မလှုပ်မယှက်နှင့် ပို၍ ထီးထီးတည်တည် ဖြစ်လာကြသည်။
ယင်းအချိန်တွင် သူတို့မိသားစုသည် ရေခဲတောင်ပေါ်ထက်သို့ တရွေ့ရွေ့လျှောက်လှမ်းတက်လာကြ၏။ နီရဲသော နေဝန်းနှင့် နေရောင်ခြည်ဆိုသည်မှာလည်း အိပ်မက်ထဲ၌ပင် တစ်ရံတစ်ဆိတ် မမြင်မိတော့။
သူတို့ မိသားစုနှင့်တကွ တောတောင်ရေမြေ အလုံးစုံသည် ဆီးခဲနှင်းတောထဲ ကျရောက်သွားကြလေသည်။
X X X X X X X X X
နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အေးစိမ့် သော မြောက်လေသည် တရစပ်တိုက်ခတ်နေသည်။ ဆီးခဲနှင်းသီးများ ရေခဲပြင်ပေါ် တဖြောက်ဖြောက်ကျသံသည် အကာလညအခါ၌ ပိုကျယ်လာ၏။ တရှဲရှဲမြည်သံနှင့်အတူ ဆီးခဲများ တဖြောက်ဖြောက်ကျသံတို့မှာ တစ်ညလုံး ဆူညံနေလေသည်။
သူတို့မိသားစုသည် ရေခဲတောင်ပေါ်ရှိ လေကွယ်ရာ ကျောက်ဆောင်လိုဏ်ခေါင်းများကို ရှာပြီး ညအိပ်ကြသည်။ နံနက်နှင့် ညနေပိုင်းတွင် အစာရှာထွက်ကြရသည်။
နွယ်မြက်သစ်ရွက်များကို ရေခဲဖုံးသွားသဖြင့် အစာ ရှာရသည်မှာ ပို၍ ခက်ခဲလာသည်။ ဆာလောင်သော ဝမ်းဗိုက်သည် နေ့စဉ်လိုလို အစာအာဟာရကို တောင့်တနေသည်။ ထိုအခါ နံနက်မှသည် မိုးချုပ်မှောင်ရီအထိ အစာရှာလျက်သာ နေကြရသည်။
သဘာဝအသိနှင့် အတွေ့အကြုံရင့်ကျက်နေသော မိခင်ကြီးသည် အာဟာရအတွက် ယခုထိ ဦးဆောင် ဦးရွက်မှုကို အပန်းတကြီး ပြုလုပ်နေတုန်းပင်။
ရေခဲပြင်ပေါ်တွင် ပေါက်တတ်သော ရေခဲမှိုကျင်းများကို စတွေ့ရသောနေ့သည် သူတို့နှစ်ဦးအတွက် တစ်သက်မမေ့နိုင်စရာ နေ့တစ်နေ့ပင်။ အမှန်မှာ မိခင်ကြီးသည်လည်း ဤသို့ပင် နှစ်စဉ်နှစ်တိုင်း ပေါက်ရောက်တတ်သော ရေခဲမှိုကျင်းများကို အမှတ်သညာ ရှိခဲ့ပုံရသည်။
ထို့ကြောင့်လည်း ဤရာသီ ဤကာလ၌ သားသမီးနှစ်ဦးအား သူသည် ရေခဲပြင်ပေါ်မှ မှိုကျင်းရှိရာသို့ တည့်တည့်မတ်မတ် ခေါ်ဆောင်လာနိုင်ခဲ့ခြင်းဖြစ်သည်။
နွယ်သစ်ရွက် အဖူးအညွန့်များနှင့်စာလျှင် ပို၍နူးညံ့ သော ရေခဲမှိုများကို သူတို့သည် ပို၍ နှစ်သက်ကြလေသည်။ ထို့ကြောင့်လည်း ရေခဲတောင်တစ်လျှောက်လုံးကို သူတို့၏ မိသားစုမှာ မှိုရှာစားရင်း ဆီးခဲနှင်းတောထဲ မရပ်မနား သွားလာကျက်စားလျက် ရှိနေကြသည်။
ဆာလောင်မွတ်သိပ်မှုနှင့် ရေခဲမှို၏ အာလယကြောင့် သူတို့မိသားစုသည် လေပြင်းဆီးနှင်းတောထဲ တိုးဝှေ့သွားနေရသည်ကို ပို၍ သဘောကျနှစ်သက်နေကြလေသည်။
X X X X X X X X X
တစ်နေ့သ၌ ရေခဲမှိုတစ်ကျင်းကို အားရပါးရစားနေ ကြစဉ် သူတို့၏ မိခင်ကြီးသည် ဆတ်ခနဲ ဦးခေါင်းထောင်လိုက်၏။ ရေခဲပြင်ပေါ် နင်းထားသော ခြေလက်တို့လည်း မသိမသာ မြောက်ကြွသွားသည်။
မိခင်ကြီး၏ အထိတ်တလန့်ဖြစ်သွားမှုကြောင့် သူတို့ နှစ်ဦးသည်လည်း ရုတ်ခြည်း ချောက်ချောက်ချားချား ဖြစ်သွားကြသည်။ သူတို့မိသားစုသာ မဟုတ်။ သူတို့နှင့် မနီးမဝေးတွင် ရေခဲငှက်များကို ဖမ်းရန်ကြိုးစားနေသော မြေခွေးအိုတစ်ကောင်၏ လှုပ်ရှားမှုမှာလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
အန္တရာယ်တစ်ခုခု ကျရောက်တော့မည်ဆိုသည်ကို သူတို့အားလုံး ချက်ချင်းသိလိုက်ကြသည်။ မိခင်ကြီး ငေးကြည့်နေရာဘက်သို့ သူတို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်ကြ၏။
နေရောင်ကြောင့် အလင်းရှိနေသော သူတို့ဝန်းကျင်နားတစ်ဝိုက်သည် ချက်ချင်း မှောင်ရိပ်သန်းသွားသည်။ ထီးထီးတည်နေသော ထင်းရှူးပင်များ လှုပ်ရှားလာချိန်မှာ ဆီးခဲနှင်းရိပ်မည်းမည်းသည် ရေခဲ တောင်ထိပ်မှ အလိပ်လိပ် လှိမ့်ဆင်းလာကြသည်။ ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံးသည် ချက်ချင်း မည်းမည်းမှောင်သွားလေသည်။
ရေခဲငှက်ဖမ်းရန် ချောင်းမြောင်းနေသော မြေခွေးအို၏ လျင်မြန်မှုနှင့်အတူ သူတို့မိသားစုသည်လည်း နှင်းမုန်တိုင်းလွတ်ရာသို့ တစ်ဟုန်ထိုး စွတ်ပြေးလာကြ၏။ နှင်းမုန်တိုင်းကြီးသည် သူတို့နောက်မှ တရိပ်ရိပ် ပြေးလိုက်လာနေသည်။
ရေခဲပြင်တောင်ကြော ချိုင့်ဝှမ်းနားတစ်ခုအရောက်မှာ ကျောက်ဆောင်ကြီးတစ်ခုကို တွေ့ကြရသည်။ သူတို့ရှေ့က ထွက်ပြေးသွားသော မြေခွေးအိုကြီးကိုမူ အရိပ်အယောင်မျှပင် မမြင်လိုက်ရတော့။ သူတို့ထက်လျင်သော မြေခွေးအိုကြီးသည် ဘယ်ကျောက်ဆောင် ကျောက်တုံးများကြားထဲ ပြေးဝင်သွားသည်ကိုပင် သူတို့မိသားစု မသိလိုက်ကြ။
သူတို့မိသားစု ကျောက်ဆောင်နားရောက်လာချိန်တွင် နှင်းမုန်တိုင်းကြီး၏ ဆူညံစွာ အော်မြည်ကြွေးလာသံကို အတိုင်းသားကြားလာရသည်။ နှင်းမုန်တိုင်းကြီး၏ အော်မြည်လာသံနှင့်အတူ ဝံအီသံ၊ ဝံပုလွေများ အထိတ်တလန့်အူသံ၊ ခွေးအများ မြည်တမ်းသံနှင့်တကွ တောတိရစ္ဆာန်များ တထိတ်ထိတ် တလန့်လန့် အော်မြည်လိုက်ကြသံတို့မှာ သတ္တရဘန်၌ ကျွက်ကျွက်ညံသွားလေသည်။
သူတို့သားအမိသုံးဦးသည် ကိုယ်ပေါ်တွင် သီးခဲကပ်ပါလာကြသော နှင်းခဲဆီးဖတ်များကို တဖြုန်းဖြုန်း ခါထုတ်ပစ်လိုက်ကြရသည်။ သူတို့ကိုယ်ပေါ်မှ လွင့်စဉ်သွားသော နှင်းခဲဆီးဖတ်များသည် ကျောက်ဆောင်နံရံများကို ထိရိုက်ကာ အရည်ပျော်သွားကြသည်။
သူတို့မိသားစုသည် ကျောက်ဆောင်ကြီးထဲရှိ လိုဏ်ခေါင်းတစ်ခုထဲ ဝင်ပုန်းနေကြရ၏။ နှင်းမုန်တိုင်း ကြီးသည် ရေခဲပြင်ကြီးတစ်ခုလုံးကို ဝှေ့ယမ်းမွှေနှောက် တိုက်ခိုက်လျက် ဒေါသူပုန်ထနေ၏။
သူတို့မိသားစုမှာ အအေးကြိုက်သတ္တဝါများဖြစ်လေ ရာ ချမ်းအေးတုန်ခိုက်လွန်းခြင်းတော့ မရှိကြ။ အတွေ့အကြုံရင့်ကျက်နေပြီဖြစ်သော မိခင်ကြီးသည် နှင်းမုန်တိုင်းကြီးကို များစွာ ဂရုစိုက်ပုံမရ။ သူ့ကိုယ်ပေါ် လာလာကပ်သော ဆီးခဲနှင်းဖတ်များကို အရည်ပျော်ကျသွားအောင် အာငွေ့နှာငွေ့တို့နှင့် မှုတ်ထုတ်ခါချနေသည်။
