မောင်လွမ်းသူ
အလျော် အစား
လက်စွဲတော် ဂျပန်ပြောင်းရှည် သေနတ်ကိုဆွဲ၍ ကျွန်တော်၊ ကိုအောင်ဆောင်းနှင့် ဦးလေးပြားတို့ သုံးဦးသား တောလည်ထွက်ခဲ့ကြသည်။
အခါရာသီမှာ စင်ပြွမ်းသီးမှည့်ချိန် ကဆုန်လ ဖြစ်ပါသည်။ လမိုက်ညမို့ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေပေသည်။
ဤတောတောင်တွေမှာ ကျွန်တော် လည်နေကျ တောတောင်ပင် ဖြစ်သည်။ ဖောင်းပြင်နှင့် ဟုမ္မလင်းနယ်စပ် အင်ကုန်းအမည်ရှိ တောပင် ဖြစ်ပါသည်။
အင်ကုန်းတောသည် ဤနယ်အတွင်း နာမည်ကြီးလှသည်။ ဒရယ်၊ ချေ၊ ဝက်မှစ၍ ဆတ်၊ စိုင်၊ ပြောင်၊ ဆင် အထိ အကောင်စုံ တွေ့နိုင်သည်။
တောင်ပြန့်တွေများသည်နှင့်အမျှ တောင်ခြေကွင်းတွေမှာ အင်းတွေ ပေါလှသည်။ သဲထူးအင်း၊ နတ်စွယ်အင်း၊ နောင်လုံအင်း၊ ခြေဆေးအင်း၊ မြက်ရဲအင်း၊ နောင်တုံးအင်း၊ တောင်သပြေအင်း၊ မော်နုတ်အင်း၊
အင်းညီနောင် စသည်တို့မှာ အမဲဆင်းများလှသည့် နာမည်ကြီး အင်းတွေပင် ဖြစ်သည်။
ဖောင်းပြင်နယ်မှ မုဆိုးမှန်သမျှ အင်ကုန်းတောကို မရောက်ဖူးသည့်တိုင် အမည်တော့ ကြားဖူးကြပေသည်။
ကျွန်တော်တို့သုံးဦးသားသည် စားပင်တွေ အခြေအနေကို နေ့လယ်ထဲက လှည့်ပတ်ကြည့်ရှုထားခဲ့ကြသည်။ အပင်တိုင်းလိုလို ဆတ်ခြေရာ၊ ဝက်ခြေရာ၊ ချေခြေရာတွေ ထပ်နေသည်။
စင်ပြွမ်းသီးမှည့်ကို ဆတ်ရော၊ ဝက်ရော၊ ချေပါ စားတတ်ပါသည်။ အပင်တွေက တောင်ရိုးတစ်လျှောက်လုံး ပေါလှသည်။ သည်လို စားပင်တွေ ပေါနေချိန်မှာ လင့်စောင့်ဖို့ဆိုတာ မလွယ်ပါပေ။ သားကောင်သည် လာချင်ရာကလာပြီး လမ်းကြုံရာ ဝင်ချင်သည့်အပင် ဝင်စားသွားတတ်သည်။ အဝင်အထွက် မှန်သည် မရှိပေ။
ထို့ပြင် တောမီးလောင်နောက်ကျသော တောတောင်တို့မှာ ဤလို မိုးဦးကျ၌ သက်ငယ်ပင်ပေါက်များ နုကောင်းတုန်းဖြစ်ရာ သက်ငယ်ခင်းတို့၌လည်း လှည့်စားနေတတ်သည်။ သက်ငယ်ခင်းတွင်းရှိ ခတ်ချိုနုပေါက်များမှာလည်း ဆတ်အကြိုက် စားပင်များပါပေ။
ထို့ကြောင့် ကျွန်တော်တို့သုံးဦးသည် ညဉ့်ဦး သန်းခေါင်မတိုင်မီ တောင်ပြန့် စားပင်တွေကို အလျင်လိုက်ကြမည်။ သန်းခေါင်ကျော် လင်းပိုင်းကျမှ အင်းတွေမှာ ရေသောက်ဆင်းချိန် ဆက်ချောင်းကြမည်ဟု ရည်ရွယ်၍ လက်နှိပ်မီးထိုးရင်း တဖြည်းဖြည်း လျှောက်ခဲ့ကြပါသည်။
ကျွန်တော် မူတည်လိုက်ခဲ့သည်မှာ ဆတ်ဖြစ်ပါသည်။ သားကောင်များအနက် ကျွန်တော် အပစ်လိုဆုံးမှာ ဆတ်ဖြစ်သည်။
