အရက်သည်မ ဇာတ်လမ်း
မြသန်းတင့်

၃၁။ အညတရ ရုပ်ပုံလွှာများ -မြသန်းတင့်

(ကလျာမဂ္ဂဇင်း ၊ ၁၉၉၀ ခု ၊ ဇွန်လ)

နမ့်ခမ်းမြို့၏ ဒီဇင်ဘာ ညချမ်းတခုတွင် ရှမ်းအရက်ကို သောက်ကြရင်း နမ့်လုံခမ်းက သူ့ဘဝဇာတ်လမ်းကို ပြောပြခဲ့သည်။ နမ့်လုံခမ်းမှာ အသက်သုံးဆယ်လောက် ရှိလေပြီ။ နမ့်ခမ်းတဝိုက်က ရှမ်းအမျိုးသမီးများလိုပင် သူသည်လည်း အသားအရေ ကြည်လင်၍ ချောမော လှပသည်။ နမ့်လုံခမ်းသည် အဖြူရောင် ပင်ဒါယုန်မွေးဆွယ်တာကို ဝတ်ထားပြီး ခါးတွင်အစိမ်းရောင်နောက်ခံ၌ အဝါရောင်ကန့်လန့်စင်းများ ပြေးနေသည့် ရှမ်းထဘီတို့ကို ဝတ်ထားကာ လည်ပင်းတွင် သိုးမွေးဆွယ်တာ အနီရောင်ကို ကပိုကရို ပတ်ထားသည်။ လည်စည်းမှ အမြိတ်ကလေးများသည် သူ့ရင်အုံပေါ်တွင် ပြေးလွှား ကခုန်နေကြသည်။ အရပ် မနိမ့်မမြင့် ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် ဖြစ်ပြီး အဖြူရောင် ခုံမြင့်ဖိနပ်ကလေးကို စီးထားလိုက်သည့်အခါတွင် သူ့အရပ် အမောင်းသည် ပို၍ မြင့်လာကာ ကိုယ်လုံးကိုယ်ပေါက်သည် ပို၍ ကြွတက်လာသည်ဟု ထင်ရသည်။ သူ့အသံသည် ရှမ်းသံ ဝဲကာ တမျိုး နားထောင်၍ကောင်းနေသည်။



ကျွန်မ ဇာတိက ဆယ်လန့်ပါ။ ဆယ်လန့်ကို ဆရာတို့ ရောက်ခဲ့ပြီ မဟုတ်လား။ ဆယ်လန့်ဆိုတာ ဆရာတို့ သိသားပဲ။ ဟိုတုန်းက စောမွန်လှ မွေးခဲ့တဲ့ ရွာလို့ ဆို တာပဲ။ လူတွေက ပြောတော့ ကျွန်မတို့ ဆယ်လန့်သူတွေဟာ ချောသတဲ့။ ကျွန်မတို့ကတော့ ဘယ်သိမှာလဲ။ ဘယ်မှလည်း ရောက်ဖူးတာ မဟုတ်။ ဘယ်မှလည်း သွားဖူးတာ မဟုတ်တော့ သူများမြို့က မိန်းကလေးတွေ ချောတယ် လှတယ် ဆိုတာကိုလည်း မမြင်ဖူးဘူး။ ကိုယ့်ရွာက မိန်းကလေးတွေ ချောတယ် လှတယ် ဆိုတာလည်း မသိဘူး။ ကိုယ့်ရွာမှာတော့ ဒီလိုပဲ မသိလိုက် မသိဘာသာ နေကြတာပဲ။ သူများတွေက ပြောတော့ ကျွန်မတို့ရွာဟာ အချောအလှလေးတွေ ပေါသတဲ့။ ဆရာတို့က အနယ်နယ်ရောက်ဖူးတော့ ပိုသိမှာပေါ့။ ကျွန်မတို့အဖို့တော့ သိပ်မထူးပါဘူး။ တရွာလုံး သူ့လို ကိုယ့်လိုချည်းပါပဲ။

ကျွန်မ ငယ်ငယ်တုန်းက ရှမ်းအရက် ရောင်းခဲ့တယ်လေ။ ဆရာတို့ ဆယ်လန့် ဈေးထဲကို ရောက်ခဲ့တယ် မဟုတ်လား။ ဈေးနေ့ဆိုရင် ဈေးထဲမှာ ရှမ်းအရက် ရောင်းတယ်။ ဈေးနေ့ မဟုတ်တဲ့ နေ့တွေမှာဆိုရင် ရွာထိပ်က ကညင်ပင်ကြီး အောက်မှာ ရောင်းတယ်။ ကျွန်မတို့ဆီက ရာသီဥတုက အေးတော့ ဆောင်းတွင်း ဆိုရင် တနေကုန် ရှမ်းအရက် ရောင်းတာပဲ။

