*************

ပုံတောင်ပုံညာတောင်တန်းကြီးတွေရဲ့အလယ် တောင်ကမူလေးတစ်ခုပေါ်တွင် ယောဒေသထွက် ဖျင်နီအင်္ကျီ ယောထမိန်နဲ့မိန်းမပျိုလေးတစ်ဦး ငွေမျှင်ရောင် ဓားအိမ်နှင့်ဆောင်ဓားကိုလွယ်ကာ ခါးထောက်မတ်တက်ရပ်လျက်ရှိသည်။ ယောဒေသအနီး ပုံတောင်ပုံညာ ‌တောတန်း တောင်တန်းကြီးတွေက စိမ်းဆိုလှပ အေးချမ်းနေသလောက် ထိုမိန်းမပျို၏ မျက်နှာတွင် သောကနာကျည်းမှုတို့ရောပြွန်းနေသည့်ပုံနှယ် ထင်ရသည်။ မျက်နှာပေါ် ဝဲကျနေသည့် ဆံကေသာတွေကို အနောက်သို့ သတ်ချလိုက်တဲ့အခါမှာတော့ သူမ၏အနက်ရောင် မျက်ဝန်းအိမ်ထဲတွင် မျက်ရည်စတစ်ချို့ကိုတွေ့လိုက်ရသည်။ ထို့နောက် အံကိုတင်းတင်းကြိတ်ရင်း ဆောင်ဓားကိုဓားအိမ်ထဲမှ မာန်ပါပါဆွဲထုတ်လိုက်သော သူမထံမှ စကားသံတစ်ချို့ထွက်ပေါ်လာသည်။
“ဒင်းတို့ကြောင့် ငါ့မိဘတွေ ငါ့မောင်နှမတွေနဲ့ သေကွဲကွဲခဲ့ရတာ..ငါမကျေနပ်နိုင်ဘူး..အခုပဲ ဒင်းတို့ပေါက္ကံပြည်ကို မီးလောင်တိုက်သွင်းပစ်မယ်..ဟင်းဟင်း”
ကျိန်းဝါးသံများနှင့်အတူ မိန်းမပျို‌လေး၏ အတွေးတွေက ဟိုးအတိတ်နေ့ရက်များဆီသို့ ရောက်ရှိသွားခဲ့ပါတော့သည်။

တောင်ဦးနယ်က မောင်နှမငါးယောက်

ကဒူးကနန်းဒေသမှ တောင်ဦးမြို့စား မောင်ကောင်းတွင် ရှင်ဦး၊ ရှင်ကျူး၊ ရှင်ဗြူး နှင့်ရှင်ထူးဆိုပြီး နှမတော် လေးယောက်ရှိပါသည်။နှမတော်လေးယောက်ဟာ ရိုးသားဖြူစင်ကြပေမယ့် အတိတ်ဘဝကကံကြောင့် ဝမ်းတွင်းစုန်း ပညာရှင်တွေ ဖြစ်ခဲ့ကြ၏။ထိုထဲမှာမှ နှမအငယ်ဆုံး ရှင်းထူး ခေါ် စောနန်းမွန်ဟာ စိတ်အထက်ဆုံးနဲ့ ပညာစက်အမြင့်ဆုံး ဖြစ်ပါသည်။ပုံမှန်အချိန်တွေဆိုရင် မသိသာပေမယ့် ရှင်ထူး‌ဒေါသထွက်တဲ့အချိန်တွေဆို နှုတ်ထွက်အတိုင်း စိတ်အကြံစည်အတိုင်း ဖြစ်ပေါ်တတ်တယ်လို့ဆိုပါသည်။ထို့ကြောင့် ရှင်ထူး၏ ညီအစ်မအချင်းချင်းတောင် သူမဒေါသထွက်တဲ့ အချိန်တွေဆို ရှင်ထူးအနားကနေ ရှောင်ထွက်၍ သွားလေ့ရှိကြသည်။ရှင်ထူးကလည်း သူမအကြောင်းကို သူမသိ၏။ ဒေါသကိုအတတ်နိုင်ဆုံးမထွက်အောင် ထိန်းသိမ်းပြီး ငါးပါးသီလကိုလည်း လုံခြုံအောင် စောင့်ထိန်း၏။
ပေါက္ကံပြည့်ရှင် မဏိစည်သူမင်းကြီး၏ မြောက်နန်းမိဖုရား နာဂသိန်သည်လည်း စုန်းပညာရှင်တစ်ယောက်ဖြစ်၏။ ထိုအကြောင်းတွေကို မဏိစည်သူမင်းကြီးအပါအဝင် နန်းတွင်းရှိ မည်သူတစ်ဦးတစ်ယောက်ကမှ သိရှိကြခြင်း မရှိပါဘူး။ တစ်ညမှာတော့ ရှင်ထူးတို့ညီအစ်မတွေ စုန်းတောက်စားနေချိန် နာဂသိန်နဲ့ ရင်ဆိုင်တွေ့ပါတော့သည်။ ထိုအခါ နာဂသိန်မိဖုရားက ရှင်ထူးတို့ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုငေါက်ရမ်းတဲ့အတွက် စိတ်ထက်တဲ့ရှင်ထူးက စက်ကြိုးကို ဖြတ်ချပစ်လိုက်ပါသည်။ပညာချင်းမယှဉ်နိုင်တဲ့ နာဂသိန်လည်း ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ရှင်ထူးတို့အပေါ် အညှိးအတေးထားတော့သည်။
တစ်နေ့မှာတော့ မျက်နှာမသာမယာဖြစ်နေတဲ့ နာဂသိန်မိဖုရားကို မဏိစည်သူမင်းကြီးက”ရွှေမျက်နှာတော် ငြိုးနွမ်းလှချည်လား နှမတော်..ဘယ်လိုအရေးကိစ္စတွေနဲ့ ကြုံတွေ့နေရသလဲဆိုတာ မောင်တော်ကို သံတော်ဦးတင်စမ်းပါဦး”
ထိုအခါ မိမိဆင်တဲ့အကွတ်ထဲဝင်လာပြီဖြစ်တဲ့အတွက် နာဂသိန်မိဖုရားက “ကဒူးကနန်းနယ်က တောင်ဦးနယ်စားတို့မောင်နှမတွေသည် ဘုန်းတော်ကြီးသခင်အရှင်မင်းကြီးအား ပုန်ကန်ခြားနားကြသည်ဟု နှမတော်အိပ်မက်မြင်မက်ပါ တယ်…ထို့ကြောင့် ၎င်းတို့ကို ခေါ်ယူစစ်ဆေးသင့်ကြောင်းပါဘုရား”ဟု အကောက်ကြံစကားလျောက်ထား၏။ မင်းကြီးလည်း မိဖုရားစကားကို ယုံကြည်သည့်အတွက် “တောင်ဦးနယ်စားနှင့်မောင်နှမငါးယောက် ဒေသထွက် လက်ဆောင်ပဏ္ဍာများကိုယူဆောင်၍ ရှေ့တော်မှောက်အခစားဝင်စေ” လို့ အမိန့်တော်ပြန်လိုက်တော့သည်။
ရှင်ထူးတို့မောင်နှမငါးယောက်လာတဲ့အခါ အကောက်ကြံပြီးတစ်ခါတည်းရှင်းပစ်ဖို့ ပုဂံမြို့ဝန်ကို နာဂသိန်မိဖုရားက တိတ်တဆိတ်လာဘ်ထိုးထား၏။မောင်နှမငါးယောက်ရောက်ရှိလာတဲ့အခါမှာတော့ ပုဂံမြို့ဝန်က တစ်ယောက်ချင်း တန်းစီခိုင်းပြီး အထဲက လက်ဆောင်ပဏ္ဍာတွေကို စစ်ဆေးပါတော့သည်။အကောက်ဉာဏ်ရှိသူပြီပြီ နေပူထဲမှာ တစ်ယောက်ချင်းစီကို အချိန်အကြာကြီးစစ်ဆေးနေသည့်အတွက် ဆီအိုးကြီးခေါင်းပေါ်ရွက်လာရတဲ့ ရှင်ထူးက ဒေါသထွက်လာတော့၏။နေစောင်းခါနီးအချိန်ရောက်မှ နောက်ဆုံးတွင် တန်းစီနေရသော ရှင်ထူး၏ အလှည့်သို့ ရောက်သည်။ မြို့ဝန်က ရှင်ထူးကို “ဟဲ့ကလေးမ နင့်ခေါင်းပေါ်ရွက်လာတဲ့အိုးထဲမှာ ဘာပစ္စည်းတွေပါလဲ ..ငါ့ကိုချပြစမ်း”လို့ အမိန့်သံနဲ့ပြောတဲ့အခါ စိတ်ဆတ်တဲ့ရှင်ထူးက “အဲ့အိုးထဲမှာ နင်တို့ကို ပေါက်သတ်မယ့် မြွေပွေး မြွေဟောက်တွေပါတယ်ဟဲ့” ဆိုပြီး အိုးကိုချပြလိုက်တယ်။မြို့ဝန်ကအိုးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ တကယ့်မြွေဆိုးတွေထွက်လာခဲ့ပြီး မြို့ဝန်ကို ပေါက်သတ်လိုက်ပါတော့သည်။
“မြွေ မြွေ မြွေကြီးတွေ အားးး”
ငယ်သံပါအောင် အော်ဟစ်ရင်း ပုဂံမြို့ဝန်လဲကျသွားသည်နှင့်တပြိုင်နက် စစ်သည်ရဲမက်တို့က မောင်နှမငါးယောက်ကိုဖမ်းဆီးချုပ်နှောင်လိုက်ကြသည်။ထို့နောက် ရှင်ဦး၊ ရှင်ကြူး၊ ရှင်ဗျူးတို့ ညီအစ်မသုံးယောက်ကိုတစ်ခန်း တောင်ဦးနယ်စားနဲ့ရှင်ထူးတို့မောင်နှမနှစ်ယောက်ကိုတစ်ခန်းချုပ်နှောင်၍ ထားသည်။ကြိုတင်စီမံထားသည့်အတိုင်း နာဂသိန်မိဖုရားက ရှင်ထူးကို ဆင်နဲ့တိုက်သတ်ခိုင်း၏။ဒေါသအမျက်ပြင်းပြင်းထွက်နေတဲ့ရှင်ထူးလည်း စုန်းစိတ်ပေါက်ကာ ၎င်းဆင်ကို အစွယ်ချိုး၍ တုန်းခနဲပစ်လဲအောင်သတ်လိုက်သည်။တဖန်ကျားနဲ့တိုက်သတ်ပြန်၏။ထိုအခါတွင်လည်း ရှင်ထူးက ကျားကိုနပမ်းလုံးသတ်ပုတ်ကာ အူတွေအသဲတွေပါ ထုတ်စားတော့သည်။ထို့နောက်လူစိတ်ပျောက်နေသောရှင်ထူးက
“ဟားဟားဟား..နင်တို့အသားကိုငါအစိမ်းလိုက်စားပစ်မယ်”ဟုဆိုကာ အုတ်တံတိုင်းခုန်‌ကျော်ကာထွက်လာခဲ့တော့သည်။
“အား…စုန်းမကြီးရှင်ထူး အူတွေအသဲတွေထုတ်စားဖို့လာနေပြီ ကယ်ကြပါဦး”
ပေါက္ကံရဲမက်တွေရဲ့ငရဲပွတ်သလို အော်ဟစ်ပြေးလွှားပုံကို ကြည့်ပြီး ရှင်ထူးအားရဝမ်းသာရယ်မောနေသည်။ထိုစဉ် မိဖုရားနာဂသိန်က တောင်ဦးနယ်စားလည်ဂုတ်ပေါ်သို့ ဓားတင်ချိန်းခြောက်လိုက်သည်။
“ကျွန်ုပ်ကအသင့်ကိုလူစိတ်ပြန်ဝင်လာအောင်လုပ်ပေးရမှာပေါ့ ရှင်ထူး”
“နန်းမွန်…ညီမလေး အစ်ကိုကြီးကိုမငဲ့နဲ့..ညီမလေးဘေးလွတ်ရာသာပြေးပါတော့ကွယ်”
ထိုအခါ ရှင်ထူးလည်း အစ်ကိုနဲ့အစ်မများကိုဦးချကန်တော့ပြီး ကဒူးကနန်းသို့ လူသူစုဆောင်းရန်ပြန်ခဲ့လေသည်။