အကြောင်းမူ
(၁) ဆတ်သည် အရှာရလွယ်သည်။ ဝေးဝေးလံလံ တောနက် တောဖျားထိ လိုက်နေစရာမလို။
(၂) မီးထိုး အတော်ခံသည်။
(၃) အသည်း ငယ်သည်။ ဆတ်သည် ချေလောက်ပင် ခံနိုင်ရည် မရှိပါ။ တော်ရုံတန်ရုံ ဒဏ်ရာနှင့်ပင် မ ပြေးနိုင်တော့ဘဲ ဝပ်နေတက်၏။
(၄) ဖျက်ရ သယ်ရ လွယ်ကူသည်။
(၅) အသားထွက် သုံးဆယ်ပိဿာမှ ကိုးဆယ်ပိဿာကျော်ထိ ရှိသဖြင့် လောက်လောက်ငင ရနိုင်သည်။
ဤအချက်များကြောင့် ဆတ်ကို တမင်ရွေး၍ ကျွန်တော် ပစ်လိုခြင်း ဖြစ်ပါသည်။ ည ကိုးနာရီမှ စထွက်ခဲ့ကြရာ ဆယ့်တစ်နာရီထိုးသည်အထိ ကျွန်တော်တို့ အမဲမျက်လုံး တစ်စုံတလေမှ မမြင်ရသေးပေ။
“ခါတိုင်း ဒါလောက် လှည့်လိုက်ရင် တစ်ကောင်ကောင်တော့ တွေ့ပါပြီကွာ။ ခုညမှ ဘာဖြစ်နေတာလဲ”
ကိုအောင်ဆောင်းက မအောင့်နိုင်၍ တီးတိုးပြောလိုက်သည်။
“ဒီနှစ် မိုးသိပ်ခေါင်တာ ခင်ဗျား အသိပဲ၊ သီဘင်းကျွတ် မိုးကျွတ်သွားပြီး လစဉ် မိုးမှ မရတော့တာ။ ဒါကြာင့် တောမီးအရမ်းလောင်တော့ သားကောင်တွေ ဒီနီးနီးနားနားမှာ အိပ်စရာ မဘူးဗျ။ ရိုးမကြီးအထိ တက်အိပ်ပြီးမှ ဆင်းလာရတာ။ ဒါကြောင့် စားပင် စားကွင်းတွေကို တော်တော်နဲ့ မရောက်တာ ဖြစ်မှာ”
ကျွန်တော်က ကျွန်တော့် ထင်မြင်ချက်ကို ပြောလိုက်ပါသည်။
“ဆရာပြောတာ ဖြစ်နိုင်တယ်၊ တစ်နေ့ကတင်ပဲ ကျွန်တော် ဆန်ပတ်ချောင်းဖျားအထိ တိုင်ခုတ်ရင်း ရောက်ခဲ့တယ်။ တောမီးလောင်ထားလိုက်တာ ရှင်းလို့၊ ဒီကြားမှာ အိပ်စရာ ချုံကောင်းကောင်း မြိုင်ကောင်းကောင်းကို မကျန်တော့ဘူး”
ဦးပြားက ကျွန်တော့်စကားကို ထောက်ခံလိုက်ပါသည်။
သားကောင်တို့၏ သဘာဝမှာ ညနေအေးချိန်မှ စပြီး စားကျင်းဝင်ကာ တစ်ညလုံးအနှံ့လှည့်စားပြီး နံနက်လင်းလျှင် တောချုံထူထပ်ရာတွင် အိပ်ကျင်းဝင် ၍ တစ်နေ့လုံး အိပ်နေတတ်ပါသည်။
“ကျုပ်တို့ နည်းနည်း အချိန်စောနေတယ်ထင်တယ်။ ရှေ့ဆက်မသွားခင် ဆေးလိပ်သောက်ရင်း နားကြသေးတာပေါ့။ ပုဂံတောင်ပြန့်တို့၊ ကျော်တောကွင်းတို့၊ ဆန်ပတ်မြိုင်တို့ကို နာရီပြန်တစ်ချက်ကျော်လောက် ရောက်သွား တော်ရောပေါ့”
ကျွန်တော်က ပြောပြီး ခေတ္တထိုင်နားလိုက်ကြပါသည်။ ဆယ့်နှစ်နာရီကျော်မှ ကျွန်တော်တို့ ဆက်ထွက်ခဲ့ကြသည်။
