———————-
ဖိမှိတ်ထားသောမျက်လုံးအစုံဆီက ကော့ညွှတ်နေသောအထွေး၏မျက်တောင်လေးတွေကိုငေးကြည့်ရင်း အရီးမြသည် သက်တစ်ချက်ကိုဟင်းခနဲချမိသည်။အထွေးသည်အိပ်ယာထက်တွင်ဝေဒနာကို မချိမဆံ့ခံစားရင်း လှဲလောင်းနေ၏။ ပြားကပ်နေသောအထွေး၏ခန္ဓာကိုယ်သည် မွေ့ယာထဲတွင်မြုပ်၀င်လို့နေပါသည်။ ယခုမနက်အဖို့ အထွေးမျက်လုံးတွေ ဖွင့်မလာတော့ပါ။ အရီးမြသည် အထွေးကိုကြည့်ရင်း ရင်ဘတ်အစုံတို့စူးနစ်နာကျင်လာသည်။ဖြစ်နိုင်လျှင်အထွေးကို ထွေးပွေ့ကာအားပါးတရငိုချင်စိတ်သာရှိတော့၏။ သို့သော်အထွေးရှေ့မှာ အရီးမြ မျက်ရည်ကျမပြချင်ပါ။ ယခုချိန်မှာ အထွေးအတွက် အရီးမြပေးနိုင်သည်က စိတ်ခွန်အားသာရှိတော့သည်။အရိုးနှင့်အရေသာရှိတော့သည့်အထွေး၏ လက်ကလေးကိုအသာဆွဲယူရင်း အရီးမြသည် အကျောပြိုင်းပြိုင်း ထနေသောလက်အစုံဖြင့်တယုတယဆုပ်ထွေးထား၏။ ထို့နောက်နီကျင်ကျင်မျက်၀န်းအိမ်တွင် တွဲခိုနေသော မျက်ရည်စများကိုပုတ်ထုတ်ရင်း အထွေးကိုလှမ်းပြောလိုက်သည်။

“အထွေးမလေး… နေရတာ သက်သာရဲ့လားသမီးလေး…။ အားတင်းထားပါဦးနော်။ သမီးပြန်ကောင်းလာမှာသိလား။အမေ မြို့ပေါ်ကဆရာ၀န်ခေါ်ထားတယ်။ခဏနေဆရာ၀န်လာမှာ။ဘာမှမပူနဲ့ဆရာ၀န်ကသမီးကိုကုပေးရင်သမီးပြန် ကောင်းလာမှာ။ သမီးအရှုံးပေးလို့မရဘူးနော်။ သမီးက အမေတို့နှင့်ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ပြန်နေရဦးမှာ။ ကြားရဲ့လားသမီးလေး။’’

အရီးမြ၏လက်ထဲမှ အထွေး၏လက်ချောင်းလေးများက ဖြေးညှင်းစွာလှုပ်ရှားနေသော်လည်း အထွေး၏မျက်လုံးများ ဖွင့်မလာတော့ပဲ၊ စကားသံများလည်း ထွက်မလာတော့ပါ။စောင်ပါးတစ်ထည် လွှားခြုံထားသော အထွေး၏ရင်ဘတ်အစုံသည် အသက်တစ်ချက်ရှုလိုက်တိုင်း အပေါ်သို့ငေါငေါတက်လာတတ်သည်။ အခြေနေကိုရိပ်စားမိသော အရီးမြသည် အထွေး၏ခံစားနေရမူကိုမကြည့်ရက်နိုင်တော့သည့်နောက်ဆုံးတွင်၀မ်းနည်းစိတ်တို့မချုပ်တည်းနိုင်တော့ပဲ မျက်ရည်များကျဆင်းလာ သည်။

ဘေးတွင်ထိုင်နေသောအရီးမြ၏သားကလည်း အထွေးကိုမကြည့်ရက်နိုင်စွာမျက်နှာကိုလွှဲထားရင်း တောက်တစ်ချက် ကိုကျယ်လောင်စွာခေါက်မိ၏။

“လူစိတ်မရှိတဲ့လူတွေကွာ… လုပ်ရက်လိုက်ကြတာ။ ဒါကျုပ်တို့ပညာမတတ်လို့၊ ဆင်းရဲလို့ တမင်အနိုင်ကျင့်တာပဲ အမေရဲ့။ နေတဲ့နေရာမသိလို့ပေါ့ကွာ…။ သိလို့ကတော့ ဒီလူတွေဆီသွားပြီး အဲဒီလင်မယားကို ကျုပ်ကိုယ်တိုင်သွား သတ်တယ်။’’

“အမေလည်း ဘယ်ခံနိုင်ပါ့မလဲသားရယ်…။ ဒါပေမဲ့ ဖြစ်ခဲ့ပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ပြုသူအသစ်ဖြစ်သူ အဟောင်းပဲပေါ့။ သူတို့လုပ်တဲ့ကံ သူတို့ပြန်ခံစားရလေ့မယ်။ ငါတို့အထွေးမလေးက သူတော်ကောင်းမလေးပါကွယ်။ ဒီလိုသူတော်ကောင်းမလေးကို သူတို့မို့လုပ်ရက်တယ်။ သူတို့၀ဋ်လည်ဦးမှာပါ။ ခုတော့အထွေးမလေးနေပြန်ကောင်းလာဖို့ပဲ ဆုတောင်းရမှာပေါ့သားရယ်။’’

