• June 18, 2025
  • admin
  • 0

ခင်မောင်အေး (မန္တလေး)
အန္တရာယ်နှင့် လက်တစ်ကမ်း

မိုးကလေး နည်းနည်းပြတ်ပြီဆိုလျှင် နှမ်းပင်များက တစ်ထွာတစ်ထောင်မျှ မြင့်တက်လာခဲ့ပြီ ဖြစ်၏။

အညွန့်အညှောက်ကလေးက တလူလူဖြင့် လေအဝှေ့တွင် ဝေ့ကာဝိုက်ကာ ဘယ်ညာယိမ်းလျက်ရှိသော နှမ်းပင်ပေါက်ကလေးများကို တောတိုးမုဆိုးတစ်ဦးအဖို့မူ လှုပ်ရှားလျက်ရှိသော အနှီနှမ်းပင်လေးများက တောအမဲသတ္တဝါ ချေ၊ ဒရယ်နှင့် ဆတ်ဖားကြီးများအား မျက်စပစ်၍ ညှို့ခေါ်လျက် ရှိပြီဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ရပေသည်။

နှမ်းခင်းများအကြား ယာသမားတိုင်းလိုလို စိုက်ပျိုးထားလေ့ရှိသော ပဲပင်ကြီးများသည်လည်း ဆောင်းဦးပေါက် နတ်တော်၊ ပြာသိုလများ ပြုလာကြပြီဖြစ် ရာ မြောက်လေသုတ်ဖြူး၍ ပဲကြီးပွင့် ရနံ့ကလေးများက တောတောင်များအတွင်း ဖြတ်ကျော်ချင်းနင်း ဝင်ရောက်သွားခဲ့ကြရပေသည်။

ယင်းအနံ့ကြောင့် တောတွင်း အမဲသတ္တဝါများက အ,ကာလ ညအခါ လူခြေတိတ်သည့်အခါမျိုး၌ မြင့်မားစွာ ကာရံပိတ်ဆို့ထားသော ယာခင်းအကာ ဆူးစည်းရိုးများကို ကျော်လွှားကာ ဝင်ရောက်စားသောက်မြဲ ဖြစ်လေသည်။

သည်ရာသီ သည်အခါမျိုးတွင် အမဲသားကောင် ပစ်ခတ်၍ ကောင်းသောအချိန်၊ သစ်တောဥပဒေအရလည်း အမဲသားကောင် ပစ်ခတ်ရန် ခွင့်ပြုချိန်ဖြစ်ရာ မပင်မပန်း သက်သက်သာသာနှင့် ချေ၊ ဒရယ်၊ အမဲငယ်များအား ရွာနီးနီး ပစ်ခတ်ရရှိနိုင်သည်သာ ဖြစ်၏။

ညနေစောင်း လေးနာရီသာသာ ငါးနာရီခန့် ယာခင်းများတစ်ဝိုက် လှည့်လည်၍ နေဝင်ရီရီ အခင်းဝင်စားတတ်သော ချေ၊ ဒရယ် ကောင်လုံးပေါ်ကို ပစ်လျှင်သော် လည်းကောင်း၊ လမိုက်ရက် ညများတွင် တောလိုက်ဓာတ်မီးဖြင့် မီးထိုးရှာ၍ ပစ်လျှင်သော်လည်းကောင်း သက်သက်သာသာ အမဲရရှိနိုင်သည်သာ။

များပြားလှသော တာဝန်များကြောင့် တောအမဲသား စိုစိုကလေးများ မစားရသည်မှာ ကြာလှချေပြီ။ မိုးတွင်းက အဘဘိုးရနှင့် ထွက်ခဲ့ကြသေးသည့်တိုင် ဆောင်းအထိ အသားခြောက်က မမီခဲ့ရကား အဘဘိုးရ နေထိုင်ရာ ဒဟတ်တောရွာ ပတ်ဝန်းကျင်မှ နှမ်းပင်ကလေးများ တစ်ထွာတစ်တောင် တက် လာခဲ့သည်နှင့် ကျွန်တော်က ဒဟတ်တောဘက်သို့ ထွက်လာခဲ့ပေသည်။

မန္တလေးမှ ဒဟတ်တောရွာသို့ တစ်ဆယ့်နှစ်မိုင် ရှိသဖြင့် နာရီပိုင်းအတွင်းပင် ရွာသို့ ရောက်ခဲ့ရ၏။ ကျွန်တော့်ဂျစ်ကားကို ဘိုးရ၏ ဝိုင်းအတွင်း ထိုးလိုက် သည်နှင့် ဘိုးရ၏ မြေးကလေး သူငယ်ပုစုခရုများ တစ်ပြုံကြီး ဝိုင်းလာကြပေသည်။

“ဦးဦး … ကျွန်တော့်ဖို့ ဘာပါလဲ”

“ချိုချဉ်ဝယ်လာခဲ့လား ဦးဦး”

“အနော့်လည်း ပေးပါဦးဗျို့”

ဘိုးရဆီသို့ ကျွန်တော်ရောက်တိုင်း စားစရာ လက်ဆောင်ကလေးများ ဝယ်ခြမ်း၍ ပေးတတ်သည်ကြောင့် တစ်ပြုံကြီး ဝိုင်းလာသော ကလေးများအား မန္တလေးထိုးမုန့် ပိဿာထုပ်ကို အပ်လိုက်မှပင် ရှင်းသွားခဲ့ရပေသည်။

“အာစရိတော့ ဒီကလေးတွေနဲ့ ဒုက္ခပါပဲ။ ခု ဘယ်လောက်ဖိုး ဝယ်ခဲ့ပြန်ပြီလဲဗျ။ ပေါပေါများများ သက်သာတာလည်း ဝယ်ခဲ့ရောပေါ့ဗျာ”

ဘိုးရက တစ်ပိဿာ ခြောက်ကျပ်ဈေးလောက် ပေးရသော ထိုးမုန့်များ ဝယ်လာခဲ့သည်ကို ဆီး၍ အပြစ်တင်သည်။

“ဪ. . . မများပါဘူး၊ နှစ်ပိဿာတည်းပါ။ ချိုချဉ်က ခဏခဏဆို မကျွေးချင်လို့ဗျာ။ ဒါထက် အခင်းထဲ အမဲဝင်ပြီလား”

