ကျော်အောင်တို့မိသားစု မြို့သစ်
အကွက်ရိုက်ပြီး နေရာချပေးသည့်
အထဲ ပါသွားသည်။ စီမံကိန်းပြုလုပ်မည့်
ရပ်ကွက်များကို အစိုးရက မြို့စွန်များမှာ
မြေကွက်ရိုက်ပြီး အကွက်ချပေးသည်။
သူတို့မိသားစုရသော မြေကွက်က
လမ်းမတန်းမဟုတ်ဘဲ အတွင်းဘက်မှာ
နေရာရခဲ့သည်။ သူတို့မြေကွက်ရှေ့မှာ
ပန်းခြံလိုလို၊ ဘောလုံးကွင်းလိုလို၊ ဆေး
ရုံအတွက်လိုလို အဆောက်အဦးမဆောက်
ရသေးသော မြေကွက်ကြီး ရှိနေသည်။
မြေကွက်ချပေး,ပေးခြင်း လယ်ကွင်းထဲမှာ
သစ်ရိတ် ဝါးရိပ် မရှိသည့်အတွက် နေချင်
စိတ်မရှိသဖြင့် မြေကွက်အသစ်ကို ဒီအတိုင်း
ထားပြီး မပြောင်းမရွှေ့သေးဘဲ လူနေရပ်
ကွက်ထဲမှာ အိမ်ငှား၍ နေထိုင်ခဲ့သည်။
ရရှိသော မြေကွက်ကို မျောတိုင်းများဝယ်ပြီး
ခြံခတ်ထားလိုက်သည်။ သို့ဖြင့် မြေကွက်ချ
ပြီး လေးငါးနှစ်ခန့်ကြာသွားသော် ရပ်ကွက်
အသစ်မှာ လူနေအိမ်ခြေ အသင့်အတင့်
ရောက်လာပြီး သစ်ပင်များဖြင့် စိမ်းစိမ်းစိုစို
ရှိလာသည်။
ကျော်အောင်မိသားစုလည်း…မြေကွက်ကို
လာကြည့်ရင်း အိမ်လေးတစ်လုံးအဖြစ်
ဆောက်ကာ လူငှားတင်ရန် စိတ်ကူးပေါ်
လာသည်။ သို့ကြောင့် …သွပ်မိုးပျဉ်ကာ
သုံးပင်နှစ်ခန်း အိမ်လေးတစ်လုံး လက်
သမားငှားပြီး ဆောက်ထားလိုက်သည်။
လမ်းပေါ်မှာ ကြီးထွားနှုန်းမြန်သော
မလေးရှားပိတောက်ပင်များကြောင့်
နေရောင်ပင် မထိုးတော့။ တစ်ရပ်
ကွက်လုံး စိမ်းစိမ်းစိုစိုဖြစ်နေပြီ။ မြေ
ကွက်ရစဉ်က သူတို့ရှေ့မြေကွက်လပ်
ကြီးက ဆေးရုံတစ်ရုံဖြစ်နေပြီ၊ ဆေး
ရုံဝင်းအတွင်းနှင့်ပတ်ပတ်လည်မှာ
လည်း မလေးရှားပိတောက်ပင်များ
မြန်မာပိတောက်ပင်များဖြင့် စိမ်းစို
နေတော့သည်။
ကျော်အောင်တို့မိသားစုကတော့ အိမ်ပြောင်း
ရန် စိတ်မကူးသေး၊ အိမ်မှာ လူငှားနေသ
လောက် တင်ထားမည်ဟု ဆုံးဖြတ်ထားသည်။
အိမ်ငှားတင်ပြီး တစ်နှစ်အကြာမှာ အိမ်ကို
ပြန်အပ်တော့မည်ဟု အကြောင်းကြားသဖြင့်
ငွေရေးကြေးရေးသွားဖြေရှင်းပေးလိုက်သည်။
ပထမအိမ်ငှားက ပျော်သလောက်နေမည်ဟု
ဆိုပြီး တစ်နှစ်ပဲနေ၍ အိမ်ပြောင်းသွားသည်။
သို့ကြောင့် အိမ်ငှားမည်ဟု ဆိုင်းဘုတ်တက်
ပြီး သော့ခတ်ထားခဲ့သည်။ ပွဲစားကိုအပ်
ထားသော်လည်း ပွဲစားကပဲ လူမတင်တာ
လား၊ ငှားမည့်သူမရှိ၍လားမသိ ခြောက်လ
ကျော်သည့်တိုင် လူမရတော့။
ကျော်အောင်တို့ မိသားစုက ဖိနပ်လုပ်ငန်း
လုပ်နေရာမှ ကလေးကစားစရာ ကော်ရုပ်
လေးများ လုပ်သည့်အလုပ်ကိုပါ စမ်းသပ်
တိုးချဲ့လုပ်ကိုင်သည်။ ထိုလုပ်ငန်းက စလုပ်
လုပ်ခြင်း စျေးကွက်ရသဖြင့် လက်မလည်
အောင် လုပ်ရသည်။
ပလပ်စတစ်ကို အပူပေးပြီး ‘မိုက်’နှင့်ဖိကာ
ပုံဖေါ်ရသည်။ အချို့အရုပ်လေးများက အ
ရည်ကျိုပြီး ‘မိုက်’ခွက်ထဲ လောင်းထည့်ရသည်။
