• June 16, 2025
  • admin
  • 0

အဝင်အထွက်
*******
တကယ်ဆိုပါလျှင် သည်လမ်း၊ သည်ခရီးကို သူ သည်
အချိန်မလာသင့်ပေ။ သို့ပေမင့် –

“အယ်လ်ဒို မင်းမိန်းမ မီးဖွားတော့မယ်… အမြန်ပြန်လာခဲ့ပါ..” ဆိုသည့် လူကြုံအမှာစကားကြောင့် သစ်ခုတ်ကွက်မှ ကမန်းကတန်းပြန်လာခဲ့ရခြင်းဖြစ်သည်။ သို့ကြောင့် ညစာပင် စားမလာခဲ့မိ။ လာခဲ့ရသော ခရီးသည်လည်းမနီးတောလမ်းဖြစ်သည်ကြောင့် လမ်းကကြမ်းပါဘိနှယ်။

သည်တော့ အားအင်ကုန်းခမ်းနွမ်းပြီပေါ့။ သို့ပေမင့် သံယောဇဉ်ဇောဆိုတော့လည်း မောတယ်. ပန်းတယ်..
နွမ်းတယ်. . ပြောလို့ဘယ်ဖြစ်ပါ့မလဲ။ သို့ဖြင့် သူသည် မှောင်စပျိုးလုတွင် ရွာအနီး ကျွန်းတောလေးသို့ပင် ရောက်လာရချေပြီဖြစ်၏။

သည်ကျွန်းတောလေးလွန်လျှင် ကွင်းရောက်ပြီ။ သည်ကွင်းရဲ့တဖက်ကမယ် သူနေထိုင်ရာ ကဲအိမ်ရှိနေသည်။

“သည်ကျွန်းတောလေးကို မမှောင်ခင်ဖြတ်လေမှ”

သို့တွေးလိုက်လေပြီး ခပ်သွက်သွက်လျှောက်လိုက်သည်။ အိမ်ရောက်လုပြီဆိုတော့ သူဝမ်းသာမိသည်တော့အမှန်။

သစ်ခုတ်စခန်းကအထွက် ကြက်ခြမ်းမြောင်လေးတွင်
သူထောင်ထားလေသည့် သုတ်ကိုင်း၌ မိရလာသော တောကြက်ကောင်ကို ကိုင်မြှောက်ကြည့်ရင်း ပီတိဝေခဲ့ရတော့၏။

မီးဖွားပြီးစ ဇနီးသည်ကို အားရှိသွားလေအောင် ကြက်စွပ်ပြုတ်လေးလုပ်တိုက်ရပေတော့မည်။
သူ့အတွေးနှင့်သူ ကျွန်းတောလေးအတွင်း လျှောက်ခဲ့ရာမှ ..

“ဟင်

ခြေသံပါကလား။ သူ့နောက်မှ သစ်ရွက်ခြောက်တို့အပေါ် ဖွဖွနင်းလျှောက်လာသံ၊ တစ်စုံတစ်ဦး သူ့နောက်မှ ချောင်းမြောင်း လိုက်လာနေသည်လား။

နောက်ကျောမလုံချေတော့ပြီ။ သို့ကြောင့် သူသည် ရုတ်ခြည်းဆိုသလို နောက်လှည့်ကြည့်လိုက်သည်။

“ဟာ”

ဘာမှမတွေ့ပါကလား။ သို့ကြောင့် အတန်ကြာ ရပ်ကြည့်နေလိုက်သေး၏။သည်တော့လည်း တိတ်ဆိတ်လို့နေပြန်၏။ သူစိတ်ထင်လို့ဖြစ်လိမ့်မည်။ သို့တွက်ကာပြန်လှည့်ဆက်လျှောက်ခဲ့ပြန်သည်။

ကြားရပြန်လေသောကြောင့် လှည့်ကြည့်လိုက်ပြန်၏။ ဘာမှမတွေ့ပြန် တောခြောက်တာလေများလား။

ဆက်လျှောက်ခဲ့ပြန်သည်။ ကြားရပြန်လေပြီ။ သည်တစ်ခါတော့ နောက်မှပင်မဟုတ် ဘေးမှလည်း ကြားရပြန်၏။ သို့ကြောင့်သူသည် ခါးကြားတွင် ထိုးလာသည့် ဝါးခုတ်ဓါးမကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တော့သည်။

ခပ်ချေပြီ ၊ သည်ကျွန်းတောကလေးလွန်လာဖို့က အရေးကြီးသည်။ သို့ကြောင့် ပို၍ခြေလှမ်းတို့ကိုကျဲ ခပ်သွက်သွက်လျှောက်ခဲ့မိတော့၏။

သူ့နောက်မှ၊ နံဘေးမှ ခြေသံတို့ကိုတော့ဖြင့် ကြားရဆဲဖြစ်သည်။ဇောချွေးများပင် ပြန်လာရတော့၏။ ဓားရိုးကိုဆုပ်ကိုင်ထားသောလက်မှ ချွေးစေးများပင်ထွက်လာကြချေပြီဖြစ်သည်။

သူ ကျောမလုံတော့ပြီ။ မှောင်စလည်းပျိုးလာချေပြီ။ ကွင်းသို့ အမြန်ရောက်လေမှ သူကျောလုံပေရော့မည်။ ခြေသံရှင်ကို လှည့်ကြည့်လေတိုင်း မတွေ့ပါကလား..