တစ်ယောက် တစ်နေရာဆီသို့

“နန်းမွန်စိတ်ဆက်တာနဲ့တို့တွေကိုယ်ကျိုးနည်းပြီထင်ပါရဲ့ကွယ်”
“စိတ်ဓာတ်မကျပါနဲ့ရှင်ဗြူးရယ် ညီမထွေးလေးကကျွန်ုပ်တို့ကို ပြန်လာကယ်လိမ့်မယ်လို့ ကျုပ်တော့အမှန်တကယ်ကို ယုံကြည်နေမိတယ်”
စိတ်အားငယ်နေသော ရှင်ဗြူးကို အစ်မရှင်ဦးကနှစ်သိမ့်ပေး၏။
မိမိစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် ကြိုးစား‌ ဆောက်တည်ရင်း တောင်ဦးနယ်သို့ ရှင်ထူးပြန်လာခဲ့သည်။မိဘနှစ်ပါးနှင့်နယ်သူနယ်သားများအား ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်ပြောင်းပြောပြ၏။ရှင်ထူး၏မိဘနှစ်ပါးကတော့သားသမီးများအတွက် အလွန်အမင်း စိတ်သောကရောက်ကြရှာသည်။နယ်သူနယ်သားများကတော့ တောက်တခတ်ခတ်နဲ့ ဒေါသတို့ဆူပွတ်လျက်ရှိသည်။
“ဒီလိုမတရားတာကိုငြိမ်ခံနေလို့ဘယ်ဖြစ်မလဲ..အခုပဲပေါက္ကံပြည်သွားပြီး တို့နယ်စားကိုကယ်ထုတ်ကြမယ်…ကဒူးကနန်းသားတွေဘာလဲဆိုတာသိအောင်ပြရသေးတာပေါ့ကွာ”
ကိုယ့်အရှင်တွေအတွက် မဏိစည်သူမင်းလိုလက်နက်စကြာရှင် ဧကရာဇ်ဘုရင်တပါးကိုတောင် အံတုဝံ့သော တောင်ဦးနယ်သားများကြောင့် ရှင်ထူးတစ်ယောက် မျက်ရည်ဝဲခဲ့ရပြန်သည်။
ပေ(၃၀)နီပါးမြင့်သော ရဲတိုက်ကြီးအတွင်းတွင် တောင်ဦးနယ်စားနဲ့ညီမသုံးယောက်ကို ဖမ်းဆီးချုပ်နှောင်ထား၏။တိတ်ဆိတ်မှုများကို ဖြိုခွင်း၍ ရဲတိုက်အတွင်းသို့ နာဂသိန်မိဖုရားဟာ ခြေတလှမ်းချင်းလှမ်းကာ ဝင်ရောက်လာခဲ့သည်။
“သင်တို့မောင်နှမတွေ အသက်မသေချင်ရင် ရှင်ထူးရဲ့ခေါင်းကို သင်ကိုယ်တိုင်ဖြတ်ပြီး ယူလာ ပေးရမယ်”
နဂသိန်မိဖုရားကြီးသည် တောင်ဦးနယ်စား မောင်ကောင်းအား ထိုကဲ့သို့ချိမ်းခြောက်လိုက်၏။
“ကျွန်ုပ်ကို သတ်လိုက်ပါ မိဖုရား..ကိုယ့်နှမကိုယ်ပြန်သတ်ရလောက်အောင် ကျွန်ုပ်သွေးသတ္တိမကြောင်ပါဘူး”
“ဟဲ့အယုတ်တမာမကြီး..သင် ငါတို့ကိုကြိုက်သလိုလုပ်နိုင်တယ်..ဒါပေမယ့် ငါတို့မောင်နှမတွေကိုတော့ တသက်လုံးသွေးခွဲလို့မရဘူးဆိုတာ သင်မြဲမြဲမှတ်ထားလိုက်”
တောင်ဦးနယ်စားနှင့် ရှင်ဦးတို့ညီအစ်မတွေက နာဂသိန်ရဲ့အမိန့်ကိုမနာခံဘဲ ထိုကဲ့သို့ဝိုင်းဝန်းပြောဆိုကြ၏။
“သင်တို့မောင်နှမတွေက တစ်ယောက်နဲ့တစ်ယောက်အဲ့လောက်တောင်ချစ်နေကြတော့လည်း သင်တို့ရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးရမှာပေါ့..ဟင်းဟင်း”
ထို့နောက် နာဂသိန်သည် မျက်စိကိုဝှေ့ရမ်း၍ အာဏာပါးကွပ်သားအားအချက်ပြလိုက်သည်။အရက်ပြင်းများကိုမူးယစ်အောင်သောက်ထားသော လူသတ်သမားရဲ့ ဆူးရှချွန်မြိနေသော ဓားပြားကြီးက တောင်ဦးနယ်စားရဲ့ လည်ဂုတ်ပေါ်သို့ ကျရောက်လုစဉ်အချိန်တွင်
“တောင်ဦးနယ်က စစ်တပ်ကြီး ပေါက္ကံပြည်ကို သိမ်းဖို့ချီတက်လာပါပြီမိဖုရားကြီးဖုရား.. စစ်သည်အင်အားတစ်သိန်းနီးပါးခန့်ရှိမယ်လို့ထင်ကြောင်းပါဖုရား”
ရဲမက်တစ်ဦးက ပြာပြာသလဲဝင်ရောက်လာပြီး နာဂသိန်မိဖုရားအားယခုလိုလျောက်တင်လိုက်သည်။အမှန်တကယ်တော့ ပေါက္ကံရဲမက်‌တွေရဲ့အမြင်မှာ တစ်ရာကိုတစ်သိန်းဖြစ်အောင် ရှင်ထူးကစုန်းစက်လွှတ်လိုက်ခြင်းပင်ဖြစ်၏။တံခါးမကြီးလည်းပွင့်ထွက်သွားပြီဖြစ်သဖြင့် တောင်ဦးနယ်စားအပါအဝင် ညီမတော်များဟာလွတ်မြောက်ရာသို့ အလျင်အမြန်ထွက်ပြေးကြတော့သည်။ထို့သို့မြင်းကိုယ်စီနှင့်ထွက်ပြေးတိမ်းရှောင်ကြရင်း တောင်ဦးနယ်စားနှင့်ရှင်ထူးကတစ်ဖက်၊ ရှင်ဦးနှင့်ရှင်ကြူးကတစ်ဖက်၊ ရှင်ဗြူးတစ်ယောက်ထဲကတစ်ဖက်ဆိုပြီး အဖွဲ့သုံးခုကွဲသွား၏။