ဘိုးရအား လေပြေထိုးရင်း လိုရင်းကို လှမ်းမေးလိုက်ရ၏။

“ဝင်လှပေါ့ဗျာ၊ မနေ့ကတင် ဆူးခတ်ပြီး စည်းရိုး ထပ်မြှင့်ခဲ့ရသေး။ ဒါပေမယ့် ဆတ်တော့ မတွေ့သေးဘူးဗျို့။ ချေနဲ့ ဒရယ်လောက်ပဲ ခြေရာတွေ့တယ်။ အထက်ပိုင်းက လှဆိုင်တို့ အခင်းတော့ တစ်နေ့ မနက်အစောကြီးက ကောင်လုံးပေါ် တွေ့လိုက်ရဆိုပဲ”

“ဟာ … ဒါဖြင့် နိပ်တာပေါ့။ ညမီး သွားထိုးလိုက်ရအောင်လေ။ ဘိုးရ အခင်း အပြန်ဝင်တာပေါ့။ ကျွန်တော့်မီးတောင် တစ်နေ့ကပဲ ဓာတ်ခဲအသစ် လဲလာခဲ့တယ် အဘရေ”

ကျွန်တော်က အဘဘိုးရအား ကြိုတင်လမ်းကြောင်းပေးလိုက်ရ၏။ တောမရောက်သည်မှာ ကြာလှပြီ ဖြစ်ရကား ကောင်လုံးပေါ် ရှာရအောင်လို့များ ဘိုးရက ဆိုလိုက်လျှင် ခက်ရော့မည်။

တစ်ည ယာခင်းအနှံ့ တစ်နေ့လုံး ကုန်းကြောင်းပစ်ရလျှင် အတော်ကြာကြာကြီး နားနေခဲ့သော ခြေထောက်များက စကားပြောလာတော့မည် ဖြစ်၏။

ညမီးထိုးပစ်ရလျှင် ဘိုးရ လှည်းကလေးပေါ် က အမြိုင့်သား ထိုင်လိုက်ရမည် ဖြစ်ပေသည်။

သို့နှင့် ကျွန်တော်က ဘိုးရအား ညမီးထိုးရန် ဆွယ်လိုက်ရခြင်း ဖြစ်၏။

“ကျုပ်ကလည်း မီးထိုးမှာပါ ကိုရင်ရာ။ တောမရောက်တာကြာရင် ကိုရင် ဒီလို ပြောလာလိမ့်မယ်လို့ ကျုပ် အစောကြီးကတည်းက သိပါတယ်ဗျ။ ခု စည်းရိုးကလည်း မြှင့်ထားတာများလို့ ညမီးထိုးရင် လှည်းပေါ်ကထိုးမှ မြင်ရမှာ”

ဘိုးရ၏ စကားကြောင့် ကျွန်တော်က အသာငြိမ်နေလိုက်ရပေသည်။ အတူတွဲ၍ အနေကြာလေပြီမို့ ကျွန်တော့်အကျင့်ကို ဘိုးရက နောကျေနေရော့မည်။

“ကဲကဲ … မီးထိုးမှာဖြင့် အေးအေးဆေးဆေးနားဦး။ ထမင်းစားပြီးမှ ထွက်ကြစို့။ ဟေ့ … ငလှိုင်၊ မနက်က မင်းရလာတဲ့ တောကြက် ခုလောက်ဆို အူရောပေါ့။ ကာလသားချက် ချက်လိုက်ပေတော့”

ညနေ ငါးနာရီသာသာတွင် ထမင်းစားသောက်ပြီးသည်နှင့် ဘိုးရက သူ့လှည်းကို ပြင်ဆင်လျက် ထွက်လာခဲ့ကြလေသည်။ ဘိုးရ၏ နွားနှစ်ကောင်အဖို့ သေနတ်ကို တော်တော်ကြီးပင် ယဉ်ပါးနေလေပြီ။ လှည်းပေါ်မှ သေနတ်သံ တဒိုင်းဒိုင်း ပစ်ခတ်နေသည့်တိုင် ယောင်၍သော်မှ မတွန့်ဘဲ ငြိမ်နေတတ်သည်။

လှည်းပေါ်မှ ပစ်ရပေါင်းလည်း များလှပြီ ဖြစ်ရကား ကျွန်တော်တို့၏ အထာကို ကောင်းကောင်းကြီး သိနားလည်ပြီး ဖြစ်၏။

ကျွန်တော်တို့ကမူ လူများများစားစား မဟုတ်ပေ။ ဘိုးရ၏သား ငလှိုင်က လှည်းမောင်းလျက် ဘိုးရနှင့် ကျွန်တော်တို့ တစ်လှည့်စီ မီးထိုး၊ တစ်လှည့်စီပစ်ရန် ဖြစ်၏။

ရှစ်ခဲထိုး တောလိုက်ဓာတ်မီးနှစ်လက်၊ ရေဘူးတစ်ဘူး၊ သေနတ်သုံးလက်ပါသည်။

ဘိုးရက ၁၂ ဗို့ နှစ်လုံးပြူးတစ်လက်နှင့် ကျွန်တော်က ဘရူနို နံပါတ်နှစ် ပွိုင့်တူးတူးတစ်လက်၊ ၃ဝ.ဝ၆ ပရင်းဖီးလ် ရိုင်ဖယ်တစ်လက် ကိုယ်စီယူဆောင်လာခဲ့ကြ၏။

ဒဟတ်တောရွာမှ စမ်းကျချောင်းပြင်ကြီး တောင်ကြောအထိ တအိအိ လှည်းမောင်းသွားရင်းက လမ်းဘေးဝါးရုံတောတစ်လျှောက် တောကြက်များ ပေါများလှသည်ဖြစ်ရာ အသံသိပ်မကျယ်ဘဲ တောကြက်သားကောင်းကောင်း စားရမည့် ပွိုင့်တူးတူးသေနတ်ကို ထည့်လာခဲ့ရပေသည်။