အရုပ်ပေါ်မူတည်ပြီး အပူပေး၍ လုပ်ရသလို
အရည်ကျို၍လည်း လုပ်ရသည်။
ပလပ်စတစ်ကြောင့် ထွက်သည့်အနံ့ဆိုး
ရပ်ကွက်ထဲလူတွေက ညှော်သည်ဆိုပြီး
ရပ်ကွက်ရုံးကို မကြာခဏတိုင်သည်။
သို့ကြောင့် လူနေမထူထပ်သေးသည့်
ရပ်ကွက်ရှိ သူတို့အိမ်လေးကို လူငှားမထား
တော့ပဲ အလုပ်လုပ်ရန်အတွက် သုံးရန်
ဆုံးဖြတ်လိုက်သည်။ သို့ကြောင့်
ကျော်အောင်၏ ဇနီး သားသမီးများက
ဖိနပ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်
မည်ဖြစ်၍ မူလငှားရမ်းနေထိုင်သော
အိမ်ကို ပြန်မအပ်သေးပဲ နေခဲ့သည်။
ကျော်အောင်က သူပလပ်စတစ်အရုပ်လုပ်
ကိုင်ကြသည့် အလုပ်သမားလေး နှစ်ယောက်
နှင့်အတူ ‘မိုက်’များကိုသယ်ပြီး ရပ်ကွက်သစ်
သို့ပြောင်းလာခဲ့သည်။ ရပ်ကွက်သစ်ပေမယ့်
ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ခြံလည်းဖြစ်၊ လျှပ်
စစ်မီးလည်းရထားပြီးဖြစ်၍ အလုပ်ကို ဆက်၍
လုပ်ကိုင်နိုင်ခဲ့သည်။
‘မိုက်’လောင်းသည့် အလုပ်သမားလေးများက
နယ်မှဖြစ်၍ ကျော်အောင်နှင့်အတူနေ အတူစား၊
အတူအိပ်ကြသည်။ ကျော်အောင်က အသက်
သုံးဆယ့်ငါးရှိပြီး အလုပ်သမားလေးနှစ်ယောက်
က ဆယ့်ငါးနှစ်တစ်ယောက် ဆယ့်ရှစ်နှစ်
တစ်ယောက်ဖြစ်သည်။ အကြီးက သိန်းထွန်း
ဖြစ်ပြီးအငယ်က ကောင်က တိုးဝင်းဖြစ်သည်။
ပျော်ပျော်နေတက်ပြီး အလုပ်ကို ကောင်းကောင်း
လုပ်သည့်အတွက် အပျက်အစီးအလေအလွင့်
နည်းသည်။ ညဘက်မီးအားကောင်းသည့်
ဆယ့်တစ်နာရီခန့်အထိ လုပ်ကြသည်။
ညနေ ခြောက်နာရီမှ ရှစ်နာရီခွဲအတွင်း
မီးအားကျသဖြင့် အလုပ်နားထားသည်။
စားကြသောက်ကြ စကားပြောကြသည်။
ထမင်းမစားခင် ကျော်အောင်နှင့် သိန်းထွန်း
တို့က အရက်တစ်ပုလင်းဝယ်ပြီး အမြည်း
အနည်းငယ်နှင့် သောက်ရင်းအချိန်ဖြုန်း
တတ်သည်။
အရက်သောက်ပြီးမှ ထမင်းစားကြသည်။
အရက်ဝယ်သည့်အခါ တိုးဝင်းက မကြာ
ခဏသွားဝယ်ပေးတတ်သည်။ သူ့ကို
အမြည်းကျွေးရသည်။
တစ်ည ခုနှစ်နာရီခွဲခန့် တိုးဝင်းအရက်တစ်ပုလင်း
သွားဝယ်သည်။ ခေါက်ဆွဲတစ်ထုပ်နှင့် ဝက်ခေါင်း
သုတ်တစ်ပွဲ မှာလိုက်သဖြင့် ဝယ်ပြီးပြန်လာစဉ်
အသက်အစိတ်ခန့် လူရွယ်တစ်ယောက် သူနှင့်
အတူပါလာသည်။ ထိုသူက သူ့ကိုယ်သူ မိတ်
ဆက်သည်။
“ကျနော်နာမည် စိုးသိန်းပါ၊ ဒီရှေ့ ဆေးရုံမှာ
အလုပ်,လုပ်ပါတယ်၊ နေ့ဆိုင်း ညဆိုင်း အလှည့်
ကျအလုပ်သမားပါ၊ ညပိုင်း အလုပ်နားတုန်း
လမ်းလျှောက်ရင်း ဒီညီလေးနဲ့ တွေ့လို့
လိုက်လာတာပါ”
ထိုလူက ရိုက်မစစ်ရပဲ သူ့အကြောင်းအကုန်
ပြောပြနေသည်။
“အေး…အစ်ကိုတို့က အလုပ်ခဏနားပြီး
စားကြသောက်ကြမလို့ကွ၊ မောင်စိုးသိန်းလည်း
ပြီးပလား၊ မစားရသေးဘူးဆို…အရက်ဝင်
သောက်လေ”
