• June 20, 2025
  • admin
  • 0

ကျော်မင်းညွန့်(လှည်းကူး)
အနေရဲလိုက်ပါဘိ

(၁)

ကြည့်လေတိုင်း ရေပြင်ချည်းသာ မြင်နေရသည်။ ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဆိုသည့်အတိုင်း ရေက ဖွေးနေသည်။

ပဲ့ပိုင်းမှ တပည့်ကျော် ငွေသောင်းက လှေကို အတွင်လှော်နေသည်။ ရေကြောင်းတွင် လှေလောင်းပြေး နေသည်က မြားတစ်စင်းပမာ ရိပ်ခနဲ … ရိပ်ခနဲ။

ငွေသောင်း၏ လက်ကသာ လှော်တက်ကို ဇယ်စက်သည့်ပမာ သွက်သွက်လှော်နေသော်လည်း မျက်စိအစုံက သူတို့ရှေ့တွင် အခြားလှေတစ်စင်း ရှိ မရှိနှင့် ကျော်ဖြတ်ခဲ့ရသော ရေပြင်ပေါ်ရှိ မျောနေသော ကိုင်းပုံ၊ ဗေဒါပုတ်၊ သစ်တုံးနှင့် ချုံပုတ်များ ပေါ်သို့လည်း အလစ်မပေး။

ရှေ့လှေက မိမိတို့ထက် လက်ဦးသွားလျှင်ဖြင့် ခဲလေသမျှ သဲရေကျရတော့မည်။

သို့သော် ခရီးသွားဟန်လွှဲ ဆိုသလို ချုံပုတ်များ၊ ဒိုက်ပျက်များ၊ သစ်တုံးများပေါ်တွင် ပါလာတတ်သော မြွေများကိုလည်း ကောက်သင်းကောက်ရမည်သာ။

ထို့ကြောင့်လည်း စွန်ရဲမျက်စိ စက်ရုပ်လက်ကဲ့သို့ တရစပ် တစ်ပြိုင်နက် အလုပ်နှစ်ခု လုပ်နေခြင်း။

ဦးတွင် ထိုင်နေသည့် ဆရာကြွက်နီကား ပကတိ ကျောက်ရုပ်။ အောက်ခံအင်္ကျီမပါဘဲ တိုက်ပုံအနက်ကို ကြယ်သီးပြည့်တပ်ဝတ်ထားသည်။ အောက်ပိုင်းတွင်လည်း ရှမ်းဘောင်းဘီနက်ကို ဝတ်ထားလိုက်သေးသည်။

တစ်ချီ တစ်ချီတွင် တုတ်ခိုင်သော လည်ပင်းကို ဆတ်ခနဲ၊ ခွပ်ခနဲ အကြောလျှော့လိုက်သည့်အခါ ခေါင်းတွင် ပေါင်းထားသော တဘက်ကြီးကသာ ဘယ်ညာကို လှည့်ခြင်းမှတစ်ပါး လှုပ်ရှားမှု မရှိ။

မည်သည့်အခါမဆို သွေးအေးသလောက် လက်မြန် ခြေမြန် နိုင်လှသော ဆရာကြွက်နီကို ငွေသောင်း လိုက်မမီ။ ဒါကြောင့်လည်း ဆရာဆိုသည် တပည့်ထက် အမြဲတစ်ကွက် ကျောနေ၊ သာနေ၊ လက်ဦးနေတာ ထင်ပါ့။

ခရီးတစ်လျှောက်လုံး သီလဝ လုပ်လာခဲ့သော ဆရာ ကြွက်နီ၊ အမြစ်မှကျွတ်၍ တစ်ပင်လုံး ရေတွင် မျောလာသော ကုက္ကိုပင်ခြောက်ကြီးတစ်ပင် လှေနားရောက်လာသည်တွင် ညာလက်ကို အသာ ဆန့်ထုတ်ပြလိုက်သည်။ လှေ ခဏရပ်ဆိုသည့် သဘော။

ငွေသောင်းကလည်း ချက်ဆို နားခွက်က မီးတောက် သူ။ ဆရာ့အရိပ်အခြည်ကို ကြည့်နေသူမို့ လက်တွင်းရှိ လှော်တက်ကို ရေထဲတွင် ကန့်လန့်ထိုးခံလိုက်သည်။