ထင်သည့်အတိုင်းလည်း နေဝင်ရိုးရီ အိပ်တန်းမတက်မီ ဝါးသီးကောက်စားနေကြသော တောကြက်အုပ် လေးငါးအုပ်ကို တွေ့ရှိပစ်ခတ်ရခြင်းဖြင့် လှည်းပေါ်တွင် ကြက်ဖသုံးကောင်၊ ကြက်မနှစ်ကောင် ရောက်ရှိနေပြီ ဖြစ်သည်။

လှည်းကို ဝါးတောအတွင်း ဝါးခုတ်လှည်းများတက်ရာ လှည်းလမ်းအတိုင်း မောင်းလာခဲ့ခြင်းဖြစ်၍ ဝါးပင်ရိပ်များကြောင့် အေးမြလှသည်။

တရှူးရှူး မြည်လျက်ရှိသော ချိုးလင်းပြာများကလည်း ဟိုတစ်ပင် သည်တစ်ပင် ဝဲပျံလျက်ရှိသည်။

ဝါးတောအတွင်းဘက်ဆီမှ အိပ်တန်းဝင် တောကြက်ဖများ၏ စူးရှသော တွန်သံများကိုလည်း ကြားလျက်ရှိ၏။ ပြင်ကြီးတောင်စောင်းတွင် မေးတင်လျက် ရှိပြီဖြစ်သော နေလုံးနီနီကြီး၏ လှပသော ရောင်ပြန်သည်ပင် ဝါးတောအား ကြက်သွေးရောင် လွှမ်းလျက်ရှိသည်ဖြစ်ရာ ရှုခင်းသည် ကြည်နူးဖွယ်ရာ လှပ လျက်ရှိ၏။

“လှလိုက်တဲ့တောဗျာ၊ ခုလို နေဝင်ရီမယ် သည်တောအရောင် သည်တောင်အရိပ်ကို စာပန်းချီနဲ့များ ဖွဲ့လိုက်ရရင် ဘယ်ကလောက်များ ကြည်နူးစရာ ကောင်းလိုက်မလဲနော်”

“ကိုရင့်လက်ထဲက သေနတ်နဲ့ ထွက်လာတဲ့ ရည်ရွယ်ချက်လည်း အားနာပါဦးဗျာ။ မုဆိုးပါးစပ်က ကဗျာဆန်နေလိုက်တာ”

ဘိုးရက သာသာနှင့်နာနာ နှက်ထည့်လိုက်သဖြင့် ကျွန်တော်တို့အဖို့ အတော် အောင့်သွားရ၏။

“ဟာ … ဘိုးရကလည်း၊ သေနတ်ကိုင်နေတဲ့ မုဆိုးပေမယ့် နှလုံးသားက မမာပေဘူးပေါ့ဗျာ။ မာစရာတွေ့ရင် မာပြီး ပျော့စရာတွေ့ရင် ပျော့ရပေမပေါ့။ လူသဘာဝကိုက အလှအပကို နှစ်သက်တဲ့သဘော ရှိလေတော့. . .”

စကားမဆုံးမီပင် ဘိုးရက ရွှတ်ခနဲ အသံပြုလိုက်သဖြင့် ပြောလက်စကို ဖြတ်၍ ဘိုးရ လှည့်ကြည့်နေရာသို့ ကျွန်တော်ကလည်း ကြည့်လိုက်ရ၏။

ငလှိုင် သည်ပင် အရိပ်အကဲကို နားလည်သူပီပီ လှည်းကိုဆွဲ၍ ရပ်ထားလိုက်လေပြီ။ လှည်းသည် ဝါးတောအတွင်းမှ မထွက်ရသေးသည် ဖြစ်ရကား ဝဲယာတစ်လျှောက်လုံး စိမ်းစိုသော ဝါးရုံများက တစ်မျှော်တစ်ခေါ်ကြီး ရှိသည်။ ဝါးရုံများက ဟိုတစ်ကွက် သည်တစ်ကွက် ကျဲပြန့်လျက် ရှိသဖြင့် စပ်ကြားကွက်လပ်ကလေးများအတွင်း လှမ်းကြည့်လိုက်မိသော ကျွန်တော့်အဖို့ ဇဝေဇဝါပင် ဖြစ်သွားခဲ့ရ၏။

လှည်းမှ ကိုက် ၂ဝဝ ခန့်အကွာ ဝါးတောအတွင်းဘက်တွင် ကြီးမားသော ပျဉ်းမပင်ကြီးတစ်ပင်ကို တွေ့ရပြီး ပျဉ်းမပင်ခြေကိုကပ်လျက် ဝါတာတာအရောင် ရှိသော သတ္တဝါတစ်ကောင်ကို မထင်မရှား တွေ့လိုက်ရလေသည်။

ကျွန်တော်က သေနတ်ကိုမ,၍ မောင်းကို ချောက်ခနဲ ထိုးလိုက်သည်နှင့် ဝါတာတာအရိပ်သည် လှစ်ခနဲ ပျောက်သွားခဲ့၏။

“တောက် … လျင်လိုက်တဲ့အကောင်။ ချိန်ကို မချိန်လိုက်ရသေးဘူး။ ပါးလိုက်တဲ့ကောင်”

သေနတ်ကို သော့ပိတ်ရင်း ကျွန်တော်က ပြောလိုက်ရ၏။

“ဟင်းမျိုးပဲဗျ၊ ကိုရင် စကားပြောနေတုန်း ကျုပ် လှမ်းမြင်လိုက်ရတယ်။ သစ်ပဲ၊ ငလှိုင် လှည်းရပ်ဖို့ နွားဆွဲလိုက်တာနဲ့ အပင်နောက် ကပ်ပစ်လိုက်တာဗျ။ ပါးတော့ အတော်ပါးတဲ့ကောင်”

ဘိုးရက ပြန်ပြောလေသည်။

“ဘယ့်နှယ်ပြောပါလိမ့် ဘိုးရရာ။ ဒီကောင်အကြောင်း ကျွန်တော် ဖတ်ဖူးထားတာရှိတယ်။ အမြင်နဲ့ အကြားတော့ ပထမတန်းပဲ။ ဟင်းမျိုးကြီးတွေထက် ကြောက်ဖို့ကောင်းတာပေါ့။ အခြေအနေကို တစ်ကောင်ချင်းအနေနဲ့ လိုက်လျောအောင် အသုံးချတတ်တဲ့ သတ္တဝါပေါ့”

