အမွေ
မိုးမိုး(အင်းလျား)

မွန်ဆီယာလန်တင်သည် တစ်ခုသောညနေ၌ သူ့ရုံးရှိ အထက်အရာရှိတစ်ဦးက ပေးသော ပါတီတစ်ခုတွင်အမျိုးသမီးတစ်ယောက်ကို တွေ့ ဆုံမိကာ မေတ္တာသက်ဝင် ချစ်ခင် စွဲလမ်းမိခဲ့လေသည်။

သူမသည် နှစ်အနည်းငယ်က ကွယ်လွန်ခဲ့သော မြို့နယ် အကောက်ဌာန အမှုထမ်းတစ်ဦး၏ သမီးငယ်ပင် ဖြစ်သည်။ ဖခင်ကွယ်လွန်ပြီးနောက် သူမသည် မိခင်နှင့်အတူပဲရစ်မြို့တော်သို့ ပြောင်းရွှေ့လာခဲ့သည်။ သူတို့သားအမိမှာ ဆင်းရဲသော်လည်း ရုပ်ရည်တင့်တယ်လှပပြီး နူးညံ့သိမ်မွေ့သူများ ဖြစ်ကြလေသည်။

အမျိုးသမီးကလေး၏ ရုပ်ရည်မှာ ယောက်ျားပျို
တို့အား သူတို့၏ ဘဝကိုပင် ယုံယုံကြည်ကြည် အပ်နှင်းချင်လောက်အောင် ဆွဲဆောင်နိုင်သော ပါရမီနှင့် ပြည့်စုံလေသည်။ သူမ၏ အလှသည် တုဘက်ကင်း၍ သူမ၏ နှုတ်ခမ်းများမှ အစဉ်ပွင့်လန်းနေသော လျှို့ဝှက်နက်နဲသည့် အပြုံးသည်ပင် သူမ၏ နှလုံးသားမှ ရောင်ပြန်ဟပ်လာသည့်အလား ထင်မှတ်ရပေတော့သည်။

လူတိုင်း လူတိုင်းကပင် သူမ၏ အလှဘွဲ့ကို ချီးကျူးမိကြပြီး သူမကို မြင်ဘူးသူတိုင်းက “ဒီအမျိုးသမီးကိုရတဲ့ ယောက်ျားကတော့ သိပ်ပျော်မှာပဲဗျို့၊ သူ့ထက်သာတဲ့ မိန်းမတော့ မတွေ့ နိုင်တော့ပါဘူး”ဟု ပြောစမှတ်ပြုကြရပေသည်။

မွန်ဆီယာလန်တင်သည် အထက်တန်းစာရေးတစ်ဦးဖြစ်ပြီး တစ်နှစ်လျှင် ဝင်ငွေ ဖရန့် ၃၅ဝဝ မျှ ရရှိသူဖြစ်သည်။ သူက သူမအား ချစ်ရေးဆိုကာ လက်ထပ်ခဲ့လေသည်။

သူသည် မယုံနိုင်လောက်အောင်ပင် ဝမ်းမြောက်ပျော်ရွှင်ခဲ့ရပါ၏။
သူမသည် အိမ်မှုကိစ္စများကို ကျွမ်းကျင်နိုင်နင်း၍ သာယာချမ်းမြေ့သော အိမ်ထောင်ရေးကို ဖန်တီးပေးခဲ့သည်။ သူမသည် ခင်ပွန်းသည်အပေါ် များစွာ ဂရုစိုက်၍ အလိုလိုက်အကြိုက်ပေးကာ နေခဲ့သဖြင့် ခြောက်နှစ်တာ ကာလပတ်လုံး သူမအပေါ် ဆတက်ထမ်းပိုး တိုး၍သာ ချစ်ခင်လာခဲ့ရလေ
သည်။

သူမတွင် အပြစ်ဆိုစရာဟူ၍ သူမ၏ဝါသနာ နှစ်ခုသာရှိလေသည်။

ပွဲလမ်းသဘင်များကို ခုံမင်ခြင်းနှင့် ရွှေငွေ ကျောက်သံပတ္တမြား လက်ဝတ်လက်စား အတုများကို တပ်မက်ခြင်းပင်ဖြစ်လေသည်။

သူမသည် အရာရှိပေါက်စလေးများ၏ ဇနီးများနှင့် သိကျွမ်းခင်မင်နေရာ သူတို့ထံမှ နာမည်ကြီး ပြဇာတ်လက်မှတ်များကို မကြာမကြာ ရရှိလေသည်။ ထိုအခါမျိုးတွင်လည်း ပထမဆုံးညအတွက် ဦးဦးဖျားဖျားရရှိတတ်သည်သာဖြစ်၏။ သူမသည် ဤပျော်ပွဲရွှင်ပွဲများသို့ သူမ၏ ခင်ပွန်းသည်ကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အတင်းဆွဲခေါ်သွားလေ့ရှိသည်။

