အမွေမပေးလိုသောပထွေးအမှု
______________________________
ရွှေဥဒေါင်း

တနေ့သ၌ ကျွန်တော်သည် ညအချိန်တွင် မစ္စတာမောင်မှိုင်း၏ ထွက်ပေါ်ကာ စဖြစ်သော ဒေါင်းဋီကာစာအုပ်ကို သန်းခေါင်ကျော်သည့် တိုင်အောင် ဖတ်ရှုခဲ့မိသဖြင့် နံနက်အချိန်တွင် အားလပ်သော တနင်္ဂနွနေ့လည်း ဖြစ်သဖြင့် အိပ်ရေးဝအောင် အိပ်မည်အကြံနှင့် အိပ်ရာထဲ၌ ကွေးလျက်ရှိစဉ် ဦးစံရှားသည် အဝတ်အစား အပြည့်အစုံဝတ်ဆင်ကာ အိပ်ရာအနီးတွင် ရပ်လျက်…

ရှစ်နာရီတောင် ထိုးသွားပြီဗျ ကိုသိန်းမောင်၊ ခုတောင် မထသေးဘူးလား” ဟု နှိုးသဖြင့် ကျွန်တော်မှာ အိပ်မှုစုံမွှားနှင့် အခြားတစ်ဖက်သို့ စောင်းပြီးလျှင်…

“တယ်ရှပ်တဲ့လူဗျာ၊ အားတဲ့နေ့မို့ အိပ်ရေးဝအောင် အိပ်မလို့ ကြံနေတာ၊ ဘာလုပ်မလို့ လာနှိုးပါလိမ့်” ဟု စူစူအောင့်အောင့်နှင့် ပြန်ပြောလိုက်သည်။

“မတတ်နိုင်ဘူးလေဗျာ၊ ဒီကနေ့ မနက်တော့ တစ်လှည့်စီ ဒုက္ခပေးနေရတဲ့နေ့ ဖြစ်နေပြီ။ ထမင်းချက်တဲ့ ဒေါ်သန်းတင်ကို တစ်ယောက်က လာနှိုး၊ ဒေါ်သန်းတင်က ကျုပ်ကို နှိုး၊ ကျုပ်က တစ်ခါ ခင်ဗျားကို နှိုးရတော့တာပဲ”

“ဘာဖြစ်လို့လဲဗျ၊ သူခိုး ခိုးသလား၊ ဓားပြတိုက်လို့လား၊ မီးလောင်လို့လားဗျ”

“စိတ်မတိုပါနဲ့ ဆရာကြီးရယ်၊ အမှုသည်မတစ်ယောက် ရောက်နေလို့ပါ။ မိန်းကလေး တစ်ယောက် တုန်တုန်ယင်ယင်နဲ့ ရောက်လာပြီး ကျုပ်ကို ချက်ချင်းတွေ့ရမှလို့ ပြောနေတယ်။ အိမ်ရှေ့ခန်းမှာ စောင့်နေလေရဲ့၊ မိန်းမပျိုကလေးတစ်ယောက်က လူတွေကို စောစောစီးစီး လည်နိုးနေဆိုတာ ဧကန္တ အရေးကြီးတဲ့ကိစ္စ ရှိလို့ပါပဲ။ အမှုကောင်း ဖြစ်နေလို့ရှိရင် လက်မလွတ်ရအောင်လို့ ခင်ဗျားကို ကျုပ်လာနှိုးတာပဲ”

“ဒီလိုဆိုရင်တော့ ထရတာပေါ့ဗျာ”

ကျွန်တော်သည် လျင်မြန်စွာ မျက်နှာသစ်၍ ဦးစံရှားနှင့်အတူ ဧည့်ခန်းသို့ ဝင်သွားလေရာ မျက်မှန်အနက်ကြီးကို တပ်ထားသော မိန်းမပျိုကလေးတစ်ယောက်သည် အမှုသည်များ ထိုင်နေကျဖြစ်သော ကုလားထိုင်ပေါ်တွင် ထိုင်လျက်ရှိသည်ကို တွေ့ရလေ၏။

“ဦးစံရှားဆိုတာ ကျုပ်ပါ ဟောဒါက ကျုပ်မိတ်ဆွေ ဦးသိန်းမောင်ပါ။ ပြောစရာရှိတဲ့ စကားကို သူ့ရှေ့မှာ မခြွင်းမချန် ပြောနိုင်ပါတယ်။

မိန်းကလေးကြည့်ရတာ တုန်လို့ပါလား၊ သိပ်ချမ်းနေတယ်ထင်တယ်။ ကိုင်း ဒေါ်သန်းတင်၊ ကော်ဖီ မြန်မြန်ဖျော်ခဲ့ပါ”

“ကျွန်မက ချမ်းလို့တုန်တာ မဟုတ်ပါဘူးရှင်၊ ကြောက်လို့တုန်တာပါ” ဟု ပြောသည်တွင် ကျွန်တော်သည် ထိုမိန်းမ၏ ရုပ်လက္ခဏာကို အကဲခတ်မိရာ အသက် ၂၅ နှစ်ခန့်ရှိ၍ အထက်တန်းစား မကျတကျရှိသော အခြေအနေရှိသူတစ်ယောက် ဖြစ်ကြောင်းကို ရိပ်မိလေ၏။

မကြောက်ပါနဲ့ မိန်းကလေး၊ ကျုပ်နဲ့တွေ့ရတဲ့အချိန်ကစပြီး ဘေးအန္တရာယ်အားလုံး ကင်းဝေးသွားပြီလို့ စိတ်နှလုံး တုံးတုံးချလိုက်ပါတော့။ ကိုင်း.. ကိုင်း… ပြောစရာရှိတာ ပြောပါဦး”

“ကျွန်မမှာ ခိုကိုးရာမဲ့ ဖြစ်နေတော့ ဦးစံရှားအကြောင်း ကြားဖူးလို့ ပြေးလာခဲ့ရပါတယ်ရှင်။ အားကိုးရမယ့်သူတစ်ယောက် ရှိသော်လည်း လက်မထပ်ရသေးလို့ ငွေရေးကြေးရေးမှာ အကူအညီတောင်းဖို့ ခဲယဉ်းနေပါတယ်။

“ကျွန်မကိစ္စကို ဆောင်ရွက်ပေးလို့ ခုချက်ချင်း ကျေးဇူးမသိနိုင်ပေမယ့် ကျွန်မ လက်ထပ်ပြီးတဲ့အခါကျတော့ ဦးစံရှားကို ကျွန်မ ကျေးဇူးသိပါ့မယ်ရှင့်”

“ကိစ္စမရှိပါဘူး မိန်းကလေး၊ ကျုပ်က အဖိုးအခကို သဘောထားပြီး အလုပ်လုပ်တဲ့သူ မဟုတ်ပါဘူး။ စရိတ်စက ကုန်ကျစရာရှိရင် ကျုပ်က စိုက်ထုတ် အကုန်ခံထားပြီး အကြောင်း ညီညွတ်တဲ့အခါကျတော့ဆပ်ကြတာပေါ့။ ကိုင်း ဒါထက် ဖြစ်ပျက်ပုံ ပြောပြစမ်းပါဦး”

“ကျွန်မကိစ္စ သိပ်ဆန်းတာပဲရှင်၊ ကျွန်မစိတ်ထဲက သိပ်စိုးရိမ်နေမဲ့ ရေရေရာရာ ခြေခြေမြစ်မြစ်ရယ်လို့တော့ ဘာတစ်ခုမှလက်ဆုပ်လက်ကိုင် ပြစရာ မရှိဘူးရှင့်။

ဒါကြောင့်သာ ခက်နေတာပဲ။ ကျွန်မလူကို ပြောပြတော့ သူကတောင် ကောင်းကောင်းကြီး မယုံနိုင်ဘဲ ကျွန်မကို အစိုးရိမ်ကြီးပြီး အတွေးခေါင်နေတယ်လို့ ထင်မှတ်နေဟန် တူတယ်။

သို့သော် ဦးစံရှားကတော့ လူသတ္တဝါရဲ့ ကောက်ကျစ်စဉ်းလဲပုံတွေကို အမျိုးစုံ ကြုံဖူးတဲ့အတွက် ကျွန်မတို့ထက် ထိုးဖောက်ပြီး မြင်စွမ်းနိုင်လိမ့်မယ်လို့ အောက်မေ့ပါတယ်”

“ဆိုစမ်းပါဦး၊ ကြားပါရစေ”
“ကျွန်မနာမည်က ခင်ချစ်မေပါတဲ့ နေတော့ မှော်ဘီမှာ၊ ပထွေးနဲ့အတူနေပါတယ်။ သူ့နာမည်က မြေပိုင်ရှင် ဦးတိုးစိန်ပါတဲ့”

“အင်း.. ကြားဖူးသလိုလို ရှိတယ်”

“ကျွန်မပထွေး ဦးတိုးစိန်ကတော့ ဟိုနယ်မှာ မြေပိုင်ရှင် အမျိုးအနွယ်ဖြစ်လေတော့ တော်တော်ပဲ လူသိများကြပါတယ်။ သို့သော် သူ့အဖေထားခဲ့တဲ့ လယ်ယာချောင်းတွေကို သူတို့ညီအစ်ကိုတွေ ဖြုန်းလိုက်ကြတာ တော်တော်ကုန်သွားပြီ။ ခုတော့ လယ်ဧက အနည်းငယ်လောက် ရှိပါတော့တယ်။

ကျွန်မပထွေးက ဟိုတုန်းက ဆရာဝန်အတတ်သင်ခဲ့ပြီး ရန်ကုန်ဆေးရုံမှာ လက်ထောက်ဆရာဝန်အဖြစ်နဲ့ အမှုထမ်းခဲ့ဖူးပါသေးတယ်။ လူကြီးက ဒေါသကြီးကြီးနဲ့ အစေခံကုလား တစ်ယောက်ကို သူ့ငွေ စီးကရက်ဘူး ခိုးပေါင်ရမလားဆိုပြီး ဖိနပ်နဲ့ ပိတ်ကန်လိုက်တာ သွား လေးငါးချောင်း ကျိုးသွားလေတော့ ရုံးပြင်ကနားမရောက်အောင် လူကြီးတွေက မနည်းဖုံးဖိထားခဲ့ရပြီး သူလည်း အလုပ်ကထွက်၊ မှော်ဘီကို ပြန်လာခဲ့ပါတယ်။

“ဦးတိုးစိန် ရန်ကုန်နေတုန်းမှာ ကျွန်မအမေနဲ့ အကြောင်းပါခဲ့ပါတယ်။ ကျွန်မအမေက ဝတ်လုံကတော် မုဆိုးမတစ်ယောက် ဖြစ်ပါတယ်။ အမေနဲ့ ဦးတိုးစိန်နဲ့ အကြောင်းပါခဲ့ပါတယ်။ အမေနဲ့ ဦးတိုးစိန် အကြောင်းပါကြတော့ ကျွန်မရယ် ကျွန်မနဲ့ အမြွှာမွေး ခင်ချစ်ဆွေရက နှစ်ခါလည်သမီးအရွယ် ရှိကြပါတယ် ၊

ကျွန်မတို့အဖေ ဝတ်လုံတော်ရက ပစ္စည်း သုံးလေးသောင်းတန် ထားခဲ့ပေမဲ့ ကျွန်မတို့အမေက ဦးတိုးစိန်ကို ယုံကြည်ပြီး သူ့လက်သူ့ခြေဆိုတာလို လွှဲအပ်ထားခဲ့ပါတယ်။

သို့သော် ကျွန်မတို့ ညီအစ်မနှစ်ယောက် လက်ထပ်တဲ့အချိန်မှာ ငွေတစ်သောင်းစီ လက်ဖွဲ့ဖို့ ဦးတိုးစိန်က ကတိထားခဲ့ပါတယ်။ မှော်ဘီရောက်ကြလို့ မကြာမီ လွန်တဲ့ ရှစ်နှစ်လောက်က ကျွန်မတို့မိခင်က မော်တော်ကားမှောက်ပြီး ဆုံးရှာပါတယ်။

မိခင် မရှိသော်လည်း ကျွန်မတို့ မွေးသဖခင်ထားခဲ့တဲ့ အိမ်နှစ်လုံးနဲ့ တိုက်တစ်လုံးကရတဲ့ အိမ်လခရယ်၊ ဦးတိုးစိန် လယ်ကရတဲ့ လယ်ထောက်ခရယ် တော့ ကျွန်မတို့ ညီအစ်မနှစ်ယောက်နဲ့ ပထွေးပါ ချောင်ချောင်လည်လည် စားသောက်နိုင်ပါတယ်။

ဒါကြောင့် ဦးတိုးစိန်က မှော်ဘီမှာ ဆေးဆိုင်ဖွင့်တယ်ဆိုပေမဲ့ မင်းတိုင်းကျေ လောက် လုပ်ပြီး ဆေးကုတဲ့အလုပ်ကို ကြိုးကြိုးစားစား သဘောမထားခဲ့ပါဘူး။ ဒီလိုနေကြရင်းနဲ့ ကျွန်မတို့ပထွေးဟာ စိတ်နည်းနည်းဖောက်ပြန်လာပါတယ်၊