ကလေးအရွယ်သာရှိသေးသော သူတို့နှစ်ဦးကမူ ရေခဲပြင်ပေါ်၌ ပထမဦးဆုံး ကြုံတွေ့ရသော နှင်းမုန်တိုင်းကြီး တိုက်ခတ်နေရာ ရေခဲပြင်ပေါ် ထိတ်ထိတ်လန့်လန့်နှင့် ငေးကြည့်နေကြသည်။ နှင်းမုန်တိုင်းကြီးနှင့်အတူ လွင့်ပါလာကြသော ဆီးခဲနှင်းဖတ်များသည် သူတို့မိသားစု ခိုဝင်နေရကြရာ လိုဏ်ခေါင်းဝကို မိုးသီးမိုးပေါက်ပမာ တဖြောင်းဖြောင်း တဖြောက်ဖြောက် လာရောက်ရိုက်ခတ်နေကြသည်။
သူတို့မိသားစု ကျောက်ဂူလိုဏ်ခေါင်းထဲ ရောက်၍ မကြာမီမှာပင် ဝံပုလွေကြီးသုံးလေးကောင်သည် အမောဆို့သံကြီး ဟောဟဲ ဟောဟဲသံနှင့်အတူ သူတို့လိုဏ်ခေါင်းဝနား ရောက်လာကြသည်။
အထီးကြီးတစ်ကောင်သည် လိုဏ်ခေါင်းဝထဲ ခေါင်းပြူကြည့်ကာ သူတို့မိသားစုကို စိမ်းစိမ်းဝါးဝါးကြည့်၏။
ကိုယ်ပေါ်မှ နှင်းသီးဆီးဖတ်များကို အာငွေ့လျှာငွေ့ တို့နှင့် မှုတ်ထုတ်နေသော မိခင်ကြီးသည် ရုတ်ခြည်း လှုပ်ရှားလိုက်၏။
ဝံပုလွေကြီးမှာ ရှေ့ဆက်တိုးဝင်မလာဘဲ ခြေလှမ်းတုံ့သွားသည်။
ဝံပုလွေကြီးများသည် သူတို့မိသားစုအား မကောင်း ဆိုးဝါးတစ်ကောင်ကောင်ကို မြင်တွေ့လိုက်ကြရသလို စိမ်းစိမ်းဝါးဝါးသာ ကြည့်ငေးနေကြ၏။ သူတို့ ကလေးနှစ်ဦးမှာ ထိတ်ထိတ်ပျာပျာနှင့် မိခင်ကြီးနား တိုးကပ်သွားကြရသည်။
သူတို့အထင်မှာ ရေခဲပြင်ပေါ် အစဉ်ထာဝရ စိုးမိုးမင်းမူနေကြသော ဝံပုလွေကြီးများသည် သူတို့မိသားစုအား ချက်ချင်း ဝင်ကိုက်ကြတော့မည် ထင်လိုက်သည်။ ရေခဲပြင်ပေါ် မည်သည့်တောတိရစ္ဆာန်ကိုမှ ချမ်းသာပေးကြသူမဟုတ်။ တွေ့မရှောင် ကိုက်သတ်စားသောက်တတ်ကြသော အန္တရာယ်ကောင်ကြီးများပင်။
ယခုလည်း သူတို့သည် မိမိတို့မိသားစုအား လိုဏ် ခေါင်းထဲဝင်လာ၍ ကိုက်သတ်စားကာ လိုဏ်ခေါင်း ထဲ၌ပင် မုန်တိုင်းခိုလှုံရန် လာနေကြပြီထင်၏။ ဝံပုလွေကြီးများ၏ အကြည့်မှာ ရန်လိုခြင်း၊ မလိုမုန်းထားခြင်းနှင့် စက်ဆုပ်ရွံ့ရှာခြင်းတို့ကို ဆောင်လာကြသည်။
ထို့ကြောင့် သူတို့ကလေးငယ်နှစ်ကောင်မှာ ဝံပုလွေကြီးများကို ကြောက်ရွံ့ကာ မိခင်ကြီး၏ ရင်အောက်ထဲ ပို၍ တိုးဝင်လိုက်ကြရ၏။
သို့သော် သူတို့ထင်သလိုကား မဖြစ်လာချေ။ သူတို့ ၏မိခင်ကြီးသည် တိုနံ့နံ့အမြီးကို လှုပ်ခါပြီး ကိုယ်လုံးကိုထည် ယိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဝံပုလွေကြီး သုံးလေးကောင်သည် သူတို့ရှိရာ ကျောက်ခေါင်းလိုဏ်ဂူဝမှ ချက်ချင်း ဖယ်ကြဉ်ပြေးထွက်သွားကြလေ၏။
သူတို့ထက် လေးငါးရှစ်ဆကြီးပြီး အင်မတန်ရန်လိုသော ဝံပုလွေကြီးများ သူတို့မိသားစု ရှိနေရာသို့ ဝင်မလာရဲဘဲ ပြန်ထွက်ပြေးသွားကြသည်ကို ငေးကြည့်ကာ သူတို့ ကလေးနှစ်ဦးမှာ အံ့သြမဆုံး ဖြစ်သွားကြလေသည်။
မိခင်ကြီးကမူ မည်သို့သောထူးခြားချက်ကိုမျှ မပြ။ နှင်းမုန်တိုင်းကြီး ကျရောက်မွှေနှောက်နေရာ ဂူအပြင်ဘက်သို့လည်း တစ်ချက်ပင် ကြောင့်ကြစိုးရိမ်စွာ လှမ်းမကြည့်။ သူ၏ကိုယ်ပေါ်မှ ဆီးခဲနှင်းဖတ်များကိုသာ ကျောက်နံရံနှင့် စိမ်ပြေနပြေ ပွတ်တိုက်နေလေသည်။
လိုဏ်ဂူအပြင်ဘက်ရှိ ရေခဲပြင်တစ်ခုလုံးသည် နှင်းမုန်တိုင်းကြီးကြောင့် ဝိုးတဝါးဖြစ်နေသည်။ ဝိုးဝါး နေသော ရေခဲပြင်ထဲတွင် ခိုနားစရာကို ရှာဖွေပြေးလွှားနေကြသော တိရစ္ဆာန်များ၏ အရိပ်ဝိုးတဝါးများကိုလည်း မကြာခဏမြင်နေကြရလေသည်။
နှင်းမုန်တိုင်းကြီးကမူ ပိုမို၍ ပြင်းထန်စွာ တိုက်ခတ် လာသည်။ တရှဲရှဲလေရဟတ်များ၏ မြည်ကြွေးသံနှင့်အတူ တောင်ခြေတောစမှ ထင်းရှူးပင်ကြီးများ တဝေါဝေါ လဲပြိုကျသံကိုလည်း မကြာခဏ ကြားလာရသည်။
သူတို့မိသားစု ခိုအောင်းနေကြသော ကျောက်တောင်ကြီးခြေရင်းမှ လဲပြိုကျလာသော ထင်းရှူးပင်ကြီးတစ်ပင်၏ ကိုင်းခက်ဖျားသည် လိုဏ်ဝကိုပင် ကန့်လန့်ဖြတ် လာတင်နေသည်။
တဖြည်းဖြည်းနှင့် မိုးကြီးချုပ်လာ၏။ နှင်းမုန်တိုင်း ကြီးကား မစဲသေး။ နှင်းခဲဆီးဖတ်များသည် အမှောင်ထဲတွင် ပိုးစုန်းကောင်များလို အရောင်တလက်လက်တောက်ပကာ မိုးသီးမိုးပေါက်များပမာ ရေခဲပြင်ပေါ် လျှောက်ပြေးသန်းနေကြသည်။
မိခင်ကြီးကား ကြောင့်ကြစိုးရိမ်စိတ် အလျှင်းရှိပုံမပေါ်။ မတ်တတ်က ငိုက်မျဉ်းစပြုလာသည်။ သူတို့နှစ်ဦးမှာလည်း အပြင်မှ နှင်းခဲဆီးလုံးများ တောအနံ့ပျံလွင့်နေကြသည်ကို ငေးကြည့်ကာ ငိုက်မျဉ်းလာကြလေသည်။
နှင်းမုန်တိုင်းကြီးကား အပြင်၌ အားကောင်းနေဆဲ။
မိုးလင်းပိုင်းတွင် ဆွဲဆွဲငင်ငင် အူလိုက်သော ဝံပုလွေ သံကြောင့် လန့်နိုးလာကြသည်။ ဤသည်မှာ မကြာမီ မုန်တိုင်းကြီးစဲတော့မည့် အရိပ်လက္ခဏာဆိုသည်ကိုလည်း သူတို့နှစ်ဦးမှာ မရိပ်မိကြသေး။
X X X X X X X X X
နှင်းမုန်တိုင်းကြီး၏ အော်မြည်သံနှင့် ဆီးခဲနှင်းလုံးများ တဖြောက်ဖြောက်ကြွေကျနေသံတို့ကို မကြားရတော့။ အလင်းသည် လိုဏ်ဂူဝမှ တဖြည်းဖြည်းရွေ့ရွေ့လျားလျား တိုးဝင်လာသည်။
သူတို့မိသားစုသည် လိုဏ်ခေါင်းထဲမှ အပြင်သို့ ထွက်လာကြ၏။
ညက နှင်းမုန်တိုင်းကြီး တိုက်ခတ်သွားသဖြင့် မိုး ကောင်းကင်သည် ပြာလွင်ကြည်သန့်နေ၏။ နှင်းရိပ် နှင်းမည်းများကိုမူ တောင်ချိုင့် ချိုင့်ဝှမ်းကြားတို့၌သာ ပျပျမြင်ရ၏။
ဖန်ရောင်မှန်ရောင်ထနေသော ရေခဲတောင်ထိပ်ပေါ်တွင် နေရောင်ခြည်များ တလက်လက်တောက်ပနေကြသည်။ ရေခဲပြင် တစ်ခွင်တစ်ပြင်လုံးကား အငွေ့ပြန်ကာ ဝိုးဝါးမှုန်ပျလာပြန်သည်။
နွေးထွေးသောနေရောင်ခြည်ရှိရာ တောင်ထိပ်ပေါ်ကို ရေခဲငှက်များ တစ်သုတ်ပြီးတစ်သုတ် ပျံသွားနေကြသည်။ သူတို့သည် တစ်ညလုံးစိုစွတ်နေသော တောင်ပံများကို နေရောင်ခြည်ထဲ၌ ပျံသန်းရင်း ခြောက်သွေ့သွားအောင် ပြုလုပ်ပျံဝဲနေကြသည်။
