—————
ညနေကျောင်းလွှတ်ပြီးနောက် ကျွန်တော်နေသည့် တဲကိုပြန်လာပြီး ဟင်းချက်ရန် ပြင်နေသည်။ ထမင်း ကတော့ မနက်ကတည်းက တည်ထားတာ ရှိသေးသည်။

မနက်က ကျောင်းဘေးရှိ ဝါးရုံတောထဲမှ ချိုးထားသည့် မျှစ်စို့လေးတွေကို အခွံခွာပြီး ပါးပါးသေးသေးလေတွေ လှီးနေသည်။ ယနေ့ညကတော့ မျှစ်ကြော်နှင့် နှစ်ပါးသွားရပေတော့မည်။

“ဆရာ … ဆရာ …”

တဲရှေ့က ခေါ်သံကြားလိုက်ရသဖြင့် ထွက်ကြည့်လိုက်ရာ ရွာလူကြီး ကိုမြင့်အောင် ဖြစ်နေသည်ကို တွေ့လိုက်ရ သည်။

“ကိုမြင့်အောင် လာလေဗျာ … ဘာကိစ္စလဲ”

“မလာတော့ဘူး … ဆရာလိုက်ခဲ့မှဖြစ်မယ်။ ချောင်းထဲမှာ ဆရာ့တပည့်တစ်ယောက် ရေနစ်လို့တဲ့”

“ဘယ်သူလဲမသိဘူး”

“မခွေးမရဲ့သားလေ … နှစ်တန်းက မိုးဝင်းလို့ပြောတာပဲ”

“ဟာ ဘာဖြစ်လဲမသိဘူး”

ကျွန်တော်က ကိုမြင့်အောင်နှင့်အတူ ချောင်းဘက်ကို အပြေးလေး လာခဲ့သည်။

ချောင်းကမ်းပါးတွင် လူတွေ အုံနေကြသည်။

“တွေ့ပြီလား … တွေ့ပြီလား”

ဝါးဖောင်ပေါ်က ဖောင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ရေထဲ ခုန်ဆင်းလိုက်၊ ပြန်တက်လာလိုက် လုပ်နေကြသည်။

“ဘယ်နားမှ နစ်သွားတာလဲ”

“ဒီဖောင်ပေါ်ကနေ ခုန်ချပြီး ရေကူးနေကြတာ။ သူက ပြန်ကို ပေါ်မလာတော့တာ”

ကလေးတွေကို ချောင်းထဲဆင်းပြီး ရေမကူးရန် အထပ်ထပ်ပြောသော်လည်း သူတို့နားမထောင်ကြပါ။ ယခုတော့ သူနှင့် အတူတူရေကူးကြသည့် နှစ်ယောက်က ဘာမျှမဖြစ် ငုတ်တုတ်လေးတွေ ထိုင်နေကြသည်။ မိုးဝင်းတစ်ယောက်ကတော့ ပေါ်မလာပြီ။

ရေနစ်သေလျှင် သေသူအုံးသော ခေါင်းအုံးကို ရေထဲပစ်ချပြီး ရှာရသည် ဆိုသဖြင့် ရှာကြသည်။ သို့သော် ခေါင်းအုံးက ရေစီးနှင့် ပါသွားပြီး ထိုနောက်ကိုလိုက်သော်လည်း မတွေ့။

မှောင်လာသဖြင့် အလောင်းကို ဆက်ရှာခြင်းအား ရပ်လိုက်သည်။ မိခင်ဖြစ်သူ မခွေးမကတော့ ကမ်းနားပေါ်က သူ့သားလေး အမည်ကို တကြော်ကြော်အော်ပြီး ငိုနေရှာသည်။ သူ့ကို ချော့မော့ပြီး ရွာထဲပြန်ခေါ်လာကြရ သည်။

နောက်တစ်နေ့ ၁၀ နာရီလောက်မှ မိုးဝင်းရေနစ်သည့် နေရာနှင့် ၅ မိုင်လောက်ဝေးသော ကိုင်းချုံထဲတွင် အလောင်းကို ပြန်ရသည်။ ရွာကို ထမ်းလာကြပြီး အိမ်တွင် အလောင်းကို ပြင်ထားကြသည်။ ကျွန်တော်လည်း စိတ်မကောင်းစွာဖြင့် ကျောင်းလွှတ်ချိန်တွင် အသုဘအိမ်ကိုလာပြီး မခွေးမကို အားပေးစကား ပြောရသည်။