မှော်ဘီက လူတွေက ကိုယ့်မြို့သားတစ်ယောက် ပြန်ရောက်လာတယ်ဆိုပြီး ပျူပျူငှာငှာ ရှိကြပေမဲ့ ဦးတိုးစိန်က လူတကာကို ရန်လုပ်နေလေတော့ သူ့ဆေးဆိုင်ကလေးက ဖောက်သည်မရှိဖြစ်ပြီး တဖြည်းဖြည်း ခြောက်သွားပါတယ်။

ကျွန်မပြောသံကြားဖူးရတာက ဦးတိုးစိန်တို့အမျိုးတွေဟာ အသက်ကြီးလာရင် တဖြည်းဖြည်း စိတ်ကြမ်းပြီး ရူးချင်သလိုလို ဉနှမ်းချင်သလိုလို ဖောက်ပြန်တတ်တယ်လို့ပြောကြပါတယ်။ ပြောတဲ့အတိုင်းပဲ ဦးတိုးစိန်ဟာ ဟိုလူနဲ့ရန်ဖြစ် ဒီလူနဲ့ရန်ဖြစ်၊ ရုံးရောက်ဂက်ရောက်နဲ့ လူကြီးကလည်း ဗလကောင်းကောင်းဆိုတော့ သူ့ကို လူတိုင်းက ကြောက်ပြီး သူ့ကိုမြင်ရင် အဝေးက ကွင်းသွားကြပါတယ်။

လွန်တဲ့ လထဲကလဲ စကားပြော မတည့်တယ်လို့ လူတစ်ယောက်ကို ကိုင်ပေါက်လိုက်တာ ကျွန်မတို့လက်ထဲရှိတဲ့ လက်ဝတ်လက်စားကလေးတွေ ပေါင်ပြီး လာဘ်ထိုးနိုင်လို့သာ အရှက်တကွဲအကျိုးနည်း မဖြစ်ရပါတယ် ။

ကျွန်မတို့ဆီမှာ စပါးရိတ်တဲ့ကုလားတွေ ကုလားပြည်က တစ်ခါတစ်ခါ ရောက်လာပြီး အစုအအုပ်နဲ့ အလုပ်ရှာတတ်ပါတယ်။

ဒီကုလားတွေနဲ့တော့ ဦးတိုးစိန်က သင့်မြတ်ပြီး သူ့ဝင်းထဲခေါ်ထား၊ ဆီပေး၊ ဆန်ပေး၊ သူတို့နဲ့ အရောတဝင် စကားပြော၊ ဘယ်လိုလူကြီးလည်း မပြောတတ်ပါဘူးရှင်၊ဒီပြင်ကလူ ဂုဏ်ရည်တူ အချင်းချင်းကိုတော့ တစ်ယောက်မှ အဖက်လုပ်ပြီး စကားမပြောဘူးရှင့်။ သိပ်ဆန်းတာပဲ။ ဟိုတစ်လောက ကုလားတွေနဲ့ လိုက်သွားတယ်ဆိုပြီး ဆယ့်လေးငါးရက်လောက် မပေါ်လာဘူးရှင့်။ ဘယ်ကိုသွားတယ် မပြောတတ်ပါဘူး။

နို့ပြီးတော့ သူ့ဝါသနာတစ်ခုက တိရစ်ဆာန် အထူးအဆန်း မွေးချင်တတ်တယ်ရှင့်။ မျောက်တွေလည်း ဝယ်တာပဲ၊ ဝက်ဝံတွေလည်း မွေးချင်တာပဲ၊ လူနဲ့တော့ မပေါင်းချင်ဘူး။ တိရစ်ဆာန်တွေနဲ့ ပေါင်းနေရရင် သူ့မှာ ပျော်နေတော့တာပဲရှင့်။

ဒီလောက်ပြောရရင် ကျွန်မနဲ့ ကျွန်မညီမလေး ခင်ချစ်ဆွေတို့ဟာ သူနဲ့နေရတာ မလိုက်ဘူးဆိုတာ ဦးစံရှား ရိပ်မိလောက်ပါပြီ။

ခိုင်းစရာ တပည့်တပန်းထားလို့လည်း မဖြစ်ဘူးရှင့်။ သူနဲ့မတည့်ဘူး။ အလုပ်ရှိသမျှ ကျွန်မတို့ညီအစ်မ ကျုံးပြီးလုပ်ရတာပဲ။ ဒီလိုမှ သူက သဘောကျတယ်။ နောက်ဆုံးကျတော့ ကျွန်မညီမလေးဟာ စိတ်ညစ်ရှာလို့ထင်ပါရဲ့ သေရှာပါရောရှင့်”

“ဪ… ခင်ချစ်ဆွေဆိုတာ သေပလား”

“ဟုတ်ကဲ့ သေရှာတယ်၊ နှစ်နှစ်ရှိသွားပြီး ညီမလေး သေရပုံအကြောင်းကိုလည်း ကျွန်မ ပြောချင်ပါသေးတယ်၊ ကျွန်မတို့ညီအစ်မဟာ ဦးတိုးစိန်နဲ့နေရတုန်း ရွယ်တူတန်းတူချင်းနဲ့ ပေါင်းသင်းခွင့်လည်း မရဘူးရှင့်။

ဘယ်မှလည်း မသွားရ၊ ဘယ်သူလာတာမှလည်း သူက မကြိုက်ဘူး။ ဒါပေမဲ့ ကျွန်မတို့အမေရဲ့ ညီမတစ်ယောက် အင်းစိန်မှာရှိပါတယ်။ အဲ… သူ့ဆီတော့ ကျွန်မတို့ညီအစ်မ သွားခွင့်ရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဒေါ့်အိမ်ကို ကျွန်မတို့ညီအစ်မ သွားလည်ကြတုန်း ညီမလေးက အင်းစိန် အရေးပိုင် ရုံးစာရေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖို့ စီမံကြပါတယ်။

ပထွေး ဦးတိုးစိန်က လက်ထပ်ဖို့အကြောင်း ကြားတော့ ဘယ်လိုမှတော့ မကန့်ကွက်ဘူးရှင့်။ သို့သော် လက်ထပ်ဖို့ ချိန်းထားတဲ့ ရက်မတိုင်မီ ရက်သတ္တပတ်လောက်မှာ ကျွန်မညီမလေးဟာအလန့်တကြားဖြစ်ပြီး အသက်ဆုံးရှုံးသွားရှာပါတယ်”

ဦးစံရှားသည် မှိန်းလျက် နားထောင်နေရာမှ မျက်လုံးများကို ဖွင့်ကြည့်လျက်.. “ဖြစ်ပျက်ပုံ အသေအချာပြောစမ်း”

“ကျွန်မတို့နေကြတာက ဦးဘိုးစိန်တို့ ဘိုးစဉ်ဘောင်ဆက် နေလာခဲ့တဲ့ တိုက်အိုကြီး ဖြစ်ပါတယ်။ ဒီတိုက်ကြီးမှာ အခြားအခန်းများအပြင် အိပ်ခန်းသုံးခန်း ရှိပါတယ်။

ခပ်ငယ်ငယ်တုန်းကတော့ ကျွန်မတို့ညီအစ်မ အတူတူအိပ်ကြတာ။ တစ်နေ့တော့ ခင်ချစ်ဆွေက ကျွန်မကို စိတ်ကောက်ပြီး တစ်ခန်းခွဲအိပ်တာ၊ နောက် စိတ်ကောက်ပြေတော့လည်း ကျွန်မနဲ့အတူ ပေါင်းမအိပ်ဘဲ သူ့ဟာသူ အခန်းသတ်သတ် အိပ်ပါတယ်။

ဒါကြောင့် အိပ်ခန်းသုံးခန်းအနက် ပထမအခန်းမှာ ဦးတိုးစိန်၊ ဒုတိယအခန်းမှာ ခင်ချစ်ဆွေ၊ တတိယအခန်းမှာ ကျွန်မ အိပ်ပါတယ်။ ။

ဟိုညကတော့ ဦးတိုးစိန်ဟာ သူ့အခန်းထဲသူ စောစောစီးစီး ဝင်သွားသော်လည်း ဆေးပြင်းလိပ်ငွေ့တထောင်းထောင်းနဲ့ အနံ့ရလေတော့ ဦးတိုးစိန် မအိပ်သေးဘူးလို့ ခင်ချစ်ဆွေ သိရပါတယ်။ ။

အဲဒီညက ညီမလေးဟာ ကျွန်မအခန်းထဲလာပြီး သူတို့လက်ထပ်မယ့် အခမ်းအနား အစီအစဉ်အကြောင်းတွေကို ထိုင်ပြောနေလိုက်တာ ၁၁ နာရီလောက်မှ ထပြန်သွားပါတယ်။

ပြန်ခါနီးမှာ အခန်းဝက ရပ်ပြီး မေးစမ်းပါရစေ မမ’တဲ့။ ညတိုင်း သန်းခေါင်ကျော်လောက်မှာ လေချွန်သံလိုလို မမ မကြားဘူးလား’တဲ့။
ဒီတော့ ကျွန်မက ‘မကြားပေါင်အေ၊ ဘာကြောင့်လဲ”လို့ မေးတော့ ညီမက ‘လွန်ခဲ့တဲ့ သုံးလေးညအတွင်းမှာ အရုဏ်တက်ခါနီးကျရင် တိုးတိုးကလေး လေချွန်သံလိုလို ကျွန်မ ကြားမိတယ်’တဲ့။ ။

ကျွန်မက အအိပ်ဆတ်လေတော့ ဒီအသံကြားတိုင်း နိုးတယ်တဲ့၊ ဘယ်က လာတဲ့အသံရယ်လို့တော့ မဆိုနိုင်ဘူး တဲ့။ မမလည်း ကြားမိသလားလို့ မေးပါတယ်။

ဒီတော့ ကျွန်မက မကြားရပေါင် ညီမရယ်၊ ဝင်းထောင်ထဲနေတဲ့ စပါးရိတ်တဲ့ ကုလားတွေလား မဆိုနိုင်တာပဲ’ လို့ ပြောလိုက်တယ်။ ညီမလေးက ‘အံ့ပါရဲ့ မမရယ်၊ ကျွန်မက ညတိုင်းကြားတာတောင် မမက တစ်ခါမှမကြားတာ အံ့ဩပါရဲ့ ‘တဲ့။

ကျွန်မက `ငါက ညည်းလို အအိပ်မဆတ်လို့ ထင်ပါရဲ့ အေ’လို့ ပြောလိုက်ရတယ်။ ဒီတော့ ညီမလေးက သိပ်တော့ အကြောင်းမထူးပါဘူးလေ’တဲ့။ ပြောပြောဆိုဆိုနဲ့ ပြန်သွားပြီး သူ့အခန်းတံခါးမှာ မင်းတုပ်ချသံကို ကြားလိုက်ရပါတယ်”

“ညီမနှစ်ယောက်လုံးဟာ ညတိုင်း မင်းတုပ်ချပြီး အိပ်ကြတယ်လား”

“ညတိုင်း ချပါတယ်”

“ဘာကြောင့်လဲဗျာ”

“ဦးတိုးစိန်က ဝက်ဝံမွေးလိုမွေး၊ မျောက်ဖင်နီကြီး မွေးလိုမွေးနဲ့။ ကျွန်မတို့က တံခါးပိတ်အိပ်ရပါတယ်”

“ကိုင်း… ဆက်ပြောပါဦးဗျာ”

“အဲဒီညက ကျွန်မ ကောင်းကောင်း အိပ်မပျော်ဘူးရှင့်၊ ဘာကြောင့်လဲ မဆိုနိုင်ဘူး။ စိတ်ထဲမှာ လေးတေးနှင့်တင်ကြီး ဖြစ်နေတယ်။

“ဒီည လေကလည်း တဝုန်းဝုန်းတိုက်၊ မိုးကလည်း တဖြောက်ဖြောက်နဲ့ သိပ်ပြီး ငြီးငွေ့စရာကောင်းတဲ့ညပါပဲ။အဲ့ဒိအခိုက် ငယ်သံပါအောင် အော်လိုက်တဲ့အသံ ကြားလေတော့ကျွန်မအခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်ရာမှာ စောစောကညီမလေးပြောတဲ့အတိုင်း ရွှီကနဲ လေချွန်သံကို ကြားလိုက်ရပြီး သံချောင်းကြီးတစ်ခုလဲသွားသလို ဒေါင်ခနဲအသံကြားလိုက်ရတယ်ရှင့် ။ ဒါနဲ့ကျွန်မက ညီမလေးအခန်း ပြေးသွားရာမှာ သူ့အခန်းတံခါးဟာ တဖြည်းဖြည်းပွင့်လာလေတော့ ကျွန်မက ဘာကောင်ကြီးများ ထွက်လာလေမလဲလို့ ကြောက်ကြောက်နဲ့ ငေးကြည့်နေမိတယ်ရှင့်။

အိပ်ခန်းသုံးခန်းရဲ့ အပြင်ဆောင်ကူးကြားထဲမှာ တိုင်ကပ် မီးအိမ်ကလေးတစ်ခု ညတိုင်းထွန်းပြီး အိပ်ကြပါတယ်။ အဲဒီမီးရောင်မှာ ကျွန်မ ငေးကြည့်နေတုန်း ညီမလေးက မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ သူ့အခန်းထဲက ထွက်လာပြီး ဒယီးဒယိုင်နဲ့ တောင်စမ်းမြောက်ကမ်း ဖြစ်နေပါတယ်ရှင်။