ထိုအခါ ရုံးတွင် တစ်နေ့တာလုံး အလုပ်လုပ်ခဲ့ရသူ သူ့အဖို့ များစွာ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်ရလေသည်။ သို့ကြောင့်ပင် သူက သူမအား အခြားရင်းနှီးသူ မိန်းမဖော်များနှင့်သွားပြီး ပြန်ပို့ခိုင်းပါဟု တောင်းပန်ရလေသည်။

သို့သော် ဤအပြုအမူမျိုးသည် ခင်ပွန်းသည်ကို မလေးစားရာရောက်သည်ဟု ယူဆမိသူ သူမက လက်မခံခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ခင်ပွန်းသည်အလိုကျ သဘောတူခဲ့ရတော့သည်။

ဤသို့ ပွဲလမ်းသဘင်များကို ခုံမင်သူ သူမအတွက် သူမကိုယ်ကို မွမ်းမံချယ်လှယ်လိုသည့် စိတ်ကလေးကလည်း ပိုမို ကြီးမားလာရတော့သည်။
မှန်ပါ၏။ သူမ၏ အဝတ်အစားများမှာ အလွန်ရိုးပြီး ပွဲမဝင်တော့ပါပေ။
ဤရိုးလွန်းသော အဝတ်အစားများကပင် သူမ၏ သိမ်မွေ့သောအလှ၊ ဆွဲဆောင်နိုင်သော အပြုံးတို့ကို ပို၍ ပေါ်လွင်နေစေပါ၏။ သို့သော် သူမသည် စိန်ကဲ့သို့ တောက်ပြောင်နေသော ကျောက်တုများဖြင့်စီခြယ်ထားသည့် နားကပ်ကိုလည်းကောင်း၊ ပုလဲတုဖြင့်ပြုလုပ်ထားသော ဆွဲကြိုးကိုလည်းကောင်း၊ ရွှေလက်ကောက်များ၊ ကျောက်အစစ်နှင့်တူအောင် သွေးထားသော ရောင်စုံဆံထိုးများကိုလည်းကောင်း ဝတ်စားဆင်ယင်၍ သွားတတ်လေသည်။

ဤအပြုအမူများကို မြင်ရသူ ခင်ပွန်းသည်က မကြာခဏ ပြောတတ်သည်။

“မိန်းမတစ်ယောက်ဟာ ရတနာအစစ်တွေကို မဝတ်နိုင်ဘူးဆိုရင် သူ့ပင်ကိုအလှကို ပိုပြီးတော့တောင် ပေါ်လွင်စေသေးတယ်၊ ဒါမှ တကယ့် အဖိုးအတန်ဆုံး ရတနာပေါ့”

သို့သော် သူမက ပြုံးပြုံးလေး ပြန်ပြောတတ်သည်။

“ဒါ တော့ မတတ်နိုင်ဘူး ရှင်ရေ၊ ကျွန်မကိုယ်က ရတနာအတုတွေကို နှစ်သက်နေတာပဲ။ ရှင်ပြောတာလဲ မှန်ပါတယ်၊ ဒါပေမဲ့ လူဆိုတာ ဗီဇကို ပြင်နိုင်ခဲသားကလား။ ကျွန်မလည်း ရတနာအစစ်ကိုသာ ပိုင်ချင်တာပေါ့ရှင်”

ထို့နောက် သူမသည် ပုလဲပုတီးလေးကို လက်ချောင်းများကြားတွင် ဝှေ့ ရမ်းကာ အရောင်တဖျတ်ဖျတ်လက်နေသော ကျောက်မျက်များကိုပြပြီး

“ကြည့်စမ်းပါဦး လုပ်ထားတာ ဘယ်လောက်လှသလဲ၊ လူတိုင်းက အစစ်လို့ ထင်မှာပဲ’ဟု ဆိုတတ်လေသည်။

တစ်ခါတစ်ရံ သူတို့နှစ်ဦးသည် မီးဖိုဘေးတွင်အတူထိုင်နေကြစဉ် သူမသည် သူမ၏ အဖိုးမတန်သည့် ရတနာတုများ ထည့်ထားသော သားရေသေတ္တာလေးကို စားပွဲပေါ် တင်ထားတတ်လေသည်။ ထို့နောက် သူမ၏ ရတနာတုများကို စိတ်ပါလက်ပါ ကြည့်ရှု စစ်ဆေးနေတတ်ပြန်သည်။

ထိုအခါမျိုးတွင် သူမကိုကြည့်ရသည်မှာ လျှို့ဝှက်သိုသိပ်သော ကြည်နူးနှစ်သိမ့်မှုမျိုးဖြင့် ရွှင်မြူးနေသည့်အလား ထင်ရလေတော့သည်။ ထို့နောက် သူမသည် ဆွဲကြိုးတစ်ကုံးကိုယူကာ သူမ၏ ခင်ပွန်းလည်တွင် မရမက ဆွဲပေးပြီး သိမ့်သိမ့်ခါအောင် ရယ်မောနေတတ်ပြန်သည်။

“မောင့်ကိုကြည့်ရတာ သိပ်ရယ်စရာကောင်းတာပဲ”