“အို… ၀ဋ်လည်ဒါကနောက်မှအမေ။ အထွေးလေး ခံစားနေရတာက အခု။ ဒါခွင့်လွှတ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ ဒီလိုယုတ်မာကောက်ကျစ်တဲ့လူတွေလောကကြီးမှာ ရှိကိုရှိမနေသင့်တာ။ ကျုပ်တို့ကဆင်းရဲလို့ တရားဥပဒေအရ ဖြေရှင်းလို့မရနိုင်ရင် ကျုပ်လက်နဲ့ အဲဒီလင်မယားကိုသတ်ပြီးကြိုးစင်တက်ပစ်မယ်။ အထွေးဒီလိုဖြစ်တာ အမေ့အပစ်လည်း မကင်းဘူး။ အမေသာဆုံးဖြတ်ချက်မမှားခဲ့ရင်အထွေးဒီလိုဖြစ်ရမှာမဟုတ်ဘူး။ အခုတော့အထွေးမလေးသနားစရာကောင်းလွန်းတယ်။’’

“အမေလည်းဒီလိုဖြစ်လာမယ်ကြိုမသိလို့ပေါ့ငါ့သားရယ်။ အထွေးမလေး ဘဝလေးကောင်းစားပါစေတော့ဆိုပြီး ဆုံးဖြတ်ခဲ့တာ။ အခုတော့ အထွေးမလေးကိုဒုက္ခများစေခဲ့ပြီ။ သနားစရာသမီးလေးရယ်။ဟုတ်ပါတယ်။ အမေ့အပြစ်တွေပါကွယ်။ အမေဆုံးဖြတ်ချက်မှားခဲ့လို့ ငါ့သမီးလေးဒုက္ခရောက်ရတာပါ။’’

အရီးမြသည်တွေးရင်းယူကျုံးမရဖြစ်ကာစူးနစ်နာကျင်နေသောရင်ဘတ်ကိုလက်နဲ့ထုပြီးရှိုက်ငိုမိပြန်သည်။ ထို့နောက် အထွေး၏လက်ကလေးကို ပါးပြင်သို့အပ်ကာငိုရင်း အထွေး၏မျက်နှာလေးကို ဂရုဏာသက်စွာငေးကြည့်နေမိသည်။ အထွေး၏လက်ကလေးတွင်အရီးမြ၏မျက်ရည်များရွှဲစိုကုန်၏။ အထွေးသည် အရီးမြတို့သားအမိပြောနေကြသည့် စကားများကိုအလုံးစုံကြားနေရမည်ဖြစ်သော်လည်း ခါတိုင်းလိုစကားတစ်ခွန်းမှမပြောနိုင်တော့သည့်အပြင်မျက်လုံးများကိုပင် ကြိုးစားပြီးဖွင့်မကြည့်လာတော့ပါ။ အရီးမြဆုပ်ကိုင်ထားသော အထွေး၏လက်ကလေးသည် တဖြည်းဖြည်းအေးစက်လာရင်း ပြေလျော့သွားသည် နှင့်တပြိုင်နက် အထွေး၏မျက်လုံးထောင့်တွင် မျက်ရည်တစ်စက်သည် တလိမ့်လိမ့်ကျဆင်း၍လာခဲ့သည်။ စောစောက အသက်ရှုလိုက်တိုင်းအပေါ်သို့ငေါငေါတက်နေသော အထွေး၏ ရင်ဘတ်အစုံက ငြိမ်သက်သွားခဲ့သည့်အခါ အရီးမြသည် အရူးတစ်ယောက်လိုတုန်ယင်စွာ အထွေး၏ခန္ဓာကိုယ်နေရာအနှံ့သို့လိုက်စမ်းမိ၏။

“သမီးလေး… အထွေး…အထွေးမလေး..။ အမလေးသမီးလေးရယ်…။ အမေ့ရင်တွေကျိုးရပါပြီကွယ်။’’

သို့သော်လည်း အရီးမြငိုသံကိုအထွေးမကြားနိုင်တော့ပါ။ အထွေးသည် လူ့လောကကြီးကို အပြီးတိုင်နုတ်ဆက် ကျောခိုင်းသွားခဲ့လေပြီ။
အရီးမြသည် အထွေး၏ မျက်လုံးထောင့်က မျက်ရည်ကိုတုန်ယင်သောလက်အစုံဖြင့် အသာအယာသုပ်ပေးရင်း အထွေး၏ခန္ဓာကိုယ်လေးကိုပွေ့ဖက်ကာ အားပါးတရအော်ဟစ်ငိုကြွေးမိ၏။

အရီးမြ၏ တဲအိမ်လေးထဲတွင်
သားအမိနှစ်ယောက်၏ငိုသံသည် အထပ်ထပ်လွှင့်ပျံ၍သွားပါတော့သည်။

**

(၂)

ဆောင်းလေအေးတချို့ဝှေ့တိုက်နေသော ညချမ်းတစ်ခုတွင်အထွေးသည် အရီးမြတို့ တဲအိမ်လေးသို့ရောက်လာခဲ့သည်။ အရီးမြသည် လသားအရွယ်နီတာရဲကလေးမ လေးကိုကြည့်ပြီး ဂရုဏာသက်စွာထွေးပွေ့ထားမိ၏။အထွေးသည် အရီးမြ၏တူမအရင်းလေးတစ်ယောက်ဖြစ်ပါသည်။အထွေး၏အဖေသည် အထွေးမမွေးခင်ကတည်းက လယ်ထဲတွင်ပိုးထိပြီး ဆုံးသွားသည်။အရီးမြ၏ညီမဖြစ်သူ အထွေး၏အမေသည်လည်း အထွေးကိုမွေးပြီးတစ်လလောက်တွင်ဆုံးသွားရှာ၏။ ထို့ကြောင့်အထွေးကို အရီးမြ ကပင်ကျွေးမွေးစောင့်ရှောက်ရတော့သည်။ အထွေးလူ့လောကထဲရောက်ခဲ့စဉ် မိဘနှစ်ပါးလုံးဆုံးသွားရသည့်အတွက်တစ်ရွာလုံးက အထွေးကို အကျိုးမပေးသည့်ကလေးဟု ပြောဆိုသမုတ်ခဲ့ကြသည်။ သို့သော်လည်း အရီးမြသည်
ကံမကောင်းရှာသည့်ကလေးမလေးမို့အထွေးကိုအလွန်တရာ အချစ်ပိုရပါ၏။