ဒီတော့ ကျွန်မက သူ့ဆီပြေးပြီး အတင်းဖက်လိုက်ရာမှာ ညီမလေးဟာ ဒူးတွေ ကွေးညွတ်သွားပြီး ထိုးလဲသွားပါတယ်။ ကြမ်းပေါ်ရောက်တော့လည်း ခြေထောက်တွေ ကောက်ကွေးလို့ တစ်ကိုယ်လုံး တွန့်လိမ်ပြီး အလူးလူးအလဲလဲ ဖြစ်နေပါတယ်။ ။

ပထမတော့ ကျွန်မကို သူ မမှတ်မိဘူးလို့ အောက်ပါတယ်။ ဒါနဲ့ ကျွန်မက သူ့ကိုပွေ့ပြီး ပါးချင်းအပ်ထားရာက ညီမလေးက `အောင်မလေး မမရေ၊အပြောက်တွေနဲ့ ကြိုးကြီး မမရေ’လို့ အော်ပြောတဲ့ပြီး ဦးဘိုးစိန်အခန်းဆီကို လက်ညှိုးတထိုးထိုးနဲ့ လည်ချောင်းထဲက တခိခိနဲ့ အလုံးဆို့တက်သွားရှာတယ်။

ဒီတော့မှ ကျွန်မက ဦးတိုးစိန်ကို `ဖေဖေရဲ့၊ လာပါဦးဖေဖေရဲ့ ‘လို့ ဟစ်ခေါ်လိုက်တော့ ဦးတိုးစိန်က ပျာယီးပျာယာ ထွက်လာတုန်းမှာပဲ ညီမလေးဟာ အကြောတွေဆွဲပြီး တက်သွားရှာတယ်။

ကျွန်မက တတ်အားသမျှ ခြေမကိုချိုး၊ ဝမ်းဗိုက်ကိုနှိပ်၊ မျက်နှာကို ရေနဲ့တောက်၊ ဘယ်လိုလုပ်ပေမဲ့ မရတော့ဘူးရှင့်။ ဒီလိုနဲ့ အသက်ပျောက်သွားရှာပါလေရော”

“တစ်ဆိတ်မေးပါရစေ၊ လေချွန်သံဆိုတာနဲ့ သံချောင်းကြီးကျသလို အသံဆိုတာ တကယ်သေချာရဲ့လား။ ကျမ်းကိုင်ပြီး ပြောနိုင်လောက်သလား”

“ညီမလေးဆုံးတုန်းက စစ်ဆေးတဲ့ တရားသူကြီးဟာလည်း ဒီလိုပဲမေးပါတယ်။ ကျွန်မတော့ သေချာတယ်ထင်တာပဲ။ နို့ပေမဲ့ မိုးကြီးလေကြီး ကျနေတဲ့အထဲမှာတော့ ကျွန်မ အထင်မှားမယ်ဆိုလည်း မှားနိုင်တာပဲ”

“ညီမလေးကိုယ်မှာ ဘာတွေတွေ့သလဲ”

“သူ့ညာဘက်လက်ထဲမှာ ဖြစ်ပြီး မီးခြစ်ဆံတစ်ချောင်းနဲ့ ဘယ်ဘက်လက်ထဲမှာ မီးခြစ်ဘူး တွေ့ပါတယ်”

“ဒါဖြင့် ဟိုညက သူလန့်သွားတဲ့နောက် မီးခြစ် ခြစ်ကြည့်တာ သေချာတာပေါ့။ ဒီအချက်ဟာ အရေးကြီးတယ်၊ ဒါထက် ဟိုတုန်းက စစ်ဆေးတဲ့ အရာရှိများက ဘယ်လို မှတ်ချက်ချသွားသလဲ”

“ကျွန်မတို့ပထွေး ဦးတိုးစိန်ဟာက ဒေါသကြီးတယ်လို့ နာမည်ကြီးနေ
လေ တော့ စစ်ဆေးတဲ့ အရာရှိများက သေသေချာချာ လျှောက်စစ်ကြပါတယ် ။

နို့ပေမဲ့ ညီမလေး ရပုံအကြောင်းကို စိတ်ကျေနပ်လောက်အောင် စုံစမ်းလို့ မတွေ့ကြပါဘူး။ အခန်းတံခါးကို အတွင်းက မင်းတုပ်ချပြီးဖြစ်တဲ့အကြောင်းကို ကျွန်မက အစစ်ခံပါတယ်။သံတိုင် ပြတင်းပေါက်ဟာလည်း သေသေချာချာ ပိတ်ပြီး ဖြစ်ပါတယ်။ အရာရှိများက အုတ်ထရံရော သေသေချာချာ ကြည့်ပါတယ်။ ဘယ်နေရာမှာမှ အဆက်အသွယ် ရှာမတွေ့ပါဘူး။

“ ဒါကြောင့် ဒီအချိန်မှာ ညီမလေးတစ်ယောက်တည်းရှိတယ်ဆိုတာ သေချာပါတယ်။ သူ့ကိုယ်မှာ ဒဏ်ရာဒဏ်ချက်များလည်း တစ်ခုမှ မတွေ့ပါဘူး”

“အဆိပ်များကော မိန်းကလေးရဲ့”

“သူ့အလောင်းကို ဆရာဝန်များ စစ်ဆေးကြည့်တော့ အဆိပ် အစအန မတွေ့ရပါဘူး”

“ဒါဖြင့် ခင်ချစ်ဆွေဟာဘယ်နည်းနဲ့သေတယ်လို့ မိန်းကလေး ထင်ပါသလဲ”
“ကျွန်မအထင်တော့ ကြောက်လွန်းအားကြီးပြီး လန့်သေတယ် ထင်တာပါပဲ။ ဘာကို လန့်တယ်ဆိုတာတော့ ကျွန်မ မတွေးတတ်ပါ”

“ဟိုညတုန်းက ဝင်းထဲမှာ ကောက်ရိတ်တဲ့ကုလားတွေ ရှိသလား”

“တချို့ရှိပါတယ်။ ဘယ်အခါမှ တယ်မပြတ်ပါဘူး”

“အပြောက်တွေနဲ့ ကြိုးဆိုတာ ဘယ်လိုထင်သလဲ”

“ဒါတော့ ကျွန်မလုံးလုံးမတွေးတတ်ပါ “

ကိုင်း… ကိုင်း၊ ဆက်ပြောစမ်းပါဦး”

“ညီမလေး ဆုံးပြီးနောက် ကျွန်မတစ်ယောက်တည်း နှစ်နှစ်လုံးလုံး နေခဲ့ရတာ အင်မတန် ငြီးငွေ့ပါတယ်။ လွန်ခဲ့တဲ့ လတုန်းကတော့ ဟိုတုန်းက ကျောင်းနေဖက် သူငယ်ချင်းဟောင်း ကျောင်းဆရာတစ်ယောက်နဲ့ ချစ်ကြိုက်လေတော့ လက်ထပ်ကြဖို့ စီမံကြပါတယ် ၊

သူကတော့ မုဆိုးဖို ကျန်မက အပျိုကြီးပါ၊ လက်ထပ်ဖို့ကိုလည်း ရှေ့လထဲမှာ ရက်ချိန်းသတ်ထားပါတယ်။ ဦးတိုးစိန်ကလည်း တစ်စုံတစ်ရာမှ မကန့်ကွက်ပါ။

လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ကျွန်မအခန်းမှာ အုတ်ကြွပ်တွေ မိုးယိုလေတော့ ပြင်မိုးနေတဲ့ အခိုက်မှာကျွန်မက ညီမလေးအခန်းထဲကို ပြောင်းအိပ်ရပါတယ်။

သူ့အခန်းထဲ အိပ်ရတာ ကျွန်မစိတ်ထဲမှာ ခပ်လန့်လန့် ရှိပါတယ်။ အိပ်လို့ ကောင်းကောင်း မပျော်ပါဘူး၊ မနေ့ညတုန်းကတော့ အိပ်မပျော်နိုင်ဘဲ ညီမလေးအကြောင်းတွေ စဉ်းစားနေတုန်းမှာ သူကြားရဖူးတယ်ဆိုတဲ့ တိုးတိုးလေး လေချွန်သံကို ကျန်မ ကြားရပါတယ်။

ဒါနဲ့ ဖြုန်းဆို အိပ်ရာကထ၊ မီးအိမ်ထွန်း၊ အခန်းထဲလျှောက်ကြည့် ဒါပေမဲ့ ဘာမှမတွေ့ပါဘူး၊ ကျွန်မစိတ်ထဲကတော့ သိပ်ကြောက်တာပဲ။

ဒါနဲ့ အိပ်ရာထဲ ပြန်မအိပ်တော့ဘဲ လင်းအောင် စောင့်နေပြီး လင်းလင်းချင်း ပြည်ရထားကြီးနဲ့ လိုက်လာပြီး ဒီကို လာခဲ့ပါတယ်”

“လာတာ ကောင်းတယ်၊သိပ်ကောင်းတယ်။ ဒါပေမဲ့ မေးပါရစေဦး၊ ကျုပ်ကို အလုံးစုံ ပြောပြပြီးပလား”
“သိသလောက် အားလုံးပြောပြီးပါပြီ”
“မဟုတ်ဘူး ခင်ချစ်မေ၊ ကျန်သေးတယ်။ ပထွေးဦးတိုးစိန်ကို ကာကွယ်ပေးနေတယ် ထင်တယ်”

“ဘာကြောင့်လဲရှင်”

ဦးစံရှားသည် ထိုင်ရာမှ ရုတ်တရက် ထ၍ ခင်ချစ်မေ၏ လက်ယာဘက်အင်္ကျီလက်ကို ပင့်လိုက်ရာ…

မိန်းကလေး၏ လက်ကောက်ဝတ်တွင် ကြည်လင်ဖြူစင်သော အသားပေါ်၌ လက်ဖြင့် ပြင်းထန်စွာ ဖျစ်ညှစ်ထားသကဲ့သို့ လက်လေးချောင်းရာနှင့် လက်မတို့သည် ထင်ရှားစွာ ပေါ်ထွက်လာလေ၏။

“တော်တော် အနိုင်ကျင့်ထားတယ် ထင်တယ်”

“ကျွန်မတို့ ပထွေးက ခွန်အားဗလ သိပ်ကောင်းတော့ သူ့အားကို သူမသိဘဲ ကျွန်မလက်ကို ဖျစ်လိုက်လို့ ဒီအရာကြီး ထင်နေရခြင်း ဖြစ်ပါတယ်”

ဦးစံရှားသည် လက်နှစ်ဖက်ပေါ်၌ မေးထောက်ကာ အတန်ကြာအောင် စဉ်းစား စိတ်ကူးနေပြီးနောက်…

ဒီကိစ္စက တိမ်တိမ်ကလေးမဟုတ်ဘူး။ တော်တော်နက်တယ်။ ရှေ့ကို ကျုပ် ဘယ်လိုလုပ်ရမယ်ဆိုတာ မဆုံးဖြတ်သေးမီ သိစရာကလေးကို သိရဖို့ အရေးကြီးသေးတယ်… အချိန်ကလည်း သိပ်မရှိဘူး။

“ကိုင်း… ဒါဖြင့် မှော်ဘီကို ကျုပ်တို့လာရင် ဦးတိုးစိန် မသိစေဘဲ ဒီအိပ်ခန်းတွေကို ကျုပ် စစ်ဆေးကြည့်ရအောင် စီမံနိုင်ပါ့မလား”

ဖြစ်နိုင်ပါတယ်ရှင်၊ ဦးတိုးစိန်က တိုက်ကြီးကို ဒီကနေ့ သွားစရာကိစ္စတစ်ခု ရှိတယ်လို့ မနေ့က သူပြောပါတယ်။

ဒါကြောင့် ဦးစံရှားတို့ ဒီနေ့ရောက်အောင်လာရင် အိမ်မှာ ဦးတိုးစိန်ရှိမယ်မထင်ပါဘူး”

“ဟုတ်လား၊ ကိုင်း ကိုသိန်းမောင်၊ ဘယ့်နှယ်လဲ၊ လိုက်မလား”

“ခင်ဗျားသွားရင် လိုက်ပေါ့ဗျာ”

“ကိုင်း..ဒါဖြင့် ကျုပ်တို့နှစ်ယောက်လာမယ်။ မိန်းကလေး ဘယ်တော့ပြန်မလဲ”

“ကျွန်မက သိမ်ကြီးဈေးထဲမှာ ဝယ်စရာကလေး တစ်ခုနှစ်ခုဝယ်ပြီး ဘတ်စ်ကားနဲ့ ပြန်ပါ့မယ်ရှင်”

“ကိုင်း… ဒါဖြင့် ကျုပ်တို့လည်း နာရီပြန်တစ်ချက်လောက် ရောက်အောင် လာခဲ့မယ်။ ဒါဖြင့် မနက်စာ ဒီမှာပဲ စားသွားပါလား မိန်းကလေး”

“မစားပါရစေနဲ့ရှင်၊ သူငယ်ချင်းတစ်ယောက် စဉ့်အိုးတန်းထဲမှာနေလို့ သူ့အိမ်မှာပဲ စားပါတော့မယ်။ ကိုင်း… ဒါဖြင့် နာရီပြန်တစ်ချက်လောက် ကျွန်မ မျှော်နေမယ်နော်”

“စိတ်ချပါ၊ လာခဲ့ပါ့မယ်”

