• July 2, 2025
  • admin
  • 0

တင့်ထူး(ဇေယျဝတီ)
အန္တရာယ်ကြားက တောတွင်းသားတို့ဘဝ

ကျေးလက်နေ တောင်သူလယ်သမားများမှာ နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး လယ်ထဲတွင်ပင် လုပ်ကိုင် ရင်း အချိန်ကုန်ခဲ့ကြရသည်။ မိုးဦးကျချိန် ရောက်လာသည်နှင့် မိုးစပါး စိုက်ပျိုးကြရန် လုပ်ငန်းစကြရတော့သည်။

ပထမဦးဆုံး ပျိုးထောင်မည့် လယ်ကွက်ကို ထယ် စ၍ ထိုးကြရသည်။ ထယ်ရေးညက်လျှင် နွေကတည်းက သီးသန့်ချန်ထားသော မျိုးစပါးများကို ကြဲကြရလေသည်။ မျိုးကြဲပြီး ပျိုးထောင်ထားပြီးပါကရက်ပေါင်း အစိတ်၊ သုံးဆယ်အတွင်း ကောက်စိုက်နိုင် ရန်စိုက်မည့်လယ်ကွက်များကို အချိန်မီ သမန်းရစေရန် နေ့စဉ် ထယ်ထိုးကြရတော့သည်။

မိုးရွာရွာ၊ နေပူပူ လယ်ထဲမဆင်း၍ မရကြပေ။ စိုက်မည့်လယ်ကွက်များကို တစ်ကွက်ပြီးတစ်ကွက် ထယ် ကျွတ်အောင် ထိုးကြရသည်။ ထယ်ကျွတ်သောလယ်ကွက်ကို ပစ်ထား၍ မရ။ ကန်သင်းပိတ်ကာ ရေလှောင်ထားပေးရသည်။ ထယ်ခဲဖတ်များ ရေမြုပ်နေပါမှ ရေထဲတွင် နူးအိလာကြမည်ဖြစ်သည်။

လယ်ကွက်အားလုံး ထယ်ကျွတ်ခဲ့လျှင် သမန်းစ၍ လူးနိုင်ရန် အစဦးဆုံး ရေလှောင်ထားသော လယ်ကွက်မှစ၍ လျှော့ထုတ်ကာ ထွန်နှင့် ပတ်မောင်းကာ သမန်းလူးကြရသည်။ ထိုသို့ထွန်နှင့်မွှေလျှင် နူးအိနေသော ထယ်ခဲများ ကျေပျက်ကာ သမန်းရလာသည်။

သမန်းဆိုသည်ကတော့ လယ်တစ်ကွက်လုံး ထယ် ခဲများ ကျေပျက်အောင် ထွန်နှင့် မွှေနှောက်ထားသော ရွှံ့ပျစ်ရည်များကို သမန်းဟုခေါ်တွင်ခြင်းပင်။ထိုသို့သမန်းလူးပြီးမှ ပျိုးခင်းကနုတ်ထားသော ပျိုး တုံးများကိုချကာ ကောက်စိုက်မများက တန်းစီ၍ ပျိုးပင်ကလေးများကို ခြောက်လက်မခြား တစ်ပင်နှုန်းဖြင့် ကောက်ပင်စိပ်စိပ် စိုက်ရခြင်းဖြစ်သည်။

လယ်ကွက်အားလုံး စိုက်ပျိုးပြီးသည့်အခါ လယ်စိုက်ပြီးသည်ဟု ပြောကြသည်။စိုက်ပြီးသည့်အခါလယ်ကွက်များထဲတွင် ရေစပ်စပ်သာထားရသည်။ ဆယ်ရက်ခန့်ကြာလျှင် ကောက်ပင်ကလေးများမှာ သမန်းပြင်ထဲတွင်အမြစ်စွဲ၍ စိမ်းလန်းလာကြသည်။ ထိုကောက်ပင်များကို ကောက်ပင်လှန်သည်ဟု ပြောကြသည်။ ကောက်ပင်လှန်ချိန်ရောက်လျှင် ရေပိတ်လှောင်ထားပေးရသည်။ စပါးပင်သည် ရေကြိုက်သော အပင်မျိုးဖြစ်သည်။ကောက်ပင်ရင်းတွင် ရေရှိနေလျှင် လျင်မြန်စွာ ရှင်သန်ကြီးထွားလာကြသည်။