ဆည်ကတော်နှင့်ကင်းကတော်

ရှင်ဦးနဲ့ရှင်ကြူးတို့ညီအစ်မနှစ်ယောက်ဟာ ပေါက္ကံရဲမက်‌တွေနဲ့ဝေးရာကို အလျင်စလိုထွက်ပြေးလာကြရင်း ပုဂံပြည်အထက်ပိုင်း ကျောက်ဆည်တိုင်အောင်ရောက်ရှိခဲ့လေသည်။ထိုအချိန်လယ်တွင်းကိုးခရိုင်ဖြစ်သော ကျောက်ဆည်ဒေသတွင် ဆည်မြောင်းကန်ချောင်းများ တည်ဆောက်နေသောကာလဖြစ်၏။ရှင်ဦးတို့ရောက်ရှိလာကြတဲ့ ဒေသဝန်းကျင်ရှိ ဆည်ကြီးဟာ မကြာခဏဆိုသလို မြေကြီးတွေပြိုကျပြီး တည်ဆောက်‌၍ မရနိုင်အောင်ဖြစ်နေသည်။ဆည်တာဝန်ခံလည်း ရာဇဝတ်ဘေးကို ကြောက်သဖြင့် ပုဏ္ဏားတော်တွေကို မေးလျောက်တဲ့အခါမှာတော့ ညီအစ်မနှစ်ယောက်ကို စတေးမှရမယ်လို့ ဟောကိန်းထုတ်လိုက်၏။
“ရှင်ကြူးရေ..ညီမလေး..တို့တွေလည်းရာဇဝတ်သားဘဝနဲ့ပြေးလွှားလာရတာခရီးလည်းအတော်ပေါက်ခဲ့ပြီ..ဟိုးရှေ့ကလူတွေဆီမှာ ရေတမှုတ်လောက် တောင်းသောက်ရင်း ခဏတာအ‌ မောပန်း ဖြေကြရအောင်ကွယ်”
“ဟုတ်ကဲ့အစ်မကြီး သွားကြရအောင်လေ”
ဒီလိုနဲ့ဆည်ဆောက်နေသော အလုပ်သမားများထံသို့ ညီအစ်မနှစ်ယောက်ရောက်ခဲ့ကြ၏။
“ဦးရီးတို့ ရေတစ်မှုတ်လောက်ရနိုင်မလားရှင့်”
“ရသပါ့ဗျာ..ဟိုးးရှေ့က မန်ကျည်းပင်အောက်မှာရေအိုးနဲ့‌ ရေမှုတ်ရှိတယ်..အဝသာသောက်ကြပေတော့”
သူတို့ညီအစ်မစိတ်ထဲတွင် ရေဆာရေငတ်နေတဲ့အချိန်မို့လားမသိ.. သောက်လိုက်ရသောရေတစ်မှုတ်က ကျောက်စက်ရေကဲ့သို့ အေးမြနေသည်ဟုထင်မိ၏။ထို့နောက် ဆည်ဆောက်နေသောယာယီတဲအနီး ခဏတာအပန်းဖြေကြ၏။
“တူမကြီးတို့က ခရီးသွားတွေနဲ့တူတယ်..ရော့လက်ဖက်လေးစားပြီး အဖန်ရည်လေးသောက်ဦးကွဲ့”
ဆည်ဆောက်နေသော ဦးကြီးတွေက သူတို့ညီအစ်မနှစ်ယောက်ကို ဖော်ဖော်ရွေရွေနဲ့ဆက်ဆံကြ၏။
“ကုန်သည်တွေပါရှင့် တောင်ဦးနယ်ကနေပေါက္ကံပြည်ကို ကုန်သွားရောင်းပြီး အခုပြန်ကြမှာပါ”
“ဒါနဲ့မိန်းမသားနှစ်ယောက်ထဲလားကွဲ့”
“အဖော်တွေပါပါတယ် လမ်းမှာဓားမြတွေလိုက်လို့ ပြေးရင်းလွှားရင်းနဲ့ ကွဲသွားကြတာပါ”
“အော်..အတော်လေးဒုက္ခများခဲ့တာကိုး”
အနားယူနေစဉ်ခဏမှာ ဦးကြီးတွေနဲ့စကားပြောဖြစ်ကြရင်း ဆည်ကြီးနဲ့ပတ်သက်သမျှကိုလည်း အကြောင်းစုံသိရှိခဲ့ရသည်။
“ဦးကြီးတို့ဘဝက ကြိုးတန်းလန်းနဲ့ဓားအောက်မှာအလုပ်လုပ်‌နေရသလိုပါပဲ တူမတို့ရယ်..ဘယ်အချိန်အဲ့ဓားကကိုယ့်အ‌ပေါ်ပြုတ်ကျမယ်မသိပါဘူး..ဒီတခါဆည်မအောင်မြင်ရင်တော့ ကျိမ်းသေရာဇဝတ်သင့်နိုင်တယ်”
“ဒီဒေသကလည်း မိုးခေါင်ရေရှားမို့ ဆည်ကိုပဲအားကိုးအားထားပြုရတာမဟုတ်လား..ဆည်မရှိတော့ဒေသခံတွေလည်း အတော့်ကိုဒုက္ခရောက်ရှာတာ”
ထိုဦးလေးတို့စကားဆုံးသည်နှင့် ရှင်ဦးတို့ညီအစ်မဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်၏။မိမိတို့လိုဘဝတူတွေနဲ့လာတွေ့နေခြင်းပင်မဟုတ်ပါလား။မိမိတို့အနေဖြင့် ပေါက္ကံရဲမက်တွေလက်ကနေထွက်ပြေးလို့ရနိုင်သော်လည်း ယခုတွေ့နေရသည့် ဦးကြီးတွေအဖို့တော့ အပြစ်မရှိဘဲ သေမည့်ရက်ကို စောင့်စားနေရရှာလေသည်။
ထို့နောက်ရှင်ဦးကရှင်ကြူးကိုခေါ်၍ အရေးကြီးသည့်စကားတစ်ခွန်းကိုပြောလေတော့သည်။
“ညီမလေးရေ…အစ်မတို့မောင်နှမတွေ အတိတ်ကံမကောင်းလို့ မွေးရာပါဝမ်းတွင်းစုန်းတွေဖြစ်ခဲ့ရတယ်။အပြစ်ဆိုမြူတစ်မှုန်လောက်တောင်မရှိသော်ငြားလည်း မင်းပစ်မင်းဒဏ်သင့်ခဲ့ရတယ်..မိတကွဲဖတကွဲ မောင်နှမတကွဲတွေဖြစ်ခဲ့ရတယ်..အရင်ဘဝကဝဋ်ကြွေးကို ဒီဘဝဒီခန္ဓာနဲ့ ကျေအောင်ဆပ်တော့မယ်ညီမရေ..တို့တွေရဲ့အသက်ကိုစတေးလို့ ဒီဆည်ကြီးပြီးပါစေတော့ကွယ်”
ညီအစ်မနှစ်ယောက်ပြိုင်တူရှိုက်ငိုလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် နောက်ဆုံးအကြိမ်ပွေ့ဖက်လိုက်ကြ၏။ထို့နောက်သူတို့ညီအစ်မနှစ်ယောက်ဤဆည်အတွက် စတေးခံမည့်အကြောင်း ဦးကြီးတို့ကို ပြောကြားလိုက်၏။မိမိတို့၏ သမီးအရွယ် တူမအရွယ်လုံမပျိုလေးတွေမို့သနားဂရုဏာသက်မိသော်လည်း ဆည်ကြီးပြီးမြောက်ဖို့အတွက် ရှင်ဦးတို့၏ တောင်းဆိုမှုကို ခွင့်ပြုလိုက်လေသည်။မကြာမီမှာတော့ ရှင်ကြူးကိုဆည်မှာစတေးလိုက်ပြီး ရှင်ဦးကိုတော့ဆည်မှာစောင့်တဲ့ကင်းထိပ်မှာ ဟိုဘက်ဒီဘက်စတေးလိုက်ကြတော့၏။ထို့နောက် ညီအစ်မနှစ်ယောက်အယူတိမ်းလို့ ရှင်ကြူးကဆည်ကတော် ရှင်ဦးကကင်းကတော်ဆိုပြီး နတ်စိမ်းနှစ်ဖော် ဖြစ်ခဲ့ရပါတော့သည်။

