• June 20, 2025
  • admin
  • 0

အမတေချိုးဥ အကျိုးပြုသည်

အဏ္ဏဝါစိုးမိုး

၁၉၈၇ ခုနှစ်၊ ဇူလိုင်လထုတ် ရှုမဝ မဂ္ဂဇင်းတွင် ဆောင်းဝင်းလတ်၏ “မတေချိုး’ ဝတ္ထုတိုကို ဖတ်ရပါသည်။ မိစိန်းဆိုသော ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း မိန်းကလေးတစ်ယောက်က အကာအကွယ် အဆောင်သဘောမျိုး ဆောင်ထားလို၍ ချိုးအမတေဥ (ချိုးအမြုတေဥ) လိုချင်သောကြောင့် ည သန်းခေါင်ယံတွင် ကူ (မြည်)သော ချိုးကိုစောင့်ရာ မတေချိုးဥကို မတွေ့ ရဘဲ အရက်မူးသမားနှင့် တွေ့ ရပုံကို ဖော်ပြထားပါသည်။ ဆောင်းဝင်းလတ်သည် သင်္ဘောသားတစ်ဦးဖြစ်ကြောင်း ဆရာမောင်ဆွေတင့်၏ စာတစ်ပုဒ်ထဲတွင် ဖတ်ရဖူးသည်။ သင်္ဘောသားဖြစ်၍ ခေတ်မီ သိပ္ပံအမြင်ရှိသူပီပီ ချိုးအမတေဥ ရှိသည်ဆိုသော ပုံပြင်ဆန် အယူအဆကို မယုံချင်ပုံရသည်။ နှစ်ဆယ်ရာစု သင်္ဘောသားတစ်ဦး၏ အယူအဆမို့ သဘာဝကျပါသည်။ ကျွန်တော်သည် လည်း သင်္ဘောသားဘဝဖြင့် ကမ္ဘာကို သုံးပတ်ခန့်ပတ်ပြီး မရောက်ဘူးသည့် နိုင်ငံဟူ၍လည်း မရှိသလောက်ဖြစ်နေသဖြင့် စိတ်ကူးယဉ်ဆန်သော ချိုး အမတေဥ ကိစ္စကို မယုံသည့်နေရာတွင် ဆောင်းဝင်းလတ်ထက် ပိုကဲမည်လား မသိ။ သို့သော် မယုံသည့် ကြားကပင် ကြုံလာဆုံလာသည့် အကြောင်းတရားတွေက သိပ္ပံခေတ် ကမ္ဘာလှည့်သင်္ဘောသား ကျွန်တော့်ကို အကြီးအကျယ် အံ့ဩတွေဝေ သွားစေခဲ့ပါသည်။ ယခု ဤစာကိုရေးနေသည့် အချိန် ၁၉၈၈ ခု၊ ဇူလိုင်လတွင် ကျွန်တော့် အသက် ၄၅ နှစ်နှင့် နှစ်လ ရှိပါပြီ။

လွန်ခဲ့သည့် အနှစ်လေးဆယ်ခန့်ကစ၍ ကျွန်တော်တို့ ဆွေမျိုးစု အတွင်းတွင် မယုံချင်စရာ ပုံပြင်ပမာ ဒဏ္ဍာရီလေးတစ်ခုကို မကြာခဏ ကြားခဲ့ရပါသည်။ ကျွန်တော့်အဘွား၏အဖေ (ကျွန်တော့်အဖေ၏ အဘိုးသည်) တိုက်နယ်သူကြီးဖြစ်သည်။ ရွာသူကြီးများထက် အဆင့်မြင့်သူဖြစ်၍ သူ့တိုက်နယ်အတွင်းရှိ ကျေးရွာဆယ့်ကိုးရွာမှ ရွာသူကြီးများကို ညွှန်ကြား အုပ်ချုပ်ရသူဖြစ်သည်။ လက်အောက်ခံကျေးရွာ တောင်သူလယ်သမားများ ထဲက သစ်တောထွက်ပစ္စည်းလေးများဖြင့် မျက်နှာလိုအားရ လာရောက် ဆက်သခြင်းကို ခံရသူ့လည်း ဖြစ်သည်။
တစ်ခါတွင်မူ တပည့်တပန်းတွေထဲမှ တောင်ယာလုပ်ကိုင်စားသူ ချင်းအမျိုးသားကြီးတစ်ဦး ရောက်လာပြီး စပျစ်သီးလေးနှင့်တူသော ကျောက်လုံး မည်းမည်းလေးတစ်လုံးကို လာရောက်ဆက်သသည်။ သူသည် နွေရာသီက ခုတ်လှဲထားသော တောင်ယာသစ်ကို မိုးဦးကျတွင် မီးရှို့စဉ် သစ်ငုတ်တိုတစ်ခုကို ဝန်းရံပေါက်နေသော ချုံပုတ်ငယ်တစ်ခုသည် မီး မလောင်ဘဲ မီးကွင်း၍ ကွက်ကျန်နေသည်ဟု ဆိုသည်။ ချုံပုတ်ငယ်ကို ခုတ်ထွင်ပြီး မီးထပ်ရှို့ ရန် အနီးသို့ကပ်သွားစဉ် ထိုချုံပုတ်ငယ်အတွင်းမှ ချိုးတစ်ကောင် ထွက်ပျံသွားသည်ကို မြင်လိုက်ရသည်။ ချုံပုတ်ငယ်ကို ရှင်းလင်းကြည့်ရာ ချိုးဥလေးသုံးလုံးရှိသော ချိုးသိုက်ကလေးကို တွေ့ ရ တော့သည်။ ချိုးဥလေးသုံးလုံးအနက် နှစ်လုံးမှာ သာမန်ဥဖြစ်သော်လည်း တစ်လုံးမှာမူ စပျစ်သီးကဲ့သို့ မည်းနက်သောအရောင်ရှိပြီး ကျောက်ခဲလေး ဖြစ်နေသည်ကို အံ့သြဖွယ်ရာတွေ့ ရသဖြင့် နားစွန်နားဖျား ကြားဖူးသော ချိုးအမတေဆိုတာ ဖြစ်မှာပဲဆိုပြီး အသိုက်ထဲက နှိုက်ယူလာခဲ့သည်။ ယာသမား ချင်းအမျိုးသားကြီးသည် မီးကွင်း ချိုးသိုက်ထဲမှ ရလာခဲ့သော အမည်းရောင်ကျောက်လုံးလေးကို သူ ဆရာတိုက်နယ်သူကြီးမင်း (ကျွန်တော့် အဘေးကြီး)အား ဆက်သခဲ့ပါသည်။ ကျွန်တော့် အဘေးကြီးက ထိုခေတ် အင်္ဂလိပ်ငွေဒင်္ဂါးသုံးပြား ပေးခဲ့သည်။
ကျွန်တော့်အဘေးကြီးတွင် သမီးလေးယောက်ထွန်းကားခဲ့ပါသည်။ အကြီးဆုံးက ဒေါ်သူဇာဖြစ်ပြီး အငယ်ဆုံးက ဒေါ်ညံ၊ အဘေးကြီးကွယ်လွန် သောအခါ ချိုးအမတေဥလေးအပါအဝင် အတွင်းပစ္စည်းမှန်သမျှကို အတူနေ သမီးကြီးဖြစ်သူ ကျွန်တော့်အဘွား ဒေါ်သူဇာက ရလိုက်သည်။
အဘိုးက ၁၉၅၇ ခုနှစ်ခန့်တွင် ကွယ်လွန်ပြီး ၁၉၅၉ ခုနှစ်တွင် အဘွား ကွယ်လွန်သောအခါ ရက်လည် ဆွမ်းသွတ်သည့်နေ့မှာပင် ချိုး အမတေဥကိစ္စက ပေါ်လာတော့သည်။ ဘိုးဘွားပိုင်ပစ္စည်းဖြစ်၍ ဆွေမျိုးစု အားလုံးက ကြည့်လို မြင်လို ပိုင်ဆိုင်လိုကြသည်။ အဘွား မကွယ်လွန်မီက ဘယ်မှာထားခဲ့သလဲ၊ ဘယ်သူ ကိုပေးခဲ့သလဲ၊ အဘွားဆုံးသည့်နေ့က ဘယ်သူ လက်ဦးရယူသွားခဲ့သလဲ စသော မေးခွန်းများဖြင့်လည်းကောင်း၊ တစ်ဦးကို တစ်ဦး မယုံကြည်သော သံသယမျက်လုံးများဖြင့် ကြည့်၍လည်းကောင်း ဆွေမျိုးစုအတွင်း ပြဿနာတက်တော့သည်။ အဘွား၏ သားကြီး ဖြစ်သူ ကျွန်တော့် ဘကြီးက မျက်ထောင့်နီကြီးဖြင့်ကြည့်၍ သူ အလွန်ချစ်သော တစ်ဦးတည်းသော သူ့ ညီမဖြစ်သူ ကျွန်တော် ဒေါ်လေးကို ဟောက်မေး မေးတော့သည်။
“ညီမ၊ မေမေ နှင့်ကိုပေးခဲ့သလား မှန်မှန်ပြော” တဲ့။ အဘွား ကွယ်လွန်ချိန်အထိ အနီးကပ်ပြုစုနေခဲ့ရသော ကျွန်တော့် အဒေါ်က ဘူးကွယ်ငြင်းသည်။ သူ ကြားလည်း မကြားဘူး၊ မြင်လည်း မမြင်ဘူး၊ ရလည်း မရလိုက်ပါဟု ပိတ်ပြောလိုက်သောအခါ ချိုးအမတေဥ ဇာတ်လမ်း တစ်ခန်းရပ်သွားလေတော့သည်။