ခင်ချစ်မေ ဆင်းသွားပြီးသည့်နောက်

“ဘယ့်နှယ် ကိုသိန်းမောင်၊ ဒီအမှု ခင်ဗျား ဘယ့်နှယ်ထင်သလဲ”

“တော်တော် နက်နက်နဲနဲ စိတ်ကူးပြီး စီမံထားတဲ့အလုပ်လို့ ကျွန်တော်ထင်တာပဲ”

“နက်တာတော့ နက်ပါ့ဗျာ၊ လွန်ရော၊ ဒီလောက်နက်တာ ကျုပ်တို့ တော်တော် ကြုံရခဲတယ်”

“မိန်းကလေးပြောတဲ့အတိုင်း ကြမ်းရော အုတ်ထရံရော ပြတင်းပေါက်ရော တံခါးရော စိတ်ချရတယ်လို့ဆိုရင် ခင်ချစ်ဆွေ လန့်တယ်ဆိုတုန်းက အခန်းထဲမှာ သူတစ်ယောက်တည်း ရှိတယ်ဆိုတာ မှန်ပါလိမ့်မယ်”

“လေချွန်သံတို့၊ အပြောက်တွေနဲ့ ကြိုးတို့ဆိုတာတွေက ဘယ့်နှယ်လဲဗျာ”

“ ဒါတော့ကျုပ် မစဉ်းစားတတ်ဘူးဗျာ”

“ညတိုင်း လေချွန်သံရယ်၊ ဦးတိုးစိန်က တမင်လက်ခံထားတဲ့ ကုလားတွေရယ် မယားပါ သမီးရယ်။ လင်ပေးစားရင် ငွေတစ်သောင်း လက်ဖွဲ့ဖို့ ကတိထားတာရယ်။ တစ်ခုနဲ့တစ်ခု အဆက်အသွယ်ရှိရလိမ့်မယ်လို့ ကျုပ်တို့ ယူဆရလိမ့်မယ်။

ဒေါင်ခနဲ ကြားလိုက်ရတယ် ဆိုတဲ့အသံဟာလည်း အချက်ပေးတဲ့ အသံလေလား။ ပြတင်းပေါက်ကာ သံတိုင်ကို မင်းတုပ်နဲ့ ခိုက်မိတဲ့ အသံလေလား မပြောတတ်သေးဘူး။အပြောက်တွေနဲ့ ကြိုးဆိုတာဖြင့် သိပ်ခွကျတဲ့ အလုံးပဲဗျာ။ကြောက်အားလန့်အားနဲ့ သွေးရူးသွေးတန်း ပြောလေတော့ မပီမသန့် အလွဲလွဲအမှားမှား ပြောလေသလား။ သူ့အစ်မကပဲ အကြားမှားလေသလား ဖြစ်ချင်ရာဖြစ်နိုင်တာမျိုးပဲ။

အပြောက်တွေနဲ့ ကြိုးဆိုတာ အပေါက်တွေနဲ့ ကိုးလို့ပြောတာ ဖြစ်ချင်လည်း ဖြစ်နိုင်တာပဲ။ အပေါက်တွေနဲ့ဆိုရင် သူ့အခန်းမှာ အပေါက်မရှိဘူးရယ်လို့ အောက်မေ့နေရာမှာ အပေါက်တစ်ပေါက်က တစ်ခုခုဝင်လာတာမြင်လို့ သူ့အစ်မကို တိုင်ကြားသွားတာ ဖြစ်ချင်လည်း ဖြစ်နိုင်တာပဲ”

“နေပါဦးဗျာ၊ ကောက်ရိတ်တဲ့ ကုလားကူလီတွေကို သူ့ဝင်းထဲမှာ လက်သင့်ခံ ထားတာကကော ဘာသဘောလဲ စစ်ရအောင်”

“ဒါက ကျုပ် မစဉ်းစားတတ်သေးဘူးဗျ။ အလို… ဘုရားရေ၊ ဒါက ဘယ့်နှယ်ဟာလဲ”

ဦးစံရှားက ဤကဲ့သို့ လွှတ်ခနဲ အော်လိုက်ခြင်း၏ အကြောင်းရင်းမှာ ခြောက်ပေထက်မနည်း အရပ်မြင့်၍ အရပ်နှင့်လိုက်အောင် တုတ်ခိုင်တောင့်တင်းသော လူကြီးတစ်ယောက်သည် ဟန်တိန် တုတ်ကြီးကို ကိုင်ကာ အခန်းထဲသို့ ဝင်လာသည်ကို တွေ့မြင်လိုက်ရသောကြောင့် ဖြစ်ပေ၏။
ထိုသူသည် စစ်ဖိနပ်ကြမ်းကြီးကို စီးလျက်၊ ကာကီဘောင်းဘီတိုကို ဝတ်ကာ ဗလေဇာကုတ်အကြမ်းစားနှင့် ကောင်းဘွိုင်ဦးထုပ်မျိုးကို ဆောင်းထားသည့်ပြင် မျက်ခုံးတုတ်တုတ်၊ နှုတ်ခမ်းမွေးကောင်းကောင်း၊ မျက်လုံးပြူးပြူးနှင့် အလွန်တင်းမာခက်ထန်သော မျက်နှာထားလည်း ရှိပေရကား၊ လူပြတ်သော လမ်းကြားတစ်၌ တစ်ယောက်ချင်း ရင်ဆိုင်တွေ့ခဲ့လျှင် ကျောရိုးထဲမှ စိမ့်၍မသွားသော ပုဂ္ဂိုလ်သည် ခပ်ရှားရှား ရှိပေလိမ့်မည်။

ထိုသူသည် အံသွားကြိတ်ကာ ဟန်တိန်တုတ်ကို ယမ်းလျက် အခန်းအတွင်းသို့ ရုတ်ခန် ဝင်လာ၍…

“ခင်ဗျားတို့နှစ်ယောက်ထဲက ဦးစံရှားဆိုတာ ပြောစမ်း”

“ကျွန်တော်ပါခင်ဗျာ၊ ခင်ဗျားကကော ဘယ်သူပါလိမ့်”

“တိုးစိန်တဲ့၊ မှော်ဘီက ဒေါက်တာတိုးစိန်လေ”

“ဪ.. ဟုတ်လား၊ ထိုင်ပါဦးလေ ဒေါက်တာ”
“မထိုင်ဘူး… မထိုင်ဘူး၊ ကျုပ် မထိုင်နိုင်ဘူး၊ ကျုပ်သမီး ဒီကဆင်းသွားတာ မြင်လိုက်တယ်။ ဘာတွေများ ပြောသွားသလဲ ပြောကြစမ်း”

“ဒီနှစ်ဆောင်းဟာ ခါတိုင်းနှစ်ထက် အေးတယ်”
(ငေါက်လျက်) “ဘာတွေပြောသွားသလဲ ပြောစမ်းပါ”

‘ (ဣန္ဒြမေပျက်ဘဲ) “ဒီနှစ်ဆောင်း အေးပေမဲ့ ရေခဲစက်များမှာ ရေခဲတွေ ရောင်းကောင်း…။

“အောင်မယ်… ခင်ဗျားက ကျုပ်ကို ယီးတီးယားတားလုပ်တာလား” ဟု ပြောကာ ဟန်တိန်တုတ်ကိုဝင်လျက် ရှေ့သို့ တစ်လှမ်းတိုးပြီးနောက် ၊

“ခင်ဗျားကို ကျုပ်သိတယ်။ ဟိုဝင်ရှုပ် ဒီဝင်ရှုပ် လူရှပ်ကြီး စံရှားဆိုတာ ခင်ဗျားပဲ။ ကျုပ်သိပါတယ်”

ဦးစံရှားလည်း အပြုံးမပျက် ရှိလေ၏။

“သူ့ကိုယ်သူ စုံထောက်လေး ဘာလေးနဲ့ လူတကာ့အထဲ ဝင်ရှုပ်နေတဲ့လူ”

ဦးစံရှားလည်း ပြုံးနေရာမှ သွားကိုဖြဲလျက် ရယ်လေ၏။

“သူ့ကိုယ်သူ စုံထောက်တဲ့၊ ဘာများ စုံထောက်နိုင်လို့လဲ၊ ပြောစမ်း”

(အသံထွက်အောင် ရယ်မောလျက်) “စကားပြောပုံကဖြင့် အဆီအသား ပါ,ပါပေ့ဗျာ။ တယ်ကောင်း၊ ခင်ဗျားဆင်းတော့ တံခါးပိတ်ခဲ့ဗျာ၊ အေးလွန်းလို့ပါ”

“ကျုပ် မသွားသေးဘူး၊ ပြောစရာရှိတာ ပြောပြီးမှသွားမှာ။ သူများအထဲ ရှပ်ချင်ရှပ်၊ ကျုပ်အထဲတော့ ဝင်မရှပ်နဲ့နော်။ ပြောလိုက်ပါပေ့၊ ခင်ချစ်မေ ဒီတိုက်ပေါ်က ဆင်းသွားတာ ကျုပ်မြင်လိုက်တယ်။

ကျုပ်ကို ယီးတီးယားတားအကောင် မှတ်လို့လား၊ ကြည့်စမ်း” ဟု ဆိုကာ ပြတင်းပေါက်သို့ ရုတ်တရက်ထသွား၍ ငါးမူးလုံးရှိသော သံတိုင်နှစ်တိုင်လုံးကို လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်လိုက်ရာ သံတိုင်နှစ်ခုတို့သည် တစ်ခုနှင့်တစ်ခု ထိလုမတတ်ရှိအောင် ကွေးညွတ်သွားလေ၏။ ထို့နောက် ၊

“ကိုင်း… မြင်ရဲ့လား၊ ဒါ ကျုပ်လက်ထဲရောက်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ ဒါသာ ကြည့်တော့” ဟု ပြောပြောဆိုဆိုနှင့်ပင် ချာခနဲလှည့်၍ တိုက်ပေါ်မှ ဆင်းသွားလေ၏။

ထိုအခါ ဦးစံရှားက…
“တယ်ပြီး ချစ်စရာခင်စရာ ပြောတတ်တဲ့လူပဲ” ဟု ရယ်မောကာ ပြောပြီးနောက်…

“ကျုပ်က သူ့လိုတော့ အလုံးအဖန်မကြီးဘူးပေါ့ဗျာ။ ဒါပေမဲ့ သူဖြစ်သလောက်တော့ ကျုပ်လည်း ဖြစ်ပါတယ်လို့ ပြန်မပြလိုက်ရဘူးဗျာ” ဟု ဆိုကာ ယခင်ပြတင်းပေါက်သို့ သွား၍ ကွေးညွတ်နေသော သံတိုင်နှစ်ခုကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ဆတ်ခနဲ အားသွန်ထုတ်၍ ဆွဲဆန့်လိုက်ရကား သံတိုင်နှစ်ခုတို့သည် ရှိရင်းအခြေအနေအတိုင်း ဖြောင့်တန်းစွာ ရှိနေကြလေ၏။

“ကိုင်း… ကိုသိန်းမောင်၊ သူက ကျုပ်ကို မခံချင်အောင် ပြောသွားလေလေ၊ ဒီအမှုကို မပေါ်ပေါ်အောင် စုံထောက်ဖို့ စိတ်အားထက်သန်လေလေ ဖြစ်နေပြီကောဗျ။ ကိုင်း
မနက်စာကလေး ခပ်သုတ်သုတ်စားပြီး ဆေးရုံကြီးမှာ ကျပ်သိချင်တဲ့ အချက်ကလေးနှစ်ခု စုံစမ်းပြီး မှော်ဘီလိုက်ကြဖို့ ရှိတာပဲ”

*****

ဦးစံရှားသည် ဆေးရုံမှ ပြန်လာသောအခါ၌ ၁၁ နာရီခွဲလုပ်ပြီဖြစ်ရာ သူ၏ လက်ထဲတွင် ဂဏန်းများဖြင့် ရေးခြစ်မှတ်သားထားသည့် စာရွက်တစ်ခု ပါလာလေ၏။

“ဆေးရုံလည်း ရောက်ခဲ့တယ်၊ ပစ္စည်းထိန်းရုံလည်း ကျုပ်ရောက်ခဲ့တယ်၊ ဆေးရုံက လူတွေကဖြင့် ဦးတိုးစိန်အကြောင်းကို တစ်ယောက်မှ အကောင်းမပြောကြဘူး။

ဗလအားကိုးနဲ့ လူမြင်သမျှကို နိုင်လိုမင်းထက် ပြုချင်တဲ့ ဝါသနာဆိုးရှိဆိုပဲ။ ပစ္စည်းထိန်းရုံ ရောက်ခဲ့တော့ ကွယ်လွန်သူ ဝတ်လုံကတော်ကြီး ဒေါ်စိန်ရင်ရဲ့ အိမ်နှစ်လုံးနဲ့ တိုက်တစ်လုံးဟာ ဟိုခေတ်တန်ဖိုးအရ လေးသောင်းဆိုသော်လည်း ခုခေတ်တန်ဖိုးနဲ့ဆိုရင် နှစ်သောင်းငါးထောင်လောက်ပဲ တန်တော့မယ်တဲ့။

ဒီတော့ကာ မိန်းကလေးနှစ်ယောက် လက်ထပ်လို့ တစ်ယောက်တစ်သောင်းစီ လက်ဖွဲ့လိုက်ရတယ်ဆိုရင် သူ့မှာ ဘာကျန်တော့သလဲ။ ငါးထောင်လောက် ကျန်တော့မယ်။