သနားစရာ မိန်းကလေးတစ်ဦး

ပေါက္ကံရဲမက်များ၏ရန်မှ လွတ်မြောက်စေရန် အသက်လုထွက်ပြေးလာရသောကြောင့် အစ်မတော် ညီမတော်များနှင့်လမ်းကွဲသွားခဲ့ရာ ရှင်ဗြူးတစ်ယောက်ထဲ ယောနယ်အနီး တောအုပ်တခုအတွင်းသို့ရောက်ရှိခဲ့လေသည်။လူကောမြင်းပါပန်းလာခဲ့ပြီဖြစ်သဖြင့် တောတန်းတောင်တန်းလေးကိုဖြတ်၍ တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းတစ်ခုအတွင်းမှ ရေကိုသောက်၍အမောဖြေခဲ့ကြသည်။ကျေးငှက်သာရကာတို့တွန်းကျူးနေသည့်အသံကသာယာနာပျော်ဖွယ်ကောင်းသလောက် တချက်ချက်ကြားရသောကျားဟိန်းသံများကြောင့် မိန်းမသားတစ်ယောက်ထဲဖြစ်သည့်အတွက် လွန်စွာမှအားငယ်နေမိ၏။
“အို…ငါတစ်ယောက်ထဲ ဒီတောထဲကနေဘယ်ကိုလာလို့ဘယ်ကိုသွားရမယ်မသိ..တခြားကိုရောက်နေတဲ့ ငါ့မောင်နှမတွေလည်း အန္တရာယ်ကောကင်းကြပါ့မလား”
“တော‌စောင့်နတ် တောင်စောင့်နတ်အပေါင်းတို့အကယ်၍ ကျွန်ုပ်တို့မောင်နှမတွေသည် ပြန်လည်စုံဆည်းခွင့်ရှိမည်ဖြစ်သော် ဤစမ်းရေသည် တောင်အရပ်မှမြောက်အရပ်သို့ပြောင်းပြန်စီးဆင်းပါစေသား”
ထိုကဲ့သို့ရှင်းဗြူးသစ္စာအဓိဌာန်ပြုလိုက်သည်နှင့်တပြိုင်နက် စမ်းရေသည် တောင်မှမြောက်သို့ပြောင်းပြန်စီးဆင်း၏။
ထိုစဉ်တောတောင်တို့ရဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်း၍ မြင်းခွာသံများကိုအဆက်မပြတ်ကြားလိုက်ရသည်။ကိုယ်တိုင်ကလည်း မင်းပစ်မင်းဒဏ်ကို ရှောင်တိမ်းနေရသူမို့ ရှင်ဗြူးတစ်ယောက် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်လံကြည့်ရှုနေမိသည်။မိမိဆောင်ဓားကိုလည်း အသင့်အနေအထားနဲ့ ကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်၏။
“ဘုရား ဘုရား ပေါက္ကံရဲမက်တွေ ငါ့ကိုတောနင်းရှာနေကြပြီလား”
ရှင်ဗြူးတစ်ယောက်ထိုသို့တွေးတောနေစဉ် နီညိုရောင်မြင်းကြီးကို ဒုန်းဆိုင်း၍စီးလာသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။သူမကိုတွေ့သည်နှင့်တပြိုင်နက် ထိုအမျိုးသားက မြင်းဇက်ကြိုးကိုရုတ်တရက်ဆွဲရပ်လိုက်ပြီး အောက်သို့ခုန်ချလိုက်သည်။ထို့နောက် ၎င်းကရှင်ဗြူးထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။ရှင်ဗြူးစိတ်ထဲမှာ‌တော့အသားညိုညို မေးရိုးကားကား မျက်ခုံးကောင်းကောင်းနဲ့ထိုသူကို ယေက်ျားပီသသူတစ်ယောက်ဟုမှတ်ချက်ချမိသည်။လူကောင်းတစ်ယောက်ဟုလည်းယုံကြည်ထား၏။မကြာမီထိုသူကစတင်၍
“ယခုလိုတောကြီးတောင်ကြီးထဲမှာ ဘယ်လိုအကြောင်းကြောင့် တစ်ကိုယ်တည်းရှိနေရသလဲနှမတော်..မောင်ကြီးဘာများကူညီဆောင်ရွက်ပေးရမလဲ..”
“တောင်ဦးနယ်ကပါမောင်ကြီး…မောင်နှမတွေခရီးသွားရင်း တယောက်တည်း အဖော်ကွဲလို့ ဒီတောထဲမှာ မျက်စိလည်နေရခြင်းဖြစ်ပါတယ်”
“ကျွန်ုပ်ကတော့ ထီးလင်းမြို့စားကြီး၏သားတော် ကျော်စွာဖြစ်ပါတယ်..နှမတော်အနေနဲ့လိုအပ်သည်ရှိသော် ကျုပ်ကို အစ်ကိုရင်းမောင်ရင်းနှယ်အားကိုးအားထားပြုနိုင်ပါတယ်..”
“အခုလိုအချိန်မှာ ရှင်ဗြူးအနေနဲ့ ဒီလိုစကားတွေကြားရသည့်အတွက် အားတက်မိပါတယ် မောင်ကြီးကျော်စွာ”
“နှမတော်အနေနဲ့မောင်ကြီးကိုယုံကြည်တယ်ဆို ထီးလင်းမြို့ကိုလိုက်ခဲ့နိုင်ပါတယ်..နှမတော်နဲ့ကွဲကွာသွားတဲ့မောင်နှမတွေ ပြန်လည်စုံတွေ့တဲ့အချိန်ထိ မောင်ကြီးကူညီပေးနိုင်ပါတယ်”
ဒီလိုနဲ့ရှင်ဗြူးလည်းကျော်စွာနှင့်အတူထီးလင်းမြို့သို့လိုက်လာခဲ့လေသည်။ထီလင်းရောက်တော့ ရှင်ဗြူးကိုမိဘနှစ်ပါးနှင့်မိတ်ဆက်ပေး၏။ကျော်စွာတို့မိဘများသည် ထီးလင်းမြို့စားနယ်စားမျိုးရိုးမှဆင်းသက်လာသူများဖြစ်သည့်အလျောက် မာနဂုဏ်မောက်ကြ၏။သားဖြစ်သူကိုမလွန်ဆန်နိုင်၍သာရှင်ဗြူးကိုလက်ခံထားရသည်။လမ်းမှာတွေ့ခဲ့ရသည့်မိန်းကလေးမို့မနှစ်မျို့ကြချေ။
အချိန်ကာလတို့ရွေ့လျားလာသည့်အလျောက် ရှင်ဗြူးနှင့်ကျော်စွာတို့သည် အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းညိဆိုသလို သံယောဇဉ်တို့ အမြစ်တွယ်ခဲ့ကြလေသည်။မိဘဆွေမျိုးမရှိ မျိုးရိုးအတိအကျမသိရသော မိန်းကလေးမို့ မိမိရဲ့မိဘတို့ကန့်ကွတ်သည့်ကြားမှ ကျော်စွာက ရှင်ဗြူးကိုရအောင်လက်ထက်ယူခဲ့သည်။ဒီလိုနဲ့သူတို့လင်မယားပေါင်းသင်းလာခဲ့ရာရှင်ဗြူးတစ်ယောက် မိခင်လောင်းတစ်ယောက်အဖြစ်သို့ပင်ရောက်ရှိလာခဲ့၏။
တစ်နေ့မှာတော့ ကျော်စွာနဲ့ရှင်ဗြူးတို့၏ သာယာပျော်ရွှင်သောဇနီးမောင်နှံဘဝသို့ မိုးသက်မုန် တိုင်းတစ်ခုဝင်ရောက်လာခဲ့လေသည်။
“နှမလေးရှင်ဗြူးကိုမောင်ကြီးပြောစရာတစ်ခုရှိတယ်”
“ပြောလေ မောင်ကြီးကျော်စွာရဲ့”
“မောင်ကြီးလေ မနက်ဖြန်ရောက်ရင် အခွန်တော်ကောက်ဖို့ကိစ္စနဲ့ခရီးထွက်ရမယ် ..မောင်ကြီးမရှိတဲ့အချိန် နှမလေးမွေးဖွားဖြစ်ရင် အဆင်ပြေအောင် မိခင်တို့နဲ့ မောင်ကြီးသေချာအပ်ခဲ့ပါမယ်”
“မသွားလို့မဖြစ်ဘူးလား မောင်ကြီးရယ်..နှမလေးကမွေးခါနီးဖွားခါနီးအချိန်မို့လားမသိဘူး..ဒီရက်ပိုင်းအားငယ်စိတ်တွေဝင်ပြီး စိတ်တွေလေးလံနေမိတယ်”
“မောင်ကြီးကိုစိတ်ချပါ..ကိစ္စ‌တွေပြီးတာနဲ့နှမ‌လေးဆီအမြန်ဆုံးပြန်လာခဲ့ပါမယ်ကွယ်”
ထိုအချိန်တွင် အခွင့်အရေးကို စောင့်နေသောရှင်ဗြူး၏ ယောက္ခမကြီးက ကျော်စွာစိတ်ချထားခဲ့စေရန် အချိုသတ်၍ လှီဆယ်ပြောကြားလေသည်။
“အားမငယ်ပါနဲ့သမီးရယ်..အမေတို့လည်းရှိနေတာပဲ..ငါ့သမီးမီးဖွားတဲ့အခါကျရင် အမေတို့ပဲတာဝန်ယူပြီး လုပ်ကိုင်ဆောင်ရွက်ပေးရမှာလေ..ကျော်စွာရှိရင်လည်းဘာမှလုပ်ပေးလို့မှမရတာပဲကွဲ့ ..ဟုတ်တယ်မှတ်လား”
“ငါ့သားကျော်စွာလည်း မင်းဇနီးသယ်ကို အမေတို့နဲ့စိတ်ချလက်ချထားခဲ့ပြီး စိတ်ဖြောင့်ဖြောင့်နဲ့သာသွားပါကွယ်”
ကျော်စွာသွားသည့်နေ့မှစ၍ ရှင်ဗြူးယောက္ခမ တွေကကြောက်စရာကောင်းအောင်ပြောင်းလဲလာ‌တော့၏။ယေက္ခမများမှရှင်ဗြူးအား အချိန်ပြည့်ငြူစူစောင်းမြောင်းကြ၏။ပြည့်တန်ဆာမျိုး စုန်းမျိုးဟုဆိုကာ အမျိုးမျိုးအဖုံဖုံစွတ်စွဲကဲ့ရဲ့ကြ၏။အဆိုးဆုံးကတော့မိမိတို့၏ သားနှင့်ရသောကိုယ်ဝန်မဟုတ်ဟုဆိုကာ ပစ်တင်ကဲ့ရဲ့ကြခြင်းပင်ဖြစ်သည်။ထို့နောက် ရှင်ဗြူးအား သူတို့သား မလာခင်အိမ်မှထွက်သွားဟုဆိုကာ ရက်ရက်စက်စက် မောင်းထုတ်ပစ်လိုက်ကြတော့သည်။
“အမေရယ် သမီးက‌လေ အခုဆိုကိုယ်လေးလက်ဝန်ကြီးနဲ့မို့ပါ..ကလေးလေးမီးဖွားပြီးတာနဲ့အမေတို့သမီးမျက်နှာကို မမြင်စေရပါဘူး..အမေတို့ဖြစ်စေချင်တဲ့အတိုင်းထွက်သွားပေးမှာပါ”
“မလိုချင်ဘူးအေ..ငါ့သားပြန်လာရင် ညဉ်းကမျက်ရည်ခံထိုးပြီး တွယ်ကပ်နေဦးမှာ..အဲ့လို‌ တော့ငါအဖြစ်မခံနိုင်ဘူး..ညဉ်းအခုချက်ချင်းထွက်သွားပေတော့”
“ဟဲ့ကျွန်မတွေ ဘာလုပ်နေကြတာလဲ…ဒီမိန်းမကို ငါ့အိမ်ပေါ်ကနေ ခုချက်ချင်း ထောင်းထုမောင်းချပစ်လိုက်ကြစမ်း”
ယုတ်မာရက်စက်ပြီး အသည်းနှလုံးကင်းမဲ့သော လူတွေဆီမှာ ရှင်ဗြူးလည်းအောက်ကျခံပြီးမနေလိုတော့ပြီ။လောကဓံတရားရဲ့ဒဏ်ကိုခါးစည်းပြီးခံဖို့ ရှင်ဗြူးဆုံးဖြတ်ချက်ချလိုက်တော့သည်။

သားပိုက်မယ်တော်

တောကြီးမြက်မည်းထဲမှာ ရှင်ဗြူးတစ်ယောက်တည်း ကူသူကယ်သူမဲ့ နာကျင်မှုဒဏ်ကိုအလူးအလဲခံစားနေရရှာသည်။မိမိရဲ့ရင်သွေးလေးကို ကြိုးစား၍အတင်းအားယူကာမွေးဖွားသော်ငြားလည်း ကလေးကတော်တော်နဲ့ထွက်မလာနိုင်ခဲ့ပါ။နောက်ဆုံးမှာတော့ ရှင်ဗြူးတစ်ယောက် ပျော့ခွေလဲကျသွားလေသည်။
“အို..ငါ့လက်ထဲမှာကလေးလေးနဲ့ပါလား..ဒါဆိုငါတကယ်ပဲ ကလေးမီးဖွားနိုင်ခဲ့ပြီပေါ့..ဟင် ဟို သွေးအိမ်ထဲမှာလဲကျနေတာလည်းငါပါပဲလား..ဒါ…ဒါဆိုရင်ငါ..ငါက အစိမ်းနတ်ဖြစ်သွားပြီပေါ့..အမယ်လေး..အမေရယ်..သမီးအဖြစ်ကိုလာကြည့်ကြပါဦး..”
ထိုစဉ်မထင်မှတ်ဘဲ အမကြီးရှင်ဦးနှင့်ရှင်ကြူးတို့နှစ်ယောက်ကိုမြင်တွေ့လိုက်ရသည်။
“ဟုတ်တယ်ညီမလေး တို့တွေလည်း ဆည်တည်ဆောက်ရာမှာစတေးခံရလို့ ဆည်ကတော်ကင်းကတော်နတ်စိမ်းနှစ်ဖော်ဖြစ်ခဲ့ရပြီ..ညီမရှင်ဗြူးသည်လည်း မီးမဖွားနိုင်ဘဲ သေဆုံးသည့်အတွက် ကလေးကိုစိတ်စွဲကာ အယူတိမ်းလို့နတ်စိမ်းဖြစ်ခဲ့ရပြီ”
“ထို့ကြောင့် ညီမရှင်ဗြူးအနေနဲ့ သားပိုက်မယ်တော်ဟူသော အမည်နာမကိုခံယူကာ မီးမဖွားနိုင်သော ကိုယ်ဝန်သယ်တို့အား စောင့်ရှောက်ကယ်တင်ပါတော့ကွယ်”

မောင်းတုံရွာဟုအမည်တွင်ခြင်း

ရှင်ထူး(ခေါ်)နန်းမွန်နှင့်တောင်ဦးနယ်စားတို့ မောင်နှမသည် တစ်ရွာဝင်တစ်ရွာထွက် ခရီးဆက်လာကြရင်းနဲ့ ဓားခံရွာဟုအမည်တွင်သော ရွာကလေးသို့ရောက်ရှိလာကြသည်။ထိုရွာ၏ ရွာသူကြီးအိမ်သို့ဝင်ပြီး တည်းခိုခွင့်ပေးရန် ယဉ်ကျေးသိမ်မွေ့စွာခွင့်တောင်းကြ၏။ရွာသူကြီးက အကျိုးအကြောင်းကို မေးမြန်းသည့်အခါ သူတို့မောင်နှမမှာရှမ်းလူမျိုးများဖြစ်၍ ‌အမည်မှာမောင်ကောင်းနှင့်နန်းမွန်ဟုခေါ်ကြောင်း၊စမုံမြေဇာကောင်းပြီး အလုပ်အကိုင်ဖြစ်ထွန်းသောအရပ်ဒေသကိုရှာဖွေရင်း ဒီရွာသို့ရောက်လာကြခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားကြ၏။ထို့နောက်သူတို့မောင်နှမနှစ်ယောက် ဤရွာ၌နေထိုင်၍ လုပ်ကိုင်စားသောက်ခွင့်ပြုရန် ခွင့်တောင်းကြသည်။ရွာသူကြီးလည်း ရှင်ထူးတို့မောင်နှမ၏အပြောအဆိုရည်မွန်ပြီး အနေအထိုင်ရိုးသားပုံကိုသဘောကျ၍ နေထိုင်ခွင့်ပေးလိုက်သည်။ရှေးဘဝကပဌာန်းဆက်ပါလာသည်ဟုပင်ဆိုရလောက်မည်။ဓားခံရွာသူရွာသားများက ရှင်ထူးတို့မောင်နှမကို မြင်မြင်ချင်းချစ်ကြခင်ကြကြင်နာကြ၏။
“မောင်ကောင်းတို့ကတော့ဘယ်အလုပ်ကိုမဆို မခိုမကပ်ဘဲ သိမ်းကြုံးလုပ်တာပဲဟေ့ အတော့်ကိုချီးကြူးဖို့ကောင်းတဲ့သူငယ်ပဲနော်”
အလုပ်ကြိုးစားသည့် မောင်ကောင်းတစ်ဖြစ်လဲ တောင်ဦးနယ်စားလေးကို ရွာသားအပေါင်းမှစံနမူနာယူချီးမွမ်းကြ၏။တစ်နေ့ နန်းမွန်သည်ရွာထဲရှိလုံမပျိုများနှင့်ကောက်စိုက်သွားရာ တောင်ဦးနယ်စားတစ်ယောက်တည်း အိမ်၌ကျန်ခဲ့လေသည်။တစ်ယောက်တည်းရှိနေစဉ်မောင်ကောင်းက အတိတ်ကဖြစ်ရပ်များကို ပြန်ပြောင်းတွေးမိ၏။
“ငါအရည်အချင်းမရှိလို့ ငါ့မိဘတွေ မောင်နှမတွေနဲ့ရှင်ကွဲကွဲခဲ့ရတယ်..တစ်ယောက်ထဲကျန်ခဲ့တဲ့ ညီမထွေး‌လေး ရှင်ထူးကိုလည်း ငါကမစောင့်ရှောက်နိုင်တဲ့အပြင် သူကပြန်ပြီးငါ့ကို စောင့်ရှောက်ပေးနေရတယ်..ငါတို့မိသားစုကို ယုတ်မာခဲ့တဲ့ နာဂသိန်ကိုလည်း အခုချိန်ထိလက်စားမချေနိုင်သေးဘူးကွာ..တောက်”
ထိုကဲ့သို့ စိတ်ထဲက မကျေနပ်ချက်များကိုတစ်‌ယောက်ထဲပြောကြားနေရင်း ဒေါသအလျောက်အသားတွေတဆတ်ဆတ်တုံလာသည်။ရွာသားအချို့ရောက်ရှိလာသည်ကိုတွေ့၍ ပြောပြလို့မရသည့်အကြောင်းအရာတွေမို့ စိတ်ကိုထိန်းချုပ်ထား၏။ထိုအခါအသားများပို၍တုံလာခဲ့သည်။မောင်ကောင်း၏အဖြစ်ကိုတွေ့ရှိခဲ့သောရွာသားများကတစ်ဆင့်စကားတစ်ဆင့်ပြောကြားကြသည်။
“နန်းမွန်ရဲ့မောင် မောင်ကောင်းအသားတွေ တဆတ်ဆတ်နဲ့တုံနေတယ်တဲ့”
“ဟင်ဒါဆိုမောင်တုံပေါ့”
ရှင်ထူး၏မောင် မောင်ကောင်းတုံနေသည်ကို အကြောင်းပြု၍ ဓားခံရွာကို မောင်တုံရွာဟုပြောင်းလဲခေါ်ဝေါ်လာကြသည်။(ကာလရှည်လျားလာသည့်အခါ မောင်တုံရွာမှ မောင်းတုံရွာဖြစ်လာခဲ့သည်)
ရှင်ထူးတို့မောင်နှမသည် မောင်းတုံရွာ၌ အခြေချနေထိုင်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားခဲ့ကြရာမှ ငွေကြေးအတော်အတန်စုမိလာကြသည်။
“မောင်ကြီးရေ..တို့တွေ ငွေးကြေးအတော်အသင့်စုဆောင်းမိတုန်း ကုန်ရောင်းကုန်ဝယ်လုပ်ပြီး ကြီးပွားကြောင်းအခွင့်အလမ်းရှာကြရအောင်”
“ကောင်းပါ့ နန်းမွန်ရေ..ဒီရွာအနီးတဝိုက်မှာ သံတောင်ဆိုတဲ့မြို့တမြို့ရှိတယ်လို့ မောင်ကြီးကြားသိရတယ်..အဲ့ဒီမြို့ကကုန်တွေဝယ်ပြီး တခြားမြို့များမှာ သွားရောက်အရောင်းအဝယ်ပြုကြရင် အတော်ဟန်မယ်ထင်တယ်ကွဲ့”
ထို့နောက်မှာ‌တော့ မောင်နှမနှစ်ယောက်သည်မောင်းတုံရွာ၏ မြောက်ဘက်၌ရှိသော သံတောင်မြို့မှ ဆန်ဆီစသောကုန်ပစ္စည်းတို့ကိုဝယ်ယူကာ မြစ်ကြောင်းအတိုင်းစုန်ဆင်း၍ ကောလိယမြို့သို့ ကုန်ရောင်းထွက်ခဲ့လေ၏။တဖန်ကောလိယမြို့မှထွက်သော တောင်သူလယ်သမားသုံး တောင်ရိုးကုန်များကို သံတောင်မြို့သို့သယ်ဆောင်လာကာ ပြန်လည်ရောင်းချ၏။ဤသို့ကုန်စည်ဖလှယ်ကာ ကူးသန်းရောင်းဝယ်ကြရင်း မောင်နှမနှစ်ယောက် အနေနဲ့ စီးပွား‌ရေးအတော်ဖြစ်ထွန်းခဲ့ကြလေသည်။
တညမှာတော့ ရှင်ထူးနှင့်တောင်ဦးနယ်စားတို့ကို နတ်စိမ်းဖြစ်သွားသော ‌ညီအစ်မတွေက ကိုယ်ထင်ပြကြ၏။
“မောင်ကြီး‌ မောင်ကောင်းနဲ့နှမထွေးနန်းမွန်ရေ..အစ်မတို့ညီအစ်မတွေကတော့ ဘဝပြောင်းလို့ နတ်စိမ်းတွေဖြစ်ခဲ့ရပြီ..အဲ့တာကြောင့် အန္တရာယ်ထူပြောလှတဲ့ တောင်ဦးနယ်ကိုမပြန်တော့ဘဲ ဒီနေရာဒီဒေသမှာပဲ အေးချမ်းစွာနေထိုင်ကြပါတော့ကွယ်”
အစ်မတော်တို့၏အဖြစ်ဆိုးများကိုကြားသိရသောအခါ အမျက်ဒေါသကြီးသော ရှင်ထူးတစ်ယောက် မျက်လုံးများနီရဲလာပြီး ခုန်ပျံ၍သွားလေရာထန်းပင်ထိပ်ဖျားသို့တိုင်ရောက်လေ၏။ထို့နောက် မောင်ကောင်းတို့မောင်နှမဟာ အစ်မတော်များကိုရည်စူး၍ သံဃာတော်များကိုဆွမ်းကပ်လှူဒါန်းခြင်း မောင်းတုံရွာသူ ရွာသားများအားဖိတ်၍ အစာအဟာရကျွေးမွေးလှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ကြသည်။ရှင်ထူးတို့မောင်နှမသည် အသက်ငယ်ရွယ်သူများဖြစ်ကြသော်လည်း ရွာထဲရှိမရှိဆင်းရဲသည့်ကလေးငယ်များအား ရှင်ပြုနားသပေးခြင်း၊အခက်အခဲရှိသူများအား ကူညီထောက်ပံ့ခြင်းများပြုလုပ်ကြသည့်အတွက် ရွာသူ ရွာသားများ၏ ချစ်ခင်လေးစားမှုကိုခံရလေသည်။ရှင်ထူးတို့မောင်နှမကလည်း ဖြူစင်ရိုးသားကြသည့် မောင်းတုံရွာလေးတွင် အသက်ထက်ဆုံးနေထိုင်‌ကြတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့၏။

သံတောင်မြို့အားကပ်ဆေးခြင်း

တစ်နေ့တွင် နန်းမွန်တို့မောင်နှမသည် ကောလိယမြို့သို့ကုန်ရောင်းထွက်ရန် သံတောင်မြို့သို့သွားပြီး ကုန်ဝယ်ထွက်ကြ၏။၎င်းတို့မရောက်ခင်ကပင် အလောင်းတော်ကဿဖနယ်မှငါးရှဉ့်ကြီးတစ်ကောင်သည် သံတောင်မြို့၏မြို့ဦးစေတီသို့မြစ်ကြောင်းအတိုင်းစုန်ဆင်းလာသည်။တစ်နေရာအရောက်ာက်တွင်ထိုငါးရှဉ့်ကြီးသည်မြို့ဦးစေတီရောက်ပြီအထင်နှင့် ဦးခေါင်းမော့ပြီးကြည့်၏။ကုန်းကြီးတစ်ကုန်းနှင့်ဦးခေါင်းဖော်ကြည့်သည့်ချိုမ့်ဝှမ်းနေရာမှာ အင်းကြီးတစ်ခုဖြစ်ပေါ်လာသည်။ငါးရှဉ့်ကြီးသည်သံတောင်မြို့ဦးစေတီသို့မရောက်သည်ကိုသိပြီး ဆက်လက်စုန်ဆင်းခဲ့သည်။တစ်နေရာတွင် ရောက်ပြီအထင်နှင့်ခေါင်းဖော်ကြည့်ပြန်သည်။ထိုနေရာတွင်လည်း အင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့သည်။ငါးရှဉ့်ကြီးတတိယအကြိမ် ခေါင်းဖော်ကြည့်သောအခါတွင်မှ သံတောင်မြို့ဦးစေတီသို့ရောက်ပေ၏။ငါးရှဉ့်ကြီးကသံတောင်မြို့ဦးစေတီအားဦးခေါင်းဖော်၍ ဖူးမြော်နေစဉ် ရေချိုးဆင်းလာသော ရွာသားများမှတွေ့မြင်သွားကြသည်။ထို့နောက်၎င်းတို့ကမြို့စားကြီးထံသို့သွားကာ သံတောင်မြို့ဦးစေတီအနီးမြစ်ဆိပ်တွင် အလွန်ကြီးမားသော ငါးရှဉ့်ကြီးတစ်ကောင်တွေ့မြင်ခဲ့ကြောင်းပြောကြ၏။မြို့စားကြီးကတံငါသည်များနှင့်အားကောင်းမောင်းသန်ယောက်ျားများကိုခေါ်ယူကာ ထိုငါးရှဉ့်ကြီးအား ဝိုင်ဝန်းဖမ်းဆီးကြသည်။ထို့နောက် တမြို့လုံးဝေငုကာ ချက်ပြုတ်စားသောက်ကြ၏။ထို့အချိန်တွင် ရှင်ထူးတို့မောင်နှသည် ကောလိယသို့ကုန်ရောင်းသွားရန် သံတောင်မြို့သို့ ရောက်ရှိလာကြသည်။သံတောင်မြို့မှကုန်ပစ္စည်းများကိုဝယ်ယူကာ ရွက်လှေပေါ်သို့တင်ဆောင်ကြသည်။ထို့‌ေနာက်မှာ‌ေတာ့ရှင်ထူးတို့‌မောင်နှမသည် မုဆိုးမတစ်ဦးနေအိမ်တွင် ခေတ္တတည်းခိုကြပြီး မနက်လင်းမှ ကုန်ရောင်းထွက်ရန်စီစဉ်ကြ၏။ထို့နေ့တွင် အိမ်ရှင်မုဆိုးမမှရှင်ထူးတို့ကို ငါးရှဉ့်ဟင်းဖြင့် ဧည့်ခံ၏။
“ဒီဟင်းက..မနေ့ကမြို့ဦးစေတီ မြစ်ဆိပ်နားမှာမိတဲ့ ငါးရှဉ့်ဟင်းကွဲ့…နည်းတဲ့ငါးရှဉ့်ကြီးလားတော်ရေ..တို့တမြို့လုံးဝေခြမ်းစားသောက်တာတောင်မကုန်နိုင်ဘူး..မောင်တို့‌မယ်တို့အားရပါးရစားကြစမ်းကွဲ့”
“ရှင်ထူးတို့မောင်နှမက သားသတ်လွတ်သာစားသုံးလို့ တခြားဟင်းနဲ့ပဲ သုံးဆောင်ပါရစေအမိ”
ထိုသို့ပြောကြားရင်း ရှင်ထူးတို့မောင်နှမငါးရှဉ့်ဟင်းကိုမစားဘဲနေခဲ့၏။ထို့နေ့ညသန်း‌ခေါင်ယံတွင် ငှက်ကြီးပုံသဏ္ဍာန်သတ္တဝါကြီးတစ်ကောင်က”ငါးရှဉ့်မစားတဲ့သူမြို့ပြင်ထွက်”ဟုဆိုကာ သုံးကြိမ်သုံးခါတိုင်တိုင် အော်ဟစ်မြည်တမ်းကာပျံသန်းသွားသည်။
“မောင်ကြီးရေ ကြားရလား..ကောင်းကင်ကငှက်ကြီးတစ်ကောင်က ငါးရှဉ့်သားမစားတဲ့သူ တွေမြို့ပြင်ထွက်ဆိုပြီး အော်မြည်းသွားတာ”
“မောင်ကြီးလည်းကြားတယ်နှမတော်..ဒါဟာငါးရှဉ့်သားမစားတဲ့မောင်ကြီးတို့ကိုမြို့ပြင်ထွက်ခိုင်းတဲ့အသံပဲ..အကြောင်းရင်းတခုခုတော့ရှိရမယ်”
ထို့နောက်ရှင်ထူးတို့မောင်နှမဟာ အိမ်ရှင်မုဆိုးမအားနှုတ်ဆက်၍ ညတွင်းချင်းပဲ မြစ်ဆိပ်သို့ဆင်းခဲ့ကြလေသည်။နံနက်မိုး‌ေသာက်လို့ သူတို့မောင်နှမ စီးလာသောလှေကြီးရွက်လွှင့်သည်နှင့်တပြိုင်နက် သံတောင်မြို့ကြီးသည် မီး‌ဟုန်းဟုန်းတောက်လောင်နေသည်ကို မြင်တွေ့ကြရ၏။ရှင်ထူးတို့မောင်နှမလည်း သံတောင်မြို့ကြီးပျက်ဆီးရပုံကိုကြည့်ပြီး အံ့ဩစိတ်မကောင်းဖြစ်စွာနဲ့ ကောလိယမြို့သို့ ခရီးဆက်ခဲ့ကြလေသည်။

