သောင်းမြင့်ဦး(ကွမ်းခြံကုန်း)
အသွားအပြန်
သင်္ကြန်ရက်မတိုင်မီ လေးရက်လောက်အလိုက မိုးရွာသွားသော သင်္ကြန်လက်ဆေးမိုးမှာ အမည်နှင့်လိုက်စွာ ဖျန်းသည်ဆိုရုံမျှသာ။ သင်္ကြန်ရက်များတွင်လည်း မရွာ။ သင်္ကြန်ရက်လွန်တော့လည်း မရွာ။
ယခု ကဆုန်လပြည့်နီးသည်အထိ အရိပ်အယောင်ပင် မမြင်ရ။ မိုးသီးမိုးစက် မဆိုထားနှင့်။ တိမ်ရိပ်တိမ်ခဲပင် မတွေ့။ နွေနှောင်းအပူချိန်က တရိပ်ရိပ် မြင့်တက်လာသည်မို့ ပူလိုက်သည်မှ ကော့လို့။
‘မိုးနဲ့နွားသိုး အစိုးမရ’ ဟူသော စကားပုံအတိုင်း နံနက်ပိုင်းက ကြည်လင်နေသော ကောင်းကင်ပြင်တွင် နေ့လယ်ပိုင်း၌ တိမ်ညိုတိမ်မည်းများ ရုတ်တရက် တက်လာပြီး လေကြမ်းနှင့်အတူ မိုး သဲသဲမဲမဲ ရွာသည်။ လေကလည်း ပြင်းသလား မမေးနဲ့။ အိမ်ကို သိမ့်သိမ့်တုန်လို့။
လူတွေလည်း အပြင်ကပစ္စည်း ရွှေ့ပြောင်းရ၊ အိမ်မိုးယိုတာ ဖာရ ထေးရနှင့် ဖတ်ဖတ်မောလို့။
နေအိမ်နှင့် စပါးကျီအတွက် မပူရပေမဲ့လည်း ကျွဲတဲကုန်းမှာသာ သုံးလေးနေရာလောက် ဖာထေးရသည်။
အိမ်ခေါင်းရင်း သရက်ပင်တွင် ရေနံချေးသုတ်ရန် အခြောက်ခံ ထောင်ထားသော ဝါးထမ်းပိုးတုံး နှစ်တုံးကို ကိုချမ်းအေးယူ၍ အိမ်ရှေ့ကုန်းထဲ ချထားလိုက်သည်။ ထို့နောက် ထမ်းပိုးတုံးတွင် တပ်ထားသော ထမ်းပိုးကျည်း ရှစ်ချောင်းကို နုတ်၍ သီးခြားပုံလိုက်သည်။
ထမ်းပိုးကျည်းဆိုသည်မှာ ထမ်းပိုးနောက်တွင် ဝန်ဆွဲဝန်ရုန်းနေသော ကျွဲနွားများ ထမ်းပိုးတုံးအောက်က ထွက်မသွားစေနိုင်ရန် ကျွဲနွားလည်ပင်း၏ ဘယ်ညာ၌ ထမ်းပိုးတုံးအောက် အပေါက်ဖောက်ပြီး လျှိုထုံးထားသော ကျစ်လုံးခန့်ရှိသည့် ဝါး သို့မဟုတ် သစ်သားလုံးတုတ်တိုကို ခေါ်ခြင်းဖြစ်သည်။
ထမ်းပိုးကျည်းများ ထမ်းပိုးတုံးပေါက်မှ လျှောကျမသွားစေရန် ဝါးမျက်ဖု သို့မဟုတ် သစ်သားဖြစ်ပါက အထစ်တစ်ခု လုပ်ရသည်။
သုံးချောင်းခန့် လဲရမည်ဖြစ်၍ သီးခြားဖယ်ထားလိုက်သည်။
ညနေ ၃ နာရီပင် ထိုးတော့မည်။ မိုးက ရွာကောင်းတုန်းပင်။ နွေကာလ ပပ်ကြားအကွဲနည်းသော လယ်ကွက်များဆိုလျှင် ရေတင်နေလေပြီ။
ကိုချမ်းအေး ရေတင်နေသော လယ်ကွက်များကို လှမ်းမျှော်ကြည့်ရင်းက အကြံရသည်။ အလုပ်လောဘကြီး၍ အကြွေးမထားတတ်သည်မှာ ကိုချမ်းအေး အကျင့်။