မိုးကျော်က သူ၏ စိုက်ပြီးသော လယ်ကွက်များတွင် ကတွတ်ပေါက်များ လိုက်ပိတ်ပေးနေသည်။

“ဟေ့ မိုးကျော်မင်းစပါးခင်းတွေကို ရေလှောင်နေပြီလားဟေ့”

“အေးလေ မြအောင်ရာ ကောက်ပင်တွေ လှန်လာပြီး စိမ်းလာနေတော့ ရေလိုနေကြပြီလေကွာ”

“အေး ငါ့လယ်ကွက်တချို့ကိုလည်း ရေလှောင်ပေးနေရပြီကွ။ အဲဒီလယ်ကွက်တွေက အစောဆုံးစိုက်ထားတဲ့ အကွက်တွေလေ”

လယ်စိုက်သည်မှာရေလှောင်ချိန်၌ ရေလှောင်ပေးရ၏။ ကောက်ပင်တွေ ပိုးကျလျှင် ဆေးဖြန်းပေးရသည်။ စိုက်ပျိုးပြီးပြီဆိုပြီး ပစ်ထား၍မရ။ နှစ်ရက် တစ်ပတ်ဆိုသလို လယ်ထဲ ပေါက်တူးထမ်းပြီး လိုက်ကြည့်ပေးရသည်။

သီတင်းကျွတ် တန်ဆောင်မုန်းလထဲ ရောက်လာလျှင် ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်းဆိုသည့်အတိုင်း စပါးပင်များ ဖုံးလာကြတော့သည်။ ဆောင်းရောက်လျှင်တော့ ရင့်မှည့်ပြီး ရိတ်သိမ်းကြရမည်ဖြစ်သည်။

“ဟေ့ မိုးကျော် မင်း ဒီဆောင်းမှာ မတ်ပဲစိုက်ဦးမှာလားကွ”

“ဟာ စိုက်ရမှာပေါ့ကွ။ မတ်ပဲက ဈေးကောင်းရတယ်လေ”

“မင်း ဝမ်းစာဆီအတွက် မြေပဲကော စိုက်ဦးမလားကွ”

“မစိုက်တော့ဘူးကွ။ မြေပဲက ထယ်ရေးညက်အောင် ထယ်အထပ်ထပ် ထိုးရတဲ့အပြင် ပဲမျိုးဈေးကလည်းကြီးတယ်လေ။ ဒါကြောင့် မတ်ပဲ ပိုစိုက်ပြီး ဆီပြန် ဝယ်ထားမယ်ကွာ”

“အေး ငါလည်း အဲဒီလိုပဲလုပ်မယ်လို့ စိတ်ကူးထားတယ်ကွ”

စပါးရိတ်သိမ်းပြီးလျှင် ဆောင်းသီးနှံများ ဆက်စိုက်ဖို့ တာစူကြရပြန်သည်။ ဆောင်းဥတုရောက်ပြီး စပါးရိတ်ပြီးသော ရိုးပြတ်ကွက်များကို မတ်ပဲကြဲကာ ထယ်ထိုးပြီး ကြမ်းတုံးဖြင့် နှစ်ပြန်ခန့်ရိုက်ပြီး စိုက်ကြရပြန်သည်။ မတ်ပဲစိုက်ရသည်က အလုပ်သိပ်မများပေ။ ကြဲပြီး ထယ်ခပ်ကျဲကျဲထိုးကာ ကြမ်းတုံးရိုက်ထားပြီးသည်နှင့် လေးငါးရက်ကြာလျှင် ပဲပင်ကလေးများ ပေါက်ထွက်လာကြတော့သည်။

တချို့လယ်သမားများက ပဲနောက်၊ အသင်းပဲ၊ ကုလားပဲ၊ ပဲစင်းငုံပြောင်းတို့ကိုပါ ထည့်ကြဲထားကြသည်။

ဆောင်းသီးနှံများစိုက်ထားပြီးလျှင် တလင်းထဲတွင် ပုံထားသော ကောက်ဆိုင်ပုံများမှ စပါးထုံးများကို တလင်းထဲ စီဖြန့်ကြရသည်။

ပြီးလျှင် ကျွဲ နွား များနှင့် စပါးနယ်ကြရသည်။ တလင်းကျယ်တွင် ကောက်ပြန့်ထားပါကလှည်းကောက်၍ လှည်းနှင့် ပတ်မောင်းကာ စပါးနယ်ကြ သည်။ တချို့က ထွန်စက်ရှိလျှင် ထွန်စက်နှင့် နယ်လေသည်။ စပါးနယ်၍ အသီးများ ကြွေလောက်သည့်အခါ ကောက်ဆွကာ ကောက်ရိုးများ ချရသည်။

