• July 5, 2025
  • admin
  • 0

မင်းညိုစိဏ်း
အားနှင့် မာန်နှင့် တံငါအို

(၁)

လင်းကြက်သည်ကား တကြိမ်ပင် တွန်ပြီးခဲ့လေပြီ။

“အစ်ကို … အစ်ကို ထတော့လေ။ အိမ်ရှေ့က ဘကြီးဖိုးတင်တို့ ခေါ်နေပြီ”

မိမိအိပ်ရာဘေးနားဆီမှ လက်မောင်းကိုကိုင်ကာ လှုပ်နှိုးနေသည့် ဇနီးသည်၏ အသံကြောင့် ကလေးငယ်တဦးပမာ နှစ်ချိုက်စွာ အိပ်မောကျနေသည့် ညီငွေ တယောက် ဝါးကနဲ တချက်သန်းလိုက်ယင်း နိူးလာခဲ့လေသည်။

ပင်လယ်ပြင်ကြီးဆီသို့ ပိုက်ဖော်ရန် သွားရမည့်အသိကြောင့် အိပ်ရာပေါ်တွင် ဇိမ်ဆက်မယူနိူင်တော့။ မိမိ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းက တံငါလုပ်ငန်း မဟုတ်လား။ ပိုက်တွင် ငါးတင်ရင် လက်မှာ ငွေစ ရွှင်ပေလိမ့်မည်။

အချိန်နှင့် ဒီရေသည် လူကိုမစောင့်။ ပင်လယ်ပြင်ကြီးကိုသာ အားကိုးအားထားပြုလျက် မိမွေ ဖမွေသဖွယ် လုပ်ကိုင်စားသောက်လာသည်မှာ သက်တမ်း အတော်ပင် ရှည်ကြာခဲ့လေပြီ၊

အိပ်ရာနံဘေးဆီမှ ဆေးလိပ်တိုကို စမ်းယူလိုက်ရင်း ဇနီးသည်ထွန်းထားသည့် မီးခွက်ကို လှမ်းယူလိုက်လေသည်။

ဆေးလိပ်တိုအား မီးညှိဖွာလိုက်ပြီးနောက် …

“ဘကြီးရေ စောသေးတာပဲ။ အိမ်ထဲ လာပါဦး”

ဟု ပြောလျက် အိပ်ရာမှထကာ တံခါးအား ဒေါက်ထောက် ဖွင့်လိုက်လေသည်။

“စောစောသွားမှ ဖြစ်မှာကွဲ့ ။ ရေကျလို့ လှေတင်နေမယ်ဆိုယင် တို့အတွက် နောက်ကျနေဦးမယ်။ ငါး စောစောဖော်ပြီးလို့ ပြန်လာနိူင်တယ်ဆိုရင် တို့အတွက် အကျိုးရှိတယ် မဟုတ်လား…”

ဟု ပြောသံနှင့်အတူ ဘကြီးဖိုးတင် ဝင်ရောက်လာတော့သည်။ ညီငွေလည်း ဘာမှ ပြန်မပြောတော့ပဲ ပါးစောင်တွင် ကွမ်းတရာငုံလျက် ဆေးတန်နှင့် ဆေးဗူးကို လှမ်းယူလိုက်ယင်း….

“အစ်ကိုတို့ သွားတော့မယ်…. တံခါးကို ပြန်ပိတ်ထားဦး”

ပြောဆိုကာ ဦးနှင့်စွာ ထွက်ခွာသွားနှင့်ပြီဖြစ်သော ဘကြီးဖိုးတင်၏ နောက်သို့ သောက်ရေအိုးကိုထမ်းကာ လိုက်သွားနှင့်ပါတော့သည်။

(၂)