သူလှည့်လှည့်ကြည့်နေရသည်နှင့် အချိန်တွေကုန်ခဲ့ရသည်ကြောင့် မည်သည့် ခြေသံရှင်ဖြစ်ကာဖြစ်စေတော့ကွင်းရောက်ဖို့ အရေးကြီးသည်ဟုတွက်ကာ ခပ်သွက်သွက်လျှောက်ခဲ့ပြန်တော့၏။

ဟော.. ဟုတ်ပြီ။ ရင်တထိတ်ထိတ်နှင့် လျှောက်လာခဲ့ရသည့်ကြားကကျွန်းတောလေးကို လွန်လာချေပြီဖြစ်သည်။ သူအနည်းငယ်တော့ဖြင့် စိတ်အေးသွားရသည်။ ကွင်းရောက်လျှင် ကြောက်စရာမလိုတော့ပြီ။ နောက်မှလိုက်လာသောခြေသံရှင်သည်လည်း ဆက်လိုက်ဝံ့တော့မည်မဟုတ်ချေ။

ကွင်းသို့ မဖြတ်မီ နောက်သို့တစ်ချက်တော့ဖြင့် လှည့်ကြည့်လိုက်မိသည့်အခါဘာမှမတွေ့၊ ဘာမှမကြား။ ဟုတ်ပြီ.. သူ ကွင်းကို ဖြတ်ခဲ့တော့သည်။

လရောင်လေးကြောင့် ကွင်းကိုသူဖြတ်ခဲ့သည်တွင် လူသွားလမ်းမြှောင်ကို အသုံးပြုနိုင်ခဲ့ခြင်းဖြစ်၏။ သည်လမ်းမြောင်လေးသည် သူ့အိမ်ခြံဘေးသို့ တစ်ခါထဲရောက်စေသည့် လမ်းမြောင်လေးပေပဲ။ ခုလောက်ဆို သူမိန်းမ မွေးပြီးလားဘာလေး မွေးလိုက်ပါလိမ့်။ သိလိုလှချေပြီ။ သူ့မိန်းမ သူ့ကိုမျှော်နေရော့မည်။

သို့ သူ အတွေးနှင့်သူ လျှောက်ခဲ့ရာမှ သူ့လက်မှ တောကြက်ကောင်ကိုတစ်စုံတစ်ဦးက လာရောက်ဆွဲလေသည်ကြောင့် ရပ်ထိတ်သွားကာ ကပျာကသီ ကြည့်လိုက်တော့သည်။

`ဟာ´

ဘာမှမတွေ့။ အောက်မှဆွဲနေတာပဲ။ သို့ကြောင့် အနည်းငယ်ငုံ့ကြည့်လိုက်သောအခါ

“ဟင်”

ခွေးသာသာရှိ ကျားသစ်ကောင်ပါကလား။ သူ လက်တွင်းမှ တောကြက်ကောင်ကို ဝင်ဆွဲနေခြင်းဖြစ်သည်။ဘယ်ရမလဲ။ သူ့မိန်းမအတွက် ယူလာတာပဲ။ ဘယ်လက်လွှတ်ပေးလို့ဖြစ်ပါ့မလဲဟုတွေးကာ

“ကဲဲကွာ”

သူ့လက်တွင်းမှ ဝါးခုတ်ဓားဖြင့် လမ်းခုတ်လိုက်သည်။ ဒဏ်ရာအနာတရဖြစ်သွားသော ကျားသစ်ကောင်သည် အစာကိုမဲဆွဲလုနေသည်မှ ရုတ်ခြည်းဆိုသလိုသူ့ကိုမာန်ဖီ အန္တရာယ်ပြုလာချေတော့၏။ သည်သို့ဖြင့် လူသားနှင့်ကျားသစ်ကောင်မြေပြင်တွင် လုံးထွေးသွားကြတော့သည်။ လူသားနှင့် တိရစ္ဆာန်အစာလုနေကြချေ၏။

လရောင်အောက်တွင် သို့နှယ်အစာလုတိုက်ပွဲဖြစ်နေသည်ကို မည်သူမျှမသိကြချေ။ အတန်ကြာတွင် လူသားကော၊ ကျားသစ်ကောင်ပါ ငြိမ်သက်သွားကြလေသည်။