ထိုအချိန်က မုဆိုးမဖြစ်သော အရီးမြသည်သားတစ်ယောက်နှင့်အတူ ရွာစွန်ကခြံလေးတွင်တဲသာသာအိမ်လေး ဆောက်ပြီးနေထိုင်သည်။အရီးမြတို့ညီအစ်မနှစ်ယောက်သည်လင်ရ ကံမကောင်းသူများဖြစ်ကြ၏။ အရီမြယောကျာင်္းလည်း သားလေးမွေးပြီးမကြာခင်မှာပင် အပြင်းဖျားဖျားပြီးရုတ်တရက်ဆုံးသွားခဲ့သည်။အထွေးကိုမွေးစား
သည့်အခါတော့ အရီးမြသားလေးက ၁၀ နှစ်ကျော်ကျော်ပင်ရှိနေပြီ။

ဆင်းရဲနုံချာလှသည့်အရီးမြအဖို့ ကလေးတစ်ယောက်၏တာ၀န်ကအတော်လေးကြီးလှ၏။အရင်က အရီးမြသည် သားကိုအိမ်မှာထားခဲ့ပြီး ရွာထဲတွင် နေ့စားဆင်းရင်း အဆင်ပြေပြေစားသောက်နေထိုင်နိုင်ခဲ့သည်။ ကောက်စိုက်၊ပြောင်းခုတ်၊ ပေါင်းပေါက် စသည့်အလုပ်စုံအောင် အရီးမြလုပ်သည်။ အထွေးလေး ရောက်လာသည့်အခါ အရီးမြသည် ထိုသို့အလုပ်ကောင်းကောင်းမလုပ်ရတော့ပါ။ရှိတာနဲ့ ချွေတာစားပြီး လုံးဝ ပြတ်လပ်သွားသည့်အခါမျိုးတွင် အထွေးကို သားဖြစ်သူနှင့် စိတ်မချစွာထားရစ်ပြီး အလုပ်ထွက်လုပ်ရသည်။ နို့မပြတ်သေးသည့် အထွေးလေးအတွက် နို့မှုန့်ဘူးလည်း ၀ယ်မတိုက်နိုင်သောကြောင့် အထွေးလေးနို့ဆာလို့ငိုပြီဆိုလျှင် ရွာထဲရှိနို့တိုက် ကလေးအမေများထံ အထွေးကိုချီပြေးပြီး ကြုံရာနို့ကိုတိုက်ရသည်။ ညရေးညတာအချိန်များတွင်တော့ ထမင်းရေကို ထန်းလျက်ခဲလေးတစ်လုံးလောက်နဲ့ ဖျော်ပြီးတိုက်ရ၏။

ထိုသို့ဒုက္ခများစွာနှင့်မွေးမြူရင်းအထွေးသည်တဖြည်းဖြည်းအရွယ်ရောက်လာသည့်အခါ ဖြူဖြူတုတ်တုတ်ဖြင့် ချစ်စရာကောင်းလှသည်။နုတ်ခမ်းဖူးဖူးရဲရဲလေးနှင့် ရယ်လိုက်လျှင် ပါးဖောင်းဖောင်းလေးက ပါးချိုင့်ကလေးပင်ခွက်နေသေး၏။ အထွေး၏မျက်လုံးလေးတို့သည် ဝိုင်းစက်ကာကြည်လင်တောက်ပရွှန်းလဲ့နေတတ်သည်။ မြင်လိုက်သည်နှင့်ချစ်စရာ ကောင်းလွန်းသောကြောင့် တစ်ရွာလုံးအထွေးမလေးကိုမချစ်သည့်သူမရှိပါ။

အရီးမြနှင့် သားဖြစ်သူသည်လည်း မျက်စိအောက်က အပျောက်မခံနိုင်အောင် အထွေးမလေးကို အချစ်ပိုရသည်။ အထွေးကိုယ်တိုင်းကလည်း ချစ်အောင်ပြောဆိုပြုမူနေထိုင်တတ်၏။အရီးမြကိုဘယ်သူမှမသင်ပေးရပဲ မေမေ ဟုခေါ်ပြီး သားကိုလည်း ကိုကို ကိုကိုနှင့်ခေါ်သည်။ အရင်ကသားအမိနှစ်ယောက်တည်းအထီးကျန်စွာခြောက်ကပ်နေခဲ့သော တဲအိမ်လေးသည် အထွေးလေးစရောက်လာပြီးကတည်းက တစ်နေ့မှ ပျင်းရသည့်နေ့မရှိခဲ့ပါ။ တစ်နေ့တစ်နေ့ အထွေးမလေး၏ ငိုသံ၊ရယ်သံများဖြင့်ဆူညံနေရင်း အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်။

သားက လူပျိုပေါက်လေးဖြစ်လာသည့်အခါ အရီးမြသည် ရောဂါဖောက်လာ၏။ ပန်းနာရင်ကြပ်ဖြစ်ပြီးပင်ပန်းသည့် အလုပ်လုပ်လျှင်မောသောကြောင့် အရင်လို နေ့စားဆင်း၍မရတော့ပါ။ သားဖြစ်သူက ရွာထဲတွင်နေ့စားအလုပ်ဆင်းပြီး အရီးနှင့်အထွေးကိုတဖန်ကျွေးရပြန်သည်။