ထို့နောက် သူ့လက်မောင်းကြားသို့ တိုးဝင်ပြီး အားပါးတရ နမ်းတတ်လေသည်။
ဆောင်းညတစ်ညတွင်မူ သူမသည် ကပွဲတစ်ခုသို့သွားရာမှ အပြန် အအေးမိ၍ ခိုက်ခိုက်တုန်လာခဲ့သည်။ နောက်နေ့မနက်တွင် ချောင်းဆိုးလာကာ တစ်ပတ်ခန့်အကြာတွင်မူ အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသွားရှာလေတော့၏။

လန်တင်းခမျာမှာ သူမနှင့်အတူလိုက်၍ပင် သေတော့မတတ် ပူဆွေးသောက ရောက်ခဲ့ရရှာသည်။ သူ၏ ပရိဒေဝ သောကမီးမှာ အလွန်ကြီးမားရကား တစ်လအတွင်းမှာပင် ဆံပင်များဖြူကုန်သည်အထိ ဖြစ်ရရှာသည်။

သူသည် နေ့ရောညပါ ငိုကြွေးလျက် သူ့နှလုံးသားသည် မခံမရပ်နိုင်လောက်အောင် ကွဲအက်နာကျင်ခဲ့ရသည်။ သူ့ ချစ်ဇနီးလေး၏ အပြုံးလေးများ၊ အသံလေးများ၊ ချစ်စရာအပြုအမူကလေးများကိုအချိန်တိုင်းပင် သတိရနေတော့သည်။

အချိန်သည် သူ၏ ပူဆွေးသောကကို လျော့ပါးခြင်းငှာ မကုစားနိုင်ခဲ့ပါပေ။ မကြာခဏဆိုသလို ရုံးချိန်အတွင်း၌ပင် သူ၏ လုပ်ဖော်ကိုင်ဘက်များက ထွေရာလေးပါး စကားစမြည်ပြောရန် လာကြသည့်တိုင် သူ့မျက်လုံးတွင် မျက်ရည်များ ပြည့်လျှမ်းလာပြီး ရှိုက်ကြီးတငင် ငိုချတတ်ပေသေးသည်။

သူသည် ဇနီးဖြစ်သူ၏ အခန်းကို ယခင်အတိုင်းပင်ထားလျက် နေ့စဉ် ထိုအခန်းတွင်းသို့ဝင်ကာ တံခါးပိတ်၍နေပြီး သူမ အကြောင်းကိုသာ တွေးတောနေတတ်လေသည်၊ သူမ၏ အဝတ်အစားများနှင့် အသုံးအဆောင်များကိုလည်း သူမ သေဆုံးခဲ့သည့်နေ့ကအတိုင်း နေရာမပျက် ရှိနေစေသည်။

သို့သော် မကြာမီပင် သူ့တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရလေသည်။ ယခင်က ဇနီးသည်လက်တွင်သာ အပ်နှံးသုံးစွဲနေခဲ့သော သူ၏ ဝင်ငွေသည် ယခုအခါ သူ့ အတွက် လောက်ငှခြင်း မရှိတော့ပေ။ သူ့ဇနီးသည် ဈေးကြီးသော အစားအစာများ၊ အကောင်းစား ဝိုင်အရက်များကို သူ့အတွက် ဘယ်ပုံစံ စီမံကျွေးမွေးခဲ့ပါလိမ့်ဟု စဉ်းစားကာ အံ့ဩမိရတော့သည်။

အကြောင်းမူ ထိုအရာများကို သူ၏ သာမန်ဝင်ငွေဖြင့် ဝယ်ယူသုံးစွဲရန် မတတ်နိုင်တော့သည်ကို တွေ့ ရသောကြောင့် ဖြစ်လေသည်။

သူ့တွင် အကြွေးများပင် တင်လာပြီး နောက်ဆုံးတွင် လကုန်ရက်၌ သူ့တွင် ပိုက်ဆံတစ်ပြားမျှ မကျန်တော့သည့်အဖြစ်ကိုပင် ကြုံရလေတော့သည်။ သူသည် တစ်စုံတစ်ရာ ရောင်းချသုံးစွဲရန် ဆုံးဖြတ်လိုက်သည်။

ထိုအခါ သူ့ဇနီးသည်၏ အဖိုးမတန်သော ရတနာအတုများကို ရောင်းပစ်ရန် အကြံရလေတော့၏။ သူသည် ယခင်ကတည်းက မနှစ်သက်ခဲ့သော ဤရတနာအတုများကို နေ့စဉ်မြင်နေရခြင်းသည် သူ့ချစ်ဇနီးကို သတိရသော စိတ်ကိုပင် အနှောင့်အယှက် ဖြစ်စေသေးသည်။

သူ့ဇနီးထားခဲ့သော အဖိုးမတန်သည့် လက်ဝတ်လက်စား အစုအပုံကြီးထဲမှ ရောင်းလိုသည့်ပစ္စည်းကို အချိန်အတန်ကြာအောင်ပင် ရှာဖွေခဲ့ရသည်။