မြင့်မြင့်မပျံနိုင်သော ရေခဲငှက်များကို ခေါင်းတမော့မော့ကြည့်ကာ မြေခွေးများသည် သွားရည်တမြားမြားနှင့် အလိုလိုပေါ်လာကြ၏။ တစ်ကောင်တလေသော မြေခွေးမိုက်များသည် နေစာလှုံနေသော ရေခဲငှက်များကို ချောင်းမြောင်းဖမ်းဆီးရန် ကျောက်တောင်ပေါ် တွယ်ကပ်တက်နေသည်။
ရေခဲပြင်ထဲတွင် သားစားဘုရင်များဖြစ်ကြသော ဝံပုလွေကြီးများကမူ ညက နှင်းမုန်တိုင်းကြီးထဲ နစ်မြုပ် သေဆုံးသွားသော သားမင်းအိုတစ်ကောင်၏ အလောင်းကို တူးဖော်လုယက်ကာ အကြီးအကျယ်ရန်ဖြစ် အော်ဟစ်နေကြသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် ဝံပုလွေကြီးများ စားကြွင်းစားကျန်ကို အလစ်ကောက်စားရန် စောင့်ဆိုင်းနေကြသော ခွေးအကြီးမိသားစုတစ်စုကိုလည်း အတော်ဝေးဝေးတွင် လှမ်းမြင်နေရသည်။
သူတို့မိသားစုမှာ သားစားတိရစ္ဆာန်များ မဟုတ်ကြ သဖြင့် ဤသည်တို့ကို စိတ်ဝင်စားမှုမရှိကြ။ ထို့ကြောင့် ဝံပုလွေကြီးများ၊ ခွေးအများ ဝေးရာက ရေခဲလွင်ပြင်ထဲ ဖြတ်လျှောက်လာကြသည်။
ယခုအချိန်၌ သူတို့မိသားစု၏ အစာအာဟာရမှာ ရေခဲပြင်ပေါ်၌ ပေါက်တတ်သော ရေခဲမှိုများပင်တည်း။ ရေခဲဖုန်းလွှမ်းထားသဖြင့် နွယ်မြက်သစ်ရွက်တို့မှ အားလုံးရေခဲပြင်အောက် ရောက်သွားကြပြီဖြစ်သည်။
သူတို့မိသားစုအား မကောင်းဆိုးဝါးကောင်များကို ကြည့်သလို စိမ်းစိမ်းဝါးဝါး လှမ်းငေးကြည့်နေကြသော တောတိရစ္ဆာန်များကို လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ သူတို့ မိသားစုသည် ရေခဲမှိုရှာရန် တောင်ကမ်းပါးယံတစ်ခုပေါ် လှမ်းတက်လာကြလေသည်။
X X X X X X X X X
နွေဦးသည် နွေးထွေးပျင်းရိဖွယ်ရာ ရေခဲတောင်များ ပေါ် အချိန်နှောင်း၍ ရောက်လာသည်။ မြင့်မားဝေသီသော တောင်ထိပ်မှ ဆီးခဲနှင်းဖတ်များသည် အလွှာ အလွှာ ကွာကျလာကြသည်။ ရေခဲပြင်တစ်ခုလုံးသည် နေရောင်ခြည်ကြောင့် ပို၍ တလက်လက် ရောင်လျှံတွေ ထွက်လာ၏။ ရေခဲနှင်းရိပ်များသည် နေရာတကာ၌ လျှံထွက် လွင့်အူလာကြသည်။
ရေခဲချောင်းများမှ ရေခဲတုံးများ မျောပါထိဆောင့် သံတွေမှာ တစ်ခါတစ်ခါ ထိတ်လန့်စရာပင်။ နှင်း ကျီးပေါင်းတွေ အလွှာလွှာ ကွာကျသံတွေကိုလည်း ရေခဲချောင်းကမ်းပါးယံများမှ နေ့နေ့ညည ကြားလာရပြီ။
အပူမကြိုက်သော သူတို့မိသားစုသည် ရေခဲတောင် ပေါ်မှ အောက်ဘက်ရှိ ထင်းရှူးတောများဆီသို့ လျှောက်ဆင်းလာကြသည်။ နွေဦးရာသီတွင် ရေခဲတောင်ပေါ် ရေခဲမှိုများ တုံးသွားကြလေပြီ။ နှင်းလွင်ပြင်နှင့် သစ်တောအစတွင် နွေဦးမြက်နုများ ခေါင်းကောင်ထစ ပြုလာ၏။
တစ်ဆောင်းလုံး ရေခဲကျီးပေါင်းတက်ကာ မလှုပ်မယှက် မားမားကြီးရပ်တည်နေခဲ့ကြရသော ထင်းရှူးပင်များ၏ ကိုင်းခက်များပေါ်တွင် နွေရွက်ပုရစ်တို့ ဖူးကိုက်ငုံစီစ ပြုလာသည်။
မြေပြင်သည် ကောင်းစွာ မခြောက်သွေ့တတ်သေး သော်လည်း ရေခဲနှင်းဖတ်များမရှိတော့။ ဆီးမြှုပ်နှင်းခဲတွေနှင့် ပေကျံမနေတော့။
အချို့နေရာတွင် မြေသားများပေါ်မှ ဝါဖန့်စိမ်းညို့သော မြက်နုတို့သည်ပင် ထွက်ပြူစ ပြုလာကြလေပြီ။
သူတို့မိသားစုသည် ရေခဲပြင်နှင့်ထင်းရှူးတောစသို့ ရောက်လာကြသည်။ နှင်းခဲဆီးဖတ်များ ကွာကျ သွားသော ချုံများပေါ်တွင် နွယ်မှင်ရှည်တို့ ဖူးငုံစပြုနေကြပြီ။ မြက်နှင့် ရောနေသော သစ်နွယ်ပင်များ အဖူးအငုံကို စားကာ သူတို့မိသားစုသည် ထင်းရှုးတောထဲ၌ စခန်းတစ်ထောက် နားနေကြရပြန်သည်။
X X X X X X X X X
နွေရင့်လာသည်နှင့် ချုံများပေါ်တွင် ပန်းမွှေးများ ပွင့်လာကြပြန်သည်။ အမွှေးအကြိုင်ကို အလွန်ကြိုက်နှစ်သက်သော သူတို့မိသားစုသည် ဆောင်းတွင်းကာလတစ်လျောက်လုံးတွင် ရေခဲမှိုမွှေးများကို ရှာဖွေစားခဲ့ကြရသလို ယခု နွေကာလတစ်လျောက်လုံးမှာလည်း မြက်နွယ်ပင်များနှင့် ပန်းမွှေးပွင့်များကို ရှာဖွေစားကာ မြိုင်ယံသစ်တောစ၌ ခြေဦးတည့်ရာလျှောက်သွားနေကြလေသည်။
ချုံနိမ့်ပင်များပေါ် လိမ်တက်နွယ်ယှက်ပြီး ပွင့်နေ ကြသော နွယ်မွှေးပွင့်များကို မိသားစု စားနေကြစဉ် ထားခြားသော အနံ့တစ်ခုသည် သူတို့ကလေးနှစ်ဦး၏စိတ်ကို ကယောက်ကယက် ဖြစ်သွားစေသည်။
အန္တရာယ်ကောင် တစ်ကောင်ကောင်၏ အနံ့အသက် မဟုတ် ဆိုသည်ကိုတော့ သူတို့နှစ်ဦးသည် ဗီဇစိတ် (Iristinct)အရ သိလာကြသည်။
သို့သော် ထူးခြားသော အနံ့အသက်ကို သူတို့စိတ်ထဲမှာ မရိုးမရွဖြစ်သွားကြ၏။
မှိုမွှေး ပန်းမွှေးများ၏ အနံ့အသက်နှင့်သာ နှာခေါင်းယဉ်ပါးနေခဲ့ကြသော သူတို့နှစ်ဦး၏ နှာခေါင်းမှာ ဤအနံ့သည် အလွန်ပင်ထူးခြားနေလေသည်။ အသွင်ကွဲသော အခြားတိရစ္ဆာန်တစ်ကောင်ကောင်၏ အနံ့အသက်နှင့်လည်း လုံးဝမတူသော ထိုအနံ့အသက်ကြောင့် သူတို့နှစ်ဦးသည် မိခင်ကြီးအား ပျာပျာသလဲ ဆတ်ခနဲ လှည့်ကြည့်ကြ၏။
သက်တမ်းတစ်လျောက်လုံးတွင် ကြုံတွေ့ခဲ့ရသော တောတိရစ္ဆာန်များ၏အနံ့ကို အာရုံမှန်းတွေးဆ၍ ငေးနေကြသော သားသမီးနှစ်ဦးအား မိခင်ကြီးသည်လည်း ထူးထူးခြားခြား ပြန်ငေးကြည့်နေသည်။
မိခင်ကြီး၏မျက်ဝန်းထဲတွင် လျှမ်းတောက်အရည် လဲ့နေသော ထူးခြားသည့်အရောင်တစ်မျိုးကို သူတို့မြင်နေကြရသည်။ ထိုအခါ သူတို့နှစ်ဦးသည် မိခင်ကြီးဆီ ပြေးကပ်ကြ၏။
သို့သော် မိခင်ကြီးကား ခါတိုင်းနေ့တွေလို အကပ်မခံတော့။ သူတို့ ပြေးကပ်ရန်လာသည်နှင့် မိခင်ကြီးသည်လည်း သူတို့နှင့်ဝေးရာသို့ ပြေးလေ့သည်။
ထိုအခါ သူတို့မကြုံဖူး၊ မခံစားဖူးသော အနံ့တစ်မျိုးသည် သူတို့မိခင်ကြီးဆီမှ ထောင်းထောင်းထကျန်ရစ်ခဲ့သည်။
