—————————–
အိမ်ရှေ့ခန်းမှာထိုင်နေတဲ့သူ့ကိုကျမ ခန်းဆီးလိုက်ကာကြားက
ချောင်းကြည့်မိလိုက်တယ်။
အအေးခွက် သူ့ကိုကမ်းလိုက်တဲ့အခါမှာမျက်လုံးချင်းခဏတော့
ဆုံမိလိုက်တယ်။
ညနေရောက်တော့အမေက
သူနဲ့ညည်းကိုအိမ်ထောင်ပြုပေးမယ်…တဲ့။
ငါတို့ လူကြီးချင်းပြောဆိုပြီးပြီ…..တဲ့။
တစ်မြို့ထဲနေပြီးသူနဲ့ကျမက အလှမ်းဝေးပါတယ်။
ကျမ ဆိုသည်မှာလဲ အလုပ်နားတဲ့ရက်အိမ်မှာပဲအချိန်ကုန်တတ်သူမို့ သူ့ကိုမျက်မှန်းတန်းမိရုံကလွဲလို့ ရင်းနှီးမှု့မရှိခဲ့ဘူး။
သူ့အမေနဲ့ကျမအမေကဓမ္မမိတ်ဆွေမို့ ခင်မင်သိကျွမ်းကြပေမယ့်ကျမတို့တွေကတော့ခုမှတစ်ယောက်ကိုတစ်ယောက်သေချာမြင်ဖူးကြသူတွေပါ။
မဂ်လာဆွမ်းကပ်ဖို့ ရက်သတ်မှတ်ပြီးချိန်ထိသူနဲ့ကျမမျက်နှာချင်းမဆိုင်ဖြစ်သေးပါ။
ကျမကတော့ ကော်ဖီဆိုင်မှာခဏတွေ့ဆုံဖို့ သူ့ဖက်ကတောင်းဆိုလိမ့်မယ်လို့ထင်ထားတာ။
ကျမတို့အိမ်မှာမဂ်လာဆွမ်းကပ်ပါတယ်။
နှစ်ဖက်မိဘတွေကိုကန်တော့ကြတယ်။
သြဝါဒတွေ ချွေကြတယ်။
ရာသက်ပန် ရိုးမြေကျ
ပေါင်းကြရပါစေတဲ့။
လက်ထပ်စာချုပ်မှာလဲနှစ်ဦးသဘောတူလက်မှတ်ထိုးပြီးပါပြီ။
သူကကျမကို ချစ်တယ်.. လို့လဲ
တစ်ခွန်းမှ မပြောလာပါလား။
သူကချစ်ခွင့်ပန်လာရင်လဲချစ်အဖြေ ပြန်ပေးမယ့်နေ့မှာဝတ်မယ့် ပန်းနုရောင်ဝတ်စုံလေးကလဲ
ခေါက်ရိုးမပျက်လေးဒီအတိုင်းပါပဲ။
မဂ်လာပွဲပြီးတော့သူ့အိမ်ရှိရာကို ကျမ လိုက်နေရတယ်။
မနက်စောစောအိပ်ရာကထပြီး ကော်ဖီဖျော်တယ်။
သူ့အတွက်ကော်ဖီကို သူက
သူ့အမေကို ဖျော်စေတယ်။
ကျမ လက်မှန်းမတည့်သေးမှာ
စိုးလို့နဲ့တူပါရဲ့။
ကော်ဖီမသောက်ခင် ပဲပြုတ်နဲ့ထမင်းကိုကြော်ပေးရတယ်။
သူ့အတွက်ကိုတော့သူ့အမေက ထမင်းအဖြူနဲ့ပဲပြုတ်ကို နှမ်းဆီမွှေးမွှေးလေးဆမ်းပေးရတာ တွေ့တယ်။
.
.
.
ကျမ အိပ်ခန်းထဲမှာအိမ်ယူလာတဲ့အဝတ်အစားတွေကိုရှင်းလင်းနေမိတယ်။
သူ့ဘီရိုအောက်ဖက် ကလွတ်နေတဲ့နေရာမှာ ကျမအဝတ်အစားအချို့ကိုထည့်လိုက်တယ်။
သူက မနှစ်မြို့တဲ့အမူအရာနဲ့..
“ဟေ့ ..ဟေ့ ..အဲဒီမှာမထည့်နဲ့..
ဒီဘီရို ကငါ့အဝတ်တွေသီးသန့်ပဲထည့်တာ…
ဟိုသံသေတ္တာထဲသွာထည့်..