ပြေးနေသော ဆင်၊ တစ်ချက်ကောင်း ချွန်းအုပ် သည်ကဲ့သို့ လှေက တန့်ခနဲ ရပ်သွားသည်။ ကုက္ကိုပင် ခြောက်၏ ရေပေါ်နေသော ကိုင်းထက်တွင် တွယ်ပတ်ပါလာသည်က လုံးပတ် ခြေချင်းဝတ်ခန့်ရှိ မြွေပွေးကြီး တစ်ကောင်။

(၂)

ဆရာကြွက်နီက နာမည်ကြီး မြွေဖမ်းဆရာ။

ဝါဆို ဝါခေါင်ဆိုလျှင် တောင်ကျရေများကြောင့် ငမိုးရိပ်ချောင်း ရေလျှံတတ်သည်။ တောင်ကျရေတို့က မျက်စိတစ်ဆုံး ကျယ်ပြန့်လှသည့် လယ်ကွက်များကို ပင်လယ်လေးတစ်ခုအဖြစ် ဖန်တီးလိုက်သည်။

များစွာသော ကောက်ပင်များ ရေထဲမြုပ်၊ ရေထဲ မျောပါကုန်တော့သည်။ ထိုအခါ ရေဘေးဒဏ်ကို လူသားများသာမက မြေပြင်ပေါ်ရှိ ကြွက်နှင့် မြွေများပါ အလူးအလဲ ခံကြရတော့သည်။ မြွေရော ကြွက်များပါ ရေလွတ်ရာဆီသို့ ပြေးကြရသည်။

အစဉ်အလာအရ ကြွက်သည် မြွေစာဖြစ်သော်လည်း ဘေးဒုက္ခနှင့် ကြုံတွေ့ရပါမူ သစ်တစ်ပင်တည်း အတူမျောနေသော မြွေသည် ကြွက်ကို အန္တရာယ် မပြု။ ဒုက္ခသည် အချင်းချင်း စာနာသည်ထင့်။

ကားလမ်း ရေကျော်တတ်သော ငမိုးရိပ်ချောင်း ရေလျှံမှုကြောင့် တွင်းထဲ နေမရတော့သော မြွေဆိုးများသည် ရရာ ဒိုက်ပုံ၊ အမှိုက်ပုံ၊ သစ်လုံး၊ သစ်ကိုင်း၊ သစ်ပင်၊ ကိုင်းပုတ်၊ ဗေဒါပုတ် ရရာကို စီးနင်း၍ အန္တရာယ်မှ လွတ်အောင် ပြေးကြရသည်။

ဤသို့သော အချိန်ကောင်းနှင့် ကြုံတွေ့ရသော အခွင့်ကောင်းကို ဆရာကြွက်နီတို့ ဆရာတပည့်နှစ်ဦး လက်လွတ်မခံ။

ရေဆိုသည်က တစ်နှစ်တစ်ကြိမ် မှန်မှန်ကြီးခြင်း မဟုတ်။ ဝါထပ်နှစ်များတွင်သာ ရေကြီးတတ်ခြင်း ဖြစ်သည်။

မြစ်ရေကြီး၊ ချောင်းရေလျှံခိုက် တစ်ကျင်းဖော်၊ တစ်ချုံလျှိုး၊ တောင်ပို့ဖြိုမနေရဘဲ ရေထဲ မျောပါလာသည့် ငွေတုံးငွေခဲ(မြွေ)များကိုမှ မဆယ်ယူလျှင် သူတို့ထက်မိုက်သူ ရှိမည်မဟုတ်။

သာမန်လူများကသာ မြွေဆို ဝေးဝေးက ရှောင်နေကြသော်လည်း ဘဝတူ မြွေဆရာတို့က ဤ(ရေကြီးခြင်း) သတင်းကို နားစွင့်နေသူများပီပီ သူ့ထက် ငါ ဦးအောင် ရောက်လာတတ်ကြသည်။

တောထဲ၊ တောင်ထဲ မှိုရှာထွက်သူချင်းတူတူ မှိုအများ အပြား ရလာသူ၏ မျက်နှာကို မှိုရသည့်မျက်နှာဟု ပြောတတ်သလို သူတို့ မြွေဆရာလောကတွင်လည်း မြွေရသူတို့မျက်နှာက ဂုဏ်ရှိသည်။