မောင်နှမနှစ်ယောက်ဘဝခြားခဲ့လေခြင်း

“ကောင်းကင်ပေါ်က သတ္တဝါကြီးမြည်ဟီးသတိပေးတာကထူးဆန်းတယ်နော်မောင်ကြီး”
“ဟုတ်တယ်နန်းမွန်..သံတောင်မြို့ကြီးတစ်မြို့လုံးရုတ်တရက် မီးလောင်ကျွမ်းပြီးပြာကျတာဟာ အလွန်အံ့ဩဖို့ကောင်းတယ်လို့မောင်ကြီးလည်းထင်တယ်”
မောင်နှမနှစ်ယောက်လှေပေါ်တွင် သံတောင်မြို့၌ ဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်များကို ပြန်ပြောင်းပြောဆိုကြ၏။ပြောရင်းဆိုရင်း ကောလိယမြို့မရောက်ခင် ချောင်းသွယ်နှင့်မြစ်ကြောင်း‌ ပေါင်းဆုံရာအရပ်သို့ရောက်ရှိခဲ့သည်။ထိုနေရာသို့အရောက်တွင် လေမုန်တိုင်းကျရောက်လေ၏။ရေလှိုင်းဒဏ်ကြောင့်ရှင်ထူးတို့၏ရွက်လှေမှာ မည်သို့မျှ ထိန်းမနိုင် သိမ်းမရဖြစ်ကာ မှောက်လေတော့သည်။ထိုအခါ မောင်ကောင်းသည် မြစ်ထဲကျ၍မျောပါသွားခဲ့၏။ရှင်ထူးကမောင်တော်‌မြစ်ထဲမျောပါသွားကြောင်း သိသိချင်း စိတ်တန်ခိုးဖြင့်ရွက်လှေကိုထိန်းလိုက်ပြီး လှေပေါ်သို့ပြန်တက်လာစေရန် ပါလာသောကြိမ်များဖြင့်ပစ်ပေး၏။တောင်ဦးမြို့စားမောင်ကောင်းက ကြိမ်နွယ်တွေကိုကိုင်လိုက်သည်နှင့်တပြိုင်နက် အလိုလိုပျက်ကျသွားကြသည်။ရှင်ထူးအကြိမ်ကြိမ်ကြိုးစားသော်လည်းမရပဲဖြစ်နေ၏။
“နန်းမွန်ရေ..ညီမလေး..မောင်ကြီးမရတော့ဘူးထင်တယ်ကွယ်..”
“လက်‌မလျော့လိုက်ပါနဲ့မောင်ကြီးရယ်..မောင်ကြီးကိုနန်းမွန်ရအောင်ကယ်မယ်နော်”
ထိုသို့မောင်နှမနှစ်ယောက်ကြိုးစားရုန်းကန်နေတုန်းမှာပင် မောင်ကောင်းတစ်ယောက်ရေစီးအတိုင်းမျောပါသွားခဲ့လေသည်။ထို့နောက်၎င်းတို့ကုန်ဝယ်ခဲ့သော မြစ်၏မြောက်ဘက်ကမ်းရှိသံတောင်မြို့အနီးတွင် ကွယ်လွန်အနိစ္စရောက်ရှာသည်။ရှင်ထူးမှာတော့ ရှေးဘုန်းရှေးကံရှိသူပီပီ ရွက်လှေနဲ့အတူမျောပါရင်း မြစ်၏တောင်ဘက်ခြမ်းတွင် အသက်ရှင်လျက်တင်၏။တောင်ဦးမြို့စားသည် သံတောင်တွင်အနိစ္စရောက်၍ နတ်ဖြစ်ခဲ့သော်လည်း ရုပ်ကလပ်မှာအောက်သို့မြစ်ကြောင်းအတိုင်းမျောပါသွားသည်။ပြန်လှည့်ရွာအနီးတွင်ရုပ်ကလပ်တင်၍ တောင်ဦးဘုရင်နတ်က ရွာသူကြီးအားကိုယ်ထင်ပြကာ နတ်ကွန်းနတ်နန်းတောင်း၏။ရှင်ထူးသည် သူ၏မောင်တော်ကွယ်လွန်အနိစ္စရောက်၍ နတ်စိမ်းဖြစ်ရသည်ကို သိရှိကာပူဆွေးသောကဖြစ်ရရှာ၏။မောင်တော်အားကယ်တင်ခဲ့စဉ်က ကြိမ်နွယ်အပျက်များအားကိုင်ပြီး ဒီကြိမ်နွယ်တွေဘာကြောင့်ပျက်ရသနည်းဟု ဒေါသထွက်ကာ မြေကြီးထဲသို့ စု၍စိုက်ချလိုက်သည်။ထိုနေရာတွင်ကြိမ်ပင်များပေါက်လာခဲ့ပြီး တဖြေးဖြေးပွားများလာကာ ကြိမ်ပိုက်တောကြီးဖြစ်လာခဲ့၏။တဖန်မောင်တော်ကွယ်လွန်အနိစ္စရောက်ရသည်မှာ ဒီမြစ်ရေကြောင့်ဆိုကာ မြစ်ကိုစိုက်ကြည့်၏။ထိုစဉ်အသားများတဆက်ဆက်တုံလာပြီး စိတ်တန်ခိုးများ ဖြစ်ပေါ်လာသည်။မြစ်ရေကိုလက်ညိုးထိုးပြီးဒီရေတွေခမ်းခြောက်စေရမယ်ဟုပြောပြီး မြေကြီးကိုခြေဖနောင့်စောင့်ကာကြုံးဝါး၏။မြစ်ကြီးသည်ရေများတဖြည်းဖြည်းနည်းလာပြီး ချောင်းအဖြစ်သာကျန်ရှိတော့သည်။ရှင်ထူး အကြိမ်ကြိမ်ခြေဖနောင့်ပေါက်သောနေရာသည် မြေကြီးများအက်ကွဲလာ၏။ထိုနေရာမှ နဂါးကြီးဦးခေါင်းတဖြေးဖြေးပေါ်ထွက်လာ၏။နဂါးကြီးသည် ဦးခေါင်းထောင်ကြည့်သောအခါတွင်နန်းမွန်ကိုတွေ့၏။နဂါးကြီးခေါင်းထောင်ကြည့်သောနေရာနှင့်ရှင်ထူးဖနောင့်ပေါက်သည့်နေရာတွင် ရေများပွက်ထွက်လာသည်။နဂါးကြီးဦးခေါင်းထောင်၍ ရေပွက်သောနေရာကို နဂါးပွက်ဟုခေါ်သည်။ရှင်ထူးခြေဖနောင့်စောင့်၍ထွက်လာသောရေနှင့်ကျောက်ကမ္ဘားယံများကြားမှ တစ်စက်စက်ထွက်ကြနေသောရေကို ကျောက်စက်ရေဟုခေါ်သည်။ထိုအဖြစ်ကိုအကြောင်းပြု၍ နောင်အခါတွင် “နဂါးပွတ်နှင့်ကျောက်စက်သူ”ဟုခေါ်ဆိုကြသည်။ထို့ပြင်နဂါးကြီးကနန်းမွန်ကိုကြည့်ပြီး “အသင်လူသားမိန်းကလေး…သင်သည်လွန်စွာမှအစွမ်းထက်သော စိတ်တန်ခိုးရှင်ဖြစ်သည်”ဟုမြည်တမ်းကာ နန်းမွန်အားလှည့်ပတ်ခွေရုံထား၏။ထို့ကြောင့်စိတ်တန်ခိုးရှင်ဖြစ်သော မောင်းတုံသူလေးနန်းမွန်အား “နဂါးရုံနဲ့မောင်းတုံသူ”ဟု ခေါ်ဆိုကြလေတော့သည်။

ငန်းတော်ကြားမြွေမကြီးနှင့်တွေ့ဆုံခြင်း

ရှင်ထူးသည် အစ်ကိုတော်တောင်ဦးနယ်စားကွယ်လွန်အနိစ္စရောက်ရခြင်း၊အစ်မတော်များသေဆုံး၍နတ်စိမ်းဘဝရောက်ကြရခြင်းနှင့်မိမိဒုက္ခပေါင်းစုံခံစားခဲ့ရခြင်းများကို ‌ပြန်ပြောင်းတွေးမိရင်း ဒေါသူပုန်ထကာ အသားများတဆက်ဆက်တုန်လာခဲ့သည်။
“မောင်နှမငါးယောက်အတူတူပြေးလာတာ အခုငါတစ်ယောက်ပဲကျန်တော့တယ်..အခုငါ့မှာတွယ်တာစရာသွေးသားရင်းချာမရှိကြတော့ဘူး..ငါတို့မောင်နှမတွေသေကွဲကွဲအောင်လုပ်တဲ့နာဂသိန်ကိုတသက်မကျေဘူး…ငါတို့မောင်နှမတွေဒုက္ခရောက်သလို ဒင်းလည်းဒုက္ခရောက်စေရမယ်”
“ကဲကြာပါတယ် အခုပဲ နာဂသိန်စုန်းမနဲ့ဒင်းလင်ဘုရင်ကိုသတ်ပြီး ပေါက္ကံပြည်ကိုမီးဟုန်းဟုန်းတိုက်ပစ်မယ်”
ထိုကဲ့သို့ရှင်ထူးတစ်ယောက် ပေါက္ကံပြည်ရှိရာသို့အပြေးအလွှားလာခဲ့ရာ ပုန်တောင်ပုန်ညာတောင်တန်းတွေဆီရောက်လာခဲ့၏။မိမိ၏မောင်နှမအကြောင်းတွေကိုတွေးလိုက်မိတိုင်းဒေါသထွက်မိ၍ ခြေဖနောင့်စောင့်ချလိုက်ရာ ထိုဒေသတွင်ရှိရှိသမျှသော မြွေတွေသည်အစုလိုက်အ‌ထွေးလိုက်သေကြေပျက်ဆီးကြရ၏။ထိုအခါမြွေအပေါင်းသည် မိမိတို့ဘုရင် ငန်းတော်ကြားမြွေမကြီးထံသို့ သွားရောက်၍ အကူအညီတောင်းရရှာသည်။ငန်းတော်ကြားမြွေမကြီးလည်း မြွေတို့၏အကူအညီတောင်းမှုကြောင့် ရှင်ထူးကို တားဆီရလေသည်။
“ရပ်တော်မူပါဦးစိတ်တန်ခိုးရှင်..ကျွန်ုပ်သည် ဤပုံတောင်ပုံညာတစ်ဝိုက်တွင် နေထိုင်ကြသော မြွေအပေါင်းတို့၏အရှင်သခင် ငန်းတော်ကြားမြွေမဖြစ်ပါတယ်..သခင်မရှင်ထူး၏ စိတ်တန်ခိုးစက်ထက်မြတ်မှုကြောင့် ကျွန်ုပ်၏ငယ်သားဖြစ်ကုန်သော မြွေများဟာ အရှင်မဖနောင့်တချက်ပေါက်တိုင်း သေကြေပျက်ဆီးရကုန်၏..ထို့အတွက်ကြောင့် ကျွန်ုပ်အနေနဲ့ သခင်မအား ကိုယ်ရောင်ထင်လင်းစွာပြ၍ အသနားခံရခြင်းဖြစ်ပေတယ်”
ငန်းတော်ကြားမြွေမကြီးဟာ ရှင်ထူးကို ထိုကဲ့သို့မေတ္တာရပ်ခံပြီးနောက် မြွေတို့တက်အပ်သော ပညာရပ်များနှင့်အဆိပ်ပေါင်းစုံတို့ကို နိုင်နင်းစေသောပညာရပ်များကိုပါ သင်ကြားပြသပေးလိုက်၏။

