————–

မိန်းမသားတွေနဲ့ ယောကျာ်းသားတွေကြား ဒီလိုကိစ္စတွေဖြစ်လာပြီဆိုရင် ယောကျာ်းသားတွေ​ထက် မိန်းမသားတွေကို ပိုပိုသာသာအပြစ်ဖို့ကြတော့တာပါပဲ။ ခုလည်း ပတ်ဝန်းကျင်ကလူတွေရဲ့ ပြောပုံတွေက ဖြစ်ခဲ့သမျှအရာရာအတွက် ကျွန်မမှာပဲ အပြစ်ရှိသလိုလို။ အပြစ်မရှိဘူးလို့တော့ ကျွန်မ မဆိုလိုပါဘူး။ ကျွန်မလည်းမိုက်ခဲ့မိတာပါပဲ။ ကျွန်မကိုယ်ကျွန်မလည်း ခွင့်မလွှတ်နိုင်တဲ့စိတ်နဲ့ ရူးမတတ်ကို ခံစားရပါတယ်။ ဟုတ်ပါရဲ့ ကျွန်မဟာ အညှာလွယ်ခဲ့တယ်ပဲထားပါအုံး။ တစ်လောကလုံးကပဲ ကျွန်မကို အပြစ်ပြောကြပါစေအုံးတော့ မောင်ကတော့ကျွန်မဘက်မှာ ရှိပေးသင့်တယ်လေ။ ဒါပေမဲ့ မောင်က မရှိပေးခဲ့ပါဘူး။ ဆင်းရဲတာက အပြစ်ဆိုရင် မောင်ဘာလို့ကျွန်မကိုချစ်ခဲ့လဲ သိချင်မိတယ်။

အဲ့ဒီနေ့ကဆိုရင်လည်း ကျွန်မလေ မောင့်ကိုအတော်လေးအံ့သြမိပါရဲ့။ “မောင့်မိဘတွေက ညိုစိမ့်နဲ့သဘောမတူဘူးဆိုရင် မောင်အိမ်ကနေဆင်းပြီး ညိုစိမ့်တို့နဲ့အတူလာနေမယ်။ ညိုစိမ့်နဲ့သာ ဝေးရရင်ကိုယ့်ကိုယ်ကို သတ်သေပစ်မယ် “ဆိုပြီး ပြောခဲ့ဖူးတဲ့မောင်က ကျွန်မကို မသိသူမမြင်သားတစ်ယောက်လို စိမ်းစိမ်းကြီးကြည့်ပြီး ပြောရက်လိုက်တာများ။ “မင်းနဲ့ငါဘာတစ်ခုမှ ပတ်သက်ခဲ့တာမရှိဘူး။ မင်းဗိုက်ထဲက ကလေးကလည်း ငါနဲ့ရတဲ့ကလေးမဟုတ်ဘူး” တဲ့။ ဒီပုံအတိုင်းသာဆို ကိုယ့်ကိုယ်ကို သတ်သေရမဲ့လူက ညိုစိမ့်ဆိုတဲ့ ကျွန်မပဲဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်မ အဲ့လောက်ထိ မမိုက်မဲနိုင်ဘူး။ မောင်ကတောင်မှ ကိုယ့်တာဝန်ကိုယ်မယူဘဲ တခြားမိန်းမတစ်ယောက်နဲ့ လူပုံအလယ်မှာ မင်္ဂလာပွဲဆင်နွှဲအုံးမဲ့ဟာကို ကျွန်မက ကိုယ်ဝန်ကြီးနဲ့ သတ်သေပစ်လိုက်မယ်ဆိုရင် ကျွန်မအသက်ပါမက ကျွန်မရဲ့ဗိုက်ထဲက အပြစ်မရှိတဲ့က​လေးလေးပါသေမှာ။ တွေးကြည့်လိုက်တော့ ကျွန်မအဖြစ်က ဒီဘဝမှာလည်းရှုံး။ သံသရာမှာလည်းရှုံးရအုံးမဲ့ အဖြစ်မျိုး။ ဒီအဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး။ ကျွန်မမှာရှိသမျှ သတ္တိနဲ့ခွန်အားကိုသုံးပြီး ဗိုက်ထဲက ကလေးလေးကို ရအောင်ကိုမွေးမယ်။
__________________________

“အူဝဲ~အူဝဲ။”

ကလေးငိုသံကို ကြားလိုက်ရတာနဲ့တင် နာကျင်မှုဝေဒနာတွေ သက်သာသွားသလိုပါပဲ။ တဆက်တည်း ဆုတွေတောင်း နေမိတာက သားလေးဖြစ်ပါစေလို့။ သမီးလေးဆိုရင်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မလိုမ​ဖြစ်ရအောင် အချစ်နဲ့ ခန္ဓာ တစ်ကန့်စီထားဖို့ရယ်၊ အယုံမလွယ်ဖို့ရယ်ပဲ ပြောဆိုဆုံးမရမှာပေါ့။

“ယောကျာ်းလေးတော့။ ဖြူဖြူဖွေးဖွေးချစ်စရာလေး။”

ယောကျာ်းလေးဆိုတဲ့ လက်သည် ဒေါ်စိန်ရဲ့စကားကြောင့် ကျွန်မအနည်းငယ်စိတ်သက်သာရာရ ရပါတယ်။ သားလေးကို အမေက ကျွန်မဆီပွေ့ချီလာပြတော့ မောင့်မျက်နှာပြေးမြင်မိပါရဲ့။ မခေါ်ချင်သာနေလို့ရမယ်။ မတော်ချင်လို့မရဘူးဆိုသလို သားကမောင့်လို ဖြူဖြူဖွေးဖွေးလေးရယ်။ လက်ကလေးတွေ ခြေထောက်လေးတွေကလည်း ​မောင့်လိုဖြူဖြူသွယ်သွယ်လေး။ မောင်နဲ့တူတာတော့ တူတာပေါ့လေ။ မောင့်လို စိတ်ဓာတ်မျိုးမရှိအောင်တော့ ကျွန်မက ဆုံးမသွန်သင်ပေးရမှာပေါ့။

_______________________________

ညကသာ တဖြည်းဖြည်းနက်လာတယ်။ ကျွန်မတော့ ဘယ်လိုမှကို အိပ်လို့မရနိုင်ဘူး။ တစ်သက်လုံးက နှိပ်စက်လာခဲ့တဲ့ အတွေးတွေက အခုထိလည်းဒီအတိုင်းပဲ။ မောင့်ကိုမုန်းတာမှန်ပေမဲ့ မေ့လို့ကိုမရနိုင်ခဲ့ဘူး။ မျက်နှာပြောင်တိုက်ပြီး ကျွန်မနဲ့အမေ့ဆီကို ဖိတ်စာလာပို့ခဲ့တဲ့နေ့ကဆိုရင် အမေနဲ့ကျွန်မလေ တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီးငိုလိုက်ရတာဆိုတာ။ အမေကလည်း သူလို မုဆိုးမရဲ့သမီးမို့လို့ သူ့သမီးလေးကို အခုလိုစော်ကားရဲတာတဲ့။ ဖအေ့အရိပ် မောင်ဖားအရိပ်များသာရှိ ဒင်းဒီလို မလုပ်ဝံ့ဘူးတဲ့လေ။ ကျွန်မကတောင်အမေ့ကိုပြောမိသေး။ ဒီလိုလူမျိူးတွေက ဒီလိုအချိုးမျိုးပါပဲအမေရယ် ဘယ်လိုမိဘဆွေမျိုးအသိုင်းအဝိုင်းပဲရှိရှိ တာဝန်ယူစိတ်မှမရှိတာမဟုတ်လားလို့။

အဟင်း…။ ပန်းရောင်တဲ့။ ကျွန်မအမုန်းဆုံးအရောင်နဲ့လုပ်ထားတဲ့ ဖိတ်စာလေး။ နှစ်တွေကကြာတော့ အရောင်တောင်လွင့်ချင်ချင်။ တစ်သက်လုံးစာ နာကျည်းခဲ့ရတဲ့ နာမည်တွေကို နောက်တစ်ကြိမ် ပြန်ဖတ်နေမိတယ်။ မောင်သူရိန်နဲ့ မ​​နှင်းထွေးတဲ့။ သားလေးဗိုက်ထဲမှာတုန်းက ဒီဖိတ်စာလေး ကျွန်မလက်ထဲ ရောက်လာခဲ့တာပါပဲ။ အခုဆို သားလေးတောင်မှ အထက်တန်းပြကျောင်းဆရာ ဖြစ်နေပြီလေ။ ဒီအချိန်မှာ သားရဲ့အဖွား ကျွန်မရဲ့အမေသာ လူ့လောကထဲရှိသေးရင် သူ့မြေးအတွက် ဂုဏ်ယူလို့မဆုံး ဖြစ်နေမှာ။ သားကိုစိတ်မချလို့သာ သားတာဝန်ကျတဲ့မြို့မှာ လိုက်နေရတယ်ဆို​ပေမဲ့ တစ်ခါတလေကျတော့လဲ အမေခေါင်းချသွားခဲ့တဲ့ ကျွန်မရဲ့မွေးရပ်မြေရွာလေးကို လွမ်းမိတာပေါ့လေ။

ကျွန်မကသာရွာကိုလွမ်းရတာ သားကတော့ ရွာကိုလွမ်းချိန်တောင်မရှိပါဘူး။ ကျောင်းဖွင့် ချိန်ဆိုရင်လဲ ကျောင်းဖွင့်လို့စာသင်၊ ကျောင်းပိတ်တဲ့ နွေရာသီဆိုရင်လဲ ကိုးတန်းဖြေထားတဲ့ ကျောင်းသားတွေကို ဆယ်တန်းစာတွေ အခမဲ့ကြိုပြီးသင်နဲ့ စာတွေသင်နေရလို့ ပျော်နေလေရဲ့။ သားကပျော်နေပေမဲ့ ကျွန်မကတော့ မပျော်နိုင်ပါဘူး။ တစ်နေ့၊ တစ်ရက်လဲ မဟုတ် ငါးနှစ်တောင်မှ ရှိနေပြီဆိုတော့ ရွာကိုပြန်ချင်မိတာပေါ့။ ပြီးတော့ ဆုံးသွားတဲ့သားရဲ့အဖွား ကျွန်မအမေရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ ရွာဦးကျောင်းအတွက် မီးစက်လှူချင်တဲ့ ဆန္ဒလေးရောဖြည့်ပေးချင်လို့ပါ။ ရွာမှာ မီးကမရတော့ ဆိုလာပြားနဲ့ ဘက်ထရီအိုးပဲ အားကိုးရတာကိုး။ နွေနဲ့ဆောင်းဆိုရင်တော့ ဆိုလာကတော်ပါရဲ့။ မိုးရာသီမှာ မိုးတွေစွေပြီဆိုရင်နေရောင်ကသိပ်မရတော့ အဆင်မပြေချင်ဘူး။ ဒါကြောင့် မီးစက်လေးလှူလိုက်ရင်အဆင်ပြေမှာဆိုပြီး အမေကတဖွဖွပြောခဲ့ရှာတာ။ အမေ့ဆန္ဒကိုဖြည့်ပေးနိုင်ဖို့ သားလေးရဲ့ ငါးနှစ်တာရတဲ့ လစာတွေထဲက ​ခြစ်ကုပ်စုဆောင်းလာတာ အခုဆို သိန်းနှစ်ဆယ်နီးပါးရှိနေပြီ။ ဒီငွေပမာဏနဲ့ မီးစက်တစ်လုံးတော့ ကောင်းကောင်းဝယ်လို့ရ​မှာပါလေ။

_______________________________

ဝါးလုံးလေးတွေကို ခြံစည်းရိုးလုပ်ပြီးကာထားတဲ့ အိမ်ဝင်းလေးထဲကို ခြေချလိုက်ရုံနဲ့ မောပန်းမှု​တွေပြေပျောက်သွားရပါတယ်။ ရွာကို ငါးနှစ်ကြီးများတောင်ခွဲသွားပြီးမှ ပြန်လာတာဆိုတော့ ရွာကလူတွေစိတ်ထဲ ကျွန်မတို့ကို အခုမှရွာကိုရောက်ဖူးတဲ့ ဧည့်သည်တွေလို့များ ထင်နေကြသလား မသိပါဘူး။ ရွာလမ်းတစ်လျှောက် တွေ့သမျှလူတွေက သူတို့အိမ်တွေကိုအလည်လာခဲ့ဖို့ အပြိုင်အဆိုင်ခေါ်နေကြလို့ ဘယ်သူ့အိမ်ကို ဘယ်နေ့လာခဲ့ပါမယ်ဆိုပြီး ရက်ချိန်းပါပေးခဲ့ရသေး။

“အမေ…ရွာရှေ့ပိုင်းက အိမ်တွေကိုတော့ အလည် မသွားနဲ့နော်။”

“အေးပါသားရယ်။”

“သွားရင်တော့ သားကစိတ်ဆိုးမှာ။ ရွာကိုတောင်မှ အဖွားရဲ့ ဆန္ဒလေးဖြည့်ပေးချင်လို့သာလာရတာ။ သားလိုဆို ဦးသူရိန်ရှိတဲ့ရွာကို ပြန်ကိုမလာချင်ဘူး။”

“အင်းပါ သားရဲ့။ အမေ မသွားပါဘူး။”

သားမသွားစေချင်တဲ့အရပ်က မောင်ရှိတဲ့အရပ်ပါပဲ။ သားကသိပ်ကို မှတ်ဉာဏ်ကောင်းပါတယ်။ သားငယ်ငယ်ကကျောင်းသွားရင်း မောင်နဲ့လမ်းမှာတွေ့တော့ သားကအားရဝမ်းသာနဲ့ “အဖေ” လို့ ခေါ်လိုက်တယ်ဆိုပဲ။ ဒါကို မောင်က “မင်းကငါ့သားမဟုတ်ဘူး။ နောက်ဘယ်တော့မှ ငါ့ကိုအဖေလို့မခေါ်နဲ့။” လို့ သားရဲ့သူငယ်ချင်းတွေရှေ့မှာ ပြောလိုက်သတဲ့လေ။ အဲ့ဒီအချိန်ကစလို့ သားကမောင့်ကို စိတ်နာသွားခဲ့တယ် ထင်ပါတယ်။ “ဦးသူရိန်ရဲ့ မျက်နှာကို မမြင်ချင်ဘူး” ဆိုပြီး မောင်နဲ့မတွေ့ရအောင် တတ်နိုင်သမျှ ရှောင်တော့တာပါပဲ။

________________________________

မီးစက်လှူဖို့အရေးသာ စိတ်စောနေတာမို့ရွာကိုရောက်ပြီး နောက်တစ်ရက်မှာပဲ ဘယ်သူ့အိမ်ကိုမှ အလည်မသွားသေးဘဲ ရွာဦးဘုန်းကြီးကျောင်းကိုသာ ကျွန်မတို့သားအမိနှစ်ယောက် အရင်လာခဲ့လိုက်ကြတယ်။ ကျွန်မတို့အိမ်က ရွာအနောက်ပိုင်းမှာ။ ရွာရှေ့ပိုင်းကိုတော့ ကျွန်မအနေနဲ့ရော သားအနေနဲ့ပါ မလာချင်တာအမှန်ပါ။ ဒါပေမဲ့လည်း ဘုန်းကြီးကျောင်းက ရွာထိပ်မှာဆိုတော့ ရွာရှေ့ပိုင်းကို မလာချင်ပေမဲ့လာခဲ့ရတာပေါ့။

အရိပ်အာဝါသကောင်းတာကြောင့် နွေခေါင်ခေါင်ဆိုပေမဲ့ ဘုန်းကြီးကျောင်းဝန်းထဲမှာတော့ အေးမြနေလေရဲ့။ အမေ့ရဲ့ ဆန္ဒလေးလည်း ပြည့်ဝတော့မှာမို့ စိတ်ထဲမှာလည်းကြည်နူးနေမိတာပါပဲ။ အလှူကိစ္စဆရာတော်ဘုရားကို လျှောက်ထားပြီးပြီမို့ ကျွန်မတို့သားအမိလည်း ဘုန်းကြီးကျောင်းကနေပြန်ခဲ့လိုက်ကြတယ်။ သားအမိနှစ်ယောက် မနက်ဖြန်မနက်ခင်း ဘယ်သူ့သုံးဘီးကိုငှားပြီး ဘယ်အချိန်မြို့ပေါ်တက် မီးစက်ဝယ်မယ်ဆိုတာ တိုင်ပင်ရင်း လမ်းလျှောက်လာခဲ့လိုက်တာ မောင်တို့အိမ်နားတောင် ရောက်လုနီးလာပါပြီ။

“မညိုစိမ့်တို့ သားအမိပါလား။ လာပါအုံးအိမ်ဘက်ကို။”

အလည်ခေါ်တဲ့သူက မနှင်းထွေး။ ကျွန်မရော သားပါအံသြသွားမိတယ်။ ခေါ်တဲ့သူကခေါ်နေမှတော့ ကျွန်မတို့သားအမိလည်း ငြင်းမကောင်းတာနဲ့ အလည်လိုက်သွားလိုက်ရတယ်။

“အဖြစ်ကတော့ အဲ့ဒါပါပဲ။ မညိုစိမ့်ရယ်။”

မနှင်းထွေးကို နှုတ်ဆက်ပြီး ကျွန်မတို့သားအမိ အိမ်ကိုပြန်ခဲ့ကြတယ်။ ကြားရတဲ့သတင်းက ကျွန်မရဲ့အရင်စိတ်နဲ့သာဆိုပျော်စရာပေါ့လေ။ ဒါပေမဲ့ အခုတော့ အသက်အရွယ်ကြောင့်ရော၊ မိန်းမသားချင်းကိုယ်ချင်းစာစိတ်ရောကြောင့် ကျွန်မ မပျော်နိုင်ခဲ့ပါဘူး။ မောင်နဲ့ မနှင်းထွေးတို့ရဲ့ သမီးလေးက အပျိုဖြန်းအရွယ်လေးနဲ့ လင်ကောင်မပေါ်ပဲ ဗိုက်ကြီးတယ်ဆိုပဲ။ အဲ့ဒီစိတ်နဲ့ပဲ မောင်လည်းထမင်းမစား ဟင်းမစားနဲ့ အရက်တွေချည်းလှိမ့်သောက်ရာကနေ ကျန်းမာရေးတွေဖောက်ပြီး ဆုံးပါးသွားခဲ့တာ တစ်နှစ်တောင်ကျော်ခဲ့ပြီတဲ့။ သူ့သမီး​လေးကမွေးတဲ့ သူ့မြေးလေးကိုတောင် မြင်မသွားရဘူးဆိုပဲ။ ဘဝမကူးရသေးခင် လည်လိုက်တဲ့ဝဋ်က မောင့်ကိုနောက်ဘဝကူးသွားစေခဲ့ပြီ။ ဒီဘဝအတွက်တော့ မောင်ကြေခဲ့ပါပြီ။ နောင်သံသရာ ဘဝဆက်တိုင်းမှာသာ…။

•••••••••••••••••••••••••••••••••••••••••••••••

မွှေးတူးလေး

ဖတ်ရှုအားပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။