• June 11, 2025
  • admin
  • 0

တပိုတွဲလဆန်းရက်ထဲရောက်နေသည်မို့ ဆောင်း၏အအေးဓာတ်ကား ပို၍အေးလွန်းချမ်းလွန်းလို့နေပြီး အရိုးအကြောတွေထဲထိပါ အသည်းခိုက်အောင်အေးစိမ့်လွန်းလှ
နေလေတော့သည်။

ဆောင်းတွင်းတပိုတွဲလ၏အအေးဒဏ်ကို ပိုခံစားနေရသူများမှာ အနောက်ပဲခူးရိုးမတောကြီးကို မိမိတို့၏
ထမင်းအိုးဟင်းအိုးကြီးလို အမှီပြုအားထားလုပ်ကိုင်ရှာဖွေစားသောက်နေကြသည် ရိုးမတောင်ခြေအနီးတည်ရှိသော ကျွန်းသုံးပင် ရွာကလေး၌ နေထိုင်နေကြသူ ရွာသူရွာသားများပင်ဖြစ်လေ၏။

ကျွန်းသုံးပင်ရွာလေးမှာ ပဲခူးရိုးမတောင်ခြေအနီးတည်ရှိ၍
ရိုးမတောကြီးနှင့် အလွန်းနီးကပ်နေသောကြောင့် ရိုးမတောကြီးဆီက စီးဆင်းစိမ့်ဝင်လာတဲ့ တောတောင်သဘာဝ၏အအေးဓာတ်ရယ် ဆောင်းတွင်းတပိုတွဲလ၏အအေးဒဏ်ရယ်နှစ်ခုရောယှတ်နေ၍ ကျွန်းသုံးပင်ရွာလေး၌
နေထိုင်ကြရွာသူရွာသားများအဖို့ ဒီအအေးဒဏ်တွေကို
အလူးအလဲခံစားနေကြရလေသည်။

ကျွန်းသုံးပင်ရွာလေးဟု ခေါ်ဆိုကြသည်မှာလည်း ကျွန်းသုံး
ပင်ရွာလေး၏ ရွာအဝင်ထိပ်တွင် ဘယ်အချိန်ဘယ်ခုနှစ်ကတည်းက တည်ရှိပေါက်ရောက်နေမှန်းမသိသော ယောက်ျားငါးဖက်စာမကနှစ်ချို့ကျွန်းပင်ကြီးသုံးပင်ကို
အစွဲပြု၍ ရှေ့လူကြီးတွေက ကျွန်းသုံးပင်ရွာဟု နာမည်ပေး
ခေါ်ဝေါ်ခဲ့ကြလေခြင်းပင်ဖြစ်ပေလိမ့်မည်။

ကျွန်းသုံးပင်ရွာလေးမှာ အိမ်ခြေ၅၀ကျော်မျှသာတည်ရှိလေပြီး ရွာလေးအတွင်းနေထိုင်နေကြသူရွာသူရွာသားများ
မှာ အသက်မွေးဝမ်းကြောင်းဝမ်းစာအတွက် တောင်ယာလုပ်ကိုင်နေကြသူများနှင့် ရွာအနောက်ဖက်ရှိ ရိုးမတောကြီးအတွင်း မုဆိုးအလုပ်ဖြင့် သားကောင်ကြီးငယ်
တွေကို ရှာဖွေပစ်ခတ်ဖမ်းဆီနေသူများ၊သစ်ခုတ်ဝါးခုတ်နေကြသူများ၊မှိုနုတ်မျှစ်ချိုးနေကြသူများ၊သစ်ဥသစ်ဖုဆေးမြစ်တူးဖော်ရှာဖွေနေကြသူများနှင့် မိမိတို့လူ့သက်
တမ်းမကုန်ခင်အချိန်ထိ သာရေး၊နာရေး၊လူမှုရေး၊စီးပွားရေးအကြောင်းအမျိုးမျိုးကိစ္စအမျိုးမျိုးတွေနှင့် အသက်
ဆက်လက်ရှင်သန်ကြီးထွားဖို့အရေး ဝမ်းတစ်တွာဝမ်း စာအတွက်ကိုပါ အလုပ်အမျိုးမျိုးပုံဆန်အမျိုးမျိုး ရှာဖွေ
ရုန်းကန်လှုပ်ရှားစားသောက်နေကြရလေသည်။

ထိုသူတွေများထဲတွင် နေခန့်တစ်ယောက်လည်းအပါအဝင်ဖြစ်ပေ၏။

နေခန့်မှာ အသက်၂၅နှစ်လောက်သာရှိပြီး အဖေဦးဘုိးထွန်း
အမေ ဒေါ်စန်းလေးတို့က မွေးထားသောသားနှစ်ယောက်
အနက် အငယ်ဖြစ်၍ နေခန့်အထက်အကိုဖြစ်သုမှာ ဖိုးဟန်
ပင်ဖြစ်သည်။

ဦးဘိုးထွန်းဒေါ်စန်းလေးတို့ လင်မယားနှစ်ယောက်တွင်
ဖိုးဟန်နှင့် နေခန့်ဆိုသောသားယောက်ျားလေးနှစ်ယောက်
သာထွန်းကားလေ၍ သမီးမိန်းခလေးလိုချင်နေကြပြီး သားနှစ်ယောက်စလုံးကို ကြိုက်နှစ်သက်တဲ့ မိန်းခလေးအသီးသီးရှိနေခဲ့လျှင် သမီးချွေးမတော်ချင်ကြောင်း
ပြောဆိုတိုက်တွန်းသော်လည်း ဖိုးဟန်နှင့်နေခန့်တို့ညီအကို
နှစ်ယောက်စလုံးမှာ ခုချိန်ထိသူတို့ကြိုက်နှစ်သက်တဲ့ မိန်းခ
လေးဆိုတာမတွေ့သေး မတွေ့သေးဆိုတာထက် မိန်းမကိစ္စ
နဲ့ အိမ်ထောင်ရေးကို ညီအကိုနှစ်ယောက်လုံး စိတ်မဝင်စားတာဆိုရင် ပို၍မှန်ပေလိမ့်မည်။