အထွေးကအလိုလိုက်ခံရသူပီပီအနည်းငယ်ဆိုးချင်သည်။ ထို့ပြင် အကောင်းကြိုက်အလှကြိုက်၏။ ထမင်းစားလျှင် အသားဟင်းမပါကငိုတတ်သည်။အသားမပါလျှင်ထမင်းမစားသောကြောင့် အထွေးလေးအတွက် အသားငါး ကိုအမြဲ၀ယ်ပြီး ပြုတ်ကြော်လုပ်ထားပေးရသည်။ ထို့ပြင်အ၀တ်စားနှင့်အရုပ်များကိုသူများဆီမှာ တွေ့လျှင်လည်း ဂျီတိုက်ပြီး တငိုငိုတရယ်ရယ် ဖြင့်တောင်းတော့၏။ မရမချင်းအငိုမတိတ်သောကြောင့် မရှိရှိရာရှာပြီး၀ယ်ပေးရသည်ချည်းပင်။

ကျောင်းနေအရွယ်ရောက်လာသည့်အခါ အထွေးကို ကျောင်းထားဖို့တာ၀န်က အရီးမြတို့ထံ ပုံကျလာပြန်သည်။ သားလုပ်စာတစ်ခုတည်းနှင့်စားမလောက်သည့်အခါ အရီးမြသည် ကျန်းမာရေးမကောင်းသည့်ကြားက ရွာထဲတွင်လှည့်လည်ပြီး အနှိပ်သည် အလုပ်လုပ်ရသည်။ တစ်ခါတလေ ရွာစက်ချုပ်ဆိုင်က လက်ချုပ်လိုက်ရမယ့်အထည်တွေယူချုပ်သည်။ သို့သော်လည်း အသားဟင်းမပါလျှင်ထမင်းမစားတတ်သောအထွေး၊ မုန့်ဖိုးမပါလျှင် ကျောင်းမသွားတတ်သောအထွေး၊ အ၀တ်စားအသစ်နှင့် ဆော့စရာအရုပ်လေးများကိုခုန်မင်သော အထွေးကြောင့် အရီးမြတို့ သားအမိသည် အထွေးအတွက်စိတ်ညစ်ရပြန်ပါသည်။

**

(၃)

ထိုနေ့ကိုအရီးမြ မမေ့ပါ။

ထိုနေ့သာဖြစ်မလာခဲ့လျှင်၊ ထိုနေ့သာအရီးမြဆုံးဖြတ်ချက်တွေမှန်ကန်ခဲ့လျှင် အထွေးယခုလိုအဖြစ်ဆိုးမျိုးနှင့် ကြုံလာစရာအကြောင်းမရှိသည်ကိုတွေးရင်းကိုယ့်ကိုယ်ကိုနောင်တရ၍မဆုံးဖြစ်မိသည်။

မှတ်မိသေးသည်။ထိုနေ့က အထွေးသည် ကျောင်းကပြန်လာပြီးမုန့်စားချင်သည်ဟုဂျီတိုက်ကာ ငိုယိုနေခဲ့၏။ အရီးမြ သည် လက်ထဲတွင် မုန့်၀ယ်ကျွေးစရာ ပိုက်ဆံတစ်ကျပ်မှရှိမနေသောကြောင့် စိတ်မကောင်းစွာပင် အထွေးကို ချော့မော့ပြောဆိုခဲ့သည်။ သို့သော်လည်း အထွေးကအငိုမတိတ်ပါ။ “မုန့်စားချင်တယ်… မုန့်၀ယ်ပေး ’’ ဟုသာ တတွတ်တွတ်ပြောရင်း တဝူးဝူးအော်နေ၏။ ထို့ကြောင့် အရီးမြသည် မနေသာတော့ပဲ အထွေးလေးလက်ကိုဆွဲက ရွာထဲက ကုန်စုံဆိုင်ကြီးဆီ အကြွေးယူပေးဖို့ထွက်ခဲ့လိုက်ရသည်။

အိမ်ခြေနည်းသော အရီးမြတို့ရွာအဖို့ ရွာထဲတွင် ကုန်စုံဆိုင်ဟူ၍တစ်ဆိုင်သာရှိပါသည်။ထိုဆိုင်သည် ရွာလယ်တွင်ရှိပြီး ဆိုင်ပိုင်ရှင်က အတော်လေးချမ်းသာသူဖြစ်၏။အရီးမြတို့ရွာက မဟုတ်ပဲ လွန်ခဲ့သည့်သုံးနှစ်လောက်မှ မန္တလေးဘက်က ပြောင်းလာကြသူ များဖြစ်သည်။ ရွာထဲတွင် အတိုးများချထားသောကြောင့် ဆင်းရဲသည့်အရီးမြတို့ရွာသားများအဖို့ ထိုအိမ်နှင့်လွှတ်ကင်းနိုင်သူဟူ၍ မရှိကြပါ။