“ကျနော် အရက်နဲ့ မတည့်ဘူး”
“အေး…ဒါဆိုလည်း အမြည်းစားချင် ဝင်စားပေါ့”
အမြည်းက မများပေမယ့် လောကွက်အရ
ပြောလိုက်ရခြင်းဖြစ်သည်။ ခေါက်ဆွဲထုတ်က
ညစာဟင်းမရှိသဖြင့် ထမင်းနှင့် သုံးယောက်မျှ
စားရန် ဝယ်ခိုင်းလိုက်ခြင်းဖြစ်သည်။
ဝက်ခေါင်းသုတ်တစ်ပွဲကတော့ အရက်နှင့်မြည်းရန်
ဖြစ်သည်။ ဖန်ခွက်နှစ်လုံးထဲ အရက်ကို ငှဲ့လိုက်ပြီး
ဝက်ခေါင်းသုတ်ကို အထုပ်ထဲမှ ပန်းကန်ထဲပြောင်း
ထည့်ပြီး ဇွန်းတစ်ချောင်းပါ ထည့်ပေးလိုက်သည်။
“ဟင် “
“ဘယ်လိုလဲဟ”
သိန်းထွန်းနှင့်ကျော်အောင်တို့က အသံမထွက်ပဲ
စိတ်ထဲမှာပြောဆိုမိခြင်းဖြစ်သည်။ ဘယ်ကမှန်း
မသိ မိတ်ဖွဲ့ပြီး ရောက်လာသော ဧည့်သည်က
အိမ်ရှင်များပင် မနှိုက်ရသေးသော ဝက်ခေါင်း
သုတ်ပန်းကန်ထဲမှ ဇွန်းအပြည့်ခပ်ပြီး ဆက်
တိုက်နှစ်ဇွန်းခပ်စားလိုက်ခြင်းပင်။
ထိုကဲ့သို့ အငမ်းမရ စားသည်ကို လူငယ်ဖြစ်သော
တိုးဝင်က အချိန်မီ ဝင်တားလိုက်သည်။
“ဟာ အစ်ကိုကြီး …ဇွန်းလေးပေးပါဦး”
“အော်…အေ…အေး”
ထိုလူစိမ်းက တိုးဝင်းလက်ထဲ ဇွန်းကို
ပေးလိုက်သည်။ သူ့ပါးစပ်ထဲရောက်နေသော
ဝက်ခေါင်းသုတ်နှစ်ဇွန်းစာကို ဝါးပင်မဝါးဘဲ
မြိုချလိုက်ပုံရသည်။ပါးစပ်ပင်လှုပ်ရှားမှု
မတွေ့။ တိုးဝင်က တစ်ဇွန်းကိုပါ ရုံခပ်ပြီး
ကျော်အောင်လက်ထဲ ဇွန်းကို ထည့်ပေး
လိုက်သည်။ အရက်ခွက်ကို မော့လိုက်ပြီး
အမြည်းတစ်ဇွန်းခပ်စားလိုက်သည်။
သိန်းထွန်းလည်း ပါသည်ဆိုရုံခပ်စားလိုက်သည်။
“ဇွန်းပေးဦး “
ထိုဧည့်သည်က သူ့အလှည့်ကျပြီးဆိုကာ
ဇွန်းကို တောင်းနေသဖြင့် သိန်းထွန်းလည်း
ကျော်အောင်ကိုလှမ်းကြည့်လိုက်သည်။
“ပေးလိုက်ပါကွာ”
ကျော်အောင်က ပေးခိုင်းသဖြင့် သိန်းထွန်းလည်း
စိုးသိန်းဆိုသော ဧည့်သည်လက်သို့ ဇွန်းလှမ်း
ပေးလိုက်သည်။ ပန်းကန်ထဲမှာ နှစ်ဇွန်းမောက်
မောက် ခပ်လိုက်လျှင် ကုန်ပြီ။
ထိုဧည့်သည်က မည်သူ့မျက်နှာကိုမှမကြည့်
ပန်းကန်ထဲမှာ နှစ်ဇွန်းသာသာ ခပ်လျင်ကုန်
မည်မှန်းသိပေမယ့် ပန်းကန်ကိုစောင်းပြီး
ဇွန်းနှင့်အကုန်ခပ်၍ စားပစ်တော့သည်။
“ဟာ…ခင်ဗျားစားတာ မလွန်ဘူးလား”
တိုးဝင်းက သူ့အလှည့်ပြန်မလာတော့သဖြင့်
ဧည့်သည်ဟူ၍မမြင်ဘဲ ထပြောတော့သည်။
“ငါက …ဗိုက်စာနေလို့ပါ ဟိုအထုပ်ထဲမှာ
ခေါက်ဆွဲရှိသေးတယ် မဟုတ်လား မစားဘဲ
ဘာလုပ်နေတာလဲ”
“အဲဒီအထုပ်က ထမင်းစားမှ စားမှာ”
ထိုလူစိမ်းက ခေါက်ဆွဲထုပ်ကို မစားသေးဘူး
ဆိုသဖြင့် ထိုင်ရာမှ ထလိုက်သည်။
“ပြန်လိုက်ဦးမယ်ဗျာ နောက်မှ
အေးအေးဆေးဆေး လာလည်ဦးမယ်”
အပြင်သို့ ခပ်သွက်သွက် ထွက်သွားသည်။
“အတော်လက်ရဲ ဇက်ရဲ နိုင်တဲ့လူပဲ…”
“ဒီလောက်ရဲတင်းတာ လူမှဟုတ်ရဲ့လားလို့
တွေးလိုက်မိတယ် ခေါက်ဆွဲကို မကျွေးခိုင်းလို့
ကျွေးသာခိုင်းရင်တော့ လူမဟုတ်တာ သေချာ
သလောက်ပဲ”
“ကဲ ခေါက်ဆွဲထုပ်ကိုဖြည်လိုက်၊ ထမင်းတစ်
ပန်းကန်စီထည့်ကွာ ထမင်းစားရင်း အရက်
သောက်ရင်းပေါ့”
သို့ဖြင့် သုံးယောက်သား အရက်ပုလင်း
ဘေးချပြီး ထမင်းကိုပါ တစ်လက်စတည်း
စားလိုက်ကြသည်။
ဒုတိယည မီးအားနည်းချိန်အလုပ်နားပြီး ထုံးစံ
အတိုင်း အရက်တစ်ပုလင်းဝယ်ခိုင်းကာ
ကျော်အောင်နှင့်သိန်းထွန်းတို့ ထိုင်သောက်
နေကြသည်။ သည်ညတော့ အားလူးကြော်
နှစ်ထုပ်နှင့် မြေပဲလှော်များဖြင့် အမြည်းလုပ်
သောက်ကြသည်။
မည်သည့်ဧည့်သည်မှ ရောက်လာခြင်းမရှိ။
နှစ်ရက်ဆက်ပြီး အားလူးကြော်နှင့် မြေပဲ
ဆားလှော်တို့ဖြင့် အမြည်းလုပ်နေရသည့်
အတွက် ကျော်အောင်က တိုးဝင်းအား
ဝက်ခေါင်းသုပ်တစ်ပွဲ၊ ကြက်ရိုးသုပ်တစ်ပွဲ
မှာလိုက်သည်။
အချိန်က ထုံးစံအတိုင်း ခုနှစ်နာရီခွဲခန့်ဖြစ်သည်။
စျေးဆိုင်များရှိရာသို့ ဆေးရုံဝင်းဘေးမှဖြတ်သွားလျှင်
ငါးမိနစ်ခန့်ဆိုရောက်သည်။ အသွားအပြန်မှ
ဆိုင်မှ လူမကျလျှင် ဆယ့်ငါးမိနစ်ခန့်မျှနှင့်
ပြန်ရောက်သည်။
တိုးဝင် အမြည်းနှစ်ထုပ်ဆွဲပြီး အရက်တစ်ပုလင်း
လွယ်အိတ်ထဲထည့်ကာ လမ်းလျှောက်ပြန်လာသည်။
“ဟေ့ကောင်လေး အမြည်းဝယ်ပြီး ပြန်လာ
တာလား အတော်ပဲ ငါ မင်းတို့အိမ်ကို လာမလို့ကွ”
လွန်ခဲ့သော သုံးရက်ခန့်က ဝက်ခေါင်းသုပ်
တဝတပြဲလာစားသွားသော စိုးသိန်းဆိုသူ
ဖြစ်နေသဖြင့် တိုးဝင်း မကျေမနပ်နှင့်
ဘာစကားမှမပြောဘဲ သွက်သွက်
လျှောက်ခဲ့သည်။ သူ့နောက်မှ စိုးသိန်း
ကလည်း ပါလာသည်။ အိမ်အဝင်မှာ
ဦးအောင် တိုးဝင်းက ပြေးဝင်ရင်း…
“အစ်ကို ကျော်အောင်ရေ ဟိုလူကြီး
လိုက်လာပြန်ပြီး “
“ဟာ”
အားလုံး ဘာစကားမှပြန်မပြောရသေးခင်
အ်ိမ်ဝမှာ စိုးသိန်းက ရပ်နေသည်။
“ဝင်ခဲ့မယ်နော်”
“အေး”
ကျော်အောင်က ဝတ်ကျေတန်းကျေ ပြန်ပြော
လိုက်သည်။
“ပန်းကန်နှစ်ချပ်နဲ့ ဇွန်းနှစ်ချောင်း
ယူခဲ့ကြာ”
အရက်သောက်ရန် အမြည်းဝယ်မှန်းလည်း
သိသည်မို့ဧည့်သည်ပြန်သွားမှ သောက်ရန်
လည်းမဖြစ် ၊ ဧည့်သည်က အမြည်းစား
သော ဧည့်သည်ဖြစ်သည်။ သို့ကြောင့်
လက်မနှေးဖို့ မျက်ရိပ်မျက်ကဲပြရင်း
ပန်းကန်နှစ်ချပ်ထဲ ဝက်ခေါင်းသုပ်နှင့်
ကြက်ရိုးသုပ်များကို ထည့်လိုက်သည်။
“ဟာ…ကြက်ရိုးသုပ်ပါလား ကောင်းတယ်”
“အရက်သောက်မလား”
“အရက်မကြိုက်ဘူး အမြည်းပဲစားမယ်”
ကျော်အောင်က ဇွန်းတစ်ချောင်းကိုယူပြီး
ဝက်ခေါင်းသုပ်ကိုခပ်စားလိုက်သည်။ သိန်းထွန်း
ကလည်း ကြက်ရိုးသုပ်တစ်ဇွန်းခပ်စားလိုက်သည်။
ကျော်အောင်ချလိုက်သော ဇွန်းကို တိုးဝင်းကာ
ကောက်ကိုင်လာသည်။
“ဒီကို ဇွန်းပေး”
တိုးဝင်းက ကြက်ရိုးဖြစ်၍ ဇွန်းထဲမှ အကုန်
မစားသေးပဲ ဇွန်းထဲအနည်းငယ်ချန်ရင်း
ကိုင်ထားစဉ် ဧည့်သည် စိုးသိန်းက ဇွန်းချ
မည့်အချိန်ကို မစောင့်ဘဲ လှမ်းတောင်း
လိုက်သည်။
“ခဏလေး …ရမယ်’
သိန်းထွန်းက ဇွန်းထဲမှ ကြက်ရိုးအား လက်နှင့်
ယူပြီး ဇွန်းကို ချပေးလိုက်စဉ် စိုးသိန်းလည်း
ကြက်ရိုးသုပ်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး
တစ်ဇွန်းပြီးတစ်ဇွန်းခပ်၍ ပါးစပ်ထဲ ထည့်နေ
တော့သည်။
“ဟေ့လူ ဖြည်းဖြည်းစား ကြက်ရိုးတွေ
စူးလိမ့်မယ်”
စိုးသိန်း ပါးစပ်ထဲ ကြက်ခြေထောက်၊ကြက်
တောင်ပံ အရိုးမျိုးစုံ နှစ်ဇွန်းဝင်သွားသည်။
အရိုးများကို တဂျွတ်ဂျွတ်နှင့်ကိုက်ဝါးနေသည်။
လက်ထဲက ပန်းကန်ကိုမချ။ ထို့ကြောင့်
ဝက်ခေါင်းသုပ်ပန်းကန်ကို သုံးယောက်သား
တစ်ဇွန်းပြီးတစ်ဇွန်း အလှည့်ကြစားလိုက်သည်။
အရိုးတစ်ချောင်းမှ မထုပ်ဘဲ ပါးစပ်နဲ့
အပြည့် ဝါးပြီး မြိုချလိုက်သည်။ ကျော်အောင်
တို့ မျက်လုံးပြူးသွားသည်။
“ဟေ့လူ…ကျုပ်တို့လည်း စားဦးမယ်”
“ဝက်ခေါင်းသုပ်ပေး…ကျုပ်ကြက်ရိုးသုပ်ပေး
စားတော့မယ်”
“ဘယ်လိုလူလဲ သူများအိမ်လာပြီး အားနာ
ရမှန်း မသိဘူး”
တိုးဝင်းက မကြားတကြားပြောသည်။
“ငါ…ကြိုက်လို့ပါကွာ ငါမစားရတာ
ကြာပြီ မင်းတို့ ဒီရောက်မှ စားရတာ”
စိုးသိန်းလက်ထဲက ကြက်သားသုပ်
တစ်ပန်းကန်ကုန်တော့ သိန်းထွန်းတို့သုံးယောက်
စားနေသည့် ဝက်ခေါင်းသုပ်ပန်းကန်က
အနည်းငယ်ကျန်သေးသည်။
“စားတာနည်းလှချည်းလား ဝက်ခေါင်းသုပ်လေး
တစ်ဇွန်းလောက်တော့ စားချင်သေးတယ်”
“ကဲ …စားချင်လည်းစားလိုက်တော့”
ကျော်အောင်က ဝက်ခေါင်းသုပ်ပန်းကန်ကို
စိုးသိန်းရှေ့တိုးပေးလိုက်သည်။
စိုးသိန်းက လက်ကျန်ဖြတ်လိုက်သည်။
“ဟူး…အမြည်းလည်းကုန်ပြီး ပြန်လိုက်ဦးမယ်ဗျာ”
ပြောပြောဆိုဆို အိမ်ပေါ်က ခပ်သွက်သွက်
ဆင်းသွားသည်။အိမ်ရှေ့မှာ ဓါတ်မီးတိုင်မရှိ
သစ်ပင်ရိပ်ကြောင့် အနည်းငယ်မှောင်နေသည်။
ထိုဧည့်သည်လည်း အမှောင်ထဲ ဝင်ရောက်
ပျောက်သွားတော့သည်။ ကျော်အောင်နှင့်
သိန်းထွန်းတို့လည်း အမြည်းနှစ်ထုပ် ဝယ်ပြီး
အရက်တစ်ခွက်စီသာသောက်ရသေးသည်။
အမြည်းများကုန်ပြီ…
“တိုးဝင်း ထမင်းထည့်တော့ကွာ
အရက်သောက်ချင် စိတ်လည်းမရှိတော့ဘူး
ဒီလူ ဘယ်လို လိုက်လိုက်လာတာလဲ မသိဘူး
တိုးဝင်း”
“ဗျာ”
“စောစောက လူနဲ့ မင်း ဘယ်မှာ ဆုံတာလဲ”
“ကျနော် ဆေးရုံဘေးက လျှောက်လာတော့
ဘယ်သူမှမရှိဘူး၊ ဒီလမ်းထဲ ချိုးဝင်တော့မှ
နောက်က ကပ်ပြီး သူ့အသံကြားရတာပဲ
မင်းအမြည်းတွေဝယ်လာတာလား ငါလည်း
မင်းတို့အိမ်ကို သွားမလို့ ဆိုပြီး ပါလာတာပဲ”
“ငါတော့ …ဒီလူကို သိပ်မသင်္ကာဘူး”
“နောက်တစ်ခါလာရင် သူ့နေရာ လိုက်လည်
မယ်ဆိုပြီး သူ့အခြေအနေလိုက်ကြည့်ကြမယ်”
“ဟုတ်တယ် ကျနော်တို့သုံးယောက်ပေါင်းပြီး
ဒီလူနောက်လိုက်ကြည့်ကြမယ်၊ သူဒီအနီး
အနားဝန်းကျင်မှာ နေတာဖြစ်မယ်”
“ဒီလူက ရိုးရိုးအမြည်းဝယ်တဲ့နေဆို ပေါ်မလာဘူး
ဒို့အားလူးကြော်နှစ်ရက်ဝယ်တာ ရောက်မလာဘူး
ဝက်ခေါင်းသုပ်တို့ ကြက်ရိုးသုပ်တို့ဝယ်မှ လိုက်
လိုက်လာတာဆိုတော့ မနက်ဖြန်ည အားလူး
ကြော်ဝယ်ပြီး စမ်းကြည့်မယ်”
သူတို့ထင်သည့် အတိုင်းပင် နောက်ည
အားလူးကြော်နှင့် စမူဆာသုပ်ဝယ်သည်
စိုးသိန်းဆိုသော ဧည့်သည် ရောက်မလာ။
နောက်ည စမူဆာသုပ်တစ်ပွဲ ဝက်ခေါင်းသုပ်
တစ်ပွဲ ဝယ်ခိုင်းလိုက်သည်။ ထင်ထားသည့်
အတိုင်း ထိုဧည့်သည်က ပါလာသည်။
ဝက်ခေါင်းသုပ်တစ်ပွဲလုံး ပေးစားလိုက်သည်။
စမူဆာသုပ်ကို မထုပ်သေးဘဲ အားလူးကြော်
တစ်ထုပ် ဖောက်ပြီး အမြည်းလုပ်ကာ
သောက်လိုက်ကြသည်။
ဝက်ခေါင်းသုပ်စားရင်း ကျော်အောင်က
စကား စလိုက်သည်။
“မိတ်ဆွေ ပြန်ရင် မိတ်ဆွေရဲ့အိမ်ကို
လိုက်လည်ဖို့ခေါ်မှာလား”
“ခင်ဗျားတို့ လိုက်လာချင်ရင် ခေါ်မှာပေါ့
လိုက်လည်လို့ရပါတယ်”
“ဒါဆိုလည်း ဝက်ခေါင်းသုပ်စားပြီးလို့
ပြန်ရင် လိုက်ခဲ့မယ်နော် ဟုတ်လား”
“လိုက်လို့ရပါတယ် ကျုပ်အိမ်က ဒီအိမ်နဲ့
သိပ်မဝေးပါဘူး”
ခဏကြာတော့ ဝက်ခေါင်းသုပ်တစ်ပန်းကန်
ကုန်သွားသည်။
“ကဲ…စားလို့လည်းပြီပြီး ပြန်တော့မယ်
တကယ်လိုက်ကြမှာလား”
“ကဲ…သိန်းထွန်းခေါ်နေပြီး လိုက်မှာလား”
“တိုးဝင်း မင်းပါလိုက်မယ်ဆို တံခါးစေ့ထားလိုက်”
ဒီနားပဲဆိုသဖြင့် တံခါးကို သော့ခတ်မနေတော့ဘဲ
စေ့ရုံသာစေ့ထားပြီး စိုးသိန်းဆိုသူ သွားရာနောက်သို့
လိုက်ခဲ့သည်။အချိန်က ရှစ်နာရီခွဲကျော်ပြီ
လမ်းမီးဓါတ်တိုင်များက နှစ်တိုင်ခြားမှသာ
မီးလုံးရှိသဖြင့် မလင်းတလင်းလမ်းပေါ်
ရောက်ခဲ့သည်။ အိမ်ရှေ့ကနေ နှစ်ခြံကျော်
ခန့်အရောက် ဆေးရုံဘက်သို့ ဆင်းသွားသဖြင့်
မဝံ့မရဲရပ်နေကြစဉ်…
“လာပါ …ဒီသံဆူးကြိုးပြုတ်နေတဲ့ နေရာ
ကဝင်ထွက်နေတာ …ဒါဖြတ်လမ်းပဲ”
သူဆင်းသောနေရာက အဆောက်အဦးသုံးလုံးဆီ
ဦးတည်နေသည်။ တစ်လုံးက အိမ်သာ၊ တစ်လုံးက
ရေခဲတိုက်၊ တစ်လုံးက စတိုဆောင်ဖြစ်သည်။
ထိုစတိုထဲမှာ တွန်းလှည်းများဆေးရုံမှ
အသုံးမလိုသည့်ပစ္စည်းများ ထားသော
အဆောင်ဖြစ်သည်။ သူရှေ့ကသွားနေသဖြင့်
နောက်က သုံးယောက်သားမရဲတရဲ ဆေးရုံ
ဝင်းထဲဝင်နေရသည်။ ဆေးရုံခြံဝင်းနှင့်
ထိုအဆောက်အဦး သုံးလုံးက ပေနှစ်ဆယ်
ခန့်သာကွာဝေးသည်။
လူသွားလမ်းလိုလို အရာက ရေခဲတိုက်
ဆေးရုံအနီးကို ဦးတည်နေသည်။ ရှေ့မှ
လူကလည်း ရေခဲတိုက်ဘေးက ကပ်
လျှောက်သွားသည်။
သူတို့သုံးယောက်လည်း ရေခဲတိုက်ဘေးက
ကပ်ပြီး လိုက်သွားသည်။ ရေခဲတိုက်အဆောင်
နားရောက်တော့ ညှီစို့စို့အနံကို ရလိုက်သည်။
ရေခဲတိုက်ဆိုပေမယ့် အအေးခန်းမဟုတ်၊
ခွဲစိပ်ထားသော အလောင်းများ၊ အသုဘချမည့်
သူ မယူသေးသမျှ သံကုတင်များပေါ်သည်
အတိုင်း ရှိနေတတ်သည်။
ထိုအလောင်းကောင်တို့မှ အနံ့အသက်များလည်း
အနီးပတ်ဝန်းကျင်သို့တိုင် ပျံ့နှံ့ထွက်နေတတ်သည်။
ရေခဲတိုက်ရှေ့ထွက်လိုက်သည်နှင့် ရှေ့သွားနေ
သော စိုးသိန်းဆိုသည့်လူကို မတွေ့တော့။
“ဟာ …ဒို့ရှေ့က ငါးပေလောက်ပဲ ကွာတာ
အခု မရှိတော့ဘူး…”
“ရေခဲတိုက်တာများ ဝင်သွားတာ”
“တံခါးဖွင့်သံလည်း မကြားပါဘူး ဆေးရုံနဲ့
ရေခဲတိုက်က ပေတစ်ရာလောက်ဝေးတာ
သူပြေးသွားလည်း တွေ့ရမှာပဲ”
သုံးယောက်သား စိုးသိန်းဆိုသော လူပျောက်၍
ရပ်ပြီး ထင်ကြေးပေး ပြောဆိုနေကြသည်။
“အိမ်သာထဲ ဝင်သွားတာ”
“အိမ်သာဆို သူသွားတာ ငါတို့မြင်မှာပေါ့
ငါတို့ရှေ့က သွားပြီး ငါတို့ဒီရေခဲတိုက်
ဘေးအရောက် သူက ရေခဲတိုက်ရှေ့
ဘက်ကွေ့ဝင်သွားတာလေ”
“ဟိုဘက်သွားလည်း မြင်ရမှာပဲ ဆေးရုံရှိရာ
သွားရင် ပိုပြီး မြင်ရမှာပေါ့”
“ဒါဆို …ဒီလူ လူမဟုတ်တာ သေချာသွားပြီ”
ထိုစဉ် သူတို့သုံးယောက်ရပ်နေရာသို့ ဆေးရုံမှ
ဓါတ်မီးနှင့် လှမ်းထိုးလိုက်သည်။
“ဘယ်သူတွေလဲ”
“ကျနော်တို့ပါ”
“ကိစ္စမရှိဘဲ ဘာသွားလုပ်နေတာလဲ
အခု လာခဲ့ကြ”
ဆေးရုံထဲမှ ဓါတ်မီးကိုင် လူတစ်ယောက်က
ဓါတ်မီးနှင့် ထိုးထားရင်း လှမ်းခေါ်လိုက်သည်။
လာရာလမ်း ပြန်လှည့်ထွက်ရန် မဖြစ်တော့
သည်အတွက် ထိုလူခေါ်သည့်ဘက်သို့
လျှောက်ခဲ့ကြသည်။
“မင်းတို့သုံးယောက် ရေခဲတိုက်နားမှာ
ဘာလုပ်နေတာလဲ”
သူတို့ကို ခေါ်သည့်လူက ဆေးရုံအစောင့်
အလုပ်သမားဖြစ်ပုံရသည်။ လုံခြုံရေး
အဝတ်အစားနှင့်ဖြစ်သည်။ အသက်က
ငါးဆယ်ခန့်ရှိပြီဟု မှန်းရသည်။
“ကျနော်တို့ကို ဒီဆေးရုံက လူက
ခေါ်လို့ လိုက်လာတာပါ”
“ဘယ်သူက ခေါ်တာလဲ အခု ဘယ်မှာလဲ”
“အတူတူလျှောက်လာပြီး ရေခဲတိုက်အကွယ်
ရောက်မှ ပျောက်သွားတာ သူပျောက်သွားလို့
ဘယ်အဆောက်အဦးထဲ ဝင်သွားလဲ ကြည့်နေ
တာ”
“ငါ…သဘောပေါက်ပြီ မင်းတို့သုံးယောက်
စိုးသိန်းနဲ့ ဆုံလိုက်ပြီနဲ့တူတယ်”
“ဟုတ်တယ် ဟုတ်တယ် သူ့နာမည်
ကိုစိုးသိန်းလို့ ပြောတာပဲ”
“ငါတူတို့ သရဲစိုးသိန်းနဲ့တိုးခဲ့တာပဲ
ဒီကောင်သေပြီး မကျွတ်မလွတ်သေးဘဲ
ဒီရေခဲတိုက်အနီးမှာပဲ ရှိနေတယ်
ဒီဆေးရုံက ဝန်ထမ်းတွေရော ဆေးလာကု
တဲ့လူတွေရော မကြာခဏ သူ့ကို တွေ့ကြရတယ်၊
ကြောက်စရာ ကောင်းအောင်တော့ မခြောက်
လှန့်ပါဘူး တွေ့တဲ့လူတိုင်း သူ့ရုပ်ခန္ဓာအတိုင်း
ပဲတွေ့ရတယ်။
သူက ဒီဆေးရုံမှာ တွန်းလှည်းတွန်းတဲ့လူ။
လူသေဆို ဒီရေခဲတိုက်တွန်းပို့နေကျပေါ့။
လူမမာတွေကိုလည်း တွန်းလှည်းနဲ့ တစ်
နေရာတွန်းပို့နေကျ။ တစ်ရက် အလုပ်လုပ်ရင်း
ဒီရေခဲတိုက်ကို အလောင်းပို့ရင်း နှလုံးရပ်ပြီး
သေဆုံးသွားတယ်။
သူ့မှာ နှလုံးရောဂါရှိတယ်၊ ဒီလို ပင်ပန်းတဲ့
အလေးအပင်တွေသယ်တာ တွန်းတာ သူရောဂါ
နဲ့မလုပ်သင့်ဘူး ၊ဒါပေမယ့် စားဝတ်နေရေး
အတွက် ဒီအလုပ်က မထွက်ပဲ ရောဂါကို
မမှုပဲ လုပ်ရင်း သေဆုံးသွားခဲ့တယ်
သူသေဆုံးတာ ခြောက်လ ခုနှစ်လလောက်
ရှိပြီထင်တယ်၊ မကျွတ်မလွတ်ပဲ ဒီနားမှာ
ရှိနေတယ်။ ဒါနဲ့ ဦးစိုးသိန်းသရဲနဲ့ ငါ့တူတို့
ဘယ်လိုဆုံကြတာလဲ”
ကျော်အောင်လည်း သူ့အိမ်ကို အသားပါတဲ့
အမြည်းဝယ်လာတိုင်း နောက်ကပါလာပြီး
အမြည်းတွေစားသည့်အကြောင်း ရှင်းပြ
လိုက်သည်။
“သူစားပုံက လူတစ်ယောက်လို အားနာမှု
မရှိဘူး။ တစ်ပန်းကန်လုံး ကုန်အောင်စားတယ်။
ဒါကြောင့် မသင်္ကာတာနဲ့ မင်းအိမ်ကိုလိုက်
လည်မည်ဆိုပြီး သူ့နောက်လိုက်ခဲ့တာ
ဒီနားလည်းရောက်ရော ပျောက်သွားတာပဲ”
“ငါတူတို့အိမ်က ဘယ်မှာလဲ”
“ဒီဆေးရုံနောက်လမ်းမှာ ဒီဘက်ကို မျက်နှာချင်း
ဆိုင်ပဲ…ရေခဲတိုက်နဲ့ဆို သိပ်မဝေးဘူး၊ ကြားမှာ
သစ်ပင်တွေကွယ်နေလို့ မကွယ်ရင် ရေခဲတိုက်ကို
နေ့တိုင်းမြင်နေရမှာ”
“အိမ်နဲ့ ရေခဲတိုက်ကလည်းနီး သူကလည်း
ဒီအနီးအနားသွားလာနေမှာ နောက်ကို
ညဘက် အသားပါတဲ့ အမြည်းထွက်
မဝယ်နဲ့ပေါ့ကွာ”
“ဟုတ်ကဲ့ …ကျနော်လည်း အဲဒီလိုပဲ
စိတ်ကူးထားပါတယ်”
“အခု မင်းတို့ ဝင်လာတဲ့ ခြံစည်းရိုးက
ပြတ်မကျနေပါဘူး။ အလုံအခြုံကာထားတာ
ဒီသရဲ ဝင်လို့ရအောင် ဖန်ဆင်းလိုက်တာ
ဖြစ်မယ်”
“ကဲ…ကဲ…သွားတော့ ဒီဆေးရုံဝင်ပေါက်ကပဲထွက်
မင်းတို့ဝင်တဲ့နေရာရောက်ရင် ဦးလေးပြောတဲ့
အတိုင်း ဟုတ်မဟုတ် ကြည့်သွားဦး”
ဆေးရုံအဝင်အထွက်ပေါက်က
သုံးယောက်သား ပြန်ထွက်လာကြသည်။
ရှေ့မှာနေပြီး ဆေးရုံဘေးမှ သူတို့
နေသော လမ်းအတိုင်းဝင်လာသည်။
စောစောက သူတို့ဝင်ခဲ့သော နေရာအနီးသို့
ရောက်လာသည်။
ဆေးရုံစောင့်ကြီးပြောလိုက်သည့်အတိုင်း
သံဆူးကြိုးငါးတန်းက အင်္ဂတေတိုင်များမှာ
အခိုင်အခန့်ချိန်တွယ်ပြီး ကာရံထားသည်။
သူတို့ကို သရဲတစ္ဆေစိုးသိန်းက ဝင်လို့
ရအောင် သံဆူးကြိုးများ ပြက်ထွက်နေ
အောင် လုပ်ထားသည်မှာ အတော်ထူး
ဆန်းလွန်းလှသည်။
“ဟာ…ဒီနေရာက ကျနော်တို့ဝင်သွားတာနော်
ဝင်တုန်းက သံဆူးကြိုးတွေပြတ်နေပါတယ်”
“ဟုတ်တယ် …ငါလည်း ဒါကိုကြည့်ပြီး
အံ့အားသင့်နေတာ”
အံ့သြစိတ်နှင့်ပင် အိမ်ထဲပြန်ရောက်လာခဲ့ကြသည်
နောက်ကို ဧည့်သည်တစ္ဆေ အိမ်ကိုအလည်
မလာစေရန် အသားပါသော အမြည်များနှင့်
အသားငါးများ ညဘက်မဝယ်ရန် ဆုံးဖြတ်
ထားလိုက်ကြတော့သည်။
မူရင်းရေးသားသူ ဆရာ ဧကန်မင်း
အရူးမသရဲနှင့် မဖဲဝါ စာအုပ်မှ ကောက်နုတ်
တင်ပြထားသည်။