သူက ကျွန်တော့်ကိုတွေ့မှ

“သားလေးရေ … ဒီမှာ မင်းဆရာ ရောက်လာပြီလေ ထကြည့်ပါဦး” ဆိုကာ အော်ငိုတော့သည်။

ကျွန်တော့်မှာ စိတ်မကောင်းရုံက လွဲပြီး ဘာကိုမျှ မတတ်နိုင်ခဲ့ပါ။

မိုးဝင်းကို အသုဘချသည့် နေ့တွင် ကျွန်တော်က ထုံးစံအတိုင်း အမိန့်ပြန်တမ်း ဖတ်ရသည်။ ထိုအချိန်တွင်လည်း မခွေးမ အော်ငိုပြန်သည်။

နောက်တစ်နေ့တွင် ကျောင်းအောက်မှ

“သားလေးရေ … အမေလာကြိုနေပြီလေ … သားလေး” ဆိုကာ ငိုသံကြားရပြန်သဖြင့် ကျောင်းအောက်ကို ဆင်းကြည့်လိုက်ရာ မခွေးမဖြစ်နေသည်။ သူ့ကိုမနည်းချော့မော့ကာ ပြန်လွှတ်လိုက်ရသည်။

ရက်လည်နေ့တွင်လည်း တက်မတတ်ငိုသည်။ ရွာထဲတွင် ငိုပြီး

“သားလေး … သားလေး မိုးဝင်းရေ” ဆိုကာ လျှောက်ပြေးနေသော မခွေးမကို တွေ့ရသည်။

၈ ရက်မြောက်သောနေ့တွင် မခွေးမ မငိုတော့။ ထိုညက ကျွန်တော် အသုဘအိမ်ကိုသွားသေးသည်။ မခွေးမယောကျ်ား ကိုရွှေမြင့်ကို ကျောင်းကကူငွေသွားပေးခြင်းဖြစ်သည်။ ရွာထုံးစံအရ ကျောင်းသား တစ်ယောက်ယောက်သေလျှင် ကျောင်းသားတွေက မူးစုပဲစု စုပေါင်းငွေလေးတွေထည့်ပြီး အသုဘအိမ်ကို ကူညီကြသည့် ထုံးစံရှိသည်။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ၏ စုပေါင်းထည့်ဝင်ငွေနှင့် စုစုပေါင်း ၂၅ ကျပ်ကို သွားပေးခြင်း ဖြစ်သည်။

အိမ်ဘုရားခန်းအောက်တွင် ထိုင်နေသော မခွေးမကို တွေ့လိုက်ရသည်။ သူက မငိုတော့သော်လည်း မျက်လုံး တွေကတော့ရဲနေသည်။ ကျွန်တော်က

“မခွေးမ နေကောင်းတယ်နော်”

“ကောင်းပါတယ်ဆရာ”

“စိတ်မကောင်းစရာပေါ့ဗျာ။ ဒါပေမဲ့ ပြီးတာတွေ ပြီးသွားပြီလေ။ ပြန်ပြီးတော့ အသက်ရှင်လာမှာ မဟုတ်တော့ တရားနဲ့ ဖြေကြတာပေါ့နော်”

“ဟုတ်ကဲ့ပါဆရာ … ကျွန်မသားလေး သူ့အဖော်တွေနဲ့ ကစားနိုင်အောင် ကျွန်မ မငိုမှဖြစ်မှာ”

“ဘယ်လိုဗျ … သူ့အဖော်တွေနဲ့ ကစားနိုင်အောင် ဟုတ်လား”

“ဟုတ်တယ်ဆရာ … ကျွန်မသားလေးနဲ့ ကျွန်မတွေ့ခဲ့တယ် သိလား”

“ဘယ်တုန်းကလဲဗျာ”

“ရက်လည်တဲ့ ညကပေါ့”

“ဘယ်မှာတွေ့တာလဲဟင်”

“အဲဒီညက ကျွန်မလည်း စိတ်မကောင်းတာနဲ့ သားလေး ရေနစ်သွားတဲ့ ဖောင်ကို တစ်ယောက်တည်း သွားခဲ့တာ ဆရာ”

“ဟုတ်လား … အဲဒီမှာ တွေ့တာလား”