သို့သော် ဒီကိစ္စကို သခွတ်ပင်က မီးတကျည်ကျည်ဖြင့် ယနေ့တိုင် အောင် မကျေနိုင်မချမ်းနိုင် ဖြစ်နေသူမှာ ကျွန်တော့် အစ်ကို အကြီးဆုံး ဖြစ်သည်။ အဘွား ကွယ်လွန်သည့်အချိန်တွင် သူက မြေးကြီးပီပီ အနားမှာ ရှိနေခဲ့သည်။ အဘွားဆုံးပြီဟု ရပ်ဝေး ရပ်နီးနေ ဆွေမျိုး မိတ်သင်္ဂဟများကို အကြောင်းကြားလိုက်သောအခါ အူယားဖားယား ရောက်လာကြသူများ ထဲတွင် သံတွဲမြို့ မှ ခြေသွက်လက်သွက် ဘွားလေး ဒေါ်ညံလည်းပါလာသည်။ ဘွားလေးဒေါ်ညံသည် ခရီးရောက်မဆိုင်းပင် အိမ်ကြီးပေါ်က ရှေးဟောင်း ပစ္စည်းအပုံကို ဖွတော့သည်ဟုဆိုပါသည်။ ဘာတွေဖွ၍ ဘာတွေ ရသွားသည် ဆိုသည်ကိုမူ ဘယ်သူမှ တိတိကျကျ လက်ဆုပ်လက်ကိုင် မပြုနိုင်ကြ။ သူ မိဘပစ္စည်းလက်ကျန်တွေပဲ သူလဲဆိုင်တော့ ဘယ်သူတားလို့ ရနိုင်မှာလဲဒီတော့ အဘွားကို ရက်လည်ဆွမ်းသွတ်သည့်နေ့က ချိုးအမတေဥကိစ္စ အစရှာမရသောအခါ ကျွန်တော့် အစ်ကိုကြီးသည် ဘွားလေး ဒေါ်ညံကိုပဲ မသင်္ကာသည့်မျက်စိဖြင့် မျက်စောင်းထိုးကြည့်နေခဲ့သည်။
အဘွားကွယ်လွန်ပြီး ၂၅ နှစ်ကြာသောအခါ အဘွား၏ ဒုတိယ သားဖြစ်သူ ကျွန်တော့် အဖေသည် ၁၉၈၄ ခုနှစ်ပိုင်း၌ သာကေတမြို့ နယ် နေအိမ်တွင် ကင်ဆာဟု မသင်္ကာဖွယ်ရာရောဂါဖြင့် အိပ်ရာထဲမှာ လဲတော့ သည်။ နောက်ဆုံးအခြေအနေမဟန်သောအခါ တောမှာနေသော ကျွန်တော့် ဒေါ်လေးသည် အဖေ့ကိုတွေ့ နိုင်ရန် ရန်ကုန်သို့လာခဲ့သည်။ ကျွန်တော် လည်း အဖေ့သတင်းကိုရ၍ နိုင်ငံခြားမှ ပြန်လာခဲ့သည်။ ဒေါ်လေးသည် သူ့အစ်ကိုလတ် (တော့်အဖေ)၏ အလောင်းကို သင်္ဂြိုဟ်ရန် တစ်လ ကျော်ကျော်ခန့် စောင့်နေခဲ့သော်လည်း အဖေက တော်တော်နဲ့ မကွယ်လွန် နိုင်သောအခါ လယ်သမား ချောင်းသမားပီပီ ကြာကြာ မနေနိုင်တော့ဘဲ ရွာသို့ပြန်ရန် ပြင်ဆင်ရတော့သည်။ မပြန့်မီ တစ်နေ့က ဒေါ်လေးသည် နိုင်ငံခြားပြန် ကျွန်တော့်ကို လူရှင်းရာသို့လက်ကုတ်ခေါ်ပြီး တီးတိုးစကားပြောပါသည်။
“ညီလေး၊ ချိုးအမတေဥကို နင် ကြားဖူးသလား” တဲ့။
ကျွန်တော့်ကို ဆွေမျိုးစုအတွင်းမှာ ညီညီလေးဟု ခေါ်ကြသည်။ ကျွန်တော့်အဒေါ်ကမူ ကျွန်တော့်ကိုချစ်၍ အဖျားဆွတ်ခေါ်သည်။ ညီလေး တဲ့။
“ကြားဖူးတာပေါ့၊ ကျွန်တော်တို့ မိသားစုပိုင် ချိုးအမတေဥတစ်လုံး ဘဘတို့ အမေတို့ မသေခင်က အိမ်ကြီးပေါ်က မီးခံသေတ္တာထဲမှာ ရှိခဲ့ဖူးတယ်လို့တောင် ပြောတာ ကြားဖူးတယ်”
(ကျွန်တော်တို့ ညီအစ်ကိုတွေက အဘိုးကို ဘဘ၊ အဘွားကို အမေဟု ခေါ်ကြသည်။ အမေ့ကိုကျတော့ အစ်မ၊ ဒေါ်လေးကိုတော့ မမလေးတဲ့။)
“အေး ဟုတ်တယ်၊ အဲဒီ ချိုးမတေဥလေးကို မေမေ မသေမီလေးတင် ငါ့ကို ပေးသွားခဲ့တယ်၊ အခု ငါ့ဆီမှာပါလာတယ်၊ နင် ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့၊ အဲဒါမျိုးကို တစ်သိန်း နှစ်သိန်းပေးပြီး ဝယ်တဲ့သူရှိတယ်လို့ ပြောကြတယ်၊ ရောင်းလို့ရရင် နင်နဲ့ငါ တစ်ယောက်တစ်ဝက် ယူကြရအောင်’
ကျွန်တော် မမျှော်လင့်သောစကားကို ကြားလိုက်ရ၍ အတော် အံ့သြသွားပါသည်။ နှစ်ပေါင်း သုံးဆယ်နီးပါးမျှ တစ်ဆွေလုံးတစ်မျိုးလုံး လိုက်လံစုံစမ်းနေသောပစ္စည်း လက်ဝယ်ရရှိထားသူနှင့် ပက်ပင်းလာတိုးနေပြီ ဖြစ်သည်။ ဒေါ်လေးသည် အတွင်းခံအင်္ကျီအိတ်ထဲတွင် တရိုတသေ ထည့်ယူလာသော ချိုးမတေဥကို ကျွန်တော့်အား ပြသရန်အတွက်နှိုက်ယူ လိုက်ပါသည်။ ပိုးပဝါစအဟောင်းလေးဖြင့် ချည်နှောင်ထုပ်စည်းထားသော စပျစ်သီးငယ်ငယ်အရွယ် အရာဝတ္ထုကလေးတစ်ခု သူ လက်ထဲမှာ ပါလာ ပါသည်။

