အမှတ်တရ မုန်တိုင်း
မင်းလူ
အချိန်နှင့်အမျှ သူ့ကိုသာ သတိရနေတော့သည်ဟု မပြောလိုပါ။ ဒါမျိုးက ဖြစ်လည်း မဖြစ်နိုင်ပါ။
ဘဝလမ်းတစ်လျှောက်လုံးကို သတိရခြင်း၊ လွမ်းမောတမ်းတခြင်းတို့ဖြင့်သာ ကုန်ဆုံးသွားစေဖို့ ဆိုသည်မှာ
ဘယ်လိုမှ သဘာဝမကျသောကိစ္စဟု ကျွန်တော် ထင်သည်။ လက်တွေ့ဘဝတွင် လုပ်စရာတွေ
အများကြီးရှိသည်။ နေ့စဉ်နှင့်အမျှ သီးခြားမျိုးကွဲ ပြဿနာတွေနှင့် ကြုံရသည်။ ဒါတွေကို
ဖြေရှင်းနေရခြင်းကပင် အချိန်များစွာကို သိမ်းပိုက်ထားသည်။ သို့နှင့် သူ့ကို တိုက်ဆိုင်မှုရှိမှသာ
သတိရဖြစ်တော့သည်။
—–****—–
ကျောင်းဆင်းခါစမို့ အသွားအလာ ရှုပ်ယှက်ခတ်နေသည်။ သူတို့၏ တိုယိုပက်ကားကလေးသည် လူရှင်းအောင် စောင့်နေရသဖြင့် မထွက်နိုင်သေး။ ကျွန်တော်တို့လို စက်ဘီးနှင့်
ကျောင်းတက်သူတွေကတော့ ဘဲလ်သံ “ကလင် ကလင်” ပေးရင်း ကျွမ်းကျင်စွာ ကွေ့ပတ်ရှောင်တိမ်းသွားကြသည်။
ကားအနီးသို့ ရောက်သောအခါ ကားနောက်ပိုင်းမှာ ထိုင်နေသော သူ့ကို တွေ့ရသည်။ လွန်ခဲ့သော သုံးလေးရက်ကမှ ကျောင်းကိုရောက်လာသော ကျောင်းသူအသစ်ကလေး ဖြစ်ပါသည်။
သူတို့ကားဆီက တစ်စုံတစ်ခုကို ကျွန်တော်မြင်သည်။ နို့ဆီခွက်စုတ် တစ်လုံးကို ကြိုးနှင့်ချည်၍
ကားနောက်ဘက်မှာ ချိတ်ဆွဲထားခြင်းပင်။ တစ်ယောက်ယောက် နောက်တာပဲ။ ကားထွက်လျှင်
နို့ဆီခွက်က ကလုံကလင်မြည်ပြီး ပါသွားမည်။ ဝိုင်းရယ်ကြမည်။ ဒါမျိုးက ကျနွ်တော်လည်း လုပ်နေကျ။
ဒီတစ်ခါတော့ နို့ဆီခွက်တန်းလန်းနှင့်သာ ကားထွက်သွားလျှင် ကောင်မလေးတော့ ရှက်သွားမှာပဲဟု
တွေးမိသည်။ သူ့ကို သတိပေးဖို့လည်း စိတ်ကူးလိုက်သည်။
“ဟေ့ ဟေ့.. နင်တို့ကားနောက်မှာ ဘယ်ကောင် နို့ဆီခွက် လာချည်ထားမှန်း မသိဘူး”
သူက ကောင်းကောင်း နားမရှင်းဟန်ဖြင့် ကြောင်တောင်တောင် ကြည့်နေသည်။ ဒရိုင်ဘာကြီးက ……
“ဘာလဲ” ….ဆိုပြီး ဆင်းလာသဖြင့် နို့ဆီခွက်ကို လက်ညှိုးထိုးပြလိုက်သည်။
“တော်တော်နောက်တဲ့ ကလေးတွေ” ဆိုပြီး ဒရိုင်ဘာကြီးက နို့ဆီခွက်ကို ဖြုတ်သည်။
