ဖိုးကျော့
အရိုးစားသတ္တဝါများ
ကညင်ချောင်းဘေးရှိ လရောင်ထဲက ဆင်ဝိုင်းစခန်းသည် လှပနေသည်။ အရွက်ခြွေထားသော သစ်ပင်ကြီးများရှိ ကုန်းကမူပေါ်မှ တဲစုများကို မြင်နေရသည်မှ ဆွတ်ပျံ့ဖွယ်ရာကောင်းသည်။
လရောင်သည် ပို၍ထွန်းပလာသည်။ ဆင်ဝိုင်းစခန်းသည် တစ်စစ တိတ်ဆိတ်လာသည်။
ထိုအခါ ကညင်ချောင်း၏ ရေစီးသံက ပို၍ကျယ်လောင်လာသည်။
အမှန်က ဤနေရာကို အရပ်သူ အရပ်သားများက ဆင်ဝိုင်းစခန်းဟု ခေါ်ဝေါ်ပြောဆိုနေကြသော်လည်း ဌာနဆိုင်ရာအနေကမူ ဆင်နာရုံဟုသာ ခေါ်ကြလေသည်။
ဆင်နာရုံတွင်ထားသော ဆင်များမှာ မကျန်းမာသော ဆင်များ၊ ပင်စင်ရထားသော ဆင်အိုကြီးများ၊ ဆင်ကလေးများနှင့် ကလေးမွေးနေသော ဆင်မီးနေသည်များကိုသာ ထားရှိလေသည်။
ထိုဆင်များကို ထိန်းကျောင်းရသူများကမူ ဆင်နာရုံတဲကြီးနားတွင် တဲငယ်ကလေးများထိုး၍ မိသားစုအလိုက် နေနေကြရသည်။ ထို့ကြောင့် ရိုးမထဲက ရွာကလေးတစ်ရွာဟုဆိုလည်း မမှားပေ။
အကြောင်းအမျိုးမျိုးကြောင့် ဆင်နာရုံရှိ ဆင်တစ်ကောင်ကောင် သေပြီဆိုလျှင် ဆင်ဝိုင်းထဲကထုတ်ပြီး ထိုဆင်သေကို ဖြစ်နိုင်လျှင် မီးသင်္ဂြိုဟ်ရန်၊ ဘယ်လိုမှ မဖြစ်နိုင်တော့မှ မြေကျင်း ခြောက်ပေ၊ ခုနစ်ပေ အနက်တူး၍ မြေမြှုပ်ပစ်ကြရသည်။
ဤသည်မှာ သစ်ထုတ်လုပ်ရေး၏ ရှေးအစဉ်အလာ ဖြစ်သည်။
ဆင်သေကောင်ကို မြေမြှုပ်ပစ်ရန် ဆွဲငင်ယူသော လမ်းတစ်လျှောက်တွင် ဆင်ဒွါရပေါက်မှ အပုပ်အရည်များ ယိုစီးမကျအောင် ဒွာရပေါက်ကို ပိုးသတ်ဆေး၊ မဖောက်ထုံးတွေ ဆွတ်နှစ်ထားသော အဝတ် သို့မဟုတ် ဂုန်နီစတွေနှင့် ပိတ်ရသည်။
ဆင်သေမြှုပ်ထားသော မြေပုံပေါ်တွင် တခြား သားစားတိရစ္ဆာန်များ လာရောက်ဖော်မစားနိုင်အောင် ဆူးခက်များ ဆူးဝါးချွန်များနှင့် ဖုံးထားခြင်း၊ သစ်ပင်များကို မြေပုံပေါ် ကန့်လန့်လှဲချထားခြင်းတို့ကို အဓိကထားပြီး ပြုလုပ်ကြရသည်။
အစိုးရပိုင် ဆင်များဆိုလျှင် ဆင်စွယ်များကို ထုတ်ယူဆေးကြောပြီး အနံ့အသက်ပျောက်အောင်လုပ်ကာ သစ်တောဝန်ရုံးသို့ ပို့ရသည်။ ဆင်သေကြောင်း အစီရင်ခံစာတွင် ဆင်သေကို မည်သို့မည်ပုံ မြှုပ်နှံသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း အဓိကထားဖော်ပြရသည်။
ဤသည်တို့မှာ သစ်တောဦးစီးမှူးနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်တို့ အလုပ်ဖြစ်သည်။