နှစ်ပေါင်း ခုနှစ်ဆယ်ကျော်က အမြတ်တနိုး ထိန်းသိမ်းလာခဲ့ကြ သည့် ဘိုးဘွားပိုင် ရှေးဟောင်းပစ္စည်းလေးကို မြင်တွေ့ ရတော့မည်ဆိုသည့် အသိဖြင့် ဝမ်းသာရင်ခုန်နေသလို စိတ်ကူးယဉ်စီးပွားရေးသမားအချို့၏ ပါးစပ်သတင်းလွှင့်မှုကို ယုံပြီး ချိုးအမတေဥကို ရောင်းချင်နေသည့် ဒေါ်လေး ကိုကြည့်ပြီး ကျွန်တော် ရယ်လည်း ရယ်ချင်နေသည်။ သနားလည်း သနား နေမိသည်။
စိတ်ကူးယဉ် စီးပွားရေးသမားများက သိန်းနှစ်ဆယ် သုံးဆယ် ပေးဝယ်မည်ဟု ပါးစပ်သတင်းလွှင့်၍ မက်လုံးပေးထားခြင်းခံရသော ချိုး အမတေဥလေးကို မည်းနက်သောအရောင်လေးဖြင့် တည်ငြိမ်ဣန္ဒြေရစွာ ဒေါ်လေး၏ လက်ဝါးပေါ်မှာ မြင်တွေ့ လိုက်ရပါတော့သည်။
ကျွန်တော်သည် သိပ္ပံနည်းမကျသော စိတ်နယ်လွန်ကိစ္စများကို မယုံကြည်သော်လည်း တုန်ယင်သောလက်များဖြင့် ကိုင်ကြည့်မိလျက်သား ဖြစ်သွားပါသည်။ ချိုးဥလေးသည် အရိပ်ထဲတွင် မည်းနေသော်လည်း နေရောင်တွင် ထောင်ကြည့်လိုက်သောအခါ အရစ်အရစ်ထ၍ ထူးခြားသည့် အသွင်သဏ္ဌာန်ရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့ ရပါတော့သည်။ ပုလဲနက် ရတနာကဲ့သို့ ကလလရည်ကြည် သန္ဓေတည်ပြီး နှစ်ရှည်လများ အဆင့်ဆင့် ကြီးထွားလာခဲ့ရသော အသွင်သဏ္ဌာန်မှာ ထင်ရှားစွာ ပေါ်လွင်နေပါသည်။ ယောက်ျားကြီး လက်သန်းဖျား အရွယ်မျှသာရှိသော အရာဝတ္ထုလေးသည် အရွယ်နှင့် မမျှအောင်လေးပြီး အနှစ်ရှိနေသည်ကိုလည်း သတိပြုမိလိုက် ပါသည်။
ဒေါ်လေးသည် ကျွန်တော့်ကို ယုံကြည် စိတ်ချစွာဖြင့် ချိုးအမတေဥကလေးကို ပေးအပ်ထားခဲ့ပြီး ရွာသို့ပြန်သွားပါသည်။ ဒေါ်လေးပြန်သွားပြီး တစ်လခန့်ကြာမှ အဖေ ကွယ်လွန်ပါသည်။ ဒေါ်လေးသည် အဖေ့အလောင်းကို မမြင်လိုက်ရတော့ပါ။ အဖေ့ အသုဘသို့လာကြသည့် ရန်ကုန်မြို့ ရောက် ဆွေမျိုးတွေကိုလည်း ချိုးအမတေဥကိစ္စ လုံးဝအသိမပေးဘဲ ကျွန်တော် လျှို့ဝှက် ထားခဲ့ပါသည်။

ဤချိုးအမတေဥနှင့်ပတ်သက်ပြီး မိတ်ဆွေ ဦးမြမောင် (ကုန်သွယ် လယ်ယာ) အား ဖွင့်ပြောတိုင်ပင်ကြည့်ရာ ဦးမြမောင်က မျက်လုံးပြူးမျက်ဆံပြူးဖြင့် တအံ့တသြ ပြောပါသည်။
“ဟာ ခင်ဗျား၊ အဲဒါရှိတဲ့အကြောင်းသာ လူတွေကို လျှောက်ပြော မနေနဲ့၊ ခင်ဗျားကိုသတ်ပြီး အဲဒီပစ္စည်းကို ယူသွားလိမ့်မယ်၊ ခင်ဗျားနဲ့ ထိုက်တန်လို့ ရောက်လာတာ၊ ရိုရိုသေသေသိမ်းထား၊ ရောင်းဖို့လဲမစဉ်းစားနဲ့၊ ဝယ်ယူတဲ့သူ၊ လုယူတဲ့သူ၊ ခိုးယူတဲ့သူမှာလဲ သူနဲ့ မထိုက်တန်ဘဲ လက်ဝယ် ပိုင်ဆိုင်ထားရင် ဘေးဆိုး အန္တရာယ်ဆိုးတွေနဲ့ ရင်ဆိုင်ရတတ်တယ်၊ ကျွန်တော်တော့ ယုံတယ်” တဲ့။
အားကိုးတကြီးမေးမိမှ ကြားရသည့်စကားကြောင့် ဖျားချင်သလို ကျောထဲက စိမ့်သွားသည်။ ဒုက္ခပါပဲဟု စိတ်ထဲက ညည်းလိုက်မိပြီး ဤ ပစ္စည်းကို နှစ်ပေါင်း ခြောက်ဆယ်နီးပါးမျှ ဆက်ခံထိန်းသိမ်းလာခဲ့ကြသော ကျွန်တော့် အဘွားနှင့် ကျွန်တော့် ဒေါ်လေးတို့ကို ပြန်လည် သတိရလိုက် မိသည်။
အဘွားသည် ဂျပန်အပြေး အင်္ဂလိပ်ပြန်အလာတွင် အဘွားနှင့်အတူ နေသော ကျွန်တော့်အဖေ၏ ဆိုးသွမ်းမှုဒဏ်ကိုလည်း အလူးအလှိမ့် ခံခဲ့ရသည်။ အဖေ့ ရမ်းကားမှုများကြောင့် ကျွန်တော့် အဘွား မျက်ရည်ပေါက် ကြီးငယ် ကျခဲ့ရသည်။ အဘွားသည် ကွယ်လွန်သည်အထိ အဖေ့ကို စကား မပြောတော့ပါ။
တစ်ခါတုန်းက ကတ္တီပါဖိနပ်စီးပြီး ငွေရိုးတပ်ပုသိမ်ပိုးထီးကိုဆောင်း ခဲ့သော တိုက်နယ်သူကြီး သူဌေးသမီးကြီးသည် မတည်မငြိမ်ဖြစ်လာပြီး စီးပွားရေးကျဆင်းလာသဖြင့် ၁၉၅၀ ခုနှစ်၊ ဒီဘက်ပိုင်းတွင် ဈေးခံတောင်း ခေါင်းရွက်၍ ရွာစဉ်လျှောက် ဈေးရောင်းစားရတော့သည်။ နှစ်ညအိပ် သုံးညအိပ်ခရီးဖြင့် တစ်ရွာဝင် တစ်ရွာထွက် ဈေးရောင်း၊ ကြွေးတောင်းရာသို့ ခုနှစ်နှစ်၊ ရှစ်နှစ်သားအရွယ် ကျွန်တော်က အဘွား၏ ထဘီအင်္ကျီများနှင့် ကျွန်တော့် အင်္ကျီ လုံချည်လေးများထည့်ထားသော လွယ်အိတ်ကလေးကို လွယ်၊ ဦးထုပ်နားကုပ်ကလေးကိုဆောင်းပြီး အဘွား၏နောက်က လိုက်ခဲ့ရပါသည်။
ရွာမျက်နှာဖုံး ဘုရားဒါယကာ၊ ကျောင်းဒါယကာကြီးဖြစ်သူ အဘိုး သည်လည်း မျက်နှာပန်း မလှတော့သည့် ဘဝအခြေအနေကြောင့် အကြီးအကျယ် ရှက်သွားပြီး အိမ်ထဲက အိမ်ပြင်မထွက်ဘုရားသွား ကျောင်းတက်ပင် မလုပ်တော့ဘဲ အိမ်ထဲမှာပင် ဆယ်နှစ်ကျော်ကျော်နေ၍ အိမ်ရှေ့ဧည့်ခန်းက ပက်လက်ကုလားထိုင်ပေါ်မှာပင် လူ့ ဘဝကို ဇာတ်သိမ်း သွားခဲ့ရပါသည်။

အဘိုးနှင့် အဘွားတို့ ကွယ်လွန်ပြီးနောက် ဤချိုးအမတေဥလေးကို တိတ်တဆိတ်ဆက်ခံထားသူကျွန်တော့်ဒေါ်လေးသည်လည်း ဘိုးဘွားပိုင် အိမ်နှင့် လယ်ယာဥယျာဉ်ခြံမြေ စသည့် မိဘအမွေအားလုံးကို သူတစ်ဦး တည်း ရပါငြားသော်လည်း စီးပွားရေးမှာ ပရုပ်လုံးကဲ့သို့ ပါးပါးသွားခဲ့သည်။ သူ့ ခင်ပွန်း ကျွန်တော့် ဦးလေးသည် လူရိုးလူဖြောင့်တစ်ဦး ဖြစ်ပါလျက် လှေလှော်ရင်း နစ်နေရှာသည်။ လုပ်သမျှ စီးပွားရေး အကျိုးမပေး အရာမထင် ဖြစ်ခဲ့ရသည်။ မိဘအမွေ အိမ်ရာခြံမြေနှင့် ပတ်သက်၍ တရားတဘောင် ဖြစ်ရသည်။
ဒေါ်လေး၏ဆန္ဒအရ ချိုးအမတေဥလေးရောင်းချရေးနှင့် ပတ်သက် ပြီး ဦးမြမောင်နှင့်တိုင်ပင်၍ အဆင်မပြေသောအခါ တောင်ဥက္ကလာမှာနေ သော သူငယ်ချင်းတစ်ယောက်၏ အကူအညီကိုရယူ၍ ဝယ်မည့်သူနှင့် ဆက်မိသည်။ စမ်းသပ်ကြည့်၍ မှန်ကန်လျှင် အလုပ်ဖြစ်မည်ဟု ဆိုသည်။ ဘယ်ပုံဘယ်နည်းဖြင့် စမ်းသပ်မှာလဲဟု မေးကြည့်ရာ ချိုးအမတေဥလေးကို အဝတ်နဲ့ထုပ် သစ်ပင်မှာကြိုးနဲ့ တွဲလွဲဆွဲထားပြီး သေနတ်ဖြင့် သုံးချက်ပစ်မည်၊ သုံးချက်တိတိပစ်၍ ကျည်မထွက်လျှင် တောင်းသည့်ငွေကြေး အရေအတွက်ကို ဈေးမဆစ်ဘဲ ပေးမည်ဟု ဆိုပါသည်။
ကံကိုယုံပြီး ဆူးပုံပေါ်ခုန်ချသော အလုပ်မျိုးကို ကျွန်တော် မလုပ် ချင်ပါ။ ထုံးမန်းအားကိုးဖြင့် ခေါင်းထိုးပေးပြီး အရိုက်ခံသည့် အလုပ်မျိုးလည်း မလုပ်ဝံ့ပါ။
ယုံကြည်မှုတစ်ခုဖြင့် ကာလကြာရှည်စွာ စောင့်ရှောက်ထိန်းသိမ်း လာခဲ့ကြသည့် ရှေးဟောင်းအမွေအနှစ်တစ်ခုကို သံသယစိတ်ဖြင့် အတုအစစ် ခွဲခြားလို၍ စမ်းသပ်သော အလုပ်မျိုးကိုလုပ်ရန်လည်း ကျွန်တော် ဝါသနာ မပါပါ။
ယခုကိစ္စတွင် သေနတ်နှင့်သုံးချက်ပစ်၍ ကျည်မထွက်ပါက ဤ ပစ္စည်းလေးသည် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသွားမည်ကား မှန်၏။ သို့သော် ဒိုင်းခနဲ ကျည်ထွက်သွားခဲ့သော် ဘာဖြစ်မည်နည်း။ နှစ်ပေါင်း ခုနစ်ဆယ်နီးပါး ဘိုးဘွားအဆက်ဆက် အမြတ်တနိုး သိမ်းဆည်းလာခဲ့သော ရှေးဟောင်းပစ္စည်းလေးသည်လမ်းဘေးက ကျောက်စရစ်ခဲလောက်တောင် တန်ဖိုးမရှိ ဖြစ်သွားပေတော့မည်။
အဲဒီ တော့ ဒီဇာတ်လမ်းကို ဒီမှာတင် တစ်ခန်းရပ်လိုက်ပါတော့ဟု သူငယ်ချင်းကို တောင်းပန်ပြီး ချိုးအမတေဥလေးကို ရွှေ ငွေ ရတနာများနှင့် အတူ သေတ္တာထဲတွင် ထည့်သိမ်းထားလိုက်ပါတော့သည်။

၁၉၈၇ ခု၊ နှစ်ဆန်းပိုင်းတွင် ကျွန်တော် နိုင်ငံခြားမှ ပြန်ရောက်နေပြီဟု သတင်းကြားသောအခါ ကျွန်တော့် သူငယ်ချင်းသည် ပုဂ္ဂိုလ်တစ်ဦးကို ကျွန်တော့် အိမ်သို့ ခေါ်လာပြန်ပါသည်။ ပစ္စည်းကိုကြည့်ချင်ပါသည်ဟု မေတ္တာရပ်ခံပါသည်။ ထိုပုဂ္ဂိုလ်၏ ဝတ်စားပြင်ဆင်ပုံနှင့် ပြောစကား များကို နားထောင်ကြည့်ခြင်းဖြင့် စိတ်ကူးယဉ် စီးပွားရေးသမားများ၏ ကြားပွဲစားတစ်ဦးသာဖြစ်ကြောင်း သိသာလှသည်။ ရောင်းရန် ရည်ရွယ်ချက် မရှိတော့၍ ပစ္စည်းကိုမပြချင်သော်လည်း အတူပါလာသည့် သူငယ်ချင်းကို အားနာသဖြင့် ပစ္စည်းကိုပြရန် စကားပလ္လင်ခံရတော့သည်။
“ဒီပစ္စည်းလေးဟာ ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက် အမြတ်တနိုး ထိန်းသိမ်းလာခဲ့ကြတဲ့ ရှေးဟောင်းပစ္စည်းလေးမို့ မရောင်းဘူးလို့ ဆုံးဖြတ် ထားပြီးပါပြီ၊ ဒီတော့ အရောင်းအဝယ်ကိစ္စ သက်သက်ဆိုလျှင်ဖြင့် ပြစရာ မလိုတော့ပါဘူး၊ ဗဟုသုတအနေနဲ့ မြင်ဖူးတယ်ရှိအောင် ကြည့်ချင်တယ် ဆိုရင်တော့ ကျွန်တော် ပြပါ့မယ်၊ ဒါနဲ့ လက်နဲ့ မထိမကိုင်ဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်”
ထိုပုဂ္ဂိုလ်သည် အောင့်သက်သက်ဖြင့်ပင် သဘောတူလိုက်ရဟန် တူသည်။ ကျွန်တော်သည် စိတ်မပါ လက်မပါဖြင့် ထိုင်ရာမှထ၍ သူငယ်ချင်းနှင့် ထိုပုဂ္ဂိုလ်၏ရှေ့မှာပင် အိမ်ရှေ့ဧည့်ခန်းမှာရှိသည့် မီးခံ သေတ္တာကိုဖွင့်၍ ရွှေ ငွေ လက်ဝတ်လက်စားများထားသည့် သံမဏိအံဆွဲ လေးထဲက ချိုးအမတေဥလေးထည့်ထားသော ဘူးလေးကို ထုတ်ယူလိုက် ပါသည်။
ပလတ်စတစ်ဘူးလေးကို ထိုပုဂ္ဂိုလ်၏ ရှေ့တည့်တည့်ရှိ ဆက်တီ စားပွဲပေါ်တွင်တင်ပြီး အသာအယာ ဖွင့်ပြလိုက်ပါသည်။ လက်ဖြင့် မထိမကိုင်ရန်ကိုလည်း ထပ်မံ သတိပေးလိုက်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးသည် သူ၏ အားကောင်းလှသော ပါဝါမျက်မှန်ကို ဖုန်သုတ်ပြီး သေသေချာချာ ကြည့်သွားပါသည်။
လက်ရှိ အလုပ်အကိုင်က သင်္ဘောသား၊ ကိုယ်ပိုင်ကားနဲ့၊ တိုက်ခံ အိမ်နဲ့၊ တီဗွီ၊ ဗွီဒီယိုနဲ့ (ပြီးတော့ မီးခံသေတ္တာကြီးနဲ့ ရေခဲသေတ္တာကို မလိုအပ်ဘဲဧည့်ခန်းမှာ လူတကာမြင်သာအောင် ပြထား၍) အခန့်သားနေပြီး ချိုးအမတေဥကို အစမ်းသပ်လည်း မခံနိုင်ဘူး၊ ရောင်းလည်းမရောင်းနိုင်ဘူး လို့ ရင်ကော့ပြီး ပြောလိုက်တော့ မီးခံသေတ္တာထဲက ချိုးအမတေဥလေး၏ တန်ဖိုးသည် သေကြာဂြိုဟ်နားရောက်အောင် ထိုးတက်သွားတော့သည်။ သူငယ်ချင်းခေါ်လာသော ပုဂ္ဂိုလ်က စဉ်းစားပါဦးဟု လေသံဖြင့်ပြောသည်။ ကျွန်တော်က မစဉ်းစားဟု ပြောလွှတ်လိုက်သည်။ ချိုးအမတေဥ အရောင်း အဝယ်ကိစ္စ ဇာတ်လမ်း တစ်ခန်းရပ်သွားတော့သည်။

၁၉၈၄ ခုနှစ်၊ သြဂုတ်လအတွင်းက အဲဒီ ချိုးအမတေဥကလေး ကျွန်တော့် လက်ထဲ ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှ ယနေ့အထိ ကျွန်တော် ကော ဘာတွေဖြစ်ခဲ့သလဲ။
ချိုးအမတေဥလေးကို လက်ခံရရှိသည့်အချိန်မှာ ကျွန်တော်သည် သင်္ဃန်းကျွန်းမြို့နယ် ကျူးကျော်ရပ်ကွက်ရှိ အစ်ကို့ အိမ်နောက်ဘက်က မြေကွက်လပ်တွင် အဖီဆွယ်၍ နေခဲ့ရသည်။ သို့သော် ကျွန်တော့်လက်ထဲ တွင် ကားရောင်းထားသောငွေ အပါအဝင် စုစုပေါင်း တစ်သိန်း ခုနစ်သောင်း ရှိနေသည်။ သင့်ရာတော်ရာ အိမ်တစ်လုံးကိုဝယ်ရန် သို့မဟုတ် ငှားရန် ရှာနေသည်။
ထိုအချိန်တွင် သင်္ဃန်းကျွန်းမြို့ နယ်၊ ပြည်သာယာလမ်းမတန်း ပေါ်မှာ တိုက်ခံအိမ်တစ်လုံး ရောင်းရန်ရှိသည်ဟု သတင်းကြား၍ ကျွန်တော် တို့ လင်မယားနှစ်ယောက် သွားကြည့်ကြသည်။ အိမ်ရောင်းမည်ဟု ဆိုင်းဘုတ်ချိတ်ထားသော ထိုအိမ်ကို တွေ့ ပါသည်။ အိမ်ရှေ့မှာ နံပါတ် ၃၉၊ ၄ဝ ကားမှတ်တိုင်၊ ဓားလွယ်ခုတ်စောင်းစောင်းလေးမှာ အထက်တန်း ကျောင်း၊ အိမ်ဘေးက လမ်းထဲမှာ ညဈေးတန်းကလေးနှင့် သမဆိုင်၊ အရံ မီးသတ်တပ်ဖွဲ့ ရုံး၊ အိမ်ထဲမှထွက်ပြီး လမ်းဖြတ်ကူး၍ ငါးမိနစ်မျှလျှောက်လိုက် ရုံဖြင့် ကျွန်တော်တို့ နေ့စဉ်သွားနေရသော နံနက်ပိုင်းဈေးကို ရောက်သွား နိုင်သည်။