နေသည် တစ်စထက်တစ်စ ကျသွားပြီ ဖြစ်၏။ ရှည်လျားသော တော၏ အရိပ်များသည် တရွေ့ရွေ့ နောက်တွင် ကျန်ခဲ့လေပြီ။

အိပ်တန်းဝင် ကြက်ဖများ ၏ တွန်သံလည်း တဖြည်းဖြည်း ဆိတ်ငြိမ်သွားပြီ ဖြစ်သည်။

ဝါးတောမှ ထွက်၍ ယာခင်းများဆီသို့ ရောက်လာခဲ့ပြီ ဖြစ်၏။

ငလှိုင် အခင်း၊ ဘိုးရ အခင်းနှင့် လှဆိုင်တို့ အခင်းများကို တဖြည်းဖြည်း ကျော်ဖြတ်လာသည့်တိုင် အမဲတစ်ကောင်မျှ မမြင်ခဲ့ရသေး။

မကြာမီ နေလုံး ပျောက်၍ အမှောင်က ရောက်လာတော့မည်ဖြစ်ရာ ချေ၊ ဒရယ် ကောင်လုံးပေါ် ပစ်ရဖို့ကဖြင့် မျှော်လင့်ချက် တစ်စတစ်စ ကုန်ဆုံးသွားခဲ့ရ၏။

“ကဲ အဘ၊ ချေ မပစ်ရတော့ပါဘူး။ အမှောင်စောင့်ပြီး အပြန် မီးထိုးကြစို့လား။ လှည်းခဏဖြုတ်ကြရအောင်”

“ကောင်းပဲဟေ့ … ငလှိုင် လှည်းဖြုတ်ကွာ၊ နွားတွေ ခဏလွှတ်ထားလိုက်။ မီးလည်းထည့်ကွာ … တစ်လက်စတည်း”

စမ်းကျချောင်းဘေး သဲပြင်တွင် လှည်းကို ခဏဖြုတ်၍ အနားယူလိုက်ကြရသည်။ တောမှာမူ လုံးဝ မှောင်သွားခဲ့ပေပြီ။

ငလှိုင် ဖိုထားသော မီးပုံမှ ဝါးဆစ်ပိတ် တစ်လုံးတလေက ဖောင်းခနဲ ဖောင်းခနဲ ပေါက်ကွဲသံထွက်လာသည်။ ဥတုကြောင့် စိမ့်အေးအေး ဖြစ်နေသော်လည်း မီးရှိန်တက်လာသည်နှင့် နွေးသွားရ၏။ ဝါးလုံးခြောက်များကို ခေါင်းချင်းဆိုင်ထည့်လျက် ဖိုထားသော မီးရှိန်သည် အရှိန်ပြင်းစွာ တောက်လောင်နေရာမှ တဖြည်းဖြည်း ကျလာခဲ့၏။ မီးတောက်လည်း လျော့ပါးလာလေသည်။

သုံးဦးသား စကားမပြောကြဘဲ ငြိမ်ငြိမ်သက်သက် ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြဆဲတွင် မတိုးမကျယ် သံပြတ်နှင့် ဟိန်းလိုက်သံကို နားဝတွင် ကပ်၍ ကြားလိုက်ရ၏။

ဟိန်းသံသည် ကြားနေရစမြဲ ဟိန်းသံမျိုး မဟုတ်ဘဲ မာန်ထစဉ် ဟိန်းသံမျိုး ဖြစ်သည်ကို ကျွန်တော် နားလည်လိုက်မိသည်။ ဟိန်းသံသည် အာခေါင်တွင်းမှ ခြစ်၍ နက်ကျောသော ဝမ်းခေါင်းသံ ထွက်ပေါ်လာပြီးနောက် တစ်ချက်တည်း ပြတ်သွားလေသည်။

မတိုင်ပင်ရဘဲ သုံးယောက်သား ဝုန်းခနဲ ခုန်ထလိုက်ကြ၏။ ကျွန်တော်က ရိုင်ဖယ်ကို ကောက်ကိုင်လိုက်သည့်နည်းတူ ဘိုးရကလည်း နှစ်လုံးပြူးသေနတ်ကို ဆွဲယူလိုက်ကာ တစ်ဆက်တည်း တောအနှံ့ မီးထိုးရှာလိုက်သည်။

ဘိုးရ၏ ရှစ်ခဲထိုး မီးရောင်သည် ပတ်ဝန်းကျင်တစ်ခွင်ကို ရှင်းလင်းစွာ မြင်ရသည်။ ဝေ့ကာ ဝိုက်ကာ ဖြာလျက်ရှိသော မီးရောင်တွင် စိမ်းစိုလျက်ရှိသော တောသည် အပြစ်ကင်းစွာ ငြိမ်သက်တိတ်ဆိတ်လျက် ရှိသည်။

တသွင်သွင် စီးလျက်ရှိသော ချောင်းကလေးသည် လည်းကောင်း၊ ဘယ်ညာယိမ်းလျက်ရှိသော ကိုင်းမြက်ရှည်ကြီးများသည် လည်းကောင်း၊ ဟိုတစ်စု သည်တစ်စု ပေါက်ရောက်လျက်ရှိသော ဆူးရစ်ချုံအုပ်စုကလေးများသည်လည်းကောင်း ပကတိအတိုင်း တွေ့မြင်ရသည်။

သက်ရှိတောသတ္တဝါဆို၍ မီးရောင်အောက်တွင် ဖြတ်လျက် ပျံသန်းလာသော ညငှက် (မြေဝပ်)ကလေး တစ်ကောင် နှစ်ကောင်ကို နီကြောင်ကြောင် မျက်လုံးကလေး ကလယ်ကလယ်ဖြင့် တွေ့လိုက်ရ၏။

သေနတ်များကို တင်းကျပ်စွာကိုင်ရင်း ကျွန်တော်က ဘိုးရအား လှမ်းကြည့်မိလိုက်၏။ ဘိုးရ ထိုးထားသော တောလိုက်ဓာတ်မီးမှ အရောင်ကြောင့် တစ်ယောက်မျက်နှာကို တစ်ယောက် ခပ်ရေးရေး မြင်ရသည်။

ကျွန်တော့် အကြည့်တွင်လည်း “မဟန်ဘူး” ဟူ၍ အဖြေပေါ်သည်။

“ဟင်းကောင်ပဲ ဘိုးရ၊ သံပြတ်နဲ့ သိပ်မကျယ်ပုံထောက်ရင် သစ်ပဲဗျို့။ ညနေက အကောင်များလား မဆိုနိုင်ဘူး”

ကျွန်တော်က ဘိုးရအပါးသို့ ကပ်၍ လေသံဖြင့် ပြောလိုက်သည်။ ဘိုးရကလည်း ကျွန်တော့်အား တိုးတိုးကပ်၍ အဖြေပေးသည်။

“ကိုရင် သတိကိုမလစ်စေနဲ့။ ဝါးတောထဲက တွေ့ခဲ့ရတဲ့ကောင် ဖြစ်နိုင်တယ်။ ဒီတစ်ဝိုက် အမဲငယ် မတွေ့ပုံထောက်ရင် သူလျှောက်မွှေထားပုံပဲ။ လှည့်ရှာကြည့်ကြစို့”

ဓာတ်မီး တဝင်းဝင်းထိုး၍ ငလှိုင်အား နွားများကို ယူစေပြီး လှည်းကို ပြန်တပ်ကာ ဆက်မောင်းလာခဲ့ကြသည်။

ကျွန်တော်တို့ကိုသော် လည်းကောင်း၊ လှည်းမှ နွားနှစ်ကောင်သော် လည်းကောင်း မျက်စိကျ၍ ချောင်းမြောင်းနေပြီ ဖြစ်သော ကျားသစ်သည် အနီးပတ်ဝန်းကျင်တွင်ပင် ခိုအောင်းလျက်ရှိကြောင်း ယုံမှားစရာ မရှိချေ။

သစ်၏သဘောကို သိ၍လည်း ကျွန်တော်တို့က ခြေကျင်လိုက်မရှာခြင်း ဖြစ်၏။

ကျားသစ်သည် ရန်သူအား ဘယ်သောအခါမှ အမြင်မခံပါချေ။ မျက်ကွယ်တစ်ခုခု၊ ချုံပုတ်သော် လည်းကောင်း၊ သစ်ပင်ကွယ်တစ်ခုခုမှသော်
လည်းကောင်း အကာအကွယ်ယူကာ ချောင်းမြောင်းတတ်သည်။

သစ်ပင်တက် ကျင်လည်၍လည်း တစ်ခါတစ်ရံ သစ်ကိုင်းပေါ်တွင် မြှောင်၍ ကပ်ချောင်းနေတတ်သည်။ မျက်နှာချင်းဆိုင် တိုက်ခိုက်ခြင်း နည်းပါးသော် လည်း နောက်ပိုင်းမှာ အလစ်ဝင်ရောက် တိုက်ခိုက်တတ်ခြင်းကြောင့် ညမှောင်မှောင်တွင် လူသားမုဆိုးအား ချောင်းမြောင်းနေမည်ဖြစ်သော ကျားသစ်အား လှည်းပေါ်မှပင် ရှာဖွေရင်ဆိုင်ရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပေသည်။

ညအမှောင်အောက်တွင် အန္တရာယ်ကောင် ခိုအောင်းနေရာ တောမြိုင်အတွင်း စမ်းတဝါးဝါး လှည့်လည်ရသောအလုပ်မှာ သိပ်မဟန်လှပါချေ။ သို့သော် ကျားသစ်အဖို့ ရုတ်တရက် ကျွန်တော့်တို့အား ဝင်ရောက် တိုက်ခိုက်ဝံ့မည်ဟု မယူဆနိုင်ပေ။

ဘယ်ညာတစ်ဝိုက် လှည့်ပတ်ရှာဖွေလျက်ရှိသော မီးရောင်များအတွင်း မကြာမီပင် ကျားသစ်၏ တောက်ပြောင်စိမ်းလဲ့သော ညမျက်လုံးများကို ရဲခနဲ မြင်ရဖို့ကိုမူ ကျွန်တော်တို့က မျှော်လင့်လျက် ရှိပေသည်။

တအိအိ သွားလျက်ရှိသော လှည်းသံမှတစ်ပါး တောသည် တိတ်ဆိတ်လျက်ရှိသည်။ နွားလည်ပင်းနှင့် ထမ်းပိုးကိုကပ်၍ ပတ်ထားသော သားရေကြိုးမှာ တကျွတ်ကျွတ်မြည်သံ၊ သံလှည်းဘီးနှင့် လှည်းလမ်းပေါ်မှ စရစ်ခဲများအား ပွတ်တိုက်ကြေမွသွားသံသာ အသက်အသံအဖြစ် ထွက်ပေါ်လျက်ရှိ၏။

စမ်းကျချောင်းကို ဖြတ်အကူး တစ်ဖက် သဲပြင်ချောင်းစပ်သို့ လှည်းတက်သည်နှင့် ဘိုးရက ချောင်းအတိုင်း မီးကို အလျားလိုက် ထိုးရှာလိုက်သည်။ ချောင်းအတိုင်း ကိုက် ၁ဝဝ ခန့်မှာ ဝေါခနဲ တောတိုးသွားသံ ခြေသံတဝုန်းဝုန်း ကြားလိုက်ရ၏။

ရေစပ်တွင် မြူးနေကြသော ဝက်တစ်အုပ် ဖြစ်လေသည်။ ကိုင်းတောကိုဖြတ်၍ တဝုန်းဝုန်း ပြေးသံကို သုံးမိနစ်မျှ ဆက်လက် ကြားနေရပြီးနောက် ငြိမ်သက်သွားသည်။

လှည်းလမ်းသည် ချောင်းဘေးသဲပြင်အတိုင်း မြှောင်၍ သွားရသည်ကြောင့် လှည်းဘီးသည် သဲပြင်ပေါ်တွင် ငြိမ်သက်စွာ လိမ့်လျက်ရှိသည်။

ဘိုးရက မီးကို ချောင်းဘေးတောစပ်တစ်လျှောက် ထိုးရှာလျက် ရှိသည်နှင့်အမျှ ကျွန်တော်ကလည်း ချောင်းတစ်ဖက်ကမ်း တောင်ကြောတစ်လျှောက် လှည့်၍ ရှာလျက်ရှိ၏။

တစ်ဆစ်ချိုးကွေ့ ချောင်းတစ်ခုသို့ ရောက်သည်နှင့် ညာဘက်တောင်ကြားအတိုင်း မီးရောင်သည် ဝေ့ခနဲ ဝေ့ခနဲ လင်းနေစဉ်တွင် လက်ခနဲ မျက်လုံးတစ်လုံးကို လှမ်းမြင်လိုက်မိသည်။

မီးကို စိုက်ထိုးထားသည်တွင် နီရဲသော မျက်လုံးသည် တဖြည်းဖြည်း ကျဉ်းလာကာ ခဏတွင် လုံးဝ မှိတ်သွားသည်။ လက်ခနဲ တစ်ချက်ပြန်လင်းလာပြီးနောက် မှိတ်သွားပြန်သည်။

မျက်လုံး တွေ့ရာနေရာမှာ လုံးပတ်ပင်စည်ကြီးမား သော ဖန်ခါးပင်၏ ပထမဆုံး ကိုင်းခက်ပေါ်တွင် ဖြစ်ရကား ဘိုးရနှင့် ကျွန်တော်က နှစ်ဦးစလုံး မီးနှစ်လက်ကို ပြိုင်ထိုးထားသည့်တိုင် ရှုပ်ထွေးလျက်ရှိသော ဖန်ခါးရွက်များကလွဲ၍ တောကောင်၏ ကိုယ်ထည်အား မမြင်နိုင်ချေ။

ဘယ်လက်တွင် မီးကို သေနတ်၏ ပြောင်းပိုင်းနှင့်အတူ ရောကိုင်လျက် သားကောင်၏ မျက်လုံးနေရာကို ချိန်ထိုးထားခြင်း ဖြစ်ရကား သည်တစ်ကြိမ် မျက်လုံးအလက်တွင်မူ မောင်းကိုဆွဲရန် အသင့်ပြင်ထားလိုက်ပြီး ဖြစ်ပါသည်။

တစ်မိနစ် . . . နှစ်မိနစ် . . . သုံးမိနစ်။

သားကောင်သည် မီးကို ရင်ဆိုင်လိုဟန်မတူ။ သေနတ်နှင့်အတူ အလေးချိန် အတော်စီးသော ရှစ်ခဲထိုး တောလိုက်ဓာတ်မီးကို အခုအခံမရှိဘဲ ဘယ် ဘက်လက်ဖဝါး တစ်ခုတည်းဖြင့် ထိန်းထားခြင်း ဖြစ်ရကား လက်မောင်းအောင့်၍ လက်အံပင် သေလာပြီ ဖြစ်၏။

ညာလက် အနေအထားဖြင့် သေနတ်မောင်းကို ဆွဲရုံနှင့် သေနတ်၏ဒင် ဘေးပိုင်းကို တည်ငြိမ်မှု ရှိစေရန်သာ ထိန်းထားခြင်း ဖြစ်သဖြင့် သေနတ်တစ်လက်လုံး၏ အလေးချိန်သည် ဘယ်လက်ပေါ်တွင်သာ လုံးဝ တည်လျက်ရှိသည်။

“ဘိုးရ … မီးမှိတ်ပြီး ပြန်ထိုးမယ်၊ မီးမှိတ်လိုက်ပေတော့”

ပြောပြောဆိုဆို မီးကို ဖျတ်ခနဲ ပိတ်လိုက်သည်။ ပြီးနောက် ငါးစက္ကန့်မျှ အကြာတွင် စေ့ကိုတွန်း၍ မီးဖွင့်လိုက်သည်နှင့် ကြီးမားသော ကျားသစ်တစ်ကောင်၏ မျက်နှာသည် နီရဲသော မျက်လုံးကြီး နှစ်လုံးနှင့်အတူ မီးရောင်တွင် ဘွားခနဲ ပေါ်လာသည်။

ဖန်ခါးပင်ကိုင်းတုတ် ထိပ်ပေါ်၌ အလျားလိုက် မြှောင် ကပ်၍ မီးရောင်အား တည့်တည့်ကြီး ရင်ဆိုင်လျက်ရှိသော ကျားသစ်ကြီး၏ သဏ္ဌာန်ကို ထင်းထင်းကြီး မြင်ရသည်။

စက္ကန့်ပိုင်းမျှသော အချိန်တိုအတွင်း ခလုတ်ပေါ်တွင် ရွရွလေး တင်ထားသော လက်ညှိုးကို ညှစ်လိုက်သည်နှင့် ရိုင်ဖယ်သည် ဒိုင်းခနဲ သိမ့်သိမ့်ခါသွားသည်။

ပြောင်းဝမှ ကန်၍ထွက်သွားသော ကျည်ဖူးအရှိန်ကြောင့် ညာကော်လာဖုံးတွင် သေနတ်ဒင်က ဝီးခနဲ ထောက်သွားသည်။ ကျားသစ်မှာမူ လေထဲတွင် လွှားခနဲ ဝဲပျံခုန်လွှားလာပြီးနောက် ချောင်းတစ်ဖက်ကမ်း သဲပြင်ပေါ်သို့ ဝပ်လျက်သား ကျလာသည်။

ဘိုးရ၏ နှစ်လုံးပြူးသံက ဟိန်းထွက်လာသည်တွင်
ဝပ်လျက် အနေအထားရှိသည့် ကျားသစ်က နှစ်ပတ်မျှ လိမ့်ထွက်သွားသည်။

ဒေါသသံ၊ နာကြည်းသံ၊ ရန်လိုသံဖြင့် မာန်သွင်းလျက် ဟိန်းလိုက်သော ကျားသစ်ကြောင့် ဘိုးရ၏ နွားများက ဆတ်ခနဲ ဆွဲပြေးသွားလေသည်။

ကိုယ် အနေအထား ကိုးရိုးကားရားဖြင့် လှည်းပေါ်တွင် ထိုင်လျက်တစ်ဝက် ထလျက်တစ်ဝက်ရှိသော ကျွန်တော်ရော ဘိုးရပါ ကျွမ်းပြန်၍ ကျကျန်ခဲ့ကြသည်။

သေနတ်သည်လည်း လက်ထဲမှလွတ်၍ တစ်လံခန့်အဝေး သဲပြင်ပေါ်သို့ ကျသွားခဲ့၏။ ကျွန်တော့်ရှေ့ လက်တစ်ကမ်းတွင် အဘိုးကြီးသည် ပက်လက်ကြီး လန်ကာ လဲလျက်ရှိ၏။

သေနတ်ဒင်ဖြင့်သော် လည်းကောင်း၊ လှည်းရံတိုင်နှင့်သော် လည်းကောင်း ရိုက်ခတ်မိဟန်တူသည်။ ညာဘက်ချိုစောင်းကို လက်နှစ်ဘက်ဖြင့် ဖိလျက် ရုတ်တရက် မထနိုင်ဘဲ ရှိနေသည်ကို တွေ့ရခြင်းကြောင့် အခြေအနေ မကောင်းတော့ပြီ ဖြစ်၏။

သို့သော် မီးဖွင့်ထားသော ဓာတ်မီးရောင်က ချောင်းဘက်ဆီသို့ ထွန်းလင်းလျက်ရှိသဖြင့် အခြေအနေ မည်သို့ရှိသည်ကို မသိရသေးသည့် ကျားသစ်အန္တရာယ်မှ အခိုက်အတန့်အတွင်း သက်သာရာရခဲ့ခြင်း ဖြစ်သည်။

အမှောင်ဘက်က ကျွန်တော်တို့အတွက် အခြေအနေက တစ်ပန်းသာလျက်ရှိရာ အလင်းဘက်ကျရာ ကျားသစ်အား လှမ်းကြည့်လိုက်ရာတွင်ကား ဒဏ်ရာ အကြီးအကျယ်ရလျက် မသေမရှင် ဖြစ်နေသေးသော ကျားသစ်၏ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။

ကျောရိုးကိုဖြတ်ချိုး၍ ညာဘက်ပေါင်ရင်းမှ ထွက်သွားဟန်တူသည့် ၃ဝ. ၁၆ ကျည်ဖူးဒဏ်ကြောင့် တရွတ်ဆွဲလျက်ရှိသော ကျားသစ်သည် ဘိုးရ၏ ၁၂ ဗို့ နှစ်လုံးပြူးမှ ၁၂ လုံးကျည်များကြောင့် အူတစ်ပွေ့ကြီး ထွက်လျက်ရှိသည့်တိုင်တိုင် တစ်လှမ်းချင်း ရှေ့သို့ တိုးလာလျက်ရှိသည်။

နာကျင်၍ တစ်မျိုး၊ ဒေါသကြောင့် တစ်ဖုံ၊ ပါးစောင်ကိုဖြဲလျက် ဟဲခနဲ ဟဲခနဲ ဟိန်းနေသံသည် မြေတုန်ခမန်း နက်ကျောကျယ်လောင်လှသည်။

သေနတ်သည် ဟိုအဝေးဆီတွင် ရှိသည်ဖြစ်ရာ သေနတ်ရှိရာသို့သွားလျှင် ဘိုးရ၏လက်မှ လွတ်ကျသော ဓာတ်မီးရောင်အောက်မှ ဖြတ်သွားရမည်သာ၊ ဒဏ်ရာနှင့် ကျားသစ်၏မြင်ကွင်းသို့ လက်နက်မဲ့ ဝင်သွားရန်အရေးမှာ ဘေးအန္တရာယ်ကြီးမားလှသည်။

တရွေ့ရွေ့ တွားတက်လျက် စမ်းချောင်း ဒူးဆစ်လောက်ကို ဖြတ်ကာ လာလျက်ရှိသော ကျားသစ်သည် လဲကျနေသော ဘိုးရအား ဦးတည်နေကြောင်း ထင်ရှားသည်။

မီးရောင်သည် စူးရှစွာ ထိန်လင်းလျက်ရှိသဖြင့် မီးကို မျက်နှာချင်းဆိုင်ကြည့်လျက် တက်လာရသော ကျားသစ်အဖို့ ကျွန်တော့်အား မမြင်သည်မှာ ယုံမှားဖွယ်ရာ မရှိချေ။

ကျွန်တော်၏ ခေါင်းတစ်ခေါင်းလုံး ပူလျက်ရှိ၏။ စိတ်အစဉ်တွင် ကျားသစ်၊ ဘိုးရနှင့် သေနတ်တို့သည် ထက်အောက်ပြောင်းပြန် လှန်ကာပြန်ကာ ဝဲလည် ကူးသန်းလျက်ရှိသည်။

ကျားသစ်အား ချေမှုန်းရန်၊ ဘိုးရအား ကာကွယ်ရန်၊ သေနတ်ကို ကောက်ရန် မည်သည့် လှုပ်ရှားမှုကို စတင် ပြုလုပ်ရန် အဖြေထွက်မလာနိုင်ဘဲရှိသည်။

အချိန်သည် စက္ကန့်နှင့်အမျှ တန်ဖိုးရှိသည်။ တစ်စက္က မျှ နောက်ကျသွားလျှင်ပင် လူ့အသက်တစ်ချောင်း ဆုံးရှုံးရချေတော့မည်။

ဒဏ်ရာကြောင့် ဒေါမာန်ပွားလျက်ရှိသော ကျားသစ်သည် မလှုပ်နိုင် မယှက်နိုင် ပက်လက်လဲလျက်ရှိသော ဘိုးရအား သစ်နာခဲ ခဲလိမ့်မည်မှာ မြေကြီ လက်ခတ်မလွဲ။ ကဲ ဘာဆက်လုပ်ရမည်လဲ။

ဖျတ်ခနဲ ခေါင်းထဲတွင် အသိတခု ဝင်လာသည်။ ကျားသစ်သည် ကျောရိုးနှင့် ပေါင်ရင်းမှ ဒဏ်ရာကြောင့် တရွတ်ဆွဲ၍သာ တက်လာခြင်း ဖြစ်သည်။
ခုန်နိုင် လွှားနိုင်စွမ်းမရှိ။ တွား၍တွား၍ လာခြင်းဖြစ်ရာ လက်ထဲမှမီးကို မြေပေါ်သို့ချ၍ ဟင်းမျိုး၏ မျက်နှာဆီသို့ ခလုတ်ကို အသေဖွင့်လျက် ထိုးထား
လိုက်၏။ ဟင်းကောင်သည် စူးရှသော မီးရောင်ကြောင့် ရုတ်ခနဲ ရပ်သွားကာ မီးကိုစိုက်ကြည့်ရင်းက မျက်နှာကိုနှိမ့်၍ ခေါင်းကိုငုံ့ကာ မျက်လုံးကို ပိတ်ထားလိုက်သည်။

ကျား၊ ကျားသစ် စသည့်သတ္တဝါများက မီးရောင်ကို မည်သည့်အခါမျှ ရင်ဆိုင်လိုခြင်း မရှိပါချေ။ တတ်နိုင်သမျှ ရှောင်လွှဲတတ်ချေသည်။

အန္တရာယ်ကောင်ကြီး၏ မျက်လုံးများမှိတ်၍ ခေါင်းငုံ့လိုက်သည့် ခဏအတွင်း ကျွန်တော်သည် နှစ်ခါခုန်မျှနှင့် သဲပြင်ပေါ်မှ သေနတ်ဆီသို့ လွှားခနဲ ရောက်သွားသည်။

မောင်းထိုးပြီး ဖွင့်ထားသည့်သေနတ် လက်ထဲတွင် အသင့်ကိုင်မိသည်နှင့် ကျားသစ်ဆီသို့ ချက်ချင်း ပြန်လှည့်လိုက်သည်။

ကျွန်တော်၏ လှုပ်ရှားမှုသည် စက္ကန့်မျှသာ ကြာသည်။ ကျားသစ်သည် ထိုစက္ကန့်မျှ အချိန်အတွင်း ကျွန်တော့်ထံ ဦးတည်ပြီးဖြစ်ကာ သည်ဘက်ချောင်းကမ်းပါး သဲခုံပေါ်သို့ ရောက်ရှိလျက် ရှိပေပြီ။

မီးရောင်တွင် ကြောက်မက်ဖွယ် ကြီးမားချွန်ထက်သော အစွယ်များဖြင့် ပါးစောင်ကိုဖြဲကာ ဟိန်းလျက်ရှိသည်။

ကျွန်တော့်ထံ ဦးတည်၍ ကုတ်ခြစ်ကိုက်ခဲရန် ဆန့်တန်းထားသော ရှေ့လက်တစ်ဖက်နှင့် ကျွန်တော်၏ ၃ဝ. ဝ၆ ရိုင်ဖယ်ပြောင်းသည် ထိလုမတတ်ရှိ၏။

သေနတ်ပြောင်းသည် မာန်သွင်း၍ ဖြဲထားသော ကျားသစ်၏အာခေါင်နှင့် တန်းလျက်ရှိ၏။

ရိုင်ဖယ်ပြောင်းဝမှ မီးပွင့်သွားသည်။ လေအဟုန်ကဲ့သို့ လျင်မြန်ခြင်းဖြင့် ကျားသစ်၏ ညာလက်သည် ကျွန်တော်၏ ရိုင်ဖယ်ကို ပုတ်ထုတ်လိုက်သည်။

ရိုင်ဖယ်သည် ကျွန်တော့်လက်မှလွတ်၍ ယူပစ်လိုက်သလို လွင့်ထွက်သွားသည်။ သို့သော် ၃ဝ. ဝ၆ ရိုင်ဖယ်ပြောင်းဝမှ ကျည်ဖူးက ကျားသစ်၏အာခေါင်ကို ဖြတ်၍ တစ်ကိုယ်လုံးကို ဖောက်ထွင်းလျက် အမြီးရင်းမှ ထွက်သွားသည် ဖြစ်ရကား ဟဲခနဲ တစ်ချက် ဟိန်းလိုက်ပြီးနောက် တစ်ပတ်လည်ကာ ဘေးသို့ ပစ်ကျသွားသော ကျားသစ်အား ကျွန်တော်က မြင်လိုက်ရ၏။

ပြင်းထန်သော ဒဏ်ရာနှစ်ချက် ရရှိထားသည့်တိုင် မသေနိုင်သေးဘဲ ရန်သူကို ရန်မူရန် ကြိုးစားခဲ့သော ဟင်းမျိုးအဖို့ နောက်ဆုံးရရှိသော ဒဏ်ချက်က ဇာတ်သိမ်းလိုက်ပြီ ဖြစ်သည်။

ဘိုးရအား ပြေးထူရင်း စမ်းရေအေးအေးဖြင့် မျက်နှာနှင့် လည်ကုပ်များကို ဖျန်းပက်ပွတ်သပ်ပေးလိုက်မှပင် ထူထူထောင်ထောင် ဖြစ်လာသည်။

အခန့်သင့်ပင် နွားများကို ပင်ပန်းတကြီးထိန်းရင်း ငလှိုင့်လှည်းသည်လည်း ပြန်ရောက်လာ၏။

ကျားသစ်သေနှင့် ဘိုးရအား တင်လျက် ကျွန်တော်တို့ ပြန်လာခဲ့ကြသည်။ ဘိုးရက ခေါင်းမှ အနာကြောင့် မှိန်းနေသည်။ ငလှိုင်က ကြောက်ကြောက် နှင့် ငြိမ်နေသည်။

ကျွန်တော်ကမူ စောစောပိုင်းက ရင်ဆိုင်ခဲ့ရသော ဟင်းမျိုးကောင်၏ ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မည့် မျက်လုံးစိမ်းကြီးများကို လည်းကောင်း၊ ချွန်ထက်သော အစွယ်များဖြင့် အားကုန်ဖြဲထားသော ဟင်းမျိုး၏ ပါးစပ်ကြီးကိုလည်းကောင်း မြင်ယောင်လျက် ရှိနေမိလေသည်။

အန္တရာယ်နှင့် လွတ်ကင်းခဲ့သည်မှာ လက်တစ်ကမ်းမျှပါတကား။

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *