********

နန်းတစ်ယောက် ခရစ်သက္ကရာဇ် ၂၀၀၄ခုနှစ်၌ မူလတန်းပြဆရာမလေးအဖြစ် တာ၀န်ကျသောအချိန်တွင် ပထမတန်းအတန်းပိုင်အဖြစ်တာ၀န်ယူ ဆောင်ရွက်ခဲ့ရသည်။
ထိုအချိန်က ပထမတန်းကျောင်းသားလေးများထဲမှ ခွန်သွေး၊ ခွန်ခမ်းနှင့် ခွန်နောင် တို့သုံး‌ယောက်သည် နန်းကို သိပ်ချစ်ခဲ့ကြရှာသည်။ နန်းကလည်း ထိုကလေးသုံးယောက်ကို သားအရင်းသဖွယ် ချစ်ခဲ့ရသည်။
နန်းအိမ်ထောင်ကျသွားတော့ သူတို့လေးတွေ က တတိယတန်း၊ နန်းကိုအရမ်းစိတ်ဆိုးခဲ့ကြသည်။
အထူးသဖြင့် ခွန်သွေးလေးက ကျောင်းပင်မတက်တော့၊ သူ့အိမ်ကလူတွေက နန်းကိုလာပြောကြသဖြင့် နန်းကိုယ်တိုင်ခွန်သွေးတို့ အိမ်သို့သွားရောက်ကာ သုံးရက်ခန့်ချော့မှ ကျောင်းပြန်တက်ခဲ့သည်။
” ဆရာမ လာ‌မခေါ်နဲ့ သားတို့ကိုပဲချစ်ရင် ရရဲ့သားနဲ့ ယောက်ကျားယူတယ်၊ သားက ဆရာမကို အရမ်းချစ်တာ မသိဘူး၊ လာမခေါ်နဲ့ ၊ ဆရာမသားကို မချစ်ဘူး အီးဟီးဟီး “
ခွန်သွေးသည် သာမန်ကလေးများထက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုက သေးငယ်သည်။
ထို့ကြောင့်တတိယတန်းကျောင်းသားလေးပင် ဖြစ်လင့်တစား ပထမတန်းကျောင်းသားအရွယ်ခန့်သာ ရှိ၏။
“သား ခွန်သွေး၊ ဆရာမက သားကိုအရမ်းချစ်တာလေ၊ မကြာမီဆရာမက ပြောင်းရတော့မှာ၊ ဆရာမဒီရွာမှာရှိနေစဉ် သားနဲ့အတူတူ ပျော်ပျော်နေချင်တယ် သားရယ်”
ထိုအခါမှ ခွန်သွေးက မျက်ရည်များသုတ်ကာ
” ဆရာမက ဘာလို့ပြောင်းမှာလဲဟင်”
” ရာထူးတိုးတင်ထားတယ်သား၊ ရာထူးတိုးယူရင် အခြားတစ်နေရာ ပြောင်းရတယ်လေ”
” မပြောင်းလို့မရဘူးလားဟင် ဆရာမ”
” မရဘူးလေသားရယ် ၊ ဆရာမက ပညာရေးဒီပလိုမာ ရထားတော့ မဖြစ်မနေရာထူးတိုးလျှောက်ရတယ်သား”
တစ်ကယ်ပဲနန်းတစ်ယောက် ထိုနှစ်မှာပင် ရာထူးတိုးဖြင့် အခြားတစ်ရွာသို့ပြောင်းရွှေ့တာ၀န်ထမ်းဆောင်ခဲ့ရလေသည်။
” ဆရာမ မသွားပါနဲ့၊ ခွန်သွေးကို ခွဲမသွားပါနဲ့နော်”
” ခွန်သွေးက ခုတတိယတန်းလေ၊ ဆရာမက ခုအလယ်တန်းပြဖြစ်ပြီ၊ ခွန်သွေး အလယ်တန်းကျောင်းသားကြီးဖြစ်ရင် ဆရာမ ခွန်သွေးတို့ဆီ ပြန်လာခဲ့မယ်နော်”
ဤစကားဖြင့်သာ နှစ်သိမ့်ပေးရင်း နန်းနှင့် သူ့၏ ချစ်ရပါသော သားတပည့်လေး ခွန်သွေးတို့သည် ဝေးကွာခဲ့ကြလေသည်။
နန်းကတော့ ယနေ့ထိ အကြောင်းတိုက်ဆိုင်လျှင် အသားဖြူဖြူ ခန္ဓာကိုယ်သေးသေးလေး၊ မျက်ရစ်မပါသော ပထမတန်း ကျောင်းသားလေးအရွယ် ခွန်သွေးကို သတိရနေမိသည်။
ယခုအချိန်ဆိုလျှင် ခွန်သွေးလေးပင် အသက် ၂၄နှစ်အရွယ်ခန့်ပင် ရှိနေပေလိမ့်မည်။
Xxx x xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အချိန်ကား ခရစ်သက္ကရာဇ် ၂၀၁၄ခုနှစ်။
နန်းတစ်ယောက် အလယ်တန်းပြကျောင်းဆရာမ ဘ၀ဖြင့် အညာဒေသလေးသို့ ပြောင်းရွှေ့တာ၀န်ထမ်းဆောင်ခဲ့ရပြန်သည်။
နန်းတာ၀န်ထမ်းဆောင်သည့် ကျောင်းတွင် ဆရာအင်အားမလုံလောက်သဖြင့် မူလတန်းရော၊ အလယ်တန်းပါ ဘာသာရပ်များအား မျှတ၍ တာ၀န်ယူကြရသည်။
နန်းတာ၀န်ယူသင်ကြားပေးရသော တတိယတန်း၌ ဘဂျမ်းဟူသော ကလေးအား သတိထားမိခဲ့သည်။
သူ၏ကျောင်းနာမည်က ဘဂျမ်းမဟုတ်သော်လည်း တစ်ကျောင်းလုံး တစ်ရွာလုံးက သူ့အား ဘဂျမ်းဟုသာ ခေါ်စမှတ် ပြုကြ၏။
ဘဂျမ်းသည် ထိုအတန်း၌ အခြားကလေးများထက် အသက်အနည်းငယ်ကြီးကာ လက်ရဲဇတ်ရဲနိုင်သည်။
ထစ်ကနဲ ရန်ဖြစ်ပြီဟေ့ ဆိုလျှင် ဘဂျမ်း၊ ရန်ပွဲမှန်သမျှ ဘဂျမ်းနှင့်မလွတ်၊ သူနှင့်ရန်ဖြစ်သူတိုင်း ခံရသူများ၏။ အခြားအကြီးတန်းက ကလေးများကလည်း သူ့အားကြောက်ရ၏။
နန်းက ထိုအတန်း၌ ဘဂျမ်းအား အတန်းခေါင်းဆောင်တာ၀န်ပေးလိုက်သောအခါ ဘဂျမ်းတစ်ယောက် ရန်သိပ်မဖြစ်တော့၊ အတန်းအတွက် အားကိုးစရာ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။
ဆရာ မရှိလျှင် ဘဂျမ်းက တစ်ခန်းလုံးကို ငြိမ်အောင်ထိန်းနိုင်သည်။နဂိုကတည်းက သူ့အားကြောက်ကြသည်လည်း ပါပေမည်။
နန်း၏သမီးအကြီးမလေးနှင့် ဘဂျမ်းက အတန်းတူပင်။
ထို့ကြောင့် အတန်းထဲက ကိစ္စအရပ်ရပ်များကို သမီးကို မေးမြန်းစုံစမ်းရင်း ဘဂျမ်း ပြောင်းလဲလာမှုများကို ပိုသိခဲ့ရ၏။
ဘဂျမ်းနှင့်ဆရာမလေးနန်းကြား၌ သံယောဇဉ်များခိုင်မာလာခဲ့ပါသည်။ ဘဂျမ်းတစ်ယောက် မည်မျှပင် ကြမ်းတမ်းစေကာမူ နန်း၏ အသံကြားရုံမျှဖြင့် နူးညံသိမ်မွေ့သော ယုန်သူငယ်လေးပမာ။