ကျွန်တော်လည်း စက်ဘီးကိုနင်းပြီး ထွက်လာသည်။ သူ့ကို တစ်ချက်ကြည့်ခဲ့ သေးသည်။ သူက ကျွန်တော့်ကို ဖျတ်ခနဲကြည့်သည်။ သူ့မျက်လုံးတွေက လက်လက် ကလေးတွေပဲ ဆိုတာလောက်သာ သတိပြုမိ၏။
—–*****—–
စင်္ကြံထောင့်က ရေအိုးစင်မှာ တရုန်းရုန်း ဖြစ်နေကြသည်။ မုန့်စားဆင်းချိန်ဖြစ်၍ စားချင်တာစားပြီး ရေငတ်သဖြင့် ပြေးလာကြသူများ ဖြစ်၏။ ကျွန်တော် ရေသောက်နေတုန်း သူလာရပ်တာကို မြင်သည်။ သူသည် ချဉ်ငန်စပ်ခေါက်ဆွဲသုပ် စားလာတာဖြစ်မည်။ တော်တော်လေး စပ်နေဟန်တူ၏။
မျက်ရည်ကလေးတောင် လည်နေသည်။ ပါးစပ်ကလေး ဟစိဟစိနှင့် တရှူးရှူးဖြစ်နေသည်။
နှုတ်ခမ်းပတ်လည်မှာလည်း ချွေးစက်တွေ စို့ထွက်နေ၏။
ကျွန်တော် ရေသောက်ပြီးသွားသည်။ ရေခွက်ကို လက်ဆင့်ကမ်းရတော့မည်။ တကယ်တော့ သူက နောက်မှရောက်လာခြင်း ဖြစ်၏။ တခြားကောင်မလေး နှစ်ယောက်က မကျေမနပ်ဖြစ်ပြီး ပွစိပွစိလုပ်သည်။ သူက ရေခွက်ကို လှမ်းယူပြီးရယ်ပြသည်။ သူ့သွားတစ်ချောင်းမှာ ငရုတ်သီးဖတ်ကလေး ကပ်နေတာ မြင်လိုက်ရ၏။
—–*****——
သူနှင့်အတူ ကောင်မလေးတစ်ယောက်ကိုပါ တွေ့ရသည်။ သူ့ထက် နှစ်နှစ်သုံးနှစ်လောက် ငယ်သည်။ ရုပ်ချင်းဆင်သဖြင့် သူ့ညီမဖြစ်မှန်း သိလိုက်သည်။ သူက ပြောင်းဖူးတစ်ဖူးကို ကိုက်စားရင်း
လျှောက်လာသည်။ ကျွန်တော့်ကိုမြင်တော့ ပြုံးပြပြီး..
“စားမလား” ပြောင်းဖူးကို လှမ်းပေးသည်။
ကျွန်တော်က ခေါင်းခါပြလိုက်သည်။ သူ့ညီမလေးက..
“Aအမယ်.. ကောင်လေးက ရှက်နေရသေးတယ်”
ချာတိတ်မက ကျွန်တော့်ကို ကောင်လေးဟု ခေါ်လိုက်သဖြင့် ရယ်ချင်သွားသည်။ သူက သူ့ညီမလေးကို
တံတောင်နှင့်တွက်၍ နင်ကလည်းဆိုသော ဟန်လုပ်ပြသည်။ ချာတိတ်မကတော့ ဂရုမစိုက်။
“နင် ဘယ်နှစ်တန်းရောက်ပြီလဲ” ဟု မေးသည်။
အာဂ ကောင်မလေးပဲ။ သူက လူကြီးကို ပြန်မေးနေရသေးသည်။ သို့ရာတွင် ကျွန်တော်က
စိတ်မဆိုးဘဲ..
“ခြောက်တန်းပါခင်ဗျာ၊ အစ်မကကော” ဟု ပြန်နောက်လိုက်၏။ ချာတိတ်မက..