ထိုအခါ စပါးနှင့် ကောက်မှော်များ ရောနေသော ကောက်မှော်ပုံကို ရရှိလာသည်။ ထို ကောက်မှော်ပုံအား ရှေ့စင်နှင့်ဖြစ်စေ လူအုပ်နှင့်ဝိုင်းယက်၍ဖြစ်စေ ပြုလုပ်လိုက်သောအခါ ကောက်မှော် တခြား စပါးတခြား ရလာသည်။

ထိုရလာသော စပါးကိုမှ မျိုးစပါးချန်ကာ ကျန်သောစပါးများကို ဝမ်းစာဆန် ကြိတ်ရသည်။ ဝမ်းစာစပါးကိုလည်း ပုတ်ထဲထည့်၍ လှောင်ထားပြီး အပိုအလျှံစပါးများကို ပေါက်ဈေးနှင့်ရောင်းချကြရလေ သည်။ ထိုသို့ စပါးပြီးသွားချိန်ကို တလင်းသိမ်းချိန်ဟု ခေါ်သည်။

ဆောင်းကုန်၍ နွေဦးရောက်လာလျှင် နွေအလုပ်များဖြစ်သော အိမ်ပြင်၊ ထင်းဝါးတိုက်၊ လယ်ထဲ နွားချေးချအလုပ်များ ဆက်လုပ်ကြရပြန်လေသည်။

“ဟင် မိုးကျော် … လှည်းကို လှည်းအိမ်ဖြုတ်ချပြီး လှည်းမြီးတိုကို လှည်းဆီထိုးနေပါလားကွ”

“အေးလေကွာ နွေလွန်ရင် မိုးပြန်ရောက်လာတော့မှာဆိုတော့ အခုကတည်းက အိမ်ပြင်ထားကြရမှာပဲ လေ”

ကျေးလက်နေထိုင်သူများက များသောအားဖြင့် သစ်ဝါးများနှင့်ဆောက်ပြီး သက်ကယ်ဓနိတို့ဖြင့် မိုးပြီးသောအိမ်များ ဖြစ်သည်။ ထိုအိမ်များကို တစ်နှစ်တစ်ခါ အသစ်ပြန်မိုးကြရလေသည်။ သို့မှသာ မိုးတွင်းရောက်လာလျှင် မိုးဘယ်လောက်ပဲကြီးကြီးမိုးလုံနိုင်သည်။

တချို့အိမ်များက ခိုင်ခိုင်မာမာ ဆောက်ထား၍ တိုင်မလဲရပဲ အမိုးဟောင်းကိုသာ အသစ်ပြန်မိုးပေးကြရသည်။

“မိုးကျော် -မင်း တောင်ပေါ်တက် ဝါးခုတ်သွားဦးမှာလားကွ”

“ဝါးတစ်ခေါက်လောက်တော့ တက်ခုတ်ရမှာပဲ မြအောင်ရ”

“ငါလည်း တက်ခုတ်ရမှာမို့ မင်းသွားရင် ငါ့ကိုပြောဦးကွာ။ အတူတူ သွားခုတ်ကြတာပေါ့”

မိုးကျော်တို့မှာ အိမ်ပြင်ပြီး ပြန်၍မိုးပြီးသွားလျှင် မိုးတွင်းစာအတွက် တောင်ပေါ်မှ ထင်းတုံးများ တက်ဆွဲကြရသည်။

“မြအောင်ရေ ဒီအပင်ဟာ သစ်ဆတ်ပင် မဟုတ်လားကွ”

“အေး ဟုတ်တယ်လေ။ ဘာလဲ … မင်းက အဲဒီအပင် လှဲချင်လို့လား။ ထင်းရော ကောင်းလို့လားကွ”

“ဟာ မင်း သစ်ဆတ်သားအကြောင်း မသိသေးဘူးထင်တယ်။ ဒီသစ်ဆတ်သားက ပိုင်းဖြတ်ပြီး ပေါက်ခွဲရင် သိပ်လွယ်တာကွ။ ပြီးတော့ ထင်းလည်းကောင်းတယ်လေ”

“ဟုတ်လား ဒါဖြင့် ဒီအပင်ကို ဖြတ်လှဲကြမယ်ကွာ”

