အာခံမိတာခွင့်လွှတ်ပါအမေ(စ/ဆုံး)
———————————–
ဝါဆိုလဆန်းရက်။ မိုးများကမပြတ်တဖြိုင်ဖြိုင်ရွာသွန်းနေသည်။ တောင်ပေါ်ရွာမို့ မိုးရွာလျှင် လေကပါလာမြဲ။ အမိုးမလုံသည့်နှစ်ထပ်ထရံအိမ်လေး၌ လေကြမ်းတွေတိုက်တိုင်းပြိုလဲတော့မည့်သယောင်ပင်။ ဥတုသုံးလီ၏ဒဏ်ကို ကြံ့ကြံ့ခံခဲ့ရသော သက်ကယ်အမိုးသည်ကား ဟောင်းရိနွမ်းလျှက် မိုးဒဏ်ကိုလုံအောင်ကာမပေးနိူင်တော့ချေ။ အိမ်တံစက်မြိတ်၌ရေစက်များတပေါက်ပေါက်ကျနေသည်။
” ဒိန်း…..ဂျိန်း….ဂျိန်း….”
” ဖျော…ဝရော….ဝရော….”
လျှပ်နွယ်လျှပ်ပန်းတို့ကကြောက်မက်ဖွယ်သရဲတစ္ဆေလက်ကြီးပမာ လင်းခနဲလက်ခနဲ။ ထိုလျှပ်ပန်းလျှပ်နွယ်များ လင်းခနဲလက်ခနဲဖြစ်ချိန် မြင်ရသောသစ်ပင်ကြီးငယ်တို့သည် လေဒဏ်ကြောင့် သရဲတစ္ဆေများပြေးလွှားနေသည့်နှယ်။
အိမ်ကလေးထဲထွန်းထားသည့်ရေနံဆီမီးအိမ်က ထရံပေါက်မှဝင်လာသည့်လေကြောင့် ဟိုဟိုသည်သည်ယိုင်းထိုးနေ၏။ မီးဖိုကြီးသည်လည်းထင်းချောင်းများအပြည့်ထည့်ထား၏။ ထိုမီးဖိုဘေး၌ကား အမျိုးသမီးတစ်ဦးသည် သေမင်းနှင့်စစ်ခင်းနေ၏။ ရာသီဥတုကစိုထိုင်းအေးမြနေသော်လည်း ထိုအမျိုးသမီး၏တကိုယ်လုံး၌မူ ချွေးသီးချွေးပေါက်တို့ ဖြိုင်ဖြိုင်ကျနေ၏။
” အား….နာလိုက်တာ အစ်မရယ်….ကျုပ်ကိုမကယ်နိူင်တော့ဘူးလား….”
” မွေးတော့မယ် အရီရဲ့….ညည်းအားမလျှော့စမ်းပါနဲ့…. ခလေးကထွက်ချင်နေပြီဟဲ့….”
” အရီမခံစားနိူင်တော့ဘူးအစ်မရယ်….မွန်းမတည့်ခင်ကတည်းကနာလိုက်တဲ့ဗိုက် ခုထိမမွေးသေးဘူး….မအေကိုသေစေချင်တဲ့ကလေး….ဒင်းကိုငါအသေမွေးပစ်မယ်…ဟင်း….”