မနက်လင်းရင် တောင်ယာကို သွားတဲ့ လူကလည်း နွေးအောင် ဆိုပြီး ရှမ်းအရက် တခွက်လောက်တော့ ဝယ်သောက်သွားကြတယ်။ ရှမ်းအရက်က ဆရာတို့လည်း သောက်ဖူးတာပဲ၊ လက်ဖက်ရည် အခါးပန်းကန်ကလေးနဲ့ ရောင်းတာ။ တချို့လည်း လက်ဖက်ရည်အခါး သောက်သလို တခွက် ဝင်သောက်သွား ကြတယ်။ တချို့လည်း နှစ်ခွက် သုံးခွက် သောက်သွားကြတယ်။ အမြည်းကတော့ မုန်ညင်းချဉ်ပေါ့။ ဆယ်လန့် ဆောင်းက သိပ်အေးတယ် မဟုတ်လား။ ဒီတော့ ကျွန်မတို့ဆီမှာ အခါးရည်ကလေး သောက်ရုံနဲ့ မနွေးဘူး။ မနက်လင်းလာရင် ရှမ်းအရက်ကလေး တခွက်၊ ထမင်းကြော်ကလေးနဲ့ မုန်ညင်းချဉ်ကလေး စားလိုက်မှ ဗိုက်ထဲမှာ နွေးသွားတယ်။ ဒါကြောင့် ဒီမှာတော့ မနက်မှာ ရှမ်းအရက်ကလေး တခွက်လောက်တော့ သောက်ကြတာပဲ။ ကျွန်မက အဲဒီရွာထိပ်က ကညင်ပင်ကြီး အောက်မှာ အရက်ဆိုင်ကလေး ဖွင့်တယ်။ ကျွန်မတို့ရွာမှာ ဒီလိုပဲ ရှမ်းအရက်ဆိုင် ကလေးတွေ ဖွင့်ကြတယ်။ တချို့လည်း အိမ်မှာပဲ ဖွင့်တယ်။ တချို့လည်း နေရာ ကောင်းကောင်းကလေး ရှာပြီး ဖွင့်တယ်။ ကျွန်မတို့ ဆိုင်ကတော့ ရွာထိပ်က ကညင်ပင်ကြီးအောက်မှာ ဖွင့်တယ်။ တခြား ကျွန်မလို ဖွင့်တဲ့ အရက်ဆိုင်ကလေးတွေလည်း အနားမှာ သုံးလေးဆိုင်လောက် ရှိတယ်။ ဒီအထဲမှာ ကျွန်မဆိုင်က အရောင်းရဆုံး။ မေးစရာတော့ ရှိတယ်။ ကျွန်မဆိုင်က အရက်က ပိုကောင်းလို့လားလို့။ မကောင်းပါဘူး။ ကျွန်မအရက်လည်း သူများ အရက်လိုပါပဲ။ မထူးပါဘူး။ ဒါမှမဟုတ်ရင် ကျွန်မက ဆက်ဆံရေး ကောင်းလို့လား ၊ ဖော်ရွေလို့လား ၊ ဝယ်သူ စိတ်ကျေနပ်အောင် လုပ်တတ်လို့လား မေးစရာ ရှိပြန်တယ်။ ဒီလိုလည်း မဟုတ်ဘူး။ ကျွန်မက မျက်နှာထားကို တခြားသူတွေထက်တောင် နည်းနည်း တင်းထားချင်သေးတယ်။ ပြီးတော့ စကားအပြောအဆို ကျတော့လည်း သူများလို ပြေပြေပြစ်ပြစ် ပြောတတ်တာ မဟုတ်ဘူး။ ပြောလိုက်ရင် ဘောက်ဆတ်ဆတ်နဲ့။ မျက်နှာပေးကလည်း ကြိုက်ရင် သောက် ၊ မကြိုက်ရင် မသောက်နဲ့ ဆိုတဲ့ ပုံမျိုး။

အဲ ၊ တခုတော့ ရှိတယ်။ ကျွန်မဆိုင်မှာ လူတွေ အုံတဲ့ အကြောင်းက ကျွန်မက အပျို။ အဲဒါကြောင့်ပဲ ဖြစ်မယ် ထင်တာပဲ။ ကျွန်မတို့ဆီမှာက မိန်းကလေးတွေ စောစော အိမ်ထောင်ကျတတ်ကြတယ်။ ကျွန်မကတော့ အသက်နှစ်ဆယ်ကျော်သည်အထိ အိမ်ထောင် မကျသေးဘူးလေ။ ကျွန်မကို ချစ်ရေးဆိုတဲ့ ကာလသားတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ ငြင်းခဲ့တာချည်းပဲ။ တချို့များဆိုရင် ကျွန်မကို အတင်းခိုးပြေးဖို့တောင် စိတ်ကူးခဲ့ကြသေးတယ်။ ဒါပေမဲ့ ကျွန်မက ခါးထဲမှာ အမြဲတမ်း ဓားမြှောင်တချောင်း ဆောင်ထားတယ်။ ကျွန်ကို ယီးတီးယားတား လုပ်ရင်တော့ အထိုးပဲ။ ဒီတော့ တော်တော်တန်တန် ယောက်ျားလေးက ကျွန်မကို မစရဲဘူး။ ကျွန်မအကြောင်းကို သူတို့ ကောင်းကောင်း သိကြတာကိုး။

ကျွန်မမှာ အဖေ မရှိတော့ဘူး။ အမေပဲ ရှိတော့တယ်။ မွေးချင်းဆိုလို့လည်း ကျွန်မ တယောက်တည်းရယ်။ အဖေကတော့ တောထဲမှာ ယာခုတ်ရင်း ငှက်ဖျား မိပြီး ဆုံးသွားတယ်။

ဒါနဲ့ ကျွန်မတို့ သားအမိ နှစ်ယောက်တည်းပဲ နေကြရတယ်။ အဖေ ဆုံးတော့ အမေက အရက်ရောင်းတယ်။ ကျွန်မ ဆယ့်နှစ်နှစ် သမီးလောက်မှာ အမေ လေဖြတ်ပြီး အိပ်ရာထဲက မထနိုင်တော့ဘူး။ ဒီတော့ ကျွန်မကလည်း အရက်ရောင်းပြီး လူမမာ အမေကြီးကို လုပ်ကျွေးရတယ်။ ကျွန်မတို့ ရွာမှာ ကျွန်မနဲ့ ရွယ်တူ သူငယ်ချင်းတွေ အိမ်ထောင်ကျသွားတယ်။ ဒါပေမဲ့ ဘာဖြစ်လို့မှန်းတော့ မသိဘူး။ ကျွန်မ ယောက်ျားတွေကို မယုံဘူး။ ယောက်ျားတွေတင် မကပါဘူးလေ ကျွန်မ ဘယ်သူ့ကိုမှ မယုံဘူး။ နေတော့လည်း အမေနဲ့ပဲ နေတယ်။ ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်ဘူး။ သီတင်းကျွတ်တို့၊ တန်ဆောင်မုန်းတို့၊ ကောက်သစ် စားပွဲတို့မှာ ကျွန်မတို့တတွေ ရိုးရာကကြတယ်။ ဘုရားပွဲတွေမှာ ဆိုရင်လည်း ရွာက ယိမ်းတွေ ဘာတွေ ကကြတယ်။ ကျွန်မ သူငယ်ချင်းတွေ အကုန်ပါကြတယ်။ ကျွန်မ မပါဘူး။ ကျွန်မ သူတို့လို မပျော်ဘူးလေ။ ကျွန်မ စိတ်ထဲမှာ တခုခုကို မကျေနပ်သလိုပဲ။ အလိုလို အားငယ်ပြီး အလိုလို စိတ်တိုနေတတ်တယ်။ ဒီလိုနဲ့ ကျွန်မ အရက် ရောင်းလာတာ ရှစ်နှစ်လောက် ကြာသွားတယ်။ အဲဒီတော့ ကျွန်မအသက် နှစ်ဆယ်လောက် ရှိမှာပေါ့။

တနေ့တော့ ကျွန်မတို့ရွာကို ကျေးလက် ကျန်းမာရေးမှူးတယောက် ရောက်လာတယ်။ သူ့နာမည်က စိုင်းလိတ်တဲ့။ အသက်က အစိတ်လောက်ရှိမယ် ထင်တယ်။ သူက နမ့်ခမ်းကနေပြီး ကျွန်မတို့ ရွာကို လာပြီး နယ်လှည့်တာ။ ကျေးရွာ သန့်ရှင်းရေးတို့၊ ဈေးသန့်ရှင်းရေးတို့ကို လိုက်စစ်တယ်။ ကျွန်မတို့ အရက်ဆိုင်တွေကိုလည်း လာစစ်တယ်။ အရက်ဆိုင်က ခွက်တွေ ညစ်ပတ်ရင်၊ ယင်တွေက တလောင်းလောင်းဖြစ်ရင် သူက သန့်သန့်ရှင်းရှင်း ရောင်းဖို့ ပြောတယ်။ တချို့ကိုလည်း ကျေးရွာလူကြီးတွေနဲ့ တိုင်ပင်ပြီး ဒဏ်တို့ ဘာတို့ ရိုက်တယ်။ ပြီးတော့ ရွာက လူတွေကိုလည်း ဆေးတို့ ဘာတို့ ကုပေးတယ်။ငှက်ဖျားရောဂါတို့ သားဖွား ကိစ္စတို့ပေါ့လေ။ အထူးသဖြင့် ငှက်ဖျားရောဂါတို့ ဘာတို့ကို ကုပေးတတ်တယ်။ ကျွန်မတို့ဆီမှာတော့လည်း ငှက်ဖျားရောဂါက အဖြစ်များတာကိုး။

တခါတလေမှာလည်း သားဖွားပေးတာတို့ ဘာတို့ ရှိတယ်။ သူက ကျွန်မတို့ ရွာကို တလကို နှစ်ခေါက်လောက် ရောက်လာတတ်တယ်။ တခါတော့ ကျွန်မ ဆိုင်ကိုလာစစ်ပြီး ပန်းကန်တလုံးက ညစ်ပတ်နေလို့ ဆိုပြီး သူက ယူကြည့်တယ်။ ကျွန်မက ဘာရမလဲ။ သူ့လက်ထဲက ပန်းကန်လုံးကို ဆွဲယူပြီး အရက်ငှဲ့ပေးပြီး အနားမှာ စောင့်နေတဲ့ ဖောက်သည်တဦးကို သူ့ရှေ့တင်ပဲ ပြောင်ပြောင် ရောင်းလိုက်တယ်။ ဖောက်သည်ကလည်း ကျွန်မ လှမ်းပေးတဲ့ ပန်းကန် ညစ်ညစ်ထဲက အရက်ကို ကုန်အောင် မော့သောက်ပြီး ပြန်ထွက်သွားတယ်။ သူများတွေက ကြောက်ပေမယ့် ကျွန်မ သူ့ကို နည်းနည်းလေးမှ မကြောက်ဘူး။ ဘာဖြစ်လို့ ကြောက်ရမှာလဲ။ ကျွန်မမှာ ဒီပန်းကန်နဲ့ ဒီခွက်ပဲ ရှိတာ။ ဒါနဲ့ပဲ ရောင်းမှာပေါ့။ ပန်းကန်အသစ်လဲဖို့ ပိုက်ဆံမှ မရှိတာ။ ဘယ်တတ်နိုင်ပါ့မလဲ။ ညစ်ပတ်လို့ မသောက်ချင် နေပေါ့။

တနေ့တော့ ကျွန်မ အရက်ဆိုင် မထွက်ဖြစ်ဘူး။ ငှက်ဖျားဆိုးတာနဲ့ အိမ်မှာပဲ ခရမ်းကဆော့သီးကို မီးဖုတ်ပြီး ထောင်းထားတဲ့ အမှုန့်နဲ့ အရက်တခွက် သောက်ပြီး စောင်ခြုံအိပ်နေတယ်။ ဒီဆေးနည်းက ကျွန်မအဖေပေးခဲ့တဲ့ ဆေးနည်း။ အဖေ ငှက်ဖျား ဖျားရင် ဒီလိုပဲ ဒီဆေးမှုန့်ကို သောက် ၊ အရက်တခွက်လောက် သောက်ပြီး စောင်ခြုံအိပ်နေတာပဲ။ နောက်တရက် နှစ်ရက်လောက် ကြာရင် ငှက်ဖျားက အလိုလိုပျောက်သွားတာပဲ။ ကျွန်မ ငှက်ဖျားတက်ရင်လည်း ဒီအတိုင်းပဲ လုပ်တာပဲ။

စောင်ခြုံအိပ်နေတုန်း တံခါးဝက ခြေသံ ကြားလို့ လှမ်းကြည့်လိုက်တော့ သူ ရယ်။ ဆရာလေး စိုင်းလိတ်ရယ်။ သူ ကျွန်မတို့ အိမ်ကို ဘယ်လိုလုပ် သိလာသလဲ။ ကျွန်မတို့ ဒီမှာ နေတယ်ဆိုတာ ဘယ်လိုလုပ် သိသလဲ။ ဒါတော့ ကျွန်မ မပြောတတ်ဘူး။ ကျွန်မတို့ အိမ်က ငှက်ပျောတောတွေထဲမှာ ဝပ်နေတဲ့ တဲကလေး။ တခြံလုံးမှာ သင်္ဘောပင်နဲ့ ငှက်ပျောပင်တွေပဲ ရှိတယ်။ အဲဒီခြံထဲမှာ ကျွန်မတို့က အစောင့်အဖြစ် တဲကလေး ထိုးနေကြတာ။

အဲဒီတုန်းက ကျွန်မ တကိုယ်လုံး ချစ်ချစ်တောက် ပူနေတယ်။ နှုတ်ခမ်းတွေကလည်း ခြောက်သွေ့ အက်ကွဲနေတယ်။ မျက်လုံးတွေကလည်း မီးလို ပူပြီး အရောင်တွေ တဖျပ်ဖျပ် တောက်နေသလို ထင်ရတယ်။ ကျွန်မဟာ ခပ်စောစောက ညည်းနေပေမယ့် သူ ဝင်လာတာကို မြင်လိုက်တော့ ညည်းတာကို ရပ်လိုက်ပြီး သူ့ကို လှမ်းကြည့်နေတယ်။ အမေက ကျွန်မဘေးမှာ ထိုင်ပြီး ငိုလို့။ သူ ရောက်လာပြီး ကျွန်မလက်ကို စမ်းလိုက်တယ်။ ပြီးတော့ သူ့ဆေးအိတ်ထဲက နားကြပ်ကို ထုတ်လိုက်တယ်။ ကျန်းမာရေးမှူးဆိုပေမယ့် သူက တောမှာ လိုက်ဆေးကုတော့ သူ့အိတ်ထဲမှာ နားကြပ်တို့၊ ဆေးထိုးအပ်တို့ အမြဲပါတယ်။ အဲဒီတုန်းကတော့ ကျွန်မက နားကြပ်မှန်း မသိသေးဘူးပေါ့။ နားကြပ်ကို နားမှာ တပ်ပြီး ကျွန်မနားမှာ ထိုင်တော့ ကျွန်မလည်း လန့်ဖျပ်ပြီး အိပ်ရာက ငေါက်ခနဲ ထထိုင်တယ်။ အဲဒီတုန်းက ကျွန်မ စိတ်ထဲမှာ မယုံတာရော၊ ကြောက်တာရော၊ ရန်လိုတာရော ရော နေတယ်။

“ရှင် ကျွန်မကို ဘာလုပ်မလို့လဲ” လို့ ကျွန်မက မေးတယ်။ အမေကလည်း “သွားပါ၊ တို့ကို လာပြီး ဒုက္ခမပေးပါနဲ့” လို့ ရှမ်းလို ပြောတယ်။

အမေရော ကျွန်မရော ဆရာဝန်တို့ဆေးရုံတို့ ဆိုရင် ကြောက်တယ်လေ။ မုန်း လည်း မုန်းတယ်။ ယုံလည်း မယုံဘူး။ မယုံတဲ့ အကြောင်းကလည်း ရှိတယ်လေ။ ကျွန်မ ငယ်ငယ်တုန်းက အဖေ ငှက်ဖျား ဖျားပြီး သတိမေ့နေတုန်းမှာ ဆေးဆရာ တယောက် သွားပင့်တယ်။ အမှန်ကတော့ သမားတုပေါ့ ဆရာရယ်။ ဒါပေမဲ့ ကျွန်မတို့ကတော့ ဘယ်သိမလဲ။ သူ့ကို ပင့်ပြီး အဖေ့ကို ပြတော့ ဆရာက ခေါင်းခါပြီး မရတော့ဘူးလို့ ပြောတယ်။ ဒါနဲ့ အမေက ရှိခိုးဦးတင်နဲ့ ရသလောက်ပဲ ကုပေးပါဆိုပြီး သူ့ကို အိမ်မှာ တလ ကိုးသီတင်း ပင့်ကျွေးထားပြီး ကုတယ်။ အဲဒီတုန်းက ကျွန်မတို့မှာ လယ်ကလေး ရှိသေးတယ်။

ကျွန်မတို့လည်း ဒီ ငှက်ပျောခြံထဲကို မရောက်သေးဘူး။ ရွာထဲမှာ အိမ်ကလေး ရှိသေးတယ်။ နောက်ဆုံးတော့ ကျွန်မတို့ လယ်ကွက်ကလေးနဲ့ အိမ်ကလေးကို ရောင်းချပြီး ကုပေမယ့် မရတော့ဘူး။ အဖေ ဆုံးသွားတာပါပဲ။ အဖေလည်း ဆုံး ဒီမှာ စားသောက်သွားပြီး ပိုက်ဆံတွေ ယူသွားလိုက်တာ နည်းသလား ဆရာရယ်။

ရှိသမျှ လယ်ကလေးရော အိမ်ကလေးရော ပြုတ်ပြီး နောက်ဆုံးမှာ ဒီငှက်ပျောခြံ ထဲကို ပြောင်းလာခဲ့ရတဲ့ အထိပါပဲ။ အဲဒါကြောင့် ကျွန်မတို့ သားအမိနှစ်ယောက်ဟာ ဆေးဆရာဆိုရင် ကြောက်နေကြတယ်လေ။ ဒါပေမဲ့ ဆရာလေး စိုင်းလိတ်ကတော့ ဒါတွေကို ဘယ်သိမလဲ ဆရာရယ်။ နောက်တော့ သူဟာ အရပ်ထဲက အမျိုးသမီးနှစ်ဦးကို ခေါ်ပြီး ကျွန်မကို စစ်ဆေးတယ်။ ကျွန်မကို နားကြပ်နဲ့ နားထောင် ကြည့်တယ်။ လက်ကောက်ဝတ်ကို စမ်းကြည့်တယ်။ ကျွန်မဟာ အလွန်ပြင်းထန်တဲ့ ငှက်ဖျား ဖြစ်နေတာတဲ့။ အဲဒီညက သူဟာ ကျွန်မတို့ တဲကလေးမှာ အိပ်တယ် ကျွန်မကို စောင့်ကြည့်တယ်။ သူ့မိတ်ဆွေ တယောက်ကလည်း ရွာမှာ ဩဇာရှိတော့ သူနဲ့အတူ ကျွန်မတို့အိမ်မှာ အိပ်တယ်လေ။

ကံအားလျော်စွာပဲ ဆရာရေ။ ကျွန်မရောဂါဟာ ပျောက်သွားတယ်။ တပတ်လောက် ရှိတော့ သူလည်း နမ့်ခမ်းကို ပြန်သွားတယ်။ နောက်တော့ သူနဲ့ မတွေ့ရတော့ဘူး။ လားရှိုးက တိုင်းခွဲဆေးရုံကြီးကို ပြန်သွားပြီး အဲဒီမှာ နောက်ထပ် သင်တန်း တက်ရတယ်လို့ပဲ ကြားလိုက်ရတယ်။

ကျွန်မကတော့ အရက်ရောင်းမြဲ ရောင်းနေတာပေါ့ ဆရာ။ ကျွန်မတို့ သား အမိမှာ တခြား ဘာလုပ်တတ်တာ မှတ်လို့။ ပြီးတော့ အရင်းအနှီး ဆိုလို့လည်း ဘာမှ မရှိတော့ အရက်သည်ပဲ ပြန်ဖြစ်တာပေါ့။

တနေ့တော့ နမ့်ခမ်းကို သူငယ်ချင်းတယောက်နဲ့ လိုက်သွားရင်း ဆေးရုံကို ရောက်သွားတယ်။ ဆရာမကြီးက ကျွန်မကို ဆေးရုံမှာ လုပ်မလားလို့ ခေါ်တယ်။ ကျွန်မကလည်း လုပ်မယ်လို့ ပြောလိုက်တယ်။ သူတို့ သူနာပြုတွေ နေတဲ့ အဆောင်မှာ အလုပ်ခန့်ပေးတယ်။ အလုပ်က တခြားတော့ မဟုတ်ပါဘူး ဆရာရယ်။ ဆရာမတွေရဲ့ အဝတ်အစားတွေကို လျှော်ပေးရတယ်။ မီးပူတိုက်ပေးရတယ်။ အဆောင်မှာ သန့်ရှင်းရေး လုပ်ရတယ်။ ဆေးရုံမှာ ကျွန်မ ငှက်ဖျား ဖြစ်ရင် ဆရာမတွေ၊ ဆရာဝန်ကြီးတွေက ကုသပေးကြတယ်။ ဆေးက အစ ပေးကြတယ်။ ဒီတော့ ကျွန်မက ကျွန်မကို ဆေးကုသပေးတဲ့အတွက် ကျေးဇူးဆပ်ပါရစေ ဆိုပြီးဆရာမတွေရဲ့ အိမ်တွေ၊ ဆရာဝန်ကြီးတွေရဲ့ အိမ်တွေမှာ လိုက်ပြီး အလုပ်လုပ်ပေးမယ်လို့ ပြောတယ်။ ဒီတော့ ဆရာမကြီးက ရယ်ပြီး ဆေးရုံဆိုတာ လူနာတွေကို အခမဲ့ ကုသရတဲ့ နေရာတဲ့။ ပိုက်ဆံပေးစရာ မလိုဘူးတဲ့။ နင့်ကိုလည်း ဆေးရုံက အလကား ကုပေးတာတဲ့။ တို့အဆောင်မှာပဲ အလုပ် လုပ်နေတဲ့။ ဒါနဲ့ ကျွန်မလည်း သူနာပြုတွေရဲ့ အဆောင်မှာပဲ သူတို့ကိစ္စတွေကို လုပ်ပေးရပါတယ်။ ကျွန်မက စကားနည်းပြီး အလုပ်လုပ်ရင်လည်း သေသေချာချာ လုပ်တတ်တော့ ဆရာမကြီးရော၊ တခြားဆရာမတွေကပါ သဘောကျကြတယ်လေ။ သူတို့ အဝတ်အစားတွေ ဆိုရင်လည်း ဖြူဖွေးနေအောင် လျှော်ပေးပြီး မီးပူကျကျနန တိုက်ပေးတယ်။

တနေ့တော့ ဆရာမကြီးက ကျွန်မကို သူ့ရုံးခန်းထဲက ဆရာဝန်ကြီးတွေဆီ ခေါ်သွားပြီး ဆရာဝန်ကြီးတွေနဲ့ မိတ်ဆက်ပေးတယ်။ ဆရာဝန်ကြီးက ကျွန်မကို သေသေချာချာကြည့်ပြီး နင့်ကို သားဖွားဆရာမ သင်တန်းကို လွှတ်ပေးမယ်။ လားရှိုးမှာ သွားတက်ရမယ်လို့ ပြောပါတယ်။ သားဖွားဆရာမဆိုတာ ဘာလဲဆိုတာ ကျွန်မ ကောင်းကောင်း မသိဘူးရှင့်။ ဒါပေမဲ့ ဆရာဝန်ကြီးနဲ့ ဆရာမကြီးတို့က ကောင်းတယ်ထင်ရင် သွားပါမယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ ကျွန်မလည်း လားရှိုးကို သွားပြီး သားဖွားဆရာမသင်တန်း တက်ရပါတယ်။ ဆရာကြီးတွေ ဆရာမကြီးတွေက သားဖွားတဲ့ ပညာကို သင်ပေးပါတယ်။ ကျွန်မလည်း ဒီတော့မှ အံ့အားသင့်နေတယ်။ ကျွန်မတို့ဆီမှာတော့ သားဖွားတာကို ဘယ်မှာ ဆရာဝန်တို့ ဆရာမတို့ ရှိလို့လဲ။ အမေတို့ လက်ထက်တုန်းကရော ၊ ကျွန်မတို့ လက်ထက်အထိ လက်သည်နဲ့ပဲ မွေးခဲ့ရတာ မဟုတ်လား။ တခါတလေ ကလေးမျက်နှာ မမြင်နိုင်ရင် ဗိုက်ကို နှိပ်ချတာမျိုး၊ တက်နင်းတာမျိုး လုပ်လား လုပ်ရဲ့။ တခါတလေလား ကလေးခေါင်း အထက်ရောက်နေလို့ အတင်းလှည့်ပစ်လို့ ကိုယ်ဝန်ဆောင် သေသွားတဲ့ အခါမျိုးတွေလည်း မနည်းဘူး။ တခါတလေ အချင်း ဖြတ်တော့လည်း တွေ့ရာဓားနဲ့ ကောက်ဖြတ်ပစ်လိုက်တာမျိုးတွေလည်း ရှိသေးတယ်။

ခု သားဖွားဆရာမ သင်တန်းက ဆင်းလာတော့မှ ကလေးတွေ မျက်နှာမြင် ပေးရတဲ့ အလုပ်ဟာ အသက်တချောင်းတင် မကဘဲ အသက်နှစ်ချောင်းကို ကယ်ရတာပါလား ဆိုတာ သဘောပေါက်လာတယ်။ သင်တန်းက ဆင်းတော့ ကျွန်မ နမ့်ခမ်းနဲ့ ခပ်လှမ်းလှမ်း တောင်ပေါ်ရွာကလေး တရွာကို အလုပ်ရတယ် ဆရာ။ အဲဒီရွာလေးမှာ သားဖွားဆရာမ တခါမှ မရှိခဲ့ဖူးဘူး။ ရောက်စတုန်းကတော့ သားဖွားဆရာမကို လူသတ်သမား၊ စုန်းမလောက် ကြောက်ကြတယ်။ နောက်ကျတော့မှ တဖြည်းဖြည်း ယုံကြည်မှု ရှိလာတာ။

တခါတော့ ကျွန်မ ရွာအနီးက တောင်ပေါ်ရွာကလေးမှာ ပလောင်အမျိုးသမီး ကိုယ်ဝန်ဆောင်တယောက် ဗိုက်နာနေတာ တော်တော်ကြာပြီ။ သုံးလေးရက် ရှိ ပြီ။ ကလေးက မမွေးနိုင်သေးဘူး။ အမျိုးသမီးကလည်း ဗိုက်နာလွန်းလို့ အော်ဟစ် နေသတဲ့။ ရွာက လူတွေကလည်း နတ်တို့ ဘာတို့ ကိုးပြီး ဆုတောင်းပေမယ့် ဗိုက်နာက မရပ်ဘူး။ ဒါနဲ့ ကျွန်မကို လာခေါ်လို့ လိုက်သွားရတယ်။ ကံဆိုးချင်တော့ အဲဒီနေ့က မိုးတွေ ရွာလို့ တောင်ကျချောင်းတွေ တရစပ် ဆင်းနေတယ် ဆရာ။ ဒီတောင်ကျချောင်းက မိုး ဆက်တိုက် ရွာရင် တော်တော်နဲ့ ရပ်တာ မဟုတ်ဘူး။

ရပ်ဖို့ လေးငါးရက်လောက် ကြာချင် ကြာမှာ။ ဒီလောက် ကြာကြာသာ ဆိုင်းနေရင် ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ မျက်နှာ မမြင်နိုင်တာနဲ့ သေလောက်ပြီ။

ကျွန်မလည်း လာခေါ်တဲ့ လူတွေနဲ့အတူ လိုက်သွားတယ်။ တောင်ကျချောင်းနား ရောက်တော့ ကူးလို့ မရဘူး။ တောင်ကျရေက ဒလဟော စီးဆင်းနေတယ်။ဒီတွင် ကျွန်မက ရေစစ်အောင် စောင့်နေလို့ မဖြစ်ဘူး။ သစ်ပင်လှဲပြီး သစ်တုံးနဲ့ မျှောလိုက်မယ်လို့ ပြောတယ်။ သူတို့အားလုံးက ကျွန်မကိုကြည့်ပြီး အံ့အားသင့်နေတယ်။ ဆရာမ ကူးရဲပါ့မလားတဲ့။ ရှင်တို့ ကူးရဲရင် ကျွန်မလည်း ဘာဖြစ်လို့ မကူးရဲရမှာလဲ။ ကူးမှာပေါ့လို့ ပြောလိုက်တယ်။ ဒီတွင် သစ်ပင်တပင်ကို မြန်မြန် လှဲ ၊ အကိုင်းအခက်တွေ ခုတ်ပြီး အဲဒီသစ်တုံးကို တွယ်ပြီး တဖက်ကမ်းကို ကူးလာခဲ့ကြတယ်။ ကံကောင်းလို့ အသေအပျောက်တော့ မရှိပါဘူးသစ်တုံးနဲ့ ရိုက်မိလို့ ပွန်းပဲ့တာလောက်ပဲ ရှိတယ်။ ရွာရောက်တော့ အခြေအနေ တော်တော် ဆိုးနေပြီ။ ဒါနဲ့ ကျွန်မ တတ်သမျှ မှတ်သမျှ မွေးပေးတော့ နောက်ဆုံးမှာ ချောချောမောမော မွေးလာတယ်။ မွေးရတာ ခက်မှာပေါ့ ဆရာ။ အမြွှာပူး မွေးတာကိုး။ အဲဒီနေ့မှာ ကျွန်မဘဝမှာ ဝမ်းအသာဆုံးနေ့ပဲ ဆရာ။ ကျွန်မဟာ အသက်တချောင်းတင် မကဘူး အသက်သုံးချောင်းကို ကယ်နိုင်ခဲ့တဲ့အတွက် ပင်ပန်းတာတွေဆင်းရဲတာတွေ အားလုံး ပျောက်သွားတယ်။

အဲ။ ကလေးလည်း မွေးပေးပြီးရော ကျွန်မလည်း အားကုန်ပြီးတော့ မေ့လဲကျ သွားတာပါပဲ။ သတိရလို့ ပြန်ကြည့်လိုက်တော့မှ ကျွန်မကိုယ်မှာလည်း သစ်တုံးနဲ့ ရိုက်မိလို့ ပွန်းပဲ့တာတွေ၊ ကျောက်ဆောင်နဲ့ တိုက်မိလို့ ပွန်းပဲ့တာတွေ ဒဏ်ရာတွေ မနည်းပါပဲလား။ သတိပြန်ရလာလို့ အနားယူ အိပ်နေတုန်းမှာ ကျွန်မကို လူတယောက်က ရှာတယ်တဲ့။ ဆရာလေး စိုင်းလိတ် သူကလည်း ငှက်ဖျားရောဂါ ကုရင်း အနားက ရွာတရွာမှာ ရောက်နေတယ်တဲ့။ ကျွန်မ ရှိနေတယ်လို့ ကြားလို့ လာတာတဲ့။ ကျွန်မအိပ်နေတာ တွေ့တော့ မနှိုးနဲ့၊ နေပေ့စေ ဆိုပြီး ပြန်သွားတယ်တဲ့။ ဆရာလေးနဲ့ ကျွန်မ လွဲသွားတာ။ နယ်ပြောင်းမှာမို့ ကြုံတုန်း ဝင်နှုတ်ဆက်တာလို့ ပြောသွားသတဲ့။

ဒီလိုနဲ့ တောင်ပေါ်မှာ သားဖွားဆရာမအဖြစ် နှစ်နှစ်လောက် ကြာသွားတယ် ဆရာ။ ဒီ နှစ်နှစ်လောက်အတွင်းမှာ အမေလည်း ဆုံးသွားတယ်။ စိုင်းလိတ်ကိုလည်း ကျွန်မ မတွေ့ရတော့ဘူး။ သူဟာ ကျွန်မကို မျက်စိပွင့်လာအောင် လုပ်ပေးတဲ့သူလို့ ကျွန်မ ယူဆတယ်လေ။ ဒါကြောင့် သူ့သတင်းကို စုံစမ်းကြည့်တယ်။ တချို့က ပြောတော့ အလုပ်က ထွက်သွားသလိုလို ၊ တချို့က ပြောတော့လည်း ရှမ်းပြည်နယ် တောင်ပိုင်းကို ပြောင်းသလိုလို၊ တချို့က ပြောတော့လည်း ကွမ်လုံဘက်မှာ ရှိသလိုလို ပြောကြတာပဲ။ ကျွန်မနဲ့တော့ တခါမှ မတွေ့တော့ဘူး။

နောက် တော်တော်ကြာမှာ သူ နမ့်ခမ်းကို ပြန်ရောက်လာတယ်။ ဒီမှာတွင် သူနဲ့ မေတ္တာမျှပြီး ကျွန်မတို့ လက်ထပ်လိုက်တာပါပဲ ဆရာ။

ကျေးလက် ကျန်းမာရေးမှူးနဲ့ သားဖွားဆရာမလေးရဲ့ ဇာတ်လမ်းပေါ့။ ခုတော့ သူလည်း နမ့်ခမ်းမှာ တာဝန်ကျတယ်။ ကျွန်မလည်း နမ့်ခမ်းမှာပဲ တာဝန်ကျတယ်။ ခုတောင်ပေါ်ကို ဆေးကုထွက်လို့ ဆရာတို့နဲ့ တွေ့မပေးလိုက်ရဘူး။

ကျွန်မနဲ့ သူ ပြန်တွေ့ပုံကလေးကို ကျွန်မ သတိရတယ် ဆရာ။ အဲဒီတုန်းက ကျွန်မက ခွင့်နဲ့ ရွာကို ပြန်ရောက်နေတုန်း သူ ကျွန်မတို့ ရွာကို ရောက်လာတယ်။ အဲဒီတော့ ကျွန်မက သူငယ်ချင်းတယောက် အိမ်မှာ တည်းနေတယ်။

တနေ့တော့ ကျွန်မက အပြင်ထွက်မယ် အလုပ်မှာ ကျွန်မတို့ အိမ်ပေါက်ဝမှာ သူနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် သွားတွေ့တယ်။ ကျွန်မက သူ့ကို မြင်ဖူးပါတယ်လို့ စဉ်းစားနေတုန်းမှာ သူက ကျွန်မဆီကို တန်းတန်းမတ်မတ် လာပြီး နှုတ်ဆက်တယ်။ ကျွန်မလည်း လန့်ပြီး ခြေတလှမ်းတောင် နောက်ဆုတ်လိုက်မိတယ်။ သူလို့မှ မထင်ဘဲကိုးဆရာရဲ့။ ကျွန်မလည်း သူ နှုတ်ဆက်တော့မှ သတိရလာပြီး

“ အရင်တခါ ဆရာလေး ပြောင်းမယ် လုပ်တုန်းက ကျွန်မကို လာနှုတ်ဆက်သေးတယ်ဆို ”

“ ဟုတ်တယ်လေ ၊ လာနှုတ်ဆက်တာ။ အဲဒီတုန်းက လုံခမ်းက အိပ်ပျော်နေတယ်။ တနေ့ညတုန်းက ကိုယ်ဝန်ဆောင် တယောက်ကို လိုက်မွေးပေးလို့ အိပ်ရေးပျက်လို့ အိပ်နေတာတဲ့။ ဒါကြောင့် နေပါစေတော့ ၊ မနှိုးပါနဲ့ ဆိုပြီး ကျွန်တော် ပြန်ထွက်လာတာ ”

ကျွန်မတို့ နှစ်ယောက်ဟာ စကားတပြောပြောနဲ့ အရင်တုန်းက ကျွန်မတို့ နေခဲ့တဲ့ ငှက်ပျောခြံကလေးနား ရောက်တယ်။ ပုစဉ်းရင်ကွဲတွေ အော်သံက လွဲလို့ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်လို့။ နောက်တော့ ကျွန်မတို့နှစ်ယောက်ရဲ့ ခြေလှမ်းတွေဟာ အလိုလို ရွာထိပ်က ကညင်ပင်ကြီးဆီကို ရောက်သွားကြတယ်။ ကညင်ပင်ကြီးနား ရောက်တော့ သူက မော့ကြည့်ပြီး

“ အရင်တုန်းက လုံခမ်းနဲ့ ပထမဆုံး တွေ့ခဲ့တဲ့ နေရာကလေးလေ။ အဲဒီတုန်းက လုံခမ်းက အရက်ရောင်းလို့၊ ကိုယ်တောင် တခွက် ဝယ်သောက်ခဲ့သေးတယ်။ အရက်သည် ကောင်မလေးတယောက်ဟာ သားဖွားဆရာမ ဖြစ်လာလိမ့်မယ်လို့ မထင်မိဘူး ” လို့ ပြောတယ်။ ကျွန်မက “ အဲဒါ ဆရာလေးကြောင့်” လို့ ပြောမိတယ်။ ပြီးတော့ သတိရပြီး

“ မှောင်တော့မယ်အိမ်ပြန်ကြစို့၊ အိမ်ရောက်ရင် ဆရာလေးကို ရှမ်းအရက်ကလေး နည်းနည်းပါးပါး ချက်တိုက်ဦးမယ် ” လို့ ပြောလိုက်မိတယ်။

ဒီ အဖြစ်အပျက်ကလေးဟာ ကျွန်မတို့ လင်မယားရဲ့ အချစ်ဇာတ်လမ်း ကလေးပေါ့ ဆရာ။



#မြသန်းတင့်
#အရက်သည်မဇာတ်လမ်း