ကျေးဇူးရှင် တောင်သူလယ်သမားကြီးများနှင့် တောသူတောင်သားတို့ကို အန္တရာယ်ဆိုးမှ ကာကွယ်တားဆီးပေးခြင်းဖြစ်၍လည်း ကုသိုလ်လည်းရ ဝမ်းလည်းဝသောအလုပ် ဖြစ်သည်။

မူလက ဆရာတပည့်နှစ်ယောက် တောထဲတောင်ထဲ သွား၍ ကြီးပေ့၊ ဆိုးပေ့၊ အဆိပ်ပြင်းပေ့ဆိုသော မြွေဆိုးများကို ဖမ်း၍ မြွေအလမ္ပာယ်ပြ၊ လက်လှည့်၊ မျက်လှည့်ပြ၍ မြွေဆေးရောင်းကြသည်။ ဤအလုပ်က မကိုက်။

မြွေဆရာဆိုသည်က သစ္စာတည်ရသည်။ ငါးပါးသီလ မြဲရသည်။ စရဏတရား အားကောင်းအောင် သမထကျင့်စဉ်ခိုင်မြဲရသည်။

ဖမ်းဆီးရလာသည့် မြွေကို အချိန်ကာလ အကန့် အသတ်နှင့် ခိုင်းရသည်။ ကောင်းကောင်းကျွေးရသည်။ ကန့်သတ်ကာလစေ့လျှင် မြွေကို (မူလ) ဖမ်းလာခဲ့ရသော နေရာသို့ ပြန်လွှတ်ပေးရသည်။

ကတိပျက်လျှင် အသက်ပေးရတတ်သည်။ အသက်နှင့် ရင်းရသည့် ကတိကို ဖျက်မိ၍ အသက်လျော်ကြေးပေးဆပ်ရသည့် မြွေဆရာများ လည်း မနည်းတော့။

မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း (ဘီပီအိုင်)မှ မြွေပွေး၊ မြွေဟောက်များ ဝယ်ယူသည့်သတင်းကို ကြားလျှင်ပင် ဆရာကြွက်နီနှင့် ငွေသောင်း မြွေဖမ်းချင်သော ချင်ခြင်း တပ်လာသည်။ ဈေးကလည်း မဆိုး။ မြွေဟောက်တစ်ကောင် ၂-ကျပ် ၅၀-ပြား၊ မြွေပွေး တစ်ကောင် ၃-ကျပ်၊ ပြန်လွှတ်ပေးရမည်ဟူသော ကတိသစ္စာလည်း မလို။ မိမိလက်နှင့်လည်း သတ်ရသည် မဟုတ်။ မြွေဆေးဖော်စပ်ရာတွင် မြွေဆိပ်ကို ထုတ်ယူခြင်းသာ ဖြစ်သည်။

တကယ့် မွန်မြတ်သော တိုင်းကျိုးပြည်ပြုလုပ်ငန်း။ ဆရာတပည့်နှစ်ယောက် လိုအပ်သော ရိက္ခာ၊ ပစ္စည်းကိရိယာများ စုဆောင်း၍ ထွက်ခဲ့ကြပြီ။

(၃)

ရေထဲမြုပ်တစ်ဝက်၊ ပေါ်တစ်ဝက် ဖြစ်နေသော ကုက္ကိုကိုင်းတွင် မြွေပွေးကလည်း ကိုယ်ကို ရစ်ပတ်၍ ဦးခေါင်းကို သစ်ကိုင်းတွင် မှေးတင်၍ ပါလာခြင်း ဖြစ်သည်။ မြွေပွေးကို မြွေဟောက်ဖမ်းသည်ထက် ပို၍ ဂရုစိုက်ရသည်။ မြွေပွေးသည် သူ့ကို မထိ၊ မကိုင်သရွေ့ အန္တရာယ်မပေး။ အသံလည်း မပြု။ မကိုက်။