အရီးမြသည် အထွေးလက်ကလေးကိုဆွဲကာလာခဲ့ရင်း ကုန်စုံဆိုင်ရှေ့သို့ရောက်သည့်အခါ ဆိုင်ဘေးတွင် ကားအဖြူရောင်တစ်စင်းရပ်ထားသည်ကိုတွေ့ရသည်။ မုန့်မစားရလို့ ငိုနေသော အထွေးက ကားလေးကိုတွေ့သည့်အခါ တအံ့တသြကြည့်ပြီး အငိုတိတ်သွား၏။ အိမ်ထဲတွင် လူများဝိုင်းဖွဲ့စကားပြောနေကြသောအသံများကြာရသည်။ဧည့်သည်များ ရောက်နေကြဟန်တူပါသည်။ ဆိုင်ထဲတွင်လည်း စျေးရောင်းသူကလည်း အရံသင့်ရှိမနေ သောကြောင့် အရီးမြသည် အထွေးကို မုန့်အကြွေးယူပေးဖို့အတွက်ချီတုံချတုံဖြစ်လို့နေ၏။ အိမ်ထဲတွင် စကားကောင်းနေကြသောဆိုင်ရှင်ကို အော်ခေါ်ပြီး အကြွေးယူရမှာလည်း အားနာစရာကောင်းလှသည်။ အထွေးကလည်း မုန့်မရပဲခေါ်ပြန်ပါက ထပ်ငိုဦးမည်ဖြစ်သောကြောင့် အရီးမြတစ်ယောက်အကြံအိုက်လျက်ရှိ၏။

အရီးမြနှင့်အထွေးတို့ကားဘေးတွင် ရစ်တီရစ်တီလုပ်နေစဉ်အိမ်ထဲက အသားဖြူဖြူ ဗိုက်ရွှဲရွှဲနှင့်လူတစ်ယောက်ထွက်လာသည်။ တောက်ပြောင်သစ်လွင်သောအ၀တ်စားများကြောင့် ပိုက်ဆံချမ်းသာသည့်လူတစ်ဦးဖြစ်မည်ကို အရီးမြရိပ်စားမိ၏။ အထွေးကိုတွေ့သည့်အခါ ပြုံးပြပြီး အထွေးကချစ်စရာလေးဟုပြောသည်။ ထို့နောက်အထွေးကိုပွေ့ချီပြီးမုန့်များ ထုတ်ကျွေး၏။ အထွေးပါးလေးကိုလည်း တရွှတ်ရွှတ်နမ်းလို့နေသည်။ အထွေးကတော့ ထိုလူကြီးလက်ထဲတွင် မုန့်တွေအများကြီး ရသောကြောင့်ပျော်နေ၏။ ပျော်နေသောအထွေးကိုကြည့်ပြီး အရီးမြသည်အလိုလို၀မ်းနည်းလာမိသည်။

စိတ်ထဲတွင်လည်းအထွေးကို ဒီလိုချမ်းသာတဲ့မိဘတွေဆီမှာ မ၀င်စားပဲ၊ ဘာလို့ အမေတို့ မိသားစုထဲကိုရောက်လာ ရတာလဲအထွေးရယ် လို့ပြောမိလိုက်သေးသည်။

ဖြစ်နိုင်လျှင်အထွေးကို ထိုသို့ချမ်းသာပြည့်စုံသည့်မိသားစုထဲမှာကြီးပြင်းစေချင်လှပါသည်။ အကောင်းကြိုက်၊ အလှကြိုက်တတ်သည့် အထွေးသည်ထိုသို့မိသားစုမျိုးနှင့်သာအံ၀င်ခွင့်ကျဖြစ်သည်မဟုတ်ပါလား။

**

(၄)

ရတ်တရက်ကြားလိုက်ရသည့်စကားကြောင့် အရီးမြရင်ထဲဗလောင်ဆူသွားသည်။

ကတုန်ကယင်ဖြင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး အထွေးကိုရင်ခွင်ထဲတင်းကြပ်အောင်ပွေ့ဖက်ထားမိ၏။အထွေးက အရီးမြ၏ရင်ခွင်ထဲတွင် မျက်လုံးလေးကလည်ကလည်ဖြင့် အရီးမြမျက်နှာကိုမော့ကြည့်နေသည်။

“သေချာစဉ်စားပါဦးဒေါ်မြရယ်…။ ကလေးကိုဒီကကျွန်တော့်မိတ်ဆွေလင်မယားက သေချာမွေးစားမှာပါ။ ကလေးအနာဂါတ်အတွက် ဒေါ်မြတို့ထည့်စဉ်းစားပေးရဦးမယ်လေ။ကလေးက ဒီမှာထားရင်း အနာဂါတ်တွေပျောက်ပြီး အညွှန့်တုံးသွားလေ့မယ်။’’

ရွာလယ်ကစတိုးဆိုင်ပိုင်ရှင်နှင့်အတူ ဧည့်သည်လင်မယားနှစ်ယောက်သည် အရီးမြအိမ်ရှေ့ကကွပ်ပျစ်လေးတွင် ထိုင်ပြီး အထွေးလေးကိုမွေးစားဖို့လာတောင်းကြသည်။မွေးစားမည့်သူဌေးလင်မယားကလည်း မျှော်လင့်ချက်များစွာပါသော မျက်လုံးများဖြင့် အရီးမြကိုစိုက်ကြည့်နေကြ၏။ အရီးမြကိုယ်တိုင်ကလည်းအထွေးလေးကို ကောင်းစားစေချင်လှသော်လည်း အထွေးလေးနှင့်တော့မခွဲနိုင်ပါ။

သို့သော်လည်းမိမိအတ္တတစ်ခုကြောင့် အထွေးလေးဆင်းရဲတွင်းထဲမှာ နေနေရမည်ကို မလိုချင်။ အရီးမြခေါင်းထဲအတွေးပေါင်းများစွာချာချာလည်ကာ စိတ်တို့လွန်ဆွဲနေသည်။
ထို့ကြောင့်ပင်အထွေးလေးအားမပေးနိုင်ဟု ပစ်ပစ်ခါခါမငြင်းမိပဲ မျက်လွှာလေးချ၍ ပြောလိုက်မိသည်။