” ဟယ်…ပေါက်ပေါက်ရှာရှာကွယ်…ကလေးကိုအပြစ်မတင်စမ်းနဲ့….ညည်းကိုတိုင်ဒီကလေးကိုခေါ်လာခဲ့တာလေ…ခုမှဘာတွေပြောနေတာ…”
” ဟင်း…အဲဒါဟိုကောင်ကြောင့်….ရှာတုန်းကရှာပြီး ခုကျပြန်မလာဘူး…”
အရီတစ်ယောက်ဝမ်းတစ်ပြင်လုံးနာကျင်လွန်းလှသဖြင့် မျက်နှာမမြင်ရသေးသည့်ကလေးကိုလည်းကောင်း၊မီးဖွားချိန်အထိ ဖဲဝိုင်းမှပြန်မလာသေးသည့်လင်ဖြစ်သူကိုလည်းကောင်း ဒေါသထွက်နေ၏။ အစ်မလည်းဟုတ်လက်သည်ဆိုလည်းဟုတ်သော အဝင်းက သူမ၏နာကျင်မှုတို့သက်သာလိုသက်သာစေငြားဝမ်းပြင်ကိုပွတ်သပ်ပေးလိုက်၊အားပေးစကားပြောလိုက်လုပ်နေ၏။
” အား….နာလိုက်တာ အမေရယ်.. ကယ်ပါအုံးရှင်…အား….”
” ဟယ်…ခလေးကထွက်ချင်နေပြီထင်တယ်အရီ….ညည်းအားတင်းထားအေ့…”
” ခေါင်းမြင်ရပြီ….ခေါင်းမြင်ရပြီ…အားယူပြီးညှစ်စမ်းအရီ….”
” ဟာ….ခေါင်းထွက်လာပြီ…ခေါင်းထွက်လာပြီ…. ညှစ်ထားအရီ…အားကုန်သာညှစ်….”
” အစ်….အစ်မ….ကျုပ်….ကျုပ်အားမရှိတော့ဘူး….ကျုပ်… ကျုပ်မောတယ်….”
” ဟယ်…. အားမရှိလို့ရမလားဟဲ့….ဒီမှာ ကလေးကခေါင်းထွက်နေပြီ ဒီတိုင်းဆိုလည်ပင်းအစ်ပြီးသေတော့မှာဘဲ….ဟဲ့….ညည်းအားကုန်ညှစ်ချစမ်းအေ့….”
အရီကနေ့တပိုင်းညတပိုင်းလုံးနာကျင်ထားရသည်မို့တကယ်ပင်အားမရှိတော့ချေ။ သတိပင်ကောင်းကောင်းမလည်ချင်တော့ပေ။ သို့သော်လည်း သူလက်လျှော့လိုက်၍မရသေး။ ကလေး၏ခေါင်းကထွက်နေပြီးလည်ပင်းမှစ၍တကိုယ်လုံးကအမေ့ဝမ်းထဲပင်ရှိချေသေး၏။ သည်အတိုင်းကြာလျှင်ကလေးကလည်ပင်းအစ်ပြီးအသက်ပါဆုံးရှုံးရမည်။ သူလက်သည်လုပ်လာသည့်သက်တမ်းတစ်လျှောက်၌ အသေမွေးသည့်ခလေးမရှိသေး။ သူ့အစွမ်းကိုသူယုံသည်မို့ ညီမဖြစ်သူအရီ၏ပါးကိုခပ်ဆတ်ဆတ်ရိုက်လိုက်သည်။
” ဖြန်း….”
” ဟဲ့….ကလေးကထွက်နေပြီ အားကုန်သုံးပြီးညှစ်ချလိုက်စမ်းအေ….အဲလို့မှမဟုတ်ရင်ကလေးက အသက်ရှုကြပ်ပြီး ေသတော့မှာ…”
” သေ….သေပါစေအစ်မရယ်….ဒင်းကကျုပ်ကိုသေစေချင်လို့ဒီလောက်မွေးရခက်တာ….ဒင်းသေပါစေ….”
” ဟဲ့….အဓိပ္ပါယ်မရှိတာတွေမပြောစမ်းနဲ့….ညည်းဒီကလေးကိုမလိုချင်ရင် ကျုပ်မွေးစားမယ်…အားကုန်ညှစ်ထုတ်စမ်းအေ့….”
” အား…….”
” အူငဲ….အူငဲ….အူငဲ….”
” အူငဲ….အူငဲ… အူငဲ….”
” မွေးပြီဟေ့….မွေးပြီ…မိန်းကလေးဟဲ့အရီရဲ့…. အမလေးငါ့တူမအချောလေး….”
” ဖျော….ဝရော…..”
” ဝုန်း…. ဝုန်း…..”
မိုးသက်လေပြင်းတို့က မရပ်မနားအုန်းဒိုင်းတိုက်ခတ်နေ၏။ ထိုအသံကိုခွင်းလျှက်ကလေးငယ်၏ငိုသံကကျယ်လောင်စွာထွက်ပေါ်လာ၏။ လက်သည်အစ်မကြီး၏ဝမ်းသာအယ်လဲပြောဆိုသံကအရီ၏နားထဲသို့တိုးဝင်လာ၏။ ကလေး၏အချင်းနှင့်ဆက်နေသောချက်ကြိုးကိုဝါးကြောနှီးနှင့်ဖြတ်ပြီး ရေခပ်နွေးနွေးနှင့်သန့်ရှင်းပေးလိုက်၏။ ကလေးအဖေ၏ပုဆိုးကြမ်းနှင့်သေချာပတ်လိုက်ပြီး
” အံမလေးဟယ် ဖြူဖြူဖွေးဖွေးတုတ်တုတ်ခိုင်ခိုင်ကြီး…. တလုံးတခဲကြီးဟဲ့ ….အရီညည်းသမီးကလေးကိုကြည့်စမ်းပါအုံးအေ….”
လက်သည်အစ်မကြီးက ကလေးကိုသေချာထုပ်ပိုးပြီးအရီအားပေးလိုက်၏။ သားသမီးမျက်နှာသီတာရေစင်ကလေးကိုကြည့်ပြီး မိခင်ဖြစ်သူအရီမှာပင်ပန်းနာကျင်သမျှ ပျောက်ကွယ်သွားရ၏။
” သမီး….သမီးလေး…..မေ့သမီးလေး…”
” ဟဲ့ဟဲ့…. ကလေးကိုနိူ့တိုက်လိုက်အုံး… ပြီးရင်ညည်းသေပါစေဆိုပြီးမညှစ်ဘဲထားတဲ့ဒီကလေးကို ငါကမွေးစားတော့မှာ…ဟင်း…”
အစ်မဖြစ်သူ၏စကားကြောင့်အရီ့ရင်ထဲရှိနှလုံးသား၌တဆစ်ဆစ်နာကျင်သလိုခံစားလိုက်ရ၏။ သမီးကလေးကိုကျစ်နေအောင်ပွေ့ပြီး
” အံမလေး မပေးနိုင်ပေါင်တော်….ကျုပ်သမီးလေးကိုသိကြားမင်းဆင်းပြီးအလှူခံရင်တောင်ကျုပ်မလှူနိူင်ပေါင်….”
” မသိဘူးလေ ညည်းဘဲသေပါစေဆို….”
အစ်မဖြစ်သူစကားကြောင့် အရီမှာပြုံးပြီးနို့စို့နေနီတာရဲသမီးလေး၏နဖူးပြင်ပိုတရှိုက်မက်မက်နမ်းမိနေတော့၏။
ရက်ကိုလစား၊လကိုနှစ်စားပြီးရာသီအလီလီတို့ကူးပြောင်းခဲ့၏။ ရာသီဥတုအလီလီကူးပြောင်းသလို အရာရာသည်လည်း ပြောင်းလဲခဲ့၏။ အရီ၏နီတာရဲသမီးလေးမှာ ၆ နှစ်အရွယ်သို့ပင်ရောက်ခဲ့ချေပြီ။
” မေမေ….ဒီနှစ်ကျောင်းဖွင့်ရင်သမီးကိုကျောင်းအပ်ပေးနော်.. ”
” အပ်ပေးမှာပေါ့သမီးလေးရဲ့….သမီးလေးကိုမေမေက ပညာတတ်ကြီးဖြစ်အောင်ထားမှာသိလား….”
” ဟုတ်မေမေ…. ပုကြွယ်တို့ဆိုသူ့မေမေက ကျောင်းဖွင့်ရင်ဝတ်ဖို့အင်္ကျီတို့လွယ်အိတ်တို့ဝယ်ပေးပြီးပြီတဲ့မေမေ….”
” ဟုတ်လား…နောက်စျေးနေ့ရောက်ရင် မေမေ့သမီးလေးကိုလည်း မေမေသွားဝယ်ပေးမယ်ဟုတ်ပြီလား….”
” ယေ့….ဒါမှတို့မေမေကွ….”
ချေ(ဂျီ)ပေါက်ကလေးတစ်ကောင်လိုခုန်ပေါက်မြူးထူးနေသောသမီးလေးကိုကြည့်ပြီး အရီစိတ်ချမ်းသာရ၏။
ဇွန်လ၆ရက်၌သမီးကလေးကိုအပန်းရောင်အပွင့်နူပ်အင်္ကျီကလေးနှင့်စကပ်အတွန့်အတွန့်အစိမ်းရောင်လေးကို အရီကဆင်ပေးနေ၏။ အစိမ်းရောင်သံပုရာရွှေပြည်နန်းဗူးထဲရေဖျော်ပြီး သမီးကလေး၏မျက်နှာနုနုကလေးပေါ်၌လိမ်းကျံပေးလိုက်၏။ သမီး၏နက်မှောင်နေသောဆံပင်ကိုအလယ်ခွဲပြီးအနီရောင်ညှပ်ကလစ်သေးသေးလေးဖြင့် တစ်ဘက်စီညှပ်ထားပေး၏။ ပါးကွက်ကလေးနှင့်လှနေသောသမီးလေးကိုကြည့်ပြီးအရီပြုံးလျှက်
” ငါ့သမီးလေးချစ်ဖို့ကောင်းလိုက်တာကွယ်…သမီး စာအုပ်တွေခဲတံတွေမပျောက်စေနဲ့နော်….စာလည်းသေချာရေးခဲ့သိလား….”
” ဟုတ်မေမေ….”
ထိုအချိန်အောက်ထပ်မှတက်လာသည့် အမျိုးသားက သမီးလေးကိုကြည့်ပြီး
” ငါ့သမီးကျောင်းဝတ်စုံကအဆန်းပါလားဟ….ကျောင်းသူကျောင်းသားဆိုအဖြူအစိမ်းဝတ်ကြတာ…ငါ့သမီးကျအပန်းနဲ့အစိမ်းပါလားကွ…”
ထိုစကားကြောင့် အရီကယောကျာ်းဖြစ်သူကိုမျက်စောင်းထိုးလိုက်ပြီး
” သူများဘယ်လိုဝတ်ဝတ်စိတ်မဝင်စားဘူး…ငါ့သမီးငါကြိုက်တာဆင်မယ်….”
ပြောမရတော့သည်မို့ ကိုထွေးကပြုံးလိုက်မိ၏။
သည်လိုနှင့်သမီးလေးကတစ်နှစ်တစ်တန်းပုံမှန်အောင်၏။ ပ၊ဒုနှစ်တိုင်းဝင်၏။ သမီးလေးဆုယူသွားတိုင်းအရီတစ်ခါမှလိုက်မပေးခဲ့။ အစ်ကိုကြီးကသာ လိုက်ပြီးအားပေး၏။ စာဆိုတစ်လုံးတစ်လေမှမသင်ခဲ့ရသောအရီသည် သမီးကလေးသူ့ကြောင့်အရှက်ရအားငယ်နေမှာစိုး၍ ဆုပေးပွဲလိုက်ချင်ရက် မလိုက်ခဲ့ခြင်းပင်။ ထိုအချိန်ကသမီးသည်ငယ်ရွယ်သေးသောကြောင့် ဒါကိုနားမလည်ခဲ့ချေ။ ဆုယူတာတောင်မလိုက်ရကောင်းလားဆိုပြီးအရီ့ကိုစိတ်ဆိုးကာစကားမပြောဘဲနေခဲ့သည်။
အရီလည်းအသက်ကြီးလာခဲ့သလို သမီးလေးသည်လည်းအရွယ်ရောက်လာခဲ့သည်။ အရီသည်အလုပ်နှင့်အိမ်မှုကိစ္စမှလွဲ၍ ဘာမှနားမလည်ခဲ့ပေ။ သမီးကိုပညာတတ်ကြီးဖြစ်အောင်ပျိုးထောင်မည်။ သူမသင်ခဲ့ရသော စာများကိုသမီးလေးအလှည့်၌စုံအောင်သင်ခိုင်းမည်။ သမီးလေးလိုအပ်သမျှဖြည့်ဆည်းပေးမည်။ ဒီလောက်သာ အရီကတွေးထားသည်။
အလယ်တန်းပြီးချိန်၌ အရီကသမီးလေးနှင့်မခွဲချင်ဘဲခွဲရသည်။ သမီးလေး၏ပညာရေးမို့ သမီးငယ်ကိုအဝေးလွှတ်ပြီး ပညာသင်ကြားခိုင်းရသည်။ ထိုနေ့သမီးငယ်၏ရှေ့၌ ဝမ်းနည်းဟန်မပြဘဲ စာကြိုးစားဖို့၊ကျန်းမာရေးဂရုစိုက်ဖို့၊ကိုယ်ကျင့်တရားကောင်းဖို့ဆုံးမသည်။ သမီးလေးလက်ပြနူတ်ဆက်ပြီးချိန်၌မူ အရီ၏မြိုသိပ်ထားသော ဝမ်းနည်းမှုသည် မျက်ရည်အဖြစ်ပါးပြင်ပေါ်သို့လှိမ့်ဆင်းကျလာလေသည်။ ဒါကိုသမီးလေးသိပါလေစ။
စာသင်ချိန်မပြီးသေးသ၍သမီးကလေးပြန်လာလိမ့်အုံးမည်မဟုတ်။ အလုပ်လုပ်နေသော်လည်းစိတ်ကသမီးဆီသာရောက်နေသည်။ ဘော်ဒါဆောင်နေသော သမီးဆီတစ်ခေါက်ကလေးမှတောင် အရီမလိုက်ခဲ့သည်မို့ သမီးကလေးစိတ်ဆိုးနေမည်ဆိုတာ အရီသိသည်။ သမီးလေးပညာရေးစရိတ်အတွက်အရီကြိုးစားရှာနေသည်ကို သမီးလေးသိပါလေစ။
ညအိပ်ယာဝင်ချိန်၌ အရီကသမီးလေး၏ပြုံးနေသောဓာတ်ပုံကလေးကိုကြည့်ပြီး သတိရလွှမ်းဆွတ်ကာ ငိုနေမိသည်။ သမီးလေးကတော့အဖော် များဖြင့်ပျော်ပျော်ရွှင်ရွှင်စာသင်နေပေလိမ့်မည်။
တက္ကသိုလ်ဝင်တန်းအောင်ပြီးသမီးလေးက အဝေး၌ကျောင်းတက်နေပြန်သည်။ ပညာရေး၌ထူးချွန်သောသမီးလေးအတွက်အရီဝမ်းသာ၍မဆုံးချေ။ သမီးစားဖို့အကြော်များကြော်ထည့်ပေးရင်း သမီးလေးကြိုက်တတ်သည့်အရာကိုထည့်ပေးရသည်မှာ အရီမပင်ပန်းနိူင်ချေ။ အလုပ်ကိုသာဖိလုပ်ပြီးကိုယ်ခံအားကျကာ အရီအကြီးအကျယ်နေမကောင်းဖြစ်တော့သည်။ သမီးလေးကိုပြန်လာစေချင်သော်လည်း စာမေးပွဲနီးပြီမို့ သမီးလေးစိတ်ဓာတ်ကျမည်စိုး၍သမီးကိုအကြောင်းမကြားဘဲနေခဲ့သည်။ ဆေးရုံတက်ရချိန်၌ သမီးလေးကိုလွှမ်းဆွတ်သည့်စိတ်က အရီ့ကိုနှိပ်စက်လွန်းလှသည်။ ဒါတွေကိုသမီးလေးမှသိပါလေစ။
အခန်း( ၂)
ကျွန်မနှစ်စဥ်ဆုရသော်လည်းအမေက ဆုပေးပွဲသို့တစ်ခါမှလိုက်မပေးခဲ့ဖူးချေ။ အစ်ကိုကြီးကိုသာလိုက်ခိုင်းသည်။ အမေကအလုပ်ကိုသာမနားမနေလုပ်နေသည်။ ကျောင်းအစည်းအဝေးခေါ်လျှင်လည်းအမေက မလိုက်။ အဖေ့ကိုသာလိုက်ခိုင်းသည်။ ထိုအချိန်များတွင်ကျွန်မသည်အမေ့ကိုလွန်စွာစိတ်ဆိုးပြီး စကားမပြောဘဲနေပစ်သည်။ ဘော်ဒါဆောင်တွင်ရှိနေချိန်များ၌လည်း အမေတစ်ခါမျှလိုက်မလာခဲ့ဖူးချေ။ ထိုအချိန်၌ကျွန်မသည် အမေ့အား ပစ်ထားနိူင်လွန်းသည့်ရက်စက်နိူင်လွန်းသည့်အမေဟုထင်မှတ်မိသည်။ တက္ကသိုလ်တက်ချိန်တွင်လည်းအမေအကြီးအကျယ်နေမကောင်းဖြစ်ပြီးဆေးရုံတက်နေရကြောင်းကို နောင်အခါမှပြန်သိရသည်။ ထိုအချိန်၌ကျွန်မ၏အတွေးမှာ အမေသည်သမီးဖြစ်သူကျွန်မအားမချစ်၍သာ အကြောင်းမကြားဘဲနေနေသည်ဟုထင်မှတ်မိသည်။
အမေသည်စာတစ်လုံးမှမတတ်ပါ။ သို့သော်အမေသည် အမေပီသလွန်းသူဖြစ်သည်။ အမေအသက်ကြီးလာသဖြင့်မကြာခနမေ့လွယ်သည်။ ခေတ်မှီစက်ကရိယာများအမေမသုံးတတ်ချေ။ အမေကဖုန်းကြည့်လိုလျှင် ကျွန်မအား
” သမီးရေ….ဇာတ်ကားလေးဖွင့်ပေးစမ်းပါအုံးအေ…”
ထိုသို့ ဆိုလာလျှင် ဖုန်းကြည့်နေသောကျွန်မက အမေ့ကိုမျက်စောင်းထိုးပြီး
” ဒိတ်အောက်လိုက်တာအမေရယ်….ဒါလေးတောင်မဖွင့်တတ်ဘူးလား….ဒီမှာကြည့် ဟောဒီခလုတ်ကိုနှိက်လိုက်… တွေ့လားဒီမှာစခရင်ပွင့်သွားရင် ဒီအပြာလေးကိုနှိပ် အဲမှာဇာတ်ကားတွေရှိတယ်….”
ဆိုကာဆောင့်ဆောင့်အောင့်အောင့်ပြန်ပြောမိသည်။ အမေကဖုန်းကိုယူလိုက်ပြီး မျက်နှာငယ်လေးဖြင့်
” အမေလျှောက်နှိပ်ရင် ပျက်သွားမှာစိုးလိုပါသမီးရယ်….”
ဟုဆိုတတ်သည်။ နောက်နေ့များ၌လည်းအမေက ထိုနည်းအတိုင်းဖုန်းဖွင့်ခိုင်းပြန်သည်။ ကျွန်မလည်းဖုန်းကြည့်ရသည်မှာအာရုံပျက်ရသဖြင့် အမေ့ဆီမှဖုန်းကိုဆွဲယူပြီး
” ဒီမှာ….ဒါကိုနှိပ်လိုက်ပါဆိုအမေရာ…မပျက်ဘူးနှိပ်သာနှိပ်…. ဒါကအဖွင့်ခလုတ်လို့ခေါ်တယ်….အမေ့ဦးဏှောက်ကလဲ ဒီလောက်ပြထားတာကိုမမှတ်မိဘူး….”
” အသက်ကြီးလာပြီလေသမီးရယ်….”
အမေကထိုမျှသာပြောပြီး ဖုန်းယူကာတိတ်ဆိတ်သွားသည်။
စျေးနေ့၌အမေသည် ကျွန်မအတွက်အဝတ်တစ်စုံဝယ်လာပေးသည်။ ဝမ်းဆက်တော့မဟုတ်။ အရာင်လိုက်မည့်ဟာရွေးပြီးဝယ်ခဲ့ခြင်းပင်။ ထိုည၌အမေသည် ကျွန်မကိုခေါ်ပြီး ဝယ်လာသောအဝတ်ကိုစမ်းဝတ်ခိုင်းသည်။ ကျွန်မကအမေဝယ်လာသောအဝတ်ကိုကြည့်ပြီး
” ဟယ်အမေရယ်… အမေဝယ်လာတဲ့ဟာကလည်း အဖွားကြီးတွေဝတ်တဲ့ဒီဇိုင်းကြီး သမီးမကြိုက်ဘူးအမေဘဲဝတ်လိုက်….”
ဆိုကာအဝတ်ကိုအမေ့ပေါင်ပေါ်ပစ်ချပြီးအခန်းထဲဝင်သွားခဲ့သည်။ အမေကထိုအဝတ်လေးကိုကြည့်ပြီး မှိုင်တွေငေးမောကာမျက်နှာငယ်လေးနဲ့ကျန်ခဲ့ရှာသည်။
အမေသည်ဟင်းချက်ရာ၌ဆီဆားငရုပ်မှလွဲ၍ကျန်တာဘာမှမသုံးတတ်ချေ။ အမေဟင်းချက်လျှင်နူးအိပြဲနေပြီး စားမကောင်းဘူးဟုကျွန်မထင်သည်။
” အမေ ဟင်းချက်ရင်ဒီလိုပြဲနေအောင်မချက်နဲ့ စားမကောင်းဘူး….ပြီးရင်ရှေးခေတ်ကသုံးနေတဲ့ဟာတွေဘဲသုံးမနေနဲ့ ငရုပ်ကောင်းတို့၊ငံပြာရည်တို့သုံးပေါ့….”
” အေးပါသမီးရယ် အမေဒါတွေကိုနားမလည်ဘူးမသုံးတတ်ပါဘူးကွယ်….”
” နောက်ဆိုဟင်းအမေမချက်နဲ့ သမီးချက်မယ်…”
” သမီးသဘောပါကွယ်…”
ထိုနေ့၌ကျွန်မသည်ခေတ်မှီဟင်းခတ်အမွှေးအကြိုင်များသုံးပြီး လက်စွမ်းပြသည်။ ထိုနေ့ကအမေထမင်းစားနည်းလှသည်။ ကျွန်မကအကြောင်းသိလို၍
” အမေ ထမင်းစားနည်းလှချည်လား….”
” အေးသမီးလေး အမေ့သွားမကောင်းတော့ဘူးလေ ဒီလိုမနူးမနပ်အစိမ်းကြော်တွေအမေမဝါးနိူင်ပါဘူးကွယ်…ပြီးတော့ဟင်းအရသာကလည်းအမေသုံးနေကျဟာတွေလိုမဟုတ်ဘူးကွဲ့….”
” အမေကဒါတွေမှမစားဖူးတာ….မြို့တွေမှာဆိုဒီလိုဘဲချက်စားကြတာအမေရဲ့….”
ကျွန်မစကားကြောင့်အမေသည်မျက်နှာငိုက်စိုက်ချလျှက်အိမ်ပြင်ထွက်သွားခဲ့သည်။
အမေ့အကြိုက်ကိုပယ်ပြီးကျွန်မအကြိုက်ကိုရွေးခဲ့မိသည်။ သွားမကောင်းတော့သည့်အမေ့ကို မနူးမနပ်အစိမ်းကြော်ကျွေးခဲ့မိသည်။ စာမသင်ခဲ့ရသောအမေ့ကိုဒါလေးတောင်နားမလည်ရကောင်းလားဆိုပြီးဆောင့်အောင့်ကာပြန်ပြောခဲ့မိသည်။ ခနခနမေ့တတ်သောအမေ့ကို ဦးဏှောက်မကောင်းလိုက်တာဆိုပြီးပြန်ပြောခဲ့မိသည်။ သေမင်းနှင့်စစ်ခင်းကာမွေးပေးခဲ့သောအမေ့ကို စိတ်မထင်ရင်မထင်သလိုပြန်ပြောခဲ့မိသည်။ အမေဝယ်ပေးသောအဝတ်ကို ဒိတ်အောက်သည်ဆိုကာမဝတ်ဘဲနေခဲ့မိသည်။ ဝမ်းနည်းလွှမ်းဆွတ်စိတ်များဖုံးကွယ်ကာဟန်ဆောင်ပြုံးပြခဲ့သောအမေ့ကို နေနိူင်လွန်းသူဟုထင်ခဲ့မိသည်။ ကိုယ်တိုင်အိမ်ထောင်ကျပြီးအမေ့နေရာရောက်မှအမေ့ကိုကိုယ်ချင်းစာမိခဲ့သည်။ ကျွန်မသည်စာတတ်လျှက် စာမတတ်သောအမေ့လောက်
အရွယ်ရောက်လာချိန်၌အမေ့ကိုပြန်ပြောခဲ့မိသည်ကိုနောင်တရ၍မဆုံးချေ။ အမေလိမ်းပေးခဲ့ဖူးသောရွှေပြည်နန်းသနပ်ခါးပါးကွက်လေးကိုပြန်လည်တောင့်တမိသည်။ အမေဝယ်ပေးသော အင်္ကျီများပြန်ဝတ်ချင်မိသည်။ သို့သော်ပြန်မရနိူင်တော့ချေ။ မေတ္တာဟူသည် ပေးသောအချိန်၌သာရ၏။ အမေ့ကိုပြန်အာမခံမိစေရန်နူတ်ကိုတတ်နိူင်သမျှထိန်းမည်။ အမေ့အကြိုက်ဟင်းလျာများချက်လျှင်စားမကောင်းဘူးဟုမပြောမိရန်ထိန်းမည်။ အရွယ်ရောက်သည်အထိကျွေးမွေးခဲ့သောအမေ့ကို နိူင်သလောက်ကျေးဇူးဆပ်မည်။ ထိုအဖြစ်မှာအတွေးမျှသာကျန်ရစ်ခဲ့သည်။
ဒေါ်အေးရီသည် သမီးကလေးတို့အလာကိုနေ့စဥ်မျှော်နေခဲ့သည်။ ရောဂါသည်းချိန်၌ပင်သားကြီးကို သမီးငယ်မလာသေးဘူးလားဟုခနခနမေးနေခဲ့သည်။ အမေဆုံးပြီးမှရောက်လာခဲ့ချိန်၌ အမေ့လက်ထဲ၌ကျွန်မငယ်စဥ်ကပုံကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်ကိုတွေ့လိုက်ရ၏။ အမေ့အဖြစ်ကိုတွေးရင်းကျွန်မ၏ရင်ထဲ၌ အမေ့ကိုသနားနေမိတော့သည်။
ကမ္ဘာပေါ်၌ရှိရှိသမျှအမေအားလုံးကျန်းမာကြပါစေ။
# အမေများနေ့အမှတ်တရဝတ္ထုတို
# ခွန်း