နှစ်ယောက်သား အပင်ရင်းနားမှ လွှတိုက်၍ ဖြတ်လှဲခဲ့ကြသည်။ သစ်ပင်လဲသောအခါ ကျွဲနွားတစ်နိုင်အတွက် ဆယ်တောင်စီ ပိုင်းဖြတ်ပြီး တုံးထိပ်၌ နဖားဖောက်ခြင်း၊ တုံးထိပ်အောက်ဘက်၌ လူးချွန်ပြီးထားခဲ့ကြသည်။

“မြအောင်ရေ ငါတို့ မနက်လေးနာရီလောက်ထပြီး လှည်းနဲ့ ရွာက ထွက်လာကြမယ်နော်။ ဒါမှ တောင်ပေါ်က ထင်းတုံးတိုက်ပြီး လှည်းပြန်မောင်းလာရင် နွားတွေ နေသိပ်မပူမှာကွ”

“အေးလေ စောစောသွားကြတာပေါ့။ တောင်ပေါ်ရောက်ရင် ထင်းတုံးက အဆင်သင့်ဖြတ်ထားပြီးသားဆိုတော့ သံကြိုးချိတ်ပြီး ဇွတ်ဆွဲချရုံပဲလေကွာ။ လှည်းစခန်းရောက်တော့ ထင်းတုံးကို လှည်းပေါ်တင်ပြီးရင် ပြန်မောင်းလာခဲ့ရုံပဲဆိုတော့ နေသိပ်မပူခင် ရွာပြန်ရောက်နိုင်ပါတယ်ကွာ”

သူတို့အိမ်အတွက် မိုးတွင်းစာ ထင်းတိုက်ရသည်ကထင်းတုံးလေးငါးခြောက်တုံး တိုက်ကြရသည်။ အိမ်ရောက်လျှင် ထိုထင်းတုံးကို တံတောင်တိုစီ ပိုင်းဖြတ်ရသည်။ ထိုတံတောင်တို အပိုင်းများကို ပေါက်ခြမ်း၍ တလင်းထဲတွင် နေလှန်းထားကြရသည်။ မိုးနားနီးမှ ထင်းစင်ဆောက်ကာ ထိုပေါက်ခြမ်းအခြောက်များကို စီထပ်ပြီး သွင်းထားကြရသည်။ မိုးတွင်းရောက်လာလျှင် ထမင်းဟင်းချက်ရန် ထိုထင်းစင်မှ ထင်းခြမ်းကို ပေါက်စိတ်၍ ထင်းဆိုက်ကြရသည်။

မိုးကျော်တို့ မြအောင်တို့ လယ်သမားများမှာ မိုးအလုပ်၊ ဆောင်းအလုပ်၊ နွေအလုပ်များ ပြီးစီးခဲ့ကြလေပြီ။ နွေအခါ ထင်း ဝါး စုံပြီး လယ်ထဲ နွားချေးချပြီးပါက အလုပ်အားသွားခဲ့ကြတော့သည်။

ရွာထဲကတချို့မှာ အလုပ်များအားသွားကြသည်နှင့် အရက်ရောင်းသည့် အိမ်၊ ထန်းရေရောင်းသော ထန်းတောသို့ သွားကြကာ သောက်စားမူးယစ်ခဲ့ကြသည်။ တချို့က ဖဲရိုက်၊ ကြက်တိုက် လုပ်ကြသည်။ တချို့ဆိုလျှင် တစ်မိုးတွင်းလုံး ပင်ပင်ပန်းပန်း ကျွဲနွားနှင့်အတူ ဖက်ရုန်း၍ လုပ်ယူခဲ့ရသော စပါးများနှင့်ပင် ဖဲရိုက် ကြက်တိုက် လုပ်ကြကာ ဝမ်းစာစပါးတောင် မကျန်တော့သည့် အခြေအနေအထိ ဘဝပျက်ခဲ့ကြသည်။

မိုးတွင်းရောက်တော့ စားစရာဆန်က မရှိ။ လယ်ဆင်းစရာစရိတ်က မရှိလေတော့ စီးပွားရေးတောင့်တင်းသူများထံမှ စပါးပေးနှင့် ငွေချေးငှားလုပ်ကြရသည်။

အချိန်တန်တော့ အကြွေးပြန်ဆပ်ပေးရတော့ ထို လယ်သမားမျိုးမှာ အကြွေးယူလိုက် ပြန်ဆပ်လိုက်နှင့်ပင် နာလန်မထူနိုင်အောင် ဖြစ်ကြရလေသည်။