အိမ်ရှင်နှင့် စကားပြောကြည့်သည်။ ပွဲခမပါ တစ်သိန်းနှစ်သောင်း ခေါ်ထားသည်။ ဒါပေမယ့် နောက်ကျသွားပြီဟု ဆိုသည်။ ဆေးခန်းဖွင့်မည့် ဆရာဝန်တစ်ဦးက လက်ဦးသွားပြီး တောင်ကြီးက ဆွေမျိုးတွေဆီမှာ ငွေသွားယူနေပြီဟု ဆိုသည်။ သို့ သော် မျှော်လင့်ချက်ကလေးတစ်ခုတော့ ရှိပါသေးသည်။ လာမည့် စနေနေ့တွင်မှ ငွေလာမချေနိုင်လျှင် ဦးရာလူကို ရောင်းမည်ဟု ကတိပေးလိုက်ပါသည်။
ရက်သတ္တပတ်တစ်ပတ်ခန့်စောင့်ပြီး တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ကျွန်တော်တို့ ဇနီးမောင်နှံ ဈေးသွားရင်းလှည့်ဝင်ကြည့်ကြသည်။ အိမ်ရှင် အမျိုးသားကြီးက ဝမ်းသာအားရ ဆီးပြောသည်။ “ခင်ဗျားနဲ့ ထိုက်တယ်ထင်တယ်ဗျ၊ ဟိုလူ မနေ့က လာဘူး” တဲ့။
ဒါနဲ့ ကျွန်တော်တို့ ဇနီးမောင်နှံ အိမ်အတွင်းအပြင်နှင့် အပေါ်ထပ်ကို တက်ကြည့်ကြသည်။ ကျွန်တော့်ဇနီးက ဈေးနှင့်နီးလို့ ကောင်းတာတစ်ခုက လွဲပြီး ကျန်တာ ဘာမျှ နားမလည်သော်လည်း ကျွန်တော်က လက်သမား မျက်စိဖြင့် ကြည့်သည်။ အလျား ပေ ၄ဝ၊ အနံ ၁၈ ပေ၊ အုတ်ပတ်ကားခံထား သော နှစ်ထပ်အိမ်၊ ပျဉ်းကတိုးငါးပတ်လည်တိုင် အပေါ်ထပ် လေးငါးမူး လျှာထိုးခင်း၊ ခြောက်သုံးမတ်ပတ်လည်ကာ ဆောက်ထားသော ဆယ်နှစ် ကျော်မျှသာရှိသေးသော အိမ်၊ တစ်သိန်းနှစ်သောင်း တန်တယ်ကွဆိုပြီး အိမ်ရောင်းမည်ဆိုင်းဘုတ်ကို ဖြုတ်ခိုင်းလိုက်တော့သည်။
အဲဒီအိမ်ကို တစ်သိန်းနှစ်သောင်းနဲ့ဝယ်ပြီး သည့်ထက်ကောင်းအောင် မွမ်းမံလိုက်တော့ သုံးသောင်းလောက်ထပ်ကုန်သွားသည်။ အထွေထွေ တစ်သိန်းခွဲဖြစ်သွားသည်။ ကျွန်တော့်လက်ထဲရောက်ပြီး တစ်နှစ်လောက် အကြာမှာ အဲဒီလမ်းပေါ်က အိမ်တစ်လုံးချင်း၏ တန်ဖိုးသည် ငါးသိန်းနှင့် အထက် ဖြစ်သွားကြပါတော့သည်။
၁၉၈၄ ခု၊ နိုဝင်ဘာလတွင် တစ်သိန်းကျော်တန် အိမ်သစ်ယာသစ်နှင့် ဖြစ်သွားသော်လည်း လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိတော့၍ အိမ်သုံး ရန် ဝယ်လာခဲ့သော နောက်ဆုံးပေါ်မှန်နှစ်ထပ်နှင့် နေရှင်နယ်လက်မ နှစ်ဆယ် တီဗွီအသစ်ကြီးကို ချရောင်းရတော့သည်။ ဗိုက်နာနေမှန်းသိ၍ ဝယ်သူက နှစ်သောင်းခုနှစ်ထောင်ပဲပေးတာ ခံလိုက်ရသည်။ ငွေကို မြို့ ထဲကဆိုင်မှာ လိုက်ယူပါဆိုသဖြင့် ကိုယ့်စရိတ်နဲ့ကိုယ် လိုက်ယူရသေး သည်။ နေ့စဉ် ရောင်းရငွေထဲက အစိတ်တန်၊ ဆယ်တန်၊ ငါးကျပ်တန်၊ ကျပ်တန်တောင်ပါသည့် ငွေလေး နှစ်သောင်းခုနစ်ထောင်မှာ ပလတ်စတစ် ကြွပ်ကြွပ်အိတ်နှင့် တစ်လုံးကြီး ပြည့်ဖောင်းနေတော့သည်။ ရာတန်မရှိ ဘူးလားဗျာလို့ မေးတော့ မရှိဘူး၊ လိုချင်ရင် နက်ဖြန်မှရမယ်လို့ ပြောတာနဲ့ မကျေမနပ်နဲ့ပဲ ငွေထုပ်ဖောင်းပွပွကြီးပိုက်ပြီး ပြန်ခဲ့ရသည်။ မကြာပါဘူး၊ ရာတန်တွေ တရားမဝင်ကြေညာပါလေရော၊ ဒီတော့မှ မောင်မင်းကြီးသားကို ကျေးဇူးတင်မိတော့သည်။ တီဗွီရောင်းရငွေလေး မကုန်မီ သင်္ဘောပြန်လိုက်ရန် လှုပ်ရှားရတော့သည်။ ၁၉၈၀ ခုနှစ် လောက်တုန်းက သင်္ဘောလိုက်ရဖို့ အတွက် ဟိုလူကပ်ရ၊ ဒီလူ ဖားရဖြင့် ခွေးရူးသန်းကိုက်သလို ဖြစ်ခဲ့ဖူး၍ သွေးလန့်နေသည်။ သို့သော် ယခုတော့လည်း ကံအားလျော်စွာပါပဲ သင်္ဘောသားရုံးနားသွားပြီး မျက်နှာပြလိုက် သည်နှင့် “ပိုသီးတိုး” ကုမ္ပဏီပိုင် သင်္ဘောတစ်စီးမှာ လောလောဆယ် လူလိုနေ၍ ပြင်သစ်နိုင်ငံ မာဆေးမြို့ကို ချက်ချင်းထွက်ခွာနိုင်ရန် အသင့်ပြင်ပါဟု အမိန့်ချလာပါတော့သည်။
ထွက်ခွာသွားမည့်အချိန်တွင် ဇနီးသည်မှာ ကိုယ်ဝန်ခြောက်လ ရှိနေ့ပါသည်။ သည်တစ်ခါ ဘာလေးမွေးမလဲ သိသွားချင်ရင် ဓာတ်မှန် ရိုက်ကြည့်သွားပါလားဟု ဇနီးသည်က အကြံဉာဏ်ပေးပါသည်။
“တော်ပြီကွာ၊ ငါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ သွားပါရစေ”
မိန်းမလေးပဲ မွေးဦးမှာပဲဆိုတာ သေချာပေါက်သိနေ၍ စိတ်ပျက် လက်ပျက် ပြောလိုက်ခြင်းဖြစ်သည်။ သမီးချည်းသုံးယောက်ဆက်တိုက် မွေးပြီး၍ စိတ်ဓာတ်ကျ၍ နှစ်အတော်ကြာအောင် ကလေးမယူဘဲနေလာခဲ့ ကြသည်။ ကျွန်တော်နှင့် ကျွန်တော့် ဇနီးတို့ နှစ်ဘက်မျိုးသည် မိန်းမချည်း မွေးသော အမျိုးဖြစ်သည်။ ကျွန်တော့် အမေတို့က ညီအစ်မ ငါးယောက် ကျွန်တော့် ယောက္ခမ အဘွားကြီးတို့က ညီအစ်မချည်း လေးယောက်။ ဒီတော့ မျိုးရိုးအရကို မျှော်လင့်ချက်မရှိ ဖြစ်နေသည်။ သားယောက်ျားလေး လိုချင်ပါသော်လည်း မရတတ်၍ ကံတရားကိုပဲအပြစ်ပုံချပြီး စိတ်ပျက် လက်ပျက် နေလာခဲ့သည်မှာ ကြာပေပြီ။

နိုင်ငံခြားကိုရောက်သွားပြီး လေးလခန့်အကြာ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဇနီး မီးဖွားကြောင်း သတင်းရသည်။ ယောက်ျားလေးတဲ့ဗျား။ အဲဒီနေ့က ကျွန်တော် အာဂျင်တီးနားနိုင်ငံ၊ ရိုဆားရီးရိုးမြို့ တွင် ရောက်နေခဲ့သည်။ သင်္ဘောမှာ ပါတီပေးလိုက်သည်။
ရှားရှားပါးပါး ရတတ်သည့်သားကလေးကို တွေ့ချင် မြင်ချင်တာနဲ့ တစ်နှစ် ကန်ထရိုက်ပြည့်အောင် မနည်းအောင့်နေပြီး တစ်နှစ်ပြည့်တာနဲ့ အယ်လ်ဂျီးရီးယားနိုင်ငံမှ ပြန်ပြေးလာခဲ့သည်။ ဘန်ကောက်ကို ရောက်သော အခါ ဂျပန်မှာရှိသည့် ကားကုမ္ပဏီသို့ ကားဖိုးငွေလှမ်းသွင်းရန် အကြိမ်ကြိမ် ကြိုးစားကြည့်သေးသည်။ သို့သော် စိတ်ထဲမှာ ဇနီးကလိုလို၊ မိတ်ဆွေ တစ်ယောက်ကလိုလို တစ်စုံတစ်ယောက်က တားမြစ်နေသလို ခံစားနေရသည်။ ချီတုံချတုံဖြင့် နောက်ဆုံး ငွေမသွင်းဘဲ ရန်ကုန်ပြန်ရောက်ခဲ့သည်။ ရန်ကုန်ပြန်ရောက်မှ အိုင်အေစီ (စစ်ဆေးရေးအေဂျင်စီ ကော်ပိုရေးရှင်း) မှ တစ်ဆင့် ငွေသွင်းပြီး ကားဝယ်လိုက်ရသည်။
၁၉၈၇ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့တွင် ကျွန်တော့်ကား ရောက်လာပြီး မကြာမီ ငွေမသွင်းဖြစ်ခဲ့သော ဂျပန်မှ ကားကုမ္ပဏီ ပျက်သွားပြီ ဖြစ်ကြောင်း ကြော်ငြာတော့သည်။ ကျွန်တော် အလျင်က ၎င်းကားကုမ္ပဏီသို့ နိုင်ငံခြားမှနေ၍ ကားဖိုးငွေသွင်းခဲ့ကြသော ကျွန်တော့် သူငယ်ချင်းအချို့ အပါအဝင် ကားဝယ်ထားသူအားလုံး ကားလည်းဆုံး ငွေလည်းဆုံးသွားကြ တော့သည်။
သားဦးလေးကို တွေ့ချင် မြင်ချင်၍ နိုင်ငံခြားမှ ပြန်ပြေးလာခဲ့သော ကျွန်တော်သည် ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်ကို ရောက်လာခဲ့သည်။ လိုလိုမယ်မယ်ဆိုပြီး နိုင်ငံကူးလက်မှတ် ပြန်လျှောက်ထားလိုက်မိသည်။ နိုင်ငံကူးလက်မှတ်ကိစ္စ၊ နိုင်ငံခြားဘဏ် ငွေအပ်သည့် ကိစ္စ၊ ကားပါမစ်ကိစ္စ စသည့်ကိစ္စများဖြင့် သင်္ဘောသားရုံးရှေ့ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့်ကို အမြဲတွေ့ နိုင်ပါသည်။