ဒါကြောင့် ဦးတိုးစိန်ဟာ သူ့သမီးနှစ်ယောက် အိမ်ထောင်ပြုမှာကို စိုးရိမ်နေတယ်ဆိုတဲ့အချက်ကို ကျုပ် သိခဲ့ရတယ်။

သူ့စိတ်သဘောထားနဲ့ဆိုတော့ ငွေနှစ်သောင်း မပေးရအောင် ဘာမဆို လုပ်ဝံ့မယ့် လူတစ်ယောက်နဲ့ တူတယ်။ ကိုင်း… ပြောနေကြာတော့ အချိန်သိပ်မရှိဘူး၊ တက္ကတီခေါ်ပြီး သွားကြမှတော်မယ်”
ကျွန်တော်တို့သည် မော်တော်ကားဖြင့် ပြည်လမ်းကြီး တစ်လျှောက် မောင်းနှင်လာခဲ့ကြ၍ နာရီပြန်တစ်ချက် ထိုးခါနီးအချိန်တွင် မှော်ဘီသို့ ဝင်လာခဲ့ကြရာ၊ ဒေါက်တာတိုးစိန်၏ နေအိမ်မှာ မြို့အစွန်အဖျား၌ရှိသော ဝင်းကြီးအတွင်း ဟောင်းမြင်း ဆွေးမြည့်ဟန် လက္ခဏာရှိသည့် တိုက်အိုကြီးတစ်လုံး ဖြစ်ပေ၏။

ကျွန်တော်တို့သည် မော်တော်ကားပေါ်မှ တိုက်အိုကြီး ဘက်သို့ မျှော်ကြည့်လိုက်သောအခါ ခင်ချစ်မေသည် ကျွန်တော်တို့ကို စောင့်မျှော်နေသည့် လက္ခဏာဖြင့် တိုက်ကြီးနှင့် မနီးမဝေးတွင် စကြံလျှောက်လျက်ရှိရာ ကျွန်တော်တို့၏ ကားကို မြင်သည်နှင့်တစ်ပြိုင်နက် ကျွန်တော်တို့ဘက်သို့ လျှောက်လာလေ၏။

ထိုအခါ ဦးစံရှားသည် ကားကိုရပ်စေ၍ ကားသမားအား ကားခပေးချေပြီးလျှင် ကျွန်တော်တို့သည် ခင်ချစ်မေရှိရာသို့ လမ်းလျှောက်သွားကြလေ၏။

ခင်ချစ်မေသည် ရွှင်ပျသော မျက်နှာထားနှင့် ကျွန်တော်တို့ကို ဆီးကြို၍…

“ဝမ်းသာလိုက်တာရှင်၊ ဦးစံရှား ရောက်လာတာ မြင်လိုက်ရတော့ ကျွန်မရင်ထဲမှာ ဝန်ထုပ်ကြီးတစ်ခု ကျသွားသလို ပေါ့သွားတော့တာပဲ။ အားလုံး နေရာကျတယ်ရှင့်။ ကျွန်မပြောခဲ့တဲ့အတိုင်း ဦးတိုးစိန်လည်း တိုက်ကြီးကိုသွားတယ်။ မိုးချုပ်မှ ပြန်လာမယ်တဲ့”

“တိုက်ကြီး မဟုတ်ဘူးဗျ၊ ရန်ကုန်လိုက်လာလို့ ကျုပ်တို့နဲ့ တွေ့ခဲ့ပြီးပြီ”

“အို… ဘုရား.. ဘုရား….. ကျွန်မနောက်ကို လိုက်တာတဲ့လား”

“ဒါနဲ့ တူတာပဲ”

“သိပ်ပါးတဲ့ လူကြီးရှင့်၊ သူ မသိအောင် ဘာတစ်ခုမှ လုပ်လို့မရဘူး။ သိပ်ခက်တာပဲ၊ ပြန်လာရင် ဘာများပြောဦးမလဲ မဆိုနိုင်ဘူး”

“ကိစ္စမရှိပါဘူးလေ၊ သူ ပါးတယ်ဆိုပေမဲ့ သူ့ထက်ပါးတဲ့လူလည်း ရှိပါသေးတယ်။ ဒီကနေ့ညအဖို့တော့ သူ့ကို အတွေ့မခံဘဲ ကိုယ့်အခန်းထဲကိုယ် မင်းလုပ်ချပြီး အိပ်ပေတော့

သူက ကြမ်းလာလို့ရှိရင် မိန်းကလေးကို အင်းစိန်က အဒေါ်အိမ်ကို ကျုပ်တို့ လိုက်ပို့မယ်။ ကိုင်း အချိန်ရသလောက် အလုပ်လုပ်ရအောင် အိပ်ခန်းတွေ ကျုပ်တို့ လိုက်ပြစမ်း”

ဦးတိုးစိန်၏ နေအိမ်မှာ အလွန်ဟောင်းမြင်းလှသော တစ်ဆင့်တိုက်အိုကြီး တစ်လုံးဖြစ်လေရာ အခါကောင်းစဉ်က ဥယျာဉ်ပန်းမန်များ ရှိဖူးသော နေရာများတွင် မြက်ပင်ပင်ပေါင်းပင်များနှင့် ငှက်ပျောပင် အနည်းငယ်မျှတို့ ရှိကြလေပြန်၏။အိပ်ခန်းများရှိသော ဘက်၌ကား သံတိုင်ပြတင်းပေါက်များ စီတန်းလျက်ရှိရာ ဦးစံရှားသည် အတွင်းသို့မဝင်မီ အပြင်မှ စင်္ကြလျှောက်ကာ ပြတင်းပေါက်များ၏အခြေအနေကို သေချာစွာ ကြည့်ရှုလျက် ရှိလေ၏။

“ဒီအခန်းက မိန်းကလေး အိပ်နေကျအခန်း၊ အလယ်က ညီမလေးအခန်း၊ ဟိုအစွန်က ဦးတိုးစိန်ရဲ့ အိပ်ခန်း၊ ဟုတ်ကဲ့မဟုတ်လား”

“ဟုတ်ပါတယ်ရှင်၊ အခုတော့ ကျွန်မက အလယ်ခန်းမှာအိပ်ပါတယ်”

“ပြင်ဆင်နေတဲ့ အခိုက်မှာ ဆိုပါတော့၊ ဒါထက် အမိုးက ယိုတယ်ဆိုပေမဲ့ မိုးတွင်းမဟုတ်လို့ ပြင်ဆင်ဖို့ အရေးမကြီးသေးပါဘူး ထင်ပါရဲ့”

“ဪ.. ဟုတ်လား၊ ဒီဟာ တော်တော်အရေးကြီးတယ်၊ ကိုင်း… ကိုင်း… လာစမ်းပါဦး မိန်းကလေး၊ အခန်းထဲဝင်ပြီး အိပ်ခန်းတံခါးကိုပိတ်၊ မင်းတုပ်ကို ချည့်စမ်းပါဦး”

ခင်ချစ်မေသည် ခိုင်းစေသည့်အတိုင်း ပြုလုပ်ရာတွင် ဦးစံရှားသည် သံတိုင် ပြတင်းပေါက်ကို အပြင်မှဖွင့်ရန် အနည်းနည်း ကြိုးစားသော်လည်း အထမမြောက်ဘဲ ရှိနေ၏။

ထို့နောက် ဦးစံရှားသည် ပြတင်းတံခါး လက်တော်များကို မှန်ဘီလူးဖြင့် ကြည့်ရာ အလွန်ခိုင်မာလှ၍ အုတ်သားအတွင်းသို့ သွင်းမြှုပ်ဆောက်လုပ်ထားသည်ကို တွေ့ရလေ၏။

(မေးကိုသပ်ကာ စဉ်းစားဟန် လက္ခဏာနှင့်) “ကျုပ် တွေးလုံးတစ်ခုတော့ လွဲသွားပြီ၊ အတွင်းမှာ မင်းတုပ်ချထားရင် ပြတင်းတံခါး ရုတ်တရက် ဖွင့်နိုင်စရာနည်းလမ်း မရှိဘူး။ ကိုင်း… ကိုင်း… အထဲဝင်ကြည့်ကြဦးစို့”

ကျွန်တော်တို့သည် တိုက်ထဲသို့ ဝင်ကြ၍ အိပ်ခန်းသုံးခန်းနှင့် ဆက်သွယ်လျက်ရှိသောဆောင်တော်ကူးလမ်းကြားသို့ ရောက်ကြသောအခါ ဦးစံရှားသည် ခင်ချစ်မေ အိပ်နေကျဖြစ်သော
တတိယအိပ်ခန်းသို့ အလျှင်းပင်ကြည့်ရှုရန် အလိုမရှိဘဲ ကွယ်လွန်သူ ခင်ချစ်ဆွေနှင့် ကျန်ရစ်သူ ခင်ချစ်မေတို့ အိပ်ကြသော ဒုတိယအခန်းသို့ တစ်ခါတည်း ဝင်သွားလေ၏။

ထိုအခန်းအတွင်း၌ တစ်ခုသော ထောင့်တွင် မှန်တင်စားပွဲတစ်ခု ရှိ၍ အခြား ထောင့်တစ်ခုတွင် ခုတင်တစ်လုံး ရှိလေရာ ယင်းတို့အပြင် ကြိမ်ကုလားထိုင်အို တစ်ခုနှင့် မတ်တတ် ကုလားထိုင်ကလေး တစ်လုံးမှတစ်ပါး အခြားအိမ်ထောင်မှု မရှိလေရာ ဦးစံရှားသည် ကြိမ်ကုလားထိုင်ပေါ်သို့ ထိုင်ပြီးနောက် အခန်း၏နံရံ၊ အမိုးနှင့် ကြမ်းပြင်တို့ကို တစ်လှည့်စီ ကြည့်ရှုလျက် ရှိလေ၏။

ခုတင်ခေါင်းရင်းအနီး၌ တွဲရရွဲကျလျက်ရှိသော ကြိုးစတစ်ကို လက်ညှိုးညွှန်လျက်၊ “ဒီကြိုးစက ဘာအတွက်လဲ”

“အရေးအကြောင်းရှိရင် ထမင်းချက်တဲ့လူကြီး ဦးထွန်းကိုခေါ်ဖို့ စီမံထားတာပါ။ ဒီကြိုးစကိုဆွဲလိုက်ရင် သူ့အိပ်ရာနားက ခေါင်းလောင်းကလေးတစ်ခု မြည်သွားပါတယ်”

“အင်း… တယ်နေရာကျပါကလား၊ အနောက်နိုင်ငံများမှာ ဒီလိုဟာမျိုးရှိတယ်လို့ ကြားဖူးသော်လည်း ကျုပ်တို့ မြန်မာအိမ်မှာ ဒီလိုဟာမျိုး တပ်ထားတာ မမြင်ဖူးပါဘူး။ ဘယ်တုန်းက တပ်ထားသလဲ”

“ညီမလေး လက်ထက်က ဒီဟာမရှိပါဘူး။ ကျွန်မ ပြောင်းအိပ်တော့မှ စိတ်ထဲ ရွံ့တွန့်တွန့်ရှိလို့ ဦးတိုးစိန် အကြံပေးတဲ့အတိုင်း ဒီကိရိယာကို တပ်ထားပါတယ်”

“ဪ နေရာကျပေသားပဲ”

ထို့နောက် ဦးစံရှားသည် ကြမ်းခင်းထားသော ပျဉ်ပြားများကို မသင်္ကာသည့် လက္ခဏာနှင့် ကြမ်းပြင်ပေါ်၌ လေးဖက်တွားကာ ခင်းထားသော ပျဉ်ပြားများကို မှန်ဘီလူးဖြင့် တစ်ချပ်စီ သေချာစွာ ကြည့်လေ၏။
ထို့နောက် အိပ်ခန်းများကို တစ်ခန်းစီ ကန့်ထားသော ပျဉ်ပြားများကိုလည်း ထိုနည်းအတူ သေချာစွာ ကြည့်ရှု၍ အိပ်ရာကိုလည်း ထို့နည်းအတူ ကြည့်ရှုလေ၏။

နောက်ဆုံး၌ ဦးစံရှားသည် ခေါင်းလောင်းနှင့် ဆက်သွယ်ထားသည်ဆိုသော ကြိုးစကို ရုတ်တရက် လှမ်းကိုင်၍ ဆွဲကြည့်ပြီးလျှင်

“ဘယ့်နှယ်လဲ၊ ဘာသံမှလည်း မကြားပါလား”

“ဟုတ်သားပဲ၊ ကျွန်မတောင် တစ်ခါမှ ဆွဲစမ်းမကြည့်မိဘူး”

“ထမင်းချက်တဲ့လူကြီး ဦးထွန်းကော ဘယ်မလဲ”

“ဦးစံရှားတို့ လာတဲ့အခါမှာ လွတ်လွတ်ကျွတ်ကျွတ် စစ်ဆေးနိုင်အောင်လို့ ဦးထွန်းကို ကိစ္စတစ်ခုနဲ့ အပြင်ကို ခိုင်းထားပါတယ်”

“ဪ.. ဟုတ်လား၊ နေစမ်းပါဦး၊ ဒါထက် ဒီကြိုးစက ဘယ်ကခေါင်း
လောင်းနဲ့မှ ဆက်မထားဘဲ သက်သက်မဲ့ တန်းလန်းဆွဲထားတာ သိပ်ထူးဆန်းပါကလား။ ကြည့်စမ်း… ဟိုမှာ လေဝင်ပေါက်၊ အထက်က ချတ်ကလေးတစ်ခုနဲ့ ဆက်ထားတာ တွေ့လား”