“ငါက လေးတန်း၊ ငါ့နာမည် မှတ်ထား၊ ခင်မေတင့်တဲ့၊ မမက ခင်မေမြင့်၊ ကဲ.. နင်နဲ့ ငါတို့နဲ့
သူငယ်ချင်းဖြစ်ပြီနော်”
“ဟုတ်ကဲ့ပါခင်ဗျာ”
“ဒါဆို သွားတော့မယ်၊ မမနဲ့ စကားပြောလိုက်ဦး”
ဆိုပြီး လှစ်ခနဲ ပြေးထွက်သွားသည်။ ခပ်လှမ်းလှမ်းရောက်မှ တစ်ချက်လှည့်ကြည့်ပြီး လျှာထုတ်ပြသွား၏။
“တော်တော်သွက်တယ်နော်”
ကျွန်တော်က ပြောလိုက်၏။
“ဟုတ်တယ်.. စွာလည်း သိပ်စွာတယ်”
ခင်မေမြင့်က ပြန်ပြောသည်။
“နင်က ခြောက်တန်းဘီက မဟုတ်လား”
“ဟုတ်တယ်.. နင်က အေခန်းကနော်”
“အင်း” ချက်ချင်း ခင်မင်ရင်းနှီးသွားကြသည်။
သူက ပြောင်းဖူးကို ရှဉ့်ကလေးတစ်ကောင်လိုပင် အလျင်အမြန် စားပစ်လိုက်သည်။ အင်္ကျီကြားထဲ လက်နှိုက်ပြီး ပြန်ထုတ်လိုက်သောအခါ မရမ်းပြားတစ်ထုပ် ပါလာသည်။
“စားမလား”
“ဟင့်အင်း”
“ဘာဖြစ်လို့လဲ.. ငါ့အင်္ကျီကြားထဲ ထည့်ထားတာမို့လို့လား” ပြောပြီး သူရယ်သည်။
ထိုအခိုက်မှာပင် ကျောင်းတက်ခေါင်းလောင်းထိုးသည်။
“ငါသွားမယ်”
ကျွန်တော်ပြောပြီး လှည့်အထွက် သူက …“ဟေ့ ဟေ့” ဟု ခေါ်သည်။ လှည့်ကြည့်တော့..
“နင့်နာမည်လည်း ငါမသိရသေးပါလား”
“ဟုတ်သားပဲ.. ငါ့နာမည် အစိုးတဲ့”
သူငယ်ချင်းတွေ ခေါ်ကြသလိုပဲ ပြောပြလိုက်သည်။ သူက ခစ်ခနဲ ရယ်၏။
—–****—–
သူတို့အဖေအလုပ်က ဒီမြို့ကို ပြောင်းလာရခြင်း ဖြစ်၏။ သူတို့က နောက်မှ ရောက်လာကြသူများ ဖြစ်သော်လည်း ရှိပြီးသား သူငယ်ချင်းတွေထက် ပိုပြီးခင်မင်မိသည်။
ယောက်ျားလေး သူငယ်ချင်းတွေလည်း ရှိသည့်တိုင် သူ့ကိုမှ ပို၍ ခင်မိတာ ထူးဆန်းသည်။ သူ့ညီမ
ခင်မေတင့်က ကျွန်တော့်ကို တွေ့စက နင်တစ်လုံး ငါတစ်လုံး ပြောသော်လည်း ခင်မေမြင့်က ကိုယ့်ထက်
အသက်ကြီးတဲ့သူကို ရိုသေရမယ် ဆိုသဖြင့် ကိုမစိုးဟု ပြောင်းခေါ်လာ၏။
ခင်မေမြင့်က ကျွန်တော့်ကို ခင်မင်ပုံက ပိုပြီးထူးခြားသည်။ ကျွန်တော်ကမှ တခြားသူငယ်ချင်းတွေနှင့် ရောနှောဆက်ဆံတာ ရှိသေးသည်။ သူကတော့ ကျွန်တော်မှ ကျွန်တော် တစ်ယောက်တည်း။ ကျွန်တော့်ကိုလည်း သူ့လိုပဲ ဖြစ်စေချင်သည်။