ကံကော် အမည်ရှိ တောင်ရိုးတစ်နေရာအရောက် စင်ပြွမ်းပင်အောက်တွင် မီးရောင်၌ လက်ခနဲ မျက်လုံးတစ်စုံကို မြင်လိုက်ရ၍ ကျွန်တော် ဝမ်းသာသွားမိသည်။ သေသေချာချာ ကြည့်လိုက်မှ မျက်လုံးအစုံမှာ တစ်လုံးနှင့် တစ်လုံး လက်လေးသစ်ခန့်သာ ကွာသည့်အပြင် ပေါင်လယ်လောက်သာ အမြင့်ရှိ၍ ချေဟု သိလိုက်ပါသည်။
လက်ဦးတွေ့သော အမဲမို့ လက်လွှတ်လိုက်ရန် မသင့်ဟု ယူဆပြီး မီးကစား၍ ကျွန်တော် တဖြည်းဖြည်း ကပ်သွားမိသည်။
ကိုက်သုံးဆယ်ခန့်လောက် အလိုတွင် ကျွန်တော့်ရှေ့ ကန့်လန့်ပေးနေသော ချေ၏ လက်ပပ်ကိုချိန်၍ မောင်းဖြုတ် ချလိုက်ပါသည်။ ကျွမ်းပြန်သွားသော ချေကို မီးရောင်တွင် ရိပ်ခနဲ မြင်လိုက်ရသည်။ သို့သော် နေရာတွင် လဲမနေပါ။ ရွှေ့ဆက် ပြေးသွားပါသည်။
ဦးပြားနှင့် ကိုအောင်ဆောင်းတို့ ရောက်လာ၍ ပစ်ကျင်းကို ကျွန်တော်တို့ ကြည့်ကြသည်။ ဘာသွေးမှ မတွေ့ ရပါ။ ကျည်ဖြတ်ရာလည်း မတွေ့။
“မမှန်ဘူး ထင်တယ် ဆရာ”
ကိုအောင်ဆောင်းက ပြောလိုက်၏။
“ဟာ… ဘာလို့ မမှန်ရမှာလဲ။ ကျွန်တော် သေသေချာချာ ချိန်ပစ်ရတာပဲ။ နောက်ပြီး ကျွမ်းပြန်သွားတာလဲ ရိပ်ခနဲ မြင်လိုက်ရတယ်”
“ပြေးသွားတဲ့ ခြေသံကာတာ့ ထိသွားတဲ့ အသံမျိုးပါ”
ဦးပြားက ပြောလိုက်သည် ။
“သွေးလဲ မတွေ့ရပါလား”
“သွေးကိုတော့ အတည်မယူနဲ့လေ။ သွေးက ပစ်ကျင်းမှာ ကျချင်မှ ကျတာ။ တစ်ခါတလေ လဲတဲ့နေရာကျမှ ကျတတ်တာပဲ။ ဒါကြောင့် မုဆိုးကြီးတွေက သွေးထက် အမွေးကို အရေးထားတယ် ဆိုတာပဲ။ အမွှေးကတော့ ထိတာမှန်ရင် ထိမ်လို့မရဘူး။ ကျတာပဲ၊ ဒါကြောင့် ဖြတ်မွေးကို ကြည့်ပြီး ဘယ်နေရာ ထိသွားတယ်ဆိုတာတောင် မုဆိုးကြီးတွေက ပြောနိုင်တယ်။
ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့၊ အမွေးဟာ လက်ပပ်မွေး၊ ဗိုက်မွေး၊ ကျောကုန်းမွေး တစ်နေရာနဲ့တစ်နေရာ တူတာမှ မဟုတ်ဘဲ။ ဒါပေမယ့် ဒီညတော့ ဖြတ်မွေးလဲကြည့်လို့ရမှာ မဟုတ်ဘူး။ မနက် နေ့လယ်ဆိုတောင် အတော်ရှာကြည့်ရမှာ။ ကဲ… ဒီတော့ ပတ်ဝန်းကျင် နည်းနည်းပါးပါး လိုက်ရှာ။ မတွေ့လဲ ဒီအတိုင်း ထားခဲ့ပြီး မနက်မှ ပြန်လာရှာကြတာပေါ့”
ကျွန်တော်က သူတို့ကို ရှင်းပြလိုက်ပါသည်။
ကျွန်တော်တို့သည် ပတ်ဝန်းကျင် ကိုက်ငါးဆယ်ခန့် ပတ်ပတ်လည် မီးထိုး ရှာကြည့်ကြသည်။ ဘာမှ မတွေ့ရပါ။ ထို့ကြောင့် လမ်းဘက်သို့ ပြန်ထွက်ခဲ့ရပါသည်။