“ဟုတ်သားပဲရှင်၊ အရေးအကြောင်းဆိုရင် ဦးထွန်းကို ခေါ်ရအောင်ဆိုလို့ ဦးတိုးစိန် တပ်ပေးထားတာ။ ကျွန်မဖြင့် တစ်ခါမှ ဆွဲစမ်းမကြည့်မိသေးပါဘူး”

“တော်တော်ဆန်းတဲ့တိုက်ပဲ၊ လေဝင်ပေါက်ဆိုပြီး တိုက်ပြင်ဘက်ကလေနဲ့ မဆက်ဘဲ အခန်းတစ်ခန်းနဲ့ တစ်ခန်း ဆက်ထားတာ သိပ်ထူးဆန်းတာပဲ။ ကြံကြံစည်စည် ဆောက်လည်းဆောက်တတ်တဲ့ ပန်းရံသမားတွေပဲ။ ကိုင်း… ကိုင်း… ဦးတိုးစိန်ရဲ့ အခန်းကို တစ်ဆိတ် ဝင်ကြည့်ကြဦးစို့”

ဦးတိုးစိန်၏အိပ်ခန်းမှာ ခင်ချစ်မေ၏ အိပ်ခန်းထက် အနည်းငယ် ကျယ်ဝန်း၍ မှန်တင်ခုံစားပွဲတစ်ခုပေါ်တွင် ဆေးအတတ်ပညာနှင့် ပတ်သက်သော စာအုပ်များလည်း ရှိကြ၏။

အခန်းထောင့်တွင် ဗီရိုတစ်လုံးမှတစ်ပါး အခြားသော အိမ်ထောင်မှုများမရှိဘဲ ကြိမ်ကုလားထိုင်ဟောင်း တစ်လုံးနှင့် မတ်တတ်ကုလားထိုင် တစ်လုံးမျှသာ ရှိကြလေ၏။

ဦးစံရှားသည် အခန်းတစ်လျှောက်လုံး ဖြည်းညင်းစွာ လှည့်ပတ်၍ သေချာစွာ ကြည့်ရှုပြီးနောက် ဗီရိုကို ခေါက်လျက် “ဒီထဲမှာ ဘာတွေရှိသလဲ”

“စာရွက်စာတမ်းတွေ ရှိပါတယ်”

“မြင်ဖူးလို့လား”

“ဟိုးရှေးတုန်းက တစ်ခါမြင်ဖူးပါတယ်”

“ဒီထဲမှာ ကြောင်များ မရှိဘူးလား”

“ကြံကြံစည်စည်ရှင်”

“ကြံကြံစည်စည်မဟုတ်ဘူး၊ ဒီဟာက ဘယ့်နှာလဲ”
ဦးစံရှားသည် ဗီရိုပေါ်၌ တင်ထားသော နွားနို့ခွက်ကလေးတစ်ခုကို ယူ၍ ပြလေ၏။

“ကြောင်တော့ မဟုတ်ပါဘူး။ ဟိုတုန်းက ဝက်ဝံတစ်ကောင် မွေးဖူးပါတယ်။ အခု မျောက်ဖင်နီတစ်ကောင် ရှိပါတယ်”

“ဝက်ဝံတိုက်ဖို့ နွားနို့ခွက်ဆိုရင် သေးလွန်းလှတယ်။ နေစမ်းပါဦး၊ ဒီတစ်ခု ကြည့်စမ်းဦးမယ်”

ဦးစံရှားသည် မတ်တတ်ကုလားထိုင်ရှေ့တွင် လေးဖက်ထောက်လျက် ခင်းထားသော ကြမ်းပြင်ကို မှန်ဘီလူးဖြင့် သေချာစွာ ကြည့်ရှုလေ၏။

“ဪ.. ဒီလိုကိုး၊ အလို… ဒီဟာက ဘာလဲ” ဟု ပြောလျက် ဦးတိုးစိန်၏ တင်အောက်တွင် ချိတ်ထားသော ကြိုးတစ်ချောင်းကို ကောက်ယူ၍ သေချာစွာ ကြည့်ရှုလေရာ ကြိုးစတစ်ဖက်မှာ ကောင်းဘွိုင်များ အသုံးပြုတတ်သည့် ကွင်းလျာတစ်ခု ပြုလုပ်ထားသည်ကို တွေ့မြင်ရလေ၏။

“ဒီဟာ ဘယ်လိုအဓိပ္ပါယ်ထင်သလဲ ကိုသိန်းမောင်”

“ကြိုးကတော့ ကြာပွတ်တစ်ချောင်းက ကြိုးစပဲ၊ ကွင်းလျှော လုပ်ထားတဲ့ အဓိပ္ပါယ်ကတော့ ကျွန်တော် မပြောတတ်ဘူး”

“ဒီဟာ တော်တော် ထူးဆန်းတယ်ဗျ၊ နေရာတကာတိုင်း တွေ့ရတတ်တဲ့ ပစ္စည်းမျိုးမဟုတ်ဘူး။ ဆိုးချင်မိုက်ချင်တဲ့ လူတစ်ယောက် ဉာဏ်ရှိပြီဆိုမှဖြင့် သိပ်ခွကျကုန်တာပဲ။ ကိုင်း… တော်ပါပြီ ခင်ချစ်မေ၊ တိုက်ပြင်ထွက်ပြီး လမ်းလျှောက်ပါရစေဦး”

ကျွန်တော်တို့သည် တိုက်ထဲမှ ထွက်လာကြသောအခါ ဦးစံရှား၏မျက်နှာထားမှာ အလွန်တရာ တင်းမာခက်ထန်စွာ ရှိနေသည့်အဖြစ်ကို တွေ့မြင်ကြရလေ၏။

ဦးစံရှားသည် တိုက်နံဘေးရှိ မြက်ခင်းပေါ်တွင် ထိုမှ ဤမှ စက်လျှောက်လျက်ရှိစဉ် ကျွန်တော်နှင့် ခင်ချစ်မေတို့သည် သူ၏မျက်နှာကို အကဲခတ်လျက် ရှိကြလေ၏။

အတန်ငယ်ကြာသောအခါ..
“ဒီမလေ ခင်ချစ်မေ၊ ကျုပ်ပြောတဲ့စကားကို သေသေချာချာ နားထောင် ပေးခဲ့တဲ့ အကြံအတိုင်း တစ်သဝေမတိမ်း လိုက်နာရမယ်နော်”

“စိတ်ချပါရှင်”

“ကိစ္စက သိပ်အရေးကြီးတယ်။ တစ်ချက်ကလေး တိမ်းသွားရင် အသက်ပါ ဆုံးသွားမယ်၊ နားလည်လား”

“စိတ်ချပါရှင်၊ လိုက်နာပါ့မယ်”

“ပထမအလုပ်က ကျုပ်မိတ်ဆွေနဲ့ ကျုပ်နဲ့ ခင်ချစ်မေအခန်းမှာ ဒီနေ့ည စောင့်ကြည့်ကြမှ ဖြစ်မယ်”

ထိုအခါ ကျွန်တော်နှင့် ခင်ချစ်မေတို့သည် ဦးစံရှား၏ မျက်နှာကို အံ့သြစွာနှင့် ငေးကြည့်နေကြလေ၏။

“ဟုတ်တယ် ခင်ချစ်မေ၊ ကျုပ်ပြောသလို လုပ်ရလိမ့်မယ်။ ဦးတိုးစိန် ပြန်လာတော့ မိန်းကလေးက ခေါင်းကိုက်တယ်ဆိုပြီး အိပ်ခန်းထဲ စောစောဝင်နေ၊ ပြတင်းပေါက် တရုတ်ကတ်ကိုဖွင့်၊ မီးအိမ်ကို အချက်ပေးဖို့ထား။

ဦးတိုးစိန် သူ့အခန်းထဲ သူဝင်ပြီဆိုတော့မှ မိန်းကလေးက ကိုယ်အိပ်နေကျအခန်းကို ရွှေ့ပြီးတော့ အိပ်၊ နားလည်လား ကျုပ်ပြောတာ”

“နားလည်ပါတယ်ရှင်”

“ကိုင်း… ဒါဖြင့် တော်ပြီ၊ ကျန်တာတော့ ကျုပ်တို့ ကြည့်လုပ်မယ်”

“ရှင်တို့ ဘာလုပ်ကြမှာလဲရှင်”

“ကျုပ်တို့က ဒီအခန်းထဲက စောင့်ပြီး မိန်းကလေး ကြားရတဲ့အသံဟာ ဘာသံလဲဆိုတာကို စုံစမ်းကြည့်မယ်”
“ကျွန်မ တစ်ခုမေးပါရစေလားရှင်”

“မေးပါလေ”

“ကျန်မညီမလေးဟာလန့်ပြီးသေတယ်လို့ ကျွန်မထင်တာ ဟုတ်ပါရဲ့လားရှင်”

“လန့်ရုံလန့်တာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်၊ သို့သော် ဒီကနေ့ည သိကြရတာပေါ့။ ကိုင်း… ခင်ချစ်မေ နေရပေဦးတော့ ကျုပ်တို့က အခန်းပြတင်းပေါက်မှာ အချက်ပေးတာကို စောင့်ပြီး ကြည့်နေကြမယ်နော်။ ဘာမှမကြောက်နဲ့ ကြားလား။ ဒီကနေ့ည အလုံးစုံ သိကြရမယ်”

ဦးစံရှားနှင့် ကျွန်တော်တို့သည် ဝင်းထဲမှ ထွက်လာကြ၍ ခင်ချစ်မေ၏ အိပ်ခန်း ပြတင်းပေါက်ကို အဝေးမှမြင်နိုင်သော နေရာကို စုံစမ်းကြရာ မြို့တွင်းရှိ အကြော်ဆိုင်တစ်ဆိုင်မှ ယင်းပြတင်းပေါက်ကို ကောင်းစွာ မြင်နိုင်ကြောင်း တွေ့ရှိရသည်နှင့် ကျွန်တော်တို့သည် ဆိုင်ရှင်ပေါက်ဖော် ကျေနပ်စိမ့်သောငှာ စားစရာများနှင့် ဘီယာနှစ်လုံးကို ညစာအတွက် မှာထားခဲ့ကြပြီးနောက် မြို့ထဲသို့လျှောက်၍ လည်ပတ်ကြလေ၏။

မှောင်စပြုသောအချိန်တွင် ကျွန်တော်တို့သည် အကြော်ဆိုင်သို့ ပြန်လာကြ၍ ခင်ချစ်မေ၏ အခန်းပြတင်းပေါက်ကို မြင်နိုင်သည့်နေရာတွင် ထိုင်ကြလျက် စားစရာများ စားသောက်ရင်း ဘီယာများကို တစ်လုံးပြီးတစ်လုံး မှာယူကာ တဖြည်းဖြည်း သောက်လျက်ရှိကြလေ၏။

နေဝင်လုဆဲဆဲအချိန်တွင် ရန်ကုန်မှ မီးရထားတစ်စင်း ဆိုက်ရောက်လာ၍.. ဦးတိုးစိန်သည် ကျွန်တော်တို့ ထိုင်လျက်ရှိသော ဆိုင်အနီးမှ သူ၏နေအိမ်ဘက်သို့ ဟန်တိန်တုတ်ကြီးကို ကိုင်ကာ လျှောက်သွားသည်ကို မြင်လိုက်ကြရလေ၏။

နေဝင်ပြီး၍ မှောင်မိုက်စပြုသောအချိန်၌ ဦးတိုးစိန်၏ တိုက်ဆီမှ မီးခွက်များ ထွန်းထားသည်ကို ပြတင်းပေါက်များမှ မြင်ကြလေရာ… ကျွန်တော်တို့သည် ဝက်အူချောင်းနှင့် ဘီယာကို တဖြည်းဖြည်းသောက်ရင်း ခင်ချစ်မေ အချက်ပေးမည်ကို စောင့်ကြည့်နေကြလေ၏။

“ကျုပ် တစ်ခုစဉ်းစားတယ် ကိုသိန်းမောင်၊ ခင်ဗျား လိုက်လို့ တော်တော်ပါ့မလား မဆိုနိုင်ဘူး၊ အသက်ရန်မူမှာကို နည်းနည်းစိုးရိမ်ရတယ်”

“ကျွန်တော်လိုက်ရင် အသုံးဝင်လိမ့်မယ်လို့ ထင်သလား”

“ဟာ… အသုံးတော့ ဝင်ပြီလားဗျာ”

“ဒါဖြင့် လိုက်မယ်ဗျာ”

“ကျေးဇူးတင်ပါဗျာ”

“နေစမ်းပါဦး ဦးစံရှားရဲ့၊ ခေါင်းလောင်းနဲ့ အဆက်အသွယ်မရှိဘဲ ဟန်လုပ်ပြီး တပ်ထားတဲ့ ကြိုးစကဆန်းလှချည့်လားဗျာ”

“လေဝင်ပေါက်ကကောဗျာ၊ မဆန်းဘူးလား”