သူမသည် ဤများလှစွာသော ပစ္စည်းများကို နောက်ဆုံးနေ့များအထိ ခေါင်းမာစွာ ဝယ်ယူနေခဲ့သည်။ ညနေတိုင်းလိုလိုပင် ပစ္စည်းသစ်တစ်ခုခုကို ဝယ်ပြီးမှ အိမ်သို့ ပြန်လာတတ်ခဲ့လေသည်။

နောက်ဆုံးတွင် သူမ အကြိုက်ဆုံးဟု ထင်ရသော ဘယက်ကြီးတစ်ကုံးကို ရောင်းရန်ဆုံးဖြတ်လိုက်သည်။ ကျောက်အတုများဖြင့် လှပစွာ ပြုလုပ်ထားသော ဤဘယက်သည် ဖရန့်ဒင်္ဂါး ခြောက်ပြား သို့မဟုတ် ခုနှစ်ပြားခန့်တော့ တန်လိမ့်မည်ဟု ခန့်မှန်းရလေသည်။

သူသည် ဘယက်ကြီးကို အိတ်တွင်းသို့ထည့်ကာ ရုံးသို့ထွက်လာရင်း လမ်းဘေးတစ်ဖက်တစ်ချက်ဆီမှ ယုံကြည်စိတ်ချရမည်ဟု ထင်ရသော ရတနာဆိုင်များကို ကြည့်ရှုလာခဲ့သည်။ နောက်ဆုံး ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ခဲ့၏။

ဤမျှတန်ဖိုးသေးနုပ်သော ပစ္စည်းလေးကို ရောင်းချရန်နှင့် သူ၏ဘိုင်ကျပုံကို ဤနည်းဖြင့် လူသိခံရမည်ကို အနည်းငယ် ရှက်နေမိလေသည်။

“ဒီပစ္စည်းလေး ဘယ်လောက်တန်တယ်ဆိုတာ သိချင်လို့ပါ ခင်ဗျာ”

သူက ရတနာဆိုင်ရှင်ကို ပြောလိုက်သည်။

ဆိုင်ရှင်လူကြီးက ဘယက်ကိုယူပြီး စစ်ဆေးကြည့်၏။ ဟိုဘက်သည်ဘက် လှည့်ကြည့်သည်။ ချိန်ကြည့်သည်။ မှန်ဘီလူးဖြင့် စစ်ဆေးသည်။ သူ့တပည့်ကိုခေါ်ကာ အသံနှိမ်၍ တစ်စုံတစ်ရာ ပြော၏။ ထို့နောက် ဘယက်ကို ကောင်တာပေါ်တင်လိုက်ကာ ခပ်လှမ်းလှမ်းမှ ကြည့်ရှုခန့်မှန်းပြန်သည်။

မွန်ဆီယာလန်တင်မှာ ဤအပြုအမူများကို စိတ်မရှည်အောင်ဖြစ်လာပြီး ပါးစပ်မှ ဖွင့်ပြောမိတော့သည်။

‘အို ဒါ ဘယ်လောက်မှ မတန်ဘူးဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်ဗျာ”
သို့သော် ရတနာဆိုင်ရှင်က ဆို၏။

“ဘယက်ဟာ သောင်းနှစ်ထောင်နဲ့ သောင်းငါးထောင်ကြားလောက်တန်တယ်၊ ဒါပေမဲ့ ဒါကို ဘယ်ကရခဲ့တယ်ဆိုတာ မပြောဘဲနဲ့တော့ ကျွန်တော် မဝယ်နိုင်ပါဘူး’

မုဆိုးဖိုကြီးသည် ဆိုင်ရှင်ပြောသည်ကို ဘယ်လိုမျှ နားမလည်နိုင်ဘဲ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြင့် မင်သက်မိနေတော့သည်။
နောက်ဆုံး သူက ထစ်ထစ်ငေါ့ငေါ့ဖြင့်

“ခင်ဗျား ဘာပြောတာလဲ၊ သေချာရဲ့လားဗျာဟု မေးမိလေသည်။
ထိုအခါ ဆိုင်ရှင်ကလည်း သူ အံ့သြနေသည်ကိုပင် နားမလည်စွာဖြင့် တိုတိုတောင်းတောင်း ပြန်ပြောလေသည်။

“ခင်ဗျား အခြားဆိုင်တစ်ဆိုင်ဆိုင်သွားပြီး ဒီထက် ပိုပေးမလားလို့ မေးကြည့်ဦး၊ ကျုပ် စိတ်ထင်တော့ ဒါ သောင်းငါးထောင် အများဆုံးတန်တယ်၊ ဒီထက်ပိုပေးမယ့်သူ မရှိဘူးဆိုရင်တော့ ပြန်လာခဲ့ပေါ့ မွန်ဆီယာလန်တင်သည် အလွန် အံ့အားသင့်စွာဖြင့် စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲဘယက်ကိုယူကာ ပြန်ထွက်ခဲ့လေသည်။ တစ်ယောက်တည်း စဉ်းစားဦးမည်ဟုလည်း မရေရာသောစိတ်ဖြင့် ဆုံးဖြတ်မိသည်။