ထိုညက ကျွန်တော်တို့ တစ်တောပြီး တစ်တော၊ တစ်ကွင်းပြီး တစ်ကွင်း၊ တစ်အင်းပြီး တစ်အင်း ဆက်လိုက်ခဲ့ကြသည်။ နောက်ထပ် ဘာကောင်မှ မတွေ့ရတော့ပါ။
တောလည်ရာတွင် တစ်ခါတစ်ခါ သည်လိုပဲ ဖြစ်တတ်သည်။ ခြေရာတွေ ထင်နေပါလျက်နှင့် သားကောင် မတွေ့ရ။ တချို့နေရာတွင် သားကောင်က စောသွားသည်။ တချို့နေရာတွင် မုဆိုး လွန်သွားပြီးမှ ထွက်တတ်သည်လည်း ရှိ၏။
ထို့ကြောင့် တွေ့ခဲသည်၊ ပစ်ရခဲသည်၊ မှန်ခဲသည်၊ ရခဲသည်၊ စားရခဲသည် ဟူ၍ မုဆိုးလောက်တွင် ခဲငါးခဲ ရှိသည်ဟု ဆိုရိုးရှိသည် မဟုတ်ပါလော။
ကျွန်တော်တို့သည် မနက် ရောင်ဖြူ ရောင်နီ လာ၍ မီးထိုး မပေါက်တော့ချိန် သည်အတိုင်းလည်း ထင်ထင်ရှားရှား မမြင်နိုင်သေးချိန်ကျမှ နားလိုက်ကြပြီး စင်ပြွမ်းပင်မြစ်ကို ခေါင်းအုံးကာ တုံးလုံးလှဲလိုက်ကြပါသည်။
(၂)
ကျွန်တော် မှေးခနဲ အိပ်ပျော်သွား၍ ရုတ်တရက် နိုးလာချိန်မှာ နေရောင်တောင် လာပြီဖြစ်သည်။ ကိုအောင်ဆောင်းနှင့် ဦးပြားတို့မှာမူ သစ်မြစ် ခေါင်းအုံးအိပ်နေဆဲ ဖြစ်သည်။
“ဟေ့ ထကြ… ထကြ၊ နေထွက်နေပြီ”
ကျွန်တော်က သူတို့ကို လှုပ်နိုးလိုက်မှ သူတို့ ထလာကြပါသည်။
“ကဲ… လုပ်ကြဗျို့၊ နေမမြင့်ခင် ညက ကျုပ်တို့ ပစ်ထားတဲ့အကောင် သွားရှာကြဦးစို့။ အပြန် ဟင်းစားလေးမှ ပါမှ “
“အင်း… လူတစ်ကိုယ်လုံးတော့ ရိုက်ထားသလို တောင့်နေတာပဲ။ ပြန်ရှာရမှာတောင် အဝေးကြီး ဆရာ။ နှစ်မိုင်လောက် ရှိမယ်ထင်တယ်။ မရှာတော့ဘဲ ပြန်ကြပါစို့”
ကိုအောင်ဆောင်းက ပြောလိုက်သည်။ ဦးပြား ကတော့ လူကြီးမို့ ဘာမှ မပြောပါ။
“ဟာ… ဘယ်ဖြစ်မလဲ။ ပစ်ပြီးမှ မှန်မှန်းလဲ သိရက်သားနဲ ရှာတော့ ရှာရမှာပေါ့။ ကျုပ်လဲ ခင်ဗျားတို့နဲ့ အတူ သွားထားတာ။ ညောင်းတော့ ညောင်းတာပေါ့။ ဒါပေမယ့် မရှာရင် အလကား ရှုံးသွားမယ်။ လာ… သွားကြစို”
ကျွန်တော် ဆွဲခေါ်၍ သူတို့ လိုက်ချင် လိုက်ချင်နှင့် ပါလာကြသည်။
တောင်ပေါ်လမ်းအတိုင်း လျှောက်ခဲ့ကြ၍ တစ်နေရာ အရောက်တွင် ရှေ့ကသွားနေသော ကျွန်တော်က မြေပြင်ကို လက်ညှိုးထိုးပြလိုက်ပါသည်။ ညက သွားထားသည့် ကျွန်တော်တို့ ခြေရာများပေါ်တွင် ထပ်လျှောက်သွားသော ဆတ်ခြေရာများ။
“ကျွန်တော်တို့နောက်မှ လျှောက်တာဗျ။ ဒါကြောင့် မတွေ့တာကိုး”
ကိုအောင်ဆောင်းက ပြောလိုက်သည်။
“မတွေ့ချင် ဒီလိုပဲဗျို့။ ဘာမှ ပြောမနေနဲ့”