ဘဂျမ်းစတုတ္ထတန်းသို့ရောက်‌ေသာအခါ နန်းက သူတို့အတန်း၏ အတန်းပိုင်အဖြစ် တာ၀န်ယူသင်ကြားခဲ့ရသည်။ ဘဂျမ်းနှင့် ဆရာမလေးနန်းတို့အကြား နားလည်မှု သံယောဇဉ်များပိုတိုးလာခဲ့ရသည်။
ထိုအချိန်၌ နန်း၌ ဒုတိယသမီးလေးက တစ်နှစ်မျှသာရှိသေး၏။
ကလေးတစ်ဖက်နှင့် တာ၀န်ထမ်းဆောင်နေသော နန်းအား ဘဂျမ်းက သားအရင်းသဖွယ်အရိပ်တကြည့်ကြည့်ဖြင့် လိုအပ်သည့်အရာမှန်သမျှ လုပ်ကိုင်ပေးရှာသည်။
ကျောင်းဆင်းချိန် ဆရာမနန်း ရေချိုးရန်အတွက် အုတ်ကန်ထဲ၌ ရေအပြည့်ပင်။
ဘဂျမ်းက ရန်ဖြစ်၍ နန်းက ဆူလျှင်လည်း မျက်ရည်များပင်ကျတတ်သေးသည်။
” ဆရာမ ထင်းရှိသေးလား”
” ရှိသေးတယ်သားရေ”
” ဟာ ဆရာမထင်းက နဲနဲပဲကျန်တာ၊ သားချိုင်ပေးဦးမယ်၊ ဟေ့ဟျောင်တွေ လာဟေ့ ငါတို့ဆရာမအတွက် ထင်းရှာပေးကြမယ်”
လျှပ်စစ်မီး မရှိသောရွာ၌ ထင်းကိုသာ အဓိက အသုံးပြုရသော နန်းတစ်ယောက်အတွက် ထင်းများက ကြမ်းစင်အောက်၌ အမြဲအပြည့်။
အခြားဆရာမများထက် နန်းက တပည့်လေးဘဂျမ်း၏ အလိုက်သိတတ်မှုဖြင့် အစစအရာပြည့်စုံခဲ့ပါသည်။
နန်းကလည်း ဘဂျမ်းအား သားအရင်းသဖွယ် စောင့်ရှောက်ပေးရင်း အရိပ်တကြည့်ကြည့်ဖြင့် ချစ်ခဲ့ရသည်။
နန်း၏ သမီးအတန်းကို သင်ရသော်လည်း နန်းတစ်ယောက် သမီးအား အခြားကလေးများဖြင့်သာ သာတူညီမျှဆက်ဆံခဲ့သည်။
နန်းသင်သော ဘာသာရပ်မေးခွန်းများအား သမီးဖြစ်သူအား တစ်ခါမျှ ပြောမပြဖူးခဲ့ပါ။
ဤသည်မှာ ဆရာမနန်း၏ မှန်သောသစ္စာတရားတစ်ခုပင်။
နန်းတစ်ယောက် ဘုရားရှေ့၌ သစ္စာဆိုရဲပါသည်။
ဤမှသာသမီးလေး စိတ်၌လည်း မိခင်ကို ပို၍ လေးစားမည် မဟုတ်ပေလော။
ထိုရွာလေး၌ ဘဂျမ်းတို့၏ အတန်းပိုင်အဖြစ် သုံးနှစ်ဆက်တိုက်တာ၀န်ထမ်းဆောင်ပြီးနောက် နန်းတစ်ယောက် အထက်တန်းပြဆရာမအဖြစ် ရာထူးတိုးကာ အခြားတစ်နေရာသို့ ပြောင်းရွှေ့တာ၀န်ထမ်းဆောင်ရပြန်သည်။
နန်းပြောင်းရမည်ဆိုတော့ ဘဂျမ်းလေးတစ်ယောက် အတော်စိတ်မကောင်းဖြစ်နေပုံရ၏။
နန်းလည်း တပည့်ဖြစ်သူများအားကြည့်ကာ၀မ်းနည်းခဲ့ရသည်။အထူးသဖြင့် သားလေးဘဂျမ်း အတွက်ပို၍ ခံစားခဲ့ရသည်။