အရှေ့ဘက်ဆီသို့ ကြည့်လိုက်လျှင် ရခိုင်ရိုးမ တောင်တန်းကြီးများက မှိုင်းဝေအုံ့ဆိုင်းလျက် အနောက်ဘက်တွင်ကား တဘက်ကမ်းဟူသည် မမြင်နိူင်စွမ်းရှိလေသော ပြာရောင်သန်းသည့် ပင်လယ်ပြင်ကျယ်ကြီး၊ တောင်ဘက်နှင့် မြောက်ဘက်တွင်လည်း ကြည့်၍ မဆုံးနိူင်ပြီဖြစ်သော တောင်တန်းကြီးများ ပတ်လည်ဝိုင်းရံလျက် ရှိနေလေသည်ဖြစ်သော ဂျိုင်ကောက် မည်သော ရွာကလေး။

ကျေးရွာတခုလုံးကား ပင်လယ်ပြင်ကြီးကိုသာ အားထားလျက် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသည်။ ရွာနောက်ဘက် ပင်လယ်ကမ်းခြေတွင် စုပုံကျောက်ချထားသော တံငါလှေလေးများဖြင့် ရွာအလှကို အဖြည့်ခံသဖွယ် အလှဆင်ပေးနေပေသည်။

ကျေးရွာ၏ တဘက်ကမ်းတွင်မူ သံတွဲ-ဂွ သွား ကားလမ်း၏ ဆပ်သွားရွာ ကူးတို့ရှိသည်။ ဆပ်သွားရွာနှင့် ဂျိုင်ကောက်ရွာ နှစ်ရွာကြား မကျယ်ဝန်းလှသော ချောင်းက ခြားနေပေငြားလည်း သူ့ရွာ သူ့အလှနှင့်ကား စည်ကားပေသည် မဟုတ်လော။

သံတွဲ-ဂွ သွား ကားလမ်းသည် ရခိုင်ပြည်နယ်တွင်း အရှည်ဆုံးကားလမ်း ဖြစ်ပေသည်။ တောင်ဘက် ကားလမ်း ဟု ခေါ်သည်။ မိုင်အရှည် (ဂဝ) ရှိသည်။ ဆပ်သွား-ဂျိုင်ကောက်ကူးတို့ကား သံတွဲမှလာသော ကားကူးလမ်း ကူးတို့ဖြစ်သည်။ ဒုတိယမြောက် ကူးတို့လည်း မည်၏။

ဆပ်သွားဘက်ကမ်းရောက်လျှင် ဂွမြို့သို့ ရောက်ရန် မိုင် (၂ဝ) ခရီးသာ ရှိတော့သည်။

ဆိပ်ကမ်းတွင် ရပ်နားထားသော ငါးဖမ်းစက်လှေသို့ ရောက်သည်နှင့် ညီငွေတို့ လူစုမှာကား မနေ့က မြှုပ်ထားခဲ့လေသည့် ငါးဖမ်းပိုက်ကို ဖော်ယူရန်အတွက် ထွက်ခွာရန် ရှိနေကြတော့သည်။

ဘကြီးဖိုးတင်ကား စက်လှေ၏ တက်မကိုင်ကြီး၊ ပြီးတော့ ငါးဖမ်းပိုက်ချရာတွင် ပိုက်သူကြီး မြှုပ်ထားခဲ့သော နေရာမှာ ပင်လယ်တွင်းနုံးနှင့် ကျောက်ခုံစပ်၊ ရွာက တံငါသည်များအခေါ် တိုးခုံ။

တဘက်မှာကား နုံးစပ်။

ဤနေရာကား ငါးမန်းကြီးများ၊ ကျောက်ငါးများ အုပ်လိုက်ကျတတ်သည်။ ကျွဲဟုခေါ် သော ငါးမန်း မည်းကြီးများ ကျယင်တော့ ပိုက်တတွဲလုံး လုံးထွေး နေတတ်သည်။

ငါးမန်းအသားထက် ငါးမန်း အယတ်ခေါ် အတောင်များက တန်ဖိုးရှိပေသည်။ ငါးမန်း အကောင်ကြီး ပိဿာ ချိန် ၅၀ ကျော် ၆ဝ အကောင်ကျလျှင်မူ ပိုက်သမားများအဖို့ သိန်းဆုပေါက်သကဲ့သို့ ဝမ်းသာ ပီတိ အူးမြူးကြပေတော့။ ငါးမန်းယတ် တခုတည်းပင် ၂ ပိဿာမှ ၃ ပိဿာထိ ရှိတတ်သည်။ ကာလ ပေါက်ဈေးနဲ့ဆိုသော် တထောင်သော ငွေအသပြာ ပတ်ဝန်းကျင်၊ စက်လှေများတွင် ပိုက်တွဲ ၁၂ တွဲ ၁၃ တွဲ အရှည်ကို တကျောက်တင်ဟု ခေါ်လေ့ ရှိသည်။

တစင်းလျှင် လုပ်သား ၄ ယောက်၊ ၅ ယောက်ဖြင့် ကျောက် ၂ တွဲ တင်ထားကြသည်။ ကျောက် ၂ တွဲ ဆိုလျှင် ပိုက်တွဲ ၂၅ တွဲ အနည်းဆုံးရှိသည်။

(၃)

“ပန်းမြင်ရပြီဟေ့..”

စက်လှေ၏ ဦးထိပ်ဆီမှ ပန်းတိုင်ကို လိုက်လံ ကြည့်ရှုနေသော ညီငွေ၏ အော်ဟစ်ပြောလိုက်သံက စက်သံနှင့် လှိုင်းသံကြားမှ ထွက်ပေါ်လာလေသည်။ ၎င်း၏ လက်ညွှန်ပြရာ နေရာဘက်ဆီသို့ စက်လှေတက်မကို ကိုင်နေသည့် ဘကြီးဖိုးတင်က ကြည့်လိုက်ပြီး စက်လှေပန်းတိုင်နားသို့ ဦးတည်လိုက်တော့သည်။ ပြီးတော့ “လက်ရင်းဘက် ပန်းလား၊ လက်ဖျားဘက် ပန်းလားဟေ့” ဟု လှမ်းပြောလိုက်ပါသည်။

လှိုင်း လေ ပင်လက်ပြင်ကြီးတွင် ငြိမ်သက်နေပါက မည်သည့်ဘက်က ပိုက်ကိုဖော်ဖော် ပြသနာမရှိပေ
လှိုင်းထန် လေထန် နေပါက လက်ဖျားဘက်မှ စ တင်၍ ဖော်ယူ၍မှသာ ရပေမည်။

ဘယ့်ကြောင့်ဟူကား လက်ရင်းဘက်တွင် မြှုပ်ထားခဲ့သော ပိုက် မျှောပါမသွားစေရန် ကျောက်ဆူးပါ ရောမြှုပ်ထားခဲ့ သောကြောင့်ပင်တည်း။ လက်ရင်းဘက်ကိုသာ ဦးစွာ ဖော်ခဲ့မိပါက လေထန် နေချိန်တွင် မျှောပါသွားပေလိမ့်မည်။ ထို့ကြောင့် လက်ရင်းထက် လက်ဖျားမှသာ ဦးစွာ စဖော်ရပေသည်။

ပန်းအလံတိုင်အား လှမ်းဆွဲလိုက်မိသည်နှင့် စက်လှေကို စက်ရပ်လိုက်ရတော့သည်။ ပိုက်အထက်ပိုင်း ဘောသီးကြိုးမှ ၂ယောက်၊ ပိုက်အောက်ခြေခံသီးပိုင်းမှ ၁ ယောက် လှေပေါ်သို့ ပိုက်ကို ဆွဲတင်ပေးတော့သည်။

“ဟေ့ … ပိုက်ကို လုံးဆွဲဟေ့။ ငါးကျ တော်တော်များတယ်။ ငါးကွာကျလိမ့်မယ်”

ဟု သတိပေး ပြောသံနှင့်အတူ ဘကြီးဖိုးတင်၏ သတိပေးစကားသံက ထွက်ပေါ် လာလေသည်။

ပိုက်တွဲ (၄) တွဲကို ဆွဲတင်လိုက်ပြီးသည့်နောက်

“နောက်ပိုင်းတွေ လုံးထွေးနေပါလား။ တို့တွေတော့ ဒီနေ့ ဘိုးဘိုးကြီး မပြီနဲ့ တူတယ်”

ဟု ပြောသံက ဆက်တိုက် ထွက်ပေါ်လာလေသည်။

“အဘရေ … ဘေးကြောင်ကြီး၊ ပိုင်ပြီဟေ့”

ပြောဆိုလိုက်ယင်း လေးလေးနှင့် မှန်မှန် ရေထဲမှ ပိုက်ကို စက်လှေပေါ်ဆီသို့ ဆွဲတင်နေသော ညီငွေက ပိုက်ဆွဲနား၍ အမောဖြေယင်း မိမိနောက်နားမှ အပေါ်ပိုင်း ဘောကြိုးကို ကူညီဆွဲတင်ပေးနေသည့် တင်စောအား ပြုံး၍ ကြည့်လိုက်သည်။

ဘကြီး ဖိုးတင်လည်း ရှေ့ဘက်တွင် ပြန်လည် တပ်ဆင်ထားရသည့် ငွေကွပ်သွား (၄) ချောင်းကို ပေါ်အောင်ဖြဲလျက် နက်ပြာရောင်သန်းနေသော ရေ ပြင်ကြီးဆီသို့ စူးစိုက်စွာ ကြည့်လိုက်ယင်း ပိုက်များနှင့်အတူ လုံးထွေးလျက်ရှိသော ဖြူဖွေးနေသည့် ငါးမန်းကြီးအား တွေ့လိုက်ရသည့် ခဏတွင်

“ဟေ့ကောင်တွေ …. ပိုက်ကို လုံးပြီး ပိုက်သား လုံးချည်ထား။ တို့တွေ ဒီတိုင်းတင်လို့ရမှာ မဟုတ်ဘူး။ အမြီးကို ကြိုးဆင်းချည်မှ။ ရှေ့က ကျောက်ကြိုးကြီးကိုပေး။ ငါ ရေထဲ ဆင်းချည်လိုက်မယ်”

ပြောပြောဆိုဆိုနှင့် တင်စော လှမ်းပေးလာသည့် ကြိုးစကို ပါးစပ်တွင်ကိုက်လျက် ရေထဲသို့ ခုန်ဆင်းလိုက်လေသည်။ အသက်အရွယ် ထောက်နေပေမယ့် လုပ်ငန်း၏ အတွေ့အကြုံအရ လျှင်မြန်ဖြတ်လတ်စွာဖြင့် လှေပေါ်သို့ ပြန်တက်လာခဲ့ပြီး နောက်ပိုက်ကို ဆွဲတင်နေတော့သည်။

ပိုက်လုပ်သားကြီးများ မောရပန်းရမှန်းပင် အမှန်တကယ် မသိတော့။ မိုးရေစက်များနှင့်အတူ ချွေးလုံးကြီးများက ကိုယ်ပေါ်မှာ အပြိုင်။ မျက်နှာပေါ်တွင်ကား ပြုံးပန်းပီတိတွေ လှိုင်ကာနှင့်။

(၄)

“ရေနက်ဘက်ကို ပြောင်းဦးမှ။ ပိုက်ဘောကြိုးခွေ၊ ကျောက်ဆူးကြိုးတွေသာ အသင့်ပြင်ထား။ နက်ဖြန်ခါလဲ အကောင်ကြီးဆုံး ရဦးမှာ။ စက်လှေပေါ် ဆွဲမတင်နိူင်ယင် နေပါစေ။ စက်လှေနဲ့ တိုက်ပြီး ပိုက်ပါ လုံးပြီး ဆွဲယူမယ်ဟေ့”

ဟု ပြောဆိုလျက် တက်မကိုင်ကြီး ဘကြီးဖိုးတင် တယောက် ပိုက်ချရန်နေရာကို ချိန်တွက်လိုက်ယင်း ဦးတည်ခုတ်မောင်းလိုက်ပါတော့သည်။

“ဟေ့ တင်စောရေ- ငါလဲ ငြုပ်သီးနဲ့ ငါးခေါင်းလဲဖို့ လိုက်မယ်ဟေ့။ အတူတူ သွားကြတာပေါ့….”

ညီငွေက တင်စောအား လှမ်းနောက်လိုက်လေသည်။ ဇနီးသည်ဖြစ်သူက ငရုတ်သီးခြောက်ဝယ်ရန် ထားသည့် ၅ ကျပ်အား တိတ်တဆိတ်ယူလျက် အရက်သောက်မိသဖြင့် ထမင်းဝိုင်းတွင် ငရုတ်သီးထောင်း လုံးဝ ထည့်မကျွေးသည်တွင် အရက်မူးလာတိုင်း ဇနီးသည်အား ပြောလေ့ရှိသည့်

“မကြည် … ငါးခေါင်းတွေ ကျပ်တိုက်ပြီး ရွှေဦးကွင်း ရွာဘက်သွား ငရုတ်သီးခြောက်နဲ့ လဲပြီးမှ ငရုတ်သီးထောင်းစားမယ်ကွ”

စကားကို မှတ်ထားသည့် ညီငွေက ပြောလိုက်သည်တွင် ငါးခွဲရန်အတွက် ငါးခေါင်းများ ဖြတ်နေသော တင်စောက ပြုံးပြုံးနှင့် မျက်စောင်းထိုးကြည့်လိုက်သည်။

ယနေ့အဖို့တော့ ငါးဖမ်းလုပ်သားများ အိမ်အပြန် ပြုံးပန်းလှိုင်သောအချိန် မဟုတ်ပါလား။

စာရင်းဇယားဝင် ငါးမန်းကြီး(၄) ကောင်နှင့် ငါးမန်း ကောင်ပေါက်စ ၁၀၀ ကျော်။ ငါးကြမ်းပေါင်းစုံ ပိဿချိန် (၄ဝ) ကျော်လောက်က စက်လှေ၏ ဦးပိုင်းတွင် နေရာယူထားသည်မှာ သာမန်လူသားများအနေဖြင့် မည်သို့မျှ ထူးခြားမှုရှိမည် မဟုတ်သော်လည်း ရေလုပ်သားများအဖို့ တနေ့တာ၏လုပ်ငန်း အောင်မြင်မှုအတွက် ပြုံးပျော်ရွှင်လန်းမှု ပီတိအဟုန်ကား ပြောဖွယ်မရှိလေပြီ။

ရေထဲမှ ငါးဆိုသည်မှာ ကိုယ်ပိုင်မူ ရှိသည်မဟုတ်။ ရေသင့် လေသင့်မှ ငါးကျများတတ်သည်။ တခါတရံ အိမ်စားငါး များတတ်သည်။ တခါတရံ အိမ်စားငါးပင် မရ။

ပိုက်ချသည်ဆိုရာတွင်လည်း ရက်တိုင်း ငါးပိုက်ချသည် မရှိ။ တလတွင် ပိုက်ချရက် (၂၀) လောက်သာ ရှိသည်။ လေထန်သည်၊ မိုးသည်းသည် ၊ ပင်လယ်ဆူပြီဟေ့ ဆိုလျှင် မည်သည့်ပိုက်သမားမှ မလှုပ်ရဲကြ။ ငုတ်တုတ်သာ ထိုင်ကြပေတော့။

ယခုလို ငါးများများ ကျပြန်သည့် အခါတွင်လည်း လုပ်ငန်းသဘောအရ မသက်သာလှကြ။ ငါးခွဲ ဆားထိုး ကျောက်ဖိ လုပ်ရပေဦးမည်။ ဆားစိမ်သားဝမှ နေထုတ်လှမ်းရသည်။ မိုးတွင်းဖြစ်သည့် အားလျော်စွာ နေကို အထူးဂရုထားရသည်။ နေထွက်လာသည်နှင့် အမြန်ထုတ်လှမ်း၊ မိုးရွာလာသည်နှင့် ပြန်သိမ်း။ ဒီအလုပ်ကလည်း အလွန်ပင် ကရိကထ များလှသေးသည်။

ဘကြီးဖိုးတင်တို့ စက်လှေကား ဒီနေ့တော့ ဦးမော့လျက် ရွှေဟင်္သာကလေးနှယ် ရွာဆိပ်ကမ်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီ။ မိမိတို့ လင်ယောက်ျားများ လိုက်ပါသွားသည့် စက်လှေအပြန်စောင့် ဇနီး မိန်းမများ အနေနှင့် ငါးသယ်ရန် တောင်းကိုယ်စီနှင့် အသင့်စောင့်လျက် ရှိသည်မှာလည်း မယ်တရွက် မောင်တထမ်း ကိုယ်စီတာဝန်များပါလား။

“မယ်မှုံ … မင်းကြိုက်တဲ့ ငါးမန်းခေါင်းနှင့် ငါးမန်းအူသုတ်တော့ ဒီနေ့ အဝသာ တွတ်ပေတော့”

ဟု ပါးစောင်တွင် ကွမ်းစားဖတ်နှင့် ကွမ်းချေးတက်လျက်ရှိသော နီရဲနေသည့် သွားများကို အစွမ်းကုန် ကျဲလိုက်ကာ ကမ်းပါးပေါ် ရပ်လျက်နေသော ဇနီးသည် ကြားလောက်အောင် အော်ပြောလိုက်သည့် ဘကြီးဖိုးတင်၏ အသံက စက်လှေဦး၏ ရေတိုးခွဲသံနှင့်အတူ လွှင့်ပါသွားတော့သည်။

ထိုစဉ် ရွာအတွင်း မင်္ဂလာဆောင် မဏ္ဍပ်ဆီမှ လေထုကို ဝှေ့ယမ်းထွက်ပေါ်လာသည့် အသံချဲ့စက်မှ ကိုမင်းနောင်၏ ဇရာ သီချင်းသံက ဆွတ်ပျံ့ကြည်နူးစွာ တိုက်ဆိုင်မှုတရပ်အနေနှင့် ထွက်ပေါ်လာခဲ့သည်။

“ဇရာအို … ဗျာပိုလှိုက်လှဲ … မျက်ရည်ဝဲ အားခဲလို့ မနေသာ … အင်အားသန်မာ လူလုံးကျစ်လျစ် … ပိုက်သစ်ကိုဆွဲကာ … လာ လာလေ ရွှေငါးကြင်းတို့… အိမ်အပြန်… ငါးတန်ထမ်းလို့”

“ဘကြီး … ကြားတယ်မဟုတ်လား”

ရုတ်တရက် ကောက်ကာငင်ကာနှင့် လျှာသွက်အာသွက် ရှိလှသော ညီငွေက တက်မကိုင်ကြီး ဖြစ်သူ ဘကြီးဖိုးတင်အား ပြောလိုက်သည်တွင်…

“ဟေ့ … ကလေးတွေရ၊ လူလဲမအို ပိုက်လဲမပြိုဘူးကွ။ အားမာန်သစ်နဲ့ ပိုက်သစ်ဆွဲပြီး ငါးတန်ထမ်း ပြန်လာတဲ့ ဖိုးတင်ဟ”

ဟု လက်ထဲမှ ဆွဲလျက်ရှိသော ငါးမန်းခေါင်းကြီးအား မ,လျက် အော်ပြောလိုက်သံက ဆိပ်ကမ်းတခုလုံး လွှမ်းမိုးသွားပါတော့သည်။

(စစ်ပြန်မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီလ၊ ၁၉၈၅)

– ပြီး –

စာရေးသူ – မင်းညိုစိဏ်း

Leave a Reply

Your email address will not be published. Required fields are marked *