မနက်ခင်း အချိန်စောသေး၍ သားကောင်များ တွေ့နိုင်သေးသည်မို့ သူတို့ကို စကားဆက်မပြောရန် လက်ရိပ်ပြပြီး ကျွန်တော်တစ်ဦးတည်း ခပ်လှမ်းလှမ်းမှ ဖြည်းဖြည်းချင်း နားစွင့်လျက် လျှောက်လာခဲ့သည်။
သို့သော် ညက ပစ်ကျင်းအနီးသို့သာ ရောက်ခဲ့သည်။ ခြေရာသစ်တွေမှတစ်ပါး ဘာသားကောင်မှ မတွေ့ရတော့ပါ။
ပစ်ကျင်းအနီးပတ်ဝန်းကျင်တွင် လူခွဲ၍ ကျွန်တော်တို့ ရှာကြည့်ကြသည်။
ခဏအကြာ ဦးပြားက လက်ယပ်ခေါ် သဖြင့် ကျွန်တော်တို့ ပြေးသွားကြည့်ကြသည်။ မြင်ကွင်းက ကျွန်တော်တို့ ရင်ဘတ်ကို ဆီးကန်လိုက်သည့်နှယ်ပင်။
အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်နေသော ချေရိုးများ၊ အရေအောက် မေးရိုးတစ်ခြမ်း၊ ခြေလက် သုံးချောင်း၊ ဟိုတချို့ သည်တချို့ ပြန့်ကျဲနေတော့သည်။
အသားဆို၍ ရှေ့လက်ပပ်တစ်ခြမ်းနှင့် လည်တိုင် တစ်ဝက်သာ ကျန်တော့သည်။
အနားတွင် ဝက်ခြေရာများ။
ကျွန်တော်တို့ ပစ်ထားသည့် အမဲကို တောဝက်က အချောင်ဝင်စားသွားခြင်း ဖြစ်ပေသည်။ ဝက်ခြေရာမှလွဲ၍ တခြားဘာခြေရာမှ မတွေ့။ ခြေရာကြည့်ခြင်း အားဖြင့် ဝက်တစ်ကောင်တည်းဖြစ်ကြောင်း သိသည်။
သုံးဆယ်ကျော် လေးဆယ် ပိဿာခန့် ထွက်မည့်ဝက်ပေတည်း။ တစ်ညလုံးလည်၍ တစ်ကောင်တည်း တွေ့ရ ပစ်ရသော အမဲ ဤသို့ ဖြစ်ရခြင်းအတွက် ကိုအောင်ဆောင်းမှာ မျက်နှာမကောင်းတော့။
“လမိုင်း ပျက်ချင်တာ ထင်တယ်”
“ဘာ လမိုင်း ပျက်တာလဲ”
“မုဆိုးပစ်ထားတဲ့ အမဲဟာ ဒီလို အစားခံရခဲတယ် ဆရာ၊ မစားတတ်ဘူး”
“ဟုတ်တယ် မုဆိုးပစ်ထားတဲ့ အမဲကို ကျားတို့ တောခွေးတို့ကတော့ စားလေ့မရှိဘူး။ ဒါပေမယ့် ခွေးအနဲ့ တောဝက်ကတော့ စည်းမရှိဘူး။ တွေ့ရင် ကြိတ်တာပဲ။ ဒါ ဘာကြောင့်လဲ သိလား”
“ပြောပါဦး ဆရာ”
သူတို့နှစ်ဦးစလုံး တစ်ပြိုင်တည်း ပြောလိုက်ကြ၏။
“ကျားတို့ တောခွေးတို့က ကိုယ့်အစွမ်းအစနဲ့ တောကောင်အရှင်ကို ဖမ်းစားနိုင်တယ်။ ဒါကြောင့် အသေ ကောင်တွေ့ရင် သူတို့ စားလေ့ မရှိကြဘူး။ ကျားကတော့ တစ်ခါတလေ ငတ်လွန်းရင်တော့ စားချင် စားမှာပေါ့လေ။
တောခွေးကတာ့ ကျားလောက်မက အစာရှာနိုင်တော့ မစားဘူး။ ဘယ်သားကောင်မဆို တောခွေးအုပ်နဲ့ တွေ့ရင် မလွတ်တော့ဘူးဆိုတာ ခင်ဗျားတို့လဲ အသိပဲ။