ကြောက်စိတ်မဟုတ်သော်လည်း သူတို့နှစ်ဦး၏ စိတ်သည် မိခင်ကြီးဆီမှ ကျန်ခဲ့သော အနံ့အသက်တို့ကြောင့် တွေတွေဝေဝေ ဖြစ်သွားကြသည်။ ထိုအချိန်၌ပင် မိခင်ကြီးသည် သူတို့အမြင်မှ ပျောက်ကွယ်သွားလေသည်။
မိခင်ကြီးသည် ဘယ်တော၊ ဘယ်တောင်၊ ဘယ် အရပ်၊ ဘယ်ဒေသသို့ ထွက်ပြေးသွားသည်ကို သူတို့ လုံးဝမသိရတော့။ မိခင်ကြီး စွန့်ပစ်သွားခဲ့သော်လည်း သူတို့နှစ်ဦးသည် များစွာပူဆွေးသောကစိတ် မဖြစ်ကြ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မိခင်ကြီးသည် သူတို့ဆီသို့ ပြန်လာလိမ့်မည်ဟုသာ ထင်နေခဲ့ကြသည်။
ထို့ကြောင့်လည်း အနီးအနားရှိ ပန်းမွှေးနွယ်မြက်နု များကို စားသောက်ကာ တစ်ဦးကိုတစ်ဦး အဖော်သဟဲပြုရင်း အတူတကွ အစာရှာစားရင်း နေလာခဲ့ကြလေသည်။
X X X X X X X X X
နွေပါးလျားသော အရပ်ဖြစ်သဖြင့် မိုးဦးသည် ဆောလျင်စွာ ဝင်ရောက်လာသည်။ သူတို့၏မိခင်ကြီး ကား ပေါ်မလာတော့။
ထိုအခါ အမိပစ်ထားခြင်းခံနေရသော လူတို့နှစ်ဦးအတွက် အစာရေစာသည် ရှားပါးလာလေ၏။
ဆောင်းနှင့် နွေလတို့တွင် နံနက်နှင့် ညနေပိုင်းသာ အစာရှာထွက်လေ့ရှိကြသော်လည်း မိုးဥတုသမယ၌ကား အခါမရွေး အစာကိုသာ ရှာဖွေလျက် ရှိနေကြရလေသည်။
ဆောင်းလေနှင့်စာလျှင် အအေးပေါ့သော မိုးသက် လေပြင်းတွေကို သူတို့မမှုကြ။ သူတို့အား သဘာဝ ဘုရားသခင်ကြီးက ဖန်ဆင်းပေးလိုက်သော အမွေးကြမ်းများကို မိုးသက်လေပြင်းတို့က တိုးမဖောက်သာ။
မိုးရေမိုးပေါက်တို့ကြားထဲ၌ သူတို့ တိုးလျှောက်သွားနေကြသော်လည်း မိုးသီးမိုးပေါက်များသည် သူတို့ကိုယ်ပေါ်၌ ပိန်းကြာဖက်ပေါ် ရေမတင်သကဲ့သို့ပင်။
သူတို့အကြိုက်ဆုံးဖြစ်သော ပန်းမွှေး၊ မှိုမွှေးများ သည် ဆောင်းနှင့် နွေသမယလို ပေါက်ရောက်ပေါများခြင်း မရှိ။ ထို့ကြောင့် သူတို့နှစ်ဦးသည် တစ်နေ့ပတ်လုံး အစာအာဟာရအတွက်သာ ရှာဖွေလှည့်လည် လျက် ရှိနေကြသည်။
တစ်နေ့သ၌ ထင်းရှုးတောနှင့် ရေခဲတောင်ခြေအစ တွင် မြက်နုတစ်ခင်းကိုတွေ့ရာ သူတို့နှစ်ဦးသည် အငမ်းမရစားသောက်နေကြ၏။ ထိုသို့စားသောက်နေကြစဉ် မမျှော်လင့်ဘဲ အဖော်ဖြစ်သူ၏ ပါးစပ်မေးရိုးအောက်မှ ဖြူဖွေးလှစ်ထွက်နေသော သွားစွယ်ငုတ်တိုတစ်ခုကို အမှတ်မထင် သူမြင်လိုက်ရသည်။
ထိုအခါ သူ့စိတ်ထဲ တစ်ခါမျှ မခံစားဖူးသော မရိုးမရွစိတ် ပြင်းပြမှုတစ်ခုသည် ချက်ချင်းပေါ်လာလေသည်။
မြက်နုများကို ဗြိဗြိဗြဲဗြဲမြည်သွားအောင် ကိုက်ဆွဲစားနေသော သူ့အဖော်ပါးစပ်မှ အစွယ်ငုတ်တိုကလေးကို သူသည် အံ့ဩစွာ အကြာကြီး ငေးကြည့်နေ၏။ တဒင်္ဂတွင် ဆာလောင်မွတ်သိပ်မှုနှင့် အစာစားသောက်ခြင်းတို့ကိုပင် မေ့လျော့သွားသည်။
သူ့အဖော်လို သူ့ပါးစပ်ထဲ၌ အစွယ်ရှိ မရှိကို သူ သည် မြက်ဝါးရင်း အံကြိတ်ကြည့်၏။ သူ့အဖော်လို သူ့ပါးစပ်ထဲ၌ လုံးဝ အစွယ်မရှိပေ။ သူ့စိတ်ထဲ ပျော်သလို ကြည်နူးသလို ခံစားလိုက်ရ၏။ တစ်ကိုယ်လုံးလည်း ပီတိတွေဖြာဝေကာ အမွေးအမှင်များပင် ရုတ်ခြည်း ထောင်ထလာကြသည်။
ရုတ်ခြည်း ကြက်သီးမွေးညင်းထကာ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်သွားသော သူ့အခြေအနေကို သူ့အဖော်သည်လည်း ချက်ချင်း ရိပ်မိသွားပုံရသည်။ သူ့အဖော် အစွယ်ပိုင်ရှင်သည် သူ့ကို စိမ်းစိမ်းကြည့်ကာ ချောက်ချောက်ချားချား လန့်ဖျပ်သွားသလိုပင်။ ဤသည်ကို သူလည်း သတိထားမိလိုက်သည်။
သူသည် ဆက်၍အစာစားရန် သတိမေ့နေစဉ် သူ့ အဖော်သည် သူ့အခြေအနေကို ထိတ်ထိတ်လန့်လန့်နှင့် ခဏ ငေးနေသေး၏။ သူ့မျက်လုံးထဲတွင် သူ့အဖော်၏ အကြည့်၌ ကြောက်ရွံ့တုန်လှုပ်သွားမှုကို မြင်လာရသည်။ သူ့မျက်လုံးအကြည်ဓာတ်များသည်လည်း ရုတ်ခြည်း ဝိုးဝါးမှုန်မှိုင်းလာကာ သူ့အဖော်အား လုံးထွေးကိုက်ခဲချင်စိတ် ပေါ်လာသည်။ ကတုန်ကယင်နှင့် မြင်ကွင်းအားလုံး ရုတ်ခြည်းမှုန်ဝါးသွားသည်။
သူ၏ မျက်လုံးအကြည်ဓာတ် ကြည်လင်လာသော အခါ သူ့အဖော်သည် သူ့အနား၌ မရှိတော့။ အတော် ဝေးဝေးသို့ ရောက်နေသည်။ သူ့မိခင်သည် သူတို့နှစ်ဦးအား ပစ်ပြေးသွားသလို အစွယ်ပိုင်ရှင် သူ့အဖော်သည်လည်း သူ့ကိုပစ်၍ ပြေးလေပြီဆိုသည်ကို ချက်ချင်း သိလိုက်သည်။
သူသည် ကြီးစွာတုန်လှုပ်ချောက်ချားသွား၏။ တစ်ဦးတည်းသော သူ့အဖော်၏ ပစ်ခွာစွန့်ပြေးခြင်းကို သူ့စိတ်ထဲမှာ ခံပြင်းလောင်မြိုက်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အသည်းနှလုံးများကို သူ့အဖော်သည် ချက်ချင်းထုတ်ယူပြေးသွားသည်ဟုလည်း ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် ချက်ချင်း သူ့အဖော်ရှိရာသို့ ပြေးလိုက်သည်။ သူထင်ထားသကဲ့သို့ပင် သူ့အဖော် သည် သူ့ကိုစွန့်ခွာ၍ ဧကန်ပြေးနေလေပြီ။
အထီးကျန်ခြင်း ဝေဒနာသည် သူ့တစ်ကိုယ်လုံးကို ရုတ်ခြည်း ပျံ့နှံ့လာသည်။ ထိုအချိန်၌ သူ့စိတ်သည် သူ့အဖော်ကလွဲပြီး တခြားဘာကိုမျှ သတိမရ ဖြစ်သွားသည်။
သူသည် ရှေ့လက်ထက်ပိုရှည်သော နောက်ခြေ ထောက်ကို မြေတွင် စုန်ကန်ပစ်ခဲ့ကာ သူ့အဖော်နောက်ကို တစ်ဟုန်ထိုး ပြေးလိုက်သည်။ သူ့စိတ်ထဲမှာ အဖော်မဲ့ အထီးကျန်ရစ်ခြင်း ဝေဒနာကို ဘယ်လိုမှ မခံနိုင်တော့။ ထို့ကြောင့် တအားကုန်ပြေးလိုက်သည်။
ညင်းသွေ့သောအသံနှင့် သူပြေးလိုက်လာသည်ကို မြင်သောအခါ သူ့အဖော်ကလည်း ပို၍ပို၍ အားသွန် ခွန်စိုက်ပြေးသည်။
ရက်ပေါင်းများစွာ၊ လပေါင်းများစွာ အတူတကွနေလာခဲ့ကြသော သူ့အား သူ့အဖော်သည် အသက်ဇီဝိန် ကို ချေဖျက်ပစ်ရန် လိုက်လာနေသော အန္တရာယ်ကောင်တစ်ကောင်၏ရှေ့က သေပြေးရှင်ပြေး ပြေးနေရသကဲ့သို့ ပြေးနေ၏။