သို့သော် သူ့ကို ထိမိပြီဆိုလျှင် မြွေဟောက်ထက် ဆယ်ဆခန့်မြန်သော လျင်မြန်မှုနှင့် ချက်ချင်း တုံ့ပြန်တတ်သည်။ မြန်သည့် နေရာတွင် အမြီးကို လာနားသော ယင်ကောင်ပင် ပြေးမလွတ်ဟု ဆိုကြသည်။ ဤမျှလောက် မမြန်သည့်တိုင် မြွေဟောက်ထက် မြန်သည်။ အဆိပ်ပြင်းသည်က အမှန်။

မြွေဟောက်ကဲ့သို့ လျင်မြန်စွာ ရေမကူးနိုင်သော် လည်း ရေထဲတွင် ကိုယ်ဖော့၍ ငြိမ်နေတတ်သည်။ ရေထဲတွင် နာရီအတော်ကြာ ငုပ်နေနိုင်သည်။ ထို့ကြောင့်ပင် မြွေပွေးများကို နေရာတစ်ခုတည်းတွင် တွေ့ရတတ်၍ (ထိုနေရာတွင်ပင်) မပျော်လျှင် သုံးလ၊ ပျော်လျှင် သုံးနှစ်ဟု ဆိုလေ့ရှိသည်။

သူတို့နှစ်ယောက်ကို မြွေပွေးကလည်း မြင်သည်ထင့်။ တောက်ပြောင်ဝိုင်းစက်၍ အေးစက်သော အကြည့်နှင့် မမှိတ်မသုန်ကြည့်နေသည်။

ဆရာကြွက်နီရော ငွေသောင်းပါ လှေဝမ်း (အကန့်)ထဲ ချထားသော ခွတုတ်များ ကိုင်ပြီးသား အသင့်။ ဆရာကြွက်နီက ငွေသောင်းကို တစ်ချက် လှည့်ကြည့်လိုက်သည်။ မင်းမလိုပါဘူးဆိုသော အဓိပ္ပာယ်။ ငွေသောင်း ခွတုတ်ကို ချ၊ လှေဝမ်းထဲရှိ ပခြုပ်ကြီးနှစ်လုံးအနက် တစ်လုံးကို အဝ (လျှာခင်) ဖြုတ် ဖွင့်ထားလိုက်ပြီး လှော်တက်ကိုင်၍ လှေမျောမသွားအောင် အသာထိန်း၍ လှော်လိုက်သည်။

ခွတုတ်ဆိုသည်က တစ်လံခန့် အရှည်ရှိသော တုတ် တစ်ချောင်း၏ ထိပ်တွင် ခွတက်ကလေးနှစ်ခု ဖော်ထားသော ပျဉ်းကတိုးတုတ်ချောင်း ဖြစ်သည်။ ထိုခွလေးနှစ်ခွနှင့် မြွေ၏ လည်ဂုတ်ကို ထောက်၍ ဖမ်းခြင်းဖြစ်သည်။

မြွေနှင့် လူ၊ တစ်ယောက်နှင့် တစ်ကောင် အကဲခတ် လိုက်ကြသည်။ အတန်ကြာမှ ဆရာကြွက်နီ၏ ညာလက်မှ ခွတုတ်သည် စွပ်ခနဲမြည်၍ ကုက္ကိုကိုင်းပေါ်တွင် ရေထဲမှ ကြာဖူးသဏ္ဌာန် ဖြစ်နေသော မြွေပွေးခေါင်း (လည်ကုပ်) ကို ခွပြီးသား ဖြစ်နေသည်။

ဘယ်လက်မှ ခွတုတ်ကြားတွင် မိနေသော မြွေ (လည်ကုပ်)ကို ဆုပ်ကိုင်၊ ညာလက်မှ ခွတုတ်ကို ဖြုတ်၊ ငွေသောင်း ဖွင့်ထားသော ပခြုပ်ထဲ ထိုးထည့်၊ အခင် (လျှာခင်) အဖုံးကို မြန်ပိတ်၊ လျှပ်ပြက် သည်ကဲ့သို့ မြန်လိုက်ခြင်း။

မမြန်၍လည်း မဖြစ်။ အသက်ချင်း ထပ်ထားရသည် မဟုတ်ပါလား။ မြန်လှသည်ဆို၍ နာမည်ကြီးလှသော မြွေပွေး၊ လှုပ်ချိန်ပင် မရလိုက်။ ပခြုပ်ထဲမှသာ ဒေါသကြီးစွာ တရွှီးရွှီး နှာမှုတ်နေတော့သည်။

