“အမေ … အမေ့လင်ကြီး လုပ်ပုံကောင်းသေးလား”

“ဘာလဲသားရယ်”

“ရွာတောင်ပိုင်းက မဝက်ကို သွားနောက်ပိုးနေတာ”

“သား … အမေ့လင်ဆိုတာ မင်းအဖေလေ … မိုက်မိုက်ရိုင်းရိုင်းတွေ မပြောရဘူး”

“ခံပြင်းလိုက်တာ အမေရာ … အမေငုတ်တုတ်ရှိသားနဲ့”

“ဒေါသမထွက်နဲ့သား … သူက အမေ့ထက် ဝက်မကို ကြိုက်နေတာ ဘာတတ်နိုင်မှာလဲ”

“အမေ မသေသေးဘူးဗျ”

မောင်နှမတွေအားလုံး စိတ်သောကတွေ ရောက်ကြရသည်။ အမေကိုရှေ့ထားကာ ဖောက်ပြန်နေသော အဖေ့ကို မည်သို့လုပ်ရမည်နည်းဟု ဆွေးနွေးကြသည်။

မဝက်က မုဆိုးမ၊ မွေးထားသည်က သားတွေချည်း သုံးယောက်၊ မိုက်တိမိုက်ကန်းတွေ။ အဖေသာ မဝက်ကို ယူလိုက်လျှင်ဆိုသည့် မေးခွန်းကို သူတို့ မောင်နှမသုံးယောက်ကလည်း တိုင်ပင်နေသည်။ အစ်မကြီးက

“တို့ပိုင်တဲ့ လယ်တွေ၊ ယာတွေ ဘယ်လိုလုပ်မလဲ”

“ကျွန်တော် မောင်းနေတဲ့ ထွန်စက်ကရော”

“အေး ငါဦးစီးထားတဲ့ နဝလီစက်ကိုရော”

မောင်နှမသုံးယောက်သောကရောက်စရာတွေ ဖြစ်လာသည်။ သူတို့အဖေ ပြန်ရောက်လာချိန်တွင်

“အဖေ”

“ဘာလဲ”

“အဖေနဲ့ မဝက်က ဘယ်လိုလဲ”

“ဘယ်လိုရမှာလဲ”

“အဖေ … မဝက်အိမ်မှာ အိပ်နေတာ မသိဘူးများ မှတ်နေသလား”

“အိပ်တော့ ဘာဖြစ်သလဲ”

“အဖေမနေနိုင်လို့ အိပ်တာ ပြဿနာမဟုတ်ဘူး … အိမ်ကိုတော့ ခေါ်မလာနဲ့ … ပြဿနာ အကြီးကြီး တက်သွားမယ်”

“ဟဲ့ ဒါ … ငါ့အိမ် … ငါ့သဘော”

“အမေရှိသေးတယ်ဗျ … အမေ မသေသေးဘူး … အဖေက ခုကတည်းက ဖောက်ပြန်နေတာ ခံပြင်းလွန်းလို့”

“သေလိုက်ကြ … လဲသေလိုက်ကြ … ဒီအိမ်မှာ ငါ့သဘော … ငါကြိုက်သလို စီမံမယ်”

“အမေရှိသေးတယ် … အမေ ဝင်ပြောဦးလေ … ဒီလိုကြီး ပြောနေတာ အမေက သဘောတူနေလို့လား”

“ဟဲ့ …အောင်ကြိုင် … တော် … ငါ့ရှေ့မှာတောင် နင်က ဒီစကားပြောနေတော့ ငါသေရင် … ငါ့သားသမီး တွေတော့ ဒုက္ခပဲ”

ဦးအောင်ကြိုင်က တံခါးကို ဆောင့်ကန်လိုက်သည်

“ဟေ့ … မိရီ … ငါပြောမယ် … ဒီအိမ်မှာ ငါ့သဘော”

“ဒီမှာ နင့်သဘောပြောရအောင် … နင်ရွာကိုလာတာ လက်ဗလာနဲ့ဆိုတာ မှတ်မိသေးလား … ငါ့အဖေဆီမှာ ထမင်းစား ကျွန်ခံပါရစေဆိုပြီး ခွေးလိုနေခဲ့တာ မှတ်မိသေးလား … အဖေက သနားလို့ နင့်ကို ရိုးပုံရိုးအဆိုပြီး ငါနဲ့ ပေးစားလို့ နင်ဒီလို ခေါင်းပေါင်းစထောင်နိုင်တာ မှတ်မိသေးရဲ့လား … ခွေးသူတောင်းစား … ခုတော့ သူတောင်းစားက ထမင်းဝလို့ ရီးတောင်နေတာလား”

“အေး … တောင်တယ် … တောင်တယ် … ခုလည်း ငါဒီမှာ မနေဘူး … နားငြီးတယ် … သွားမယ် … သွားမယ်”

“သွား … သွား … ဘယ်တော့မှ ပြန်မလာနဲ့”

ဦးအောင်ကြိုင်တစ်ယောက် အိမ်ပေါ်ကဆင်းကာ မဝက်အိမ်ပေါ်ကို နေ့ချင်းတက်ပါသည်။

တစ်လခန့်အကြာတွင် ရွာလူကြီးအိမ်က ဒေါ်ရီကို ဆင့်ခေါ်သည်။

“ဘာကိစ္စလဲ ဦးရီး”

“နင့်ယောကျ်ားက ပိုင်ဆိုင်မှုတွေကို ခွဲဝေချင်လို့တဲ့ … ဒါနဲ့ အဲဒီကောင် မိဝက်နဲ့ ယူလိုက်တာသိလား … မြို့တက်ပြီး လက်မှတ်ထိုးသတဲ့”

“အလိုတော် … ကျွန်မက မယားကြီး … မသေသေးဘူးဦးရီး … ကျွန်မက မယားကြီး”

“အဲဒါကို ငါပြောတယ် … နင့်လင်အောင်ကြိုင်က ဒီခေတ်မှာ မယားကြီး … မယားငယ်ဆိုတာ မရှိဘူးတဲ့ … မယားပြိုင်ပဲရှိတယ်တဲ့ … အဲဒါကြောင့် သူ့ပိုင်ဆိုင်မှုတွေကို လိုချင်တယ်ဆိုပြီး ငါ့ကိုလာပြောတာ … ဟိုမှာ သူတို့ လင်မယားနဲ့ သူ့သားသုံးယောက်လာနေပြီ”

ဒေါ်ရီ၏ သားသမီးသုံးယောက်ကလည်း

“အမေ … ဘာမှ မပူနဲ့ သမီးတို့ သားတို့ရှိတယ်” ဟု အားပေးကာ အမေ့နောက်မှ ရပ်နေကြသည်။

ဦးအောင်ကြိုင်နှင့် ဒေါ်ရီတို့ ပိုင်ဆိုင်မှုခွဲဝေရန် စကားပြောနေကြသည်မှာ ထသတ်မတတ် ဖြစ်နေသည်။ တစ်ရွာလုံးကလည်း စိတ်ဝင်စားစွာနှင့် ရွာလူကြီးခြံရှေ့တွင် ရပ်ကာ နားစွင့်နေကြသည်။

မဝက်ကထပြီး

“ဪ ရှင်က အစ်ကိုကြီး ပိုင်ဆိုင်မှုတွေကို ခွဲမပေးချင်ဘူးပေါ့”

“ဟဲ့ကောင်မ … နင်က ထပြောရအောင် လင်ခိုးမက ရာရာစစ”

“ဒီမှာ ဒေါ်ရီ အစ်ကိုကြီးနဲ့ ကျွန်မ တရားဝင်လက်ထပ်ထားတာ … မပေးချင်နေလေ … ရှင်သေမှ အားလုံး အပိုင်ယူပြမယ်”

ထိုအချိန်တွင် ဒေါ်ရီ၏သားလတ်က

“သောက်ဝက်မကြီး မိုက်ရိုင်းလိုက်တာ” ဟုဝင်ပြောသည်

မဝက်သားတစ်ကောင်က

“ဟေ့ကောင် သတ္တိရှိရင် ရှေ့တိုးလိုက်”

လူကြီးက

“ဟေ့ … ဒီမှာ ငါအကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတယ် … စကားများတဲ့ကောင် ခြံထဲက ဆွဲထုတ်မယ် … ကဲ … မရီပြော … နင်ဘာဖြစ်ချင်သလဲ”

“ကျွန်မ တစ်ပြားမှ ခွဲမပေးနိုင်ဘူး … ဒါကျွန်မအဖေလက်ထက်ကတည်းက ပိုင်ဆိုင်မှုတွေဆိုတာ ဦးရီးသိသားပဲ”

“ဒီမှာ ကျုပ်သာ မကြိုးစားခဲ့ဖူးဆိုရင် ဒီလောက်အထိ ဖြစ်လာစရာ အကြောင်းမရှိဘူး”

ဦးအောင်ကြိုင်ကဝင်ပြောသည်။ သမီးတွေကလည်း

“အိမ်မှာနေတဲ့သူတွေအားလုံး ထိုင်စားနေကြတာမဟုတ်ဘူး … အမေကအစ အားလုံး ချွေးနဲ့ သွေးနဲ့ရင်းပြီး ရှာခဲ့ကြတာ … ခွဲမပေးနိုင်ဘူး”

“နေဦး မိဝက်ဘာဖြစ်ချင်သလဲပြော”

“ဦးရီး … အဲဒီကောင်မ … ကျွန်မတို့အထဲကို ဝင်ပြောစရာကို မလိုတာ”

“ဒီလိုမဟုတ်ဘူးလေမရီ … သူပြောတာ နားထောင်ကြည့်ရအောင်”

မိဝက်ကတစ်စခန်းထသည်

“ရတယ်လေ … ဘာမှ မခွဲပေးချင်ဘူးလား … ရတယ်လေ … ဒါဆိုရင် မိဝက်တို့ကလည်း မယားပြိုင်တစ်ယောက် အနေနဲ့ တောင်းဆိုလိုက်ပါရစေ”

“အေး ပြောကြည့်”

“တစ် – ကျွန်မသား သုံးယောက်ကို သူတို့ လုပ်ငန်းတွေထဲကို ထည့်လုပ်စေရမယ်”

“ဟဲ့ … ဖြစ်နိုင်ပါ့မလား”

“နေဦး ကျွန်မပြောတာ ဆုံးအောင်နားထောင် … ထပ်ပြောမယ်”

“တစ် – ကျွန်မသားသုံးယောက်ကို သူတို့ လုပ်ငန်းတွေထဲ ထည့်လုပ်စေရမယ်

နှစ် – သူ့မှာလည်း သားသမီးသုံးယောက်၊ ကျွန်မမှာလည်း သားသမီးသုံးယောက် အညီအမျှလုပ်၊ ရလာတာ တွေကို အညီအမျှခွဲဝေယူရမယ်

သုံး – ကျွန်မယောကျ်ားဖြစ်နေတဲ့ အစ်ကိုကြီးအောင်ကြိုင်က အရင်သေရင် ကိစ္စပြတ်ပြီလို့ သဘောထားမယ်၊ သူမသေမချင်း၊ ပိုင်ဆိုင်မှုတွေကို မလွှဲပေးမချင်း သူတို့ပိုင်ဆိုင်မှုတွေနဲ့ ကျွန်မတို့ပိုင်ဆိုင်မှုတွေဟာ အတူတူပဲလို့ သတ်မှတ်ရမယ်”

ကဲ … အရပ်ကတို့ရေ

မိဝက်ကတော့ အောင်ကြိုင်ကို အပိုင်ကိုင်ပြီး အမွေခွဲနေပြီ။

သင်တို့သာ ရွာလူကြီးနေရာမှာဆိုရင် ဘယ်လိုစီရင်ကြမလဲဆိုတာ သိချင်လိုက်တာ။

(ကိုးကား-ယနေ့ထုတ်ကြေးမုံသတင်းစာ)

တင်ညွန့်