မိုးကျော်တို့ မြအောင်တို့ကတော့ ထိုလူများကဲ့သို့ ဟော့ဟော့ရမ်းရမ်း မလုပ်ကြပေ။ သူတို့ကစီးပွားရေးသမားများ ဖြစ်ကြသည်။ ယခုနွေဘက်ရောက် ၍ အလုပ်အားနေကြသောအခါ ဝင်ငွေရရှိနိုင်မည့်အလုပ်ကို ရှာဖွေနေကြလေသည်။

“မြအောင်ရေ ငါတို့ လယ်ထဲ ပြန်မဆင်းရခင် အားနေချိန်မှာ ကြိမ်သမားတွေနဲ့ တောထဲ ကြိမ်လိုက်ခုတ်ကြရရင် မကောင်းဘူးလားကွ”

“ဟာ ငါတို့က ကြိမ် တစ်ခါမှ မခုတ်ဖူးတာပဲ။ လိုက်ခုတ်လို့ ဖြစ်ပါ့မလားကွ”

“ဟာ…ကွာ ကြိမ်ခုတ်အဖွဲ့နဲ့ လိုက်သွားပြီး သူတို့ခုတ်သလို ကြည့်ပြီး ခုတ်ကြတာပေါ့ကွာ”

သူတို့အရပ်သို့ ကြိမ်ဝယ်သူများက နှစ်စဉ် နွေရောက်လာသည်နှင့် ကြိမ်လာကောက်ကြသည်။ ပထမကြိမ်အရွယ်အစားနှင့် အရှည်ကို သတ်မှတ်ပေးပြီး ဝယ်ဈေးကိုပါပြောပြီး မှာယူကြသည်။ သူတို့မှာသည့်အတိုင်း တောင်ပေါ်တောထဲသွားကြကာ ကြိမ်များကို အနာအဆာလွတ် ခုတ်ပြီး ခွေကာ ထမ်းသယ်လာကြသည်။ ရွာရောက်လျှင် ကြိမ်ဝယ်သူများ ကြိမ်သွင်းပြီး ငွေရှင်းယူကြရသည်။ တချို့ဆိုလျှင် တောထဲမှ ကြိမ်ခုတ်၍ ခွေပြီး ထမ်းပိုးနှင့် တစ်ဖက်လျှင် သုံးလေးခွေထည့်ပြီး ကြိမ်ခွေခြောက်ခွေ၊ ရှစ်ခွေ ပါအောင် ထမ်းနိုင်ကြလေသည်။

မိုးကျော်တို့လည်း ကြိမ်ခုတ်သည့်အဖွဲ့နှင့်အတူ လိုက်ကာ ခုတ်ပုံခုတ်နည်းများ အတုယူ၍ ခုတ်ကြရလေသည်။

ကြိမ်ခုတ်သည်က အပြောသာ လွယ်သည်။ ကြိမ်တောရောက်၍ လက်တွေ့ခုတ်ကြည့်သောအခါ တော်တော်အန္တရာယ်များလှသည်။

တောတောင်ထဲ တွင် တောတိုး၍ ကြိမ်ပင်ရှာဖွေရသည်။ ကြိမ်ပင်များက မြေမှာပေါက်ပြီး သစ်ပင်ကြီးများပေါ် နွယ်တက်နေကြ၏။ ကြိမ်တစ်ပင်လုံး အခွံများနှင့် ဆူးများက ပြည့်နေ၏။

အပင်သန်လျှင် သန်သလောက် ဆူးများကလည်း ကြိမ်အခွံပတ်လည်တွင် နှစ်လက်မ သုံးလက်မခန့်အရှည်ရှိ ဆူးကြီးများ ပေါက်ထွက်နေသည်။

ထိုဆူးများကို တက်နင်းမိလျှင် ခြေဖဝါး ထုတ်ချင်းပေါက်သွားနိုင်သည်။ ထိုကြိမ်ပင်အရင်းသို့ ဆူးမစူးမိအောင် သတိနှင့်သွားရပြီး အရင်းနားက ဓားနှင့် ခုတ်ဖြတ်ရသည်။ ဖြတ်သွားလျှင် လက်ကိုင် ၍ရအောင် ဆူးအခွံများကို ဓားနှင့် သင်ယူရသည်။ သင်ပြီးပါက လက်နှစ်ဖက်နှင့်ကိုင်ကာ သစ်ပင်ပေါ်က အောက်ကို ဆွဲချရသည်။ အောက်သို့ရောက်မှ ဆူးခွံများကို ဓားနှင့်သင်လိုက်လျှင် ကြိမ်သား အတိုင်း ကြိမ်ကိုရသည်။ ထိုကြိမ်ကို တစ်ခွေစာအရှည်တိုင်းပြီး ဖြတ်ကာ ခွေယူရခြင်းဖြစ်သည်။

