• June 17, 2025
  • admin
  • 0

ချင်းမောင်လေး(ထမံသီမြေ)
အသပြာမုဆိုး

“ဒီလိုလုပ်တော့ ဒီလိုပဲ ခံရမှာပေါ့”

“ခံခဲ့ရဖို့အချိန်တောင် အတော်နောက်ကျခဲ့တာ သူ့ကံပဲ”

လူအများက သေဆုံးသူ ဦးလေးအား ပြစ်တင်ပြော ဆိုကြသည်။ ကျွန်တော် အပြစ်မတင်မိ။ မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးသွားခဲ့သော ဦးလေးအတွက် ကျွန်တော် ဝမ်းမနည်းမိသည်မှာ အကြောင်းရှိသည်။

ကျွန်တော့် ဦးလေး ဦးရှင်းမာန်သည် တောကောင်ပစ် မုဆိုးတစ်ယောက်ဖြစ်သည်။ ရိုးသားသော မုဆိုးကျော်ဘဝမှ မရိုးသားသော အသပြာမုဆိုးဘဝသို့ နေ့ချင်းညချင်း ရောက်လာသော ဦးလေးအား ကျွန်တော်ကဲ့သို့ပင် လူအများက အတန်တန် သတိပေး ခဲ့ကြသည်။

သို့သော် သူသေဆုံးခဲ့ရလေပြီ။

တစ်နည်းအားဖြင့် ဆိုရလျှင် နိုင်ငံတော်အား တစ် ဘက်တစ်လမ်းမှ နှောင့်ယှက်နေသည့် အဖျက်သမားတစ်ဦး လျော့သွားခြင်းဟု ကျွန်တော်ပြောချင်သည်။

X X X

လွန်ခဲ့သော ၃ , ၄နှစ်ခန့်က ဖြစ်သည်။

“ဒီမယ် ဦးလေး”

“ဘာလဲပြော၊ ဘာပြောမှာလဲ တင့်နိူင်ရဲ့ ”

“ဦးလေး ဒီ တောင်ဆိတ်ကို ကယ်ပူတောင်ကြောမှာ ရခဲ့တာပေါ့နော်။ ညနေပိုင်းတုန်းက အဲဒီတစ်လျှောက်မှာ သေနတ်သံ ကြားလိုက်လို့”

“ဟုတ်တယ် တင့်နိူင်၊ ဒီကောင်ကို ကယ်ပူတောင် ကြောမှာ ပစ်ရခဲ့တာကွ။ ညနေကျရင် စုပေါင်းချက် စားကြတာပေါ့ကွာ။ ဒါ့ကြောင့် အသားဖျက် ချက်ဖို့ မင်းကိုခေါ်ရတာပေါ့”

“ဟုတ် … ဟုတ်ကဲ့ ဦးလေး ၊ တောင်ဆိတ်က အကောင်ငယ်တယ်ဆိုတော့ တစ်ရွာလုံး ဝေဖို့ လောက်မှာ မဟုတ်ဘူး မဟုတ်လား။ အသီးအရွက် ဆန်ကွဲနဲ့ ရောချက်ပြီး စုပေါင်းစားကြရင် အကောင်းဆုံးပေါ့ ဦးလေး”

“ဒါပေါ့လေ၊ အဲဒါ တို့ရိုးရာဓလေ့ မဟုတ်လား။ ဝိုင်းလုပ်ဝိုင်းစားပေါ့။ ဩော် ဒါနဲ့ လျှာနဲ ခွာကို သီးခြားဖြတ်သိမ်းနော် တင့်နိုင်။ အဲဒါတွေ ဆေးဖက်ဝင် တယ်ကွ၊ အဖိုးတန်တယ်”

“ဟုတ် … ဟုတ်ကဲ့ပါ ဦးလေး”

“တောင်ဆိတ်လျှာနဲ့ ခွာကို ရောင်းရင် ငွေနည်းနည်းပါးပါးရတယ်ကွ။ ဆင်တို့၊ ကျားတို့၊ ဝက်ဝံတို့၊ ဆတ်တို့ ပစ်ရရင်တော့ ဒီထက် အကောင်းသား။ ခုဟာက ဘာမဟုတ်တဲ့ တောင်ဆိတ်က လာရှုပ်တာ နဲ့ ပစ်လိုက်ရတာ။ ဒီတောတစ်လျှောက်မှာ တောကောင်ကြီးတွေ တော်တော်လာကပ်နိူင်မှာ မဟုတ်တော့ဘူး”

“ဒါနဲ့ ဦးလေးက ဘာကောင် ပစ်ချင်လို့လဲ။ အသားရပြီးရော မဟုတ်လား။ ဟင်းရရင် ပြီးရော မဟုတ်လား ဦးလေး”

“ဒါလဲ ဟုတ်တာပေါ့ကွာ။ ဒါပေမယ့် လုံးဝ မဟုတ်ဘူးပေါ့။ ဟိုတုန်းကလို မုဆိုးတွေဟာ ဟင်း တစ်မျိုးတည်းရဖို့ တောမလည်ကြတော့ဘူးကွ။ အသားလဲ ရမယ်၊ ငွေလဲ များများရနိူင်တဲ့ ကျားတို့၊ စွယ်စုံဆင်တို့၊ ဝက်တို့ကိုပဲ ရွေးပစ်ကြတော့တာ။ အဲဒီတောကောင်ကြီးတွေ လိုက်ရှာရလို့ ချေ သုံးလေးကောင်တောင် ပစ်ကွင်းကောင်းလျက်နဲ့ မပစ်ခဲ့ဘူး။ ဒီတောင်ဆိတ်တောင် အပြန်မှာ ပစ်ခဲ့တာ”

“ဩော် … ဟိုတုန်းက ရည်ရွယ်ချက်နဲ့ အခု ရည် ရွယ်ချက် မတူတော့ဘူးပေါ့နော်။ ကျားတို့၊ ဆင်တို့ ထက် ကြံ့ ရရင် ပိုကောင်းမှာပေါ့နော် ဦးလေး”