မေလ အလယ်လောက်တွင်တော့ အလုပ်မရှိဘဲ ယောင်လည်လည် လုပ်နေသော ကျွန်တော့်ကို ရုံးက လူကြီးတွေက မျက်ထိုးတည့်သွားပြီး နဗရွန်းကုမ္ပဏီပိုင် သင်္ဘောတစ်စင်းတွင် ချက်ချင်းသွားရောက် အမှုထမ်းရန် ချောဆွဲခံလိုက်ရတော့သည်။ ငြင်းလည်း မငြင်းရဲ၊ ထွက်ပြေး၍လည်း မလွတ်နိုင်မှန်း သိသဖြင့် “ဟုတ် ဟုတ်ကဲ့ပါ” ဆိုပြီး ခေါင်းညိတ်လိုက်ရ တော့သည်။ နိုင်ငံခြားက ပြန်လာတာ ငါးလပဲရှိသေးသည်၊ ဝယ်ထားသည့် ကားလည်း မရောက်သေး၊ သားလေးနဲ့လည်း ဝအောင်တောင် မနေရသေးဟု ဝမ်းနည်းနေတော့သည်။ ဇနီးသည်ကတော့ ဖျောင်းဖျစကား ဆိုပါသည်။
“အလုပ်အကိုင်ဆိုတာ အဆင်ပြေချင်ရင် ဒီလိုပဲ၊ သူများတွေမှာ လိုချင်လို့တောင် မလိုက်ကြရရှာဘူး၊ စီးပွားရှာတယ်ဆိုတာ အသက်အရွယ် ငယ်တုန်း၊ ကျန်းမာတုန်းရှာကြရတာ၊ သွားရမယ့်ကိစ္စ သွားသာသွား၊နောက်ပိုင်း ဘာမှ မစိုးရိမ်ပါနဲ့”
“မင်းပဲ အပြောကောင်း၊ မသွားလို့မှ မရဘဲ၊ သွားရတော့မှာပေါ့၊ လာ ဒီမှာကြည့်၊ မီးခံသေတ္တာက ဟောဒီလိုဖွင့်ရတယ်၊ ဒါက ကားရောက်လာရင် ရွေးဖို့နဲ့ ကားဘော်ဒီတင်ဖို့အတွက် သတ်သတ်ဖယ်ထားတဲ့ ငွေနှစ်သောင်း၊ ချိုးအမတေဥကလေးက နှင့်ရွှေတွေနဲ့အတူ ဟောဒီ အံဆွဲ လေးထဲမှာ၊ ဒါက ကားဝယ်တဲ့ဘောက်ချာ၊ ဒါက ပါမစ်၊ ဒါက အရင် သွားထားတဲ့ ဘီအယ်စာရွက်၊ ဒါက အမြတ်ခွန်ဆောင်ထားတဲ့ ဖြတ်ပိုင်းတွေ၊ ကားရောက်လာရင် ဒီစာရွက်စာတန်းတွေဟာ အရေးကြီးတယ်၊ သေသေ ချာချာ မှတ်ထားဟု မှာခဲ့ပြီး မီးခံသေတ္တာ ဖွင့်နည်းပိတ်နည်းပါ သင်ခဲ့ သည်။ ကားရောက်လာလျှင်ရွေးရန် ခုနစ်ဆယ့်ငါးကျပ်တန်၊ သုံးဆယ့် ငါးကျပ်တန်နှင့် အစိတ်တန်ချည်းပါသော ငွေနှစ်သောင်းထုပ်ကိုပြ၍ အခြား ကိစ္စအတွက် လုံးဝ ထုတ်မသုံးရန်ပါမှာပြီး နိုင်ငံခြားသို့ ထွက်ခဲ့သည်။
ကျွန်တော်လည်း အိမ်ကထွက်ပြီးရော နောက်တစ်နေ့မှာ မိန်းမက ငွေနှစ်သောင်းကို မီးခံသေတ္တာထဲက ထုတ်ယူပြီး ပုဇွန်တောင်ဘဏ်မှာ သူ့နာမည်နဲ့ရှိနေတဲ့ ငွေစုစာအုပ်ထဲထည့်လိုက်တော့သည်။ ရည်ရွယ်ချက် ကတော့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော့် ဆွေမျိုးတွေလာချေးမှာ ကြောက်တာရယ်၊ သူ ငွေစုစာအုပ်မှာ အတိုးတက်လာအောင်ရယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ သူလဲ ဘဏ်မှာ ငွေအပ်ပြီး မကြာပါဘူး ကြေညာတော့တာပဲတဲ့။ ကျွန်တော်သာ အိမ်မှာရှိနေလို့ကတော့ မီးခံသေတ္တာကြီးအားကိုးနဲ့ ငွေနှစ်သောင်းထိဦးမှာ သေချာသည်။