မိုးကျော်တို့လည်း အစတစ်ခေါက် နှစ်ခေါက်တွင်ကြိမ်ခုတ်နည်းသိအောင် အတူလိုက်ခုတ်ခဲ့ကြသည်။

“မြအောင်ရေ ငါတို့ကြိမ်ခုတ်အဖွဲ့နဲ့ အတူလိုက်ခုတ်နေရတော့ ကြိမ်အရ နည်းတယ်ကွာ။ အခုဆိုရင် ငါတို့ ကြိမ်လည်းခုတ်တတ်ကြပြီပဲ။ ဒီတော့ မင်းနဲ့ ငါ သူတို့နဲ့အတူ မလိုက်ပဲ ငါတို့ချည်း ခွဲထွက်ပြီး ခုတ်ကြမှပဲကွ”

“အေး ကောင်းတယ်။ ဒါမှ ငါတို့ ကြိမ်ခွေတွေများများ ခုတ်ယူလို့ရမှာလေကွာ”

နှစ်ယောက်သား ခွဲထွက်၍ ကြိမ်ခုတ်တက်လာခဲ့ကြသည်။

“မြအောင်ရေ ငါ ခုတ်ထားတဲ့ကြိမ်ပင်က အောက်ကိုဆွဲချလို့မရလို့ လာဆွဲချကူဦးကွာ”

“ဟေ့ အောက်ကိုလည်း သေချာကြည့်နင်းနော်။ ကြိမ်ဆူးစူးမိရင်တော့ တစ်နေ့စာဖူလုံပြီး အိမ်မှာ ဆေးကုနေရမယ်ဟေ့”

“ဟင် ဆွဲချလို့မရဘူးကွ။ သစ်ပင်ပေါ် တက်ဖြတ်ချမှရမှာပဲ”

မြအောင်က ကြိမ်နွယ်တက်နေသော သစ်ပင်ကြီးအနီးရှိ သစ်ပင်မှ ခက်ခက်ခဲခဲတက်ကာ ရစ်ပတ်နေသော ကြိမ်ပင်ကို ဖြတ်ချလိုက်သည်။ ထိုအခါမှ ဆွဲ ချ၍ ရလေတော့သည်။

သူတို့ နွေဘက်အားလပ်နေချိန်တွင် တောတက်ကြိမ်ခုတ်သွင်းပေးခဲ့သဖြင့် ကြိမ်ဖိုးပင် အတော်ရခဲ့ကြလေသည်။

“မြအောင်ရေ ငါတို့ တခြားတော တစ်တောဘက်ပြောင်းပြီးကြိမ်ခုတ်မှပဲ ကွ။ဒီတောဘက်မှာကခုတ်သူတွေများ နေလို့ကြိမ်ပင်ရှာရတာ မလွယ်ဘူး”

သူတို့ကြိမ်ခုတ်သူများမှာ တောတိုး၍ ကြိမ်ပင်ရှာခုတ်ကြခြင်းဖြစ်လေရာ တစ်ခါတစ်ရံ ကြိမ်ရှာရင်း တောကြီးမြွေဟောက်နှင့်တွေ့ ပြီး ထွက်ပြေးကြရသည်။ တချို့ဆိုလျှင် ကျားနှင့် ပက်ပင်းတိုးပြီး သေပြေးရှင်ပြေး ပြေးခဲ့ကြရသည်။ တချို့ဆိုလျှင် ကြိမ်ပင်ဆွဲချရာမှ မြွေပါ ရော၍ကျလာသည်ကို တွေ့ခဲ့ကြရသည်။ အန္တရာယ်ကို မတွေ့ တွေ့အောင် ရှာနေသူများနှင့် တူလှသည်။