ဘိုးတော်သိကြားဆင်းကာတားရလေပြီ

ထိုစဉ်ဘိုးတော်သိကြားမင်း၏ ပဏ္ဍုကမ္ဗလာမြကျောက်ဖြာသည် ပူပြင်းလာသည့်အတွက် သိကြားမင်းမှ လူ့ပြည်သို့ဆင်ခြင်မိလိုက်သည်။
“အလို..ဝမ်းတွင်းအတတ်ပညာရှင် စိတ်တန်ခိုးရှင်ဖြစ်တဲ့ ရှင်ထူးဆိုတဲ့မိန်းကလေးဟာ ပေါက္ကံပြည်သို့ ဒုန်းဆိုင်းနှင်ကာသွားလို့ပါလား..သူ့စိတ်တိုင်းကျသာ ဖျက်ဆီးပစ်လိုက်ရင် သာသနာစည်ပင်ထွန်းကားလာမယ့်ပုဂံပြည်ကြီး ပျက်ဆီးရတော့လတ္တံ့”
“ငါကိုယ်တော်သိကြားမင်းကိုယ်တိုင် လူ့ပြည်ဆင်း၍ တားမှဖြစ်ချေတော့မယ်”
ထို့နောက်သိကြားမင်းသည်ရှင်ထူး၏ ဝမ်းတွင်းစုန်းအတတ်ပညာတို့အား လူ့ပြည်ဆင်း၍ အလှူခံတော်မူသည်။ရှင်ထူးကလက်မခံသဖြင့် အလဲအထပ်ပြုလုပ်ရလေသည်။
“ငါ့သမီးဆီကဒီပညာတွေကိုပေးမယ်ဆိုရင် လူတွေကိုဆေးဝါးကုသပေးနိုင်မယ့် ဒေဝသိဒ္ဓိတွေ ငါကိုယ်တော်ချီးမြှင့်ပေးသနားတော်မူမယ်”
ဘိုးတော်သိကြားမှ ထိုသို့ကမ်းလှမ်းသည့်အခါမှာတော့ လူတို့၏အကျိုးစီးပွားကို မေတ္တာထားသော ပါရမီရှင်ဖြစ်သည့်အလျောက် သဘောတူလက်ခံလိုက်လေသည်။ထို့နောက်မိမိပညာရပ်တွေကို အံထုတ်လိုက်‌၏။မအံထုတ်မီတွင် ထိုပညာတွေကို သမျောမိသည့်အတွက် ‌အနီးအနားရှိ မြွေတစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ထည့်လိုက်လေသည်။
ထိုအခြင်းအရာကို သိရှိသောသိကြားမင်းက မြွေကို သံလျက်နဲ့ သုံးပိုင်းပိုင်းလိုက်လိုက်လေသည်။ရှင်ထူးက ဒေါသထွက်၍ မြေကိုဖနောင့်နှင့် ပေါက်ပြီး မြွေသုံးပိုင်းကိုကိုင်၍ ပစ်မြောက်လေရာ ခေါင်းပိုင်းသည် ယင်းမာပင် နယ်ဘက်ကို ကျလေရာ ထိုနယ်မှ မြွေများသည် ရေမြွေမှစ၍ အဆိပ်ပြင်းလေသည်။ မြွေအမြီးပိုင်းသည် မုံရွာ အနောက်ဘက်သို့ကျလေရာ ထိုနယ်တွင် မည်သည့်မြွေ မှ အဆိပ်မရှိချေ ။ ဝမ်းဗိုက်ပိုင်းသည် ယောနယ် ဆောနယ်သို့ ကျလေရာ ယောနယ်သူ ဆောနယ်သားများသည် မသင်ဘဲတက်သော ဝမ်းတွင်းပါ ပညာရှင်များ ဖြစ်ကုန်ကြလေသည်။ သိကြားမင်းသည် ရှင်ထူးအား လူစင်စစ်မှ ဝိဇ္ဇမယသိဒ္ဓိရှင်အဖြစ် ပြောင်းပေးလေရာ ရှင်ထူးမှ သူ့အသက်ကို အသက်စေ့ လုပ်၍ နတ်ဝိဇ္ဇာဘဝသို့ ကူးပြောင်းလေသည်။

နန်းမွန်မှသည် ရေယဉ်ကတော်ဘဝသို့

တစ်နေ့တွင် မဏိစည်သူမင်းကြီးက ဇမ္ဘူထိပ်ကျွန်းသို့ ဖောင်စကြာဖြင့်တိုင်းခန်းလှည့်လည်ခဲ့သည်။ရှင်ထူးသိသော် မင်းကြီး၏ဖောင်တော်အား ရှေ့ဆက်သွား၍မရအောင် မိမိတန်ခိုးဖြင့် တားထားလိုက်၏။ထိုအခါမင်းကြီးက ကြိမ်စကြာဖြင့်ရိုက်၍ခေါ်လေသည်။တခြားသောနတ်များက ထိုသို့ရိုက်၍ခေါ်လျှင် ဖောင်တော်ရှေ့ ဒူးတုပ်၍လက်အုပ်ချီခစားရသည်။ရှင်ထူးကတော့ တန်ခိုးကြီးသောနတ်ဝိဇ္ဇာပေမို့ ထမီကိုစွန်တောင်ဆွဲ ဓားထမ်းကာ ဖောင်တော်ရှေ့ခါးထောက်ရပ်နေလေ၏။
“ဘယ်လိုပုဂ္ဂိုလ်မျိုးမို့ ကျွန်ုပ်၏ဖောင်တော်ကို ရှေ့ဆက်သွား၍မရအောင် ဟန့်တားဝံ့ပါသနည်း”
“အော်..ကျွန်ုပ်ကိုမမှတ်မိတော့ဘူးလား မဏိစည်သူမင်းကြီးရဲ့..အရှင်မင်းကြီးရဲ့မိဖုရား နာဂသိန်စုန်းမက အသက်မသေသေအောင်သတ်ဖို့ကြိုးစားခဲ့တဲ့နန်းမွန်ပါ..သင်တို့ကြောင့် ကျွန်ုပ်တို့မောင်နှမတွေအားလုံးသေကွဲကွဲခဲ့ရပြီ..ကျေနပ်တော်မူကြပါ..ဟင်းဟင်း”
ထိုအခါမဏိစည်သူမင်းကြီးလည်း တောင်ဦးနယ်စားတို့မောင်နှမ‌တွေရဲ့ အဖြစ်ဆိုးများကိုကြားသိရသည့်အတွက် လွန်စွာမှစိတ်မကောင်းဖြစ်ကာ မဟုတ်မမှန်ဂုန်းချောစကားဆိုခဲ့သည့် နာဂသိန်အား ကွပ်မျက်စေခဲ့သည်။ထို့နောက်ရှင်ထူးအား မောင်းတုံ(ဇီးတောနယ်)ကိုအပိုင်စားပေး၍ ဖနောင့်နှင့်ပေါက်သောနေရာတွင် ရေအလွန်ထွက်သောကြောင့် ရေယဉ်ကတော်ဟူသော ဘွဲ့အမည်ကိုပါ ပေးအပ်ခဲ့လေသည်။ဘိုးတော်သိကြားမင်းကလည်း ရေယဉ်ကတော်အား သူတော်ကောင်း သူမြတ်လောင်းများကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ခဲ့ရာ ယနေ့အချိန်ထိ ခုနှစ်ရက်သားသမီးအပေါင်း၏ ချစ်ခင်အားကိုးခြင်းကိုခံရသော မယ်တော်ကြီးတစ်ပါးအဖြစ်ခံယူခဲ့လေတော့သတည်း…

ဆပ်သပင်နဲ့ ရေယဥ်သူ
ဆပ်သဖူးနဲ့ ရေဦးသူ
ကြိမ်ပိုက်တောက မျော့တောသူ
နဂါးပွက်နဲ့ ကျောက်စက်သူ
နဂါးရုံနဲ့ မောင်းတုံသူ
ရေမရှားတဲ့ ယမားသူ
အမေရေယဉ်ကတော်ကြီးအား ဤဝတ္ထုဖြင့် ဂါရဝပြုရေးသားပူဇော်ပါသည်။

#ဖြိုးမြတ်ဟန်(Mythologist)