“ကျွန်မစဉ်းစားပါဦးမယ်။ အထွေးက ကျွန်မသမီးအရင်းမဟုတ်ပေမဲ့ ကျွန်ရဲ့တူမအရင်း။ ကျွန်မသွေးသားပဲ။ ဒီလိုပေးဖို့ကြတော့ ကျွန်မရင်ထဲမကောင်းလှဘူး။’’

“ဟုတ်ကဲ့။ စဉ်းစားပါအဒေါ် ။ နှစ်ရက်နေရင်တော့ ကျွန်တော်တို့ပြန်မှာ ။ အဲဒီမတိုင်ခင်အဖြေပေးပါနော်။ သမီးလေးကို ကျွန်တော်တို့သားသမီးအရင်းလို စောင့်ရှောက်မှာ။’’

“ဟုတ်ပါတယ် ဒေါ်ဒေါ်ရယ်။ သမီးလေးရဲ့အနာဂါတ်အတွက်လည်းထည့်စဉ်းစားပေးပါနော်။’’

သူဌေးလင်မယားကပါ လိုလိုချင်ချင်တောင်းနေကြသော်လည်း အရီးမြဘာမှမပြောနိုင်ပဲ ခေါင်းကိုငိုက်စိုက်ချထားလိုက်မိသည်။

သားအား ယခုအကြောင်းကိုပြန်လည်ပြောပြသည့်အခါ သားကခါးခါးသီးသီးငြင်းသည်။

“ပေးစရာလားအမေရယ်…။ ကျွန်တော့်ညီမကိုကျွန်တော်လုပ်ကျွေးနိုင်တယ်။ပေးစရာမလိုဘူး။ မပေးရဘူး။’’

သို့သော်လည်း သားမိနှစ်ယောက်သည်ခေါင်းအေးအေးနှင့်ပြန်စဥ်းစားကြည့်သည့်အခါ နှစ်ဦးစလုံး၏ရင်ထဲတွင် အထွေးကို ကောင်းစားစေချင်သည့်စိတ်ကကိုယ်စီရှိကြသည်မှာမငြင်းနိုင်ပါ။

မပြည့်စုံသည်လူများ အဖို့ ဘ၀မှာ ရွေးချယ်စရာဟူ၍များများစားစားရှိမနေတတ်သည်မှာအမှန်ပင်မဟုတ်ပါလား။ ထို့ကြောင့်နောက်ဆုံးတွင်သားအမိနှစ်ယောက်သည် မျက်ရည်စက်လက်ဖြင့်အထွေးကို သူဌေးလင်မယားလက်ထဲထည့်ပစ်ခဲ့ ကြသည်။ ထိုသိုဆုံးဖြတ်ခဲ့ခြင်းသည် အထွေးကိုအလွန်တရာချစ်ပြီး အထွေးဘဝကောင်းစားစေချင်သောကြောင့်ဖြစ်သည် ဆိုသည်ကိုအထွေးလေးသိစေချင်ပါသည်။

အထွေးလေးအိမ်မှာမရှိတော့သည့်အခါ နှစ်ဦးသားရင်ကွဲမတတ်ခံစားခဲ့ရသည်။ မစားနိုင်မအိပ်နိုင်ဖြင့် သတိရတိုင်းငိုမိသည်မှာ ရက်မှလ၊လမှနှစ်အထိပင်။နောက်ပိုင်းတော့ အထွေးလေး ဟိုမှာပျော်နေသည်။ အဆင်ပြေပြေပြည့်ပြည့်စုံစုံ နေရသည်ဟု သိရသည့်အခါ သတင်းလေးနားစွင့်ရင်း၀မ်းသာရသည်မှာလည်း အရီးမြတို့သားအမိပင်ဖြစ်ပါသည်။ဆင်းရဲနုံချာပြီး ပညာမတတ်သည့်လူများမို့ အထွေးကိုတွေ့ချင်လှသော်လည်း တွေ့ဖို့မည်သို့ဖန်တီးရမည်ကိုတော့ အရီးမြတို့သားအမိမသိပါ။ အထွေးလေးအဆင်ပြေနေသည်ဆိုသည့်စကားတစ်ခုက အရီးမြတို့အတွက်ပြည့်စုံနေခဲ့ပြီမဟုတ်ပါလား။

**

(၅)

အ၀တ်အိတ်လေးတစ်လုံးကိုဆွဲ၍ ခြံထဲသို့တရွေ့ရွေ့၀င်လာနေသော ကလေးမတစ်ဦးကိုမြင်သည့်အခါ အရီးမြသည် အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် နှီးထိုင်ဖြာနေရာမှဓါးကိုပစ်ချပြီး မှုံရီနေသောမျက်လုံးအစုံကိုပွတ်သပ်ကာကြည့်လိုက်မိ၏။

ကလေးမလေးက အနားသို့ရောက်လာသည့်အခါ အရီးမြသည် နုတ်ခမ်းအစုံတို့ တဆတ်ဆတ်တုန်ယင်ကာ မျက်ရည်တို့ရစ်သိုင်းလာသည်။အသက် ၇၀ အရွယ်ရောက်ပြီဖြစ်သောကြောင့်မျက်စိတွေမှုန်ကာ နားတွေထိန်းနေသော်လည်း အထွေးကိုမြင်ရုံဖြင့်အရီးမြမှတ်မိပါ၏။အထွေး…ဒါသိပ်ချစ်စရာကောင်းတဲ့ ကလေးမလေးအထွေးပဲ။ ပိန်လှီပြီးရုပ်တွေပြောင်း သွားသော်လည်းအထွေးကအထွေးပါပင်။ အရီးမြသည် အံ့သြမူနှင့်အတူမျက်ရည်များရစ်သိုင်းမှုန်ဝေလာသော မျက်၀န်းအစုံဖြင့် အထွေးအားမှင်တက်မေ့စွာ စိုက်ကြည့်နေမိသည်။ အထွေးအိမ်ကထွက်သွားသည်မှာ ခုဆို နှစ်ပေါင်း ၂၀ တောင်ရှိခဲ့ပြီ။ နှစ်ပေါင်း ၂၀ ကြာခဲ့သည့်တိုင် အထွေးကိုမေ့ဖို့ အရီးမြမှတ်ညာဏ်တွေမပျက်စီးသေးပါ။