အခု ဖော်ပြခဲ့တာတွေက စီးပွားဥစ္စာ သားသမီးရတနာတွေနဲ့ ပတ်သက်လို့ ထူးခြားမှုရှိခဲ့တာတွေပါပဲ။ နောက်ထပ်ဖော်ပြချင်တဲ့ အကြောင်းတစ်ခုက ဒီတစ်ခါတော့သေပြီဟု ထင်ထားမိသည့် အသက်ဘေးအန္တ ရာယ်မှ လွတ်မြောက်ခဲ့သည့် ကိစ္စတစ်ခုကိုလည်း ပြောပြချင်ပါသေးသည်။
၂၈၊ ၆၊ ၈၇ နေ့က အာဖရိကနိုင်ငံမှာ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ အပေါင်းအပါ မြန်မာသင်္ဘောသား လေးယောက်တို့သည် ဒေသခံ တိုင်းရင်းသား လမ်းပြတစ်ယောက်နှင့်အတူ အဲဒီနိုင်ငံ မြို့ တော် အတွင်းမှာ လှည့်ပတ်ကြည့်ပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်ကြပါသည်။ တစ်နေရာရောက်ပြီး ရှေးဟောင်း ရဲတိုက်ကြီးအနီး သောင်ပြင် ကမ်းစပ်မှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်နေကြစဉ် ကလေးတစ်ယောက်က လက်ဟန်ခြေဟန်ဖြင့် ဓာတ်ပုံမရိုက်ရကြောင်း ပြောပါသည်။ ကျွန်တော် တို့က ကလေးဟု အမှုမထားဘဲ ဆက်လျှောက်သွားနေကြစဉ်မှာ ဘောင်းဘီ တို့ အင်္ကျီကိုယ်ကျွတ်နှင့် ခြောက်လုံးပြူးခါးထိုးပြီး မှန်ပြောင်းကိုင်ထားသော ကွန်မန်ဒိုသုံးယောက်တို့ ကျွန်တော်တို့နောက်က ပြေးလိုက်လာပါသည်။ ဓာတ်ပုံမရိုက်ရဟု ပြောသောကလေးပါ ပါလာသည်။ ကျွန်တော်တို့အနီးသို့ ရောက်သောအခါ ဓာတ်ပုံရိုက်သလားဟု မေးပြီး ကျွန်တော့်လက်ထဲက ကင်မရာကို ဆွဲယူလိုက်ပါသည်။ ကျွန်တော်တို့က နိုင်ငံခြားသင်္ဘောသားတွေ ဖြစ်ကြောင်း၊ မသိ၍ ရိုက်မိကြောင်း ရှင်းပြသော်လည်း မကျေနပ်ဘဲ နားရင်း ပိတ်တီးပါလေတော့သည်။ ကျွန်တော်တို့ကို လမ်းပြသည့်ဒေသခံ တိုင်းရင်းသားကိုမူ လမ်းမပေါ်မှာပင် သေလုမျောပါးဖြစ်အောင် လှိမ့်ရိုက် တော့သည်။
နောက် ကျွန်တော်တို့ကို လင့်ရိုဗာကားတစ်စီးဖြင့် တင်သွားကာ ကုန်းမြင့်လေးပေါ်က ရဲတိုက်ကြီး၏ ခြံဝင်းထဲသို့ခေါ်သွားပါသည်။ ဘာတွေဖြစ်၍ ဘာတွေ အလုပ်ခံရမည်လဲ မသိဘူးဟု တွေးကြောက်ပြီး လမ်းတစ် လျှောက်လုံး ဣတိပိသောရွတ်ပြီး လိုက်ခဲ့ရပါသည်။ ကြောက်စိတ်ဖြင့် အားကိုးရာရှာသောအခါ အနန္တော အနန္တငါးပါးနှင့် အတူ အိမ်မှာကျန်ခဲ့သည့် မီးခံသေတ္တာထဲက ချိုးအမတေဥလေးသည်လည်း အမြင်အာရုံထဲမှာ အလို အလျောက် ပေါ်လာပါသည်။
ရဲတိုက်ကြီး၏ လုံခြုံရေးစခန်းရုံးသို့ ရောက်သောအခါ တာဝန်ကျ အရာရှိ၏ ပဏာမစစ်ဆေးမေးမြန်းခြင်း ခံရပါသည်။ မကြာမီ အကြီးအကဲ တစ်ဦး ရောက်လာပြီး ကင်မရာပိုင်ရှင် ကျွန်တော့်ကို အဓိက စစ်မေးပါသည်။ မရောက်ဖူး၍ ရိုးရိုးသားသားလာလည်သော သင်္ဘောသားများဖြစ်ကြောင်း သိသွားသောအခါမှ ကင်မရာထဲက ဖလင်လိပ်ကို ထုတ်ယူထားလိုက်ပြီး ဆောရီးဟု ပြော၍ ပြန်လွှတ်လိုက်ပါသည်။ (နောက်မှ သိရသည်မှာ ကျွန်တော်တို့ ရောက်သွားသော ရဲတိုက်ကြီးသည် ထိုနိုင်ငံ၏ သမ္မတအိမ်တော် ဖြစ်ကြောင်း သိရပါတော့သည်။)
အကြီးအကျယ်ကြောက်သွားပြီး သင်္ဘောဆိပ်ရှိရာသို့ အမြန်ဆုံး ပြန်ပြေးခဲ့ကြပါသည်။ သင်္ဘောဆိပ်အနီးရှိ ဘားဆိုင်တစ်ဆိုင်ဝင်၍အကြောက် ဖြေကြသည်။ ဘားဆိုင်က အရက်ရောင်းသည့်အမျိုးသမီးကတော့ အားပေး စကား ပြောပါသည်။
“ရှင်တို့ သိပ်ကံကောင်းတယ်အဲဒီ ရဲတိုက်ထဲ အသွင်းခံရပြီးရင် ပြန်ထွက်လာတယ်ဆိုတာ မရှိဘူး’ တဲ့။

ချိုးအင်္ဂတေဥလေးနှင့် ပတ်သက်၍ လောလောဆယ်တော့ ကျွန်တော်သိသမျှ ကြုံသမျှ ပြောပြနိုင်သည်မှာ ဤမျှသာရှိပါသေးသည်။ နောက်တစ်ခုကတော့ ချိုးအမတေဥကပဲ အကျိုးပြုလေသလား၊
ဒါမှမဟုတ် ကျွန်တော်၏ အသက်အရွယ် အချိန်အခါအရ ဖြစ်ချိန်တန်၍ ဖြစ်လာတာလား မဝေခွဲတတ်သော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု သိသိသာသာကြီး ဖြစ်ပေါ်လာပါသည်။ ယခင်ကဆိုလျှင် ကျွန်တော်သည် အရက်သေစာကို အလွန်ကြိုက်သော ရုပ်ကြမ်းဝါဒသမားတစ်ဦး ဖြစ်ပါ သည်။ Theosophic ခေါ်မလား Non-Regious ခေါ်မလား၊ မိရိုးဖလာ ဗုဒ္ဓဝါဒကိုလက်မခံသော ငါသိ ငါတတ်သမားလိုလို၊ ဘုရားမဲ့ ဝါဒသမား လိုလို ပေါက်တောက်တောက် ကြောင်တောင်တောင် ကိုယ့်ကိုယ်ကို ဘာ ကောင်မှန်းမသိ ဖြစ်နေခဲ့သည်။
၁၉၈၅ ခုနှစ် နောက်ပိုင်းမှစ၍ ဘယ်လိုကနေ ဘယ်လို ဘုရား တရား ကြည်ညိုလေးစားလာမိသည် မသိပါ။ အရက်သေစာ ပြတ်မှန်းမသိ ပြတ်သွားလေတော့သည်။ ဆေးလိပ်ကတော့ အမေ မွေးကတည်းက မသောက်တတ်၍ ဆေးပြင်းလိပ်အနံ့နှင့် အရက်ဖြူ သောက်ထားသူ၏ ပါးစပ်က အနံ့ကို လုံးဝ မခံနိုင် ဖြစ်သွားပါသည်။

လူလူချင်း ခိုက်ရန်ဒေါသဖြစ်လိုသောစိတ်၊ သတ်ပုတ်ထိုးခုတ်လို သောစိတ်၊ တိရစ္ဆာန်များကို ညှဉ်းဆဲသတ်ဖြတ်လိုသောစိတ်တွေ ဘယ် အချိန်က ကုန်ခန်းနေသည်ကိုပင် သတိမထားလိုက်မိပါ။ သတ္တဝါတိုင်းကို ကြင်နာသနား၍ လှူချင်တန်းချင် ပေးချင်ကမ်းချင်သော ဆန္ဒတွေ ဖြစ်ပေါ် လာသည်ကိုသာ သတိထားမိနေပါသည်။

ဆင်းရဲနွမ်းပါးသူများနှင့် ဒုက္ခရောက်နေသူများကိုမြင်လျှင် သနား သည့်စိတ်၊ မျှဝေကမ်းပေးချင်သည့် စိတ်တွေ ဖြစ်ပေါ်နေပါသည်။

(အဏ္ဏဝါမဂ္ဂဇင်း၊ အမှတ် ၂)

စာချစ်သူအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

Leave a Reply

Your email address will not be published. Required fields are marked *