သို့သော် သူသည် စဉ်းစားပြီး ရယ်ချင်၍သာလာသည်။

“အရူးပဲ အရူးပဲ။ စိန်အစစ်နဲ့ အတုကိုတောင် မခွဲနိုင်တဲ့ ပန်းထိမ်ဆရာကလည်း ရှိသေးတယ်”

ထို့နောက် သူသည် ဒီ လာပေး လမ်းရှိ အခြားရတနာဆိုင်တစ်ဆိုင်သို့ သွားခဲ့ပြန်သည်။ ရတနာဆိုင်ရှင်သည် ဘယက်ကို မြင်လျှင် မြင်ချင်း အံ့အားသင့်စွာဖြင့်

“ဘယ့်နှယ်၊ ဒီဘယက်ကို ကျွန်တော် ကောင်းကောင်းသိတာပေါ့၊ ဒီဆိုင်က ဝယ်သွားခဲ့တာပဲ” ဟု ဆိုလေသည်။

မွန်ဆီယာလန်တင်မှာလည်း အံ့အားသင့်စွာဖြင့်
“ဒါ ဘယ်လောက်တန်သလဲဗျာ’ဟု မေးမိလေသည်။

“ဒါကို ကျွန်တော် နှစ်သောင်းငါးထောင်နဲ့ ရောင်းခဲ့တာပဲ။ ခင်ဗျားပိုင်ပစ္စည်း ဖြစ်တယ်ဆိုတဲ့အကြောင်း တရားဝင်သဘောတူညီချက်နဲ့ ပြန်ဝယ်ရမယ်ဆိုရင်တော့ သောင်းရှစ်ထောင်ပေးမယ်ဗျာ’

သည်တစ်ကြိမ်တွင်တော့ မွန်ဆီယာလန်တင်မှာ ဘာမျှ မပြောနိုင်တော့ပေ။ သူသည် ထိုင်ချလိုက်ကာ ပြောလိုက်၏။

“ဒါပေမဲ့ ဒါပေမဲ့ သေချာချာ စစ်ဆေးစမ်းပါဦးဗျာ၊ ကျွန်တော်တော့ ခုထိ ဒါကို အတုလို့ ထင်နေတုန်းပဲ”

“တဆိတ် ခင်ဗျားနာမည် ပြောပါလားဗျာ”
ဆိုင်ရှင်က ဆိုသည်။

“ကျွန်တော့်နာမည် လန်တင်ပါ၊ ကျွန်တော် ဝန်ထမ်းတစ်ယောက်ပါ၊ မားတားလမ်း အမှတ် ၁၆ မှာ နေပါတယ်ဗျာ”

ဆိုင်ရှင်သည် သူ့ စာအုပ်များကိုဖွင့်၍ ပြေစာများကို ပြန်ရှာပြီး

“ဟုတ်ကဲ့ ဒီဘယက်ကို ၁၈၇၆ ခု၊ ဇူလိုင်လ ၂၀ ရက်နေ့က မားကားလမ်း အိမ်နံပါတ် ၁၆၊ မဒမ်လန်တင်ကို ရောင်းခဲ့တာပါ”

ယောက်ျားနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လျက် လန်တင်မှာမူ အံ့သြလွန်းသဖြင့် စကားပင်မပြောနိုင်တော့ပေ။ ဆိုင်ရှင်ကမူ သူ့ကို သူခိုးတစ်ယောက်သဖွယ် စူးစမ်းကြည့်ရှုနေလေသည်။ နောက်ဆုံးတွင်

“ခင်ဗျား ဘယက်ကို ကျွန်တော့်ဆီမှာ ၂၄ နာရီလောက် ထားခဲ့ပါလား၊ ကျွန်တော် လက်ခံပြေစာတစ်ခု ပေးလိုက်ပါ့မယ်”

“အို ထားခဲ့ပါ့မယ်”

မွန်ဆီယာလန်တင်သည် အထစ်ထစ်အငေါ့ငေါ့ပြောကာ စာရွက်ငယ်ကို ခေါက်ပြီး အိတ်ထဲသို့ထည့်လျက် ပြန်ထွက်လာခဲ့လေသည်။

ထို့နောက် သူသည် စိတ်ဂယောက်ဂယက်ဖြင့် လမ်းတွေကို အမှားမှားအယွင်းယွင်း လျှောက်နေမိလေသည်။ သူသည် ဤအဖြစ်ကို နားလည်အောင် ကြိုးစား၍ အဖြေရှာနေမိသည်။ သူ့ဇနီးသည် အဖိုးထိုက်သောပစ္စည်း တစ်စုံတစ်ရာကို ဝယ်ရန် တတ်နိုင်ခဲ့သည်မဟုတ်။

သို့သော် အဖြစ်မှာ အမှန်တွေသာ ဖြစ်၏။ သို့သော် ဤပစ္စည်းသည် လက်ဆောင်ရသည့် ပစ္စည်းတစ်ခု ဖြစ်နေရင်ကော။ လက်ဆောင် လက်ဆောင်၊ ဘယ်သူ့ဆီက လက်ဆောင်ပါလိမ့်၊ ဘာအတွက်များ ပေးခဲ့ပါလိမ့်၊ ဘာအတွက်များ၊ ဘာအတွက်များ။