အထွေး၏ရုပ်ရည်ရူပါကာမှာ မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားသော်လည်း မေတ္တာဓါတ်ဖြင့်အထွေးဆိုတာကိုအရီးမြ မှတ်မိနေခဲ့သည် မဟုတ်ပါလား။

“အထွေးမလေး…သမီးလေး။ သမီးအထွေးမလေး မဟုတ်လားဟင်။ ’’

အထွေးသည် အရီးမြအသံကိုကြားကြားချင်း အထုပ်ကလေးပစ်ချကာပြေးဖက်ပြီး၀မ်းပန်းတနည်းငိုကြွေးရှာသည်။ အရီးမြက တုန်ယင်သောလက်အစုံဖြင့် အထွေးကိုပွေ့ဖက်လိုက်မိ၏။အထွေးတစ်ကိုယ်လုံးပိန်လှီဖျော့တော့ပြီး အရိုးပေါ်အရေတင်သာရှိသည်။ မျက်နှာတို့သည် ချောင်ကျနေပြီး မေးရိုးတို့ကားထွက်နေသည်မှာ ငယ်ကရုပ်ပင်အတော်လေး ဖမ်းယူရသည်အထိပင်။ပြားကပ်နေသာ ခန္ဓာကိုယ်က၀၀ဖိုင့်ဖိုင့်အရီးမြရင်ခွင်ထဲသို့တိုး၀င်လိုက်သည့်အခါ တစ်ကိုယ်လုံးနစ်မြုပ်သွားသည်အထိပင်။အထွေးသည် အရီးမြကိုအလုံးစုံမှတ်မိသည်မဟုတ်သော်လည်း အထွေးအတွက် အားကိုးစရာ ဆွေမျိုးရင်းချာရှိသေးသည်ဆိုသည့်အသိဖြင့်ချုံးပွဲချငိုကြွေးခြင်းဖြစ်၏။

“ဘာဖြစ်လို့လဲသမီးလေးရယ်…။ ဘာလို့များ ဒီလောက်ထိ ပိန်လှီနေရတာလဲကွယ်။ သမီးလေးနေမှကောင်းရဲ့လား။ သမီးမွေးစားမိဘတွေရောမပါဘူးလား။ဘာဖြစ်လို့သမီးတစ်ယောက်တည်း ပြန်လာတာလဲ သမီးရဲ့’’

“မပါ ပါဘူးအမေရယ်…။ သမီးတစ်ယောက်တည်းပြန်လာတာပါ။ သမီးဘယ်မှမသွားတော့ဘူး။ သမီးအမေ့ဆီမှာပဲ နေပါရစေနော်။သမီးအဲဒီကနေအပြီးရုန်းထွက်လာတာအမေ…။တကယ်တော့အဲဒီလင်မယားနှစ်ယောက်က သမီးကိုမွေးစား ဖို့ခေါ်ခဲ့တာမဟုတ်ဘူးရဲ့။ သမီးကိုကျွန်ပြုဖို့ခေါ်ခဲ့တာအမေရဲ့။ သမီးသူတို့အိမ်မှာ အနှစ် ၂၀ လုံးလုံးကျွန်ပြုခံ ခဲ့ရတာပါအမေ။ အီး..အဟင့်..ဟင့်…။’’

“ဘာ…ဘယ်လို သမီး။ ကျွန်ပြုခံရတယ်ဟုတ်လား။သမီးကိုသူတို့ဘယ်လိုထားတာလဲ။ ဘယ်လိုတွေပြုမူတာလဲ ပြောပြစမ်း အမေ့ကို။’’

အရီးမြသည် အထွေး၏လက်မောင်းနှစ်ဖက်ကိုတယူတယဆုပ်ကိုင်ရင်းမေးလိုက်သည်။ အထွေးသည် မျက်ရည်များဖြင့် ငိုယိုပြီးဖြစ်ကြောင်းကုန်စင်ပြောပြတော့၏။

အထွေးကိုမွေးစားမည်ဟုခေါ်ခဲ့သော လင်မယားနှစ်ဦးသည် အိမ်သို့ရောက်သည် နှင့် အထွေးကိုကျောင်းမထားပေးပဲ အိမ်၏ဝေယျာ၀စ္စများအားလုံးကို လုပ်ခိုင်းခဲ့သည်။ အများရှေ့တွင် အထွေးအား ကောင်းမွန်စွာ မွေးစားစောင့်ရှောက်ထားသည်ပုံစံဖြင့်ပြုမူသော်လည်း ကွယ်ရာတွင်အထွေးကို ကျွန်တစ်ယောက်လို ဆက်ဆံ၏။ အလုပ်နှင့်လက်မပြတ်ခိုင်းစေပြီးစိတ်အခန့်မသင့်သည့်အခါများတွင်လည်းမစာမနာရိုက်နှက်တတ်သေးသည်။ ရောက်ပြီး ကတည်းက အိမ်ထဲတွင်သာနေရပြီးအပြင်သို့တစ်နှစ်လျှင်တစ်ခါပင်မထွက်ရပါ။ ထိုသို့အနိုင်ကျင့်ခံပြီးစိတ်ဆင်းရဲ ပေါင်းများစွာနှင့် ကြီးပြင်းခဲ့ရသောအထွေးသည် အရွယ်ရောက်လာသည့်အခါ အိမ်ကျွန်မှ လိင်ကျွန်ဖြစ်ခဲ့ရပြန်သည်။ နောက်ဆုံး ရောဂါစွဲကပ်လာသည့်အခါ ရွာပြန်ချင်က ပြန်ပါဟုဆိုပြီး နေရပ်ဇာတိမြို့ရှိရာသို့ကားတင်ပေးကာ စာရွက်လေးနှင့် လိပ်စာရေးပေးကာပြန်လွှတ်ခဲ့သောကြောင့် အရီးမြရှိရာရွာသို့ ရောက်အောင်ပြန်လာနိုင်ခဲ့ခြင်းဖြစ်၏။