တိုက်ခိုက်ရင်း သေဆုံးသွားကြလေပြီလား။

သို့ရှိစဉ် ငှက်ဆိုးတစ်ကောင်သည် သူတို့အပေါ်မှ ဖြတ်ပျံသွားတော့သည်။

ထိုသို့ ငှက်ဆိုးသံကြောင့် လူသားသည် လူးလွန်လာတော့၏။ မြေပြင်မှလူးလဲထလာတော့၏။ ထိုသူသည် ကျားသစ်ကောင်ကို လှမ်းကြည့်လိုက်၏။ လုံးဝငြိမ်သက်
သေဆုံးလေပြီပဲ။ သူ အောင်ပွဲခံနိုင်ပြီဖြစ်သည်။ သို့ကြောင့် တောကြက်သေကောင်ကိုထိုနေရာလေးတွင် ရှာလိုက်သည်။

“ဟင်”

သူ တောကြက်ကောင်ကို ကျားသစ်သားပေါက်နှစ်ကောင်က အငမ်းမရလုယက်စားနေကြသည်ပဲ။ သူမှားများသွားလေပြီလား၊ ကျားသစ်မကြီးသည် သားတို့အတွက် သူ့ထံမှ အစာဝင်လုလေခြင်းပါကလား။ သူစိတ်ထိခိုက်သွားမိသည်။သူတို့ အမိမဲ့သားလေးတွေ ဖြစ်သွားကြပြီပေါ့။ သို့ဆိုသလို သူ့ မိန်းမကိုလည်း သတိရလိုက်မိတော့၏။

“ယောက်ျားဖောင်စီး မိန်းမမီးနေ တဲ့ ဘုရား . ဘုရား. . ချောချောမောမော မွေးဖွားနိုင်ပါစေ။ ကလေးကော မိခင်ပါ ကျန်းမာပါစေ။

သူသည် ထိုနေရာလေးမှ ချာခနဲလှည့်ထွက်ခဲ့တော့သည်။ ကျားသစ်ကောင်၏တိုက်ခိုက်မှုကြောင့် သူ့တစ်ကိုယ်လုံး သွေးတို့စိုရွှဲလို့နေသည်။ နာကျင်ခြင်း ဝေဒနာကိုလည်း ခံစားနေရသည့်ကြားမှ အားတင်းလျှောက်ခဲ့လေခြင်းဖြစ်သည်။

သည်သို့ဖြင့် အိမ်နားသို့ပင် ရောက်လုချေပြီ။ ကြည့်စမ်း သူ့ အိမ်လူအဝင်အထွက်တွေ များလှချည်လား။ ဘုရား.. ဘုရား. . ဘာများဖြစ်လို့ပါလိမ့် သည်မြင်ကွင်းကြောင့် ရင်ထိတ်သွားမိသည်။

စောစောကလည်း ငှက်ဆိုးတစ်ကောင် သူ ခေါင်းပေါ်က ဖြတ်ပျံသွားသည်။ နိမိတ်မကောင်းပါကလား။

သူ ခြံပေါက်ဝနားသို့ ရောက်လာချေပြီ။ သို့ကြောင့် အားရဝမ်းသာမိန်းမရေ”လို့ လှမ်းခေါ်လိုက်သည်။

သူ့အသံကား ပေါ်ထွက်လာခြင်းမရှိ။ သူ အိမ်အတွင်းမှ

“အူဝဲ.အူဝဲ” ဆိုသည့် ကလေးငယ်ငိုယိုသံနှင့်အတူ ဟယ်.. ယောက်ျားလေးတော့ ဆိုသောအသံနှင့်အတူဝမ်းဆွဲသည် ဆရာမအသံကတော့ဖြင့်ပျံ့လွင့်ထွက်လာသည်ဆိုပေမင့် သူ မကြားပါတော့ချေ။

လူ့လောကကြီးမှ လူတစ်ယောက်ထွက်သွားရသလို ..
လူ့လောကကြီးထဲ လူသားတစ်ယောက် ဝင်လာလေခြင်းဖြစ်တော့သည်။

သို့ဆိုသလို မီးလောင်ကုန်းရွာသူကြီး ဦးဇာမဏီက သစ်ခုတ်သမားလေးအယ်လ်ဒိုအကြောင်းပြောပြ၍ သိရလေသည်တွင် ကျွန်တော်နှင့် လင်းမြင့်လှိုင်တို့သည် လွန်မင်းစွာ စိတ်မကောင်းဖြစ်မိကြတော့သည်။

ကိုပိုက်
၁၂-၇-၂ဝဝ၅
ဖတ်စရာဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၈၊
၂၀၀၅၊ ဇူလိုင်လ

Leave a Reply

Your email address will not be published. Required fields are marked *