“မဟုတ်ဘူး။ ဖောင်တဲဘေးမှာ လှေတစ်စီးတွေ့တယ်။ လှေပေါ်မှာ လူကြီးတစ်ယောက် ထိုင်နေတယ်။ ဝတ်ဖြူစင်ကြယ်နဲ့ပဲ။ သူက ကျွန်မကိုတွေ့တော့ နင့်သားဆီကို လိုက်မလားတဲ့။ ကျွန်မလည်း စိတ်ညစ်ညစ်နဲ့ ဘာဖြစ်ဖြစ်ဆိုပြီး လိုက်မယ်လို့ ပြောလိုက်တာပေါ့။ သူက လိုက်ရင်တက်တဲ့လေ။ ကျွန်မလည်း သူ့လှေပေါ် တက်လိုက်တယ်။ သူက လှေလှော်တာ။ ကျွန်မလည်း ဘာဖြစ်မှန်းမသိဘူး။ အိပ်ငိုက်သလိုဖြစ်ပြီး ဘာမှ မသိ တော့ဘူး”

“သားနဲ့တွေ့တယ်ဆို”

“အဘိုးကြီးက ကျွန်မက သူ့လှော်တက်နဲ့ ထိုးပြီးတော့ ထတော့လို့ပြောတယ်။ အဲဒီတော့မှ လန့်နိုးသွားတာ။ သူက လှေပေါ်က ဆင်းသွားတယ်။ ကျွန်မလည်း သူ့နောက်က လိုက်သွားတယ်။ တစ်နေရာမှာ ကလေးတွေလေ ကစားနေလိုက်ကြတာသိလား။ ပျော်စရာကြီး ကျွန်မကလည်း ဦးလေးကြီး ဘယ်မှာလဲ ကျွန်မသားလို့ မေးတာပေါ့”

“ကလေးတွေ အများကြီးပဲလား”

“ဟုတ်တယ် ပန်းခြံလေးထဲမှာ ကလေးတွေ ဆော့နေကြတာ။ အဘိုးကြီးက ကျွန်မကို ပန်းခြံတံခါးဆီကို ခေါ်သွားတာ။ အဲဒီ တံခါးဝမှာ သားလေးမိုးဝင်းကိုတွေ့တော့တာပဲ။ သားလေးက အထဲဝင်ပါရစေဆိုပြီး ငိုယို တောင်းပန်နေတာ။ ကျွန်မက ဝင်လေသားရယ် ဘာဖြစ်လို့လဲလို့ ပြောတော့ သူက ဝင်လို့ မရသေးဘူးတဲ့။ အမေက ငိုနေတာကိုးဗျတဲ့။ အမေငိုနေတော့ သားဒီပန်းခြံထဲဝင်ပြီးတော့ ကစားလို့ မရဘူးတဲ့။ ကျွန်မကလည်း အမေမငိုတော့ပါဘူးလို့ ပြောလိုက်မှ တံခါးက အလိုလို ပွင့်သွားတာ။ သားလေးကလေ သူ့အဖော်တွေနဲ့ ကစားနေလိုက်တာ ပျော်နေရောပဲ။ ကျွန်တော့်ကိုလည်း အမေ မငိုနဲ့နော်လို့ လှမ်းပြောသွားသေးတယ်”

“ခင်ဗျား ဘယ်လိုပြန်ရောက်လာတာလဲ”

“ကျွန်မ ဖောင်တဲထဲမှာ အိပ်ပျော်နေတာ။ နိုးမှ အိမ်ကို ပြန်လာတယ်”

“လိုက်ပို့တဲ့ အဘိုးကြီးရော”

“မတွေ့တော့ဘူး။ သူ့လှေလည်း မတွေ့ဘူး”

“အေးဗျာ ထူးဆန်းတာပဲ ခင်ဗျားသားက ခင်ဗျားကို မငိုစေချင်လို့ဖြစ်မယ်”

“ကျွန်မ မငိုတော့ပါဘူး။ သူဟိုမှာ ပျော်နေတာပဲ။ ကျွန်မ ငိုလိုက်ရင် သူ့ကို ကလေးတွေက မောင်းထုတ်နေလိမ့်မယ်”

“အေးဗျာ … သူပျော်နေပြီပဲ … ခင်ဗျား မငိုနဲ့တော့ပေါ့”

“မငိုတော့ပါဘူးဆရာ”

တင်ညွန့်