ခွေးအနဲ့ တောဝက်ကတော့ အရှင်ကောင်ကို ဖမ်းနိုင်တာမဟုတ်တော့ အသေကောင်နဲ့ အပုပ်အစပ် တွေ့သမျှ အကုန်စားတာပဲ။ ကျွန်တော်လဲ အတိအကျတော့ ဘယ်သူမှ ပြောတာ မဟုတ်ဘူးပေါ့ဗျာ။ ဖြစ်နိုင်တာ စဉ်းစားကြည့်ရတာ”
“ဟ… ဖြစ်နိုင်တာပေါ့ ဆရာ”
သူတို့က ဝန်ခံလိုက်ကြ ပါသည်။
“တော်တော် ယုတ်မာတဲ့ ဝက်ကွာ။ ကြည့်စမ်းပါဦး၊ ဘာမှကို အသားမကျန်တော့တာဗျာ”
ကိုအောင်ဆောင်းက ညည်းညူ၍ ကျန်သည့် လက်ပပ် တစ်ဖက်ကို ကောက်မည် ရွယ်လိုက်သည်။
“တော်ပြီ ကိုအောင်ဆောင်း မကောက်နဲ့တော့။ ဒီအတိုင်း ထားလိုက်တော့။ ဒီကောင် ညနေ ပြန်လာ ဦးမှာပဲ။ ကျွန်တော် စားတုံ့ ပြန်ချောင်းမယ်”
“ဟာ ကောင်းတယ် ဆရာ။ ဒီလိုဆို လင့်ထိုးကြရုံပေါ့”
“နေပါစေ မထိုးနဲ့တော့၊ အပြန် နေမြင့်နေတော့မယ်။ အချိန်မရှိဘူး။ စင်ပြွမ်းပင် ခွကြားက ကျုပ် ဒီအတိုင်း ထိုင်စောင့်မယ်”
“ဟာ… ဖြစ်ပါ့မလား ဆရာ၊ လူကို မမြင်ရဘူးလား၊ ပြီးတော့ ဆရာ ညောင်းမနေဘူးလား”
ဝက်ဆိုတာ ဆတ်လို ချေလို မဟုတ်ဘူး။ ခေါင်းက မော့်ကြည့်တတ်တာ မဟုတ်ဘူး။ နားနဲ့၊ အနံ့ မရရင် စိုက်စိုက် စိုက်စိုက်နဲ့ တန်းတန်းမတ်မတ် လာတော့တာပဲ။ ဟို ခွဆုံဟာ လက်ခုပ်တစ်ဖောင်လောက် မြင့်တာပဲ။ ဒါလောက်ဆို ဘယ် အနံ့နိုင်မှာလဲ။
နောက်ပြီး ကျွန်တော်ထင်တယ်၊ ဝက်ဆိုတာ ညနေစောင်းရင်ပဲ အိုင်လူးရင်း စားကျင်းဝင်တော့တာပဲ။ ဒီကောင်တွေ ခုချိန် တောဖျားမှာ ဘယ်နေရာမှ ရေမရှိတော့ ဘူးဗျ။ ဒီနားက ကျောက်ချောင်းအိုင်မှာသာ ရေနည်းနည်း ကျန်တော့တာ။
ဒါကြောင့် ညဉ့်မနက်ဘူးလို့ ကျုပ်တွက်တယ်။ ဒီတော့ လာရင်လာ မလာရင်နေ။ ညဆယ်နာရီထိတော့ စောင့်မယ်။ ညောင်းရင်လဲ သစ်ကိုင်း ကြီးသားပဲဗျာ၊ လှဲနေ ရပါတယ်။ အိပ်မပျော်ရင် ပြီးတာပဲ။ မကျနိုင်ပါဘူး”
ဝက် ပြန်ထွက်သွားသော ခြေရာတွေကို ကျွန်တော်တို့ ကြည့်ကြပါ၏။ မြက်ရဲလျှိုဘက်သို့ ဦးလှည့်နေသည်။
“ဒီကောင် မြက်ရဲလျှိုမှာ အိပ်မှာဆရာ။ တောမီးမလောင်တဲ့ နေရာဆိုလို့ ဒီနေရာတစ်ခုတည်း ကျန်တော့တာ”
ဦးပြားက ပြောလိုက်ပါသည်။
“ကဲ နေမြင့်ပြီ ပြန်စို့။ ကနေ့မနက်စာတော့ ခင်ဗျားတို့ ချဉ်ပေါင်ဟင်းနဲ့ ကြိတ်လိုက်ကြဦး”
ကျွန်တော်တို့သည် မလှမ်းချင် လှမ်းချင်နှင့် ဦးပြား၏ တဲအရောက် ပြန်ခဲ့ကြပါသည်။
(၃)
ဦးပြားတဲ ရောက်၍ မနက်စာ စားပြီး ကျွန်တော်တို့ ခေတ္တ အိပ်လိုက်ပါသည်။ ကျွန်တော် ပြန်နိုးလာချိန်မှာ နေ့လယ် နာရီပြန်နှစ်ချက်ကျော်ပြီ ဖြစ်သည်။ ထို့ကြောင့် ကပျာကယာ ထ၍ ရေချိုးလိုက်မှ လူမှာလန်းဆန်းသွားပေသည်။