တစ်ရက်တွင် ကျွန်တော် သူ့မတွက် ရှောက်သီးကွင်းကြီးတွေ ဝယ်လာသည်။ သူ့ကိုပေးတော့ သူက မယူ။ မျက်နှာလည်း မှုန်ကုပ်ကုပ်။
“ဘာဖြစ်နေတာလဲဟ.. ယူပါ”
ကျွန်တော်က အတင်းပေးသေအခါ သူက လက်နှင့် ပုတ်ချလိုက်သည်။ ရှောက်သီးကွင်းတွေ မြေကြီးပေါ်
ကျကုန်သည်။ ကျွန်တော် စိတ်ဆိုးသွားသည်။
“အမယ်.. ငါက စေတနာနဲ့ပေးတာကို ပုတ်ချတယ် ဟုတ်”
ကျွန်တော် သူနှင့် စကားမပြောဘဲ နေလိုက်သည်။
သူ ကျွန်တော့်ကို ဘာကြောင့် စိတ်ဆိုးရသလဲ ဆိုတာကို ခင်မေတင့်က လာပြောပြသည်။
“ကိုအစိုးက မာရီနဲ့ အကြာကြီး သွားစကားပြောနေလို့တဲ့”
“ဟာ.. စကားပြောတာ ဘာဖြစ်လဲ၊ ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောတာပဲ.. ကြာမှာပေါ့”
“မမက မကြိုက်ဘူး၊ နောက်ကို သူများတွေနဲ့ အကြာကြီး စကားမပြောဘူးဆိုရင် ပြန်ခေါ်မယ်တဲ့”
“ဒါ ငါ့သဘောပါ”
သို့ရာတွင် သူနှင့်ကျွန်တော် ပြန်ခေါ်ဖြစ်သွားသည်။ သူက..
“နင် မာရီနဲ့ စကားပြောတဲ့ အခါကျရင် ပါးစပ်ကို ဖြဲနေတာပဲ၊ ကြည့်လို့ကို မရဘူး”
“ဟ.. သူက ရယ်စရာ ရုပ်ရှင်အကြောင်းပြောတာ၊ ရယ်မှာပေါ့”
“နောက်ကို သူနဲ့ မခေါ်နဲ့တော့ဟာ”
“အမယ်.. ဟိုလူနဲ့ မခေါ်ရဘူး၊ ဒီလူနဲ့ မခေါ်ရဘူး ပြောရအောင် နင်က ငါ့အမေမို့လို့လား”
“ဟင်း.. ငါသာ နင့်အမေဆိုရင် နင့်ကို ကြိုးနဲ့တုပ်ပြီး အသေရိုက်တယ်.. သိလား”
“ဒါဆိုရင် နင် အမေမဖြစ်နိုင်ဘူး၊ မိထွေးပဲ ဖြစ်မှာပဲ”
—–*****—–
ကျွန်တော်တို့နှစ်ယောက်ကြားမှာ အဓိကပြဿနာက ကျွန်တော် တခြားလူတွေနှင့် ပေါင်းတာကို
သူမကြိုက်ခြင်းပင် ဖြစ်သည်။ သူ ကျွန်တော့်ကို ခင်မင်ပုံက သည်းထန်လွန်းလှသည်။ တစ်ခါတစ်ခါ
သူ့ခင်မင်မှုကို ကြောက်တောင်ကြောက်လာသည်။ ကျွန်တော်တို့နှစ်ယောက် ပြဿနာဖြစ်ပြီး မခေါ်မပြော ရှိကြလျှင် ကြားက စေ့စပ်ပေးသူမှာ ခင်မေတင့်ဖြစ်၏။ သည်လိုနှင့်ပဲ ရန်ဖြစ်ကြ၊ ပြန်တည့်လိုက်ကြ၊ စိတ်ကောက်ကြ၊ ပျော်ရွှင်ကြရင်း နှစ်တွေ ကုန်လွန်လာခဲ့သည်။
ဆယ်တန်းရောက်ကြသောအခါ အရင်လို တပူးတွဲတွဲ မနေဖြစ်ကြတော့။ ကိုယ့်ကိုယ်ကိုယ်
ကလေးမဟုတ်တော့ကြောင်း သိလာချိန်မှစ၍ ခပ်ခွာခွာ ဖြစ်လာကြသည်။ ခင်မင်မှုကတော့ လျော့မသွား။
အထူးသဖြင့် သူ။ ကျွန်တော်ကသာ ယောက်ျားလေး အပေါင်းအသင်းတွေနှင့် တရုန်းရုန်း
နေနိုင်သော်လည်း ခင်မေမြင့်ကတော့ ဘယ်သူနှင့်မှ သိပ်မပေါင်း။ တစ်ယောက်တည်းနေတာက များသည်။
သံယောဇဉ်ဆိုသည်မှာ မမြင်ရသော ကြိုးတစ်ချောင်းပင်ဖြစ်သည်ဟု ဆိုကြသည်။
ကျွန်တော်ကတော့ သံယောဇဉ်ကို လေနှင့်တူသည်ဟု ထင်၏။ အနီးအနားမှာ အမြဲရှိနေသည် မဟုတ်လား။ ဆယ်တန်းစာမေးပွဲ ဖြေပြီးနောက် ကျောင်းပိတ်ရက်များတွင် ကျွန်တော် ရောဂါတစ်ခု ဖြစ်လာသည်။ အလိုလိုနေရင်း လွမ်းသလိုလို၊ ဝမ်းနည်းသလိုလို၊ ဒေါသဖြစ်သလိုလို၊ စိတ်မတည်ငြိမ် လှုပ်ရှားနေခြင်းပင်။ ထိုရောဂါကို သက်သာဖို့ နည်းလမ်းကို တွေးကြည့်သည်။
ရုပ်ရှင်ရုံမှာ မာရီနှင့် တစ်ခါဆုံသည်။ သူကတော့ ထုံးစံအတိုင်း ကျွန်တော့်ကိုမြင်လျှင် ဝမ်းသာအားရ
နှုတ်ဆက်ပြီး စကားတွေ အများကြီးပြောသည်။ သူအတော်လှလာတယ်ဟု ထင်မိသည်။ သူ့ကို ကျွန်တော်
စိတ်ဝင်စားသွား၏။
သို့ဖြင့် မာရီကိုပေးဖို့ စာတစ်စောင် ရေးဖြစ်သည်။ မာရီက အင်္ဂလိပ်စာကျူရှင် တက်နေသည်။ ကျူရှင်သို့ သွားရာလမ်းရှိ ရေတွင်းပျက်ကြီးပေါ်မှာ ထိုင်စောင့်နေသည်။ စာကို သီချင်းစာအုပ်ကြားထဲ ညှပ်ထားသည်။ သွားနေကျအချိန် ကျော်သည်အထိ မာရီ ရောက်မလာသေး။ လာမယ့်လာတော့ ခင်မေမြင့်တို့၏ တိုယိုပက်ကားကလေး ဖြစ်နေသည်။ ကားရှေ့ခန်းမှာ သူပါလာသည်။ ကျွန်တော့်ကိုမြင်တော့ သူက ဘာလုပ်နေလဲဟု လှမ်းမေးသည်။ အော်ပြောခြင်း မဟုတ်သော်လည်း ပါးစပ်လှုပ်ပုံကိုကြည့်၍ သိခြင်းဖြစ်၏။
ကျွန်တော်က ယောင်ယောင်ကန်းကန်းဖြစ်ပြီး လက်ထဲက သီချင်းစာအုပ်ကို မြှောက်ပြလိုက်မိသည်။ သူ အဓိပ္ပာယ်တစ်မျိုး ကောက်လိုက်သည်။ ဒရိုင်ဘာကြီးကို ကားရပ်ခိုင်းလိုက်ဟန် တူသည်။ ကားက ကျွိခနဲ ရပ်သောအခါ သူဆင်းလာသည်။
“ဘာလဲ.. ဘာလဲ၊ဘာပြောမလို့လဲ” ဟု သူမေးသည်။
သူ့မျက်လုံးများက သီချင်းစာအုပ်ကို မျှော်လင့်ခြင်းကြီးစွာဖြင့် ကြည့်နေသည်ဟု ထင်ရ၏။
ထိုအခိုက်အတန့်မှာပင် ကျွန်တော့်ကိုယ်ကျွန်တော် နားလည်လိုက်သည်။ ကျွန်တော် မာရီ့ကို
ချစ်နေတာမဟုတ်။ ကျွန်တော် တကယ်ချစ်နေတာက….
သို့ရာတွင် သီချင်းစာအုပ်ကြားမှာ ညှပ်ထားသော စာထဲမှာ မာရီ့နာမည်တပ်ပြီး ရေးထားသည်။ ဘာမှ မတတ်နိုင်ပါ။
“ဘာမှမဟုတ်ပါဘူးဟာ” ဟု ကျွန်တော် ပြောလိုက်သည်။
သူ့မျက်နှာ ကွက်ခနဲ ပြောင်းလဲသွားပုံမှာ အံ့သြစရာ။ သည်လိုမျက်နှာမျိုး ကျွန်တော်မြင်ဖူးသည်။
ကျွန်တော်တို့ အတန်းထဲမှာ စာအတော်ဆုံးဖြစ်သော မကြည်ဝင်းသည် သူ ပထမရမည်ဟု
ယုံကြည်ထားပြီးမှ ဒုတိယ ဖြစ်သွားသောအခါ ဖြစ်ပျက်သွားသည့် မျက်နှာထားမျိုးနှင့် တထေရာတည်း။
—–****—–
မာရီ့ကို ကျွန်တော် စာမပေးဖြစ်ခဲ့။ ခင်မေမြင့်ကိုလည်း လုံးဝ ဖွင့်မပြောဖြစ်ခဲ့။ စာထဲက မာရီ့နေရာမှာ သူ့နာမည်ကို အစားထိုးပြီး ရေးပေးရလျှင် မတရားဘူးဟု ထင်သောကြောင့်ဖြစ်၏။ ထို့နောက်ပိုင်းမှာတော့ ကျွန်တော်တို့နှစ်ယောက်သည် ပို၍ ကင်းကွာသွားသည်။
တစ်နေ့ကျတော့ ခင်မေတင့်နှင့် လမ်းမှာဆုံသည်။ သူက..
“မမကို သွားခါနီး လာနှုတ်ဆက်ဖို့ ကောင်းပါတယ်” ဟု ပြောသည်။
“ဟာ.. ဘယ်သွားမှာမို့လို့လဲ”
“ဖေဖေ ရန်ကုန်ကို အလုပ်ပြောင်းရမယ်လေ”
ကျွန်တော် သူတို့အိမ် သွားသည်။ သူသည် အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်
အေးဆေးနေကြောင်း တွေ့ရသည်။ ကျွန်တော့်ကို ပြောဆိုဆက်ဆံပုံမှာ သာမန်မိတ်ဆွေအဆင့်မျိုးသာ ရှိ၏။
သူ့ကို ပြောမည်ဟု ပြင်ဆင်သွားခဲ့သော စကားများကို မပြောဖြစ်ခဲ့။
—–*****——
သူမရှိတော့သည့်နောက်ပိုင်း နှစ်အနည်းငယ်အထိ ကျွန်တော် ခံစားခဲ့ရသည်။ သူက ကျွန်တော့်ဆီ စာမရေးခဲ့။ ကျွန်တော်ကလည်း သူ့လိပ်စာမသိ။ သိသည့်တိုင် ဘာရေးရမလဲ။ သူက ဆယ်တန်းကို နှစ်ချင်းပေါက်အောင်သည်။ ကျွန်တော်က သုံးနှစ်ဖြေပြီးမှ အောင်သည်။ ကျနွ်တော်က
တက္ကသိုလ်တက်နိုင်သူ မဟုတ်။ စာပေးစာယူသင်တန်းသာ တက်ဖြစ်သည်။
သည်လိုနှင့်ပဲ သူနှင့်ကျွန်တော် ဝေးကွာသွားခဲ့သည်။ သူက ပညာရေးတက္ကသိုလ်မှာ တက်သည်ဟု သတင်းကြားရသည်။ ခုလောက်ဆို ကျောင်းAုပ်ဆရာမကြီး ဖြစ်နေမှာပဲ။ ကျနွ်တော်သည် ရန်ကုန်မှာ အလုပ်လာလုပ်ရင်းက သူ့ကို တကူးတက ရှာဖွေခြင်း မရှိသော်လည်း ကျောင်းစိမ်း လုံချည်ဝတ်ထားသော ဆရာမများကို မြင်တိုင်း ဂရုတစိုက် ကြည့်မိတာတော့ အမှန်ပင်။ ခုထိ ကျွန်တော် ဘာကြောင့် အိမ်ထောင်မပြုသလဲ ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် မမေးမိအောင် နေသည်။
တစ်ရက်မှာတော့ သူ့ကို တွေ့ရသည်။ အထက်တန်း ကျောင်းတစ်ကျောင်းရှေ့မှာ ဖြစ်၏။ ကျောင်းရှေ့မှ ဖြတ်အလျှောက် ကျောင်းဆင်းချိန်နှင့် ကြုံသည်။ အကျင့်ပါနေသဖြင့် ဆရာမများကိုမြင်လျှင်
စိုက်ကြည့်မိတတ်သည်။ ဆရာမတစ်ယောက်ကို မြင်သောအခါ ဒိတ်ခနဲ ရင်ခုန်သွား၏။
ငယ်ငယ်ကရုပ်နှင့် သိပ်မတူတော့။ ပိုပြီး ရင့်ကျက်လာသည်။ အသားလည်း ပိုဖြူလာသည်ဟု ထင်၏။
ဘာပဲဖြစ်ဖြစ် သူပါပဲဆိုတာ အလိုလို သိနေ၏။ သူသည် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်
လျှောက်လာနေသည်။ ကျွန်တော့်ကို မမြင်သေး။ ဖြတ်ကျော်သွားခါနီးတွင် ကျွန်တော် ရုတ်တရက်
ရပ်လိုက်သည်။ သူသည်လည်း ကျွန်တော့်ထူးခြားမှုကြောင့် တုံ့ခနဲ ဖြစ်သွား၏။
တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။
သူသည် ပါးစပ်ကလေးဟပြီး “ဟင်” ဟု တိုးတိုးလေး ရေရွတ်သည်။ ကျွန်တော်က..
“ဟုတ်ပါတယ်.. အစိုးပါ”
သူက ရယ်လိုက်သည်။ ထိုအခါကျမှ ကျွန်တော် တုန်လှုပ်သွားသည်။ သူက..
“ဘာလဲ.. မမမှတ်လို့လား၊ ကျွန်မ ခင်မေတင့်ပါ” ဟု ပြောသည်။
ကျွန်တော် မျက်နှာပျက်သွားသည်ကို ကိုယ့်ဘာသာ မြင်လိုက်ရသည်ဟု ထင်လိုက်သည်။ ထိုအချိန်တွင်
ကလေးငယ်တစ်ယောက်သည် သူ့ကို ပြေးဖက်ပြီး…….
“အန်တီလေး” ဟု ခေါ်လိုက်၏။
“ဒါ မမရဲ့ သမီးလေ” ဟု ခင်မေတင့် ပြောလိုက်သော စကားမတိုင်မီကပင် ကျွန်တော် သိပါပြီ။
ကျွန်တော် သူ့ကို အချိန်တိုင်း လွမ်းမနေအားပါ။ လောကကြီးမှာ အချစ်ထက်ပို၍ အရေးကြီးသော၊
အချစ်လောက် အရေးမကြီးသော၊ အချစ်နှင့်တန်းတူ အရေးကြီးသော ကိစ္စတေ ွ အများကြီး ရှိသေးသည်။
မည်သို့ပင်ဖြစ်စေ လေဆိုသည်မှာ မမြင်ရသည့်တိုင် အနီးအနားမှာ အမြဲရှိနေတာ သေချာသည်။
လူတို့သည် လေကို မေ့လျော့နေတတ်ကြသော်လည်း တစ်ခါတစ်ခါတော့ သူရှိနေကြောင်းကို
မုန်တိုင်းဆင်၍ သတိပေးတတ်ကြောင်း ဝန်ခံရပေမည်။
မင်းလူ
ဧပြီ၊ ၁၉၈၉
#ကျွန်တော်ချစ်သောစာအုပ်များ