ဆင်ဝိုင်းရှိ ကျန်လူများ၏အလုပ်မှာ ဆင်သေကို ညွှန်ကြားချက်အတိုင်း မြှုပ်နှံလိုက်ကြရုံသာ။ ဆင်သေရခြင်းကိစ္စကိုမူ သက်ဆိုင်ရာ ဝန်ထောက်က ခရိုင်ဝန်ဆီ အစီရင်ခံစာ ပို့ပေလိမ့်မည်။
ဤသည်တို့မှာ ဌာနဆိုင်ရာ၏ လုပ်ရိုးလုပ်စဉ်မို့ ဘာမျှမထူး။
သို့သော် သူတို့ ဆင်နာရုံရှိ ဆင်တစ်ကောင် သေဆုံးသွားခဲ့ခြင်းနှင့် ပတ်သက်၍ ဤအဖြစ်အပျက်နှင့် ကြုံတွေ့ကြရလိမ့်မည်ဟူ၍ကား မည်သူမျှ မထင်ခဲ့ကြ။ အဖြစ်အပျက်ကမူ အံ့ဩစရာပင်။
XXX XXX XXX
အချိန်မှာ ညရှစ်နာရီခန့် ဖြစ်သည်။
ချမ်းစိန်နှင့် အောင်သာ ဆင်သမားနှစ်ယောက်သည် ဝါးမှုတ်ပြောင်း တစ်ယောက်တစ်လုံး၊ မှုတ်စူးတစ်ယောက် သုံးလေးချောင်းစီနှင့် တောကြက်ပစ်ရန် ဆင်ဝိုင်းထဲမှ ထွက်လာကြသည်။
ညဦးကပင် သူတို့ ကြိုတင်ကြည်ရှု့ထားခဲ့ကြသော ကြက်အိပ် သစ်ပင်ကြီးတစ်ပင်အောက်သို့ ရောက်သောအခါ သစ်ပင်ပေါ် မော့ကြည့်၍ အိပ်တန်းတက်နေသော တောကြက်ကို လရောင်ထဲ၌ ရှာကြည့်ကြသည်။
နွေလဖြစ်သဖြင့် သစ်ရိုင်းပင်ကြီးမှာ ရွက်ဟောင်းတုံးခါနီး ဖြစ်နေသည်။ ထို့ကြောင့် သစ်ရိုင်းပင် ကိုင်းတစ်ကိုင်းတွင် တောကြက် တစ်ကောင်ကောင် တက်အိပ်နေလျှင် လရောင်နှင့် မြင်သာသည်။
သို့သော် တောကြက်ပမာခန့်ရှိသော ခါချဉ်ထုပ်များကလည်း ရှိနေလေရာ တောကြက်အထင်နှင့် လောဘဇောကြီးပြီး ခါချဉ်ထုပ်ကို မှုတ်ပြောင်းနှင့် မပစ်မိအောင်တော့ လရောင်မှုန်တိမှုန်ဝါးထဲတွင် အထူးသတိထားရသည်။ သေသေချာချာကြည့်ပြီး ခါချဉ်ထုပ်နှင့် တောကြက်ကို ကွဲပြားအောင် ကြည့်ရသည်။
ချမ်းစိန်နှင့် အောင်သာတို့နှစ်ယောက် ထိုသို့ ကြည့်ရှုလေ့လာနေကြစဉ် ယခင်က တောထဲ တောင်ထဲ၌ သူတို့နှစ်ယောက် တစ်ခါမျှ မကြားဖူးသော အသံတစ်ခုကို မမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရသည်။
သူတို့ကြားနေရသော အသံမှာ ကြက်သံ၊ ငှက်သံ မဟုတ်။ တချွင်ချွင်မြည်လာသော ထူးထူးခြားခြားအသံတစ်မျိုးပင်။
တောတောင်တို့၏ ထုံးစံအတိုင်း ချမ်းစိန်နှင့် အောင်သာတို့မှာ တစ်ယောက်ကို တစ်ယောက် နှုတ်ဟမပြောကြသေးဘဲ လက်တို့ လက်ကုတ် လုပ်ကာ သင်္ကေတနှင့်သာ အသံလာရာဆီသို့ နားစွင့်ကြည့်နေမိကြသည်။
မကြာမီ တိရစ္ဆာန်တစ်အုပ်၏ ခြေသံ၊ ရွက်ကြွေတောထဲ တိုးလာကြသံကို ကြားလိုက်ကြရသည်။ တချွင်ချွင်မြည်လာသံနှင့် ရွက်ကြွေတောထဲ ရွက်ကြွေများကို နင်းခြေဖြတ်ကျော်လာကြသံတို့မှာ ညဉ့်ယံ၌ သောသောညံလာသည်။
ထိုအခါ သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် နီးနီးကပ်ကပ် နေရာရွှေ့ယူလိုက်ကြရသည်။ တီးတိုးလေသံနှင့်လည်း …
“ဘာကောင်တွေလဲ၊ တောခြောက်တာလား။ ဘယ်လိုထင်လဲ”
ဟုလည်း တစ်ယောက်နှင့် တစ်ယောက် လေသံတီးတိုးနှင့် မေးမိလိုက်ကြသည်။
သို့သော် ရွက်ကြွေတောကို နင်းခြေဖြတ်ကျော်လာကြသော တိရစ္ဆာန်များကို အကောင်အထည်မမြင်ရဘဲ အသံသာကြားနေရလေရာ ဘာအကောင်တွေမှန်းကို တိတိကျကျ မသိကြရသေး။
တချွင်ချွင် မြည်လာသံနှင့် သစ်ရွက်ကြွေခြောက်များကို နင်းခြေကျော်ဖြတ်လာကြသံများကမူ သူတို့နှစ်ယောက်နားထဲ ဆူညံလာ၏။
မကြာပါချေ။ ရင်တထိတ်ထိတ်နှင့် စောင့်မျှော်ကြည့်ရှုနေခဲ့ကြသော သူတို့အနားကပင် တောတိရစ္ဆာန်ငယ်တစ်အုပ်သည် နီးကပ်စွာ ဖြတ်ကျော်သွားနေကြသည်။
အရွက်ခြွေထားသော သစ်ပင်အကြို အကြား လရောင်ထဲက တိရစ္ဆာန်များကို အစကမူ ကြွက်အုပ်ကြီးတစ်အုပ်ဟု ထင်လိုက်မိကြသည်။
သို့သော် ယခု သူတို့မြင်နေကြရသည်မှာ ကြွက်အုပ်မဟုတ်။ တစ်ချက်တစ်ချက်တွင် သူတို့ကိုယ်ပေါ်မှ ဆူးတောင်များသည် လရောင်ထဲ၌ ဖွေးဖွေးလှုပ်နေကြသည်။ ထိုအခါမှ သူတို့ ယခုမြင်နေကြရသော တောတိရစ္ဆာန်အုပ်မှာ ဖြူကောင်များ ဖြစ်နေမှန်း ချက်ချင်း သိလိုက်ကြရလေသည်။
ထို့ကြောင့် သူတို့နှစ်ယောက်မှာ အသာလေးငြိမ်ပြီး တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေကြလေ၏။
သို့သော် ထူးခြားသည်မှာ ဖြူကောင်အုပ်သည် သူတို့ ဆင်သမားများက “ဆင်သင်္ချိုင်း”ဟု ခေါ်ကြသော ဆင်နာရုံမှ ဆင်သေများမြှုပ်ရာ ဆင်သင်္ချိုင်းဘက်သို့သာ သွားနေကြသည်ကို သေသေချာချာ မြင်နေကြသည်။
ချမ်းစိန်နှင့် အောင်သာတို့မှာ သစ်ပင်ပေါ်က တောကြက်ကို စိတ်မဝင်စားကြတော့ဘဲ ဖြူတစ်ကောင်ရလျှင် ဆူးတောင်နှင့် အူတို့မှာ ဈေးကောင်းရသဖြင့် ဖြူကောင်များနောက်ကိုသာ လိုက်လာကြလေ သည်။
သူတို့နှစ်ယောက်အထင်မှာ ဖြူကောင်များသည် တစ်စုံတစ်ခု အန္တရာယ်နှင့် ကြုံသဖြင့် မူလနေရာ မြေထဲသားရဲတွင်းမှ နေရာပြောင်းလာကြသည်ဟု ထင်မိလိုက်ကြသည်။
ဖြူကောင်များ၏ သဘာဝမှာ မြေထဲ၌ ကျင်းဖောက် လိုဏ်တူး၍ နေလေ့ရှိကြ၏။ ဖြူကျင်းပေါက်ကိုတွေ့လျှင် တစ်ရက်တည်း တစ်ကြိမ်တည်းနှင့် ကျင်းထဲရှိ ဖြူကောင်များကို ရရှိနိုင်သည်။
ဖြူကောင်များ၏ ဝင်ပေါက်ထွက်ပေါက်မှ ခြင်းကြားရှည်ရှည်ကြီးတစ်လုံးနှင့် ထောင်ထားရသည်။ ဖြူကောင်များ၏ မြေကြီးထဲရှိ သားရဲတွင်း လိုဏ်ခေါင်းတစ်လျှောက်၏ အပြင် တင်းပုတ်ကြီးတွေနှင့် အသံမြည်အောင် ထုရိုက်လိုက်လျှင် သားရဲတွင်းထဲရှိသမျှ ဖြူကောင်များသည် နားမခံသာ၍ လည်းကောင်း၊ ကြောက်ရွံ့၍လည်းကောင်း အပြင်သို့ ထိတ်ထိတ်လန့်လန့်နှင့် ထွက်ပြေးလာလေ့ရှိသည်။
ဖြူကောင်တို့၏ သဘာဝမှာ နားခင်ပါးပြီး ဆူညံခြင်း၊ မြေကြီးလိုဏ်ခေါင်းဖြစ်သော အထဲထဲမှ ပဲ့တင်သံ မြည်ဟည်းလာသည်ကို သူတို့နားက မခံနိုင်၍
အထိတ်တလန့် ထွက်ပြေးလာကြလေ့ရှိလေသည်။
မြေကျင်း သားရဲတွင်းမှ ကြောက်ကြောက်နှင့် ထွက်ပြေးလာကြသမျှသော ဖြူကောင်များသည် ကျင်းပေါက်ဝနှုတ်ခမ်းနှင့် တေ့ထောင် ထားသော ခြင်းကြားရှည်ကြီးထဲ တစ်ကောင်နှင့်တစ်ကောင် တန်းစီပြီး အမိခံကြရသည်။
ထို့ကြောင့်လည်း ချမ်းစိန်နှင့် အောင်သာတို့မှာ ဖြူကောင်များ ကျင်းပြောင်းလာကြသည်အထင်နှင့် ဖြူကောင်များ သွားရာနောက်ကို နောက်ယောင်ခံလိုက်လာကြလေသည်။
ဖြူကောင်များ ဦးတည်သွားနေကြသော နေရာမှာ သူတို့ဆင်ဝိုင်း၊ ဆင်စခန်းရှိရာ ဆင်သင်္ချိုင်းဘက် လည်း ဖြစ်နေပြန်ရာ ဖြူကောင်တွေနောက် လိုက်နေရသည်မှာ သူတို့နှစ်ယောက်အတွက် စခန်းပြန်လမ်းဖြစ်နေသဖြင့် ပို၍ အဆင်ပြေသွားလေသည်။
သို့သော် ချမ်းစိန်နှင့် အောင်သာတို့ ထင်ခဲ့ကြသလို ဖြူကောင်များမှာ သားရဲတွင်း ပြောင်းလာကြခြင်းမဟုတ်။ မိုးတွင်းက မြေပြို၍ ဆင်သင်္ချိုင်းမြေပုံပေါ်တွင် ပေါ်ထွက်နေသော ဆင်ရိုးများရှိ အရိုးနုများ ကို စားသောက်ရန် လာကြခြင်းပါလားဆိုသည်ကို ဆင်သင်္ချိုင်းရောက်မှ သိကြရလေသည်။
အကြီး အသေး အကောင်တစ်ဆယ်ကျော်သော ဖြူကောင်များသည် သူတို့ဖင်နောက်အမြီးရှိ ဆူးတောင်တွေကို တချွင်ချွင်လှုပ်ခတ်ကာ ဆင်သင်္ချိုင်းမှ ဆင်ရိုးများကို သူ့ထက်ငါဦး တူးဖော်စားသောက် နေကြလေသည်။
ဤမျှ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်တွေပေါသော တောတောင်ထဲတွင် ဆင်ရိုးနုများကိုမှ မက်မက်မောမော တကူးတက လာစားနေကြသော ဖြူကောင်များကို တအံ့တသြ ငေးကြည့်ကာ မှင်တက်မိသွားကြလေ သည်။ ။
မြဝတီမဂ္ဂဇင်း
ဧပြီ၊ ၂၀၀၁ ခုနှစ်
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