သူ့အနေမှာလည်း သူသာ စွန့်ခွာသွားခြင်းကို ခံလိုက်ရလျှင် ဤလောက၌ နေစရာမရှိသူ၊ အသက်ဇီဝ မရှင်သန်နိုင်သူ တစ်ဦးတစ်ယောက်ကဲ့သို့ ဆောက်တည်ရာမဲ့ဖြစ်ကာ သူ့နောက်ကို အပြေးလိုက်သည်။
ဤသို့ အပြေးလိုက်နေရသည်ကို သူသည် လုံးဝမောပန်းမှုလည်း မရှိ။
သဘာဝ၏ ထူးခြားဆန်းကြယ်လှစွာသော ဆန္ဒ တစ်ခုနှင့် ခွန်အားတို့သည် ပြေးလိုက်နေစဉ်မှာပင် အလိုလိုပြည့်ဝလာသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အားသစ်အစွမ်းတို့ တိုးတက်လာသည်။
ထို့ကြောင့် သူသည် သူ့အဖော်ကို အမြန်ဆုံးမှီနိုင်ရန် မမောနိုင် မပန်းနိုင် အပြေးလိုက်လျက် ရှိလေသည်။
သို့သော် သူ့အဖော် အစွယ်ပိုင်ရှင်ကမူ သူအမီ လိုက်လာမှာကို သေမလောက် ကြောက်အားပိုကာ တောတောင်လျှိုမြောင်များကို တရကြမ်း ဖြတ်ပြေးနေသည်။
သူ စတင်ပြေးလိုက်ချိန်တွင် သူ့အဖော်မှာ အတော်ဝေးဝေးသို့ပင် ရောက်နေပြီ ဖြစ်သဖြင့် ချက်ချင်းတော့ သူက လိုက်မမီသေး။
သူ စတင်ပြေးလိုက်ချိန်တွင် သူ့အဖော်မှာ အတော်ဝေးဝေးသို့ပင် ရောက်နေပြီ ဖြစ်သဖြင့် ချက်ချင်းတော့ သူက လိုက်မမီသေး။
သို့သော် သူကား လုံ့လဥဿာကို လုံးဝမလျှော့။ သူ့အဖော်နောက်ကို လိုက်မြဲ လိုက်နေ၏။ ပြေးရင်းလိုက် ရင်းနှင့်ပင် သူ့အဖော်သည် သူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပြန်သည်။ မိုးသီးမိုးပေါက်ကြားတွင် သူ့အား စွန့်ပစ်ထားခဲ့လေပြီဟူသော အသိကြောင့် ပို၍ ဆောက်တည်ရာမရ ဖြစ်သွားသည်။
သူ့အဖော် အစွယ်ရှင်အား သူသည် ကြီးစွာသော တွယ်တာမှုစိတ်နှင့် သမုဒယတို့ တစ်ကိုယ်လုံး ပျံ့နှံ့ နေသည်။ ပြေးရင်းလွှားရင်းနှင့် သူ့အဖော်၏ ရုပ်ဒြပ် ပျောက်ကွယ်သွားသောအခါ သူ့အဖော် တိုးတိုက်သွားသော သစ်ပင်ချုံပုတ်များ၏ လှုပ်ရှားမှုကျန်နေရစ်မှုကို မှန်းဆ၍ ဆက်လိုက်လာသည်။
မိုးသက်လေပြင်းများ ပိုမိုပြင်းထန်လာသောအခါ သစ်ပင်ချုံပုတ်များ၏ လှုပ်ရှားမှုကို မှန်းဆ၍ လိုက်မရတော့။ တစ်တောလုံးရှိ သစ်ပင်ချုံပုတ်များသည် မိုးသက်လေပြင်းများကြောင့် အားလုံးလှုပ်ရှားယိမ်းခါနေကြပြီ။
သူ့အဖော်သည် ဤသည်ကို အခွင့်ကောင်းယူကာ ပြေးသွားသည်ကို သူ ယခုမှ သိလေသည်။ ထိုအခါ သူသည် ပို၍ ဒေါသထွက်လာသည်။
ထို့ကြောင့် ဇွဲလုံ့လကို လုံးဝမလျှော့။ သူ့နှလုံးသား သည် အဖော်မဲ့သွားမှုကြောင့် သတ္တရဘန်မှ သစ်ပင် ချုံပုတ်များနည်းတူ လှုပ်ခါယိမ်းထိုးနေလေပြီ။ ထို့ကြောင့် သူသည် အဖော်၏ ကိုယ်သင်းနံ့ကိုခံကာ ဆက်လိုက်လာပြန်သည်။
အဖော်မဲ့သော အထီးကျန်ဝေဒနာသည် သူ့ တစ်ကိုယ်လုံး ပျံ့နှံ့နေသည်။ သူ့အမိသည်လည်းကောင်း၊ သူ့အဖော်သည်လည်းကောင်း သူ့အား အဘယ်ကြောင့် စွန့်ပြေးသွားကြသည်ကိုမူ ကတိုးမငယ်လေးသည် ယခုထိ လုံးဝ မသိရှာသေး။
သူ၏ ပူဆွေးသောကရောက်နေရမှုမှာ အထီးကျန်ခြင်းဝေဒနာ၏ နှိပ်စက်ကလူ ပြုမူနေမှုသာ။ ဤဝေဒနာ၏လောင်မြိုက်ခြင်းကို သူ့မှာ မခံမရပ်နိုင် ဖြစ်နေသည်။
အမှန်မှာ သူတို့နှစ်ဦးအား မိခင်ကြီး ကတိုးမက ပစ်ထားခဲ့ခြင်းမှာ သဘာဝအဖော်ရှာလို၍သာ ဖြစ်သည်။ သူသည်လည်း ဤသဘာဝအဖော်ရှာလို၍သာ ယခုကဲ့သို့ ပင်ပန်းတကြီး သူ့အဖော်ကို လိုက်ရှာနေခြင်းဖြစ်သည်။
သူ့အဖော် ကတိုးထီးလေးက ယခု သူ့အား စွန့်ပြေး ထွက်သွားခြင်းမှာလည်း အရွယ်ရောက်လာ၍ အစွယ်ပေါက်လာ၍ဖြစ်သည်။ အရွယ်ရောက်လာသော ကတိုးထီးများသည် အရွယ်ရောက်လာသော ကတိုးမများကို ကြောက်၍ ရှောင်ပြေးတတ်ကြသည်။
အဘယ့်ကြောင့်ဆိုသော် ကတိုးကောင်များ မိတ်လိုက်ရာတွင် အမကသာ အထီးများကို လိုက်တတ်ကြသောကြောင့်ဖြစ်၏။ တခြားတိရစ္ဆာန်များလို အထီးက အမကို လိုက်ရိုးထုံးစံမရှိပေ။ ဤသည်မှာ ကတိုးကောင်တို့၏ သဘာဝထူးခြားချက်ပင်။
X X X X X X X X X
အဖော်မဲ့သွားသော ကတိုးမငယ်သည် သစ်တော ထဲတွင် ယောင်ပေပေနှင့် တစ်ကောင်တည်း အထီးကျန်စွာ လျှောက်နေရသည်။ အထီးကျန်ခြင်း ဝေဒနာသည် သူ့ကို ထာဝရနှိပ်စက်လျက်ရှိလေသည်။
သို့သော် သည်တော၊ သည်တောင်၊ သည်ကန္တာရ ထဲတွင် ကတိုးကောင်များ ရှိနေကြသည်ကို သူ့ဗီဇစိတ်က သိနေသည်။ ယင်းစိတ်ကြောင့်ပင် သူသည် မျိုးတူ ဇာတ်တူ ကတိုးကောင်များကို ကန္တာရထဲ လျှောက်သွား၍ ရှာနေ၏။ အဖော်ကိုမင်သော သူ့စိတ်သည် အဖော်မဲ့သွားမှုကို မခံမရပ်နိုင်အောင် ဖြစ်နေသည်။
တစ်နေ့ တွေ့နိုး၊ တစ်နေ့ တွေ့နိုးနှင့် အဖော်ကို ရှာနေ သော်လည်း ကန္တာရထဲမှာ ကတိုးတစ်ကောင်တလေကိုမှ မတွေ့ရသေး။ ကာလကြာလာသောအခါ သူ့စိတ်သည် ပို၍ချောက်ချားလာသည်။
ထိုအခါ မျိုးတူဇာတ်တူ ကတိုးကောင်များကို ရှာမတွေ့သဖြင့် ခြေလေးချောင်းရှိသော သူနှင့်အရွယ် ပမာဏနှီးနွှယ်သော ဒရယ်မိသားစုတစ်စုနားဆီ ရင်းနှီးမိတ်ဖွဲ့လိုမှုနှင့် သူ ချဉ်းကပ်သွား၏။
သူတို့မိသားစုရှိရာသို့ ယောင်ပေပေနှင့် လျှောက်လာ နေသော ကတိုးမငယ်ကို မြင်သောအခါ ဒရယ်မိသားစုမှာ ရုတ်ချည်း ချောက်ချောက်ချားချား ဖြစ်သွားကြသည်။ သူတို့အားလုံးသည် မကောင်းဆိုးဝါးတစ်ကောင်ကောင်ကို မြင်နေရဘိသကဲ့သို့ ကတိုးမငယ်အား ထိတ်ထိတ်လန့်လန့်နှင့် ပြူးတူးပြဲတဲ ဝိုင်းကြည့်နေကြ၏။
ကတိုးမငယ် သူတို့အနား ရောက်လာသောအခါ အန္တရာယ်ကောင် တစ်ကောင်ကောင် လာနေသည်ကို မြင်ရဘိသကဲ့သို့ သူတို့မိသားစုသည် ရုတ်ခြည်း တောနက်ထဲ အလျင်စလို ထွက်ပြေးသွားကြလေ၏။
ဒရယ်မိသားစုက သူ့အား အပေါင်းအသင်း မလုပ်လိုပဲ ထွက်ပြေးသွားကြသည်ကို ငေးကြည့်ကာ ကတိုးမငယ်ခမျာ ဝမ်းနည်းပက်လက် ဖြစ်ကျန်ခဲ့ရလေသည်။
သို့သော်လည်း သူသည် အဖော်ကိုမင်နေသူ၊ အထီးကျန်ဝေဒနာကို ခံစားနေနေရသူ ဖြစ်သဖြင့် အဖော်ရှာခြင်း အလုပ်ကိုမူ စိတ်မလျှော့နိုင်သေး။ ထပ်၍ထပ်ကာ သွားလာလှုပ်ရှား၍ ရှာနေဆဲ။