(၄)

ရှေ့တွင် ထူထပ်သော ကိုင်းတောတစ်ခုက ကန့်လန့် ခံနေပြန်သည်။ ဤနေရာသည် ရေမမြုပ်မီက ရိုးငယ်တစ်ခုလား၊ ချောင်းစွယ်တစ်ခုလား မသိ။ တစ်ခုတော့ ဖြစ်နိုင်သည်။ ကိုင်းပင်ဆိုသည်က ချောင်းစပ်၊ ရိုးစပ်တွင်သာ ထူထပ်စွာ ပေါက်တတ်သည် မဟုတ်ပါလား။

ကိုင်းပင်များမှာ ရေစီးမှုကြောင့် အငြိမ်မနေ။ တလှုပ် ရှားရှားနှင့် ယိမ်းထိုးနေကြသည်။ အချို့နေရာများတွင် လှေမဝင်နိုင်အောင် ထူထပ်လှသော ကိုင်းပင်များကို ငွေသောင်းက ပါလာသောဓားနှင့် ခုတ်ထွင် ရှင်းလင်းပြီးမှ ဝင်ရသည်။

တစ်နေရာတွင်တော့ ကိုင်းပင်များကြားမှ မသေမသပ် ထိုးထိုးထောင်ထောင်နှင့် တုတ်ချောင်းလေးများနှင့် အသိုက်ပြုလုပ်ထားသော ကြွက်သိုက်တစ်ခု။

ကြွက်သိုက်ကို တဒင်္ဂလေး စိတ်ရောက်သွားချိန်တွင် ငွေသောင်း ညာဘက်ကိုင်းပင်များကြားမှ ရှူးခနဲ အသံနှင့်အတူ လျှောခနဲ ဆင်းသွားသော မြွေဟောက်ကြီးတစ်ကောင်။

မြွေဟောက်က မြွေပွေးနှင့် ဆန့်ကျင်ဘက်။ အသံ ပေးတတ်၊ လှုပ်ရှားတတ်သည်။ ငြိမ်ငြိမ်သက်သက် မနေ ။ အရောင်က ခဲပုပ်ရောင်။ အလျားကလည်း မြွေပွေးထက် ရှည်သည်။ ပါးပျဉ်းကို ခွက်နေအောင် ထောင်၍ တရွှီရွှီ အသံပေးတတ်သည်။

မြွေဟောက်လည်ပင်းတွင် အရစ်တစ်ရစ်၊ နှစ်ရစ် ပါတတ်သည်။ ရှားရှားပါးပါး သုံးရစ် ပါတတ်သောသော မြွေဟောက်လည်း ရှိတတ်သည်။

မြွေဟောက်ဇက်တွင် ညောင်ရွက်သဏ္ဌာန်၊ သို့မဟုတ် မြင်းခွာသဏ္ဌာန် အဝါကွက်တစ်ကွက် ရှိသည်။ အချို့တွင် အဝါစက်မှာ မဆက်စပ်ဘဲ တချို့တွင် ဆက်နေတတ်သည်။ လည်ရစ်နှစ်ရစ် ဆက်နေသော မြွေဟောက်မှာ ကွင်းဆက်ဖြစ်၍ အဆိပ်ပိုပြင်းသည်ဟု ဆိုကြသည်။

ပဲ့ကိုင် ငွေသောင်းက မြွေဟောက်ကြီး ဆင်းသွားသောဘက်သို့ လှေကို ဦးတည်လိုက်သည်။ ဆရာကြွက်နီကလည်း အသင့်အနေအထား။ မြွေဟောက်က လျင်မြန်စွာ ရေထဲတွင် တွန့်လိမ်၍ ကူးပြေးသည်။

မြွေကို လှေနှင့် လိုက်နေသည်က လူသားနှစ်ဦး။ အသားကုန် ကူးလာ၍ မောလာသည်ထင့်။ မြွေဟောက်သည် ရေထဲမျောလာသော ဗေဒါပုတ်ပေါ်မှ နောက်လှည့်၍ ပါးပျဉ်းခွက်လိုက်သည်။