သည်နေ့တော့ မိုးကျော်နှင့် မြအောင်တို့နှစ်ယောက် တောပြောင်းကာ ကြိမ်ခုတ်နိုင်ရန် ခပ်စောစောပင် ရွာမှ ထွက်လာခဲ့ကြသည်။ ကြိမ်က တောနက်ထဲ၌သာ အပေါက်များသဖြင့် သူတို့လည်း တောနက်ရာသို့ တက်လာခဲ့ကြ၏။

“ဟာ သည်တောက သစ်ပင်ကြီးတွေလည်းပေါ၊တောလည်းထူထပ်တော့ ကြိမ်တော တွေ့နိုင်တယ်ဟေ့”

နှစ်ယောက်သားတောတိုးဝင်လာကြကာ ကြိမ်ပင်များ ရှာဖွေကြ၏။

“ဟေ့ မိုးကျော် ဟိုတောင်စောင်း အောက်ဘက်အနိမ့်ထဲမှာဆိုရင် ကြိမ်ပင်တွေ တွေ့နိုင်တယ်ကွ။ ငါတို့ အဲဒီနေရာဘက်ကို ဆင်းသွားပြီး ရှာကြရအောင်”

သူတို့လည်း တောခုတ်ထွင်၍ တောင်စောင်းထဲအရောက် ဆင်းရှာလာခဲ့ကြသည်။

“ကျည် – ကျည် – ကျည်”

“ဝူး – ဝူး”

“ဖြောင်း – ဖြောင်း”

“ဟာ ဘာသံတွေလဲ မိုးကျော်”

“အေး – နားစွင့်ကြည့်စမ်းကွာ”

“ဟာ- တဖြောင်းဖြောင်းနဲ့ တိုးလာနေတဲ့ ဆင်အုပ်ကြီးပဲကွ”

“ဟင် ဒါဆို မဖြစ်ဘူးကွ၊ ပြေးမှပဲ”

“ဟေ့ … ဟေ့ မိုးကျော် မင်းရှေ့နားမှာ တောဆင်ကြီးရောက်လာနေပြီ”

မိုးကျော်လည်း နောက်သို့မကြည့်ပဲ ပြေးမိပြေးရာ စွတ်ပြေးတော့သည်။ မြအောင်ကလည်း လွတ်ရာသို့ပြေးသွားလေရာ တစ်ယောက်တစ်ကွဲစီ ဖြစ်သွားခဲ့ကြသည်။

သစ်ပင်ကြီးများက ထူထပ်စွာ ပေါက်နေသဖြင့် ဆင်ကြီးများ၏ ကိုယ်လုံးများမှာ မဝင်ဆံ့၍ သစ်ပင်ကြီးများကိုဖယ်ရှားပြီးမှ လိုက်နေကြရ၍ သူတို့ရှေ့က အသားကုန်ပြေးနေခြင်း ဖြစ်သည်။

အစွယ်ကြီးငေါငေါနှင့် တောဆင်ရိုင်းတစ်ကောင်မှာ မိုးကျော်နောက်က ထက်ကြပ်မကွာ လိုက်နေသဖြင့် မိုးကျော် အသက်ပင် မရှူနိုင်ပဲ ရှေ့က သေပြေးရှင်ပြေးပြေးနေခဲ့ရသည်။

တစ်နေရာအရောက်တွင် တောင်ကမ်းပါးယံ ယအစွန်းကြီးတစ်ခုသို့ ရောက်သွားကာ ဆက်ပြေးစရာ မရှိတော့သဖြင့် နောက်ဘက်ပြန်လှည့်ကြည့်မိလိုက်သည်။

“ဟိုက် တောဆင်ကြီး ငါ့ကို မီခါနီးနေပြီပဲ”

“ခက်ပြီ ငါ့ရှေ့မှာလည်း တောင်ကမ်းပါးယံအစွန်းကြီးပဲ ရှိနေတော့ ပြေးလမ်းက ဆုံးနေပြီ”

တောဆင်ရိုင်းကြီးမှာ မီခါနီးအခြေအနေမှန်း သိလေဟန်ဖြင့် နောက်က အမြန်ပြေးလိုက်လာနေသည်။

“ငါ ဘာဆက်လုပ်ရပါ့မလဲပဲ။ ဆက်ပြေးစရာလည်း မရှိ၊ ရပ်နေပြန်ရင်လည်း တောဆင်ကြီး မီလာပြီး အစွယ်ကြီးနဲ့ ထိုးသတ်၊ ခြေထောက်ကြီးနဲ့ စိစိ ညက်ညက်ကျေအောင် နင်းသတ်ခံရတော့မှာပဲ”