“ဟ … ကြံ့ ရရင် ဘယ်ပြောကောင်းမလဲကွာ။ ငါတို့ ငယ်ငယ်တုန်းက ငါတို့ရွာရဲ့ လေးငါးမိုင် ပတ်ဝန်း ကျင်မှာ ကြံ့တွေ ရှိခဲ့သေးတယ်။ အဲဒီတုန်းကတော့ ဟင်းသက်သက်အတွက် ပစ်ခဲ့ကြတော့ ခုခေတ်မှာ ကြံ့တွေ သိပ်ရှားနေပြီကွ”

“ဟုတ်တယ်ဦးလေး၊ မြန်မာပြည်မှာဆိုရင် ကြံ့ တွေ့နိူင်တဲ့နေရာ တစ်နေရာလောက်ပဲ ရှိတော့တာပဲ။ ကြံ့၊ ဆင်၊ ကျား၊ ဝက်ဝံ စတဲ့ တောရိုင်းသတ္တဝါတွေဟာ နိူင်ငံတော်ရဲ့ အဖိုးတန် သတ္တဝါတွေဆိုတော့ နောင်တစ်ချိန်ကျရင် မျိုးပြုန်းမသွားနိူင်အောင် နိုင်ငံတော်က ပစ်ခတ် ဖမ်းဆီးခြင်းကို ပိတ်ပင်ထားတယ် မဟုတ်လား။ ဟိုတလောက ရေဒီယိုမှာလဲ လာသေး ဦးလေး”

“ဘယ်လိုလာလို့လဲ ပြောစမ်းပါအုံး”

“နာဂတောင်တန်းမှာ အဖိုးတန် ကျား၊ ဆင် စတဲ့ အဖိုးတန် တောရိုင်းသတ္တဝါတွေကို အတ္တစီးပွားရေး သမားတွေက ပစ်ခတ်ဖမ်းဆီးပြီး သောင်းကျန်းနေ ကြတဲ့အကြောင်း၊ နောင်အချိန်အခါမှာ အဖိုးတန် တောရိုင်းသတ္တဝါတွေ ပြုန်းတီးလာနိူင်ကြောင်း၊ တာ ဝန်သိ လုပ်သားပြည်သူများ အနေနဲ့လဲ အတ္တစီးပွား ရေးသမား အသပြာမုဆိုးများကို ရှာဖွေဖော်ထုတ် အရေးယူရန် လိုအပ်လျက်ရှိကြောင်း စသဖြင့် အသံ လွှင့်ကြေညာသွားတယ် ဦးလေးရ”

“ဟား … ဟား၊ ငါတို့ မုဆိုးတွေကြောင့် အဖိုးတန် သတ္တဝါတွေ ပြုန်းတီးနေတယ်လို့ မင်းဆိုလိုတာပေါ့ လေ။ နိူင်ငံတော်က ပိတ်ပင်နေမှန်းလဲ ငါသိပါတယ် တင့်နိူင်ရာ။ မင်းစဉ်းစားကြည့်စမ်း တင့်နိူင်။ ခုခေတ် မှာ သေနတ်တစ်ချက်ပစ်ပြီး ထောင်ငွေ သောင်းငွေရ တဲ့နည်း မင်းလဲ သဘောကျမှာပေါ့ကွာ။ နိူင်ငံတော် က ပိတ်ပင်တာ အလကားပါ။ လူမသိရင် ပြီးတာပဲ။ ဘာပဲဖြစ်ဖြစ်ကွာ ငွေရှိရင် ဘာမဆိုဖြစ်တယ်ကွ”

“ဒါတော့ ဒါပေါ့ဗျာ။ ဦးလေး မသိသေးတာများ ဖြစ်မလားလို့ ပြောတာပါ။ ကျွန်တော့်အနေနဲ့လဲ မုဆိုးဘဝ ဝါရင့်နေတဲ့ ဦးလေးကို ပိတ်ပင်နိူင်ခွင့် မရှိ သေးပါဘူး။ တာဝန်တစ်ရပ်အနေနဲ့ ပြောကြည့်တာ”

“ဩော် …တာဝန်တစ်ရပ်တဲ့လား။ ဒါပေမယ့် ငါက အခု စွယ်စုံဆင်တစ်ကောင်ကို လိုက်နေတာ။ အုပ်စု က အကောင် ၂၀-လောက်ဆိုတော့ ပစ်ကွင်းကောင်းမရသေးလို့ မပစ်ရသေးဘူး။ တစ်နေ့နေ့တော့ ပစ်ရမှာပဲ။ ခုခေတ်မှာ ဆင်စွယ် တစ်ပိဿာ ထောင်သောင်းဂဏန်း တန်ဖိုးရှိတယ်။ ဆင် အရေပြားဆိုရင် တစ်ပေပတ်လည်ကို ဂဝိ-၁ဝဝိ နဲ့ ရောင်းရတယ်ကွ။ နယ်စပ်မှာဆိုရင် ဒီထက် တန်ဖိုးကြီးတာပေါ့ကွ။ အဲဒါတွေ မလုပ်တဲ့ မုဆိုးက အရူးပေါ့ကွ”

“ဒါတော့ ဒါပေါ့ဦးလေး။ ဦးလေးရဲ့ မုဆိုးဝါရင့်လာပြီဆိုတော့ ဘယ်ဖြတ်နိူင်ပါ့မလဲ မဟုတ်လား။ ဒါပေမယ့် ခုခေတ်နဲ့ ဟိုတုန်းက တောလည်တဲ့ ရည်ရွယ်ချက်ချင်း မတူခဲ့သလို ဟိုခေတ်နဲ့ ခုခေတ် ဥပဒေတွေက မတူတော့ဘူး မဟုတ်လား။ ဆင်ခြင်ပေါ့ ဦးလေး။ ဦးလေး တစ်စုံတစ်ခုဖြစ်ရင် ကျွန်တော်တို့လဲ ဘယ်စိတ်ကောင်းပါ့မလဲ။ ခုခေတ်မုဆိုးတွေဟာ အသပြာမုဆိုးဘဝ ရောက်လာကြတာနဲ့ ဟိုတုန်းက ရှိခဲ့တဲ့ ဓလေ့ကောင်းတွေလဲ ပပျောက်ကုန်တာ နှမြောစရာ သိပ်ကောင်းတယ်ဦးလေး။

ဟိုတုန်းကဆိုရင် မုဆိုးတစ်ယောက် အကောင်ရလာပြီဆိုရင် စုပေါင်းသွားထမ်း၊ အသားလိုက်ဝေ၊ အူကလီစာ စုပေါင်းချက်စားကြနဲ့ တော်တော်ပျော်စရာ ကောင်းခဲ့ပေမယ့် ခုခေတ်တော့ ဒီလိုမဟုတ်တော့ဘူး။ မုဆိုးတစ်ယောက်က အကောင်ရလာရင် တိတ်တိတ်သွားထမ်းတယ်။ အခြောက်လှန်းပြီး တစ်ခြားနေရာမှာ ဈေးကောင်းကောင်းနဲ့ သွားရောင်းတယ်။

ခုခေတ်မှာ ဒီစနစ်တွေ ထွန်းကားလာတဲ့အပြင် နိူင်ငံတော်က တားမြစ်ထားတဲ့ အဖိုးတန် တောရိုင်းသတ္တဝါတွေကိုမှ ရွေးပစ်ကြတဲ့ မုဆိုး ဆိုးတွေ ပေါ်လာတယ်။

နိူင်ငံတော်က ထုတ်ပြန်ထားတဲ့ တောရိုင်းသတ္တဝါများ ပစ်ခတ်ဖမ်းဆီးခြင်းကို တားမြစ်တဲ့ ဥပဒေ အောင်မြင်လာဖို့ နိူင်ငံသားများဖြစ်ကြတဲ့ ဦးလေးတို့လို မုဆိုးတွေအပေါ် မှာလဲ အများကြီး မူတည်တယ်လို့ ကျွန်တော်ထင်တယ် ဦးလေး။ အဲဒါကြောင့် ဦးလေးအနေနဲ့လဲ ဆင်ခြင်ဖို့ပြောတာပါ ဦးလေး”

“ဟား … ဟား၊ တင့်နိူင် မင်း ငါ့ကို ပြောစရာ မလို ပါဘူးကွ။ မင်းထက်ငါ အသက်ကြီးပါတယ်ကွာ။ ဘာဖြစ်ဖြစ်ပေါ့လေ၊ ငါ့သဘောပါပဲ။ မင်းကျောင်း နေတုန်းက ငါ ငွေ ၃ဝဝဝိ ထောက်ခဲ့တာ မင်းမှတ်မိ သေးရဲ့လား။ မင်းမိဘက အပြည့်အစုံ မထောက်နိူင် လို့ ငါကလဲ ကူညီခဲ့တော့ မင်းဘွဲ့ရလာပြီ မဟုတ်လား။ အဲဒီငွေတွေ ငါ ဆင်ပစ်ပြီး ဆင်စွယ်ရောင်းရတဲ့ ငွေထဲက ပေးတယ်ဆိုတာ မှတ်ထားအုံး”

“ဒါတော့ ကျွန်တော် ဘယ်သိပါ့မလဲဗျာ။ သိခဲ့ရ ရင်တောင် ခုလို ဆင်ခြင်စဉ်းစားဥာဏ်လဲ ရှိခဲ့အုံးမှာ မဟုတ်သေးဘူး မဟုတ်လား”

“ဩော် … ဩော်၊ မင်းက ငါပေးတဲ့ငွေကို မသိဘူး ပေါ့လေ၊ ဟုတ်လား တင့်နိူင်”

“အို … ဒီလိုလဲ မဟုတ်ပါဘူး ဦးလေး”

“ဒီ တူဝရီးနှစ်ယောက် အသားကိုင်နေကြတာ အေးအေးဆေးဆေး ကိုင်နေကြတာ မဟုတ်ဘူး။ ရန် ဖြစ်ကြတော့မယ်”

ကျွန်တော့် အဘွားဖြစ်သူက ဘေးမှ လှမ်းဟောက် လိုက်မှ ကျွန်တော်တို့ ငြိမ်သွားကြသည်။ အဘွားက မပြောလျှင် ကျွန်တော့်ကို ဦးလေးက ရိုက်မှာ သေချာသည်။

“တင့်နိူင်ရာ … မင်း ငါ့ကို ဘာမှ လာမပြောနဲ့ ”

ဦးလေးက တဗျစ်တောက်တောက် ဆက်ပြောသေး သည်။ ကျွန်တော်ကမူ စဉ်းထားသော အသားများ
ကို ဆေးပြီး ဟင်းအိုးထဲသို့ ပြောင်းထည့်လိုက်သည်။ ထမင်းက ကျက်နေပြီ။

ကျွန်တော့်ဦးလေးနှင့် သူ့အဖော် နှစ်ဦးတို့သည် တောင်ယာလုပ်ငန်းခွင်ကိုပစ်ကာ ညအိပ်ခရီးဖြင့် တောလည်ထွက်ခဲ့ကြသည်မှာ တစ်လပင် ပြည့်တော့မည်။ တစ်နေ့တော့ သူတို့ ပေါ်လာသည်။ သူတို့အမူအရာက လျှို့လျှို့ဝှက်ဝှက် ပုံစံမျိုး။ နောက်မှ စွယ်စုံ ဆင်တစ်ကောင် ရလာကြမှန်း သိရသည်။

အသားကို လည်း မမြင်ရ။ အစွယ်ကိုလည်း မမြင်ရပါ။ အစွယ်ကို ထုတ်ယူပြီး အသားကို ပစ်ထားခဲ့ကြသည်ဟု သိရသည်။

စာရင်းအတိအကျ မသိရသော်လည်း ဦးလေးတို့က တစ်ဦးလျှင် သောင်းဂဏန်းအထိ ငွေရကြသည်ဟု သိရသည်။

တစ်လခန့်အကြာတွင် ရွာထဲသို့ မြို့နယ်မှ လူကြီးတစ်ဦးသည် ရဲများကို ခေါ်ဆောင်ကာ ဝင်လာသည်။ နိူင်ငံတော် သစ်တောဥပဒေအရ အဖိုးတန်စွယ်စုံဆင်ကို ပစ်ခတ်ဖမ်းဆီးသော ဦးလေးတို့အား ဖမ်းဆီးရန် လာရောက်ကြခြင်း ဖြစ်သည်ဟု သိရသည်။

ထိုအခါတွင်မူ ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ ဦးလေးတော့ သည်တစ်ခါ ထောင်နန်းစံရပြီဟု ယူဆလိုက်သည်။

ရွာထဲတွင် ဦးလေးနှင့် မြို့နယ်မှလူများက တဝဲလည်လည် ဖြစ်နေကြသည်။ တတွဲတွဲ ဖြစ်နေကြသည်။ ရယ်ကြမောကြသည်။ သူတို့အဖြစ်ကို မြင်ရသော အခါတွင် ကျွန်တော် စိတ်ဝေခွဲမရနိူင်။

အခြေအနေကား ထူးမလာ။ ၎င်းနောက် သက် သေအထောက်အထားမရှိဟုဆိုကာ မြို့နယ်မှ လူကြီးများ ပြန်သွားသည်။

သည်တစ်ခါကျတော့လည်း ကျွန်တော် စိတ်မကောင်းဖြစ်မိပြန်သည်။ အဖိုးတန် တောရိုင်းသတ္တဝါများကို ပစ်သက်မည့် အတ္တသမား မုဆိုးတစ်ဦး လွတ်ထွက်သွားပြန်ပြီ။ ငွေက ကယ်တင်ရှင် လုပ်လိုက်သည်ပဲလား။

ထိုအချိန်မှစ၍ ဦးလေးသည် ရိုးရိုး မုဆိုးဘဝမှ အသပြာ မုဆိုးဘဝသို့ နေ့ချင်းညချင်း ပြောင်းသွားခဲ့ သည်။

“မင်းတို့ကွာ … ငွေလဲ ရချင်ကြသေးတယ်၊ သတ္တိမှ မရှိကြတာ။ တောတော့ မလည်ချင်ကြဘူး။ သတ္တိရှိရှိနဲ့ ဆင်တစ်ကောင်ကို ပစ်ရဲရင်တော့ ငွေရပြီမှတ်။ တောလည်နိုင်ရင် ဘာအကောင်ပစ်မလဲ၊ ကြိုက်တာ ရွေးပစ်လို့ရတယ်။ အဲ … ဒါပေမယ့် တောကောင်ကြီးတွေကို ပစ်တဲ့အခါ နည်းစနစ်မသိရင်တော့ ကိုယ်သာ ခံဖို့ပဲမှတ်။ ကိုယ့်ဘက်က ဟာကွက်မရှိရင်တော့ ဆင်စွယ်၊ ကျားရေ၊ ကျားရိုး ဝယ်မယ့်သူတွေ လိုက်ရှာစရာ မလိုဘူး”
ဦးလေးအပြောက ပိုင်လှသလို ရှိသည်။ ပြောလည်း ပြောစရာပါပေ။ နာဂတောင်တန်းဒေသတွင် ဆင်စွယ်၊ အရေပြား ၊ ကျားရေ၊ ကျားရိုး၊ ဝံသည်းခြေ၊ ဆတ်ချိုနု စသည့် အဖိုးတန် တောရိုင်းသတ္တဝါများ၏ အဆာပလာများသည် ဈေးကောင်းလှသည်။ မုဆိုးများကလည်း ဆင်၊ ကျား၊ ဝက်ဝံ စသည့် တောကောင်ကြီးများကို ရွေးပစ်လာကြသည်။

ဆင်ထီးများကို ရွေးပစ်ကြသဖြင့် နောင်အခါ ဆင်များ ပပျောက်သွားနိူင်စရာ အကြောင်းရှိသည်။ နိူင်ငံတော်၏ အဖိုးတန် သစ်တောထွက်ပစ္စည်းများ နိူင်ငံခြားသို့ အလဟဿ ရောက်ရှိသွားကြသည်။ တောရိုင်းသတ္တဝါများအား ပစ်ခတ်ရန် လက်နက်ပုန်းများ ပေါများလာသည်။ မုဆိုးပေါက်စများ ပေါများလာသည်။

အဖိုးတန် တောရိုင်းသတ္တဝါများအား ကာကွယ် ရန်အတွက် နိူင်ငံတော်က ဥပဒေပြဋ္ဌာန်းထားသော် လည်း အကောင်အထည်ပေါ်လွင်မှု သိပ်မတွေ့ရသေးချေ။ အတ္တ စီးပွားရေးသမားများ ပေါနေဆဲ။ သတ္တဝါများ အတုံးအရုံး သေဆုံးနေကြဆဲပါပေ။

နိူင်ငံတော်အနေနှင့်လည်း သည့်ထက် တင်းကျပ်သော ဥပဒေထုတ်ပြန်ပြီး ပြတ်သားစွာ အရေးယူဖို့ လိုသည်ဟု ယူဆမိ၏။

လုပ်သားပြည်သူများ အနေနှင့်လည်း အသပြာ မုဆိုးများအား ရှာဖွေဖော်ထုတ်ကာ နိူင်ငံတော်အား သတင်းပေးပို့ ကူညီကြရန် လို၏။

X X X

အချိန်သည် လမှ နှစ်သို့ ကူးလာသည်။

ရွှေဝါရောင်စပါးများကို သိမ်းဆည်းရန် တောင် သူလယ်သမားများ ကြိုးပမ်းနေကြသည့်အချိန်။ ပြည့်ဝမ်းစာ စပါးများသည် အချိန်မီ အမိုးအကာအောက် ရောက်ရန် အရေးကြီးလှသည် မဟုတ်လား။ ရပ်ရွာ ရိက္ခာပြည့်ဖြိုးပါမှ မြို့နယ်မှ နိူင်ငံအထိ ပြည့်ဖြိုးလာမည်ပင်။

ကျွန်တော့်ဦးလေး ဦးရှင်းမာန်သည် သူ့အဖော် တစ်ဦးနှင့်အတူ ခရီးလွန်နေခဲ့သည်မှာ ၃-၄ လပင် ရှိခဲ့ပေပြီ။ ဦးလေးအနေနှင့် သူက တောလည်ပြီး ငွေ ရှာမည်။ သူ့ မိသားစုက ဝမ်းစာစပါး ရှာမည်ပေါ့။

သူ့မိသားစုက ဦးလေးတို့ သတင်းကို နားတစွင့်စွင့် ထားကြသည်။ ဦးလေးတို့သည် ဘယ်ရွာရောက် နေကြောင်း၊ ဘယ်တောတွင် စွယ်စုံဆင်တစ်ကောင်ကို ပစ်ရန် ကြိုးပမ်းနေကြောင်း ကြားရသည်။

အချိန်ကာလသည် ကြာသည်ထက်ကြာလာတော့ သူ့မိသားစု စိတ်တစ်မျိုး ဖြစ်လာကြပြန်သည်။ သံသယ ဖြစ်လာကြသည်။

အဖြစ်အပျက်က သူ့မိသားစု ထင်သလို ဖြစ်မလာ တော့ချေ။ ဦးလေး၏ အဖြစ်အပျက်သည် ရင်နာစရာ၊ စိတ်မကောင်စရာကောင်းသည်ထက် သံဝေဂရစရာ၊ သင်ခန်းစာ ရစရာ ပိုကောင်းတော့သည်။ သူ့မိသားစုမှအပ ဝမ်းနည်းသူ စိတ်မကောင်းသူ မရှိသလောက်ပင်။

ဦးလေးသည် မြို့နယ်ဆေးရုံတွင် အရေးကြီးလူ နာအဖြစ် ကုသနေရာမှ ကွယ်လွန်သွားကြောင်း သူ့ အဖော်က သတင်းပို့လာသည်။ ဦးလေးသည် သေရ သည့်အပြင် လူအများ၏ ပြစ်တင်ဝေဖန်မှုကို ခံလိုက်ရသေးသည်။ ကျွန်တော် စိတ်မဆိုးမိ။

ရာဇဝတ်မှုသည် ပြေးမလွတ်။ နိုင်ငံတော်နှင့် တရားဥပဒေက အရေးမယူမီ မိမိကိုယ် မိမိ၊ သို့မဟုတ် မိမိ၏ သားကောင်က မိမိအား အရေးယူလိုက်သည်ကိုပင် ဝမ်းသာမိသလို ရှိ၏။ အဖျက်သမားတစ်ဦး လျော့သွားသည်လည်း မည်၏။

သူတို့အဖြစ်အပျက်ကို တစ်ပတ်ခန့်ကြာမှ သူ့ အ ဖော်မှတစ်ဆင့် သိရသည်။ ဖြစ်ပျက်ပုံအကြောင်း သိရလျှင် သေသူ ပြန်ရှင်လာနိုင်မည် မဟုတ်သော်လည်း လူ့ဓမ္မတာအရ မေးချင် သိချင်ကြသည်။

X X X

ရိက္ခာအပြည့်အစုံနှင့် တောလည် ထွက်ခဲ့ကြသော ဦးလေး ဦးရှင်းမာန်နှင့် ဦးတင်မြတို့သည် လူသူအ ရောက်အပေါက်နည်းသော တောနက်တစ်နေရာတွင် စွယ်စုံဆင်တစ်ကောင်ကို ခြေရာခံမိကြသည်။

ဆင်ကြီးအား သေသေချာချာ မြင်နိူင်ရန် ဦးတင်မြ သစ်ပင်ပေါ် တက်ကြည့်သည်။ တော်သေးသည်။ သူတို့နှစ်ဦးက လေအထက်ဘက် ရှိနေ၍ တော်တော့သည်။

ဆင်ပြောင်ကြီးသည် ရန်သူလာသည်ကို လုံးဝ မသိဘဲ ငှက်ပျောပင်များကို အေးဆေးစွာ ချိုးစားနေသည်။ အစွယ်က တံတောင်ကျော်ခန့် အပြင်ထွက်နေသည်။

မုဆိုးပီပီ ငုပ်ဝင်နေသော အစွယ်၏ အရှည်သည် မည်မျှရှိနိူင်ကြောင်း အတပ် သိလိုက်ပြီး ဖြစ်၏။

“ဒီမယ် ကိုတင်မြ၊ ဒီကောင်ကိုတော့ လက်လွှတ်လို မဖြစ်ဘူးနော။ အပြင်ထွက်နေတဲ့ အစွယ်ကလဲ သိပ် အားရစရာ ကောင်းတာ။ အထဲမှာဆိုရင် ဒီထက်မက ဘဲကွ။ ဟဲ … ဟဲ နိုင်ငံတော်က ဖမ်းပြီး သစ်ထုတ်ရေးမှာ အသုံးပြုရင် တော်တော် အကျိုးရှိမယ့်ကောင်ဗျ”

ဦးလေးက သူ့အဖော် ဦးတင်မြအား အသံအုပ်၍ ပြောလိုက်ခြင်း ဖြစ်၏။

“ဟုတ်တာပေါ့ ကိုရှင်းမာန်ရဲ့။ ဆင်ဆိုတာ အဖိုးတန် သတ္တဝါ မဟုတ်လား။ ဒါကြောင့် နိုင်ငံတော်ကလဲ ဖမ်းဆီးသတ်ဖြတ်တာကို ပိတ်ပင်နေတာ။ အခုလဲ ဒီကိစ္စကို ငါတို့ ပိပိရိရိလုပ်သင့်တယ်။ ငွေများများ ရမယ့် အစွယ်နဲ့ အရေပြား နည်းနည်းလောက်ကိုပဲယူ ပြီး ကျန်တဲ့ဟာတွေကို ဖျောက်ဖျက်ပစ်ရမယ်။ ဒါမှ ငါတို့ အတွက်လဲ အန္တရာယ်ကင်းမှာ မဟုတ်လား”

“ဒါပေါ့ကွာ … လိုအပ်ရင် အရေပြားကိုလဲ လွှင့်ပစ်ရမှာပဲ”

သူတို့နှစ်ဦးသည် ဆင်ပြောင်ကြီးအား ရောင်းချရေးကိစ္စကို ဆွေးနွေးရင်း သေနတ်ပြင်နေကြသည်။

ဦးရှင်းမာန်ထံတွင် ကျည်အမျိုးမျိုးရှိသည်။ ငှက်ပစ် ကျည်ကအစ၊ ဆင်၊ ကျား စသည့် အကောင်ကြီးများပစ်သည့် ကျည်အထိ။
ဆင်ပစ်မည့် ကျည်မှာ ခဲလုံး၊ သံလုံး မဟုတ်ချေ။ သံချွန်ထိပ်ဖူးတပ်ထားသော တံတောင်ခန့်ရှိ မှိန်း ကျည်။ ၎င်းကို တူမီးသေနတ်ပြောင်းထဲ ထိုးထည့်မည်။ ပြောင်းဝထဲ ကြိုတင်ထည့်ထားသော သုံးလက်မခန့်အထိ ဖိထည့်ထားသော ယမ်းက ကန်ထုတ်မည်။ ယမ်းမှုန့်နှင့် မှိန်းကျည်ကြားတွင် အဝတ်စုတ် များကို ယမ်းထိန်းအနေဖြင့် ဖိထည့် ထားရသည်။ သည်အချိန်ဆိုလျင် ဆင်ပစ်ရန် အသင့်ဖြစ်ပြီဟု ဦးလေးက မှတ်ချက်ချလိုက်သည်။

“ကဲ ကိုတင်မြရေ၊ သေနတ်တော့ ပြင်ပြီးပြီ။ ပိပိရိရိ လုပ်ဖို့ပဲ လိုတော့တယ်။ မဟုတ်ရင်တော့ တို့နှစ် ယောက် ခံရမလား၊ နိူင်ငံတော်ကသိပြီး ထောင်ဒဏ် ဖြစ်သွားမလားဘဲ။ အဓိက က အစွယ်ရပြီးရင် အသားကို ဝေဖို့လဲ မလိုဘူး။ ဖျောက်ဖျက်ပစ်ရမယ်”

“ဒါပေါ့ကွာ၊ ဟိုတုန်းကလို ဆင်သတ်ပြီး ဝေတဲ့အချိန် မဟုတ်တော့ဘူး မဟုတ်လား”

“ဒါပေါ့ ကိုတင်မြရေ … သွားရအောင်ကွာ၊ ဆင်က အစာဝရင် ဟိုဘက် တောနက်ကြီးထဲ ဝင်သွားတော့မှာ။ ဆင်သွားမယ့် ဟိုဘက်က တောင်နှစ်လုံးကို ပတ်ပြီး သွားရမယ်။ ငါတို့က ဆင်ရဲ့ အထက်ဘက်မှာဆိုတော့ ငါတို့အနံ့ကို သူ မရနိူင်ဘူး။ ဟိုကတောင်ကြောနှစ်ခုဆုံတဲ့ တောင်ကြားမှာ ဆင်က ဝင်ထွက်နေတာ။ အဲဒီနေရာက စောင့်ပြီး ပစ်ရအောင်”

ဦးလေးက အပိုင်ပြောနေသည်။

“ခြေသံလဲ လုံလုံထားမှနော။ တော်သေးတာပေါ့ကွာ။ မနေ့ညက မိုးနည်းနည်း ရွာထားလို့သာပေါ့။ ငါတို့အတွက် ရွာထားသလားလို့ပဲကွာ … ဟဲဟဲ”

မကြာမီ ဆင်ထွက်လာမည့် တောင်ကြားသို့ ရောက်ရှိလာကြသည်။ ဆင်ပြောင်ကြီးသည်လည်း တောင်ကြားသို့ တဖြည်းဖြည်း ကပ်လာမှန်း အသံကို ခန့် မှန်း၍ သိရသည်။

“ဒီမယ် ကိုတင်မြ … ဆင်ကတော့ လာနေပြီ။ ငါ ဒီကနေပုန်းပြီး ဆင်ပြောင်ကြီးရဲ့ နားဝတည့်တည့်ကို အပိုင်ပစ်မယ်။ ခင်ဗျားက ဟိုဘက်နားက သစ်ပင်ပေါ် သွားတက်နေလိုက်”

“ဟုတ်ကဲ့”

ဦးတင်မြသည် ပြောပြောဆိုဆို ခပ်လှမ်းလှမ်းမှ သစ်ပင်တစ်ပင်ပေါ်သို့ ပြေးတက်သွားသည်။

ဦးလေး ရှင်းမာန်ကလည်း နေရာယူလိုက်သည်။

တောင်ကြားလမ်းသည် ဆင်တစ်ကောင် လွတ်ရုံသာ ကျယ်သည်။ ဘေးကမ်းပါးရုံတွင် အပင်ငယ်များ ပေါက်နေကြသည်။

ဦးလေးရှင်းမာန်က နေရာယူသည်။ တော်သေး သည်။ မည်သည့်အချိန်က မည်သူက တောမျောက်ဥဘူးထားမှန်းမသိသော တွင်းဟောင်းတစ်နေရာ။
ခုန်ဆင်းလိုက်တော့ လုံလုံခြုံခြုံ ဖြစ်သွားသည်။

သည်ပုံအတိုင်းဆိုလျှင် ဆင်ပြောင်ကြီး၏ နား တည့်တည့်ကို တစ်ဆယ့်ငါး ဒီဂရီခန့် အောက်ချပြီး ပစ်ရမည်။

ကံကောင်းမည့်သူများ ကြံလိုက်လျှင် အဆင်ပြေ တာချည်းဟု ဦးလေးရှင်းမာန် တွေးမိဟန်တူသည်။

ဆင်ပြောင်ကြီး၏ လှုပ်ရှားသံ ငြိမ်သွားသည်။ ဦး လေးရှင်းမာန်သည် တွင်းထဲတွင် ဆင်ပြောင်ကြီးအား စောင့်ရင်း အတွေးနယ်ချဲ့မိသည်။

ဆင်ပြောင်ကြီး ရသည့်အခါ ဆင်စွယ်ရောင်းချရမည့် အစီအစဉ်များ။ နောက်ပြီး အစုလိုက်အပြုံလိုက် ဝင်လာမည့် ငွေစက္ကူများ။

မိုးရွာထားသဖြင့် သစ်ရွက်သစ်ခက်သံများ လုံ သည်။ ဆင်များသည် အကောင်ကြီးသော သတ္တဝါ များ ဖြစ်သော်လည်း ခြေသံလုံအောင်လည်း သွားနိုင်ကြသည်။

ဆင်ပြောင်ကြီးသည် တောင်နှစ်လုံးကြားကို မဖြတ်မီ ခပ်လှမ်းလှမ်းက လမ်းအခြေအနေကို အကဲခတ်လေ့ရှိဟန် တူ၏။

တောင်ကြားလမ်းပေါ်တွင် အမှတ်မထင် ကျသွားသော သစ်ခက်စိမ်းတစ်ခုကို မျက်ပေါက်ကျဉ်းသော်လည်း ခပ်လှမ်းလှမ်းက မြင်သွားသည်။ အခြေအနေ မဟုတ်တော့မှန်း သိလိုက်သည်။ ရန်သူ ရောက်နေပြီ။ ရန်သူရှိမည့်နေရာကို အကဲခတ်ပြန်သည်။

ကြိမ်ဖန်များစွာ ဖြတ်သန်းခဲ့ရသော တောင်ကြား လမ်း ဖြစ်သဖြင့် မည်သည့်နေရာတွင် ရန်သူရှိမည်ဖြစ်ကြောင်း သိလိုက်ဟန်တူ၏။

ဆင်ပြောင်ကြီးသည် သစ်ခက်စိမ်းအား ၁၅-စက္ကန့် မျှ စူးစိုက်ကြည့်ပြီး ခြေသံအလုံဆုံးထားကာ တောင်ကြားလမ်းသို့ ဝင်လိုက်သည်။

အဖြစ်အပျက်က မြန်လှသည်ဖြစ်၍ ပစ်ရန် စောင့် နေသော ဦးလေးရှင်းမာန်ကပင် သတိထားမိဟန် မတူ။

ဆင်ပြောင်ကြီး၏ နှာမောင်းက မိမိအား ထိလာမှ သေနတ်ကိုင်ရမှာကို သတိရလိုက်သည်။

သို့သော် နှောင်းသွားခဲ့သည်။ သူ့သေနတ်ကို ဆင်က နှာမောင်းဖြင့် အဝေးသို့ လွှက်ပစ်လိုက်သည်။

ဦးလေး ဘာလုပ်ရမှန်း မသိတော့။

“အံမယ်လေး၊ လုပ်ကြပါအုံး”

ဟု အထိတ်တလန့် အော်မိပြန်သည်။

သစ်ပင်ပေါ်မှ ဦးတင်မြကလည်း ဘာလုပ်ရမှန်း မသိ တော့။ ဆင်ပြောင်ကြီးသည် စက္ကန့် မဆိုင်းဘဲ ဦးလေးရှင်းမာန်အား သူ့နှာမောင်းဖြင့် အဝေးသို့ လွှတ်ပစ်ပြန်သည်။ ခြေကားရား လက်ကားရားအော်သံများနှင့်အတူ ဦးလေးသည် အဝေးသို့ လွှင့်သွားပြီး မြေကြီးပေါ် ကျသွားသောအခါ မလှုပ်နှိုင်တော့။

သတိ ရတစ်ချက် မရတစ်ချက်။

ဆင်ပြောင်ကြီးသည် လူးလွန့်နေသော ဦးလေးအားမကျေနပ်သေးဘဲ အစွယ်ဖြင့် လေးငါးချက် လိုက်ထိုးပြန်သည်။ ဦးလေး၏ ခန္ဓာကိုယ်ပေါ်တွင် အစွယ်ပေါက်များ ဖြစ်လာသည်။ သွေးများ နီရဲလာသည်။ ဦးလေး လုံးဝ မလှုပ်ရှားတော့။ သတိမေ့သွားခဲ့သည်။

ဆင်ပြောင်ကြီးသည် လူသားတစ်ဦးအား စိတ်တိုင်း ကျ ပြုကျင့်ပြီးနောက် အဝေးသို့ ထွက်ပြေးသွားတော့သည်။

ယခုကျမှ သစ်ပင်ပေါ်က ဦးတင်မြ သတိပြန်လည် ဝင်လာသည်။ ခပ်ကြောက်ကြောက်နှင့် ဆင်းလာကာ ဦးလေးရှင်းမာန်၏ အနာများကို ပါလာသောအဝတ် များဖြင့် ဖြစ်သလို ပတ်စည်းလိုက်သည်။ နောက် သေနတ်နှစ်လက်ကို လုံခြုံသောနေရာ၌ ဝှက်ထားလိုက်ပြီး ဦးလေးရှင်းမာန်အား ကျောပိုးထွက်ပြေးခဲ့သည်။
၆-နာရီခန့်အကြာတွင် တစ်ခြားရွာသားများ၏ အကူ အညီဖြင့် မြို့ဆေးရုံသို့ ရောက်ရှိသွားခဲ့သည်။ ဆေးရုံမှာ ဆေးဝါးကုသနေဆဲမှာပင် ဦးလေးရှင်းမာန် အသက်ပျောက်သွားခဲ့ရသည်။

X X X

သစ်ပင်တက်ရဲသူ သစ်ပင်ပေါ်က လိမ့်ကျသေဆုံး တတ်သည်။

ရေရဲသူ ရေနစ်သေဆုံးတတ်သည်။

မုဆိုးသည် တောရဲတိရစ္ဆာန်ကြောင့် သေဆုံးရတတ်သည်ဟု လူကြီးသူမများ၏ စကားပုံရှိ၏။

ထို့အတူပင် အနှစ် ၃ဝ-မျှ တောရိုင်းသတ္တဝါများကို သတ်ဖြတ်လာခဲ့သော အသပြာမုဆိုး တဖြစ်လဲခဲ့ သည့် မုဆိုး ဦးလေးရှင်းမာန်သည် သူရချင်လှသော ဆင်ကြောင့် သေဆုံးခဲ့ရ၏။

ဦးလေးရှင်းမာန်၏ အဖြစ်အပျက်သည် ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ မရှိ။ သင်ခန်းစာ ရစရာ၊ သံဝေဂ ရစရာ ပိုကောင်းသည်ဟု ကျွန်တော် ယူဆမိ သည်။

မုဆိုးသည် သားရဲတိရစ္ဆာန်ကြောင့် သေဆုံးရ တတ်သည်ဟူသော ဆိုရိုးစကားနှင့် ပုံမပြောချင်။

ဦးလေးရှင်းမာန်သည် များစွာသော တောရိုင်း တိရစ္ဆာန်များကို သတ်ဖြတ်ခဲ့သည်။ နိုင်ငံတော်မှ တားမြစ်ပိတ်ပင်ထားသော ဆင်ပြောင်ကိုမှ သူ့အတ္တ စီးပွားရေးကောင်းစားလိုမှုအတွက် မရအရလိုက်လံ ပစ်ခတ်ခဲ့သည်။ ၎င်းအပြစ်ကြောင့် နိူင်ငံတော် တရား ဥပဒေမှ အရေးမယူမီ သူ့ဘာသာသူ စီရင်သွားခဲ့သည်လည်း မည်၏။

သံဝေဂ ရစရာပါပေ။

ဦးလေးရှင်းမာန်၏ ဈာပနကိစ္စ ပြီးမြောက်ခဲ့သည်။ ကျန်ရစ်သူ ဦးတင်မြ ရွာပြန်ရန် စီစဉ်သည်။

တကယ်တော့ သူသည်လည်း ထောင်နှုတ်ခမ်းနင်းနေသူ။

ဦးတင်မြသည် မြို့ပြင်နားတွင် သစ်တုံးများ ဆွဲနေသော သစ်ထုတ်လုပ်ရေး လုပ်ငန်းပိုင် လုပ်သားဆင်များကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။

မိမိကိုယ်ကို မိမိ စိတ်မလုံမလဲ ဖြစ်မိလိုက်ပြန်သည်။

လုပ်သားဆင်များသည် အလုပ်ပင်ပန်းထားသဖြင့် တောရိုင်းဆင်လို ဝဖြိုးခြင်း မရှိသည်မှာ မဆန်း။ တကယ်တော့ သူတို့သည် နိူင်ငံတော်နှင့် လုပ်သားပြည်သူများအတွက် ဝင်ငွေရှာပေးသည့် လုပ်သားကောင်းများ။

နိူင်ငံတော်နှင့် လုပ်သားပြည်သူများအား ဝင်ငွေရှာပေးသည့် လုပ်သားဆင်များ အများအပြား လိုအပ်နေသေး၏။

တောထဲမှ ဆင်ရိုင်းများကို ဖမ်းဆီးပြီး ဆင်လိမ္မာ များ ဖြစ်လာအောင် သင်ကြားပေးရန် လိုသေး၏။ သို့ဖြစ်၍ တောထဲမှ ဆင်ရိုင်းများအား မိမိတစ်ဦး၏ လောဘဇောဖြင့် ပစ်ခတ်ဖမ်ဆီးသော အတ္တသမား အသပြာမုဆိုးများအား ပြည်သူတစ်ရပ်လုံးက စုံစမ်း ရှာဖွေကာ တရားဥပဒေအရ အရေးယူနိူင်ရန်အတွက် လုပ်သားပြည်သူများ၏ အကူအညီ များစွာ လိုအပ်လျက် ရှိကြောင်း ဦးတင်မြ သဘောပေါက်ခဲ့ပြန်သည်။

ထို့အတူပင် နိူင်ငံတော်က ပစ်ခတ်သတ်ဖြတ်ခြင်းမှ တားမြစ်ထားသော အဖိုးတန် တောရိုင်းသတ္တဝါများ ဖြစ်ကြသည့် ကြံ့၊ ဆင်၊ ဝံ၊ ကြံ့သူတော်၊ ဒေါင်း၊ သားမင်း၊ ကျား စသည့် သတ္တဝါများကိုလည်း လုပ်သား ပြည်သူတိုင်းက ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်လျက်ရှိသည်ကိုလည်း အသိတရားဖြင့် ဆင်ခြင် တွေးတောလာပြန်သည်။

သေဆုံးသွားသူ အသပြာမုဆိုးကြီး ဦးရှင်းမာန်အတွက်လည်း ဝမ်းမနည်းမိ။ စိတ်မကောင်းလည်း မဖြစ်မိ။

နိုင်ငံတော်ဥပဒေကို မျက်ကွယ်ပြုနေကြသော၊ တောတောင်၏ သဘာဝအလှကို ဖျက်ဆီးနေကြသော၊ အဖိုးတန်သတ္တဝါများကို မိမိကိုယ်ကျိုးအတွက် အလဟဿ ပစ်ခတ်သတ်ဖြတ်နေကြသော အတ္တသမား အသပြာမုဆိုးများအတွက် သင်ခန်းစာယူစရာ၊ သံဝေဂ ရစရာဟု သဘောပိုက်မိပြန်သည်။

ထို့ကြောင့်ပင် အတွေးသစ် အမြင်သစ်ဖြင့် မျက်နှာမပျက်ဘဲ ရွာထဲ ဝင်လာသော ဦးတင်မြအား ရွာသားများကလည်းကောင်း၊ ဦးရှင်းမာန်၏ ကျန်ရစ်သူမိသားစုကလည်းကောင်း ထူးဆန်းအံ့ဩစွာ ကြည့်နေကြလေ၏။

(မှတ်ချက်။ ။ အဖိုးတန် တောရိုင်းတိရစ္ဆာန်များ အား ကာကွယ်ရေးသို့)

မြဝတီမဂ္ဂဇင်း
အတွဲ ၃၉၊ အမှတ် ၅
မတ်လ၊ ၁၉၉၁

– ပြီး –

စာရေးသူ – ချင်းမောင်လေး(ထမံသီမြေ)

Leave a Reply

Your email address will not be published. Required fields are marked *