သူသည် ခြေလှမ်းကိုရပ်ကာ လမ်းလယ်ခေါင်တွင် ရပ်နေမိပြန်သည်။
သူ့စိတ်တွင် ကြီးမားသော သံသယကြီးတစ်ခု ဝင်ရောက်ခဲ့ပေပြီ။ အခြားရတနာတွေကော လက်ဆောင်ရတနာတွေပဲလား၊ ကမ္ဘာမြေကြီးသည် လည်ပတ်လာသည်ဟု ထင်မိကာ သူ့ခြေထောက်နှင့် ရှေ့မှ သစ်ပင်ကြီးသည် လဲပြိုသွားသည်ဟု ထင်မိ၏။ သူ့လက်များကို မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ သတိလစ်သွားလေတော့သည်။

သူ့ကို လမ်းသွားလမ်းလာများက ပို့ပေးသဖြင့် ဆေးတိုက်တစ်ခုသို့ ရောက်သွားကာ သတိပြန်လည်လာလေသည်။ မြင်းလှည်းတစ်စီးဖြင့် အိမ်သို့ပြန်ခဲ့ပြီး အိမ်ထဲတွင်တံခါးပိတ်ကာ နေလိုက်သည်။

သူသည် ညသန်းခေါင်တိုင်အောင် သည်းထန်စွာ ငိုကြွေးပြီး အသံမထွက်အောင် လက်ကိုင်ပဝါဖြင့် ပါးစပ်ကိုပိတ်ဆို့ထားလေသည်။
ထိုနောက် အိပ်ရာပေါ်သို့ ပစ်လှဲကာ သစ်တုံးတစ်တုံးအလား အိပ်ပျော် သွားရှာတော့သည်။
နေရောင်ခြည်တန်းလေးသည် သူ့ကို နှိုးသဖြင့် အလုပ်ခွင်သို့သွားရန် ဖြေးညင်းစွာ ထခဲ့ရလေသည်။ စိတ်တုန်လှုပ်ချောက်ချားခဲ့ရသော အဖြစ်များကြောင့် အလုပ်ဆင်းရန် လေးကန်နေမိလေသည်။

ထို့ကြောင့်ပင် သူ့ အထက်အရာရှိထံသို့ စာတစ်စောင်ရေးပြီး ခွင့်တောင်းလိုက်ရသည်။
ထို့နောက် သူသည် ရတနာဆိုင်သို့ သွားရန်ရှိသည်ကို သတိရကာ ရှက်နေမိပြန်သည်။ သူသည် အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သေးသည်။ သို့သော် ဘယက်ကို ထိုလူ့ထံတွင် ပစ်မထားနိုင်ပါပေ။

ထို့ကြောင့် သူသည် အဝတ်အစားလဲကာ ထွက်လာခဲ့သည်။
ထိုနေ့သည် သာယာသောနေ့တစ်နေ့ဖြစ်ပြီး ကောင်းကင်ပြာအောက်တွင် မြို့တော်သည် လှပတင့်တယ်၍နေသည်။ လူတို့သည် ဘောင်းဘီအိတ်များတွင်လက်လျှိုလျက် လမ်းပေါ်တွင် ဥဒဟို လျှောက်သွားနေကြလေသည်။ သူတို့ကိုကြည့်ပြီး လန်တင်သည် သူ့ကိုယ်သူ ရေရွတ်နေမိသည်။

“ချမ်းသာတဲ့လူတွေဟာ ဘယ်လောက်ကံကောင်းသလဲ၊ ငွေသာရှိရင် ဘယ်လောက်ကြီးမားတဲ့ ဝမ်းနည်းပူဆွေးစရာကိုမဆို မေ့ပျောက်နိုင်တယ်။
သွားချင်တဲ့နေရာ သွားနိုင်တယ်၊ ပျော်နိုင်တယ်။ အို ငါ ချမ်းသာရင်”

သူသည် ဆာလောင်လာလေသည်။ နှစ်ရက်လုံးလုံး သူ ဘာမျှမစားခဲ့ပေ။ သို့သော် သူ့ အိတ်ထဲတွင်ကား ဗလာနတ္ထိသာဖြစ်၏။ ထို့နောက် သူ့ဘယက်ကို သတိရပြန်သည်။ ဖရန့်သောင်းရှစ်ထောင် သောင်းနှစ်ထောင်၊ ဒါဟာ နည်းတဲ့ငွေ မဟုတ်ဘူး။

ဒီ လာပေး လမ်းသို့ရောက်သောအခါ သူသည် ရတနာဆိုင်ရှေ့ မျက်နှာချင်းဆိုင်ရှိ ပလက်ဖောင်းပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိလေသည်။ ဖရန့်သောင်းရှစ်ထောင်။ အချိန်အတန်ကြာသောအခါ သူသည် ဆိုင်ထဲဝင်တော့မည် ပြုသည်။ သို့သော် ရှက်စိတ်က သူ့ကို နောက်ပြန်ဆွဲလျက် ရှိလေသည်။