ဤတော၊ ဤတောင်၊ ဤကန္တာရထဲတွင် ဒရယ်မိသားစုကသာ အပေါင်းအသင်း မလုပ်လိုကြသော်လည်း သူကဲ့သို့ ခြေလေးချောင်းရှိသော တိရစ္ဆာန်များကား ဤပန်းကျင်တွင် ဒုနှင့်ဒေး ရှိနေသေးသည် မဟုတ်ပါလား။
ထို့ကြောင့် ကတိုးမငယ်သည် သစ်တောနှင့် ရေခဲပြင်အစသို့ ထွက်လာ၏။ ရာသီဥတုမှာလည်း ဆောင်းဦးသို့ ရောက်လာပြီဖြစ်ရာ ဆီးခဲနှင်းဖတ်များသည် ထင်းရှုးပင်များပေါ်မှာ ကျီးပေါင်းတက်စ ပြုလာကြပြီ။ ထင်းရှူးရွက်သိမ်ရွက်ငယ်များသည် ဆီးခဲနှင်းဖတ်များ လာကပ်သောဒဏ်ကို မခံနိုင်ကြသဖြင့် တဖြောက်ဖြောက် အောက်ကို ခုန်ချနေကြသည်။
ဤလို ရာသီမျိုး၌ ရေခဲပြင်ပေါ်တွင် လျှောက်သွား၍ အဖော်ရှာနေရသည်ကို သူ အလွန်နှစ်သက်လျက် ရှိသည်။
ထို့ကြောင့် သူသည် ထင်းရှူးပင်တောစမှ ရေခဲလွင်ပြင်ဘက် လျှောက်ထွက်လာ၏။ ထိုမှာတင် သူနှင့် အတော်ဝေးဝေး၌ ရေခဲငှက်များကို အလစ်ချောင်းဖမ်းရန် စောင့်ဆိုင်းနေကြသော မြေခွေးမိသားစုတစ်စုကို လှမ်းမြင်လိုက်ရသည်။ မြေခွေးမိသားစုကို မြင်လိုက်ရသဖြင့် ကတိုးမငယ်၏ အထီးကျန်အဖော်မဲ့စိတ်သည် ရုတ်ခြည်း ပျောက်သွားလေသည်။
ဒရယ်မိသားစုကသာ သူ့အား အပေါင်းအသင်း မလုပ်လိုကြသော်လည်း မြေခွေးမိသားစုသည် သူ့အား ပျူပျူငှာငှာပင် ကြိုဆိုလက်ခံကြလိမ့်မည်ဟု သူယုံကြည်စိတ်ရှိသည်။ ဤစိတ်ကြောင့်ပင် သူသည် မြေခွေးမိသားစုရှိရာသို့ ခြေမြန်လျှောက်လာ၏။
သူ လျှောက်လာသည်ကို မြင်လိုက်သည်နှင့် မြေခွေးမအိုတစ်ကောင်က အထိတ်တလန့် ထအူလိုက်သည်။ ထိုအခါ ရေခဲငှက်ဖမ်းရန် ချောင်းမြောင်းနေ့ကြသော မြေခွေးမိသားအားလုံးမှာ ချက်ချင်း အသံပေးကာ ဖရိုဖရဲ ရှောင်ပြေးသွားကြပြန်လေသည်။
ကတိုးမငယ်သည် ဤအချိန်ထိ မြေခွေးမိသားစု သူ့အား ဘာကြောင့် ရှောင်ပြေးသွားကြသည်ကို မသိ သေး။ ခြေလေးချောင်းရှိသော ဒုတိယအုပ်တိရစ္ဆာန်များ သူ့အား ရှောင်ပြေးသွားကြခြင်းကို သူ အဖြေရှာမရသေး။ မိမိ၏အဖြစ်ကိုသာ ပိုပြီး သိမ်ငယ်ချင်လာသည်။ သို့သော် ဇွဲကိုမူ သူ မလျှော့သေး။ နောက်ထပ်အဖော်ကို သူ ဆက်ရှာ၏။
မကြာပါချေ။ ရေခဲလွင်ပြင်ကြီးတစ်ခုပေါ်တွင် ဝံပုလွေ မိသားစုတစ်စုကို လှမ်းမြင်ရပြန်သည်။ ဝံပုလွေ မိသားစုနားကိုတော့ သူ ရဲရဲမချဉ်းကပ်ဝံ့။ ဝံပုလွေများမှာ ကောက်ကျစ်စဉ်းလဲကြသလို အလွန်ရန်လိုကြပြီး ခြေလေးချောင်းရှိသော ဇာတ်တူသားတိရစ္ဆာန်များကိုပင် ချမ်းသာမပေးဘဲ သတ်ဖြတ်စားသောက်တတ်ကြလေ့ ရှိသဖြင့် ဖြစ်သည်။
ထို့ကြောင့် ကတိုးမငယ်သည် ဝံပုလွေများရှိရာသို့ မဝံ့မရဲနှင့်သာ ဖြေးဖြေးလျှောက်လာသည်။ အဖော်မဲ့သော အထီးကျန်ဝေဒနာကို နှစ်ရှည်လများ ခံစားနေလာခဲ့ရသည်နှင့်စာလျှင် ဝံပုလွေများကို အပေါင်းအသင်းလုပ်နေရသည်ကပင် စိတ်သက်သာရာရဦးမည်ဟူသော မျှော်လင့်ချက်နှင့် သူ ချဉ်းကပ်လာခြင်းဖြစ်၏။
သူသာ ပါးနပ်လိမ္မာစွာ နေထိုင်တတ်လျှင် ဝံပုလွေများသည် သူ့အား ပိုးစိုးပက်စက်တော့ ကိုက်သတ်စားကြမည်မဟုတ်ဟုလည်း သူ ယုံကြည်နေ၏။ ဤယုံကြည်ချက်နှင့်ပင် သူသည် ဝံပုလွေများရှိရာသို့ မယောင်မလည်နှင့် ချဉ်းကပ်လာခြင်းဖြစ်သည်။
သားစားကြူးသော ဝံပုလွေများသည် သူလျှောက် လာသည်ကို မလိုမုန်းထားစွာ ငေးကြည့်လိုက်ကြသည်။ ရန်လိုသောအသံကိုလည်း ပြိုင်တူပြုကြသည်။
ထိုအခါ သူသည် ဝံပုလွေကြီးများဆီသို့ တိုးမသွားရဲတော့။ ဤတွေ့မရှောင် ကိုက်သတ်စားသောက်တတ်ကြသော ဝံပုလွေကြီးများသည်လည်း သူ့ကို ကိုက်သတ်စားသောက်ကြလေမလားဟု ကြောက်ရွံ့သွားသည်။
ထို့ကြောင့် ကတိုးမငယ်သည် ခြေလှမ်းတုံ့ကာ ဝံပု လွေများကို အကဲခတ်ကြည့်နေ၏။ ဝံပုလွေကြီးများကလည်း သူ့ကို အကဲခတ်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် ကတိုးမငယ်သည် ဝံပုလွေကြီးများနှင့် ငယ်စဉ်က ကြုံဖူးသည်ကို သတိရသွားလေသည်။
ထိုစဉ်က သူတို့မိသားစုသုံးဦးသည် နှင်းမုန်တိုင်း ကြီး ကျရောက်လာသဖြင့် ကျောက်ဆောင်တစ်ခုထဲ မုန်တိုင်းဝင်ခိုခဲ့ကြရ၏။ သူတို့မိသားစုကဲ့သို့ပင် မုန်တိုင်းဝင်ခိုရန်လာကြသော ဝံပုလွေကြီးများသည် သူတို့မိသားစုကို မြင်သဖြင့် ချက်ချင်းပြန်ထွက်သွားကြသည်။ ဤသည်မှာ ဝံပုလွေများက သူတို့မိသားစုအား အပေါင်းအသင်းမလုပ်လိုကြသည်မှာ ထင်ရှားခဲ့လေသည်။
ကတိုးမငယ်၏ အတွေးမဆုံးမီမှာပင် ဝံပုလွေကြီး များသည် တဟက်ဟက် နှာချေလေကြသည်။ မခံမရပ်နိုင်အောင် ဖြစ်လာကြသလို လေအောက်မှ လေညာသို့လည်း ချက်ချင်းဆင်းပြေးသွားကြ၏။
ထိုအခါမှ သူသည် မိမိကိုယ် မိမိ လေညာသို့ ရောက်နေမှန်း ကတိုးမငယ် သိသွား၏။ ပြီး သူ၏ အနံ့အသက်ကို ဘယ်တိရစ္ဆာန်မှ ကြာရှည်စွာ မခံနိုင်ကြမှန်း သဘောပေါက်သွားလေသည်။
သူ၏ အနံ့အစွမ်းကြောင့်လည်း သူ့မိခင်ကြီးသည် အရွယ်ကောင်းစွာ မရောက်ကြသေးသော သူတို့နှစ်ဦးအား ဤကန္တာရထဲ ယုံကြည်စိတ်ချစွာ မျက်နှာလွှဲထားခဲ့ရဲခြင်း ဖြစ်လေသည်။ သူ့သားသမီးနှစ်ဦးအား ဤတော၊ ဤတောင်၊ ဤကန္တာရထဲတွင် မည်သည့်သားစားကြူး တိရစ္ဆာန်ကမှ ကိုက်သတ်စားသောက်ခြင်းငှာ မပြုနိုင်ကြ။ ကိုက်သတ်စားသောက်ရန်ကို မဆိုထားနှင့်၊ သူတို့ ရှိနေလျှင် အနီးပတ်ဝန်းကျင်သို့ပင် မည်သည့်တောတိရစ္ဆာန်ကမှ လာမသီဝံ့ကြတော့ဟုလည်း ယုံကြည်စိတ်ချသွားခြင်းဖြစ်သည်။
သူ၏ အနံ့အစွမ်းကို သိသွားသော ကတိုးမငယ်သည် ဤတော၊ ဤတောင်၊ ဤကန္တာရထဲတွင် သူ့အား မည်သည့်တောတိရစ္ဆာန်ကမျှ ရန်သတ္တရု မပြုနိုင်ကြတော့ဆိုသည်ကို ကောင်းစွာသိသွားလေ၏။ ထိုအခါ သူ့စိတ်ထဲမှာ ပို၍ အထီးကျန်လာသလို ခံစားလာရပြန်သည်။