ဖယ်ထားသော ထမ်းပိုးကျည်းသုံးချောင်းထဲက တစ်ချောင်းယူ၍ ဝါးတုတ်အလယ်ရှိ အမျက်ကို သပ်ချောပစ်လိုက်သည်။ နောက် တစ်ဖက်ထိပ်နားတွင် အပေါက်တစ်ပေါက် ဖောက်ကာ ကျောက်တံ လုံးခန့်ရှိသော နိုင်လွန်ကြိုးကို လျှိုသွင်းပြီး လက်ကိုင်ကွင်း လုပ်လိုက်သည်။
ထိုအခါ ဝါးတုတ်ကို လက်က ဆုပ်ကိုင်ထားစရာမလိုတော့ဘဲ လက်ကိုင်ကွင်းကို လက်တွင် စွပ်ထားရုံဖြင့် လိုရာသို့ သယ်သွားနိုင်သည်။
လက်ကိုင်ကွင်း ထည့်ထားသော ထမ်းပိုးကျည်းတုတ်ကို ကိုချမ်းအေး လက်တွင် စွပ်ကြည့်နေစဉ် တဲကုန်းအတွင်းသို့မိုးရေအရွှဲသားနှင့် ကြည်လှ ဝင်လာသည်။
“ဗျို့ … ကိုကြီးချမ်း၊ ဘာတွေလုပ်နေတာလဲဗျ။ ဒီမိုးပုံစံနဲ့ဆို လယ်ထဲက ဖားတွင်းပေါက်တွေ ရေပျော်ပြီး ပွင့်လောက်တယ်ဗျ။ ဒီတော့ ညကျရင် ဟင်းစားရှာထွက်ရအောင်လို့ ကိုကြီးချမ်းကို လာတိုင်ပင်တာ”
ကိုချမ်းအေး ပြန်မဖြေဘဲ အသင့်စွပ်ထားသော ဝါးတုတ်ကို မြှောက်ပြလိုက်ရာ-
“အာ… ကိုကြီးချမ်းက ရိုက်တုတ်တောင် လုပ်ပြီးသွားပြီပဲ။ အဟီး … လုပ်လက်စနဲ့ ကျွန်တော့်အတွက်ပါ တစ်ချောင်း လုပ်ပေးပါ ကိုကြီးချမ်းရာ။ ကျွန်တော် ညနေစာ စားပြီးတာနဲ့ ပြင်ဆင်ပြီး လာခဲ့မယ်နော်”
ကြည်လှက ပြောရင်း ကိုချမ်းအေး အလုပ်လုပ်နေရာ အနောက်နားတွင် ခွေခွေကလေး အိပ်နေသော ခွေးကလေးကို လှမ်းကြည့်ရင်း –
“ပော့ကောင် ဒိုက်ပုံ… မင်းက ငါလာတာတောင် မကြိုတော့ဘူးလား။ မင်း ကျေးဇူးမသိတတ် မလုပ်နဲ့နော်။ ငါ့ကြောင့် မင်း ဒီလိုနေနေရတာနော်။
ဒိုက်ပုံ… ဒိုက်ပုံ၊ အေးလေ … မင်းက ခွေးဆိုတော့ ခွေးစိတ်ပဲ ရှိမှာပေါ့”
ဟု ဆိုကာ ကြည်လှ ထွက်သွားမှ ကိုချမ်းအေး အနောက်သို့ လှည့်ကြည့်မိသည်။
xxx xxx xxx
“ဒိုက်ပုံ”
အဖြူ အနက် ဒိုးကွက်ကြား လသားအရွယ် ခွေးကလေးတစ်ကောင်မှာ ပီနံအိတ်စုတ် အခင်းကလေးပေါ် ကွေးကွေးလေး အိပ်နေသည်။ မိုးကြောင့် အေးသည်ထင်ပ။ ဒိုက်ပုံ ကွေးနေပုံက ပိုးနားသန်ကောင်ကပင် အရှုံးပေးရလောက်သည်။
သူ့ကို တွေ့ခဲ့သည့်နေရာကို အလွယ်ခေါ်ရာမှ ‘ဒိုက်ပုံ’ ဟု တွင်သွားသည်။