“အခန်းတစ်ခန်းနဲ့ တစ်ခန်း အပေါက်ဖောက်ထားတာတော့ ဆန်းတာပဲ။ နို့ပေမဲ့ ကြွက်တစ်ကောင် ဝင်နိုင်ရုံလောက်ရှိတဲ့အပေါက်ဖို့ ဒီလမ်းက ဘေးအန္တရာယ်တစ်ခုခုလာနိုင်ဖို့ ခဲယဉ်းတယ် ထင်ပါ့ဗျာ”

“ကျုပ်က ကြွားပြောတာမဟုတ်ဘူး။ အိပ်ခန်းတွေ ဝင်မကြည့်ခင်ကတည်းက ဒီအခန်းနှစ်ခု အဆက်အသွယ် ရှိတယ်ဆိုတာကို တွေးခဲ့ပြီးသား”

“ဟုတ်ကဲ့လား ဆရာကြီးရယ်”

“ဟုတ်ပါတယ်၊ ဦးတိုးစိန် ဆေးပြင်းလိပ်သောက်တဲ့ မီးခိုးကို ခင်ချစ်ဆွေက အနံ့ရတယ်လို့ ခင်ချစ်မေပြောသွားတာ မကြားလိုက်ဘူးလား…

ဒီကတည်းက တစ်နည်းနည်းအဆက်အသွယ်ရှိတယ်လို့ ကျုပ် စဉ်းစားပြီးသားပဲ”

“ဟုတ်တော့လည်း ဟုတ်ပါရဲ့ဗျာ”

“ခင်ချစ်မေအိပ်တဲ့ ကုတင်ကို ခင်ဗျား သတိပြုမိသလား”

“ထူးထူးခြားခြား ကျွန်တော် မတွေ့ပေါင်ဗျာ”

၊ “ခုတင်ခြေထောက်လေးချောင်းဟာ ကြမ်းနဲ့ တစ်ဆက်တည်း လုပ်ထားတယ်ဗျ”

“ဒါက ဘာသဘောလဲဗျာ”

“အဓိပ္ပါယ်ကတော့ ဟိုအပေါက်လေးနဲ့ ဒီခုတင်နဲ့ဟာ သူ့နေရာနဲ့သူ ရှိနေအောင် ချိန်ပြီးလုပ်ထားတယ်လို့ ကျုပ် စဉ်းစားမိတယ်”

“ဪ.. ဟုတ်ပြီ ထူးထူးဆန်းဆန်း ကြံကြံဖန်ဖန်လုပ်ပြီး သတ်ဖို့ မောင်းဆင်ထားတာနဲ့ တူတယ်”

“အစစ်ပေါ့ဗျာ၊ ဆရာဝန်ဆိုတဲ့လူမျိုးဟာ ဆိုးချင်မိုက်ချင်ပြီဆိုမှဖြင့် သိပ်ကြောက်စရာ ကောင်းတယ် ကိုသိန်းမောင်၊ လက်လည်းရဲတယ်၊ အတတ်အဆန်းတွေလည်း နားလည်တယ်။ “ကိုင်း… ကိုင်း၊ တော်ပါသေးပြီဗျာ၊ ဘီယာလည်း တော်တော်သွားပြီ။ ဆေး တစ်ဆုံနှစ်ဆုံလောက် သောက်ပြီး စိတ်ကူးထုတ်စမ်းပါရစေဦး”

ည ၉ နာရီအချိန်ခန့်တွင် ဦးတိုးစိန်၏နေအိမ်မှ မီးရောင်များ ငြိမ်းသွား၍ မှောင်နှင့်မည်းမည်းရှိလေရာ…

ကျွန်တော်သည် ကိုယ့်စိတ်ကူးနှင့်ကိုယ် ဆေးတံကိုယ်စီသောက်ရင်း နေအိမ်ဘက်သို့ စောင့်ကြည့်နေကြစဉ် နာရီဝက်ခန့်အကြာတွင် တိုက်ပြတင်းပေါက်ဆီမှ မီးရောင်ကလေးတစ်ခု လက်ခနဲထွက်လာသည်ကို တွေ့မြင်ကြရသဖြင့်

“ဟော.. အချက်ပေးပြီ၊ လာ… ကိုသိန်းမောင်” ဟု ဆိုကာ အကြော်ဆိုင်မှ ထွက်လာခဲ့ကြလေ၏။

ကျွန်တော်တို့သည် တစ်ဖာလုံခန့်ဝေးသော ယင်းခရီးကို လျှောက်လာကြစဉ် ပြတင်းပေါက်မှ အလင်းရောင်ကလေးသည် ကျွန်တော်တို့အား လမ်းပြလျက် ရှိ၏။
ကျွန်တော်တို့သည် သစ်သားဝင်းထရံကို ကျော်တက်၍ မြက်ပင်ပေါင်းပင်များအထဲမှ ဖြတ်သန်းကာ ပြတင်းပေါက်မှ ဝင်ကြမည် ပြုသည်တွင်

သူငယ်လေးတစ်ယောက်သည် မှောင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာ၍ မြက်ပေါ်၌ လူးလှိမ့်ပြီးလျှင် မှောင်ရိပ်ထဲသို့ ဝင်သွားလေ၏။

ကျွန်တော်သည် ထိုအခြင်းအရာကို မြင်သဖြင့် ထိတ်လန့်ကာ တွန့်ဆုတ်သွားလေလျှင် ကျွန်တော့်လက်ကို ကိုင်၍ တီးတိုးရယ်မောကာ…

“မျောက်ဖင်နီဆိုတာ ဒါပေါ့ဗျ”

ဟု ပြောလေ၏။

ကျွန်တော်တို့သည် ပြတင်းပေါက်အနီးသို့ ချဉ်းကပ်ကြ၍ ဖိနပ်များကို ချွတ်ထားပြီးလျှင် ပြတင်းပေါက်မှ ကျော်တက်ကာ အခန်းထဲသို့ ရောက်ကြသောအခါ ဦးစံရှားသည် မှန်အိမ်ကို ပြတင်းပေါက်အနီးမှ စားပွဲပေါ်သို့ ရွှေ့ထား၍ တရုတ်ကတ်ကို ပိတ်ထားလေ၏။

ထို့နောက် ဦးစံရှားသည် အခန်းအခြေအနေကို ကြည့်ရှု၍ နေ့လယ်က အခြေအနေအတိုင်း ရှိသည်ကို တွေ့မြင်ရသောအခါ ကျွန်တော်၏နားနားသို့ ချဉ်းကပ်လျက်…။

“နည်းနည်းကလေးမှ အသံမထွက်စေနဲ့နော်” ဟု တီးတိုးပြောလိုက်သဖြင့် ကျွန်တော် ခေါင်းညိတ်လိုက်၏။

ထို့နောက် ဦးစံရှားက… ။

“မီးခွက်ငြိမ်းမှ ဖြစ်မယ်၊ မီးရောင်ကို ဟိုအပေါက်က သူ မြင်လိမ့်မယ်” ဟု ပြောပြန်ရာ ကျွန်တော်က ခေါင်းညိတ်ရပြန်၏။

ထို့နောက် ဦးစံရှားက…

“အိပ်မပျော်စေနဲ့နော်၊ အိပ်ပျော်ရင် သေတတ်တယ်၊ ကျုပ်က ခုတင်နံဘေးမှာ ထိုင်မယ်၊ ခင်ဗျားက ကုလားထိုင်မှာ ထိုင်” ဟု ပြောသဖြင့် ကျွန်တော်သည် ခါးမှ ခြောက်လုံးပြူးကိုထုတ်၍ စားပွဲအနီး၌ တင်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ စောင့်နေလေ၏။

ဦးစံရှားသည် လက်တွင် ကိုင်ခဲ့သော ကြိမ်လုံးတစ်လုံးကို ခုတင်အစွန်းတွင် ချထား၍ မီးခြစ်ဘူးတစ်လုံးနှင့် ဖယောင်းတိုင်တစ်ခုကိုလည်း ကြိမ်လုံးအနီး၌ ထားပြီးလျှင် မှန်အိမ်ကို ငြိမ်းလိုက်သဖြင့် ကျွန်တော်တို့မှာ မှောင်ထဲတွင် ရှိနေကြလေ၏။

ကျွန်တော်သည် ထိုသ၌ မှောင်မိုက်ထဲတွင် အသည်းတထိတ်ထိတ် စောင့်နေရသော အခြင်းအရာကို အသက်တစ်ရာ နေရသော်လည်း မေ့နိုင်မည် မဟုတ်ချေ။

ကျွန်တော်သည် အလွန်ဆိတ်ငြိမ်လျက် ရှိသော တိုက်ခန်းအတွင်း မျက်လုံး ကြောင်တောင်နှင့် စောင့်လျက်ရှိစဉ် ဦးစံရှားမှာလည်း ကျွန်တော့်အနီးတွင် ထိုနည်းအတူ မျက်စိဖွင့်ကာ နားစွင့်ကာဖြင့် စောင့်လျက်ရှိသည်ဟု သိရှိရလေ၏။ ပြတင်းပေါက်မှ တရုတ်ကတ်များကို ပိတ်ထားသည်ဖြစ်၍ အပြင်၌ရှိသော ကြယ်ရောင်သည် အခန်းတွင်းသို့ တိုးဝင်ရန် မတတ်နိုင်ဘဲ မှောင်မည်းလျက်ရှိလေ၏။

တစ်ခါက ငှက်ဆိုးတစ်ကောင်သည် အုတ်တိုက်ခေါင်မိုးပေါ်သို့ ဂီခနဲ ထိုးသွားလေရာ ကျွန်တော်တို့မှာ အတိတ်နိမိတ်ကောက်ရန် ဝါသနာမရှိသဖြင့် ထိုအတွက်ကြောင့် အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိချေ။

ကျွန်တော်သည် အမှောင်ထဲတွင် မြင်နိုင်သော လက်ပတ်နာရီကို မကြာခဏ ကြည့်မိရာ ၁၂ နာရီထိုးရန်မှာ မကြာလှသော်လည်း နာရီပြန်တစ်ချက်နှင့် သုံးချက်ထိုးရန်မှာ အလွန်တရာ ကြာရှည်လှသည်ဟု စိတ်ထဲ၌ အောက်မိ၏။

သုံးနာရီထိုးပြီးသည်နှင့် တစ်ပြိုင်နက် အခန်းနှစ်ခန်းကို ဆက်သွယ်လျက်ရှိသော အပေါက်ငယ်ကလေးဆီမှ အလင်းရောင်ကို လက်ခနဲ မြင်လိုက်ရပြီးနောက် ချက်ချင်းပင် ကွယ်ပျောက်သွား၍ ဆီကို မီးလောင်သောမှော်နံ့နှင့် သတ္တုကို မီးမြိုက်သည့်အနံ့သည် နှာခေါင်းဝသို့ တိုးဝင်လာလေရာ အခြားအခန်းမှ ပုလိပ်များကိုင်သည့် ကျားမျက်လုံးမှန်အိမ်ကို ထွန်းညှိထားကြောင်း သိရှိရလေ၏။

ထို့နောက် အနည်းငယ်လှုပ်ရှားသည့် ရှဲရှဲရှပ်ရှပ်အသံများကြားရ၍ တစ်ဖန် တိတ်ဆိတ်သွားပြန်သော်လည်း မျှော်နံ့မူကာ တိုး၍ ပြင်းထန်လာခဲ့လေ၏။

ကျွန်တော်သည် နာရီဝက်ခန့် နားစွင့်ကာ ထိုင်နေပြီးနောက် လက်ဖက်ရည်ကရားမှ ရေနွေးပွက်ပွက်ဆူဖြင့် နှုတ်သီးမှ အခိုးတက်လာသောအသံကဲ့သို့ ဖြည်းညင်းစွာ တရှဲရှဲမြည်သော အသံကို ကြားရလေ၏။

ယင်းသို့ ကြားရသည်နှင့် တစ်ပြိုင်နက် ဦးစံရှားသည် အိပ်ရာအစွန်းမှခုန်ထ၍ မီးခြစ်ကိုဖြစ်ပြီးလျှင် ခေါင်းရင်းဘက်၌ရှိသော ကြိုးစကို ကြိမ်လုံးဖြင့် တရွှမ်းရွှမ်း ရိုက်လျှက်…
“မြင်လား ကိုသိန်းမောင်၊ မြင်လား ” ဟု မေးသော်လည်း ကျွန်တော်မူကား ဘာကိုမှမမြင်ရချေ။

ကျွန်တော်သည် တရွှီးရွှီမြည်သောအသံကို သဲ့သဲ့ကြားရသော်လည်း မျက်လုံးထဲသို့ အလင်းရောင် ရုတ်တရက် တိုးဝင်သည့်အတွက်ကြောင့် ဦးစံရှားသည် မည်သည့်အရာကို ကြိမ်နှင့်ရိုက်နေသည်ကို မပြောနိုင်ချေ။
သို့ရာတွင် သူ၏မျက်နှာတွင်အလွန်တရာ ရွံရှာစက်ဆုပ်သော အမူအရာရှိကြောင်းကိုမူကား ကျွန်တော် မြင်လိုက်ရ၏

ဦးစံရှားသည် ကြိမ်လုံးဖြင့် တရွှမ်းရွှမ်းရိုက်သောအသံများ ရပ်စဲသွား၍ အပေါက်ငယ်သို့ မှော်ကြည့်လျက်ရှိစဉ် အသည်းနှလုံး တုန်လှုပ်ဖွယ်ကောင်းလှသော အော်သံကြီးသည် အလွန်တိတ်ဆိတ်လျက် ရှိသော သန်းခေါင်ယံအချိန်တွင် ရုတ်တရက် ထိုးဖောက် ဖြစ်ပေါ်လာခဲ့လေ၏။