သူ့ကိုယ်မှ အနံ့အသက်ကြောင့် တောတိရစ္ဆာန်များ အားလုံးသည် သူ့အား ဖယ်ကြဉ်သွားကြလေပြီ။ သူ့မှာမူ အလုံးစုံသော တောတိရစ္ဆာန်များ မောင်းထုတ်ခြင်းခံရသော ဝေဒနာသည်တစ်ဦးပမာ တစ်ကောင်တည်း တစ်ဦးတည်း ယောင်ချာချာသာ။
X X X X X X X X X
သတ္တရဘန်ရှိ တောတိရစ္ဆာန်များအားလုံးက ကြဉ် ရှောင်ထားခြင်းခံနေရသော ကတိုးမငယ်သည် တစ်နေ့သ၌ ရေခဲမှိုကျင်းနားတစ်ခုတွင် အမျိုးတူဇာတ်တူဖြစ်သော ကတိုးမကြီးတစ်ကောင်ကို ရုတ်တရက် မမျှော်လင့်ဘဲ လှမ်းမြင်လိုက်ရ၏။
အထီးကျန်ခြင်းဝေဒနာကို ရက်ရှည်လများ ခံစား လာရသော ကတိုးမငယ်လေးသည် အဖော်ရပြီဟူသော ဝမ်းသာအားရစိတ်နှင့် ကတိုးမကြီးရှိရာ ပြေးလိုက်သွား၏။ ကတိုးမကြီးသည် သူ့ဆီသို့ ပြေးရောက်လာသော ကတိုးမငယ်အား ပျူငှာခြင်း မလျဉ်းမရှိ၊ ရုတ်ခြည်း ဆီး၍သာ ကိုက်ခဲလေ၏။
မမျှော်လင့်ဘဲ ရုတ်တရက် အကိုက်ခံလိုက်ရသော ကတိုးမငယ်မှာ ကြောင်တိကြောင်တောင် ဖြစ်သွားသည်။ ကတိုးမကြီးသည် သူ့အား ဘာ့ကြောင့်ဆီး၍ကိုက်သည်ကို ကတိုးမငယ်သည် ယခုထိ မရိပ်မိသေး။ သူ့အနားတွင် ရှိနေသော ရေခဲမှိုကျင်းကို လုစားရန်လာသည်အထင်နှင့် ကိုက်ခဲခြင်းသာဟု ထင်လိုက်သည်။
ထို့ကြောင့် ကတိုးမငယ်သည် မှိုကျင်းနှင့်ဝေးရာသို့ ခပ်ခွာခွာရှောင်ထွက်လာသည်။ သို့သော် သူထင်သလို မဟုတ်ပြန်။ မှိုကျင်းမှာ ကတိုးမကြီးရှိနေရာနှင့်သာ အနီးဆုံးဖြစ်နေသော်လည်း ကတိုးမကြီးကား ရေခဲမှိုကျင်းကို သွားမစား။ သူရှောင်ပေးသည်ကိုလည်း လုံးဝ အသိအမှတ်မပြု။ သူ့ဆီသို့သာ အငြိုးကြီးစွာနှင့် ပြေးလိုက်လာနေ၏။
မျိုးတူဇာတ်တူချင်းပင် သူ့အား အပေါင်းအသင်း မလုပ်လိုကြသဖြင့် ကတိုးမငယ်မှာ ပို၍အားငယ်လာ သည်။ ထိုအချိန်တွင် အပြေးသန်သော ကတိုးမကြီး သည် အငြိုးကြီးစွာနှင့် သူ့အနားကို ချက်ချင်းပြေးရောက်လာ၏။ ကတိုးမကြီးဆီမှ ထောင်းထောင်းထလာသော ညှိစို့စို့ အနံ့အသက်တစ်မျိုးသည်လည်း ကတိုးမငယ်၏ နှာခေါင်းထဲ ရုတ်ခြည်း တိုးဝင်လာသည်။ ထိုအနံ့အသက်ကြောင့်ပင် ကတိုးမငယ်၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်တွေမှာ ချက်ချင်း ထောင်ထလာကြသည်။
ကတိုးမကြီးဆီမှ တထောင်းထောင်းထနေသော ဤလို အနံ့အသက်မျိုးကို သူ ဘယ်မှာ ရှုရှိုက်မိဖူးပါ လိမ့်ဟု တွေးလိုက်စဉ် သူ့မိခင်ကြီး၏ ပုံသဏ္ဌာန်သည် ချက်ချင်း သူ့အမြင်ထဲ ပေါ်လာလေသည်။ ကိုယ်မှ ဤအနံ့အသက်မျိုး ထွက်လာချိန်တွင် မိခင်ကြီးသည် သူတို့နှစ်ဦးအား စွန့်ခွာပြေးသွားခြင်းဖြစ်သည်။
ကတိုးမကြီးဆီမှ အနံ့အသက်သည် လျှပ်စီးလက် လိုက်သံလို သူ့ဆီ ချက်ချင်းကူးစက်လာ၏။ ထိုအခါ သူ့တစ်ကိုယ်လုံးမှာ ကြက်သီးဖြန်းဖြန်းထကာ တုန်ခိုက်လာသည်။ အထီးကျန်ခြင်းကို အားငယ်နေရာမှ ဒေါသအမျက်ထွက်လာသည်။ ကတိုးမကြီးကို ပြန်၍ ရန်လိုလာသည်။ ကတိုးမကြီးကဲ့သို့ပင် ယခုအခါ သူ့ကိုယ်မှာလည်း အနံ့အသက်တွေ ထောင်းထောင်းထွက်နေလေပြီ။ ထိုအနံ့အသက်သည် သူ့အား ရုတ်တရက် ခွန်အားကို ထည်ပေးလိုက်သလို မကြောက်မရွံ့စိတ်က သူ့တစ်ကိုယ်လုံး၌ ပျံ့နှံ့လာသည်။
ရေခဲတောင်စောင်းနားတစ်ခုတွင် သူ့ကို မီသွားသော ကတိုးမကြီးသည် အငြိုးကြီးစွာနှင့် သူ့ကို မညာမတာ ဝင်ကိုက်သည်။ ဒေါသစိတ်မွန်နေသော ကတိုးမငယ်ကလည်း ကြီးသည် ငယ်သည်၊ နိုင်မည် ရှုံးမည်ကို လုံးဝ မတွေးမိလိုက်ဘဲ ရန်လိုကြီးစွာ ပြန်ကိုက်လေသည်။
လုံးထွေးကိုက်ခဲကြရင်း သူတို့နှစ်ဦးသည် မာကျော နေသော ရေခဲတောင်စောင်းတစ်ခုမှ ပြိုင်တူ လိမ့်ကျလာကြသည်။ ရေခဲတောင်ကမ်းပါးယံမှ သူ့တို့နှစ်ဦး လိမ့်ကျလာကြသော နေရာမှာ စွပ်ကြောင်းရာထင်ကာ ကျန်ခဲ့သည်။ သူတို့ကိုယ်လုံးနှင့် တိုးတိုက်မိ၍ စဉ်ထွက်သွားသော ရေခဲအစအနများသည်လည်း စွပ်ကြောင်းကြီးဘေးတစ်လျှောက်တွင် မိုးသီးမိုးပေါက်ပမာ ဖြာထွက်လွင့်ကျန်ခဲ့သည်။
ပကတိအားဖြင့် အငွေ့မျှင်မျှင်သာ ထွက်နေသော ရေခိုးရေငွေ့များသည်လည်း စွပ်ကြောင်းကြီးတစ်လျှောက်တွင် တအူအူ တလူလူ ဝေသွားသည်။
သို့သော် သူတို့နှစ်ဦးကား ဤသည်တို့ကို လုံးဝ သတိမထားနိုင်ကြ။ တစ်ကောင်နှင့် တစ်ကောင် ရန်ငြိုးကြီးစွာနှင့်သာ လုံးထွေးကိုက်ခဲယင်း မြင့်မားဝေသီသော ရေခဲတောင်ပေါ်ဆီမှ လိမ့်ကျလာကြသည်။
ကတိုးမငယ် သတိရ၍ ရေခဲပြင်ပေါ် ရုတ်တရက် မတ်တတ်ထရပ်လိုက်ချိန်မှာ ကတိုးမကြီးကို မတွေ့ရ တော့။ သူနှင့်အတူ ရေခဲတောင်ပေါ်မှ လိမ့်ကျလာသော ကတိုးမကြီးသည် ရင့်သန်သော အတွေ့အကြုံအရ လမ်းခုလတ်ကပင် ဖျတ်ခနဲ မတ်တတ်ခုန်ထကာ သူ့အား တောင်အောက်သို့ ကန်ချလိုက်ပုံရသည်။
ကတိုးမငယ်၏ ဒေါသစိတ်မှာ ယခုထိ မပြေပျောက် နိုင်သေး။ တရှုးရှုး အနံ့လိုက်ခံကာ ကတိုးမကြီးကိုသာ တိုက်ခိုက်ရန် ဆန္ဒစောနေသည်။
ထိုအခါ ကတိုးမကြီးကဲ့သို့ သူ့ကိုယ်မှ ညှိစို့စို့အနံ့အသက်တစ်မျိုးသည် ပို၍ ထောင်းထောင်းထလာသည်။ ထိုအနံ့အသက်သည် သူ့အား ပို၍ ရန်လိုစေ၊ တိုက်ခိုက်လိုစေခြင်းပင်။
သူသည် ရန်လိုနာကြည်းစွာနှင့် အနီးတစ်ဝိုက်တွင် ကတိုးမကြီးကို လိုက်ရှာနေသေး၏။ သို့သော် သူ၏ အမြင်အကြား ဝန်းကျင်ထဲက ရေခဲပြင်ပေါ်တွင် ကတိုးမကြီးကိုကား လုံးဝ ရှာမတွေ့တော့။
ဒေါသမပြေသေးသော ကတိုးမငယ်သည် ကတိုးမ ကြီးရှိနိုင်မည်ထင်ရသော နေရာများကို အငြိုးအတေးကြီးစွာနှင့် ဆက်ရှာလျက်ပင် ရှိနေလေသည်။
X X X X X X X X X
အချိန်ကြာမြင့်သွားသော်လည်း ကတိုးမကြီးဆီက ကူးစက်ကျန်ရစ်ခဲ့သော အနံ့အသက်နှင့် ဝေဒနာ အာလယစိတ်သည် လုံးဝ ပျောက်ပျက်မသွား။ ပို၍သာ ကြီးထွားပြင်းထန်လာသည်။ အနံ့အသက်များကလည်း ပို၍ပို၍ချည်းသာ ထောင်းထောင်းထလာလေသည်။