ဦးပြား၏ ဇနီး အရီးမြိုင်မှာ ပြန်ရောက်စက ကျွန်တော်တို့ ပြောထားချက်အရ ညနေစာချက်ပြီး ပေပြီ။ ထို့ကြောင့် ညနေစာ စားကြပြီး ကျွန်တော်တို့ သုံးဦးသား ညက ပစ်ကျင်းဆီသို့ အရောက်လာခဲ့ကြသည်။ ညနေ လေးနာရီလောက် မုဆိုးက အလျင်ရောက်နှင့်မူ အချိန်မီပေမည်။
ပစ်ကျင်းနှင့် တစ်ခေါ် သံ သာသာ လမ်းဆုံ တစ်နေရာအရောက်၌ သူတို့နှစ်ဦးကို ထားခဲ့ပြီး ကျွန်တော် တစ်ဦးတည်း ပစ်ကျင်းရှိရာ အပင်သို့ လာခဲ့သည်။ ကျွန်တော့်ဆီက သေနတ်သံ မကြားမချင်း မလိုက်ခဲ့ကြရန်နှင့် အကယ်၍ မပစ်ရလျှင်လည်း ကျွန်တော် ဆင်းလာသည်အထိ ထိုနေရာက ထိုင်စောင့်နေကြရန် မှာထားခဲ့ပါသည်။
စင်ပြွမ်းပင်ပေါ် ကျွန်တော် ရောက်ချိန်မှာ ညနေ လေးနာရီနှင့် ဆယ်မိနစ် ရှိပေပြီ။
ကျွန်တော်သည် လက်နှိပ်မီးနှင့် ယမ်းတောင့်များကို စစ်ဆေးပြီး သေနတ်ကို ရင်ခွင်ပိုက်ကာ ငြိမ်ငြိမ် ထိုင်စောင့်နေပါသည်။ တစ်နာရီကျော်ကျော်အကြာတွင် တဝေါဝေါနှင့် သစ်ရွက်ခြောက်များကို တိုးသံ ကြားသဖြင့် ပို၍ နားစွင့်နေလိုက်သည်။
တစ်ခဏ အကြာတွင် ရပ်သွားပါသည်။ မကြာခင်ပင် တဝေါဝေါနှင့် ဖြတ်လာသောသံကို ပီပီသသ ကြားရပါတော့သည်။
ဝက်ဖြစ်ပေမည်။
ဝက်မှာ ဆတ်တို့ ချေတို့နှင့် မတူ။ ခြေသံကြမ်းသည်။ လမ်းဖြတ်ကူးခါနီးတွင် တစ်ဖန် ငါးမိနစ်ခန့် ရပ်သွားပြန်ပါသည်။ နောက်မှ တဝေါဝေါတိုး၍ ကျွန်တော် စောင့်နေရာ စင်ပြွမ်းပင်ဆီသို့ လာနေသော ဝက်ကြီးကို အထင်အရှား မြင်ရပါတော့သည်။
ကျွန်တော်သည် မပစ်သေးဘဲ ဘယ်လို စားမလဲဟု စောင့်ကြည့်နေမိသည်။
ဝက်ကြီးသည် အစာရှိရာသို့ ရုတ်တရက် မဝင်သေးဘဲ တရှူးရှူးနှင့် အနံ့ခံနေပါသေးသည်။ မနက်က ကျွန်တော်တို့ အနံ့တွေကိုတော့ မရနိုင်တော့ဟု တွက်မိပါသည်။
ထို့ပြင် ကျွန်တော်တက်နေသည့် အပင်မှာလည်း အတော်မြင့်သည့်အပြင် ဝက်၏ လေအောက်က အပင် ဖြစ်ပါ၏။ အစာအနီးတွင် ရန်သူ ရှိလိုရှိငြား အနံ့ခံကြည့်ခြင်းသာ ဖြစ်ပေမည်။ အတော်ကြာမှ အစာရှိရာသို့ ဝင်လေပြီး နံရိုးအပိုင်းများကို တကျွတ်ကျွတ်ဖြင့် ကိုက်ဝါးနေပါသည်။
လက်ပပ်နှင့် လည်တိုင်တစ်ဝက်ကိုလည်း ကိုက်လိုက်၊ ခါလိုက်၊ ယမ်းလိုက်၊ ချလိုက်၊ နားထောင်လိုက် လုပ်နေပါသည်။ ကျွန်တော်နှင့် ဘေးတိုက်ဖြစ်နေသည့်တိုင် ကျွန်တော် မပစ်သေးပါ။ တစ်ချက်တည်း တုံးခနဲ လဲသွားအောင် နားဂျောက် (နား၏ နောက်) ကို ပစ်မည်ဟု ရည်ရွယ်ထားမိသည်။
ဝက်ကြီးသည် အစာကို လှည့်စားနေရင်းမှ ကျွန်တော်ရှိရာဘက်သို့ ဖင်ပေးအလှည့်လိုက်တွင် နားကျောက်ကို ဆယ်ကိုက်အကွာမှ အသေအချာ ချိန်၍ မောင်းဖြုတ်ချလိုက်ပါသည်။
ကောက်ပင်ကို အရင်းမှ ရိတ်ဖြတ်လိုက်သည့် အလား ဝက်ကြီးမှာ တုံးခနဲ လဲသွားပါတော့သည်။
ကျွန်တော်သည် ယမ်းတောင့်တစ်တောင့် ထပ်ထိုး၍ အနီးကပ်ပြီး လက်ပပ်နေရာကို တစ်ချက် ထပ်ပစ်လိုက်ပြန်ပါသည်။ သို့တိုင် မသေသေးဘဲ ခြေကုန် လက်ကန် လုပ်နေသေးသည်။
မကြာမီ သေနတ်သံကြား၍ ဦးပြားနှင့် ကိုအောင်ဆောင်းတို့ ပြေးလာကြပါသည်။ ဝက် လဲနေသည်ကို မြင်၍ ကိုအောင်ဆောင်းသည် တောလိုက် ဓားချွန်း ချွတ်ပြီး ထိုးမည်ဟု ပြေးလာပါသည်။ ကျွန်တော် လက်ယမ်းပြလိုက်မှ ရှေ့ဘက်က မလာဘဲ ဝက်၏ ကျောဘက်က ကွေ့ဝင်ပြီး ဆယ်လက်မ ခန့်ရှိ တောလိုက်ဓားချွန်းဆုံးအောင် လက်ပပ်နေရာကို ထိုးစိုက်လိုက်ကာ
“ကဲ … စားဦးကွာ၊ ငါတို့အမဲကို စားဦးကွာ”
ဟု စိတ်ဆိုးဆိုးနှင့် ဝက်ခေါင်းကို ဖနောင့်နှင့် ပေါက်နေပါတော့သည်။
“ဟေ့လူ… တော်တော့၊ တော်ကြာ လူသံကြားလို့ ခေါင်းမာပြီး တော်တော်နဲ့ မသေဘဲ နေဦးမယ်”
မှန်၏။
ဒဏ်ရာရထား၍ မိန်းမောနေသော သားကောင်သည် လူသံကြားရလျှင် အနားမှာ ရန်သူရှိနေသည် ဟူသော အသိဖြင့် စိတ်ကို တင်းထားသောကြောင့် ရုတ်တရက် မသေတက်။
ကျွန်တော် ထိုသို့ ပြောလိုက်မှ ကိုအောင်ဆောင်း ဖနောင့်ပေါက် ရပ်သွားပါတော့သည်။
“သိပ်လဲ ဒေါသ ဖြစ်မနေပါနဲ့ ဖိုးအောင်ဆောင်း။ သူ စားသွားတာက ငါးပိဿာ ခြောက်ပိဿာပါ။ သူ ပြန်လျော်ပေးတာက ပိဿာသုံးဆယ်ကျော်လောက် ရှိမှာပါ။ ကျုပ်တို့ မရှုံးပါဘူး။ မြတ်တောင် မြတ်သေးတယ် မဟုတ်ဘူးလား ဦးလေးပြား “
ကျွန်တော်က ဦးပြားဘက်သို့ လှည့်၍ပြောလိုက်ရာ ဦးပြားက ပြုံးပြုံးကြီး ခေါင်းညိတ်ပြလိုက်၍
“အင်း… ကျုပ်တို့ လိုက်တာက ဆတ်။ ပစ်ရတာက ချေ။ ရတာက ဝက်။ ဒီလိုပဲလေ မုဆိုးဆိုတာ လမိုင်းပေးတာ ရကြတာပဲ”
လမိုင်းအစွဲကြီးသူပီပီ တစ်ဆက်တည်း ပြောလိုက်ပါသတည်း။
– ပြီး –
စာရေးသူ – မောင်လွမ်းသူ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