ပုတုဇဉ်လူသားတွေဖြစ်နေပါလျှက် အဘယ်ကြောင့် ဒီကိစ္စတွေကို စိတ်မဝင်စားသလဲအကြောင်းရင်းကိုယ်စီ နေခန့်နှင့်
ဖိုးဟန်တို့မှာရှိနေ့ကြသည်။

ဒီအကြောင်းရင်းတွေကတော့ သူတို့မိဘနှစ်ပါးဖြစ်တဲ့
ဦးဘိုးထွန်းဒေါ်စန်းလေးတို့ကို ခုလိုကြမ်းတမ်းခက်ခဲ၍
ပင်ပန်းဆင်းရဲသောဘဝလေးကနေ လွတ်ကင်းအောင်ကြိုး စားပြီး ပြည့်ပြည့်စုံစုံလေးဖြစ်အောင်ထားနိုင်မှ အချစ်ရေး
အိမ်ထောင်ရေးကိစ္စတွေကို ညီအကိုနှစ်ယောက်စလုံးစဉ်းစားမည်ဟု ဆုံးဖြတ်ချက်ကိုယ်စီချထားသောကြောင့်ပင်
ဖြစ်လေသည်။

အာရုံဦးနံနက်စောစော အရှေ့ဖက်တောင်တန်းကြီးရဲ့အပါ် ကောင်းကင်ယံတိမ်တိုက်တွေကြားမှ ရောင်နီဦးအစပျိုး ထွက်ပေါ်လာချိန် တိမ်တိုက်အရောင်အဆင်းတို့သည် ဘယ်
ပန်းချီဘယ်ဆေးရောင်နဲ့မှ ခြယ်သတုပနိုင်ယှဉ်လို့မမှီအောင်
အရောင်အသွေးကာလာစုံလွန်းလှနေသည်သဘာဝအလှ
အပတရားပန်းချီကားကြီးကို မှေးမှိန်ပျောက်ကွယ်အောင်
တားဆီးနေသော ဆောင်းတွင်းတပိုတွဲလ၏ ကျဆင်းပိတ်မှောင်လို့နေသည်အဖြူရောင်ငွေမှုံနှင်းစက်တို့ကရှိနေပြန်၏ တပိုတွဲလနံနက်ခင်ကျဆင်းနေသောအဖြူရောင် ငွေမှုံ
နှင်းစက်တို့ကြောင့် နံနက်ခင်းအာရုံဦးရဲ့လှပနေသည်သဘာဝပန်းချီကားချပ်ကြီးမှာ အပြည့်အဝလှပခွင့်မရှိနိုင်တော့၍ ကျဆင်းနေသည်ငွေမှုံနှင်းစက်တို့နှင့်အတူ ဝမ်းနည်းမျက်ရည်စတွေ ရောယှတ်ကျဆင်းနေသယောင်ဖြစ်လို့နေလေသည်။

ခုလိုအလွန်းချမ်းအေးသည်နံနက်စောစော ပတ်ဝန်းကျင်တစ်ခုလုံးသဲသဲကွဲမမြင်ရအောင် နှင်းစက်တွေပ်ိတ်မှောင်ကျဆင်းနေချိန် ကျွန်းသုံးပင်ရွာလေး၌ နေထိုင်နေကြသူ
ရွာသူရွာသားများအကုန်လုံး တပိုတွဲလနံနက်ခင်းရဲ့အအေး
ဒဏ်ကြောင့် မိမိတို့အိပ်ရာထဲတွင် ထူထဲသောစောင်များခြုံ
၍ ချမ်းချမ်းနှင့်ဇိမ်ခံကွေးလို့ နှပ်လို့ကောင်းနေချိန် သူများ
တွေလို အိပ်ရာထဲဇိမ်ခံပြီး မကွေးနိုင်သူ လူနှစ်ဦးရှိနေ၏။

သူတို့နှစ်ယောက်ကတော့ နေခန့်နှင့်ဖိုးဟန်ဆိုသော ညီအကိုနှစ်ယောက်ပင်ဖြစ်သည်။

တောက်,,ဒီနေ့ကြမှ အအေးဓာတ်ကခါတိုင်းထက်ပိုပြီး ပတ်ဝန်းကျင်တစ်ခုလုံးဘာမှ မမြင်ရအောင် နှင်းတွေကပိတ်မှောင်ပြီးတအားကျလို့နေရတယ်လို့ကွာ,,

ဖိုးဟန်တစ်ယောက် ညီဖြစ်သူနေခန့်နှင့်အတူ ပြာသိုလနံနက်ခင်းရဲ့ အအေးဒဏ်ကို အိမ်ပေါ်ရှိ တန်းလျားစားပွဲခုံလေး၌ ဆက်သားခြောက်ဖုတ်လေးကို ရေနွေး
ကြမ်းလေးမှုတ်သောက်မြည်းရင်း ရိုးမတောထဲအမဲပစ်ထွက်ဖို့ ရာသီဥတုအခြေအနေကို ကြည့်ရှုစောင့်ဆိုင်းရင်း
စိတ်ပျက်စွာ ညည်းညူးလို့နေလေ၏။

ဟုတ်ပအကိုရာ,, ဒီလိုတအားအေးပြီး လမ်းတွေမမြင်ရအောင် နှင်းတွေတအားကျနေပုံမျိုးဆိုရင် ကျွန်တော်တို့
ညီအကိုနှစ်ယောက် ဒီနေ့အမဲပစ်ထွက်လို့ရပါမလားတောင်မသိပါဘူးဗျာ,,ဟူး……………..

နေခန့်တစ်ယောက်လည်း အကိုဖြစ်သူဖိုးဟန်စကားကိုထောက်ခံရင်း စိတ်ပျက်စွာ သက်ပြင်းအရှည်ကြီးချလိုက်မိသည်။

ဟဲ့,,နေခန့်နဲ့,,ဖိုးဟန်တို့ညီအကိုနှစ်ယောက် ဘာဖြစ်နေကြတာလဲ ဒီနေ့တစ်နေ့အမဲပစ်မထွက်ဖြစ်တော့ရော
ဘာဖြစ်လို့လဲ နောက်နေ့တွေထွက်လို့ရတာပဲ အိမ်မှာနောက်
တစ်လလောက်အေးဆေးထိုင်စားမယ်ဆိုရင်တောင် စားနပ်
ရိက္ခာတွေက မကုန်သေးပါဘူးဟယ် ရိုးမတောကြီးကဘယ်
မှထွက်မပြေးပါဘူးဟဲ့,,ဒီနေ့တစ်နေ့တော့,,နင်တို့ညီအကိုနှစ်ယောက် အမဲပစ်မထွက်နဲ့တော့ အိမ်မှာတစ်ရက်တစ်လေအေးဆေးနားလိုက်ကြပေါ့,,ငါ နင်တို့ညီအကိုနှစ်ယောက်မနေ့ကရလာတဲ့ တောဝက်ကိုလျှာလည်သွားအောင် ကောင်း
ကောင်းလေးချက်ကျွေးပါမယ်ဟဲ့,,

အမေဖြစ်သူ ဒေါ်စန်းလေးတစ်ယောက် မီးဖိုချောင်ထဲထမင်းဟင်းတွေချက်ပြုတ်နေရင်းက သားဖြစ်သူနှစ်ယောက်၏
စိတ်ပျက်စွာညည်းညူးဖြစ်နေပုံတွေကို မြင်နေကြားနေရ၍
လှမ်းပြောလိုက်လေခြင်းပင်ဖြစ်သည်။

ခုမှတော့ အမေပြောသလိုပဲနားရတော့မှာပေါ့အမေရာ
ရာသီဥတုအခြေနေက ဒီလောက်ဆိုးနေတာဆိုတော့,
သားကောင်တွေလည်း အပြင်သိပ်ထွက်မှာမဟုတ်ဘူး

နေခန့်တစ်ယောက် စိတ်ပျက်သောလေသံနှင့် အမေဖြစ်သူ
ဒေါ်စန်းလေးအား လှမ်းပြောလိုက်လေ၏။

တစ်ကယ်တော့ သူတို့ညီအကိုနှစ်ယောက်ရိုးမတောထဲဝင်၍ အမဲပစ်မထွက်ပဲ တစ်လလောက်အေးဆေးအိမ်မှာထိုင်
စားလို့ရသည် နေခန့်နဲ့ ဖိုးဟန်တို့ညီအကိုနှစ်ယောက် နားရက်မရှိ ရိုးမတောကြီးထဲဝင်၍ အမဲပစ်ထွက်နေခြင်းမှာ
မိဘနှစ်ပါးကို ပြည့်ပြည့်စုံစုံနဲ့အမြန်ဆုံးထားနိုင်အောင် ကြိုးစားနေကြခြင်းပင်ဖြစ်သည်။

ဟေး…..နေခန့်ရေ့…နေခန့်,,

ခြံရှေ့က အသံကြားလိုက်ရ၍ အိမ်ပေါ်ကနေ အသံပိုင်ရှင်
ကိုလှမ်းကြည့်လိုက်မိသောလည်း နှင်းတွေတအားကျဆင်း
နေသောကြောင့် လူလုံးသဲကွဲစွာမမြင်ရ သို့ပေမဲ့,ဒီအသံပိုင်
ရှင် ဘယ်သူဘယ်ဝှါဆိုတာ နေခန့်သိနေသောကြောင့် ထိုင်နေရာမှ လှမ်းအော်ပြောလိုက်သည်။

ဟေ့ကောင် လင်းအောင်မင်းအသဲပြဲကြီးနဲ့ စောစောစီးစီး
ဒီလောက်ကြီးအော်ခေါ်မနေနဲ့ ဘေးအိမ်ကအိပ်နေတဲ့သူတွေနိုးကုန်လိမ့်မယ် ငါအိမ်ပေါ်မှာရှိတယ် ဝင်လာခဲ့ကွ,,

နေခန့်လှမ်းအော်ပြောလိုက်တော့မှ, ခြံရှေ့ကသဲကွဲစွာမမြင်
ရသော လင်းအောင်ဆိုသူမှာ ခြံထဲသို့ ဝင်လာ၍ အိမ်ပေါ်သို့
တက်လာလေသည်။

လင်းအောင်ဆိုသူမှာ နေခန့်နှင့်မီးဝင်မီးထွက်တွေပင်ဖြစ်ကြပြီး ကျွန်းသုံးပင်ရွာလေး၌ ငယ်ပေါင်းပြောမနာဆိုမနာ
ညီအကိုရင်းပမာချစ်ခင်ကြသူတွေပင်ဖြစ်သည်။

ကဲပြောပါအုံးကွ,,လင်းအောင်ရ,,ဘာကိစ္စများထွေထွေထူး
ထူးရှိလို့,ငါဆီကိုစောစောစီးစီးပေါက်ချလာရတာလဲကွ,,

မင်းကတော့ပြောတော့မယ်နေခန့်ရာ,,ငါကမင်းဆီကိုထွေထွေထူးထူးကိစ္စရှိမှလာရမှာလားကွ,,ဒီလူနဲ့ဒီအိမ်အကြောင်းထူးကိစ္စမရှိလည်းလာနေကြကို ဟုတ်တယ်မလားဒေါ်လေး ဟားငါ့ဒေါ်လေးက မတွေ့တာကြာသွားလို့ လှလိုဝလိုပါလားဗျ,,ဒါနဲ့,ဒေါ်လေး ဒီနေ့ဘာဟင်းကောင်းတွေများချက်နေတာလည်းဗျ,,ဟီး….ဟီး….

ဟဲ့,လင်းအောင် ငါ့ကိုငါလှလာတယ်ဆိုတာ မှန်ထဲမှာနေ့တိုင်းမြင်တွေရလို့ သိပါတယ်ဟယ် နင်မြှောက်ပင့်ပြီးမပြောလည်း အိမ်မှာထမင်းစားသွားလို့ရပါတယ် မနေ့ကဖိုးဟန်နဲ့ နေခန့် တောဝက်တစ်ကောင်ရလာတာနဲ့ ဒီနေ့
သူတို့ညီအကို အမဲပစ်မထွက်ဖြစ်လို့ အိမ်မှာနားနေတုန်းလေးလျှာလည်သွားအောင်ကောင်းကောင်းလေးချက်ကျွေးဖို့ ပြင်ဆင်နေတာဟေ့,,

မီးဖိုချောင်ကနေ ဒေါ်စန်းလေးတစ်ယောက် လင်းအောင်
မျက်နှာပိုးမသေးသောမျက်နှာကြီးနှင်စပ်ဖြီးဖြီးစနောက်နေတာကိုပြန်ရွတ်၍ စနောက်လှမ်းပြောလိုက်လေ၏။

ဟား….ဟား…..ဒေါ်လေးတစ်ယောက်ကတော့,,ကျွန်တော်
ထက်ပိုရွတ်တယ်ဗျာ,,မနိုင်ဘူးတကယ်

နင့်ကိုက ဒီလိုပြန်ပြောနိုင်မှရမယ်လင်းအောင်ရေ….နင့်အကြောင်းကိုငါက အူမချေးခါးသိနေပြီးသားဟဲ့,,

လင်းအောင်တစ်ယောက်အမေ့ကို စနောက်၍ ကျွန်တော်
တို့ ညီအကိုနှစ်ယောက်ဘက်မျက်နှာလှည့်လာပြီး

ဒီလို နေခန့်ရ,,ငါလည်းဒီနေ့ ရာသီဥတုအခြေနေအရမ်းဆိုး
ရွားလို့ အမဲပစ်မထွက်တာ ဒါနဲ့ငါ့လိုပဲမင်းတို့ညီအကိုနှစ်ယောက်လည်း တောထဲမဝင်ဖြစ်လောက်ဘူးဆိုပြီး မင်းတို့
အိမ်ဘက်လှည့်လာရတာပဲ

ဟုတ်တယ်လင်းအောင်ရာ ဒီနေ့ရာသီဥတုအခြေနေအရမ်း
ဆိုးရွားလွန်းလို့ ငါနဲ့နေခန့်အမဲပစ်မထွက်ဖြစ်ပဲ အိမ်မှာမနားချင်ပဲနားနေလိုက်ရတာကွ,,

အကိုဖိုးဟန်က စိတ်ပျက်သောလေသံနဲ့ ဝင်ပြောလေသည်။

ဟုတ်တယ် ကိုဖိုးဟန်ကြီးရေ ဒီနေ့ရာသီဥတုဆိုးရွားချက်ကြီးက ခါတိုင်းနေ့နဲ့မတူဘူးဗျ,,တော်တော်ဆိုးရွားတာ ကျွန်
တော်စိတ်ထဲ တစ်မျိုးကြီးပဲဗျာ,,

ဟ,,ကောင်လင်းအောင်ရ မင်းကဘာကိုတစ်မျိုးဖြစ်နေရတာလည်း ဆောင်းတွင်းပဲခုလိုနှင်းကျပြီး အအေးဓာတ်ပိုတာအဆန်းလုပ်နေရတယ်လို့ကွာ,,

ဟ,,ငါစိတ်ထဲတစ်မျိုးဖြစ်တာ ဆောင်းတွင်းခုလို လူလုံးသဲကွဲအောင်မမြင်ရပဲ နှင်းတွေပိတ်မှောင်အောင်ကျပြီး အေးနေတာကိုပြောတာမဟုတ်ဘူးကွ,,နေခန့်ရ,,

ဟ,,ဒါဆိုဘာကိုမင်းကပြောချင်တာလဲ စကားကိုရှင်းလင်း
အောင်ပြောကွာ,,

ကျွန်တော်လည်း လင်းအောင်ဆိုလိုသောအဓိပ္ပါယ်ကို နားမလည်ပဲ စိတ်မရှည်တော့၍ မေးလိုက်၏။

ငါပြောချင်တာဒီလိုကွ,,နေခန့်ရ,, မင်းအမြင်ပဲကြည့်လေ
ပတ်ဝန်းကျင်ကို ဆောင်းတွင်းခုလိုနှင်းတွေကျပြီး ဘာမှမမြင်ရအောင် ပိတ်မှောင်ပုံကြီးကို ပုံမှန်ဟုတ်ရဲ့လားလို့,,

လင်းအောင်ပြောလိုက်တော့မှ ကျွန်တော်နှင့် အကိုဖိုးလည်း
အိမ်အပြင်ကိုသေချာကြည့်မိကြသည်။ လင်းအောင်ပြော
တာ ဟုတ်တော့ဟုတ်နေ၏ ဆောင်းတွင်းနှင်းတွေပိတ်မှောင်နေပြီး အရမ်းအေးနေပုံကြီးက တစ်မျိုးထူးခြားနေပြီး
အဖြူရောင်နှင်းစက်တို့အရောင်က မီးခိုးရောင်ဖြစ်နေ၍ ကြည့်နေရင်းမှာပဲ တစ်စတစ်စအမည်းရောင်ဘက်ကိုပြောင်းလာလေသည်။

ဟုတ်တယ် ဖိုးဟန်နဲ့,နေခန့်ရ,ငါလည်းဒါကိုသတိထားနေမိတယ် လင်းအောင်ပြောတဲ့ ပုံမှန်မဟုတ်တဲ့ရာသီဥတု
ကြီးကို ခုကြည့်လေမင်းတို့အမြင်ပဲ

အဖေက အိပ်ရာထဲမှထွက်လာရင်း ကျွန်တော်တို့စကားပြောနေသည် စကားဝိုင်းထဲသို့ ဝင်ပြောလေသည်။

ဟုတ်တယ်အဖေရ,,ကျွန်တော်တို့လည်း လင်းအောင်ပြောမှ
ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်နေတာ တစ်စတစ်စနဲ့ မှောင်မိုက်လာတာတွေ့ရတယ်

ကျွန်တော်လည်းအဖေကိုပြောသည်စကားကို ထောက်ခံ၍
ပြန်ပြောနေခိုက်……………………………..

ဝေါင်း……..ဝေါင်း……….ဝေါင်း…………….

ဟား……..နေခန့်နဲ့ ကိုဖိုးဟန်ကြီးကြားလား ရွာထဲကျားဟိန်းသံ ဘယ်ကနယ်ကျွံဘာတဲ့အကောင်လည်းမသိဘူး

အေး…ဟုတ်တယ်လင်းအောင်ရ,,နယ်ကျွံလာတဲ့ကျားဖြစ်မယ် ရာသီဥတုပိတ်မှောင်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးဘာမှ
မမြင်ရလို့ ကိုနေတဲ့နေရာမပြန်နိုင်တော့ပဲ လမ်းမှားရောက်လာတာဖြစ်မယ်

ကျွန်တော်လည်း လင်းအောင်စကားကိုထောက်ခံ၍ ပြန်
ပြောလိုက်သည်။

ဟ,,ဒီလိုဆိုဘယ်ဖြစ်မလဲ ရွာထဲက လူတွေကိုဒုက္ခပေးမှဖြစ်
အခက်တွေ့နေအုံးမယ် ကဲ….ကဲ….နေခန့်,,ငါတို့ ဒူးလေးတွေနဲ့ ထိသေအဆိပ်လူးမြှားတွေသွားယူ ငါတို့လိုမုဆိုးတွေ
ရှိလျှက် ရွာသူရွာသားတွေဘေးအန္တရာယ်ဖြစ်မဲ့အရေး ကာကွယ်မတားဆီးနိုင်ရင် ငါတို့အရှက်ရစေတယ် ကဲ…လင်းအောင် မင်းလည်း ဟိုမှာချိတ်ထားတဲ့ ငှက်ကြီး
တောင်ဓားအဆောင်ဖြစ်ယူခဲ့,

အကိုဖိုးဟန်က မုဆိုးပီပီ မျက်စိလည်လမ်းမှားဝင်လာသော
သားကောင်ကို အလွတ်မပေးသည်အပြင် ရွာကလူတွေဒုက္ခ
တွေ့မှာကိုလည်း စိုးရိမ်ပူပန်နေ၏။

ဟဲ့,,ဟဲ့,,နင်တို့တွေ သတိထားပြီးဂရုတစိုက်လည်း လုပ်ကြအုံးနော် ပတ်ဝန်းကျင်ကနှင်းတွေနဲ့ပိတ်မှောင်နေတာဆိုတော့ ကောင်းကောင်းမြင်ရတာမဟုတ်ဘူး

အမေက သွားခါနီးမိဘတွေရဲ့ထုံးစမ်အတိုင်းကိုယ့်သားသမီးတွေ ဒုက္ခတစ်ခုခုဖြစ်မှာကိုစိုးရိမ်ပူပန်၍ သတိပေးမှာကြားနေခြင်းပင်ဖြစ်သည်။

ကျွန်တော်တို့ သုံးယောက်လည်း လက်နက်ကိုယ်စီကိုင်ဆောင်ရင်း ကျားဟိန်းသံကြားရတဲ့ဘက်သို့ သတိကြီးစွာ
ထားရင်း ဦးတည်ထွက်လာခဲ့ကြသည်။

ထိသေအဆိပ်မြှားဆိုသည်မှာ ကျွန်တော်တို့မုဆိုးတွေအဖို့
အသက်ဘေးအန္တရာယ်နဲ့ကြုံမှ ထုတ်သုံးကြလေရှိသောအရေးပေါ်မြှားပင်ဖြစ်၏။

ထိုထိသေအဆိပ်သုံးထားသောမြှားဖြင့် ထိသွားသောသား
ဘယ်သားကောင်မဆို မီးနစ်ပိုင်းအတွင်ချက်ချင်းအဆိပ်တွေပျံ့နှံ၍ ပြာနှမ်းကုန်ပြီး ထိုအဆိပ်မြှားထိထားသော သား
ကောင်၏အသားကို စားသောက်လို့မရတော့ပေ။

သုံးယောက်သား ကျားဟိန်းသံကြားရာ ရွာအနောက်ဖက်ရှိရာထွက်လာခဲ့ကြရင်း တစ်နေရာအရောက်တွင်

ဟား……ရှေ့မှာ ရှေ့မှာအကိုဖိုးဟန်နဲ့ လင်းအောင်

ဟား…ဟင်း…..

ကျွန်တော်တို့နဲ့ ဝါးတစ်ရိုက်အကွာအဝေးတွင် တွေ့လိုက်ရ
သော အရာကား ကျွန်တော်တို့ရှာဖွေပစ်ခတ်ရန်ရှာနေသော ကိုးတောင်ပြည့်ကျားကြီးပင်ဖြစ်နေလေသည်။

ပိတ်မှောင်အောင်ကျဆင်းနေသည် နှင်းစက်မှုံတို့ကြောင့်
ကိုးတောင်ပြည့်ကျားကြီးကို ကောင်းစွာသဲသဲကွဲကွဲမမြင်နိုင်
သော်လည်း ဝိုးတဝါးလေးတော့မြင့်တွေ့နေရလေ၏။

ဝေါင်း…….ဝေါင်း……..

ကိုးတောင်ပြည့်ကျားကြီးမှာ ရန်သူအန္တရာယ်အငွေ့အသက်ကို ခံစားနေမိသည်ထင်၏ ကျွန်တော်တို့သုံးယောက် ရှိရာဘက်ကို မျက်နှာမူ၍ ဒေါသထွက်နေသော ဝမ်းခေါင်း
အသံကြီးဖြင့် မာန်ဖီဟိန်းဟောက်နေသည်။

အချိန်ကို စောင့်ဆိုင်းမနေတော့ပဲ ကျွန်တော်လည်း ဒူးလေး
ကို အဆင်သင့်မောင်းတင်လုိက်ပြီး ထိသေအဆိပ်သုံးထားသည် မြှားတစ်ချောင်းဒူးလေးပေါ်တင်၍ ကျားကြီး
ရှိရှာကို သေချာချိန်တွယ်ရင်း ခလုတ်မောင်းအား ဖြေးညှင်းစွာ ဖြုတ်ချလိုက်လေတော့သည်။

ဗျောင်း…..ဝှီး…..ဝှစ်……ဒုတ်

ဝေါင်း……ဂါး……..

ဟာ….ဟင်း….ဟား……

ကိုးတောင်ပြည့်ကျားကြီးမှာ ထူးဆန်းသောဝမ်းခေါင်းသံ
ကြီးဖြင့် ဟိန်းဟောက်မာန်ဖီရင်း ဒေါသထွက်နေပြီး ကျွန်
တော်တို့ရှိရာသို့ တစ်လှမ်းချင်းတိုး၍ လာနေလေသည်။

ဘယ်လိုဖြစ်တာလဲဟ,,အကိုဖိုးဟန်ကြည့်ပါအုံး ကျွန်တော်
ပစ်လိုက်တဲ့ ထိသေအဆိပ်သုံးထားတဲ့မြှားချက်မှန်သွားတာ
တောင် ဒီကောင်ကြီးကမဖြုန်ဘူးဗျ,,ဘာမှမဖြစ်တဲ့အတိုင်းပဲ ဒေါသထွက်ပြီး ကျွန်တော်တို့ရှိရာတောင်လာနေသေးတယ် လုပ်…လုပ်ပါအုံး ဘယ်လိုလုပ်ကြမလဲဗျ,,

မင်းအသာနေနေခန့်,ငါထက်ပစ်ပြမယ် ဒီကောင်ကြီးကို

ဒီလောက်အသက်ပြင်းတဲ့ အကောင်ကြီး တွေ့ကြသေးတာ
တာပေါ့ကွာ မင်းကပဲအသက်ပြင်းနိုင်မလား ငါအဆိပ်လူးမြှားရဲ့အစွမ်းကိုခံနိုင်အုံးမလားဆိုတာကို

ဖိုးဟန်မှာ ညီဖြစ်သူနေခန့်,ထိသေအဆိပ်လူးမြှားသုံးပြီး ပစ်
ခတ်၍ထိမှန်သွားတာတောင်မသေသေးသော ကိုးတောင်
ပြည့်ကျားကြီးကို ကြည့်ရင်းဒေါသထွက်စွာ ကျိန်းဝါးပြောဆိုရင် ဒူးလေးကိုမောင်းတင်လိုက်ပြီး အဆိပ်လူးမြှား
တစ်ချောင်းဒူးလေးပေါ်တင်ခါ သူတို့ရှိလာတစ်လှမ်းချင်း
လာနေသော ကျားကြီးဆီသို့ သေချာချိန်ရွယ်ရင်း မောင်းဖြုတ်ချလိုက်လေ၏။

ဗျောင်း….ဝှီး……ဝှစ်…ဒုတ်

ဝေါင်း…..ဝေါင်း…..ဂီး…..ဂါး…..

ဟာ…..ဟင်း….ဟား……..

ကျားကြီးမှာ ဖိုးဟန်ပစ်ခတ်လိုက်သော မြှားချက်ထိမှန်း
သွားသောလည်း ဖြုန်ပုံမရ ပို၍ဒေါသထွက်စွာ ထူးဆန်း
သောဝမ်းခေါင်းအသံကြီးဖြင့် ဟိန်းဟောက်မာန်ဖီရင်း သူတို့ရှိရာ တစ်လှမ်းချင်းဆက်တိုးလာလေသည်။

သူတို့သုံးယောက်ဖို့ ပြေးလမ်းမမြင်တော့ သူတု်ိ့ပစ်လိုက်သောမြှားချက်တွေထိမှန်သွားပြီး ဒေါသအလွန်းထွက်နေသောကျားနာတစ်ကောင်၏ လက်အောက်တွင်အသက်ပေး
ရတော့မည်အခြေနေဖြစ်၍နေလေသည်။

ကိုးတောင်ကျားကြီးက သူတို့သုံးယောက်နဲ့အလွန်ပင်နီးကပ်လွန်းလို့လာလေ သူတို့စိတ်တွေက ပိုမိုလှုပ်ရှား၍လာလေဖြစ်လေ၏။

လင်းအောင်တစ်ယောက် သူလက်ထဲတွင်ကိုင်ထားသော ငှက်ကြီးတောင် ဓားကိုကျစ်ကျစ်ပါအောင်အဆင်သင့်ကိုင်
ဆောင်ထားရင်း စိတ်လှုပ်ရှားစွာ လာမဲ့ဘေးပြေးတွေ့ဖို့အခြေနေမို့ သေလည်းမထူးတော့ သူဓားချက်ဖြင့်သူသေကိုသေချက်ကောင်းကိုခုတ်နိုင်အောင်ဆုံးဖြတ်ချက်ချထားသည်။

နေခန့်နဲ့ ဖိုးဟန်တို့ညီအကိုနှစ်ယောက်မှာလည်း ဒူးလေးကိုယ်စီ အသီးသီးလက်တွေမှာကျစ်ကျစ်ပါအောင်
ကိုင်ဆောင်ထားရင် စိတ်လှုပ်ရှားစွာ အခြေနေကိုစောင့်ကြည့်နေခိုက်

ဝေ့…..နေကြအုံး…..နေကြအုံး….မင်းတို့ဒီကောင်ကြီးကို
ဒီအတိုင်းသက်လို့မရနိုင်ဘူးကွ,,

အသံကြားရာကျောဘက်သို့ လှည့်ကြည့်လိုက်တော့ ကျွန်းသုံးပင်ရွာလေးရဲ့ အားအထားရဆုံးဆေးဆရာကြီး ဦးရွှေ
မောင်းဖြစ်၍နေ၏။

ဟား….ဟင်….ဟာ

ဆေးဆရာဦးရွှေမောင်းကြီးပါလား ဘယ်ကနေဘယ်လို
ရောက်လာရတာတုန်းဗျ,,

ကျွန်တော်လည်း ခုလိုအခြေနေမျိုးမှာ ဗြုန်းစားကြီးရောက်
ချလပြီး အံ့သြနေမိ၍ မေးလိုက်ခြင်းပင်ဖြစ်သည်။

ဦးရွှေမောင်းဆိုသည်မှာ ကျွန်းသုံးပင်ရွာလေးသာမက ကျွန်းသုံးပင်ရွာလေးအနီးရှိ ရွာတွေပါအားကိုးအားထားရသော
ဗမာဆေးဆရာကြီးဖြစ်ပြီး အကြမ်းတွေပါနိုင်နင်းသူတစ်
ယောက်ဖြစ်လေ၏။

အေး…ခုလိုအချိန်မျိုးဗြုန်းစားကြီးရောက်လာရတာကတော့ မင်းတို့ခုရင်ဆိုင်ကြုံတွေ့နေရတဲ့ အန္တရာယ်ဖုတ်ကောင်ပြသနာကြောင့်ပဲ ဒါရိုးရိုးသာမန်ကျားတစ်ကောင်မဟုတ်ဘူးကွ,,သေပြီးသားကျားတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဖုတ်ကောင်ကဝင်ပူးကပ်ပြီး အစာရှာဖွေစားသောက်နေတာ ဒီနေ့ရာသီဥတုပုံမှန်မဟုတ်တာကိုမနက်ကတည်းက
ငါရိပ်မိပြီးသား ရွာထဲကိုမှာ ကျားဟိန်းသံကြားရတော့မှ
ဒါသွေးရိုးသားရိုးမဖြစ်နိုင်ဖူးလို့ယူနေတုန်း မင်းတို့သုံးယောက် လက်နက်တွေကိုယ်စီနဲ့ဒီဘက်ထွက်လာတာတွေ့လို့ အနောက်ကနေအသာလိုက်ကြည့်ရင်း ဒီပုံမှန်မဟုတ်တဲ့ အခြေနေကိုလေ့လာအကဲခတ်လို့မိသွားတာကွ,,
ကဲ…ကဲ….ရော့ ဒီအင်းပြားလေးကို မင်းတို့မြှားရဲ့ထိပ်မှာပူး
ကပ်ချည်ပြီး ဒီကောင်ကြီးကုိမြန်မြန်ဇာတ်သိမ်းပြစ် ဒီလိုမှမဟုတ်ရင် လက်လွတ်သွားပြီး ဘေးရွာတွေကိုပါဝင်
မွှေနေအုံးမယ်

ဆေးဆရာကြီးဦးရွှေမောင်းပေးသည် ၁လက်ခွဲပက်လည်လောက်ရှိသည်ကြေးပြားလေးကို ကျွန်တော်လည်းခပ်
မြန်မြန်ယူ၍ မြှားတစ်ချောင်းထိပ်၌ ကြိုးဖြင့်ပူးကပ်ချည်
လိုက်ပြီး အလွန်းနီးကပ်နေပြီဖြစ်သော ကိုးတောင်ပြည့်
ကျားကြီးဆီသို့ ဒူးလေးအားမောင်းအမြန်တင်လိုက်ပြီး
သေချာချိန်ရွယ်ပစ်ချလိုက်ရလေတော့သည်။

ဗျောင်း….ဝှီး…..ဝှစ်…ဒုတ်

ညှင်သာစွာ လေအဟုန်ကိုထိုးခွင်း၍ ပြေးဝင်သွားသောမြှား
လေသည် ကိုးတောင်ပြည့်ကျားကြီး၏ ဦးခေါင်းတည့်တည့်ဆီစိုက်ဝင်သွားသောအခါ

ဂီး……ဝေါင်း……အား……………..

ဟာ….ဟင်း…ဟား..

ကျွန်တော် လင်းအောင် အကိုဖိုးဟန်တို့မှာ အလွန်ပင်အဆန်းအကြယ်မြင်တွေကြားလိုက်ရလေသည်။

ကျားကြီး၏အသံမှာ နာကျင်ဆူးရှသောဝမ်းခေါင်းအသံကြီးဖြင့် တရိစ္ဆာန်တစ်ကောင်လို မအော်ပဲ လူတစ်ယောက်အသံလို အော်ဟစ်ညိမ်သက်၍ အသက်ဝိဥာဉ်ကင်းမဲ့သွားလေတော့၏။

ကိုးတောင်ကျားကြီး ညိမ်သက်သွားတော့မှ ကျွန်တော်တို့လည်း ကျားကြီးအနီးတိုးကပ်လာ၍ သေချာကြည့်လိုက်သောအခါ ပိုမို၍ တစ်အံတစ်သြဖြစ်ရပြန်လေ၏။

အဘယ်ကြောင့်ဆိုသော် ကျွန်တေည်ပစ်လိုက်၍ လဲကျသေဆုံးနေသောကျားကြီးမှာ တစ်ကိုယ်လုံးပုပ်ပွနေပြီး
လောက်တွေတောင်ထိုးနေသောကြောင့်ပင်ဖြစ်လေ၏။

ငါမင်းတို့ကိုမပြောဘူးလား ဒါရိုးရိုးသာမန်ကျားတစ်ကောင်
မဟုတ်ပါဖူးလို့ ဒီလိုပဲကွ အမြင်ရတဲ့အဆန်းတကြယ်ပရလောကဆိုတာ အရမ်ရှုပ်ထွေးနက်နည်းတယ် ခုလိုလက်တွေ့ကြုံကြမှ လူတွေကလက်ခံယုံကြည်ကြတာ ခုပဲကြည့်
လေ ဒီပုပ်ပွသေနေတဲ့ ကျားသေကောင်ကြီးရဲ့ ခန္ဓာကိုယ်ထဲကို အရမ်းငတ်မွန်ဆာလောင်နေတဲ့ ဖုတ်တစ်ကောင်က
ဝင်ပူးကပ်ပြီး အမှီပြုမှီခိုစားသောက်နေထိုင်နေတာပဲ ဖုတ်ကောင်တွေဆိုတာ လူတွေကိုတင်အမှီပြုမှီခိုပူးကပ်ပြီး
စားသောက်နေထိုင်ကြတာမဟုတ်ဖူးကွ,,ခုလိုတရိစ္ဆာန်တစ်
ကောင်ကောင်ကိုလည်းအမှီပြုနေထိုင်စားသောက်ကြလေ့
ရှိကြတယ် ငါတူတို့ရဲ့,

ဟား….ကျွန်တော်တို့အတွက်တော့ တစ်သက်နဲ့တစ်ကိုယ်
ခုလိုအဆန်းတကြယ်အဖြစ်မျိုးနဲ့ တစ်ခါမှမကြုံဖူးပါဘူး
ှဗျာ,,ခုမှပဲကြုံတွေ့ဘူးတော့တယ် ဦးရွှေမောင်ရယ်,,

လင်းအောင်က အရမ်းအံသြနေသောအမူရာဖြင့် ဆေးဆရာကြီးဦးရွှေမောင်းအား ပြန်ပြောလို့နေသည်။

ကျွန်တော်တို့လေးယောက်လည်း သေပြီးပုပ်ပွနေသည် ကျားသေကောင်ကြီးအား ရွံရွံရှာရှာဖြင့် နီးစပ်ရာအိမ်က ဂုန်နီအိတ်တွေတောင်ကာ ကျားကြီးကိုထုပ်ပိုးသယ်ဆောင်ရင်းတောစပ်နားမှာမြေကျင်းနက်နက်တူး၍ မြုပ်လိုက်ကြပြီးအိမ်သို့ပြန်လာခဲ့ကြလေသည်။

အိမ်အပြန်လမ်းတွင်တော့ ဆေးဆရာကြီးဦးရွှေမောင်း
ဆေးဝါးအင်းအိုင်တွေနဲ့ စီဆင်ထားသော အရမ်းအစွမ်းထက်၍ ဖုတ်ကောင်ဝင်နေသောကျားကြီးကိုပစ်ခတ်ဇီဝိန်ချုပ်လိုက်နိုင်သည် အင်းအကြောင်းတွေနှင့် လက်တွေ့မြင်တွေ့လိုက်ရသည် ဖုတ်ကောင်တွေအကြောင်း ပရလောကသားတွေအကြောင်းတွေကို ပြောပြနေသည် ဦးရွှေ
မောင်းစကားတွေကို စိတ်ဝင်တစားနားထောင်ရင်း ဆောင်းတွင်းတပိုလ ကျဆင်းပိတ်မှောင်နေသည်ငွေမှုံနှင်းစက်တို့နှင့် အအေးဒဏ်ကို အန်တုရင်း အိမ်သို့ ပြန်လာခဲ့ကြလေတော့သည်။

ပြီး

*ရှိုင်း*

*စာရေးဆရာအပေါင်းအားအထူးလေးစားလျှက်*

*၃၀ပုဒ်မြောက်ရေးသားဖော်ပြသည်*

စာရေးပြီးချိန် 11:00.p.m.2022.2.15.အင်္ဂါနေ့

Leave a Reply

Your email address will not be published. Required fields are marked *