ပျံ့နှံ့လာသော ဝေဒနာအာလယနှင့်အတူ ရာဂ၏ အလိုဆန္ဒသည် ကတိုးကမငယ်အား လုံးလုံးလျားလျား နှိပ်စက်ထားလေပြီ။ ထိုအခါ ကတိုးမငယ်သည် ပြင်းပြသော ဆန္ဒနှင့်အတူ ရေခဲပြင်ပေါ်တွင် ဖိုသတ္တဝါ ကတိုးထီးများကို နေ့ညမနား ရှာဖွေနေတော့သည်။
လိင်တူသော မသတ္တဝါများကိုလည်း တွေ့မရှောင်ကိုက်ခဲရန် စိတ်စောလာသည်။
သည်လိုနှင့် တစ်နေ့မှာ ရေခဲမှိုစားနေသော ကတိုး ထီးတစ်ကောင်ကို သူ တွေ့လေသည်။ ကတိုးမငယ် အနံ့ ရသည်နှင့် ကတိုးထီးသည် ရေခဲတောင်စောက်ကမ်းပါးယံဘက် ချက်ချင်းတက်ပြေးသည်။ ကတိုးမငယ်ကလည်း အာလယပြင်းပြစွာနှင့် ကတိုးထီးနောက်ကို တစ်ဟုန်ထိုး ပြေးလိုက်လာသည်။
သူ့အား ကတိုးမငယ် အမီလိုက်လာမည်ကို စိုးကြောက်သော ကတိုးထီးသည် ကတိုးမငယ် ပြေးဖြတ်လာနိုင်လိမ့်မည် မထင်သော ရေခဲတောင်မြင့်မြင့်မတ်မတ်ပေါ် ကြောက်ရွံ့တကြား တက်ပြေးလာသည်။
ခွာချွန်၍ နောက်ခြေကန်အားကောင်းသော ကတိုးမငယ်ကလည်း ပြင်းပြသောဆန္ဒနှင့် ကတိုးထီးပြေးရာသို့ ထက်ကြပ်မကွာ ပြေးတက်လိုက်လာနိုင်သည်။
သစ်ပင်ချုံပုတ်များပေါ် ရေခဲလွှမ်းထားသဖြင့် တစ်မျှော်တစ်ခေါ် အမြင်ရှင်းနေသော ရေခဲတောင်ပေါ်တွင် သူ မည်မျှပြေးပြေး ကတိုးမငယ်၏ ခြေမြန်နှုန်းကို မယှဉ်သာမှန်းသိသော ကတိုးထီးသည် တောင်အောက် ထင်းရှူးတောဘက် တစ်ဖန်ပြန်ဆင်းပြေးရပြန်သည်။
ကတိုးမငယ်ကလည်း ကတိုးထီးနည်းတူ ရေခဲတောင်ပေါ်မှ လျောချကာ လိုက်မြဲ လိုက်လာနေသည်။ ကတိုးထီးများကို ယခင်က အကောင်အထည်မမြင်ရဘဲ အာသာဆန္ဒနှင့်သာ စမ်းတဝါးဝါး လိုက်ရှာနေခဲ့ရသော ကတိုးမငယ်မှာ ယခုအခါ အကောင်အထည် မြင်နေရပြီဖြစ်သဖြင့် ပို၍ အပြေးမြန် ခြေသွက်လာသည်။ အာသာဆန္ဒ၏ ရမ္မက်အားကြောင့် ခွန်အားအဆဆတိုးလာသည်။
ဆီးခဲနှင်းဖတ်များတွယ်ကပ် ကျီးပေါင်းအုံထားသဖြင့် အရွက်များကြွေပြုန်းကာ အေးခဲတောင့်တောင့်ကြီးရပ်နေကြသော ထင်းရှုးတော၌လည်း ကတိုးထီးအတွက် ကွယ်ပုန်းစရာမရှိ ဖြစ်နေသည်။
ထိုအခါ ကတိုးထီးမှာ ထင်းရှုးတောမှ ချုံနွယ်ပိတ်ပေါင်းများရှိရာ သစ်တောထဲ ဝင်ပြေးနေရပြန်သည်။ သို့သော် သူ ဘယ်ကိုပြေးပြေး သဘာဝ သူ့ကပ်ပယ်အိတ်မှ ကတိုးနံ့သည် ကတိုးမအား လာခဲ့ လိုက်ခဲ့ဟု လှမ်းခေါ်ပေးနေသလိုပင်။
ကတိုးမငယ်၏ရန်ကို ကြောက်သဖြင့် သေပြေးရှင်ပြေး ပြေးနေရသော ကတိုးထီးသည် တောင်ခြေနားတစ်နေရာ၌ ခွေးအမိသားစုတစ်စုကို မမျှော်လင့်ဘဲ ဝင်တိုးမိလိုက်၏။
လေညာဘက်မှ ရုတ်တရက် စွတ်ပြေးဝင်လာသော ကတိုးထီးတစ်ကောင်၏ အမှတ်မထင် ဝင်တိုးသွားမှုကြောင့် ခွေးအများမှာ တအိုင်အိုင် တအင်အင် အော်ဟစ်ပြီး အားလုံး မူးမေ့ကျန်ခဲ့ကြသည်။
ကတိုးအိတ်မပါသော ကတိုးမငယ်မှာ ကတိုးထီးကို အကောင်အထည် မမြင်ရသော်လည်း အနံ့အသက်ခံကာ ကတိုးထီး၏ ပြေးလမ်းအတိုင်း မှန်မှန်ကန်ကန် လိုက်လာနိုင်သည်။
ကတိုးထီး၏ အမွှေးလွန် အဆိပ်အိတ်နံ့ကို ရှူရှိုက်မိ ၍ မခံမရပ်နိုင်အောင် မူးမေ့အော့အန်နေကြသော ခွေးအမိသားစုအသံသည် ကတိုးမငယ်အတွက် ကတိုးထီးကို အမိဖမ်းရန် အထင်ရှားဆုံးသော သာဓကပင် ဖြစ်သွားသည်။
မူးမေ့ကာ ဖင်တရွတ်ဆွဲပြီး တအိုင်အိုင် အော့အန်နေ ကြသော ခွေးအများကို ခုန်ကျော်ကာ ကတိုးမငယ်သည် ကတိုးထီးပြေးသွားရာနောက် လမ်းကြောင်းမလွဲ ပြေးလိုက်လာ၏။
မိမိတွင် အစွယ်ရှိသော်လည်း အာသာရမ္မက်ကြီးစွာ ပြေးလိုက်လာသော ကတိုးမငယ်ကို ဘယ်လိုမှ တားဆီးကိုက်ခဲရန် အချိန်မရလိုက်။ သူ၏အစွယ်နှစ်ချောင်းမှာ နွယ်မြက်သစ်ခက်များကို ဖြတ်တောက်ရုံကလွဲပြီး ဤနေရာ၌ ဘာမျှ အသုံးမကျ။
ခဏအကြာမှာပင် ကတိုးမငယ်သည် သူ့ကို မီလာလေသည်။
ပထမဦးဆုံး အရွယ်ရောက်လာသော ကတိုးမငယ် သည် ပြင်းပြသောအာလယနှင့် ကတိုးထီး၏ တိုနန့်နန့် အမြီးဖျားကို ပြေးငုံကိုက်မိသွားသည်။
ပင်ပန်းကြီးစွာ ပြေးလိုက်လာသော ကတိုးမငယ်သည် ကတိုးထီး၏အမြီးဖျားကို တအားကုန်ခဲကိုက်ထားသည်။
နှစ်လက်မခန့်သာရှည်သော ကတိုးထီး၏ အမြီးထိပ် ရှိ အဖုလုံးလေးများမှ သန္ဓေရည်များသည် ချက်ချင်း ကတိုးမငယ်၏ ခံတွင်းထဲသို့ ရောက်သွားလေသည်။ ထိုအခါ ကတိုးထီးမှာ တစ်ကိုယ်လုံးဆတ်ဆတ်ခါသွားပြီး နွမ်းလျပင်ပန်းစွာ ငြိမ်ကျသွားလေသည်။
ကာလများစွာ အထီးကျန်ခြင်းဝေဒနာကို ခံစားလာ ရသော ကတိုးမငယ်သည် ဤတစ်ခါမျှ သူ့ဆန္ဒပြည့်ဝသွားလေသည်။ မိခင်တစ်ဦး၏ အသွင်အပြင်ကို ပိုင်ဆိုင်လိုက်ရပြီဖြစ်သဖြင့် သူ့အနေမှာ ပင်ပန်းနွမ်းလျမှု အလျဉ်းမရှိဘဲ ပကတိလန်းဆန်းလျက် ရှိလေသည်။ ထို့ကြောင့် သူ့အား ရှောင်ပုန်းပြေးလွှားနေခဲ့သော ကတိုးထီးကိုလည်း ဤတစ်ခါ သူ့မျက်စိအောက်က အပျောက်မခံနိုင်အောင် မည်သို့ထိန်းကွပ်ထားရမည်ကို သူ သဘောပေါက်သွားလေသည်။
ကတိုးမငယ်ဆီမှ ဘယ်လိုမျှ ပြေးမလွတ်နိုင်မှန်း သိ သွားသော ကတိုးထီးမှာလည်း ဤတစ်ခါတော့ ထွက်ပြေးရန် မကြိုးစားဝံ့တော့ချေ။ သူသည် ကတိုးမငယ်၏ အလိုဆန္ဒအတိုင်း ကတိုးမငယ်နှင့်အတူ သတင်းပတ်ပေါင်း သုံးလေးပတ်ခန့်မျှကို ကတိုးမငယ်နှင့် တစ်ဖဝါးမကွာ နေနေရတော့မည်ကိုလည်း သိလိုက်သည်။
ကတိုးမငယ်သည် သန္ဓေမရမချင်း သူ၏အမြီးဖျားကို မကြာခဏ ငုံစုပ်ခံနေရသည်ကိုလည်း သူသိသည်။ ဗီဇစိတ်အသိက ကတိုးမငယ်အား သန္ဓေရည်ပေးရမည်ကိုလည်း ထိုအခါမှ သဘောပေါက်သွားလေသည်။
ကတိုးမငယ် သန္ဓေရ၍ သူ့အား ဥပေက္ခာပြုနိုင်သော ကာလသို့ ရောက်တော့မှ သူသည် ကတိုးမငယ်၏အနားမှ ခွာပြေးပုန်းရှောင်ရမည်ကို တွေးတောရင်း ကတိုးမငယ်၏ အနား၌ပင် နေနေရလေသည်။
မြဝတီမဂ္ဂဇင်း
နိုဝင်ဘာလ ၊ ၂၀၀၁
– ပြီး –