ခြေရင်းထောင့်မှာကပ်ထား…”
သံသေတ္တာအဟောင်းကြီတစ်လုံးထဲမှာ ကျမအဝတ်အစားအကောင်းစားတွေမျက်နှာငယ်စွာနဲ့နေရာယူရပါတယ်။
ကျမအတွေးထဲမှာတော့…
အဝတ်အစားတွေကိုကျမက
ညီညာစွာဘီရိုထဲ ထည့်နေချိန်မှာသူကရောက်တတ်ရာရာ
စကားတွေကိုဘေးကနေ
ရယ်မောစွာပြောနေလိမ့်မယ်ပေါ့။
ခုတော့ ဒီလိုလဲ မဟုတ်ပါလား။
.
.
.
နေ့လည်ခင်းမှာတော့သူက သူ့မိဘတွေနဲ့ အတူတီဗွီ ကြည့်နေတယ်။
သူ့အမေက ဂျင်းသုတ်ကိုပန်းကန်လှလှလေးနဲ့
ထည့်ပြီးသူ့ရှေ့ကခုံလေးမှာ
တင်ပေးထား တယ်။
အခန်းထဲကထွက်လာတဲ့ကျမဆီကိုဂျင်းသုတ်အနံ့လေးကဆွဲဆောင်နေတယ်။
ကျမကရေနွေးကြမ်းကိုတစ်ခွက်ပြီးတစ်ခွက်ငှဲ့သောက်နေမိတယ်။
သူကလဲ….
“ငွေစင် လာလေ..
ဒီနားမှာလာထိုင်..
ဂျင်းသုတ်လာစား”
……လို့လဲမခေါ်ဘူး။
ဘယ်လိုတွေလဲဟာ။
နားကိုမလည်ဘူး။
.
.
.
နောက်ရက်များမှာတော့သူရောကျမပါ အလုပ်သွားရတယ်။
သူ့အလုပ်နဲ့ကျမသွားမယ့်အလုပ်
နေရာက လမ်းမသင့်ဘူး။
ဒါပေမယ့်….
အနီးဆုံးနေရာထိသူလိုက်ပို့ရင်ရပါတယ်။
ကား ဆီအပိုကုန်တယ်ဆိုတာကလဲသူညနေဖက်အပြင်ထွက်သလောက်မရှိပါဘူး။
ဖယ်ရီပဲစီးနော် ငွေစင်
လိုက်ပို့ဖို့အဆင်မပြေဘူး… တဲ့။
.
.
.
လကုန်ရက်ကိုရောက်လာပြီ။
သူကျမကို သူ့လခလဲ မအပ်ပါလား။
နောက်မှ ကျမသိလိုက်ရတာက
သူကသူ့လခကိုသူ့အမေကို အပ်ရတာကိုး။
ယောက်ျားလခတစ်ပြားမှမကိုင်ရတဲ့အထဲမှာကျမလဲအပါအဝင်ပေါ့။
ကျမ မေမေကိုပြောပြမိတယ်။
မေမေက…
သူ့အမေကိုပေးတော့ဘာဖြစ်လဲ..
သူ့အမေလဲကိုယ့်အမေပဲမဟုတ်လား..
ကိုယ့်မှာလဲကိုယ့်လခနဲ့ကိုယ်ပဲလေ….တဲ့။
အဲလိုမဟုတ်ဖူးလေ။
အိမ်ထောင်ရယ်လို့ဖြစ်လာရင်သူ့လခလဲကိုယ်သိရမယ်။
ကိုယ့်ဝင်ငွေရယ် သူ့ဝင်ငွေရယ်ပေါင်းပြီး တစ်လအိမ်သုံးစရိတ်၊
အထွေထွေစရိတ် နှုတ်ပြီးရင်စုသင့်တာစုမယ်။
နောင်ရေးအတွက်စိတ်ကူးယဥ်ကြမယ်။
.
.
.
တစ်ရက်မှာတော့သူစိတ်လိုလက်ရရှိတယ်လို့ထင်တယ်။
ကျမ အလုပ်ကဖယ်ရီကားထိသူလိုက်ပို့တယ်။
ကျမ ကားပေါ်တက်လိုက်တာနဲ့သူကချာကနဲလှည့်ပြန်သွားပါတယ်။
ကျမဖက်ကိုတချက်လေးမှ
လှည့်မကြည့်ခဲ့ဘူး။
လက်ကလေးပြမလို့မြှောက်ထားခဲ့တဲ့ကျမ အရှက်ပြေလေး
ခေါင်းလေးငုံ့လို့။
ကားပေါ်မှာမျက်လုံးတွေ
အများကြီးကအဓိပ္ပါယ်များစွာနဲ့။
.
.
.
စူပါဆန်းဒေးမှာတော့သူ့ရုံးကမိတ်ဆွေတွေအလှုဖိတ်လို့
သူတကိုယ်တည်းကြွမြန်းလေရဲ့။
ကျမကိုပါခေါ်မလားရယ်လို့အထင်နဲ့ပါတိတ်ဝမ်းဆက်
အသစ်လေးဝတ်ပြမယ်ပေါ့။
ကျမကို လိုက်မလားလို့ဟန်ဆောင်ပြီးတောင်မခေါ်ခဲ့ပါဘူး။
ဘိုကေကိုကြော့နေအောင်ဖီးပြီးလေကလေးတချွန်ချွန်နဲ့ ကားကိုဟန်ပါပါမောင်းပြီးထွက်သွားပါတယ်။
ကြေကွဲနေလိုက်တော့ငွေစင် ။
သူကတော့တချက်လေးတောင်စောင်းငဲ့ပြီး လှည့်တောင်
မကြည့်ခဲ့ဘူး။
.
.
.
တနေ့မှာတော့
သီချင်းအလွန်ကြိုက်တဲ့
သူကနိုင်ငံခြားအဆိုတော်တစ်ယောက်ရဲ့နာမည်ကိုမေးတယ်။
ကျမမျက်လုံးအဝိုင်းသားနဲ့
ကြားတောင်မကြားဖူးပါ။
သိလဲမသိပါ။
သူကကျမကို
အထင်သေးတဲ့အကြည့်နဲ့
ခင်မောင်တိုး လောက်တော့မင်းသိမှာပေါ့ ….တဲ့။
ငွေစင် သိပါတယ်။
မဟာဆန်သူ ကိုဆိုတာလေ။
သြော်..တော်သေးတာပေါ့..
ခင်မောင်တိုးကဘယ်လမ်းမှာနေတာလဲဆိုတာမမေးလို့…တဲ့။
.
.
.
ဂဏန်းဟင်းချက်စားတဲ့နေ့ကလဲ
ဂဏန်းအသားတွေကို
နွှာပြီးသူ့အမေကိုကျွေးလိုက်။
သူကအားရပါးရစားလိုက်နဲ့
ဂဏန်းလက်မကြီးထဲက
အသားတွေဆိုတာ
စားချင်စရာကြီး။
ကျမကတော့ဂဏန်း
လက်သေးသေးလေးတွေကိုပဲအကုန်ဝါးစားနေမိတော့တယ်။
ငပိရည်ခွက်ထဲက
ငြုပ်သီးစိမ်းတစ်တောင့်ကို
ကိုက်ရင်းပူစပ်တဲ့အရသာရယ်။
ဝမ်းနည်းလို့ကျခဲ့ရတဲ့မျက်ရည်ရယ်။
ပေါင်းစပ်လိုက်တဲ့ညနေခင်းပေါ့။
.
.
.
သူ့အမေက
သနပ်ခါးတုံးတွေဝယ်လာလိုက်တာအများကြီးပဲ။
သနပ်ခါးဝါဝါလေးကြိုက်တဲ့
ကျမလဲသူ့အမေအိပ်တဲ့
အိမ်ပေါ်ထပ်ကအခန်းထဲမှာသနပ်ခါးတစ်တုံးဝင်ယူမိတယ်။
ငွေစင် နောက်ကိုငါ့အမေအခန်းထဲမဝင်နဲ့…..
ကျမကို ခါးသီးတဲ့မျက်နှာထား
အသံပြတ်ပြတ်နဲ့ပြောလိုက်တာခံလိုက်ရတယ်။
ဘာလဲကွာ။
ငါလဲဒီမိသားစုဝင်မဟုတ်လား။
ဘယ်အခန်းဝင်ဝင်ပေါ့။
ကျမရင်ထဲကအပြင်ကို
ထွက်မလာတဲ့စကားလုံးတွေပါ။
.
.
.
ညနေဖက်ကိုအလုပ်က
ပြန်လာရင်သူ့ကို
ထမင်းစားစောင့်ပါတယ်။
သူကကြိုက်ဟန်မတူဘူး။
ထမင်းစားမစောင့်ပါနဲ့..
စားနှင့်…တဲ့။
သူနဲ့အတူ နှစ်ယောက်ထဲထမင်းလက်ဆုံစားချင်လို့ပါ။
သူအလုပ်ကစောစောပြန်ရောက်တဲ့နေ့မှာတော့ သူကဗိုက်ဆာနေလို့စားထားနှင့်ပြီ။
ကျမကတော့ ထမင်းစားခန်းထဲမှာတစ်ကိုယ်တည်းပျင်းရိစွာနှင့်။
ဇနီးမောင်နှံ
ထမင်းလက်ဆုံစားဖို့
ဒီလောက်ခဲယဥ်းသလား။
.
.
.
တနင်္ဂနွေတစ်ရက်မှာတော့ မိဘများနှင့်အတူ သူတို့အမျိုးတွေအလှုကိုသွားကြတယ်။
အလှုမှာအမျိုးတွေနဲ့တွေ့ပြီးနောက်နေ့မနက်မှ မိဘတွေကပြန်လာမယ်ဆိုလို့ ကျမတို့နှစ်ယောက်ပဲ အိမ်ကိုပြန်လာခဲ့ကြတယ်။
ဘုရားခဏဝင်ချင်တယ်…
ကျမက တောင်းဆိုလို့
ရွှေတိဂုံဘုရားပေါ်အတူတက်ကြတယ်။
သူ့ဆီဖုန်းဝင်လာတယ်။
သူက ကျမကိုပြောတယ်။
အရေးကြီးကိစ္စပေါ်လာလို့သူသွားရမယ်…တဲ့။
ခဏနေပြန်လာခေါ်မယ်ဆိုပြီးသူထွက်သွားတယ်။
ညနေစောင်းနေပြီ။
ခေါင်းလောင်းကြီးနားမှာကျမတစ်ယောက်ထဲ သူ့ကိုထိုင်စောင့်နေမိတယ်။
မိုးတွေကလဲရွာနေလိုက်တာသည်းသည်းမည်းမည်းပါပဲ။
သူ့ဆီဖုန်းဆက်ကြည့်တော့လဲဖုန်းမကိုင်ဘူး။
မိုးစုန်းစုန်းချုပ်ချုပ်နေပြီ။
မိုးရေထဲမှာထီးမပါပဲကားငှားပြီးအိမ်ပြန်ခဲ့တယ်။
အဲဒီနေ့ညက သူတစ်ညလုံးအိမ်ပြန်မလာခဲ့ပါ။
.
.
.
သူ့မိဘတွေကကျမအပေါ်မှာသမီးအရင်းလိုကောင်းရှာပါတယ်။
သူ့အမေချက်တဲ့ငါးငပိချက်ဆိုကျမအလွန်ကြိုက်တာ။
မကြာခဏလဲချက်ကျွေးတယ်။
သူ့အဖေကဆိုမနက်စောစော
လမ်းလျောက်တာကအပြန်မှာကျမကြိုက်တတ်တဲ့ကောက်ညှင်းပဲပေါင်း
အမြဲဝယ်လာတယ်။
ကျမကရိုးသားသူမိဘအပေါ်မှာလဲရိုသေသူ
ဘာသာတရားလဲကိုင်းရှိုင်းသူမို့သူတို့ကချွေးမကောင်းလေးတစ်ယောက်ရထားတယ်
ဆိုပြီးကျေနပ်နေကြသူတွေပါ။
.
.
.
မကြာခင်ရောက်လာတော့မယ့်သူမွေးနေ့အတွက်
ကျမမွေးနေ့လက်ဆောင်
ပြင်ဆင်ထားပါတယ်။
အဲဒီနေ့က
သူမိုးအလွန်ချုပ်မှပြန်လာတယ်။
ခပ်ပြင်းပြင်းအရက်နံ့နဲ့အတူ
သူ့မျက်လုံးရီဝေဝေကိုတွေ့ရတယ်။
ကျမသူ့ကိုမွေးနေ့လက်ဆောင်
ပေးလိုက်တယ်။
ကျမပေးတဲ့လက်ဆောင်ကိုသူသေချာကြည့်ပြီး။
ဒီအရောင်လေးကို
သိပ်ကြိုက်တာ…
ကို့အကြိုက်ဆုံးအရောင်လေးကို
ငွေစင်ကသိနေတာပေါ့….
ဆိုပြီးပြုံးနေတယ်။
ဘုရားရေ….ကို…. တဲ့။
ငါနားကြားများလွဲလေသလား။
သူပြုံးနေတာကိုလဲ
ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။
နောက်နေ့မနက်မှာတော့
ကျမ အိပ်ရာစောစောထလိုက်တယ်။
ညကသူမူးနေတော့ ကားထဲကပစ္စည်းတွေမသိမ်းရသေးတာကြောင့်သိမ်းဆည်းလိုက်တယ်။
အိပ်ခန်းထဲကို တချက်စောင်းငဲ့ကြည့်လိုက်တယ်။
ကျမအထင်မှာတော့ မနေ့ကကျမပေးတဲ့မွေးနေ့လက်ဆောင်
အဝတ်အစားကိုသူဒီနေ့ဝတ်လိမ့်မယ်ပေါ့။
အထင်နဲ့အမြင် တခြားစီ ဖြစ်ခဲ့ရတယ်။
သူ့တခြားအဝတ်အစားကိုပဲ
ဝတ်သွားတာတွေ့လိုက်ရတယ်။
ငါ ဒီနေ့ရုံးမှာဂျူတီရှိတယ်..
ညအိပ်ရမယ်။
ငါ..တဲ့
ကျမမျှော်လင့်ထားတာက
မနေ့ညတုန်းကလိုအပြုံးမျိုးနဲ့
ကို့ …..ကိုပါ။
.
.
.
ဒီဇင်ဘာလထဲမှာတော့
ကျမမွေးနေ့ရှိတယ်။
ပြက္ခဒိန်မှာအမှတ်အသားပြုရင်းသူကြားအောင်အသံကို
မြှင့်ပြောလိုက်တယ်။
ဟန်ကျလိုက်တာ..မွေးနေ့.. မွေးရက်တိုက်တယ်…
သူကလှည့်မကြည့်ပဲ
စာကိုသဲသဲမဲမဲဖတ်နေတယ်။
ကြားမှာပါ။ငါမသိအောင်
လက်ဆောင်ဝယ်ပြီးစပရိုက်လုပ်မှာ။
မွေးနေ့မနက်မှာတော့
ဘုရားဝတ်ပြုပြီး ကျမမိဘများ
အိမ်ကိုသွားလိုက်တယ်။
ဖေဖေနဲ့မေမေကိုကန်တော့တယ်။
အမေတို့ကမုန့်တွေထည့်ပေးလိုက်တယ်။
အိမ်ပြန်ရောက်တော့
သူ့ကိုမတွေ့ဘူး။
အပြင်ကိုထွက်သွားတယ်လို့
သူ့ အမေကပြောတယ်။
ကျမအတွက်လက်ဆောင်သွားဝယ်တာနေမှာပေါ့။
ညနေခင်းထိသူပြန်မလာဘူး။
ဒီနေ့ရုံးပိတ်ရက်မှာ ကျမမွေးနေ့လဲရှိနေတာမို့အိမ်မှာညနေစာ
အတူစားကြဖို့ပြင်ဆင်ကြတယ်လေ။
သူ့ကိုစောင့်နေရင်းအချိန်လင့်လာတာနဲ့သူမိဘနဲ့ကျမပဲမွေးနေ့ပွဲကိုဆင်နွဲလိုက်ရပါတယ်။
ညဖက်မိုးတော်တော်ချုပ်မှ
သူပြန်ရောက်တယ်။
ကျမက ကုတင်ပေါ်မှာအိပ်နှင့်နေပြီ။
မနက်မိုးလင်းတော့အခန်းထဲမှာ
လိုက်ရှာနေမိတယ်။
ကျမအတွက်မွေးနေ့လက်ဆောင်
ဘာများဝယ်လာသလဲလို့။
ဘာဆိုဘာမှမတွေ့ပါ။
နေပါစေတော့လေ။
ငါကမျှော်လင့်နေတာပါ။
သူနဲ့ငါအိမ်ထောင်စကျကတည်းကတည်းကငါ့ဖက်ကသာဝတ္တရားမပျက်နေခဲ့တာ။
သူကတော့သူ့မိဘစိတ်ချမ်းသာအောင်ငါ့ကိုယူခဲ့တာနဲ့တူပါရဲ့။
ငါကကော။
ငါ့ကို မေတ္တာရှိသလား။မရှိလားဆိုတာကိုတောင်သေချာမလေ့လာပဲ မိဘတွေက သူနဲ့သဘောတူတယ်ဆိုတာနဲ့ကိုလက်ခံပြီး ခေါင်းညိတ်လိုက်တယ်။
နောင်များအတူနေလာတဲ့အခါကျရင်တစ်ယောက်ကိုတစ်ယောက်သံယောဇဥ်ရှိပြီးငါ့ကိုချစ်သွားမှာပါလေဆိုတဲ့စိတ်နဲ့ပါ။
ခုကျတော့ ကျမမျှော်လင့်ခဲ့သမျှစိတ်ကူးယဥ်သမျှတွေဟာ ဘာတစ်ခုမှဖြစ်မလာခဲ့ပါဘူး။
သူ့ဆီမှာကျမကအနှိမ်ခံ၊အပါယ်ခံလုံးလုံးကိုဖြစ်နေခဲ့ပါတယ်။
ပြီးတာလဲ ပြီးပါစေတော့။
ငါဆက်ပြီးသီးခံလက်စနဲ့
ဒီအိမ်ထောင်ရေးကို
ရှေ့ဆက်ပါဦးမယ်။
.
.
.
ဒီလိုနဲ့ပဲကျမတို့အိမ်ထောင်သက်လေးနှစ်ရှိလာခဲ့တယ်။
သားသမီးလဲမထွန်းကားခဲ့ဘူး။
တနေ့မှာတော့သူခြေထောက်တွေ
အရမ်းကိုက်လို့ဗမာဆရာခေါ်ပြီး
စုတ်ဆေးထိုးတယ်။
သူ့အမေတို့ကရှေးလူကြီးတွေ
ရှေးအယူတွေဆိုတော့နေထိုင်မကောင်းဖြစ်ရင်ပါရာစီတမောလ် အစား ကွမ်းရွက်ပြုတ်ရည်တို့
အခိုးပွင့်ဆေးတို့ကိုတိုက်ကြတယ်။
ဒီလိုနဲ့ဆောင်းဦးရာသီအစမှာတော့သူဖျားပါတော့တယ်။
ချွေးတွေထွက်ပြီးနှာတွေမွှန်ချောင်းတွေဆိုးတယ်။
အအေးမိတယ်နဲ့တူတယ်။
သုံးရက်လောက်
ဆေးခန်းသွားပြလိုက်ရတယ်။
ကောင်းသွားတယ်။
နောက်တစ်ပါတ်လောက်ရောက်တော့ညဖက်ကြီး သူဖျားပြန်တယ်။
ကျမကိုနှိုးတယ်။
သူ့တကိုယ်လုံးချွေးတွေဟာရေချိုးထားသလိုပဲ။
အပူကျဆေးသောက်။
ရေနွေးတွေသောက်လိုက်နဲ့
မနက်ရောက်တော့ သူသက်သာသွားတယ်။
ချောင်းဆိုးနေတာအဆက်မပြတ်ပါပဲ။
ချောင်းဆိုးပျောက်ဆေးတွေ
ဆိုတာလဲစုံနေပြီ။
တခဏပဲသက်သာတယ်။
ညဖက်များဆိုချောင်းဆိုးလွန်းအားကြီးလို့မအိပ်ရပဲငုတ်တုတ်ထိုင်နေရတယ်။
နောက်နှစ်ရက်လောက်နေတော့သူ့ခါးနေရာနဲ့ကျောကုန်းနေရာတွေမှာရေယုန်တွေပေါက်နေတာ
တွေ့ရတယ်။
သူ ထိတ်လန့်ပြီးဘာလုပ်ရမလဲလို့ကျမကိုမေးတယ်။
ရေယုန်ပေါက်တာလောက်ကတော့အပူများလို့နေမှာပေါ့…
မန်းတတ်တဲ့လူရှိလို့မန်းလိုက်ရင်
ကောင်းသွားတတ်တာပဲလို့…
ကျမကပြောလိုက်တယ်။
သူမကြာခဏဖျားလာတယ်။
သူ့ကိုကျမကြည့်လိုက်တော့အနည်းငယ်ပိန်သွားသလို
တွေ့တယ်။
ကိုယ်ရည်စစ်သွားသလိုပဲနော်…..
လို့ကျမကသူ့ကိုပြောလိုက်တယ်။
သူကအထိတ်တလန့်နဲ့။
ဘယ်မှာပိန်လို့လဲ..
ဘယ်မှာပိန်လို့လဲ……နဲ့
ကျမကိုကျယ်လောင်စွာ
အော်လိုက်တယ်။
ညဖက်တွေမှာ ချွေးတွေဟာရေချိုးထားသလိုထွက်နေတာကျမတွေ့ရတယ်။
တငွေ့ငွေ့နဲ့ဖျားနေတာလဲ ရက်တော်တော်ကြာနေပြီ။
ချောင်းဆိုးပြီးဖျားတယ်ဆိုတော့
အဆုတ်ရောင်တာဖြစ်တယ်လို့သူကပြောတယ်။
တနေ့တခြား ခန္ဒာကိုယ်ကပိန်လာတယ်လို့ ကျမထင်တယ်။
မနက်မိုးလင်းရင်အိပ်ယာထရင်မျက်တွင်းဟောက်ပက်နဲ့ပါးရိုးတွေကျနေတယ်။
သူဘာဖြစ်သွားတာလဲ။
ဘာရောဂါမို့လို့ဒီလိုဖြစ်သွားရတာလဲ။
တစ်ရက်မှာတော့သူ့သူငယ်ချင်းကကားမောင်းပြီးသူ့ကိုအိမ်ပြန်
လိုက်ပို့တယ်။
ဆေးစာရွက်တွေလဲပါလာတယ်။
သူ့မျက်နှာကလဲသွေးမရှိတော့သလိုဖြူဖတ် ဖြူရော်နဲ့။
အိမ်ခန်းထဲ ထိသူ့ကိုလိုက်ပို့ပေးပြီးအပြင်ရောက်တော့သူ့သူငယ်ချင်းကကျမကိုမျက်ရိပ်ပြပြီးအခန်းပြင်ကိုခေါ်သွားတယ်။
စိတ်မကောင်းပါဘူးမငွေစင်…
ဒီကောင်ကြီးဆေးစစ်ပြီးပြန်လာတာ အိပ်ချ်အိုင်ဗွီ ပေါ့စတစ် ….တဲ့။
ကျမနားကြားမှားသွားသလား။
ပြန်ပြောပါဦး။
မဖြစ်နိုင်ပါဘူး။
တခုခုမှားနေတာပါ။
သွေးရူး သွေးတမ်းဖြစ်သွားတဲ့ကျမ။
ကမ္ဘာပျက်သွားတဲ့ကျမ။
အို….. ဘုရားသခင်။
ကယ်တော်မူပါ။
အိမ်မက်သာဖြစ်ပါစေ။
နောက်ရက်များမှာတော့
သူ့အမေတို့ကရွှေဘုံသာလမ်းမှာ
ဗမာဆရာကောင်းကောင်းရှိတယ် ဆိုပြီးသွားပြကြတယ်။
သူကတော့အိမ်ထဲက
အိမ်ပြင်မထွက်တော့ဘူး။
ပတ်ဝန်းကျင်ကသိမှာလဲ
အလွန်ကြောက်နေတယ်။
သူ့မှာအနာတွေလဲပေါက်လာတယ်။
အသားအရည်ကလဲညစ်ထေးထေးဖြစ်ပြီး မွဲခြောက်နေတယ်။
အားရှိတဲ့အစားတွဘယ်လောက်စားစားခန္ဒာကိုယ်ကဝိတ်ပြန်တက်မလာပဲတဖြည်းဖြည်းနဲ့ပိန်လှီလာတယ်။
တစ်ရက်မှာတော့ဝမ်းတွေမရပ်မနားသွားလို့အမျိုးထဲကဆရာဝန်ကိုအကူအညီတောင်းပြီးအိမ်မှာဆေးကုရတယ်။
အမျိုးဆရာဝန်ကလမျက်နှာပျက်ပျက်နဲ့အခြေအနေက
ဒီထက်ဆိုးလာဖို့ပဲရှိတယ်လို့
ကျမကိုတိုးတိုးလေးကပ်ပြောသွားတယ်။
အရင်ကပေါင်တစ်ရာ့ရှစ်ဆယ်လောက်ရှိတဲ့သူဟာအခုချိန်မှာ
စာကလေးအမွှေးနှုတ်လိုက်သလိုကြည့်လို့မကောင်းလောက်အောင်ကိုဖြစ်သွားတယ်။
အသားအရေတွေကလဲမွဲခြောက်သွားပြီးအဖိုးကြီးအိုတစ်ယောက်လိုဖြစ်နေတယ်။
ဆန်းကြယ်လှပါလားလောကကြီးရယ်။
ထောင်ထောင်မောင်းမောင်းနဲ့ဥပတိရုပ်ခပ်ကောင်းကောင်းယောက်ကျားတစ်ယောက်၊ ကော်လံကတုံးအင်္ကျီရောင်စုံကိုထည်လဲဝတ်ပြီး ၊အကောင်းစား
နေကာမျက်မှန်ကိုတပ်၊ ကားကိုဟန်ပါပါနဲ့ မောင်းသွားပုံတွေကအစကျမအလွန်သဘောကျခဲ့တာပါ။
ပြုံးလိုက်ရင်သွားစွယ်လေးနဲ့
ကျမမက်မောစွာချစ်ခဲ့ရတဲ့သူပါ။
အခု အဲဒီအရာတွေအားလုံးကွယ်ပျောက်သွားပါရောလား။
သူ့ခန္ဒာကိုယ်ဟာနံရိုးပြိုင်းပြိုင်းပဲရှိပါတော့တယ်။
မျက်လုံးတွေကလဲလက်တစ်နှိုက်စာလောက်အတွင်းဖက်ကိုချိုင့်ဝင်သွားတယ်။
ဘယ်လိုရောဂါဆိုးကြီးလဲ။
ဘယ်အရာတွေများသူ့ကိုယ်ခန္ဒာကအသွေးအသားတွေကို
ခမ်းခြောက်သွားစေသလဲ။
သူ့မိဘတွေကလဲကောင်းနှိုးရာရာဆေးဝါးတွေအာဟာရဖြစ်စေမယ့်အစားအစာတွေကို
ကျွေးမွေးပေမယ့်လည်းသူကတော့ပြန်လည်ပြီးနလံထူမလာတော့ပါဘူး။
ကျမဖက်ကလဲလင်ယောက်ျားဆိုတဲ့အသိတစ်ခုထဲနဲ့အစွမ်းကုန်
ဂရုစိုက်ခဲ့ပါတယ်။
ကျမကိုချစ်သည်ဖြစ်စေ။
မုန်းသည်ဖြစ်စေ။
ကျမဖက်ကတာဝန်ဝတ္တရားကို
မလစ်ဟင်းစေခဲ့ဘူး။
ဆောင်းနှောင်းရာသီမှာတော့သူကွယ်လွန်သွားခဲ့ပါတယ်။
သူမကွယ်လွန်ခင်မိနစ်ပိုင်းလေးအလိုမှာ ကျမကိုမျက်တောင်မခတ်စိုက်ကြည့်ပြီး
ငွေစင် ကို့ ကိုခွင့်လွှတ်ပါ..တဲ့။
သူအသံက တိုးတိုးလေးပါ။
ကျမ ကြားပါတယ်။
ကျမခေါင်းကိုငြိမ့်ပြလိုက်တယ်။
ပိန်လှီနေတဲ့သူ့လက်ကလေးကိုဆုပ်ကိုင်လိုက်တယ်။
ခဏအကြာမှာမှာတော့ သူသေဆုံးသွားတယ်။
နေ့လည်ခင်းလောက်မှာတော့နိဗ္ဗာန်ယဥ်ရောက်လာပြီးသူ့အလောင်းကိုလာယူသွားတယ်။
တစ်အိမ်လုံးလဲပိုးသတ်ဆေးဖျန်းရတယ်။
အိမ်ရှေ့ကကားစထွက်တာနဲ့
သူ့အမေက…
သားရေ..သားရေ..အမေ့သား
အမေလဲလိုက်ခဲ့မယ်..သားရေ…
တကြော်ကြော်ခေါ်ပြီးမျက်ရည်လည်ရွဲနဲ့ကားနောက်က
အပြေးတပိုင်းနဲ့ပြေးလိုက်ရှာတယ်။
အဖြစ်အပျက်ကိုမြင်ရသူတွေဟာမျက်ရည်စို့ရတယ်။
တစ်ဦးတည်းသောသားဖြစ်တဲ့
သူဟာသူ့မိဘအတွက်တော့
တန်ဖိုးအရှိဆုံးဖြစ်နေတာပေါ့။
သူရက်လည်ပြီးတော့ကျမလဲမိဘတွေရှိရာကိုပြန်ပါတော့မယ်။
သူ့မိဘတွေကမပြန်စေချင်ပေမယ့်လည်းကျမသူမရှိတဲ့
ဒီအိမ်မှာမနေချင်တော့ပါ။
ကျမပစ္စည်းတွေသိမ်းဆည်းတုန်း
သူ့ဘီရိုအောက်ဆုံးကစာအုပ်လေးတစ်အုပ်ကိုသွားတွေ့တယ်။
ဓာတ်ပုံလေးတွေလဲတွေ့တယ်။
အလွန်ခေတ်မီလှပတဲ့မိန်းခလေး
တစ်ယောက်နဲ့သူ့ကိုဓာတ်ပုံတွေထဲမှာတွေ့ရတယ်။
ဓာတ်ပုံနောက်ကြောမှာစာတွေရေးထားတယ်။
ကိုကိုနဲ့မီမီ..ထာဝရချစ်ကြသည်..
တဲ့။
စာအုပ်ထဲကစာတွေအရကျမသိလိုက်ရတာကတော့..
ဓာတ်ပုံထဲကမိန်းခလေးနဲ့သူကအချိန်တော်တော်ကြာ
ချစ်သူတွေဖြစ်ခဲ့ကြတယ်။
သူ့မိဘတွေကလုံးဝသဘောမတူလို့မယူဖြစ်ခဲ့ကြဘူး။
ခပ်တုံးတုံး ခပ်အအ ရုပ်ရည်မွဲတဲ့
ကျမနဲ့သဘောတူလို့ယူသာယူခဲ့ရတယ်။
အချစ်မပါခဲ့ဘူး။
သူ့မေတ္တာကျမ မရခဲ့ဘူး။
ကျမဘက်ကသာ သူ့ကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့ သူ့အနားမှာနေခဲ့တာပါ။
မိဘအိမ်ကိုပြန်တဲ့လမ်းတလျှောက်မှာတော့
ဝမ်းနည်းတာလား ။
မကျေနပ်တာလား ။
ဘာမှန်းမသိတဲ့ဝေဒ နာတွေနဲ့။
နောက်ပိုင်းတော့ ကျမလဲဆေးစစ်ရပြီ။
ပေါ့စတစ်တဲ့။
အလုပ်ကခဏအနားယူရတယ်။
လူကလဲအနည်းငယ်ပိန်သွားတယ်။
ဒါပေမယ့်ကျမနေကောင်းတယ်။
ဆေးကိုလဲပုံမှန်သောက်တယ်။
စိတ်ကိုလဲပြင်ဆင်ထားတယ်။
အလုပ်ကလဲ ကျမကိုနားလည်ပေးတယ်။
ကျမတသက်လုံးအတွက်နောင်တရသွားတာကတော့
အချစ်မပါတဲ့ မေ တ္တာ မ ပါတဲ့
အိမ်ထောင်ရေးကို
မတည်ဆောက်ကြဖို့ပါပဲ။
နှစ်ကိုယ်တူချစ်သမျှကသာအကောင်းဆုံးဆိုတာ ကျမလက်ခံလိုက်တယ်။
.
.
.
.
.
#ခင်လှမြတ်ခိုင်