ထိုသို့တွေးမိနေချိန်၌ ခပ်လှမ်းလှမ်းတွင် ဆင်လိုက်၍ပြေးနေသော မြအောင်က မိုးကျော်ကို လှမ်းတွေ့ မြင်သွားလေသည်။

“ဟေ့ကောင် မိုးကျော် ပြေးတော့လေ။ မင်းရပ်နေတော့ နောက်က ဆင်ကြီး မီလာတော့မယ်လေ”

“ဟာ ငါ့အနား ဆင်ကြီး ရောက်လာပြီ။ အို ဆင်နင်းသတ်လို့တော့ မသေဘူး။ ဒီတောင်ကမ်းပါးယံအစွန်းကနေ အောက်ဘက်ကို ခုန်ချမယ်။ ကံကောင်းရင် အသက်ရှင်ခွင့် ရချင်ရမှာပဲ”

“ဟေ့ မိုးကျော် ငါ ပြေးနေတဲ့ဘက်ကို အမြန်ပြေးလာခဲ့လေ”

“ဟင် မိုးကျော် တောဆင်ကြီး သူ့ အနား ရောက်လာခဲ့လို့ တောင်ကမ်းပါးယံအစွန်းကြီးက အောက်ဘက်ကို ခုန်ဆင်းသွားပါလား”

ထိုစဉ် တောဆင်ကြီးမှာ မြအောင်ဘက်လှည့်ကာ လိုက်လေတော့သည်။ မြအောင်လည်း ထိုနေရာမှ ရှေ့ဘက် တောင်စောင်းအတိုင်း ပတ်၍ ပြေးရလေတော့သည်။ သူ တောင်စောင်းအတိုင်း အတော်ဝေးဝေးပြေးလာခဲ့ပြီး နောက်ကို လှည့်ကြည့်မိ၏။

“ဟာ တောဆင်ကြီး တောင်စောင်းလမ်းဆိုတော့ မပြေးနိုင်ပဲ ပြတ်ကျန်နေခဲ့ပါလား”

“မိုးကျော်ကတော့ တောင်ကမ်းပါးယံအမြင့်မှ ခုန်ချခဲ့တာဆိုတော့ အသက်ရှင်နိုင်စရာလမ်း မရှိနိုင်ဘူး။ ငါပဲ ရွာအရောက်ပြန်ပြီး အကျိုးအကြောင်း ရှင်းပြရတော့မှာပဲ”

ထိုနေ့ည(၇)နာရီခန့်တွင်မြအောင် ရွာပြန်ရောက်လာကာ မိုးကျော် အခြေအနေကိုပြောပြခဲ့လေသည်။

“ဟင် ဒါဆိုရင်တော့ မိုးကျော်ဟာ သေမှာက များတယ်ဟေ့။ မနက်လင်းရင်တော့ လူစုနဲ့ သူ့အလောင်းသွားကောက်ကြရတော့မှာပဲ”

နောက်နေ့မနက်တွင် ရွာမှလူစုနှင့် မိုးကျော်ခုန်ဆင်းခဲ့သည့် ကျောက်ကမ်းပါးယံကြီး၏ အောက်ဘက်သို့ ခက်ခက်ခဲခဲ ဆင်းရှာကြလေသည်။

“ဟာ မိုးကျော်ကို တွေ့ပြီဟေ့၊ တစ်ကိုယ်လုံးလည်း သွေးချင်းချင်းနီပြီး သတိလစ်နေတယ်။ အသက်တော့ ရှူသေးတော့ မသေသေးဘူးဟေ့”

ရွာသားများလည်း မိုးကျော်အား ပုဆိုးသိုင်းကာ ဝါးလုံးလျှိုထမ်းပြီး ရွာသို့ ပြန်သယ်လာခဲ့ကြလေသည်။

ရွာရောက်လျှင် ဆေးရုံသို့ အမြန်ဆုံး ပို့ခဲ့ကြလေ သည်။ မိုးကျော်မှာ ဆေးရုံတွင် တစ်လခွဲခန့်ကြာအောင်ကု သခံခဲ့ရပြီး သက်သာလာခဲ့သော်လည်း တစ်ကိုယ်လုံး အမာရွတ်ဗရပွနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရလေတော့သည်။

– ပြီး –

စာရေးသူ – တင့်ထူး(ဇေယျဝတီ)

Leave a Reply

Your email address will not be published. Required fields are marked *