မိမိဤကျောင်း၌ မရှိသည့်အခါ ဘဂျမ်းလေး ယခင်လို စိတ်ကြမ်းကိုယ်ကြမ်းများ ပြန်ဖြစ်‌သွားလေမည်လား ဟူသော စိုးရိမ်စိတ်များလည်းဖြစ်မိပြန်သည်။
သို့သော် အဘယ်မှာတတ်နိုင်မည်နည်း။ ၀န်ထမ်းတစ်ဦးအတွက် ခွဲခွာခြင်းများကြား၌ နေသားကျနေခဲ့ပြီ မဟုတ်ပေလော။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နန်းတစ်ယောက် အထက်တန်းပြအဖြစ် အခြားကျောင်းတစ်ကျောင်းသို့ ထပ်မံတာ၀န်ထမ်းဆောင်ရပြန်သည်။
ဘောဂဗေဒ ဘာသာသင်ပြသူ ဆရာမနန်းသည် အထက်တန်းကလေးများ အပေါ် ခပ်တင်းတင်းခပ်မှန်မှန်ဆက်ဆံခဲ့သည်။
မြီးကောင်ပေါက်အရွယ်များမို့လည်း မျက်စိဒေါက်ထောက်ကြည့်နေရသည်။
အတွေ့အကြုံဗဟုသုတနှင့် ပြည့်စုံသော ဆရာမဒေါ်သက်သက်ခိုင်က နန်းအား အစစအရာကူညီပေးခဲ့ပါသည်။
နန်းအပေါ်တွင် စိတ်ရှည်ကာ ချစ်ခင်ကြင်နာသော ဆရာမဒေါ်သက်သက်ခိုင်အား မိဘသဖွယ်ပင် သံယောဇဉ် တွယ်ခဲ့ရသည်။
ဘောဂဘာသာတွဲသင်ကြားရာတွင် အရှေ့ဆုံးအတန်း၌ မျက်မှန်ပါဝါ အထူလေးဖြင့် ချစ်စရာကောင်းသော ကျောင်းသားလေးအား နန်းကသတိထားမိခဲ့သည်။
ယဉ်ကျေးလိမ္မာသိတတ်သော သား‌လေးမို့ နန်းက မှန်ကြောင်ဟု ချစ်စနိုးစနောက်ကာခေါ်တတ်သည်။
ထိုအခါ ကလေးက နန်းအားကြည့်ကာ ရယ်နေတတ်သည်။
နန်းကိုယ်တိုင်က မျက်မှန်တပ်ဆင်ထားရသောကြောင့်ဖြစ်သည်။
အနီးမှုန်ကျောင်းသားလေးနှင့် အဝေးမှုန်ဆရာမနန်းတို့ ဆရာတပည့်များ အပေးအယူမျှခဲ့ကြ၏။
နန်း၌ သားတစ်ယောက် ထပ်မံတိုးကာ အချစ်ပိုခဲ့ရပြန်သည်။
မိန်းခလေးတပည့်များအားလုံးနီးပါးက လိမ္မာသောကြောင့် ထူးထူးခြားခြား တပည့်မလေးများကိုကား နန်းဆရာမဖြစ်စဉ်တစ်လျှောက် မတွေ့ခဲ့ရ။
သမီးအရင်းသဖွယ် ချစ်ရသူများမို့ အားလုံးကို ရင်နှင့်မဆံ့အောင်ချစ်ခဲ့ရသောကြောင့်ဖြစ်၏။
Xxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
COVID ဖြင့် ကျောင်းများပိတ်သောအခါ စာ‌ေရးစာဖတ်ဝါသနာပါသူ ဆရာမနန်းတစ်ယောက် အားလပ်ချိန်၌ အင်တာနက်အား သုံးဖြစ်ခဲ့သည်။