အရီးမြသည်အထွေးပြောပြနေသော စကားများကိုဆက်နားထောင်နိုင်စွမ်မရှိတော့သည်နှင့်နားနှစ်ဖက်ကို တင်းကြပ်စွာပိတ်ရင်း အထွေးကို ရင်ခွင်ထဲဆွဲယူပွေ့ဖက်ထားလိုက်မိသည်။

“အို… သမီးရယ်..။ အမေ့အမှားတွေပါ။ အမေ့အမှားတွေပါကွယ်။ ဘာဖြစ်လို့ သမီးကိုဒီလိုလုပ်ရက်ကြတာလဲကွယ်။ ’’

အထွေးသည် ဖြစ်ကြောင်းကောင်စဉ်ပြောပြရင်း အရီးမြရင်ခွင်ထဲတွင်တအိအိရှိုက်နေ၏။ အရီးမြသည် အရိုးများငေါထွက်နေသည့် အထွေး၏ကျောပြင်လေးကို လက်နဲ့အသာသပ်ပေးရင်း ပါးပြင်ပေါ်သို့မျက်ရည်များ အဆက်မပြတ်ကျဆင်း၍လာခဲ့ပါသည်။

အထွေးကိုသနားလွန်းပြီးမွေးစားမိဘများအား ဒေါသထွက်မိသော်လည်း ဆင်းရဲနုံချာပြီး ပညာမတတ်သည့် အရီးမြတို့ အဖို့ ဘာမှမစွမ်းဆောင်နိုင်ခဲ့ပါ။ရွာထဲကုန်စုံဆိုင်ပိုင်ရှင်များအား ပြောမည်ဆိုသော်လည်း လွန်ခဲ့သည့်သုံးနှစ်လောက်ကပင် ထိုသူများသည်အရီးမြတို့ရွာမှ ပြောင်းသွားခဲ့ပြီးဖြစ်သည်။

သားဖြစ်သူကတုတ်ဆွဲ၊ဓါးဆွဲဖြင့်စိတ်တို၏။ထိုသူများအားလက်စားချေရန်ဓါးကျိန်းကျိန်းနေသော်လည်း မည့်သည့် အရပ်ဒေသတွင်ရှိနေမှန်းမသိသည့်ထိုသူကို မည်သို့လိုက်ရှာရမည်မှန်းမသိပါ။အထွေးကို နေရပ်လိပ်စာမေးသော်လည်း အထွေးကမဖြေပါ။မဖြေချင်၍လား၊ဖြေရမှာကြောက်၍လား၊အမှန်တကယ်အထွေးနေခဲ့သော နေရာကိုမသိ ၍လားမသိပါ။ အထွေးသည်သူနေခဲ့သောအိမ်ပိုင်ရှင်များ၏နေရာကိုမပြောပြပါ။ နောက်ဆုံးတော့ အားမသန်၍မာန်လျော့လိုက်ရုံပင် တတ်နိုင်၏။ ပြန်ရောက်လာပြီးနှစ်ရက် လောက်တွင် အထွေးသည် အိပ်ရာထဲဘုန်းဘုန်းလှဲသွား ခဲ့တော့သည်။
**

(၆)

ယခုတော့အထွေးမလေး မရှိတော့ပြီ။

ကံဆိုးခြင်းများနှင့်လူ့လောကထဲသို့ရောက်လာပြီး၊ ကံဆိုးခြင်းများနှင့်နေထိုင်ကာ၊ ကံဆိုးခြင်းများနှင့်ပြန်ထွက်သွား ခဲ့သော အထွေးမလေးအတွက် ၀ဋ်ကြွေးဆိုတာရှိခဲ့ပါက ယခုဘ၀နဲ့တင်ကျေဖို့အရီးမြဆုတောင်းပေးမိ၏။ ဘုရားရှိခိုးတိုင်းလည်း အထွေးမလေးဘ၀ ကောင်းမွန်ရာရောက်ဖို့ အမျှပေးဝေနေဆဲဖြစ်သည်။

အထွေးမလေးအပေါ်ယုတ်မာခဲ့သောလူများအတွက်တော့ပြုသူအသစ်၊ဖြစ်သူအဟောင်းရယ်သာရှိပါစေတော့ဟူ၍ အရီးမြသည် မေတ္တာရှေ့ထား၍တရားနှင့်သာဖြေသိမ့်လိုက်ပါ၏။

မကောင်းမူလုပ်သည့်သူများကို ဥပဒေကဒဏ်မခတ်နိုင်ပါက ဘုရားကဒဏ်ခတ်လိမ့်မည်ဆိုတာကို
အရီးမြ ယုံကြည်သည်မဟုတ်ပါလား…..။

(ဖြစ်ရပ်မှန်အား အခြေခံ၍ဆီလျော်အောင်ရေးဖွဲ့ပါသည်။)

ညီလေးငယ်