သူသည် ဆာလောင်လာပြန်သည်။ အလွန်ဆာလာသည်။ သို့သော် သူ့တွင် ငွေတစ်ပြားမျှ မရှိ။ သူသည် သူ့စိတ်ကို လျင်မြန်စွာ ဆုံးဖြတ်လိုက်ကာ လမ်းကို ပြေး၍ ဖြတ်ကူးလိုက်ပြီး ဘာမျှ စဉ်းစားမနေတော့ဘဲ ဆိုင်ထဲသို့ ပြေးဝင်ခဲ့လေသည်။

ဆိုင်ရှင်သည် သူ့ကို မြင်မြင်ချင်း ရှေ့သို့တိုးကာ ယဉ်ကျေးစွာပြုံးလျက် ကုလားထိုင်ကို ထိုးပေးလေသည်။ သူ့ တပည့်များလည်း ဆိုင်ထဲသို့ဝင်လာကြပြီး လန်တင်ကို ခိုးကြည့်ကာ ရယ်ချင်စိတ်ကို မြိုသိပ်နေကြရလေသည်။ သူတို့နှုတ်ခမ်းနှင့် မျက်လုံးများက ပြုံးယောင်သန်းနေကြတော့သည်။

“ကျွန်တော် စုံစမ်းပြီးပါပြီ”
ဆိုင်ရှင်က ဆိုသည်။

“ဒီတော့ ခင်ဗျားဘယက်ကို ရောင်းချင်သေးတယ်ဆိုရင် ကျွန်တော်ပေးထားတဲ့ ဈေးအတိုင်းပေးဖို့ အသင့်ပါပဲ’

“ရောင်းမှာပေါ့ဗျာ”
လန်တင်က ထစ်ငေါ့စွာ ပြန်ပြောလိုက်သည်။

ဆိုင်ရှင်သည် အံဆွဲထဲမှ ငွေသောင်းရှစ်ထောင်ကိုယူပြီး ရေတွက်ကာ လန်တင်သို့ ကမ်းပေးလိုက်သည်။ လန်တင်သည် တုန်ယင်သော လက်များဖြင့် ပြေစာတွင် လက်မှတ်ထိုးပြီး ငွေများကို အိတ်တွင်းသို့ ထည့်လိုက်လေသည်။

ထိုနောက် ဆိုင်ပြင်သို့ထွက်လာခဲ့ပြီး သူ့ကို ပြုံး၍ကြည့်နေသော ဆိုင်ရှင်ကို ပြန်လှည့်ကြည့်ကာ ပြောလိုက်၏။

“ကျွန်တော့်မှာ အခြား အဲ အခြားတရားဝင် အမွေရထားတဲ့ရတနာတွေ ရှိပါသေးတယ်။ ခင်ဗျား ဝယ်ဦးမလား’
ဆိုင်ရှင်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ ဝယ်ပါ့မယ်”
ဆိုင်ရှင်၏ တပည့်တစ်ယောက်သည် ရယ်ချင်စိတ်ကို မမြိုသိပ်နိုင်တော့ဘဲ အပြင်သို့ထွက်သွားလေသည်။ အခြားတစ်ယောက်ကလည်း သူ့ပါးစပ်ကို အတင်းစေ့ထားရသည်။

လန်တင်သည် မျက်နှာကြီး နီမြန်းလာကာ မလှုပ်မယှက်ရပ်နေမိသည်။

“ကျွန်တော် ယူလာခဲ့ပါ့မယ်” သူက ပြောလိုက်သည်။

ထို့နောက် မြင်းလှည်းတစ်စီးဖြင့် အိမ်သို့ပြန်၍ ရတနာများကို ယူလေသည်။

တစ်နာရီခန့်အကြာ ဆိုင်သို့ပြန်လာသည်အထိ သူဘာမျှ မစားရသေးပေ။

ရတနာဆိုင်ရှင်နှင့် သူ့တပည့်များသည် ရတနာများကို တစ်ခုပြီးတစ်ခု စစ်ဆေးပြီး တစ်ခုစီ၏ တန်ဖိုးများကို ခန့်မှန်းတွက်ချက်ကြသည်။

ရတနာအားလုံးလိုလိုသည် ထိုဆိုင်မှ ဝယ်ခဲ့သော ပစ္စည်းများ ဖြစ်၏။

လန်တင်သည် တန်ဖိုးဖြတ်မှုနှင့်ပတ်သက်၍ ငြင်းခုံစ ပြုလာလေသည်။ အရောင်းဘောက်ချာစာရင်းကိုကြည့်၍ အခိုင်အမာ ငြင်းခုံသည်။
ငွေများလာသည့်အလျှောက် သူ့ အသံသည် ကျယ်၍ ကျယ်၍ လာလေသည်။