အခြားသူများက ကြောက်စရာဖြစ်မည် ဆိုသော်လည်း ဆရာကြွက်နီနှင့် ငွေသောင်းတို့အဖို့မူ လှယဉ်ကျေးမယ်တစ်ဦး ကိုယ်ဟန်ပြနေသည်ကဲ့သို့သာ မြင်နေသည်။

ခဲပုပ်ရောင် ရှည်လျားသော ကိုယ်ပေါ်တွင် လက်တစ်ဝါးထက် ယောင်ယောင်ကြီးသော ပါးပျဉ်း။ ပြူတစ်ပြူတစ် လျှာမည်းမည်းလေး နှစ်ခွ။

အဝါရောင် ရေနောက်ခံနှင့် အစိမ်းရောင် ဗေဒါပုတ် ပေါ်မှ ခဲသားပုပ်ရောင် မြွေဟောက်၏ လူကြီးလက်တစ်ဖဝါးထက် ကြီးသော(လှပသည့်) ပါးပျဉ်းချိန်၍ ဘယ်ညာ ခေါင်းကို ဝှေ့ယမ်းပြီး တရွှီရွှီ အသံပြုနေသည်မှာ ကြည့်ကောင်းလိုက်ပါဘိ။

ရေက ရေနက်၊ အောက်ခံ အမာမရှိ။ ဗေဒါပုတ်ပေါ်မှ မြွေဟောက်ကို ဆရာကြွက်နီ မည်သို့ ဖမ်းမည်နည်း။ ခွတုတ်သုံး၍လည်း မဖြစ်။

ငွေသောင်းက လှေဦးကို မြွေဆီတည့်တည့် (အသာ) ထိုးပေးသည်။

သည်နေရာမျိုးတွင် ဆရာတပည့် နှစ်ဦးစလုံး အပေး အယူ အရေးကြီးသည်။ ဆရာကြွက်နီက လှေဦးတွင် ဒူးတစ်ဖက်ထောင်၊ တစ်ဖက်လှဲ၍ ညာလက်ဝါးကို မြွေရှေ့တွင် ပြလိုက်သည်။

လျှပ်ပြက်သလို မြွေက ပေါက်ချလိုက်သည်။ မထိ။ နောက်တစ်ခါ မြွေရှေ့တွင် ညာလက်ဝါးကို ပြလိုက်ပြန်သည်။ ပေါက်ချလိုက်ပြန်သည်။ မထိ။

သေချာပြီ။ သည်ကောင် (မြွေဟောက်) ညာသန်။ ထို့ကြောင့် သူ့အားနည်းချက် ဘယ်ဘက်မှ ဝင်ရတော့မည်။

တစ်ချီတွင် ဆရာကြွက်နီက ညာလက်ဖဝါးကို လှစ်ခနဲအပြ၊ မြွေက တန်းခနဲ ထိုးအပေါက်၊ ဖျတ်ခနဲ အရှောင်၊ မြွေခေါင်း မထောင်မီ ဘယ်လက်မနှင့် လက်ညှိုးက မြွေ၏ လည်ဂုတ်ကို ညှစ်ပြီး ကျန်လက်ချောင်းလေးများက ဆုပ်ကိုင်ပြီးအသင့်။

ငွေသောင်း ဖွင့်ထားသော ကျန်ပခြုပ်ထဲ တန်းဝင် သွားတော့သည်။ ထိုနေ့က ဆရာတပည့်နှစ်ယောက် မြွေပွေး မြွေဟောက် အကောင်ငါးဆယ်ကျော်ခန့် ရလိုက်သည်။

နေလုံးက အနောက်ဂေါယာတွင် မေးတင်နေပြီ။ မြွေပွေးသပ်သပ်၊ မြွေဟောက်သပ်သပ် ထည့်ထားသော ပခြုပ်နှစ်လုံးနှင့် လူနှစ်ယောက် တင်ထားသော လှေလေးကား ပင်လယ်တမျှ ကျယ်ပြန့်သော ရေပြင်ကို အဆန်လှော်ခတ်လျက်။

ကျော်မင်းညွန့် (လှည်းကူး)

မှတ်ချက်။ ။ ၁၉၇၂-ခုနှစ်ခန့်က ဖြစ်ရပ်ကို ညွှန်းဆိုခြင်း ဖြစ်ပါသည်။

– ပြီး –

စာရေးသူ – ကျော်မင်းညွန့်(လှည်းကူး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *