• June 11, 2025
  • admin
  • 0
အရိပ်တစ္ဆေ – ကိုပိုက်
“တောက်… တောက်… တောက်… တောက်”
တောက်ခတ်သံများက ကျွန်တော်တို့ နှစ်ယောက် နံဘေး ထွက်ပေါ်လာလိုက် ရှေ့ခပ်လှမ်းလှမ်းမှ ပေါ်လာလိုက် ဖြစ်သည်ကြောင့် အသံကြားရာ နေရာအနှံ့ သေချာစေ့စပ်ကြည့်လိုက်ငြား ချုံတောအတွင်းမှ သစ်ကိုင်းသစ်ခက်တို့ ယိမ်းခါသွားသည်သာ တွေ့လိုက်ရ၏။ အကောင်လုံးကိုကား လုံးဝ မြင်လိုက်ရခြင်း မရှိချေ။ တောတိုး ပြေးလွှားသံသာလျှင် ကြားလိုက်ရ၏။ မြန်လိုက်သည့်ဖြစ်ခြင်း
“ကိုပိုက် လှုပ်ရှားမှု မရှိတဲ့ နေရာသာ ရမ်းသမ်းမှန်းဆ ပစ်လိုက်ဗျာ” .
စိတ်မရှည်တော့သည့် လေသံဖြင့် လင်းမြင့်လှိုင်က သို့နှင့် ပြောလာသည်။
“မဖြစ်ဘူး ထင်တယ်။ ကိုလင်းရေ အသံက လူတစ်ယောက် “တောက်” ခတ်သံဗျ။ ဒီလို အသံမျိုးနဲ့ သတ္တဝါ ကျွန်တော် မှန်းလို့ မရဘူးဗျ။ တော်နေ လူဖြစ်နေလျှင် ဘယ့်နှယ် လုပ်မလဲ” .
ကျွန်တော်က သို့ ပြန်ပြော လိုက်ရခြင်းမှာ ခိုင်လုံသော အ ကြောင်းအရာ ရှိပေ၏။ ထိုသတ္တဝါကောင်ကို အကောင်လုံး မမြင်လိုက်ရ ဆိုငြား သူ၏ လှုပ်ရှားမှု သွားလာပုံမှာ ခြေလေးချောင်း သတ္တဝါ မဖြစ်နိုင် မှန်းကိုတော့ဖြင့် ကျွန်တော် ကောင်းကောင်း သိလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်သည်ကြောင့် လင်းမြင့်လှိုင်ပြောသလို ရမ်းသမ်းမှန်းဆမပစ်ရဲခြင်းဖြစ်၏။ တော်နေ “လူ” ဖြစ်နေပါက ကိုယ်ကျိုးနည်းရချိမ့်မည်။
“တောက်” “တောက်… တောက်”
ကြားရပြန်ချေပြီ။ တောက်ခတ်သံ၊ ဟုတ်ပြီ ကျွန်တော် အကြံ တစ်ခု ရလိုက်သည်။ ကျွန်တော်တို့က “တောက်” ခတ်သံကြားရာဘက် ဆီသို့သာ လိုက်၍ကြည့်ကြခြင်းကြောင့် အကောင်လုံးကို ဂဃဏန မမြင် လိုက်နိုင်ခြင်း ဖြစ်၏၊ ယခုမှ စဉ်းစားလိုက်မိသည်မှာ အသံလာရာသည် တစ်နေရာတွင်းမှ မဟုတ် ဆိုပါစို့ ညာဘက်ခြမ်း ကြားလိုက်ရပြီး နောက် တစ်ကြိမ်ကြားလိုက်ရသော အသံသည် ဘယ်ဘက်ခြမ်းမှ ဖြစ်နေတတ်၏။ သို့ကြောင့် ကျွန်တော်သည် ညာဘက်ခြမ်းမှ ထွက်ပေါ်လာသော အသံကို လိုက်မကြည့်လေဘဲ ဘယ်ဘက်ခြမ်းသို့ ကြိုကြည့်လေလျှင် သင့်
လျှော်ပေလိမ့်မည်ဟု တွက်လိုက်မိသည်။ နောက်တစ်ကြိမ် တောက် ခေါက်သံကို နားစွင့်နေလိုက်မိသည်။ တစ်ပြိုင်နက်ဆိုသလို သေနတ်ကို လျှပ်တစ်ပြက် ပစ်ခတ်နိုင်ရန် အလို့ငှာ ကြိုတင်စီစဉ်ထားလိုက်ပြန်၏။
“တောက်”
ဟော ကြားရချေပြီ။ တောက်ခတ်သံ၊ ကြိုတင်စဉ်းစားထား သလို တောက်ခတ်သံကြားရာ၏ ဆန့်ကျင်ဘက်သို့ လှည့်ကြည့်လိုက်ရင်း သေနတ်ကို ရှေ့သို့ ဦးတည်ချိန်ရွယ်လိုက်၏၊ လျှပ်တစ်ပြက် ဆိုသလိုပင်
“ဒိန်း”
မှန်းဆထားသည့်အတိုင်း ဖြစ်လာချေတော့၏။ ရိပ်ခနဲ ပြေးလွှားသွားသော သဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်ကြောင့် ပစ်လိုက်
ခြင်း ဖြစ်သည်။ သူ၏ ပြေးလွှားခြင်း အလျင်နှုန်းသည် ကျွန်တော့်လက် တွင်း သေနတ်ဖြင့် ရုန်းကန်ထွက်သွားသော ကျည်ဖူးကို မျက်ခြေမပြတ် နိုင်ချေ။
“ကျီ”ခနဲ အော်သံစူးစူးနှင့်အတူ ဟပ်ထိုး လဲကျလေတော့၏။ ငြိမ်သက်သွားတော့သည်။
“ဟာ မှန်သွားသဗျလာ ကိုပိုက် ဘာကောင်လဲ သိရပြီပေါ့ဗျာ” လင်းမြင့်လှိုင်က ထိုသတ္တဝါကောင်ခွေလဲကျသွားရာဆီသို့ ပြေးလွှား သွားတော့၏။ ကျွန်တော်သည် သူ့နောက်မှ ခြေလှမ်းသွက်သွက် ဖြင့်သာ လိုက်သွားတော့၏၊ ထိုနေရာ ရောက်လတွင် ကျွန်တော့်အရင် ရောက်နှင့် နေသော လင်းမြင့်လှိုင်က ကျွန်တော့်အား သမင်လည်ပြန် လှည့်ကြည့် ကာ အံ့အားသင့်သော လေသံဖြင့်… ။
“ဒုက္ခတော့ ရောက်ပြီ ထင်ပါ့ ကိုပိုက်ရေ” ဟု မျက်စိ မျက်နှာ ပျက်စွာဖြင့် ပြောလာတော့၏၊
“ဘာလို့တုံး” ရယ်လို့ မမေးလေတော့ဘဲ ထိုသတ္တဝါကိုသာ ကြည့်လိုက်မိ၏။
“ဟင်” မျောက်လည်း မဟုတ်၊ ဝံကောင်ငယ်လည်း မဟုတ်။ ခွေခေါက် မှောက်လျက် လဲနေသော သတ္တဝါကောင်သည် လူကလေးတစ်ယောက် ဖြစ်နေတော့၏။ လူကလေးတစ်ယောက်ဟု ပြောလိုက်ရငြား အဝတ် အစား ဝတ်ဆင်ထားခြင်းတော့ မရှိချေ။ တစ်ကိုယ်လုံး မွှေးနုလေးများ
တော့ ရှိ၏။ မျောက်များကဲ့သို့လည်း အမွှေးအမျှင် ရှည်လျား ထူထပ် ခြင်း မရှိချေ။ အသက် လေးငါးခြောက်နှစ်ခန့် ခန့်မှန်း၍ရသည့် လူ ကလေးတစ်ယောက် ဖြစ်နိုင်၏။ သို့ဆိုလျှင် ကျွန်တော်တို့ လူသတ်မှု ဖြင့် ထောင်နန်းစံမြန်း ရပေတော့မည်။
“ဒုက္ခပါပဲ ကိုလင်းရယ်” သို့နှယ် ညည်းလိုက်မိ၏။
“ဘာတတ်နိုင်မှာလဲဗျား တောရဲ့ လှည့်စားမှုကို ကျွန်တော်တို့ ခံလိုက်ရပြီပဲ”
သို့နှယ် ပြောရင်း လင်းမြင့်လှိုင်က မှောက်လျက် လဲကျသေဆုံး နေသော သတ္တဝါကောင်ကို ဆွဲလှန်လိုက်၏။
“ဟာ” . .
“အလိုလေးဗျာ”
နှစ်ဦးသား အံ့သြထိတ်လန့်သွားကြသည်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်၊ လူမှလူဖြစ်နေ၏။ သို့ပေမင့် မျက်ခုံးအလျဉ်း မရှိချေ။ ပြီးတော့ လက်ချောင်း ခြေချောင်းလေးများကမူ မျောက်လက်၊ မျောက် ခြေဖြစ်နေသည်း ထိုခြေလက်တို့ကြောင့် ကျွန်တော် အနည်းငယ် စိတ် သက်သာရလိုက်၏၊ သည်တော့မှ သွေးအေးအေးဖြင့် စဉ်းစားလိုက် နိုင်တော့သည်။
.
“နေပါဦး ကိုလင်းရဲ့၊ ဒါ လူမဖြစ်နိုင်ဘူး။ ဘာလို့လည်း ဆိုတော့ သည်တောသည်တောင်က လူအရောက်အပေါက်မှ မရှိတာချည်း သစ်ခုတ် ဝါးခုတ်သမားတောင် မရှိတဲ့ တောနက်ကြီးထဲမယ် ဘယ့်နှယ်ကြောင့် ကလေးငယ်တစ်ယောက် ရှိနိုင်မှာတုန်း”
“အေးဗျ။ ဟုတ်တယ်။ သို့ပေမင့် တထစ်ချပြောလို့တော့ မရ ဘူးဗျ။ သည်တော့ ဒီလို လုပ်၊ သေချာအောင် သည်ကောင်ကို မြေမြှုပ် လိုက်မယ်”
“ကောင်းတယ် လိုရမည်ရ ပေါ့ဗျာ” ဆိုကာ ကျွန်တော်က အဓိကတရားခံ ဖြစ်နေသည်ကြောင့် လင်းမြင့်လှိုင် ပေးလာသည့် အကြံ ဉာဏ်ကို လက်ခံလိုက်ပြီး ထိုသတ္တဝါကောင်ကို လက်မှနေ၍ တရွတ်တိုက် ဆွဲ၍ မြေသားပျော့ပျော့ နေရာတွင် တွင်းတူးကာ မြှုပ်လိုက်တော့သည်။
“တောက်”
ကျွန်တော်သည် ဇောချွေးများကို သုတ်သင်နေရာမှ ရုတ်ချည်း ကျယ်လောင်စွာ အနားကပ် ပေါ်လာသော “တောက်” ခတ်သံကြောင့် လွန်မင်းစွာ ထိတ်လန့်သွားသည်မှာ တစ်ကိုယ်လုံးပင် တုန်တက်သွား
တော့၏
ဇောချွေးများသည် သုတ်လေ ထွက်လေ။
လင်းမြင့်လှိုင်သည် လည်း မျက်စိမျက်နှာ ပျက်နေတော့၏ ကြောက်ရွံ့နေပုံလည်း ရ၏။ သို့ဖြစ်သည်ကြောင့်
“ကဲ… ကိုလင်းရေ သည်ကနေပဲ ပြန်ကြစို့ဗျာ။ ကျွန်တော်တော့ အလွန်ပဲ ထိတ်လန့် နေမိသဗျ” ဟု ပြောလိုက်၏၊
“လူတော့ မဖြစ်နိုင်ဘူး။ နို့ပေမင့် ကလေးတစ်ယောက် ချွတ်စွတ်ပဲဗျ။ ကဲပါလေ စိတ်ထဲမှာ ထားမနေပါနဲ့တော့ဗျာ” ဆိုတာ သူ ကပင် ဦးဆောင်၍ ထိုနေရာမှ ဖယ်ခွာလိုက်တော့၏၊ . ကျွန်တော်တို့ ဦးတည်ရာ ခြေလှမ်းများက စခန်းရှိရာသို့ ဖြစ်ချေ၏၊ အတွေးကိုယ်စီနှင့်မို့ တစ်ဦးကို တစ်ဦး စကားမပြောဖြစ်သည်မှာ စခန်းရောက်သည့်တိုင် ဖြစ်ချေတော့၏။
လာလမ်းတစ်လျှောက် “တောက်” ခတ်သံများ မကြားရတော့ချေ။ စခန်းရောက်သည်နှင့် အချိန်လည်း ရှိနေသောကြောင့် ပစ္စည်းပစ္စယများကို ကပျာကသီ သိမ်းဆည်းကာ ထွက်ခဲ့ရာ အရပ်သည်ကာ “ကောင်တထောင်” ကျေးရွာလေးသို့ပင် ဖြစ်ချေတော့၏၊
ကောင်တထောင် ကျေးရွာလူကြီး “ရယ်ဒမ်းခင်”က ကျွန်တော်တို့နှစ်ယောက်ကို တွေ့လိုက်သည်နှင့်-
“ဘာသားကောင်မှ မပါဘဲ ပြန်လာကြတယ်လား။ ဘာလဲ သားကောင် မတွေ့လို့လား။ သည်တောက သားကောင်တွေ ပေါပါတယ် ဆိုစမ်းပါဦး၊ ခါတိုင်းသွားလျှင်ဖြင့် အနည်းဆုံး သုံးလေးရက် ကြာတတ်ပြီး ခုတော့ နှစ်ရက်ပဲ ရှိသေးတယ်ဗျာ၊ ဘာလဲ ကျွန်တော် မလိုက်လို့ မှ
နှစ်ယောက်တည်းမို့ မပျော်လို့ ပြန်ခဲ့ကြတာလား” ရယ်လို့ မေးလာသည်ကြောင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေကြ၏။
ရွာလူကြီး ရယ်ဒမ်းခင် ပြောသလိုပင် “အင်ဒုံဗွမ်” တောနက် တွင် သားကောင် ပေါပါသည်။ “ပူတာအို”သို့ ရောက်လေတိုင်း ကောင်တထောင်ကျေးရွာရှိ သူငယ်ချင်းဖြစ်သူ ရယ်ဒမ်းခင်အိမ်တွင် တည်းကြကာ ထိုရွာအနီးရှိ အင်ဒုံဂွမ်တောတွင် အမဲလိုက်ကြ၏၊ သူ့ထံ တစ်ပတ်၊ ဆယ်ရက်နေပြီး သားကောင် ရိက္ခာများ စုဆောင်းကာ
ကုန်သို့ ပြန်ကြ၏။ ထိုသည်ကား သုံးနှစ်တစ်ကြိမ် လုပ်နေကျ အလုပ်ဖြစ်ချေ၏။
ယခု ကျွန်တော်တို့နှစ်ယောက်သည် ထိုတောအတွင်း သွားဖူးနေကျ ဖြစ်သည်ကြောင့် ရပ်ရေး ရွာရေး ကိစ္စအလုပ် မအားရှာသောသူငယ်ချင်းဖြစ်သူကို ဒုက္ခပေး အတင်းအကြပ် မခေါ်လေတော့ဘဲ နှစ်ယောက်သား အမဲပစ် ထွက်ခဲ့ရာမှ သို့နှယ်ပြဿနာနှင့် ကြုံခဲ့ရခြင်း ချေတော့၏။ ကျွန်တော်တို့ ကြုံခဲ့ရသော အဖြစ်အပျက်ကိုပြန်ပြော
မပြောရနိုး စဉ်းစားဆင်ခြင်လိုက်ပြီး
“အေးဗျာ၊ ကျွန်တော်တို့နှစ်ယောက်တည်း ဆိုတော့ ပျင်းတာ တာ ကျွန်တော်ကလည်း ငှက်ဖျားဖြစ်ချင်တာရယ်ကြောင့် ပြန်လာကြ လေ” ဟု သူ့စကားအပေါ် လိုက်နင်း၍ ပြောလိုက်သည်။
“ဟုတ်တယ် “ရယ်ဒမ်းခင်” ကျွန်တော်လည်း ဒီတစ်ခေါက် အမဲ လိုက်တာ စိတ်မပါဘူး။ ကိုပိုက်ကလည်း ငှက်ဖျားတက်ချင်နေတော့ ကဗျာကသီပဲပြန်လာကြတာ” ဟု လင်းမြင့်လှိုင်က ဝင်ပြောလိုက်ပြန်၏။
“အေးဗျာ သုံးနှစ်တစ်ကြိမ် တကူးတက ကျွန်တော့်ဆီလာလာ အမဲပစ်နေကျ ဖြစ်တဲ့ ခင်ဗျားတို့နှစ်ယောက်ကို အားနာလိုက်တာ ။ ဒီလို လုပ်ပါလား ကိုပိုက်ကလည်း ငှက်ဖျားတက်ချင်ဆိုတော့ သုံး ရက် နားနေလိုက်လျှင်ဖြင့် ကျန်းမာရေး ကောင်းလာမယ်။ အဲဒီရက်ပိုင်းလောက်မှာ ကျွန်တော်လည်း အားပြီ။ ဒီတော့မှ တောထဲ ပြန်ဝင် ကြတာပေါ့ဗျာ”
သို့နှယ် “ရယ်ဒမ်းခင်” က ပြောလာသည်ကြောင့် ကျွန်တော် တို့နှစ်ယောက်သည် ကပျာကသီပင်
“အား… ရတယ် သူငယ်ချင်း ကျွန်တော်တို့ ရန်ကုန်မယ် အလုပ်ကလေးတွေ ရှိသေးလို့ ဒီတစ်ည သည်မယ်အိပ်ပြီး နက်ဖြန် ခပ်စောစော မြစ်ကြီးနားဆင်းမယ်”
“မြစ်ကြီးနားမယ် သူငယ်ချင်းတစ်ယောက်နဲ့ အလုပ်ကိစ္စ တိုင် ပင်ဖို့ ရှိသေးလို့ပါ” ရယ်လို့ ပြောလိုက်ကြသည်။
သို့ဖြင့် ကျွန်တော်တို့သည် ရယ်ဒမ်းခင်အိမ်တွင် တစ်ညတာ အိပ်လိုက်ကြသည်။ ရယ်ဒမ်းခင်အိမ်သည် ကောင်ကထောင် ကျေးရွာ ကလေး၏ ရွာအလယ်တွင် ရှိသည်ကြောင့် ကျွန်တော်တို့ ထွက်လာသော “အင်ဒုံဗွမ်” တောစပ်ကို ရေးရေး လှမ်းမြင်နေရ၏။ တောစပ်နှင့် ရွာဖျား အကြားတွင် ကွင်းဖြစ်နေ၏။ ရယ်ဒမ်းခင်အိမ်နှင့် မနီးမဝေး ရွာစပ်တွင် “သုဿန်” ရှိ၏၊
ကျွန်တော်သည် အတော်နှင့် အိပ်မပျော် အင်ဒုံဗွမ်တော အတွင်း ပစ်သတ်ခဲ့မိသော ကလေးငယ်ကိစ္စကိုသာ မြင်ယောင်နေမိ သည်။ ကျွန်တော့်နံဘေးမှ လင်းမြင့်လှိုင်သည်ကား ခရီးပန်းထင့် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေပုံရ၏။ တစ်ရွာလုံး အပ်ကျသံပင် ကြားနိုင်
လောက် သည့် တိတ်ဆိတ်ငြိမ်သက်မှုမျိုး ဖြစ်သည်။ ကျွန်တော်သည် လူးကာ လှိမ့် ကာ ဟိုတွေး သည်တွေ၊ သို့ရှိနေဆဲတွင် “တောက်” ရယ်လို့ တောက်ခတ်သံ သဲ့သဲ့ ကြားလိုက်သဖြင့် ခေါင်းနားပန်းကြီးသူရ တော့သည်။ စိတ်ထင်နေခြင်းရယ်လား မှတ်သည်ကြောင့် အိပ်ရာမှ ထထိုင်နားစွင့် ပြန်သည်။
“တောက်”
“တောက်”
“တောက်”
တောက်ခတ်သံများ ဆက်တိုက် ဆိုသလို ပီပီသသ ပေါ်လာ၏။ သို့ဖြစ်သည်ကြောင့် ပြတင်းတံခါးကို ဖွင့်ကာ “တောက်” ခတ်သံများလာ ရာ ကွင်းဘက်ဆီသို့ ကြည့်လိုက်သည်။
လမိုက်ညဖြစ်သည်ကြောင့် ပတ်ဝန်းကျင် တစ်ခွင် မည်းမှောင် နေ၏။ သို့ဖြစ်၍ အမှောင်ထုတွင်း ခပ်ကြာကြာ စူးစိုက်ကြည့်နေလိုက် ၏ ကျင့်သားရလာသည့်အခါတွင် သဏ္ဌာန်များကို ရေးရေး မြင်ရ၏။ ဦးဆုံးမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သီးမွေးညင်း ထသွားရ၏။ ထိုမြင်ကွင်းကား မှတ်တိုင်များ မြေပုံများ ဖြစ်နေ၏ သုဿန်ကို စမြင် လိုက်ခြင်း ဖြစ်သည်။ ပြီးတော့မှ သုဿန်အဝင်လမ်းပေါ်တွင် လှုပ်လှုပ် လှုပ်လှုပ် တရွေ့ရွေ့ သွားနေသည့် ပုံရိပ်သဏ္ဌာန်ကို မြင်လိုက်သည် ကြောင့် စူးစိုက်ကြည့်လိုက်၏။
အသက်အားဖြင့် ငါးနှစ်ခန့်၊ အရပ်အမောင်းအားဖြင့် သုံးပေ ခန့်သာ ရှိလောက်သည့် ကလေးငယ်တစ်ယောက်သည် တစ်စုံတစ်ရာကို တရွတ်တိုက်ဆွဲကာ သုဿန်တွင်း ဝင်သွားသည်ကို တွေ့လိုက်ရ၏။
“ဘုရားရေ”
သူတရွတ်တိုက် ဆွဲလာသည့် အရာကို သေချာမြင်လိုက်ရသည်ကြောင့် ကျွန်တော် ဘုရားတမိတော့၏၊ သူ့အရွယ်အစားရှိ ကလေးငယ် အသေကောင်လေးကို ဆွဲယူခဲ့ခြင်း ဖြစ်သည်။ ညသန်းခေါင်
ကျော် အချိန်တွင် ကလေးငယ်တစ်ယောက်သည် အသေကောင် ကလေး ငယ်တစ်ယောက်ကို ဆွဲကာ သုဿန်တွင်း ဝင်ရောက်လာခြင်း မြင်ကွင်း သည် အံ့သြထိတ်လန့်ဖွယ်ပင် မဟုတ်ပါလား၊
“တောက်” “တောက်… တောက်”
ကလေးငယ်သည် “တောက်” ခတ်သံကိုလည်း ပါးစပ်မှ မြည် တမ်းလျက် ရှိနေပြန်၏။
တရွေ့ရွေ့ဆွဲကာ သွားနေသည့်မြင်ကွင်းသည် သုဿန်တွင်း ရှိ မြေပုံများ မှတ်တိုင်များကြားတွင် ပျောက်ကွယ်သွားတော့၏။ သည် တော့မှ တောက်ခတ်သံသည်လည်း ပျောက်ကွယ်သွားတော့သည်။
ကျွန်တော်သည် မိမိကိုယ်ကို ပြန်၍ဆန်းစစ် ကြည့်လိုက်ပြန်၏။ အိပ်မက်နေခြင်းများလား ရယ်လို့ပင်။
အိပ်မက် မဟုတ်ချေ။ လင်းမြင့်လှိုင်ကို ကြည့်လိုက်တော့ အိပ် ပျော်နေဆဲ ဖြစ်၏။ သို့ကြောင့် ကွဲကွဲပြားပြား သိရန် အလို့ငှာ ကျွန်တော် သည် လင်းမြင့်လှိုင်ကို လှုပ်နှိုးလိုက်၏။ . ကျွန်တော်၏ လှုပ်ခါနိုးမှုကြောင့် လင်းမြင့်လှိုင်သည် ညည်းကာ ညုကာ နိုးထလာတော့၏။
ကျွန်တော်က မြင်တွေ့ရသော မြင်ကွင်းကို ပြောပြလိုက်သည် တွင် လွန်မင်းစွာ အံ့ဩခြင်းဖြင့် ဖွင့်ထားသော ပြတင်းတံခါးမှ သုဿန် ဘက်ဆီ လှမ်းကြည့်လျက်
“ကိုပိုက်ပြောတဲ့ အဖြစ်အပျက်အတိုင်း ကျွန်တော်လည်း အိပ်မက်ရလိုက်တယ်။ ဆန်းကြယ်လိုက်တာဗျာ” ရယ်လို့ ပြောလာ၏။
ထူးခြားလှပေစွ။ ကျွန်တော်သည် အိပ်မက်မဟုတ်။ လင်းမြင့် လှိုင်ကား အိပ်မက် ဖြစ်နေ၏၊ သို့ငြား ထပ်တူ ဖြစ်နေ၏။
နံနက် မိုးလင်း၍ လက်ဖက်ရည်ဆိုင်တွင် ရယ်ဒမ်းခင် ပြော လာသော စကားတစ်ခွန်းက ပိုအံ့အားသင့်စေပါသည်။
“ညက တောက်ခတ်သံတွေ ကြားသဗျ။ ဟဲ… ဟဲ ကိုလင်းနဲ့ ကိုပိုက် ဘာတွေ မကျေမနပ်ဖြစ်ပြီး အိပ်မက်ထဲမှာ တောက်ခတ်နေ ကြသလဲ မသိဘူး။ ဟီး ဟီး ဟီး” ,
လင်းမြင့်လှိုင် မျက်နှာကို ကျွန်တော် လှမ်းကြည့်လိုက်ပြီး
“မဟုတ်တော့ဘူး” ရယ်လို့ ပြောလာဟန် သဘောရသည့် ခေါင်းခါရမ်း ခြင်းကို ပြုပြလေ၏။
ကျွန်တော်သည် မျက်မြင်ကိုယ်တွေ့၊ လင်းမြင့်လှိုင်သည် အိပ်မက်၊ ရယ်ဒမ်းခင်သည် နားနဲ့ဆတ်ဆတ် အသံကြားလေသူ။
မထူးဆန်းပေဘူးလား သို့ဖြစ်၍ ကျွန်တော်သည် ထိုကိစ္စကို မပြောမဖြစ် ရယ်ဒမ်းခင်ကို ဖွင့်ဟ ပြောလိုက်တော့၏။
ကျွန်တော် ထင်ထားသလို “ရယ်ဒမ်းခင်” သည် အံ့ဩမှုဖြစ် လာဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့၏။
သို့ဖြစ်၍ ကျွန်တော်က- ,
“ဘာလဲ ကျွန်တော်ပြောတာ မယုံလို့ ရယ်မောနေတာလား” စိတ်ဆိုးစွာဖြင့် မေးလိုက်သည်။
“ကျွန်တော်သိပ်ယုံတာပေါ့ဗျာ ဟဲ ဟဲ ခင်ဗျားတို့ နှစ်ယောက် မှ ကြံကြံဖန်ဖန် ဒီကောင်လေးတွေနဲ့ သွားတိုးတာကိုး။ ဟုတ်တယ် ခင်ဗျားကြုံခဲ့ရတာတွေက အမှန်ချည်းပဲ ဖြစ်နိုင်သဗျ။ အင်ဒုံဂွမ် တောထဲ
ယ် အဲဒီ သတ္တဝါဆန်းလေးတွေ ရှိတယ်ဆိုတာ ရာနှုန်းပြည့် လက်ခံကြတယ်။ သို့ပေမင့် မြင်တွေ့ဖူးတဲ့သူတော့ ရှားတယ်။ တောက်ခတ်သံ
ကြားရတဲ့သူတော့ အနည်းအကျဉ်း ရှိတယ်။ ရှေးလူကြီး အတော်များများ ထဲကတော့ မြင်တွေ့ဖူးသူတွေ ရှိကြတယ်။ ဒီကိစ္စကို ကျွန်တော် ခင်ဗျား ကို မပြောပြခဲ့မိတာ ခုလို ကြုံတွေ့နိုင်လိမ့်မယ် မထင်လို့ပဲဗျ”
“ရယ်ဒမ်းခင်” စကားကြောင့် ကျွန်တော် စိတ်အနည်းငယ် ချမ်း သာမိတော့၏၊ ဘယ်တွက်မူ ပစ်သတ်ခဲ့မိသော သတ္တဝါကောင်သည် လူသားစစ်စစ် ဖြစ်မနေခြင်းကြောင့်ပင်း၊ သို့ပေမင့် တောနက်တွင်းမှ သည် ရွာထိတိုင် လိုက်လံခြောက်လှန့်နေခြင်းကို စိတ်ပျက်မိတော့၏။
သို့ဖြစ်၍ ကျွန်တော်တို့သည် ကောင်ကထောင် ကျေးရွာက လေးမှ မြစ်ကြီးနားသို့ လာခဲ့ကြတော့၏၊ မြစ်ကြီးနားမှနေ၍ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်ခဲ့ကြသည်။ .
‘ အင်ဒုံဂွမ် တောနက်တွင်း ကြုံခဲ့ရသည့် အဖြစ်အပျက်သည် လည်း မေ့ပျောက်လုမတတ် ဖြစ်ခဲ့ရ၏။ သို့ငြား ရန်ကုန်သို့ရောက်ပြီး ၁၅-ရက်ခန့် အကြာတွင် ထူးဆန်းသော ကြုံတွေ့မှုတစ်ခု ဖြစ်ပေါ်လာ တော့၏။
ထိုညက ကျွန်တော့်မိသားစု နှင့်အတူ စောစောအိပ်ရာဝင်ခဲ့၏။ သို့ စောစော အိပ်ယာဝင်ခဲ့ခြင်းသည် မီးပြတ်နေခြင်းကြောင့် ဖြစ်၏။ ရံခါဆိုသလို မီးပြတ်တတ်၏။
ည သန်းခေါင်ယံကျော် အချိန်တွင် အလိုလိုနေရင်း အိပ်ရာမှ နိုးလာ၏။ ဟိုတွေး သည်တွေ နေဆဲတွင် “တောက်” ခတ်သံကို ကြား လိုက်ရသဖြင့် ကြက်သီးမွေးညင်း ထသွားမိတော့၏။
“တောက်” “တောက်… တောက်”
ကျွန်တော် သိလိုက်ချေပြီ။ စိတ်ထင်နေခြင်း မဟုတ်နိုင်၊ အသံ လာရာသည် အိမ်ရှေ့လမ်းမကြီးပေါ်မှ ဖြစ်၏။ သို့ကြောင့် ကျွန်တော်သည် အိပ်ရာမှ ညင်သာစွာထကာ အခန်းပြင်သို့ ထွက်ပြီး ဧည့်ခန်းကို ဖြတ်ကာ ဝရန်တာတံခါးကို ဖွင့်လိုက်၏။ တံခါးဖွင့်သွားသည်နှင့် တောက် ခတ်သံ တစ်ချက်သည်လည်း တိုးဝင်လာသည်။
ကျွန်တော်သည် ဝရန်တာဘက် ထွက်လိုက်ပြီး လမ်းမပေါ်သို့ ငုံ့ကြည့်လိုက်သည်။ ကျွန်တော် နေထိုင်ရာ တိုက်ခန်းသည် မြေပြင် အထက်ခြောက်လွှာတွင် ရှိသောကြောင့် ဖြစ်၏
လမိုက်ည ဖြစ်နေသည်။ လျှပ်စစ်မီးများလည်း ပျက်နေခြင်း ကြောင့် မြင်ကွင်းများ ခပ်မှိန်မှိန် ရေးရေးသာ မြင်ရ၏။
“တောက်” “တောက်… တောက်”
တောက်ခတ်သံသည် ယုဇနပလာဇာဘက်ဆိုမှ လာနေခြင်း ဖြစ်သည်ကြောင့် လှမ်းကြည့်လိုက်၏၊
“ဟာ”
ကျွန်တော် လွန်မင်းစွာ ထိတ်လန့်သွားမိသည်။ ဗညားဒလ လမ်းမကြီးသည် ရှင်းလင်းနေ၏။ မီးပွိုင့်ဘက်တွင် ဆိုက်ကားသုံးစီးခန့်ရပ်ထား၏။ ထိုဆိုက်ကားပေါ်တွင် ဆိုက်ကားဆရာတို့ အိမ်မောကျနေကြ၏။
သို့ရှင်းလင်းနေသော ဗညားဒလလမ်းမကြီးပေါ်တွင် လှုပ်ရှား သွားလာနေသော သဏ္ဌာန်တစ်ခုကိုတော့ ခပ်ရေးရေး မြင်လိုက်ရ၏။
ကလေးငယ်တစ်ယောက်သည် ကလေးငယ်တစ်ယောက်၏ သက်မဲ့ခန္ဓာကိုယ်ကို လက်မှဆွဲ၍ တရွတ်တိုက် ဆွဲလာချေ၏။
ပါးစပ်မှလည်း တတောက်တောက် အော်မြည်ကာ တရွေ့ရွေ့ လာနေ၏၊ တဖြည်းဖြည်း ကျွန်တော် ရပ်နေသည့် ဝရန်တာအောက်ဖက် လမ်းမကြီးပေါ် ရောက်လာတော့၏။
ကျွန်တော် ဇောချွေးများ ပျံနေပြီဖြစ်၏၊ ကျွန်တော်သည် အောက်ဖက်တည့်တည့်တွင် ရောက်နေသည့် ထိုသဏ္ဌာန်ကို မရဲတရဲ ထို့ကြည့်လိုက်၏။
“ဟင်” –
တစ်ပြိုင်နက်ဆိုသလို အပေါ်သို့ မော့ကြည့်လာသော ကလေး ငယ်၏ မျက်နှာကို ပက်ပင်းတိုးမိတော့၏။ ကလေးငယ်၏ မျတ်နှာသည်
ကြောက်စရာ မကောင်းသလို ချစ်စရာလည်း မဟုတ်ချေ။ သနားစရာ မျက်နှာသေလေး ဖြစ်နေသည်။
ကျွန်တော့်ကို မြင်တွေ့သွားသည်နှင့် အသေကောင်လေးကို တရွတ်တိုက် ဆွဲကာ ကျွန်တော့်အခန်းပေါ် တက်လာနိုင်သည့် မြေပြင် တံခါးပေါက်ဝသို့ မျက်နှာမူလိုက်ပြီး ခြေဦးလှည့်လာခြင်းကြောင့် ကြောက်လန့်တကြား ဖြစ်သွားကာ ပါးစပ်မှ အသံထွက်လုမတတ် “ဗုဒ္ဓတေဇေန ဘယံနတ္ထိ သံယတေဇေန ဘယံနတ္ထိ” ရယ်လို့ ရွတ်ဖတ်လိုက်တော့၏။
သည်တွင်မှ ကလေးငယ်သည် “ကျွီခနဲ” အော်မြည်ကာ မီး ပွိုင့်ဘက်သို့ တရွေ့ရွေ့ လှည့်ထွက်သွားလေ၏။ ..
ကျွန်တော်သည် တစ္ဆေသရဲက ကြောက်လန့်သော ဂါထာကို အဆက်မပြတ် ရွတ်ဖတ်ရင်း ဝရန်တာ အပြင်သို့ ကိုယ်ကို ကိုင်းကာ လိုက်ကြည့်နေမိသည်။
မီးပွိုင့်ထောင့်တွင် ဆိုက်ကားဆရာ သုံးဦးသည် အသီးသီး ဆိုက်ကားထက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကျဆဲ ဖြစ်သည်။
ကလေးငယ်သည် မီးပွိုင့်ကို တရွေ့ရွေ့ ဖြတ်ကျော်ကာ ယခင် သုဿန်ဟောင်း မြေနေရာတွင် ဆောက်လုပ်ထားသည့် မင်္ဂလာဈေးသစ် ကြီးဝင်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
နောက်တစ်နေ့ နံနက်တွင် ကျွန်တော်သည် လင်းမြင့်လှိုင်ထံ သို့ ဖုန်းဆက်ကာ ပြောပြလိုက်သည်တွင် သူက
“တိုက်တိုက် ဆိုင်ဆိုင်ဗျာ။ ကျွန်တော်လည်း ညက ကိုပိုက် မြင်တဲ့အတိုင်း အိပ်မက်ရတယ်” ဟု ပြောလာသလို ကျွန်တော်၏ ဇနီး နှင့် သမီးဖြစ်သူကလည်း-
“ညက ဦးဖက် ယောင်ပြီး “တောက်” ခတ်နေတယ်” ဟုပြော သံကြားရတော့၏။
ကျွန်တော်၏ ညီဖြစ်သူသည် အိမ်ရှေ့ဧည့်ခန်းတွင် အိပ်သူ ဖြစ်၍ သူတောက်ခက်နေခြင်းဟု ထင်သွားကြခြင်း ဖြစ်သည်။ တကယ် တော့ ညက သူတောက်ခတ်ခြင်း မဟုတ်မှန်း ဧည့်ခန်းကိုဖြတ်၍ “ ဝရန်တာဘက်ထွက်ခဲ့သော ကျွန်တော်သာလျှင် အသိဆုံးမဟုတ်ပါကလား။
သို့ဆိုလျှင်ဖြင့် လကွယ်ညတိုင်း အရိပ်တစ္ဆေ ခြောက်လှန့်ခြင်း ကို ခံရလေမည်လား မသိပါချေ။
မနုစာရီမဂ္ဂဇင်း ဧပြီလ (၂၀၀၂ခုနှစ်)
စာစီ – လွင်မျိုး

Leave a Reply

Your email address will not be published. Required fields are marked *