လွန်ခဲ့သော ခုနစ်လခန့်က နွေရာသီတွင် သုံးရန် လှည်းအသုံးအဆောင် ပစ္စည်းများကို ကြည့်ရာတွင် လှည်း၏ အလှည့်ဘက်ရှိ ဝင်ရိုးနှင့် ဆက်စပ်ညှပ်တွယ်သည့် လှည်းသန်အထိန်းပေါက်မှာ ကျယ်နေပြီး နဖားပေါက် နာနေသည်။ ကျိုးပဲ့သွားပါက လုပ်ငန်းနှောင့်နှေးနိုင်၍ လှည်းသန် နှစ်ချောင်းကို အသစ်လဲဖို့ လုပ်ရသည်။
လှည်းသန်နှစ်ချောင်းနှင့်အတူ မီးဖိုချောင်သုံး ငရုတ်ဆီ၊ ဆား၊ ကြက်သွန်များပါသည့် ကုန်ခြောက်စုံတောင်းကို လှေဝမ်းထဲထည့်၍ လှေပဲ့မှာ ကိုချမ်းအေး၊ လှေဦးမှာ ကြည်လှ ထိုင်၍ ကွမ်းခြံကုန်းမှအပြန် တိုးမြစ်ကို ဖြတ်ကူးရန် လှေကို သုံးခွ ချောင်းပေါက်ဝမှ ထွက်ကာ မြစ်တစ်ကမ်းသို့ ဦးတည်လိုက်သည်။
မိုးလေဝသကင်း၍ မြစ်ရေပြင်မှာ ငြိမ်နေသည်။ အညာရေဆင်းသော ကာလဖြစ်၍ ဗေဒါပင်စုများ၊ ကျူနှင့် အခြား မျိုးမတူပစ္စည်းများ ရောနှောနေသည့် ဒိုက်ဖောင်များက ဟိုတစ်စ သည်တစ်စ မြစ်ထဲမျောနေသည်။
မြစ်လယ်နား ရောက်ချိန် လှေဦးမှ လှော်နေသည့် ကြည်လှက –
“ဗျို့ ကိုကြီးချမ်း … ခွေးအော်သံ ကြားလား”
ကိုချမ်းအေး အသေအချာ နားစွင့်လိုက်ရာ ခွေးပေါက်အော်သံ ကြားလိုက်ရ၍ အသံလာရာ ဗေဒါဒိုက်ပုံဆီသို့ ဦးတည်လိုက်သည်။ ဗေဒါပင်ပုံများကြား တအိုင်အိုင်အော်နေသော တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသည့် ခွေးပေါက်လေးကို တွေ့ရသည်။
ကြည်လှမှာ လှေဦးကို ဒိုက်ပုံအစပ်သို့ ထိုးတင်၍ ခွေးပေါက်ကလေးကို လှေဝမ်းထဲ ထည့်လိုက်သည်။ ကြည်လှသာ မဆယ်ပါက နောက်တစ်နာရီ လောက်ဆိုလျှင် ပင်လယ်ဝရောက်ပြီး လှိုင်းကြောင့် ဒိုက်ပုံပျက်ကာ ရေနစ် သေသွားနိုင်သည်။
ကြည်လှက ခွေးကလေးကို ဖင်လှန်ကြည့် ခေါင်းလှန်ကြည့် ပါးစပ်ဖြဲကြည့် လုပ်ရင်း –
“ကိုကြီးချမ်းအေးရေ အထီးကလေးဗျ။ အမွေးကြားပုံကလည်း ခေါင်းကျောမြီးဆုံတဲ့နေရာတွေမှာ သူ့နေရာနဲ့သူ မှန်တယ်ဗျ။ သင်ပေးရင် သင်ပေးသလောက်တတ်တယ်။ သခင့်အပေါ်မှာလည်း သစ္စာရှိမယ့် အကောင်မျိုးဗျ။ ပြီးတော့လည်း လျှာမှာ စက်ကွက်တွေပါတော့ မြွေပြီးတဲ့ အကောင်မျိုးဗျ၊ အဟဲ … ကိုကြီးချမ်း မွေးရကျိုးနပ်မှာပါ”
ကြည်လှ က ‘မင်းဆယ်ထားတဲ့ခွေး မင်းပဲမွေး’ ဟု တာဝန်ပေးမည်ကို စိုးရိမ်သွားပုံရသည်။ သို့အတွက် သူသိသမျှ ကောင်းကွက်များပြော၍ ကိုချမ်းအေးဆီ မသိမသာ တွန်းပို့နေသည်။
ကြည်လှပြောသလိုပင် ခွေး၏ ခေါင်း၊ အမြီးနှင့် ခြေလက်များမှာ ခွေးကောင်းမျိုးဖြစ်သည်။ ခွေး၏လျှာမှာ အမည်းရောင်အကွက်များပါလျှင် မြွေကိုက်၍ မသေနိုင်။ မြွေပြီးသည်ဟု ဆို၏။ လျှာပေါ်ရှိ အနက်ကွက်များကို ‘စက်’ ဟု ခေါ်သည်။
ကိုချမ်းအေး က ကြည်လှကို စလိုသဖြင့်-
“မင်းမွေးချင်လို့ ကောက်တာမဟုတ်လား။ ငါ မမွေးချင်ပါဘူး။ မင်းဘာသာမင်း မွေးပေါ့”
ထိုစဉ် ကြည်လှက ပျာပျာသလဲဖြင့်-
“ကျွန်တော် မမွေးချင်ပါဘူး။ ကိုကြီးချမ်းများ မွေးချင်သလားလို့ပါ။ အင်း … သနားလို့ အသက်တစ်ချောင်း ကယ်တင်ချင်တာလည်း ပါတာပေါ့”
“ဟား … ဟား … ငါကလည်း စတာပါ ကြည်လှရယ်။ မထင်မှတ်ဘဲ အသက်တစ်ချောင်း ကယ်ခွင့်ရတာကလည်း နည်းတဲ့ကုသိုလ်မှတ်လို့။ ငါ မွေးမှာပါ”
“ဒီလိုလုပ်ပါ ကိုကြီးချမ်းရာ”
ဟုဆိုကာ ခွေးကလေးကို ကြည့်ရင်း-
“ဟေ့ကောင် … မင်းကို ဒိုက်ပုံပေါ်ကရလို့ ‘ဒိုက်ပုံ’လို့ နာမည်ပေးမယ်၊ မှတ်ထား။ ပြီးတော့ ကယ်တင်တာက ငါ၊ ကျွေးမွေးစောင့်ရှောက်မှာ က ဟိုက ကိုကြီးချမ်း။ ငါတို့က မင်းရဲ့သခင်ပဲ။ မှတ်ထားပေတော့ ဟုတ်လား။ မှတ်ထားနော် … မင်းနာမည်က ဒိုက်ပုံ”
xxx xxx xxx
ကိုချမ်းအေးက လျှာခင်အပိတ်ပါသည့် ပလိုင်းတစ်လုံး၊ လက်ကိုင်ကွင်းပါသော လက်ရိုက်ထမ်းပိုးကျည်း တုတ်တစ်ချောင်း၊ ဖယောင်းတိုင်ကြီး တစ်တိုင်၊ ဂက်စ်မီးခြစ် တစ်လုံး၊ သားငါးအရှာထွက်ရာတွင် ပါနေကျ လက်စွဲတော် နှစ်ခွခက်ရင်း မှိန်းတိုတစ်ချောင်းနှင့် ဘက်ထရီလက်နှိပ်မီးတို့ကို တဲကုန်းထောင့်တွင် စုထားလိုက်သည်။
သားငါးများ ခုန်မထွက်နိုင်ရန်နှင့် ပလိုင်းစောင်းလဲပါကလည်း လျှောထွက် မဖိတ်စေရန် ပလိုင်းတွင် အဆို့အပိတ်အဖြစ် လျှာခင်တပ်ထားရန် လိုအပ်သည်။
ကိုချမ်းအေးကို ဒိုက်ပုံက အမြီးကလေးတနှံ့နှံ့ဖြင့် စိတ်ဝင်စားနေသည်။
ညနေ ၄ နာရီခန့်တွင် မိုးရပ်၍ နေရောင်ပင် ထွက်လာပြီ။ ညနေစာကို မိသားစုနှင့်အတူ ပဲနီလေးကြော်၊ ချဉ်ပေါင်ဟင်းရည်၊ ငရုတ်သီးစိမ်းငါးပိချက်နှင့် ဗိုက်ကားအောင် စားလိုက်သည်။
သားရန်နိုင်က ထမင်းကို စားသည်ဆိုရုံသာ စား၍ ထသွားသည်။
သမီးကျေးဥက …
“ဟင် အစ်မကြီးလှတို့အိမ်က ဟင်းလည်းမကောင်းတော့ မစားတော့ဘူး”
ဟု ဆိုကာ သူ့အဖေသိန်း (အဘိုး) အိမ် သွားလေသည်။
ဇနီးလှမေက ကိုချမ်းအေးကို စွေကြည့်သည်။ နေ့လယ်က မိုးကောင်း၍ အလုပ်ရှုပ်နေသောကြောင့် ကိုချမ်းအေး ဟင်းစားရှာထွက်ချိန် မရခဲ့ပေ။
ထမင်းစားပြီး သောက်နေကျ အဖန်ရည်မကုန်သေးမီ ကြည်လှနှင့် သူ့မိန်းမ မိတင်တို့ တဲကုန်းထဲ ဝင်လာသည်။ ကြည်လှက ပလိုင်းကို ကုန်းအစွန် ထုပ်တန်းတွင် ချိတ်၍ လည်ရှည်ရော်ဘာဖိနပ်ကို ချွတ်သည်။ သူက ယင်းဖိနပ်ကို ညအချိန်မတော် သွားလာရတိုင်း စီးလေ့ရှိသည်။ ကိုချမ်းအေး က ယနေ့ချိန်ထိ မဝယ်ဖြစ်သေး။
မိတင်က ကိုချမ်းအေးကို တစ်ချက်ပြုံးပြ၍ သူ့ယောက်မ ‘လှမေ’ ရှိရာ မီးဖိုချောင်ထဲ ဝင်သွားသည်။ ကြည်လှက ကိုချမ်းအေး အဖန်ရည်သောက်ရာ ကပြင်စွန်းတွင် ဝင်ထိုင်ရင်း-
“ကိုကြီးချမ်း … ကျွန်တော့်ဖို့ ရိုက်တုတ်လုပ်ထားပါတယ်နော်။ ခု ကျွန်တော့်မှာ ဓားမတိုတစ်ချောင်းပဲ ပါလာတယ်ဗျ”
“အေးပါကွ… လုပ်ထားပါတယ်။ ဟောဟိုက ပလိုင်းထဲမှာ ထောင်ထားတယ်။ မင်းကြိုက်တာ တစ်ချောင်းယူပေါ့”
ကြည်လှက ပလိုင်းရှိရာ လျှောက်သွားသည်။ ဒိုက်ပုံက ကြည်လှဆီ အမြီးကလေးလှုပ်ကာ လိုက်သွားပြီး ခြေထောက်ကို ဝင်ပွတ်သည်။
မီးဖို ချောင်ထဲတွင် မိတင်တို့ သမီးယောက်မနှစ်ယောက်သား တီးတိုးတီးတိုး သဖန်းပိုးလုပ်နေသည်။
ကြည်လှမှာ ခြေထောက်ကို မြှောက်ရင်း-
“အေး … သခင်ကို အဲဒီလိုသိတတ်မှ လိမ္မာတဲ့ခွေးလို့ခေါ်တာကွ၊ မင်းလည်း အမြဲလိမ္မာအောင်နေ … ကြားလား”
ထိုသို့ဆိုရင်း တုတ်နှစ်ချောင်းကို ကိုင်၍ ဆကြည့်ပြီး သူကြိုက်သည့် တုတ်ယူကာ သူ့ပလိုင်းထဲထည့်၍ တဲကုန်းအစွန်မှ လယ်ကွက်များဆီ မျှော်ကြည့်ရင်း-
“ကိုကြီးချမ်းရေ … ရာသီဥတုကတော့ ကိုယ့်ဘက်မှာ ရှိနေတယ်ဗျ။ ဒီကောင်တွေ ထွက် မထွက်သာ အတပ်မပြောနိုင်တာ”
“ဒီမိုးရေပါပုံနဲ့ဆို ကျင်းပေါက်အပိတ်တွေ ရေနူးမှာ သေချာတယ်။ တွင်းပေါက်အပိတ်က ရေစိမ့်လို့ကတော့ ငြိမ်နေမှာမဟုတ်ဘူး။ အပြင်ထွက်ပြီး အော်ကြ ဟစ်ကြမှာ သေချာတယ်။ တွေ့အောင်ရှာဖို့ပဲ လိုတယ်ကွ”
“ဟုတ်တယ်နော် ကိုကြီးချမ်း၊ ဒီကောင်တွေက သိပ်ပါးတာ။ လူခြေသံ ဖြစ်ဖြစ်၊ လှုပ်ရှားသံဖြစ်ဖြစ် ကြားရင်တောင် တိတ်ပြီး မြေပြင်မှာဝပ်နေတာ။ ခုန်ပြေးရင်လည်း လျင်သလားမမေးနဲ့။ လှစ်ခနဲ လှစ်ခနဲပဲ။ ဒါပေမဲ့ ဘယ်လောက်လျင်လျင် ကြည်လှနဲ့ တွေ့လို့ကတော့ လေးဖက်ကားသွားကြတာချည်းပါပဲ”
ခပ်ကြွားကြွားလေးပြောနေသော ကြည်လှကို ကြည့်၍ ကိုချမ်းအေး သဘောကျကာ ရယ်ချင်လာသည်မို့ –
“အေးပါကွာ… အေးပါ… ဒီည ကြည့်ရတာပေါ့”
xxx xxx xxx
အချိန်မှာ ည ၆ နာရီ ထိုးတော့မည်။ မကြာခင် အလင်းရောင် ပျောက်တော့မည်မို့ ကြည်လှနှင့် တိုင်ပင်ပြီး ‘သံငုတ်’ လယ်ကွက်ရှိရာသို့ ထွက်လာခဲ့ကြသည်။
‘ဒိုက်ပုံ’ မှာ ကိုချမ်းအေး နောက်နားက ကပ်ပါလာ သည်။
သံငုတ်လယ်သို့ ရောက်သည်နှင့် တစ်ယောက် ကန်သင်းတစ်ချောင်းစီ ခွဲလိုက်သည်။ ကိုချမ်းအေးက ကန်သင်းဆုံတွင် ထိုင်ရင်း အသံနားစွင့် နေလိုက်သည်။
ဆယ့်ငါးမိနစ်ခန့်ကြာသည့်အခါ ကန်သင်းအလယ်လောက်မှ “ကွပ်… ကွပ်… ကွပ်” ဟူ၍ အသံပေါ်လာသည်။
ကိုချမ်းအေး လက်နှိပ်မီးကို မသုံးသေးဘဲ အသံထွက်လာရာဆီ ခြေသံလုံလုံဖြင့် လျှောက်လာခဲ့ရာ ဒိုက်ပုံကလည်း ထက်ကြပ်မကွာ လိုက်ပါလာသည်။ အသံထွက်ပေါ်လာနေရာ အနီးရောက်သည့်အခါ ဒိုက်ပုံက ကိုချမ်းအေးကို ကျော်တက်ပြီး စူးစူးဝါးဝါး ထိုးဟောင်တော့သည်။
သူ့ဟောင်သံကြောင့် ဖားလန့်ပြီး ထွက်ပြေးမည်စိုး၍ ကိုချမ်းအေး ‘ဒိုက်ပုံ’ ကို လှမ်းဟန့်လိုက်သည်။
“ဟဲ့ကောင် … ဘယ်လိုဖြစ်နေတာလဲ၊ လာခဲ့ … ဒီကို၊ ငါရိုက်မိတော့မယ်နော်”
သို့သော် ဒိုက်ပုံက ကန်သင်းဘေးကို ကြည့်ရင်း ရှေ့တိုးနောက်ငင်ဖြင့် မရပ်တမ်း ဟောင်နေရာ ကိုချမ်းအေးလည်း ကန်သင်းဘေးတစ်လျှောက် မီးဖြင့် သတိထားပြီး ထိုးကြည့်လိုက်သည်။
ထိုစဉ် လည်ရစ်တစ်တန့်ပါသော မြွေဟောက်တစ်ကောင်က ကိုချမ်းအေးနှင့် သိပ်မဝေးလှသောနေရာတွင် ကန်သင်းကို သီ၍ ငြိမ်ပြီး အစာချောင်းနေသည်။
ကိုချမ်းအေးလည်း လွယ်ထားသည့် နှစ်ခွခက်ရင်းမှိန်းကို ဖြုတ်၍ ယင်းအကောင်၏ ဇက်ပိုးကို ထိုးစိုက်ချလိုက်သည်။
မှိန်းချက်ကြောင့် ခန္ဓာကိုယ်အနောက်ပိုင်း လူးလွန့်သွားစဉ် ဒိုက်ပုံကလည်း ဝင်ဆွဲ၍ ခါယမ်းလိုက်ရာ မလှုပ်နိုင်တော့ပေ။
ယင်းနောက် ကိုချမ်းအေးက အကောင်ရှည်၏ လည်ကုပ်ပိုင်းကို လက်ရိုက်တုတ်ဖြင့် ဆင့်ကာ ရိုက်လိုက်သည်။
ကိုချမ်းအေးက အနားရှိ ဒိုက်ပုံ၏ ကျောကိုသပ်ရင်း –
“မင်းတာဝန်ကျေပါတယ် သားရယ် …ကျေးဇူးပါပဲ”
အကောင်ရှည်ကို မှိန်းကဖြုတ်၍ ပလိုင်းထဲထည့်ပြီးသည်နှင့် ဖားသံလာရာ နေရာတစ်ဝိုက် မီးထိုးရှာလိုက်ရာ ရိုးပြတ်ငုတ်၏ခြေရင်းတွင် ပြားနေအောင်ဝပ် ပုန်းနေသည့် အရွယ်အစား ခပ်လတ်လတ်ရှိသော ဖားကို တွေ့ရသည်။
လက်ရိုက်တုတ်ဖြင့် ဦးခေါင်းပိုင်းကို ရိုက်လိုက်ရာ ဖားမှာ ခြေလက်များ စန့်ကားထွက်သွားသည်။ ထို့နောက် ပလိုင်းအတွင်း ကောက်ထည့်လိုက်သည်။ ဒိုက်ပုံက အနားမှာနေကာ သခင့်အရိပ်အခြည်ကို ကြည့်နေသည်။
လည်ရှည်ရော်ဘာဖိနပ် မပါ၍ ခြေလှမ်းရသည်မှာ သိပ်မရဲသော်လည်း ဒိုက်ပုံ အနားမှာရှိနေ၍ အားရှိမိသည်။
မည်သို့ပင်ဖြစ်စေ ယခုတစ်ခေါက် ကွမ်းခြံကုန်းသွားလျှင် လည်ရှည်ရော်ဘာဖိနပ်တစ်စုံ မဖြစ်မနေဝယ်ရမည်။
တစ်ချိန်က ဒိုက်ပုံ၏အသက်ကို ကိုချမ်းအေး ကယ်ခဲ့သလို ယခု ကိုချမ်းအေး အသက်ကို ဒိုက်ပုံက ကာကွယ်ပေးခဲ့သည်။
ကိုချမ်းအေး ဖားအော်သံကို ထိုင်၍ နားစွင့်နေရင်း ကြည်လှကို ကြည့်လိုက်ရာ မီးရောင်တလက်လက်နှင့် တုတ်ချက်သံကိုလည်း ကြားရသည်။
ထိုစဉ် ကောင်းကင်၌ လျှပ်စီးများလက်၍ မိုးရနံ့ပါသော လေအေးပါ ဝေ့လာသည်။ မိုးရွာတော့မည်မို့ ကြည်လှကို အိမ်ပြန်ဖို့ လှမ်းခေါ်လိုက်တော့သည်။
လယ်ကွင်းပြင်ဆီ လှမ်းကြည့်လိုက်စဉ် နှင်းမှုန်မိုးပွားကလေးများ ကျနေပြီး မြစ်ကမ်းဘေး ကိုပုလေးတဲနားတွင် မီးအုပ်ဆောင်းတစ်ခု လှုပ်ရှားနေ၍ သူလည်း ဟင်းစားရှာနေပုံပေါ်သည်။
“ဪ … လူ့ဘဝဆိုတာ လိုအပ်ချက်တွေချည်းပါပဲလား”
ဟု တိုးတိတ်ညည်းရင်း ကိုချမ်းအေး သံဝေဂ ရချင်သလိုလိုပင်…။
(သောင်းမြင့်ဦး(ကွမ်းခြံကုန်း) ၏ နားဝင်ပီယံခလောက်သံနှင့် အခြားဝတ္ထုတိုများ စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်)
– ပြီး –
စာရေးသူ – သောင်းမြင့်ဦး(ကွမ်းခြံကုန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