ထိုအော်သံ၌
နာကျင်ခြင်း၊
ကြောက်လန့်ခြင်း၊ စိတ်ဆိုးခြင်းတို့သည်တပေါင်းတစည်းတည်း
ရောစပ်လျက်ရှိ၍အသံမှာလည်းကျယ်သည်ထက်ကျယ်ထွက်လာခဲ့လေ၏။

ထိုအသံကြောင့် မှော်ဘီတစ်မြို့လုံးရှိ လူများသည် အိပ်ရာထဲမှ လန့်နိုးကြသည်ဟု နောင်အခါ၌ ကျွန်တော်တို့ သိရှိရ၏။

ကျွန်တော်နှင့် ဦးစံရှားသည် အဓိပ္ပါယ်ကို ကောင်းစွာ နားမလည်ဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လျက်ရှိကြရာ နောက်ဆုံးတွင် အော်သံလည်း ရပ်စဲသွား၍ ယခင်အတိုင်း အလွန်အမင်း တိတ်ဆိတ်စွာ ရှိနေလေ၏။

“ဘာလဲ ဦးစံရှား၊ ဘယ့်နှယ် အဓိပ္ပါယ်လဲ”

“ဘယ့်နှယ် အဓိပ္ပါယ်ရမှာလဲဗျ၊ ဦးတိုးစိန် ကိစ္စချောတာပေါ့၊ ကိုင်း… ကိုသိန်းမောင် ခင်ဗျား သေနတ်ယူခဲ့ဗျာ၊ ဦးတိုးစိန် အခန်း ဝင်ကြည့်ကြရအောင်” ၊

ဦးစံရှားသည် မှန်အိမ်ကို ထွန်း၍ ကျွန်တော်တို့သည် ဦးတိုးစိန်အခန်းဆီသို့ ထွက်လာခဲ့ကြလေရာ ဦးစံရှားက အခန်းတံခါးကို ခေါက်သော်လည်း မည်သို့မျှ အဖြေမပေးသည်နှင့် တံခါးကိုတွန်း၍ ဝင်သွားလေရာ ကျွန်တော်လည်း သေနတ်ကို မောင်းတင်လျက် ဦးစံရှား၏နောက်မှ ဝင်လိုက်သွားလေ၏။

စားပွဲပေါ်၌ ကျားမျက်လုံးမှန်အိမ်တစ်ခု ထွန်းညှိလျက်ရှိရာ ယင်းမှအလင်းရောင်သည် မပွင့်တပွင့်ရှိနေသော ဗီရိုတံခါးသို့ တည့်တည့်ထိုးလျက် ရှိလေ၏။

စားပွဲနံဘေးရှိ မတ်တတ်ကုလားထိုင်ပေါ်တွင် ဦးတိုးစိန် ထိုင်လျက်ရှိရာ သူ၏ပေါင်ပေါ်၌ နေ့ခင်းအချိန်က ကျွန်တော်တို့ တွေ့မြင်ခဲ့သော ကြိုးကွင်းလျှာသည် တင်လျက်ရှိလေ၏။

နဖူးဆီ၌ကား အညိုရောင် အပြောက်တို့ဖြင့် ပြောက်ကျားလျက်ရှိသော အဝါရောင် ကြိုးတစ်ချောင်းသည် ဦးခေါင်းကို ရစ်ပတ်လျက်ရှိရာ ကျွန်တော်တို့ ဝင်သွားကြသောအခါ၌ ဦးတိုးစိန်မှာ လှုပ်လည်းမလှုပ်၊ အသံလည်းမပြုချေ။

ဦးစံရွားက…

“အပြောက်တွေနဲ့ကြိုးဆိုတာ ဒါပေါ့ဗျ” ဟု ပြောသဖြင့် ကျွန်တော်သည် ထိုအရာဝတ္ထုကို သေချာစွာ ကြည့်မည်ဟု ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်တွင် ဦးတိုးစိန်၏ ဦးခေါင်း၌ ရစ်ပတ်လျက်ရှိသော ကြိုးသည် ရွီးခနဲမြည်၍ ဦးတိုးစိန်၏ ဦးခေါင်းထက်မှ ပါးပျဉ်းထောင်လျက်ရှိသော မြွေတစ်ကောင်၏ ဦးခေါင်း ပေါ်ထွက်လာလေရာ ဦးစံရှားက

“ဟေ့လူ သတိထားနော်၊ ဒီပြည်မှာတောင် မရှိဘူး။ ကုလားပြည်ကယူလာတဲ့ အဆိပ်အပြင်းဆုံး မြွေပွေးမျိုးပဲဗျ။ ထိလိုက်ရင် လက်ဖျစ်တစ်တွက်အတွင်း အကြောတွေဆိုင်းပြီး အသက်ပျောက်နိုင်တယ်။

– ကိုင်း… ကိုင်း.. အသာနေ၊ ဒီအကောင်ကို သူ့နေရာသူ ပြန်ထားပြီး ခင်ချစ်မေကို တစ်နေရာရာပို့၊ ပုလိပ်ကို အကြောင်းကြားမှဖြစ်မယ်”

ထို့နောက် ဦးစံရှားသည် ဦးတိုးစိန်၏ ပေါင်ပေါ်မှ ဖွတ်မြီးထိုးသော ကြိုးကွင်းလျှာကို ယူ၍ မြွေ၏လည်ပင်း၌ စွပ်ပြီးလျှင် ဦးတိုးစိန်၏ ဦးခေါင်းမှဆွဲ၍ ဗီရိုထဲသို့ ပစ်သွင်းကာ တံခါးကို ပိတ်ထားလိုက်လေ၏။

ကျွန်တော်သည် ခင်ချစ်မေကို ခေါ်၍ ရှင်းလင်းပြောပြခြင်းများ၊ ဆိုင်ရာပုလိပ်အား အကြောင်းကြားခြင်းများ၊ မိန်းကလေးကို အင်းစိန်ရှိ အဒေါ်ထံသို့ ပို့ခြင်းများကို အကျယ်တဝင့်ဖော်ပြရန် မလိုတော့ဘဲ ရန်ကုန်သို့ မီးရထားနှင့်အပြန် လမ်းခရီး၌ ဦးစံရှား ရှင်းလင်းပြောပြပုံများကိုသာလျှင် ဖော်ပြရပေတော့မည်။ ။

“ကံကောင်းလို့ဗျာ၊ ပထမတုန်းကတော့ ကောက်ရိတ်တဲ့ ကူလီကုလားတွေ ဒီဝင်းထဲမှာ ခဏခဏတည်းတယ်ဆိုလို့ လမ်းလွှဲကို လိုက်မယ် လုပ်လိုက်မိသေးတယ်။ အခန်း အခြေအနေကို သေသေချာချာကြည့်ရတော့မှ ခင်ချစ်ဆွေ ကြုံရတဲ့ ဘေးအန္တရာယ်ဟာ ပြတင်းပေါက်က မလာနိုင်၊ တံခါးကလည်း မလာနိုင်ဘူးလို့ သိရပြီး ဟိုအပေါက်ကလေးနဲ့ ကြိုးတန်းလန်းကို ကျုပ် သွားပြီး စဉ်းစားမိတယ်။

ကြိုးကို ဟန်ဆောင် တပ်ထားတာရယ်၊ ခုတင်ကို ကြမ်းမှာ မရွှေ့နိုင်အောင် အသေရိုက်ထားတာရယ် သွားတွေ့တော့ ဒီကြိုးဟာ တခြားအတွက် မဟုတ်ဘူး။ ဟိုအပေါက်ကလေးက ထွက်လာပြီး ခုတင်ဆီကိုလာဖို့ လမ်းခင်းပေးထားတာပဲလို့ ကျုပ် စဉ်းစားမိတော့မှ မြွေဆိုတဲ့အကြောင်းကို ချက်ချင်းပဲ ကျုပ် သတိရတယ်… ။

ဒီအထဲမှာ ဦးတိုးစိန်ဟာ မျောက်တို့၊ ဝက်ဝံတို့ဆိုတဲ့ တိရစ်ဆာန်တွေမွေးဖို့ ဝါသနာပါကြောင်း တွေ့ရတဲ့အခါမှာ သာပြီး စိတ်ချသွားတယ်။ ဓာတုဗေဒနည်းနဲ့ စမ်းသပ်လို့ မတွေ့နိုင်တဲ့ အဆိပ်တစ်မျိုးမျိုးကို အသုံးပြုဖို့ စိတ်ကူးဟာ သူကိုယ်တိုင် ဆရာဝန်မို့ သတိရတာပဲ။

အစွယ်ရာကလေး နှစ်ချောင်းကို တွေ့အောင်ရှာနိုင်တဲ့ ပုလိပ်အရာရှိဟာ ခပ်ရှားရှား ရှိတဲ့အပြင် အိန္ဒိယပြည်က ဟိမဝန္တာမြွေပွေးဆိုတာကလည်း ကျုပ်တို့ဆီက မြွေဆိုးများလို လူသေကောင်မှာ အဆိပ်တွေ မည်းနေအောင် မတက်ဘူးဗျ။ ဒီမြွေကို လွှတ်လိုက်ရင် ကြိုးကလျှော့ပြီးသွားဖို့၊ ကိုက်စရာရှိတာ ကိုက်ပြီး ပြန်လာဖို့ကို ဦးတိုးစိန်က နွားနို့တိုက်ပြီး သင်ပေးထားဟန် တူတယ်။

သူ လွှတ်လိုက်တဲ့မြွေက ကြိုးအတိုင်း လျှောက်သွားပြီး ကိုက်တာ မကိုက်တာတော့ ကံတစ်ခုပဲဗျ။ မကိုက်ဘဲ ပြန်လာရတဲ့အခါမှာ လေချွန်သံလိုလို ခင်ချစ်ဆွေ ကြားရတယ်ဆိုတာပေါ့။ ဒီအကြောင်းတွေကို ဦးတိုးစိန် အခန်းထဲမဝင်ခင်ကတည်းက ကျုပ် စဉ်းစားမိတယ်။

သူ့ကုလားထိုင်ကို ကျုပ် ကြည့်တော့လည်း ဦးတိုးစိန်ခြေရာတွေကို ကျုပ် တွေရတယ်။ အဓိပ္ပါယ်က ဘာလဲဆိုတော့ ကုလားထိုင်ပေါ်ကရပ်ပြီး အပေါက်ကလေးဆီ သူ လှမ်းကြည့်တာပေါ့။

နို့ပြီးတော့ ဗီရိုရယ်၊ နွားနို့ခွက်ရယ်၊ ကြိုးကွင်းလွှာ ကျုပ် တွေ့ရပြန်တော့ ကျုပ်သွားလုံးဟာ သာပြီး သေချာသွားပြန်တာပေါ့။ သံချောင်းကြီး လဲသလိုလို အသံကြားတယ် ဆိုတာကတော့ ဗီရိုပိတ်လိုက်ရာမှာ သော့ခလောက်နဲ့ ထိပ်ပေါက်နဲ့ ခိုက်မိတဲ့အသံနဲ့ တူပါရဲ့၊

ကျုပ်စိတ်ထဲမှာ ဒီအမှုဟာ မြွေပဲဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက် ဟုတ်မဟုတ် စုံစမ်းပုံကတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ညတုန်းက ရွိခနဲ အသံကြားကြားချင်း လာပြီဟေ့ဆိုပြီး ကျုပ်က မီးခြစ် ခြစ်ပြီး ကြိမ်လုံးနဲ့ ရိုက်တော့တာပဲ”

“ရိုက်ထုတ်လိုက်တော့ အပေါက်ကလေးက ပြန်ထွက်ပြေးရောပေါ့”

ပြန်ထွက်ပြေးရုံမကဘူးဗျ၊ ကျုပ် ရိုက်လိုက်တဲ့ တုတ်ချက်တွေက တစ်ချက် နှစ်ချက် ထိလေတော့မြွေက မာန်ထွက်ပြီး သူ့သခင် သူပြန်ကိုက်တော့တာပေါ့”

“နေပါဦးဗျ၊ ကျွန်တော်တို့ဟာ မြွေတွေက ကြိုးတန်းလျှောက်နိုင်ပါ့မလား”

“အဲဒါလဲ ဟုတ်တယ်၊ ကမ္ဘာ့မြွေဆိုးတွေအကြောင်း ကျပ် ဖတ်ဖူးတဲ့အထဲမှာ ဟိမဝန္တာ မြွေပွေးဟာ ကြိုးတန်း လျှောက်နိုင်တယ်လို့ တွေ့ရဖူးလေတော့ ကြိုးသွယ်ထားရာ တွေရကတည်းက ကုလားပြည်က မြွေ ဖြစ်ရမယ်လို့ ကျုပ် တွက်ပြီးသားပဲ။ ကျုပ် ရိုက်လွှတ်လိုက်တာ ဦးတိုးစိန်တော့ သေရှာတာပဲ။ သို့သော် ဒီအတွက်တော့ ကျုပ်မှာ ပါဏာတိပါတကံထိုက်မယ်မထင်ပါဘူးဗျာ”
__________________________________

တဂူကူးကူးနှင့်အခြားဝတ္ထုတိုများစာအုပ်မှ

Inscribed by TalaChan