စိန်နားကပ်ကြီးတစ်ရံသည် နှစ်သောင်းတန်၍ လက်ကောက်က သုံးသောင်းငါးထောင်တန်သည်။ ရင်ထိုး၊ လက်စွပ်၊ ဆွဲပြား စသည်တို့က သောင်းခြောက်ထောင်၊ မြနှင့် နီလာတစ်စုံက သောင်းလေးထောင်၊ ကျောက်တစ်လုံးတည်းမြုပ်၍ လုပ်ထားသော ရွှေဆွဲကြိုးက လေးသောင်းစသည်ဖြင့်
အားလုံး ပေါင်းလိုက်သောအခါ တစ်သိန်းကိုးသောင်း ခြောက်ထောင်ကျလေသည်။

ရတနာဆိုင်ရှင်က ရယ်သလို မောသလိုနှင့် မှတ်ချက်ချ၏။

“ဒီဟာတွေဟာ ရသမျှငွေကို ရတနာတွေချည်းဖြစ်အောင် လုပ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်က ပိုင်ခဲ့တာပဲနော်”
လန်တင်က ခပ်တည်တည် ပြန်ပြောလိုက်သည်။

“ဒါဟာ ငွေကိုစုဆောင်းတဲ့ နည်းကောင်းပဲဟာ
ထို့နောက် သူသည် နောက်တစ်နေ့တွင် တန်ဖိုးများကို ဒုတိယအကြိမ် တိတိကျကျ သတ်မှတ်ရန် ဆိုင်ရှင်နှင့် စီစဉ်ပြီး ပြန်ခဲ့လေသည်။

သူသည် စိတ်လက်ပေါ့ပါး ရွှင်လန်းနေလေသည်။ စားသောက်ဆိုင်သို့သွားပြီး တစ်ပုလင်းလျှင် ဖရန့်နှစ်ဆယ်ပေးရသော ဝိုင်အရက်ကို အစားအစာများနှင့်အတူ မှာ၍ စားသောက်သည်။ ထို့နောက် မြင်းလှည်းတစ်စီးကိုငှားကာ လည်ပတ်လေသည်။ လမ်းပေါ်မှ အခြားသူများကို အထင်သေးစွာကြည့်လျက်

“ငါလဲပဲ လူချမ်းသာတစ်ယောက်ပဲ၊ ငါ့မှာ ငွေနှစ်သိန်းလောက် ချမ်းသာနေပြီ”ဟု တွေးနေလိုက်သည်။
ရုတ်တရက် သူ အလုပ်ဌာနကို သတိရလာသည်။ ချက်ချင်းပင် သူ့ဌာနသို့မောင်းခိုင်းပြီး သူ့ အထက်အရာရှိ ရုံးခန်းသို့ ခပ်သွက်သွက်ဝင်သွားကာ

“ကျွန်တော် အလုပ်ထွက်ဖို့ လာပါတယ်။ ကျွန်တော် ငွေသုံးသိန်းလောက် အမွေရလိုက်ပါတယ်’ဟု ပြောလေသည်။

သူသည် လုပ်ဖော်ကိုင်ဘက်ဟောင်းများနှင့် လက်ဆွဲနှုတ်ဆက်ကာ သူရှေ့ရေး အစီအစဉ်အချို့ကို ပြောပြလေသည်။ ထိုနောက် ညစာစားရန် ထွက်ခွာလာခဲ့သည်။

သူသည် နာမည်ကြီး ဟိုတယ်အတွင်းဝယ် ရည်ရည်မွန်မွန်ရှိမည်ဟု ထင်ရသော လူကြီးလူကောင်းတစ်ယောက်ဘေးတွင် ထိုင်မိသောအခါ သူ့ကိုယ်သူ မအောင့်အည်းနိုင်တော့ဘဲ သူသည် မကြာသေးမီက လေးသိန်းကို အမွေရလိုက်သည်ဟု ရှက်ရှက်နှင့် ကြွားလိုက်မိပြန်လေသည်။

လူ့ဘ၀တွင် ပထမဆုံးအကြိမ် ကပွဲရုံသို့ မငြီးမငွေ့ သွားကာ ထိုညကို မိန်းမအချို့နှင့် အချိန်ဖြုန်းပစ်လိုက်လေသည်။

နောက် ခြောက်လခန့်အကြာတွင် သူသည် နောက်ထပ် အိမ်ထောင် ပြုလေတော့သည်။ သူ့ ဒုတိယဇနီးမှာ အလွန်ပင် ဣန္ဒြေသိက္ခာရှိသော မိန်းမတစ်ဦးကားဖြစ်သည်။ သို့သော် စိတ်နေစိတ်ထားမှာမှ ယုတ်ညံ့ဆိုးသွမ်းလှသူ ဖြစ်လေသည်။ သူမသည် သူ့ဘဝကို ပျော်ရွှင်ချမ်းမြေ့အောင် စွမ်းဆောင်နိုင်သည့်ပြင် အလွန်ပင် စိတ်ဆင်းရဲအောင် ပြုမူသူသာ ဖြစ်လေတော့သည်။
⬛

မိုးမိုး(အင်းလျား)
ဘာသာပြန်စာပဒေသာ၊ ဩဂုတ်၊ ၁၉၇၄