ထိုအချိန်၌ နိုင်ငံခြားရှိအထက်တန်းကျောင်းသား များဖြစ်သော Justinဖြင့် groupတစ်ခု၌ စတင်ဆုံဆည်းခဲ့သည်။ထို့နောက် Justin၏ သူငယ်ချင်း John Smithနှင့် ခင်မင်ရင်းနှီးခဲ့သည်။
သူတို့၏ ကျောင်းများလည်း COVIDကြောင့်ပိတ်ထားသည်ဟု သိရ၏။
မိမိကိုယ်တိုင်က အထက်တန်းပြဆရာမတစ်ဦးမို့ အထက်တန်းကျောင်းသားလေးများဖြစ်ကြသော သူတို့နှစ်ဦးနှင့် စကားများပြောဖြစ်ခဲ့ကြသည်။
ချစ်စရာကောင်းသော ကလေးများက နန်းအပေါ် အတော်ပင်ဂရုစိုက်ခဲ့ကြရှာသည်။
သူတို့နှစ်ဦး၏ မိဘများကိုကားမသိခဲ့ပါ။
သူတို့နှစ်ဦး၏ မေတ္တာဖြင့်သာ နန်းတစ်ယောက် ပျော်ခဲ့ရသည်။
အထူးသဖြင့် John Smithက နန်းအား မိခင်သဖွယ်ဂရုစိုက်သည်။
Justinက လိုင်းသိပ်မတက်။သူလည်း အလုပ်များနေရှာသောကြောင့်ဖြစ်ပေမည်။
နန်း၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်များစတင်ရေးသားသောအခါ Justinနှင့် John Smithတို့က အလွန်ပင်အားပေးခဲ့ကြသည်။
သူတို့နှစ်ဦး၏ တိုက်တွန်းမှုဖြင့် နန်းတစ်ယောက် စာရေးသူ နန်းကြာညို ဘ၀သို့ ရောက်ရှိလာခဲ့သည်မှာ မှန်ကန်သော အကြောင်းအရာတစ်ခုပင်။
စာစရေးစ နန်းအပေါ်ဝေဖန်တိုက်ခိုက်မှုများအား John Smithက မားမားမတ်မတ်ရပ်တည်ကာ ‌ရှင်းပေးသည်။
Justinနှင့် John Smithအပြင် သူတို့၏ သူငယ်ချင်းများစွာက နန်းအား အားပေးခဲ့ကြသည်။မြန်မာစာ မြန်မာစကား မတတ်သော John Smithတို့အုပ်စုသည် translateများသုံးကာ စာမူများအားဖတ်ရှုခဲ့သည်။
Translateကျေးဇူးဖြင့် နန်းအား အားကစားကွင်း ဟုမြန်မာလိုရေးက အားပေးခဲ့ကြသည်အားတွေ့၍ ရယ်ခဲ့ရသေး၏။
မေ့မရနိုင်သော အမှတ်တရများပင်။
သူတို့တစ်ဖွဲ့လုံး အားသည်ဖြစ်စေ မအားသည်ဖြစ်စေ နန်းစာမူတင်ချိန်၌ လိုင်းတက်လာကြကာ အားပေးကြ၏။
ထိုစဉ်အချိန်က နန်း၏မန့်များသည် သူတို့လေးများ၏ အားပေးမှုဖြင့် စည်ကားခဲ့ဖူးလေသည်။
နန်းအား ဝေဖန်လျှင် သူငယ်ချင်းအရင်းနှင့်ပင် John Smithက ရန်ဖြစ်ခဲ့သေးသည်။ ဤကား John Smith၏ နန်းအပေါ်ထားရှိသော သံယောဇဉ်ပင်။
နောက်ပိုင်း အချိန်ကာလ အတော်ကြာသည်အထိ နန်းနှင့် သူတို့လေးတွေ အဆက်အသွယ်ပြတ်သွားခဲ့သည်။
မသေချာမရေရာသော အကြောင်းအရာများဖြင့်သာ ဝေးကွာခဲ့ကြရခြင်းဖြစ်သည်။
နန်း စာမူတွေတင်တိုင်း ထိုကလေးများအား လွန်စွာသတိရမိသည်။
လစ်ဟာသွားသော ကွက်လပ်တစ်ခုအတွက် အစားထိုးဖြေစရာကား မရှိ။
သူတို့လေးတွေသည် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ အရေးမကြီး။ နန်း၏ချစ်ခြင်းမေတ္တာသည်သာ အရေးကြီးဆုံးဖြစ်သကဲ့သို့ သူ့တို့လေးများ၏ နွေးထွေးသည့် မေတ္တာသည်သာ နန်းအတွက်အလိုအပ်ဆုံးပင်။
နန်း၏ ခံစားချက်ဖြင့် No need thankစာမူရေးတင်ပြီးသည့်အခါ၌ သားလေး John Smithဖြင့်အဆက်အသွယ်ပြန်ရခဲ့သည်။
ထိုအချိန်မှသာ John Smithသည် နန်း၏ အကောင့်လေးအား စောင့်ကြည့်နေမှန်းသိခဲ့ရသည်။မမျှော်လင့်ချိန်၌ John Smithနှင့် Justinတို့နှစ်ဦးဖြင့် ပြန်ဆုံတွေ့ရသောအခါ နန်းရင်ထဲ၌ ဖော်မပြနိုင်အောင်၀မ်းသာခဲ့ရသည်။
သူတို့နှစ်ဦးဖြင့် ယခုချိန်ထိ အပြင်၌မဆုံတွေ့ဖူးသကဲ့သို့ ဖုန်းလဲ မပြောဖူးခဲ့ပါ။( ဖုန်းပြောရလျှင်လည်း Englishမကျွမ်းသော နန်းတစ်ယောက် ဘာပြောရမည်မှန်းမသိ၊ သူတို့ပြောသမျှလည်းနားမလည်၊ ကိုယ်တိုင်ကလည်း ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပါ)
နန်းတစ်ယောက် စာရေးသူတစ်ယောက်အဖြစ်ရပ်တည်နိုင်လာခြင်းသည် သူတို့လေးတွေ၏ အားပေးမှုများစွာနှင့် စာစရေးစဉ်ကတည်းက အားပေးခဲ့ကြသော စာဖတ်သူများစွာ၏ အားပေးမှုကြောင့် ခွန်အားရရှိခဲ့ခြင်း‌ဖြစ်သည်။
နန်းတစ်ယောက် ထိုကလေးများဖြင့် အပြင်၌ မဆုံတွေ့ဖူးသော်လည်း သူတို့လေးတွေမှ မွေးဖွားလာသော မြေးလေးကိုမူ ရင်ခွင်ထဲ၌ ပွေ့ဖက်ထားချင်မိသည်။
မြေးလေးများအား မြန်မာစကားများ သင်ပေးချင်မိသည်။
သူတို့လေးများ၏ မွေးဖွားလာသော ကလေးများထံမှ
” ဖွားဖွားကို ချစ်တယ်”
ဟူသော မြန်မာလို ပြောသံလေးအား ကြားချင်မိသည်။
သူတို့မျိုးဆက်လေးများအား ကျွန်မရေးသောစာမူလေးများအား ဖတ်တတ်စေချင်မိသည်။
အကယ်၍ ဤဆန္ဒများသည် အတ္တတစ်ခုဟု သတ်မှတ်ပါမူ ကျွန်မနန်းကြာညို၏ အဖြူရောင်အတ္တတစ်ခုပင် ဖြစ်ပေလိမ့်မည်ဟုထင်ပါသည်။
လေးစားလျက်
စာရေးသူနန်းကြာညို